အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
Chapter 197
~
အခန်း ၁၉၇ : ငါတို့ နိုင်သွားပြီ မလား
~
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ကျန့်ထျန်းဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်တရက် အေးခဲသွားပြီး သူ၏ မျက်ဝန်းများမှာလည်း တုန်လှုပ်ချောက်ချားစွာဖြင့် ပြူးကျယ်သွားသည်။
သူတို့၏ တောင်ကာကွယ်ရေး အစီအရင်ကြီးက မည်သည့်နေရာသို့ရောက်သွားပါသနည်း။
လက်ရှိ နတ်ဘုရားဆရာသခင် ကိုယ်တိုင် ထိန်းချုပ်ထားပြီး အရှင်သခင်နယ်ပယ်တစ်ဝက် ရောက်ရှိနေသူ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသော တောင်ကာကွယ်ရေး အစီအရင်ကြီးမှာ ထိုကြောက်မက်ဖွယ် လက်ဝါးကြီး၏ ဖိနှိပ်မှုအောက်တွင် ပေါ်ပင်မလာသေးဘဲ အမှုန့်ခြေခံလိုက်ရသည်လော။ ဤသည်က လွန်ကဲလွန်းလှ၏ ။
ဝုန်း...
ကျယ်ပြန့်လှသော မြူခိုးများနှင့် ရေငွေ့များမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ပူပြင်းလှသော လေလှိုင်းများမှာ ကောင်းကင်ယံ၌ မုန်တိုင်းတစ်ခုသဏ္ဌာန် ဖြစ်ပေါ်လာကာ ကျားနဂါးတောင်ထိပ် တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ထိုလေလှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုမှာ မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားရပြီး အပူရှိန်မှာလည်း အဆမတန် မြင့်တက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးလာ၏။ အဆက်မပြတ် ထွက်ပေါ်နေသော အော်ဟစ်သံများမှာလည်း ပြင်းထန်လှသော လေတိုးသံများအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
ထိုဧရာမ လက်ဝါးကြီးအောက်တွင် မည်သူမျှ တည်ငြိမ်စွာ မနေနိုင်ကြပေ။ အားလုံးက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြသော်လည်း ပြေးစရာ မြေနေရာဟူ၍ မရှိတော့။ နတ်ဘုရားဆရာသခင် နန်းဆောင်အတွင်းရှိ တပည့်ပေါင်း တစ်ထောင်ကျော်မှာ ကောင်းကင်မှ သက်ဆင်းလာသော လက်ဝါးကြီးကို မော့ပင် မကြည့်နိုင်သေးမီမှာပင် မီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ဤလက်ဝါးတစ်ချက်တည်းနှင့်ပင် တန်ဖိုးကြီးလှသော နန်းဆောင် အဆောက်အအုံများ ပျက်စီးသွားရရုံသာမက တပည့်ပေါင်း တစ်ထောင်ကျော်အနက် အသက်ရှင်ကျန်ရစ်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။ ဤသည်မှာ နဂါးကျားတောင်၏ အခြေခံအုတ်မြစ်ကို အမြစ်ပြတ် ချေမှုန်းလိုက်ခြင်းပင် ဖြစ်သည်။
" ဘယ်သူလဲ..."
ကျန့်ထျန်းဖုန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်အမူအရာများကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ငါးလေးများ ကူးခတ်နေသကဲ့သို့သော ရှေးဟောင်းသင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ် အလင်းဒိုင်းတစ်ခု ပေါ်ထွက်လာသည်။
သူ၏ ပတ်ဝန်းကျင်တွင် တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်နေသဖြင့် သူသည် နေမင်းငယ်လေး တစ်စင်းအလား ထင်မှတ်ရပြီး ကောင်းကင်မှ ဆင်းသက်လာသော လက်ဝါးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ ဤနန်းဆောင်မှာ သူ၏ ရာစုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်ရာ ဤကဲ့သို့ အလွယ်တကူ ပျက်စီးသွားသည်ကို သူ အဖြစ်မခံနိုင်ချေ။
ဒုန်း...
ကျန့်ထျန်းဖုန်းသည် အနီရောင် လက်ဝါးကြီး၏ အောက်ခြေကို ဝင်တိုက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ပင့်တင်ကာ အတင်းအကျပ် ခုခံလိုက်သည်။ ထိုသို့ ထိတွေ့လိုက်သည့် နေရာမှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်းများမှာ ပူပြင်းလှသော နေမင်းနတ်ဘုရား အလင်းတန်းများကို တုန်တုန်ရီရီဖြင့် ခုခံနေရသည်။
သို့သော် သူ၏ ခွန်အားတစ်ခုတည်းနှင့်မူ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော လက်ဝါးကြီးကို တားဆီးရန် ခက်ခဲလှသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓ ရွှေရောင်အလင်းတန်း များမှာလည်း အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"အား... ရွှေရောင်အလင်း ဂါထာ.."
ကျန့်ထျန်းဖုန်း၏ မျက်နှာပေါ်တွင် အကြောများမှာ ဖောင်းတက်နေပြီး လက်ဆစ်များမှာလည်း ဖြူဖျော့လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားအားလုံးကို အစွမ်းကုန် အသုံးချကာ ဟိန်းဟောက်လိုက်သည်။ ထူးဆန်းသော ဂါထာမန္တန်များမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးများအလား ပျံဝဲနေကြသော်လည်း ၎င်းတို့မှာ ရွှေရောင်အလင်းတန်းများ ပျက်စီးမည့် အရှိန်ကို အနည်းငယ်သာ လျှော့ချပေးနိုင်တော့သည်။
'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
'ငါ့ရဲ့ အကောင်းဆုံး ရွှေရောင်အလင်း ဂါထာကတောင် ဒီစွမ်းအားကို မယှဉ်နိုင်ဘူးလား..'
ကျန့်ထျန်းဖုန်း၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ကုန်ဆုံးလာသည်။ သူ တစ်ခါက ဆုံတွေ့ဖူးခဲ့သော အရှင်သခင်နယ်ပယ်တစ်ဝက် ရောက်နေသူပင်လျှင် သူ၏ ရွှေရောင်အလင်း ဂါထာကို ဤမျှ လွယ်ကူစွာ မဖျက်ဆီးနိုင်ခဲ့ပေ။
'ဒါဆိုရင် အရှင်သခင်အဆင့်ကျွမ်းကျင်သူ ကိုယ်တိုင် ရောက်လာတာလား..'
ထိုအချိန်တွင်မှ ကျန့်ထျန်းဖုန်းသည် စောင့်ကြည့်ရေးကောင်စီက လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း နားလည်သွားတော့သည်။ သူသည် ကျင့်ကြံနေသည့် နေရာမှ ယခုလေးတင် ထွက်လာခြင်း ဖြစ်သော်လည်း ကျားနဂါးတောင်၏ ကွယ်ရာမှ မကောင်းမှုများကို သူ ကောင်းစွာ သိရှိထားသည်။ သို့သော် သာမန်လူ တစ်သိန်းခန့်ကို ဆေးဖော်စပ်ရာတွင် အသုံးပြုခဲ့ခြင်းအတွက် အရှင်သခင်တစ်ဦး ကိုယ်တိုင် လာရောက် အပြစ်ပေးရန် လိုအပ်ပါသည်လော။ ဤသည်က ပိုလွန်းလှ၏ ။
ကျန့်ထျန်းဖုန်းသည် ငိုချင်သော်လည်း မျက်ရည်မထွက်။ သူ၏ စိတ်ထဲတွင် ဆုတ်ခွာလိုသော ဆန္ဒများသာ ပြင်းထန်လာတော့သည်။
"ဆရာ... ကျွန်တော်တို့ ကူညီဖို့ ရောက်လာပါပြီ.."
ကျန့်ထျန်းဖုန်း တစ်ယောက် လက်လျှော့ပြီး ထွက်ပြေးရန် ပြင်နေစဉ်မှာပင် သူ၏ နားထဲသို့ ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။ ထိုအချိန်မှာပင် တောက်ပလှသော ရွှေရောင်အလင်းတန်း ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ လျှပ်စီးများအလား ပြေးဝင်လာကြသည်။
၎င်းတို့၏ အရှိန်မှာ အသံထက်ပင် မြန်လှသဖြင့် အသံထက်မြန်သော ပေါက်ကွဲသံကြီးကို မကြားရမီမှာပင် သူတို့သည် လမင်းကို လိုက်နေသော ကြယ်တံခွန်များအလား ရောက်ရှိလာကြသည်။ ထို့နောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ နတ်ဘုရားဆရာအိုကြီးနှင့် ပူးပေါင်းကာ အနီရောင် လက်ဝါးကြီးကို ဝိုင်းဝန်း ခုခံလိုက်ကြသည်။
ရောက်ရှိလာသူများကို မြင်လိုက်ရသည့်အခါ ကျန့်ထျန်းဖုန်း၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူတို့မှာ ကျားနဂါးတောင်၏ လက်ရှိ နတ်ဘုရားဆရာသခင်နှင့် အကြီးအကဲ သုံးဆယ့်ခြောက်ဦး ဖြစ်ကြသည်။
'ငါ့ရဲ့ ကျားနဂါးတောင်အတွက် မျှော်လင့်ချက် ရှိသေးတာပဲ..'
ကျန့်ထျန်းဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ ခွန်အားသစ်များ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စွမ်းအားအားလုံးကို အထက်မှ လက်ဝါးကြီးဆီသို့ အရှိန်အဟုန်ဖြင့် တွန်းတင်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ကောင်းကင်ဘုံ ရွှေရောင်အလင်း အစီအရင်ကို တည်ဆောက်ကြ.."
လူပေါင်း ဒါဇင်များစွာမှာ သတ်မှတ်ထားသော နေရာများသို့ ပျံသန်းသွားကြပြီး လက်အမူအရာများကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များမှ ရွှေရောင်စာသားများမှာ သံကြိုးများအလား ထွက်ပေါ်လာသည်။ သူတို့၏ ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများမှာလည်း မီတာတစ်ထောင်ခန့်အထိ ပြန့်ကားသွားပြီး ကောင်းကင်မှ လက်ဝါးကြီးနှင့် ယှဉ်ပြိုင်လိုက်ကြသည်။
ခဏတာအတွင်းမှာပင် အနီရောင် လက်ဝါးကြီး၏ ကျဆင်းလာမှုမှာ အနည်းငယ် နှေးကွေးသွားသည်။ ကျားနဂါးတောင်ပေါ်ရှိ အပူရှိန်မှာလည်း အနည်းငယ် လျော့ကျသွားသဖြင့် တပည့်များမှာ အသက်ရှူရန် အခွင့်အရေး ရရှိသွားကြ၏။
"ဆရာသခင် ကိုယ်တိုင် ထွက်လာပြီကွ.."
"ဒါ..ကောင်းကင်ဘုံ ရွှေရောင်အလင်း အစီအရင်ပဲ..ဆရာသခင်နဲ့ အကြီးအကဲတွေ ဒီလို အစီအရင်မျိုး တည်ဆောက်တာကို မြင်တွေ့လိုက်ရတာ ငါ့ဘဝမှာ နောင်တမရတော့ဘူး.."
"ဆရာကြီး ရှိနေသရွေ့ ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်.."
ကျားနဂါးတောင်ထိပ်ရှိ ကျန်ရှိနေသော တပည့်အားလုံးမှာ ကောင်းကင်ယံကို မော့ကြည့်ကာ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။ ဤသည်မှာ သူတို့၏ ဆရာသခင်များ၏ စွမ်းအားပင် ဖြစ်သည်။ ဤအခြေအနေတွင် သူတို့သည်လည်း လက်လျှော့၍ မဖြစ်ပေ။
ထိုအရေးကြီးသော အချိန်တွင် တပည့်ပေါင်းများစွာမှာ သူတို့၏ နောက်ဆုံးကျန်ရှိသော စွမ်းအားများကို ထုတ်ဖော်ကာ အစီအရင်အတွင်းသို့ သူတို့၏ ရွှေရောင်အလင်းများကို ပေါင်းထည့်လိုက်ကြသည်။ ၎င်းတို့သည် ညကောင်းကင်ယံမှ ကြယ်တံခွန်များအလား အစီအရင်အတွင်းသို့ စီးဝင်သွားပြီး အလင်းရောင်များ ပိုမိုတောက်ပလာစေသည်။
ထိုသို့ စွမ်းအားများ စုစည်းလိုက်ခြင်းကြောင့် ပြိုလဲလုနီးပါး ဖြစ်နေသော အစီအရင်မှာ ပြန်လည်တည်ငြိမ်လာသည်။ အဝေးမှ ကြည့်လျှင် အလွန်လှပသော ရွှေရောင်ကြယ်မိုးများ ရွာသွန်းနေသကဲ့သို့ပင် ဖြစ်သည်။
"ကောင်းတယ်..ကောင်းတယ်..မင်းတို့အားလုံးဟာ ငါတို့ ကျားနဂါးတောင်ရဲ့ ဂုဏ်ယူစရာ တပည့်တွေပဲ..ကျားနဂါးတောင်က မင်းတို့ရဲ့ ပေးဆပ်မှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး.."
တပည့်များစွာမှာ အားကုန်ထုတ်သုံးလိုက်ရသဖြင့် မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့နေကြသော်လည်း ကျန့်ထျန်းဖုန်းမှာမူ ဝမ်းသာမျက်ရည်များ ကျလာရသည်။ သူသည်လည်း လူသားများထံမှ စုပ်ယူထားသော အသက်စွမ်းအားများကို အစွမ်းကုန် အသုံးချကာ အစီအရင်အတွင်းသို့ ထည့်ဝင်လိုက်သည်။
ထူးခြားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ လူပေါင်း တစ်ထောင်ကျော်၏ အသက်စွမ်းအားများကို ပေးဆပ်လိုက်ခြင်းဖြင့် သူတို့သည် ကောင်းကင်မှ အနီရောင် လက်ဝါးကြီးကို ဟန့်တားနိုင်ခဲ့ကြသည်။
သို့သော် ကောင်းကင်ယံတွင် ရပ်နေသော ဝတ်စုံနက်ဂူချန်ကမူ သူ၏ သာမန်တိုက်ခိုက်မှု တစ်ခုမှာ ဟန့်တားခံလိုက်ရသည်ကို သတိပြုမိသွားသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ ဘေးတွင် လှည့်စားမှုတာအိုလမ်းစဉ်မှ ပွားယူထားသော ကိုယ်ပွား ကိုးခု ပေါ်ထွက်လာသည်။ ထိုကိုယ်ပွား တစ်ခုချင်းစီ၏ အရှိန်အဝါမှာ အဆင့်ခုနစ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ထို့နောက် သူနှင့် သူ၏ ကိုယ်ပွားများ အားလုံးမှာ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို စုစည်းကာ လက်ဝါးများကို ပြိုင်တူ ဖိနှိပ်လိုက်ကြပြန်သည်။
ဒုန်း ..ဒုန်း ..ဒုန်း..
လေထုထဲတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ယခင်ကထက် ပိုမိုကြီးမား ခန့်ညားလှသော အနီရောင် လက်ဝါးကြီး ဆယ်ခုမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုလက်ဝါးကြီးများအတွင်းရှိ ဖျက်ဆီးခြင်း စွမ်းအားများမှာ ဟင်းလင်းပြင်ကိုပင် အပေါက်များစွာ ဖြစ်ပေါ်စေသည်။
ဂူချန်၏ အဆင့်မြင့်မားလှသော အခြေခံအုတ်မြစ်၊ စွမ်းအားပြည့်ဝသော ယန်စွမ်းအင်များနှင့် ရွှေကျီးကန်း အမြုတေ၏ စွမ်းအင်များ ပေါင်းစပ်လိုက်သည့်အခါ မူလစွမ်းအင် လက်ဝါးကြီး ၏ စွမ်းအားမှာ တုန်လှုပ်ချောက်ချားဖွယ် အဆင့်သို့ ရောက်ရှိသွားတော့သည်။ ဤသည်မှာ သူ ရက်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့သည့် ရလဒ်များကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဂူချန်အတွက်မူ ဤသည်မှာ အနည်းငယ် ပို၍ အလေးအနက်ထားလိုက်ခြင်းသာ ဖြစ်၏။ သူ၏ မျက်လုံးထဲတွင် အောက်မှ လူများမှာ ပုရွက်ဆိတ်များသဖွယ်ပင် ဖြစ်ပြီး ရမှတ်များ ရရှိရန်အတွက် အသုံးချရမည့် အရာများသာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အနီရောင် လက်ဝါးကြီးကို တားဆီးနိုင်ခဲ့သဖြင့် တပည့်များမှာ ဝမ်းသာအားရ အော်ဟစ်နေကြသည်။ ဆရာအိုကြီး ကျန့်ထျန်းဖုန်းပင်လျှင် တုန်ရီသော အသံဖြင့် ပြောလိုက်မိသည်။
"ငါတို့... နိုင်သွားပြီ..."
ဝုန်း...
သူတို့၏ အထက်ရှိ လက်ဝါးကြီးမှာ ပျောက်ကွယ်သွားပြီးနောက် ယခင်ကထက် ပိုမိုပြင်းထန်သော မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုမုန်တိုင်းနှင့်အတူ ပိုမိုကြီးမားသော လက်ဝါးကြီး ဆယ်ခုမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် သက်ဆင်းလာတော့သည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အနီရောင် အလင်းတန်းများ ထင်ဟပ်နေပြီး သူတို့၏ ဝမ်းသာနေသော အမူအရာများမှာ ချက်ချင်းပင် ထိတ်လန့်မှုများအဖြစ် ပြောင်းလဲသွားသည်။
'ဒါ.. ဘာကြီးလဲ..'
'ငါတို့ အသက်ပေးပြီး တားခဲ့ရတဲ့ အရာက တစ်ဖက်လူရဲ့ သာမန် တိုက်ခိုက်မှု တစ်ခုပဲလား..'
ကျန့်ထျန်းဖုန်းသည် တုန်ရီနေသော အသံဖြင့် သူ၏ စကားကို အဆုံးသတ်လိုက်မိသည်။
"...မလား.."
နောက်တစ်စက္ကန့်တွင် အနီရောင် အလင်းတန်းများမှာ မိုင်ပေါင်း ထောင်ချီအထိ ပျံ့နှံ့သွားပြီး တပည့်ပေါင်းများစွာ တည်ဆောက်ထားသော ရွှေရောင်အလင်း အစီအရင်ကို အလွယ်တကူပင် ဖျက်ဆီးကာ ကျားနဂါးတောင်ထိပ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားတော့သည်။
ဝုန်း...
Chapter 198
~
အခန်း ၁၉၈ :နတ်ဘုရားဆရာသခင်၏ နိဂုံးနှင့် အဆုံးမဲ့သတ်ဖြတ်ခြင်း
~
ကောင်းကင်နှင့် မြေပြင်ကို တုန်ဟိးသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုလက်ဝါးတစ်ချက်၏ ဖိနှိပ်မှုအောက်တွင် ကောင်းကင်သို့ ထိုးထွက်နေသော မြင့်မားလှသည့် တောင်ထိပ်ကြီးမှာ ရွှံ့ရုပ်လေးတစ်ခုကဲ့သို့ပင် အလွယ်တကူ ပြိုလဲပျက်စီးသွားသည်။
ကျားနဂါးတောင်၏ ထိပ်ပိုင်းမှာ မီတာတစ်ရာကျော်ခန့်အထိ အတင်းအကျပ် ဖိသိပ်ခြင်းကို ခံလိုက်ရသည်။ ကျောက်တုံးကျောက်ခဲများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ဖုန်မှုန့်များမှာလည်း နေရောင်ကိုပင် ကွယ်သွားသည်အထိ ကောင်းကင်ယံ၌ ဖုံးလွှမ်းသွားတော့သည်။
တောင်ထိပ်ပေါ်ရှိ နတ်ဘုရားဆရာသခင် နန်းဆောင်မှ တပည့်ပေါင်း တစ်ထောင်ကျော်မှာမူ မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ထိုလက်ဝါးချက်၏ ရိုက်ခတ်မှုကြောင့် အော်ဟစ်သံပင် မပြုနိုင်တော့ဘဲ အမှုန့်ခြေခြင်း ခံလိုက်ရ၏။
တောင်ကြီး အက်ကွဲသွားသည့် ခဏမှာပင် ပြင်းထန်သော အပူရှိန်မှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ရှေးဟောင်း သစ်ပင်ကြီးများမှာလည်း ချက်ချင်းပင် အရည်ပျော်ကာ ပြာအတိ ဖြစ်သွားလေသည်။ တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော တောကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလောင်ပြင်ဘဝသို့ ရောက်ရှိသွားပြီး လေထုထဲတွင်လည်း အသားလောင်နံ့များဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအချိန်တွင် လင်းရန်သည် စောင့်ကြည့်ရေးကောင်စီဝင်များကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်လာနေစဉ် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး တောင်ကြီးမှာလည်း ယိမ်းထိုးလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ လူတိုင်း၏ နားထဲတွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်လာတော့သည်။
ကျင့်စဉ်အဆင့် နိမ့်ပါးသူများမှာမူ ထိုတုန်ခါမှုကြောင့်ပင် ခန္ဓာကိုယ်အတွင်းရှိ အပေါက်ခြောက်ပေါက်မှ သွေးများ ပန်းထွက်လာကြသည်။
" ဒီစွမ်းအားက ပြင်းထန်လိုက်တာ.. ကျားနဂါးတောင်ထိပ်ကိုတောင် အမှုန့်ခြေပစ်လိုက်တာလား.."
"ကြောက်စရာကြီးပဲ.. တကယ်ကို ကြောက်စရာကောင်းလွန်းတယ်.."
"ဒါ.. အဲ့ဒီလူကြီးမင်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..အထက်က လွှတ်လိုက်တဲ့သူဆိုတော့ ငါတို့ ဥက္ကဋ္ဌထက်တောင် အများကြီး ပိုစွမ်းတာပဲ.."
စောင့်ကြည့်ရေးကောင်စီမှ လူများသည် ဘေးနားရှိ သစ်ပင်များကို အတင်းဆုပ်ကိုင်ကာ ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် အဝေးမှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤကဲ့သို့သော စွမ်းအားမျိုးကို သူတို့တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
ယခင်က ဥက္ကဋ္ဌလင်းနောက် လိုက်ပါစဉ်တွင် သူ၏ တိုက်ခိုက်မှုများကို မြင်ဖူးသော်လည်း ယခု လူကြီးမင်း၏ အရှိန်အဝါမှာ ဥက္ကဋ္ဌလင်းထက် ဆယ်ဆမက သာလွန်နေသည်။ လူတိုင်း၏ မျက်နှာတွင် လေးစားကြောက်ရွံ့မှုများ ပေါ်ထွက်နေပြီး မဟာမိတ်အဖွဲ့၏ အင်အားကြီးမားပုံမှာ သူတို့၏ အရိုးထဲအထိ စွဲထင်သွားသည်။
"ဒီလောက်အထိ ပြင်းထန်တဲ့ စွမ်းအားက တကယ်ပဲ သိုင်းဘုရင်အဆင့်မှာ ရှိနေသေးတာလား..."
လင်းရန်၏ မျက်နှာမှာလည်း လေးစားမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ပေါ်ထွက်နေသည်။
သူသည် ကောင်းကင်ယံမှ အနီရောင်အလင်းတန်းကို ကြည့်ကာ စိတ်ကို အချိန်အတော်ကြာအောင် တည်ငြိမ်အောင် ပြုလုပ်နေရသည်။ တောင်ပေါ်သို့ မတက်မီက သူသည် ထိုလူငယ်အပေါ် သံသယအနည်းငယ် ရှိခဲ့မိသော်လည်း ယခု ပြန်စဉ်းစားကြည့်သည့်အခါ ထိုသို့ တွေးမိခြင်းမှာပင် သူ သေထိုက်သော အပြစ် ဖြစ်နေပြီဟု ခံစားမိလိုက်၏။
ထိုလူငယ်သည် အပြင်ပန်းအားဖြင့် ငယ်ရွယ်သည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာမူ နှစ်ပေါင်း ရာချီအောင် ကျင့်ကြံထားပြီး ရိုးရှင်းခြင်းနယ်ပယ်သို့ ပြန်လည်ရောက်ရှိနေသည့် မိစ္ဆာအိုကြီးတစ်ဦး ဖြစ်နေမည်မှာ သေချာလှသည်။
ဝူး....
ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားပြီးနောက် ကျားနဂါးတောင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ သို့သော် ကောင်းကင်ယံရှိ အနီရောင်အလင်းတန်းမှာမူ ပျောက်ကွယ်မသွားသေးဘဲ ပြိုလဲသွားသော တောင်ထိပ်မှာလည်း ဖြစ်ပျက်ခဲ့သမျှကို သက်သေခံနေဆဲပင် ။
လင်းရန်သည် သတိပြန်ဝင်လာပြီးနောက် အမိန့်ပေးလိုက်သည်။
"လူကြီးမင်းဂူက ငါတို့ တောင်ပေါ်တက်ရတာ ခက်ခဲမှာစိုးလို့ အခက်ခဲဆုံးဖြစ်တဲ့ မီတာတစ်ရာ ခရီးကို ကိုယ်တိုင် ဖြတ်တောက်ပေးလိုက်တာပဲ။ အခု ချက်ချင်းပဲ တောင်ပေါ်ကိုသွားပြီး စစ်မြေပြင်ကို ရှင်းလင်းရအောင်။ ပြီးတော့ လူကြီးမင်းကို ကျေးဇူးတင်ကြမယ်.."
ထိုစကားကို ကြားသည့်အခါ စောင့်ကြည့်ရေးကောင်စီဝင်များမှာလည်း ခေါင်းညိတ်ကာ ချီးကျူးလိုက်ကြသည်။
"မှန်ပါတယ်၊ လူကြီးမင်းဂူကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ.."
"လူကြီးမင်းဂူကို ကျေးဇူးတင်ပါတယ်.."
"လူကြီးမင်းဂူကို ကျေးဇူးတင်ပါတယ် .."
ဤတိုက်ပွဲတွင် ပါဝင်သူများမှာ အနည်းဆုံး အဆင့်သုံး စစ်မှန်သော သိုင်းနယ်ပယ်တွင် ရှိကြသူများ ဖြစ်သဖြင့် သူတို့၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။ သူတို့သည် တောင်ထိပ်နှင့် မဝေးလှသည့်အပြင် ယခုအခါ မီတာတစ်ရာကျော်ခန့်မှာ ဖိသိပ်ခြင်း ခံလိုက်ရသဖြင့် တောင်ထိပ်သို့ ရောက်ရန် ပို၍ပင် နီးကပ်သွားပြီ ဖြစ်သည်။
ပျက်စီးသွားသော တောင်တက်လမ်းမှာလည်း ထိုသိုင်းပညာရှင်များအတွက်မူ အဟန့်အတား မဖြစ်စေပေ။ မကြာမီမှာပင် သူတို့သည် ပြိုလဲသွားသော တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားကြပြီး အလွန်ရင်နာစရာကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။
မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်နေပြီး လေထဲတွင်လည်း သွေးများ အငွေ့ပျံနေသဖြင့် နီမြန်းသော မြူခိုးများ ဖုံးလွှမ်းနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မည်သည့် အဆောက်အအုံမျှ မကျန်တောဘဲ အဆုံးမရှိသော မြေစာပုံကြီးသာ ရှိတော့သည်။
ထိုမြေရိုင်းပြင်ကြီးမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး သွေးများသည် ချောင်းငယ်များအလား စီးဆင်းနေသည်။ တစ်ခါတစ်ရံတွင် အရည်မပျော်သေးသော အသားစများနှင့် ခြေလက်အင်္ဂါများကို ထိုသွေးချောင်းများထဲတွင် မြင်တွေ့ရတတ်သည်။ ၎င်းတို့မှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးများ ထွက်ပေါ်နေသည်။
သူတို့ ရောက်ရှိသွားသည့်အခါ ပြင်းထန်သော သွေးနံ့များမှာ နှာခေါင်းထဲသို့ တိုးဝင်လာပြီး ဦးနှောက်ကိုပင် မူးဝေသွားစေသည်။ ထိုသွေးမြူများကြားတွင် ပုံရိပ်တစ်ခုမှာ ခန့်ညားထည်ဝါစွာ ရပ်နေသည်။ သူ၏ ဝတ်စုံနက်မှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ မျက်ခုံးအစုံကြားမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြည့်လိုက်ရုံဖြင့်ပင် စူးရှလှသည်။
သူ၏ ရှေ့တွင်မူ စုတ်ပြတ်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးမှာ ထပ်ခါတလဲလဲ ဦးတိုက်နေသည်။ ကျန့်ထျန်းဖုန်းသည် မြေပြင်ပေါ်တွင် ဝပ်တွားကာ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အော်ဟစ်နေတော့သည်။
"လူကြီးမင်း... လူကြီးမင်း... လူကြီးမင်း.."
"ကျွန်တော့်ကို မသတ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော် လက်နက်ချပါ့မယ်။ တကယ်ပဲ လက်နက်ချပါ့မယ်.."
သူ၏ နဖူးမှာ ဦးတိုက်လွန်းသဖြင့် သွေးများ ထွက်နေသော်လည်း သူ မရပ်ဝံ့။ သူ အမှန်တကယ်ပင် ကြောက်လန့်နေခြင်း ဖြစ်သည်။
လက်ဝါးတစ်ချက်တည်းနှင့် ကျားနဂါးတောင်ကို အမှုန့်ခြေနိုင်သော သိုင်းဘုရင်မျိုး ဤလောကတွင် ရှိနေနိုင်သည်လော။ သူတို့အားလုံးမှာ အဆင့်တူ ကျင့်ကြံသူများ ဖြစ်သော်လည်း ခွန်အားကွာခြားချက်မှာ အဘယ်ကြောင့် ဤမျှအထိ ကြီးမားနေရသနည်း။ ဤသည်မှာ သူ သိရှိထားသော သိုင်းဘုရင်အဆင့်အပေါ် နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။
"အင်း.."
ဂူချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် လိမ္မော်ရောင်ရှိသော မူလနေမင်းစွမ်းအင်များက ကျန့်ထျန်းဖုန်း၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားတော့သည်။ ထိပ်တန်းရတနာတစ်ခုကဲ့သို့ ခိုင်မာလှသော သူ၏ ကိုယ်ခန္ဓာမှာ တစ်ခဏမျှပင် မခံဘဲ အရည်ပျော်သွားသည်။
တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော နတ်ဘုရားဆရာသခင် ကျန့်ထျန်းဖုန်းမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဤလောကမှ ထာဝရ ပျောက်ကွယ်သွားတော့သည်။