အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
Chapter 199
~
အခန်း ၁၉၉ : နတ်ဘုရားဆရာသခင် နန်းဆောင်မှ အဖွဲ့ဝင် ၅၈၆၃ ဦးလုံးကို ပြန်လည်ဆုံစည်းပေးခြင်း
~
[နတ်ဘုရားဆရာအိုကြီး ကျန့်ထျန်းဖုန်း၏ မိမိကိုယ်ကိုယ် အန္တရာယ်ပြုမည့် အပြုအမူကို အိမ်ရှင်မှ လျင်မြန်ထိရောက်စွာ တားဆီးပေးနိုင်ခဲ့ပြီး ထိုအဖိုးအို၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့သည့်အတွက် စေတနာရမှတ် ၆၉၀၀ ရရှိသည်]
[လက်ရှိ စေတနာရမှတ် ၉၉၂၅၃]
ဂူချန်သည် စနစ်၏ အချက်အလက်များကို ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ မိုင်ပေါင်းများစွာ ဝေးကွာသော ဤကျားနဂါးတောင်သို့ အန်ဂျလာကို စီးနင်းကာ လာရောက်ခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။ ယခင်က ကုန်ဆုံးလုနီးပါး ဖြစ်နေသော စေတနာရမှတ်များမှာ ယခုအခါ ပြန်လည် ပြည့်လျှံလာလေပြီ ။
နတ်ဘုရားဆရာသခင် နန်းဆောင်မှ အကြီးအကဲ သုံးဆယ့်ခြောက်ဦးနှင့် နတ်ဘုရားဆရာသခင် နှစ်ဦးတည်းကပင် သူ့ကို စေတနာရမှတ် တစ်သောင်းကျော် ပေးအပ်ခဲ့သည်။ ထို့အပြင် နတ်ဘုရားဂိုဏ်းဝင် တပည့်ပေါင်း ထောင်ချီ၏ ကြိုးစားအားထုတ်မှုများကြောင့် သူ၏ ရမှတ်စုစုပေါင်းမှာ တစ်သိန်းနီးပါးအထိ ရောက်ရှိလာတော့မည် ဖြစ်သည်။
ဤမျှလောက်သော စေတနာရမှတ်များ ရှိနေပြီဆိုလျှင် သူသည် အဆင့်ရှစ် အရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန် လုံလောက်နေလေပြီ ။ အရှင်သခင်အဆင့်အတွင်းမှာပင် ကြီးမားသော တိုးတက်မှုများ ရရှိနိုင်ပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် လူသတ်ခြင်းမှာ စေတနာရမှတ် ရရှိရန်အတွက် အမြန်ဆုံး နည်းလမ်းပင် ဖြစ်သည်။ သားရဲများကို သတ်ဖြတ်ခြင်းနှင့် ယှဉ်လျှင် လူသတ်ခြင်းက ပို၍ အကျိုးအမြတ် များလှသည်။
နှမြောစရာကောင်းသည်မှာ သူ၏ လက်ဝါးချက်မှာ အလွန်ပင် ပြင်းထန်သွားသဖြင့် နတ်ဘုရားဆရာသခင် နန်းဆောင်တစ်ခုလုံးမှာ ပြာအတိ ဖြစ်သွားရပြီး ရတနာများကို ရှာဖွေသိမ်းဆည်းရန် အခွင့်အရေး မရလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ဤသည်က ပြဿနာမဟုတ်။ သူသာ အဆင့်ရှစ်သို့ ရောက်ရှိသွားပါက လောကရှိ မည်သည့် ရတနာကိုမဆို သူ အလိုရှိလျှင် တိုက်ရိုက် သွားရောက် ယူဆောင်နိုင်ပေမည်။
ဂူချန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စနစ်တွင် အမှတ်များ ပေါင်းထည့်ရန် ပြင်လိုက်စဉ်မှာပင် ပျက်စီးနေသော အမှိုက်ပုံတစ်ခု၏ ထောင့်စွန်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဒီမှာ အသက်ရှင်နေတဲ့သူ တစ်ယောက် ရှိသေးတယ်.."
ထိုအသံကြောင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ပြိုကျနေသော အက်ကွဲကြောင်းတစ်ခုအတွင်း၌ နတ်ဘုရားဆရာသခင် နန်းဆောင်မှ တပည့်တစ်ဦးမှာ ညပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အသက်စွမ်းအားမှာ ကုန်ဆုံးနေပြီ ဖြစ်ပြီး သတိလစ်ကာ သေလုမျောပါး ဖြစ်နေချေပြီ။ ဆေးဝါးများ သို့မဟုတ် နတ်ဆေးလုံးများ၏ အကူအညီသာ မရရှိပါက သူသည် အချိန်မရွေး အသက်ထွက်သွားနိုင်သည့် အခြေအနေ ဖြစ်သည်။
ထိုအချိန်တွင် ရုပ်ရည်ချောမောသော အမျိုးသမီး ဆရာဝန်တစ်ဦးသည် ဆေးသေတ္တာကို ကိုင်ဆောင်ကာ လျင်မြန်စွာ ပြေးဝင်လာပြီး သွေးအလိမ်းလိမ်း ဖြစ်နေသော ထိုတပည့်ကို မြေပြင်ပေါ်တွင် ညင်သာစွာလှဲလိုက်သည်။ သူမ၏ ဆေးကုသမှု ကိရိယာများကို ထုတ်ယူလိုက်ပြီး သူမ၏ လက်ဝါးများမှ ထွက်ပေါ်လာသော စိမ်းဖျော့ဖျော့ အလင်းတန်းများနှင့် ပေါင်းစပ်ကာ ထိုသူ၏ သွေးထွက်ဒဏ်ရာများကို တားဆီးပေးပြီး ဒဏ်ရာများကို ကုသပေးလိုက်သည်။ သူမ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသဖြင့် အတူပါလာသော အခြား ဆရာဝန်များပင် လိုက်မမီနိုင်ကြပေ။
"ဖန်းယွမ်... နင် ဘာလုပ်နေတာလဲ.."
အခြား အမျိုးသမီး ဆရာဝန်တစ်ဦးက သူမ၏ လက်မောင်းကို လာရောက် ဆွဲတားသော်လည်း ဖန်းယွမ်က ဘေးသို့ တွန်းဖယ်လိုက်သည်။
"ကျွန်မ လူတစ်ယောက်ကို ကယ်နေတာ.."
ဖန်းယွမ်က လှည့်ပင်မကြည့်ဘဲ ထိုတပည့်၏ ဒဏ်ရာများကို အသေးစိတ် စစ်ဆေးနေတော့သည်။
သူမကို ဆွဲတားခဲ့သော ဆရာဝန်မှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဖန်းယွမ်... နတ်ဘုရားဆရာသခင် နန်းဆောင်က လူတွေအားလုံးဟာ ခွင့်မလွှတ်နိုင်တဲ့ လူယုတ်မာတွေလေ။ မင်းက ဘာလို့ လူဆိုးတစ်ယောက်ကို ကယ်နေရတာလဲ။ အခုချက်ချင်း ရပ်လိုက်စမ်း.."
"ဆရာဝန်တစ်ယောက်ရဲ့ မျက်လုံးထဲမှာ လူကောင်း လူဆိုးဆိုတာ မရှိဘူး။ လူနာပဲ ရှိတယ်.."
ဖန်းယွမ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစိမ်းရောင် မူလစွမ်းအင်များကို ထိုတပည့်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ထည့်သွင်းပေးနေသည်။ သူမ၏ အထူးဖော်စပ်ထားသော ဆေးဝါးများနှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုသူ၏ ဒဏ်ရာများမှာ တည်ငြိမ်သွားပြီး နှလုံးခုန်သံမှာလည်း ပုံမှန်ပြန်ဖြစ်လာ၏။
ဘေးနားရှိ ဆရာဝန်မှာ ဂူချန် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး ဖန်းယွမ်၏ ဘေးမှ အမြန်ဆုတ်ခွာသွားသည်။ ဖန်းယွမ်ကမူ ထိုသူ၏ အသက်ဘေးမှ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်မိသော်လည်း စွမ်းအင် ပေးပို့မှုကိုမူ ရပ်တန့်ခြင်း မရှိပေ။
သူမ၏ ပါရမီမှာ မူလစွမ်းအင်များကို လူသားတို့၏ ရောဂါဝေဒနာများကို ကုသပေးနိုင်သော အထူးစွမ်းအင်များအဖြစ် ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ နောက်ထပ် မိနစ်အနည်းငယ်မျှသာ ဆက်လက် ကုသပေးမည်ဆိုပါက ထိုသူမှာ သေချာပေါက် အသက်ရှင်နိုင်ပေလိမ့်မည်။
ထိုသို့ တွေးနေစဉ်မှာပင် ဖန်းယွမ်သည် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သည်။ နေရောင်ခြည်ကို ကွယ်သွားစေသော အရိပ်တစ်ခုမှာ သူမ၏ ရှေ့သို့ ရောက်ရှိလာ၏။
ဖန်းယွမ်သည် မော့ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် တည်ကြည်လှသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ သူမကို အထက်စီးမှ ငုံ့ကြည့်နေသည်။ ဤသူမှာ မဟာမိတ်အဖွဲ့မှ လွှတ်လိုက်သော သိုင်းဘုရင် လူကြီးမင်းဂူပင် ဖြစ်သည်။
ဖန်းယွမ်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားသော်လည်း သူမသည် အလွန်အမင်း ထိတ်လန့်ခြင်း မရှိပေ။ သူမ၏ ဖခင်မှာလည်း သိုင်းဘုရင်တစ်ဦး ဖြစ်သလို ရှေ့တန်းစစ်မျက်နှာပြင်များတွင် နာမည်ကျော်ခဲ့သော ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ သူမ၏ ရှေ့မှ လူသည် အလွန်အစွမ်းထက်သော်လည်း ဤကိစ္စအတွက် သူမကို အပြစ်ပေးလိမ့်မည်ဟု သူမ မယုံကြည်။
ထို့အပြင် သူမသည် မှားယွင်းသောအရာကို လုပ်ဆောင်နေသည်ဟု မထင်မိချေ။ ဒဏ်ရာရသူကို ကုသပေးခြင်းမှာ ဆရာဝန်တစ်ဦး၏ မြင့်မြတ်သော တာဝန်ပင် ဖြစ်သည်။ လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ လူနာဖြစ်နေသရွေ့ သူမတွင် ကုသပေးရန် တာဝန်ရှိသည်။ ဤသည်မှာ သူမ ငယ်စဉ်ကတည်းက စွဲမြဲထားသော ယုံကြည်ချက်ပင် ဖြစ်သည်။
ထိုလူငယ်၏ အေးစက်သော အသံမှာ ထွက်ပေါ်လာသည်။
"ဖယ်လိုက်.."
"လူကြီးမင်းဂူ.."
ဖန်းယွမ်၏ အမူအရာမှာ ခိုင်မာနေပြီး သူမသည် ဆက်လက် ကုသပေးနေဆဲပင် ဖြစ်သည်။
"ဒဏ်ရာရသူကို ကုသပေးခြင်းက ဆရာဝန်ရဲ့ တာဝန်ပါ။ ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ မျက်စိရှေ့မှာ အသက်တစ်ချောင်း ဆုံးရှုံးသွားတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ သူက ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ.."
"လူကြီးမင်းမှာ ဒီလူတွေကို အပြစ်စီရင်ပိုင်ခွင့် ရှိပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ကို လုပ်ဆောင်နေတာကိုတော့ တားဆီးပိုင်ခွင့် မရှိပါဘူး.."
စောင့်ကြည့်ရေးကောင်စီဝင်များနှင့် ဆရာဝန်များမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဖန်းယွမ်၏ မိုက်မဲမှုကြောင့် အံ့အားသင့်သွားကြသည်။ သူမတွင် သိုင်းဘုရင် ဖခင်တစ်ဦး နောက်ခံရှိနေသဖြင့် ပုံမှန်အချိန်များတွင် ဆိုးချင်တိုင်း ဆိုးနေသော်လည်း ယခု ရင်ဆိုင်နေရသည်မှာ သာမန် သိုင်းဘုရင်တစ်ဦး မဟုတ်ပေ။ သိုင်းဘုရင်များထဲမှ ဘုရင်ဖြစ်သော ပုဂ္ဂိုလ်မျိုးကို ဤကဲ့သို့ ရဲတင်းစွာ ပြောဆိုနေခြင်းမှာ သေတွင်း ကိုယ်တိုင် တူးနေခြင်းဖြစ်၏။
အခြေအနေများ ဆိုးရွားလာသည်ကို မြင်လိုက်ရသည့်အခါ လင်းရန်သည် ကြားဝင်ဖျန်ဖြေရန် ရှေ့သို့ တိုးလာစဉ်မှာပင် လူကြီးမင်းဂူက ရုတ်တရက် ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် အနီရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဖန်းယွမ်၏ လှပသော မျက်နှာမှာ လေထဲတွင် ရုတ်တရက် လွင့်ထွက်သွားတော့သည်။
မည်သည့် သတိပေးချက်မျှ မရှိဘဲ သူမ၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။ သွေးများနှင့် သွားများမှာ ကြားဝင်ဖျန်ဖြေရန် လာရောက်သော လင်းရန်၏ မျက်နှာပေါ်သို့ စင်သွားသည်။
[စစ်မိန့်ကို ချိုးဖောက်သူအား အပြစ်ပေးကာ တင်းကြပ်စွာ ကိုင်တွယ်ခဲ့သည့်အတွက် စေတနာရမှတ် ၃၀၀ ရရှိသည်]
"စကားတွေ အများကြီး ပြောနေဖို့ မလိုဘူး.."
ဂူချန်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ စိတ်ထဲတွင် မည်သည့် ခံစားချက်မျှ ရှိမနေပေ။
နတ်ဘုရားမီးတောက်ဂိုဏ်းကို မတိုက်ခိုက်မီက သူသည် လူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ရန် ကြံစည်ခဲ့သော်လည်း ထိုနေရာမှာ သူနှင့် မကိုက်ညီကြောင်း သူ သိရှိသွားခဲ့သည်။ သူသည် သူ၏ လက်တွင် ပေကျံနေသော သွေးများကို ခါထုတ်လိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်ကာ အသက်ပြန်ဝင်လာစ ပြုနေသော နတ်ဘုရားဂိုဏ်း တပည့်၏ ရင်ဘတ်ကို အားဖြင့် နင်းချလိုက်သည်။
ဂျွတ်...
အရိုးများ ကျိုးကြေသွားသော အသံနှင့်အတူ ဂူချန်၏ ခြေထောက်မှာ ထိုတပည့်၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။ ထိုတပည့်မှာ မျက်လုံးများ ပြူးထွက်သွားပြီးနောက် ချက်ချင်းပင် အသက်ပျောက်သွား၏။ သူ၏ အသက်စွမ်းအားများ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဂူချန်သည် ပိုမိုသေချာစေရန်အတွက် နောက်ထပ် တစ်ချက် ထပ်မံ နင်းလိုက်ပြန်သည်။
"နေဦး.."
ဂူချန်သည် သူ၏ ယခင်ဘဝက ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲတွင် လူတစ်ချို့မှာ နှလုံးကို လည်ပင်းနားအထိ ရွှေ့ထားနိုင်သော ထူးဆန်းသည့် အတတ်ပညာ ရှိသည်ကို သတိရသွားသည်။ ထို့ကြောင့် သူသည် လက်ဝါးတစ်ချက် ထပ်မံ ရိုက်လိုက်ပြီး ထိုတပည့်၏ လည်ပင်းကိုပါ ဖြတ်ပစ်လိုက်သည်။ နောက်ဆုံးတွင်မူ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ပြုလုပ်လိုက်တော့မှ သူ ကျေနပ်သွားတော့သည်။
ဘေးနားရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အသက်ရှူရန်ပင် မေ့နေကြတော့သည်။ လင်းရန်၏ နှလုံးသားမှာလည်း တုန်လှုပ်နေရသည်။ ဤလူသည် တကယ်ပဲ မဟာမိတ်အဖွဲ့က လွှတ်လိုက်သူ ဟုတ်ပါသည်လော။ သူ လုပ်ဆောင်နေသည်များမှာ မိစ္ဆာဂိုဏ်းဝင်တစ်ဦးနှင့် ပို၍ တူနေတော့သည်။
[နတ်ဘုရားဆရာသခင် နန်းဆောင်မှ အဖွဲ့ဝင် ၅၈၆၃ ဦးလုံးကို ပြန်လည်ဆုံစည်းပေးခဲ့သည့်အတွက် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသော လုပ်ရပ်အဖြစ် စေတနာရမှတ် ၄၄၄၄၄ ရရှိသည်]
"အခုဆိုရင်တော့ အကုန်လုံး သန့်ရှင်းသွားပြီ.."
ဂူချန်သည် ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်မှ ကြောက်ရွံ့နေသော အကြည့်များကို ဂရုမစိုက်ဘဲ လက်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ အတိုင်းအဆမရှိသော မူလစွမ်းအင်များ ထွက်ပေါ်လာပြီး ကျားနဂါးတောင်ပေါ်ရှိ လူအားလုံးကို ဘေးသို့ ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
"စနစ်... အမှတ်တွေ ပေါင်းထည့်တော့.."
ယခုအခါ သူ၏ လက်ထဲတွင် စေတနာရမှတ်များစွာ ရှိနေပြီ ဖြစ်ရာ အချိန်ဆွဲနေရန် မလိုတော့ပေ။ အချိန်မဖြုန်းဘဲ အဆင့်တက်လှမ်းရန်သာ သူ ပြင်ဆင်လိုက်တော့သည်။
Chapter 200
~
အခန်း ၂၀၀ : နေရာတွင်ပင် အဆင့်တက်ခြင်းနှင့် ကြီးမြတ်သော ကြင်နာတက်သူ အရှင်သခင်
~
[လက်ရှိ စေတနာရမှတ် ၁၃၉၉၇၄]
ဂူချန်၏ အတွေးတစ်ချက်ဖြင့်ပင် အဆမတန်များပြားလှသော စေတနာရမှတ်များမှာ ကျင့်စဉ်အဆင့်ကော်လံဆီသို့ ရူးသွပ်စွာ စီးဝင်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ဝတ်ရုံအတွင်းမှ မဟာတာအိုလမ်းစဉ် နတ်ဘုရားစိတ်ဆန္ဒ မြေပုံနှစ်ခုမှာ ပျံထွက်လာပြီး သူ့ကို ဝန်းရံလိုက်ကြသည်။
[ဒင်..]
[ကျင့်ကြံခြင်းအတွက် ပြင်ဆင်နေသည်]
[အိမ်ရှင်ရောက်ရှိနေသော ကျားနဂါးတောင်တွင် အလတ်စား စိတ်ဝိညာဥ်ချီကြောပေါင်း ဒါဇင်ကျော်နှင့် အဆင့်မြင့် တစ်ခု ရှိနေသည်ကို စနစ်မှ သိရှိရသည်။ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ အလွန်မြင့်မားနေသဖြင့် အိမ်ရှင်၏ မဟာတာအိုလမ်းစဉ် ဓမ္မခန္ဓာကို တည်ဆောက်နေစဉ်အတွင်း စွမ်းအင်များကို အဆက်မပြတ် ရရှိနေစေမည် ဖြစ်သည်]
[ကျင့်ကြံခြင်းအရှိန် ၈၀ ရာခိုင်နှုန်း မြင့်တက်လာသည်]
'စိတ်ဝိညာဥ်ချီကြောတွေလား ..'
ကျားနဂါးတောင်မှာ တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းနေရခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ ဝိညာဉ်စွမ်းအင်များမှာ အလွန်သိပ်သည်းလွန်းသဖြင့် အရည်ပျော်လုနီးပါး ဖြစ်နေခြင်းပင်။ ဤကဲ့သို့ ကောင်းမွန်လှသော နေရာကို သိမ်းပိုက်ထားပြီး လူသားများကို နတ်ဆေးဖော်စပ်ရန် အသုံးချနေခဲ့သော ကျားနဂါးတောင်မှာ ဤနှစ်များအတွင်း သိုင်းဘုရင် နှစ်ဦးသာ ထွက်ပေါ်ခဲ့သည်မှာ နှမြောစရာပင်။
'သူတို့သာ သိုင်းဘုရင် နည်းနည်းလောက် ပိုထွက်ခဲ့လျှင် ငါ့အတွက် စေတနာရမှတ် တစ်သိန်းမက ပိုရနိုင်တယ်..ဖြုန်းတီးကြတယ့်ကောင်တွေ..'
ဂူချန်သည် သူ၏ နှုတ်ခမ်းကို တွန့်လိုက်ပြီး စနစ်၏ အချက်အလက်များကို ဆက်ကြည့်လိုက်ရာ အသစ်သော အထောက်အပံ့ သတိပေးချက်များ ပေါ်လာပြန်သည်။
[အိမ်ရှင်၏ ကိုယ်ခန္ဓာမှာ မွေးရာပါ ပြည့်စုံနေသည့် အပြစ်အနာအဆာကင်းသော ခန္ဓာ ဖြစ်သည်ကို သိရှိရသည်။ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်နိုင်စွမ်းမှာ သိသိသာသာ မြင့်မားနေပြီး အနေအထား အနည်းငယ် ပြင်လိုက်ရုံဖြင့်ပင် စိတ်ဝိညာဥ်ချီစွမ်းအင်များကို ဆွဲဆောင်နိုင်သည်]
[ကျင့်ကြံခြင်းအရှိန် ၁၀၀ ရာခိုင်နှုန်း မြင့်တက်လာသည်]
[အမြစ်မဲ့ရေ ကို အသုံးပြုနေသဖြင့် ကျင့်ကြံခြင်းအရှိန် ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်]
[အိမ်ရှင်၏ နားလည်နိုင်စွမ်းမှာ ထူးကဲလှသည်။ မဟာတာအိုလမ်းစဉ် ပုံရိပ်ကို နားလည်သဘောပေါက်ရန် မယုံကြည်နိုင်လောက်သော သင်ယူနိုင်စွမ်း ရှိနေသဖြင့် အဆင့်တက်လှမ်းခြင်း လုပ်ငန်းစဉ်မှာ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပါ]
[ကျင့်ကြံခြင်းအရှိန် ၇၀ ရာခိုင်နှုန်း မြင့်တက်လာသည်]
[အိမ်ရှင်တွင် SSS အဆင့်ရှိ သိုင်းပညာပါရမီ စွမ်းအင်သုံးပါး ပြန်လည်ဆုံစည်းခြင်း ရှိနေသည်ကို သိရှိရသည်။ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်၊ မြေပြင်နှင့် လူသား စွမ်းအင်သုံးရပ်မှာ အလွန်ဟန်ချက်ညီနေသဖြင့် အတွင်းပိုင်း အာကာသနေရာမှာ အလွန်ပင် တည်ငြိမ်နေသည်]
[ကျင့်ကြံခြင်းအရှိန် ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်]
စွမ်းအင်သုံးပါး ပြန်လည်ဆုံစည်းခြင်းကို မြင်လိုက်ရသည့်အခါ ဂူချန်သည် သူ၏ လက်ထဲတွင် သူရဲကောင်းအစိတ်အပိုင်းများကို လုယူနိုင်သော လုပ်ဆောင်ချက် ရှိနေသေးသည်ကို သတိရသွားပြီး ချက်ချင်း ကြည့်လိုက်သည်။
[သူရဲကောင်းအစိတ်အပိုင်း - ၁၇]
'ဒီလောက်တောင် များသွားပြီလား..'
သို့သော်လည်း သူ၏ သိုင်းပညာပါရမီမှာ ယခုလောလောဆယ် လုံလောက်နေပြီ ဖြစ်ရာ ကျင့်စဉ်အဆင့်ကိုသာ အရင် မြှင့်တင်သင့်သည်။ အဆင့်မြှင့်ပြီးလျှင် စေတနာရမှတ် မည်မျှ ကျန်မည်နည်း။
ဂူချန်သည် အနည်းငယ် သက်ပြင်းချလိုက်မိသည်။ အဆင့်ရှစ်သို့ ရောက်ရှိရန် စေတနာရမှတ် သုံးစွဲမှုမှာ အလွန်ပင် မြင့်မားပေလိမ့်မည်။ ကံကောင်းသည်မှာ နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် တိုက်ပွဲတွင် စေတနာရမှတ်များစွာ ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။
[အိမ်ရှင်၏ သန့်စင်ခြင်းတာအိုလမ်းစဉ် နှင့် လှည့်စားမှုတယအိုလမ်းစဉ် နှစ်ခုလုံးမှာ မဟာဆရာကြီး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည်။ အဆင့်တက်လှမ်းမည့် လမ်းစဉ်ကို ရွေးချယ်ပေးပါ]
[လှည့်စားမှုတယအိုလမ်းစဉ် အရှင်သခင် - စေတနာရမှတ် ၂၃၅၈၀ သုံးစွဲမည်]
[သန့်စင်ခြင်းတာအိုလမ်းစဉ် အရှင်သခင် - စေတနာရမှတ် ၃၆၂၅၀ သုံးစွဲမည်]
[လမ်းစဉ်နှစ်ရပ်ပေါင်း အရှင်သခင် - စေတနာရမှတ် ၅၁၃၅၈ သုံးစွဲမည်]
' စနစ်က အတော်လေးမိုက်သား.. ရွေးချယ်စရာတောင်လုပ်ပေးသေးတယ် ..'
ဂူချန်သည် တွန့်ဆုတ်မနေဘဲ လမ်းစဉ်နှစ်ရပ်ပေါင်း အရှင်သခင်ကို ရွေးချယ်လိုက်သည်။ လမ်းစဉ်နှစ်ခုလုံးမှာ အမြင့်ဆုံး ရောက်နေပြီ ဖြစ်ရာ နှစ်ခုလုံးကို မရွေးချယ်လျှင် စေတနာရမှတ်များ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
[ ဒင်..]
[လမ်းစဉ်ကို ရွေးချယ်ပြီးပါပြီ - သန့်စင်ခြင်းနှင့် လှည့်စားမှု တာအို လမ်းစဉ်နှစ်ရပ်ပေါင်း အရှင်သခင်]
[အမှတ်များ စတင်ခွဲဝေနေသည်]
[အိမ်ရှင်၏ ခြေဖဝါးအောက်ရှိ ကျားနဂါးတောင်၏ မြေကြောများ တုန်ခါလာသည်။ တိမ်ပင်လယ်အတွင်း ဝိညာဉ်စွမ်းအင် ဝဲဂယက် ၃၆ ခု ပေါ်ထွက်လာပြီး နက်ရှိုင်းသော နေရာမှ ရှေးဟောင်းနဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းရည်ကဲ့သို့သော ဝိညာဉ်အရည်များမှာ ကောင်းကင်မှ အောက်သို့ ပြန်လည် စီးဆင်းလာပြီး အိမ်ရှင်၏ အသိစိတ်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်]
[စွမ်းအင် သုံးရပ်မှာ ခန္ဓာကိုယ်မှ အထက်သို့ ထိုးတက်သွားသည်။ တိမ်တိုက်များကြားတွင် အပြာ၊ အမည်းနှင့် အဝါရောင် အလင်းတိုင်များမှာ ယှက်နွယ်ကာ ယင်နှင့်ယန် ပုံရိပ်ကို ဖော်ဆောင်လိုက်ကြသည်။ ကျားနဂါးတောင် တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များမှာ ပွက်ပွက်ဆူနေသော ဝဲဂယက်တစ်ခုသဖွယ် ဖြစ်သွားပြီး မဟာလမ်းစဉ် ပုံရိပ်နှစ်ခုမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်၌ ပေပေါင်း တစ်သောင်းမြင့်သော ဓမ္မခန္ဓာပုံရိပ်ကြီးကို ထင်ဟပ်စေသည်]
အချက်အလက်များ ဆက်တိုက် ပေါ်ထွက်လာသည်နှင့်အမျှ ကြီးမားသော လေလှိုင်းကြီးမှာ ရေလွှမ်းမိုးမှုအလား ပျံ့နှံ့သွားပြီး သတိမထားမိလိုက်သော စောင့်ကြည့်ရေးကောင်စီဝင်များကို မီတာ ထောင်ချီဝေးရာသို့ လွင့်စင်သွားစေသည်။ အများစုမှာ တောင်ပေါ်မှ လွင့်ကျသွားကြသော်လည်း သူတို့၏ သန်မာသော ခန္ဓာကိုယ်နှင့် စွမ်းအားများကြောင့် ကျောက်ဆောင်များကို အတင်းဆုပ်ကိုင်ကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ကြသည်။
ဂူချန်၏ မျက်ဝန်းများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ မြင်တွေ့နေရသော ကမ္ဘာကြီးမှာ အဆုံးမရှိသော လောကနိယာမ ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားသည်။ ယခင်က နားလည်ရခက်သော ရှေးဟောင်းစာသားများမှာ ယခုအခါ လက်ဖဝါးပေါ်မှ လိုင်းကြောင်းများကဲ့သို့ ထင်ရှားနေတော့သည်။
[တောင်အတွင်း ပုန်းကွယ်နေသော အဆင့်မြင့် ဝိညာဥ်ချီကြောမှာ အတင်းအကျပ် ဆွဲထုတ်ခြင်း ခံလိုက်ရပြီး အလင်းတန်းတစ်ခုအဖြစ် အိမ်ရှင်၏ ဒန်တျန်အတွင်းသို့ စီးဝင်သွားသည်]
[အိမ်ရှင်၏ ခိုင်မာလှသော အခြေခံအုတ်မြစ်အောက်တွင် ဓမ္မခန္ဓာ နှစ်ခုမှာ အိမ်ရှင်၏ နောက်ကျောတွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်]
[တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ထိပ် ၇၂ ခု၏ မြေစွမ်းအင်များမှာ မြစ်များ သမုဒ္ဒရာသို့ စီးဝင်သကဲ့သို့ ပြန်လည် စုစည်းလာသည်]
တစ်ချိန်တည်းမှာပင် ဂူချန်သည် ဟင်းလင်းပြင်၌ မဟာလမ်းစဉ် နိယာမစွမ်းအားများ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့မှာ သူ၏ မျက်စိရှေ့တွင် အနီရောင် အိုးကြီးတစ်လုံးနှင့် နက်ပြာရောင် ဘီလူးကြီးတစ်ဦးအဖြစ် ပေါင်းစပ်သွားကြသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌လည်း တစ်စုံတစ်ရာသော အတားအဆီးမှာ ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
[အိမ်ရှင်၏ တိုက်တွန်းမှုနှင့် စည်းရုံးမှုအောက်တွင် ဓမ္မခန္ဓာ နှစ်ခုမှာ သဟဇာတဖြစ်စွာ နေထိုင်နိုင်သွားကြသည်။ အိမ်ရှင်၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်ခြင်းလမ်းစဉ်နှင့် လှည့်စားမှုလမ်းစဉ် နတ်ဘုရားစွမ်းအားများမှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်သွားကြပြီ ဖြစ်သည်]
[စေတနာရမှတ် ၅၃၆၈၀ သုံးစွဲပြီးပါပြီ။ အိမ်ရှင်သည် သန့်စင်ခြင်းလမ်းစဉ် ဓမ္မခန္ဓာနှင့် လှည့်စားမှုလမ်းစဉ် ဓမ္မခန္ဓာတို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်]
[ဂုဏ်ယူပါသည်၊ အိမ်ရှင်၏ သိုင်းပညာအဆင့်မှာ အဆင့်ရှစ် (အရှင်သခင်နယ်ပယ်) အဆင့် ၁ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်]
[ယခုအခါ အိမ်ရှင်၏ စိတ်အာရုံ လွှမ်းမိုးနိုင်မှုမှာ မိုင်ပေါင်း တစ်သောင်းအထိ ရောက်ရှိသွားပြီ ဖြစ်သည်။ မိုင်ပေါင်း ထောင်ချီဝေးသော မြင်ကွင်းများကို သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်သည်။ လှုပ်ရှားမှုတိုင်းမှာ တောင်နှင့် သမုဒ္ဒရာကို မှောက်လှန်နိုင်ပြီး အရှိန်အဝါ တစ်မျှင်တည်းဖြင့်ပင် လူပေါင်းသန်းရာချီကို ဖိနှိပ်နိုင်သည်။ စွမ်းအားများ အသုံးမပြုဘဲ သာမန် တိုက်ခိုက်မှု တစ်ခုတည်းဖြင့်ပင် လူတစ်သန်း နေထိုင်သော မြို့ကြီးတစ်မြို့ကို ဖျက်ဆီးပစ်နိုင်သည်]
စနစ်၏ အသိပေးချက် အဆုံးသတ်သွားသည့်အခါ ဂူချန်၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
လောကနိယာမ ကြိုးမျှင်များ စီးဝင်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများမှာ ကမ္ဘာဦးအစကဲ့သို့ပင် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံး ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေပြီး ဘဝ၏ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားလေပြီ ။
သူ၏ နှလုံးခုန်သံမှာ မိုးကြိုးသံကဲ့သို့ပင်။ ခုန်ချက်တိုင်းတွင် လောကစွမ်းအားများကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း အရောင်အမျိုးမျိုးဖြင့် တောက်ပနေပြီး လောက၏ ဓာတ်ကြီးငါးပါးနှင့် ဟန်ချက်ညီစွာ လည်ပတ်နေကြသည်။
သူ၏ အသားနှင့် သွေးများမှာ မပျက်စီးနိုင်သော ရွှေစင်များကဲ့သို့ ကျစ်လျစ်နေပြီး အရေပြားတိုင်းမှာလည်း အလင်းတန်းများ ဖြာထွက်နေသည်။ ဤအချိန်တွင် ဂူချန်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမရှိသော ခွန်အားများ ပြည့်လျှံနေသည်ကို ခံစားလိုက်ရသည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ ပါးစပ်မှာလည်း အလိုအလျောက် လှုပ်ရှားလာတော့သည်။
ဝုန်း...
မိုင်ပေါင်း တစ်သောင်းအထိ ဖုံးလွှမ်းနေသော မြူခိုးများကြားတွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခု ဟိန်းထွက်လာသည်။ မြင့်မားလှသော အရပ်မှ တိမ်ပင်လယ်ကြီးမှာ ပြိုကျလာပြီး တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါမှာ ပတ်ဝန်းကျင်ရှိ ပြည်နယ်များစွာအထိ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
လူပေါင်းများစွာမှာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပြီး ရုတ်တရက် ပြည့်နှက်သွားသော ဝိညာဉ်စွမ်းအင်များကြောင့် အံ့အားသင့်နေကြသည်။
မည်သို့သော ဖြစ်ရပ်မျိုး ဖြစ်ပျက်နေသနည်း။
သူတို့ သတိမဝင်နိုင်သေးမီမှာပင် ခမ်းနားလှသော နတ်ဘုရားအသံတစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး တောင်ပိုင်းမဟာမိတ်အဖွဲ့အတွင်းရှိ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
"လောကီဒုက္ခ... ငယ်စဉ်ကပင် သိခဲ့သည်..."
"သို့သော်... လောကအပေါ်၌ မေတ္တာမပျက်..."
"လေအေးတိုက်ခတ်... ကိုယ်ခန္ဓာမှာ လွင့်ပါးစေကာမူ..."
" လှိုင်းထန်သော ကံကြမ္မာပင်လယ်၌... ငါ၏နှလုံးသားမှာ တည်ငြိမ်နေဆဲ..."
"အခက်အခဲပေါင်း ထောင်ချီက... ခိုင်မြဲသော နှလုံးသားကို ဖန်တီးပေးသည်..."
"သတ္တဝါအပေါင်းကို ကယ်တင်ရန်... အစွမ်းကုန် ကြိုးစားမည်..."
"ယနေ့တွင်... ကြီးမြတ်သော မေတ္တာသည် နွေဦးလေညင်းအဖြစ် ပြောင်းလဲကာ..."
"လူသားကို ချစ်သည်... မြေကမ္ဘာကို ချစ်သည်... ကောင်းကင်ဘုံကိုလည်း ချစ်သည်..."
လူတိုင်း မှင်သက်သွားကြသည်။
လမ်းလှည်းနေသော တံမြက်စည်းသမားဖြစ်စေ၊ တိုက်မြင့်ပေါ်မှ လူကုံထံဖြစ်စေ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသော စောင့်ကြည့်ရေးကောင်စီဝင်များဖြစ်စေ၊ ဌာနချုပ်တွင် လက်ဖက်ရည် သောက်နေသော မဟာမိတ်ဥက္ကဋ္ဌ လျောင်ချင်းဖုန်းဖြစ်စေ အားလုံးမှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ အချိန်များမှာ ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။
တစ်စုံတစ်ယောက်သည် အရှင်သခင်အဆင့်သို့ ရောက်ရှိသွားလေပြီ။