← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 20 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 20 Ch. 201-202

Chapter 201

~

အခန်း ၂၀၁ : အရှင်သခင် နှစ်ဦး၏ တုန်လှုပ်မှုနှင့် ဇီဝနည်းပညာ

~

​ကျားနဂါးတောင်ထိပ်တွင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနေသည့် လေမုန်တိုင်းများ တိုက်ခတ်နေပြီး မဟာတာအိုလမ်းစဉ် ၏ နတ်ဘုရားအသံများ ပျံ့လွင့်နေသည်။

​"နောက်ဆုံးတော့... ငါ အရှင်သခင် တစ်ယောက် ဖြစ်လာပြီပေါ့.."

​မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်လိုက်ရာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားမှ တောက်ပလှသော လမ်းစဉ်နိယာမ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်နေသည်။ ဂူချန်သည် သူ၏ လက်သီးကို အသာအယာ ဆုပ်လိုက်သည်။ သူ၏ အော်ရာမှာ အင်မော်တယ်တစ်ဦးကဲ့သို့ပင် ။

​သူ ကျင့်ကြံခြင်း စတင်ခဲ့သည်မှာ ရက်ပေါင်း ၃၀ ကျော်သာ ရှိသေးသော်လည်း ယခုအခါ လူသားမျိုးနွယ်၏ အမြင့်ဆုံးနယ်ပယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

​(အဆင့်ရှစ် - အရှင်သခင်အဆင့်)

​ဤနယ်ပယ်မှာ (လေးရပ်မဟာမိတ်အဖွဲ့) ၏ ဥက္ကဋ္ဌပင် နှစ်ပေါင်း ၄၀၀ ကျော် ကျင့်ကြံခဲ့ရသလို၊ သူ၏ ယခင်ဘဝ ဖခင်ဖြစ်သူကဲ့သို့ ထူးချွန်သော ပါရမီရှင်ပင် နှစ်ပေါင်း ၁၀၀ နီးပါး အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ သူကမူ တက္ကသိုလ်တက်ရန် တစ်လပင် လိုသေးသည့် အချိန်မှာပင် ဤအဆင့်သို့ ရောက်ရှိခဲ့သည်။

​"ဒီလောကမှာ ငါလုပ်ခဲ့တဲ့ ကောင်းမှုတွေနဲ့ ဒီခရီးလမ်းရဲ့ ခက်ခဲပုံတွေကို ကြည့်ရင် ဒါတွေအားလုံးဟာ ငါနဲ့ ထိုက်တန်ပါတယ်.."

ဂူချန်က တွေးလိုက်မိသည်။

​တိုက်ဆိုင်သည်မှာ သူ၏ ယခင်ဘဝ ဖခင်ဖြစ်သူသည် မနက်ဖြန်တွင် မဟာမိတ်အဖွဲ့သို့ ပြန်လာတော့မည် ဖြစ်သည်။ သူ၏ သားမှာ သူ့ထက်ပင် အဆင့်မြင့်သွားပြီဖြစ်ကြောင်း သိလျှင် သူ မည်သို့ တွေးမည်နည်း။

​ဂူချန်သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ ခွန်အားမှာ အရှင်သခင်နယ်ပယ်အတွင်း မည်မျှအထိ ရှိမည်ကို စဉ်းစားနေမိသည်။ အဆင့်ရှစ်တွင် အဆင့်ငယ်တစ်ခုနှင့်တစ်ခုကြား၌ တာအိုအမှတ်အသား အရေအတွက်မှာ များစွာ ကွာခြားလှသည်။ သို့သော် ဂူချန်၏ ခန္ဓာကိုယ်ပေါ်ရှိ သန်စင့်ခြင်းတာအိုလမ်းစဉ် နှင့် လှည့်စားမှုတာအိုလမ်းစဉ် အမှတ်အသားများမှာ တစ်ခုချင်းစီ၌ တစ်သိန်းကျော်စီ ရှိနေပြီဖြစ်ရာ ၎င်းမှာ အရှင်သခင်များကြားတွင်ပင် နည်းပါးသော ပမာဏမဟုတ်ပေ။

​စုစုပေါင်း အမှတ်အသား အရေအတွက်အရ ဆိုလျှင် အဆင့်ရှစ် အစောပိုင်း အဆင့် ၃ ဆင့်အတွင်းရှိ ပညာရှင်များပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် လျောင်ချင်းဖုန်းကဲ့သို့ အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်နေသူမျိုးကို ရင်ဆိုင်ရန်မှာမူ အနည်းငယ် ခက်ခဲနိုင်သေးသည်။ အကြောင်းမှာ နှစ်ပေါင်း ၄၀၀ ကျော် ကျင့်ကြံလာသူတစ်ဦး၏ အမှတ်အသား အရေအတွက်မှာ ခန့်မှန်းရခက်အောင် များပြားလှသောကြောင့် ဖြစ်သည်။

​"အဆင့်ရှစ်ကို ဒီလောက် မြန်မြန်ရောက်လာပြီဆိုတော့... အဆင့်ကိုး ဧကရာဇ်နယ်ပယ် ကလည်း သိပ်မဝေးတော့ဘူးပေါ့.."

​ဂူချန် အတွေးဝင်နေစဉ်မှာပင် ကျားနဂါးတောင်အနီးသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော အရှိန်အဝါ နှစ်ခုကို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် သွေးညှိနံ့များ ဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်သို့ လူနှစ်ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ အသက်ကြီးပိုင်း ဖြစ်ပြီး တစ်ဦးမှာ လူငယ်လေး ဖြစ်သည်။

​လျောင်ချင်းဖုန်းသည် အသက် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်အတူ အလျင်အမြန် လျှောက်လှမ်းလာခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ ကျင့်စဉ်မရှိသူများကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် ရိုးရှင်းခြင်းနယ်ပယ် သို့ ရောက်ရှိနေသူများ ဖြစ်သည်။

​"လင်းယဲ့က လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဂူချန်က သိုင်းဘုရင် အဆင့်ကို တက်ရုံရှိသေးတယ်လို့ ပြောခဲ့တာ။ အခု ရက်ပိုင်းလေးအတွင်းမှာပဲ သူက ဘယ်လိုလုပ် အရှင်သခင် ဖြစ်သွားတာလဲ"

​လျောင်ချင်းဖုန်းသည် အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦးက လူသားမဟာမိတ်အဖွဲ့ တစ်ခုလုံး၏ အမြင့်ဆုံးပန်းတိုင်ကို ဤမျှ လွယ်ကူစွာ ရောက်ရှိသွားခြင်းမှာ မယုံနိုင်စရာပင်။ သူနှင့်အတူ ပါလာသော ကျန့်ရှင်ရှုး မှာလည်း အလားတူပင် ထိတ်လန့်နေသည်။

​မိမိတို့ အသက်၏ အစိတ်အပိုင်းလေးမျှသာ ရှိသေးသော လူငယ်က မိမိတို့နှင့် တန်းတူ ဖြစ်လာပြီလော။ ခွန်အားချင်း ကွာခြားနေသေးသော်လည်း ထိုလူငယ်၏ ပါရမီမှာ မိမိတို့ထက် သာလွန်နေသည်မှာ အမှန်ပင်။

​"ကံကောင်းတာက ဒီလိုပါရမီရှင်မျိုး မိစ္ဆာလမ်းစဉ် ထဲ မကျရောက်သွားတာပဲ.."

လျောင်ချင်းဖုန်းက တွေးလိုက်သည်။ ဂူချန် ရွတ်ဆိုခဲ့သော ကဗျာအရ သူသည် ကြီးမြတ်သော မေတ္တာ ကို အခြေခံ၍ ဖြောင့်မတ်သော လမ်းစဉ် ဖြင့် အဆင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။

​ထိုအချိန်တွင် ဂူချန်က မတ်တပ်ရပ်လိုက်သည်။ ဖော်ပြ၍မရသော ဖိအားများကြောင့် လျောင်ချင်းဖုန်းနှင့် ကျန့်ရှင်ရှုးတို့၏ နှလုံးခုန်သံများပင် မြန်လာရသည်။

​"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

သူတို့နှစ်ဦး အပြန်အလှန် ကြည့်လိုက်မိကြသည်။ ထိုလူငယ်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို သူတို့ ခံစားလိုက်ရခြင်း ဖြစ်သည်။

​ဂူချန်က စကားစတင်လိုက်သည်။

"ဥက္ကဋ္ဌလျောင်နဲ့ ဒီက ဆရာသမားတို့... ဘာကိစ္စကြောင့် လာခဲ့တာလဲ မသိဘူး.."

​လျောင်ချင်းဖုန်း သတိပြန်ဝင်လာပြီး ဝမ်းမြောက်စကား ဆိုလိုက်သည်။

"​ရောင်းရင်းဂူ... မင်း ဒီလောက် မြန်မြန် အဆင့်တက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့က သတင်းကြားကြားချင်း ဂုဏ်ပြုဖို့ လာခဲ့တာပါ.."

​"မင်းလို လူငယ်မျိုးက ကောင်းကင်နှင့်လူသား တစ်သားတည်းကျခြင်း အဆင့်ရှစ်ကို ရောက်သွားတာ တကယ့်ကို အနာဂတ်အတွက် အားတက်စရာပဲ။ အခု မဟာမိတ်အဖွဲ့မှာ ဗိုလ်ချုပ်ကြီး ရာထူး တစ်နေရာ လစ်လပ်နေတယ်။ မင်း စိတ်ဝင်စားသလား.."

​ကျန့်ရှင်ရှုးကလည်း ကလေးငယ်တစ်ဦး၏ အသံဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်တယ်... မင်းအဖေလည်း မဟာမိတ်အဖွဲ့ကို ပြန်လာတော့မှာဆိုတော့ မင်းတို့သားအဖ ဗိုလ်ချုပ်ကြီးတွေအဖြစ် အတူတူ တာဝန်ထမ်းဆောင်လို့ ရတာပေါ့.."

​သို့သော် ဂူချန်က တွန့်ဆုတ်မနေဘဲ ငြင်းပယ်လိုက်သည်။

"ကျုပ် အဆင့်တက်ခါစမို့ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတယ်။ နတ်ဘုရားမီးတောက်ဂိုဏ်းကိစ္စတွေအတွက်လည်း ပြင်ဆင်ရဦးမယ်.."

​သူ့အတွက်မူ စေတနာရမှတ်များ ရရှိရန်အတွက် သတ်ဖြတ်ခြင်းမှာသာ အဓိကဖြစ်ပြီး ရာထူးအာဏာကို စိတ်မဝင်စားပေ။

​လျောင်ချင်းဖုန်းက နှမြောသော်လည်း နားလည်ပေးလိုက်သည်။ ထို့နောက် နတ်ဘုရားမီးတောက်ဂိုဏ်း ကို တိုက်ခိုက်မည့် ကိစ္စအား ဆွေးနွေးကြသည်။

​"မဟာမိတ်အဖွဲ့က သူတော်စင် ရွေးချယ်ပွဲမှာ စတင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲ့ဒီအချိန်မှာ အရှင်သခင်အဆင့်နဲ့ အထက် ပညာရှင် ၁၀ဦး ပါဝင် တိုက်ခိုက်မှာပါ။ ရောင်းရင်းဂူပါ ပေါင်းလိုက်ရင် နတ်ဘုရားမီးတောက်ဂိုဏ်း ကို သေချာပေါက် အနိုင်ယူနိုင်မှာ.."

​"ဆယ်ယောက်လား.."

ဂူချန်က အနည်းငယ် အံ့သြသွားသည်။ မဟာမိတ်အဖွဲ့တွင် အရှင်သခင် ၁၀ ဦး မရှိကြောင်း သူသိထားသည်။

​ကျန့်ရှင်ရှုးက ရယ်မောရင်း ရှင်းပြလိုက်သည်။

"လူသား အရှင်သခင်က ၁၀ ယောက် မရှိပါဘူး။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ရဲ့ နှစ်ပေါင်းတစ်သောင်း သမိုင်းကြောင်းမှာ ဝှက်ဖဲအချို့ရှိတာပေါ့.."

​ဥက္ကဋ္ဌလျောင်က သူ၏ မုတ်ဆိတ်ဖြူကို သပ်ရင်း ဆက်ပြောသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ပါရမီရှင် သိပ္ပံပညာရှင်တွေဟာ ဇီဝနည်းပညာ ကို တီထွင်ခဲ့ကြတယ်။ အဲ့ဒါက လူသားတွေကို ဇီဝနည်းပညာနဲ့ ပေါင်းစပ်ပြီး သာမန်လူတွေ မရောက်နိုင်တဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်စေတာပဲ။ ဇီဝ-စက်မှုပေါင်းစပ်မှု ပြီးသွားတဲ့အခါ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားဟာ အရှင်သခင်နယ်ပယ်အဆင့် သိုင်းပညာရှင်တွေထက် မနိမ့်ကျဘူး။ တိုက်ပွဲနေ့ကျရင် မင်း သိလာပါလိမ့်မယ်.."

​သူတို့ ထွက်ခွာသွားပြီးနောက် ကျားနဂါးတောင်မှ လေမုန်တိုင်းများ ငြိမ်သက်သွားသည်။ တောင်ခြေတွင်မူ ကျားနဂါးမြို့ စောင့်ကြည့်ရေးကောင်စီ ဒုဥက္ကဋ္ဌက လင်းရန်ကို တုန်ရီစွာ မေးလိုက်သည်။

​"ဥက္ကဋ္ဌလင်း... ကျွန်တော်တို့ အခုလေးတင် လူကြီးမင်းဂူအရှင်သခင် ဖြစ်သွားတာကို ကိုယ်တိုင် မြင်လိုက်ရတာလား.."

​လင်းရန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ နှလုံးသားမှာလည်း လှိုင်းထန်နေဆဲပင်။

​"ဟုတ်တယ်... လူသားမျိုးနွယ်ရဲ့ ကိုးယောက်မြောက် အရှင်သခင်... မေတ္တာရှင် အရှင်သခင်ကြီး ပေါ့"

Chapter 202

~

အခန်း ၂၀၂ : ဗိိုလ်ချုပ်ကြီး ဂူဝူချန်း၏ အောင်ပွဲခံ ပြန်လည်ရောက်ရှိခြင်းကို ကြိုဆိုခြင်း

~

​နောက်တစ်နေ့...

​တောင်ပိုင်းမြို့တော် တစ်ခွင်လုံးသည် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်နေချေသည်။

​နောက်ဆုံးပေါ် ငွေရောင်အတောင်ပံတိုက်လေယာဉ် ၁၂ စင်းမှာ ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေပြီး လေထုကို ထိုးခွင်းသွားသည့် အသံများမှာ စူးရှစွာ ထွက်ပေါ်နေသည်။ ထို့နောက်တွင်မူ စစ်ဘက်ဆိုင်ရာ တံဆိပ်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ် ရာပေါင်းများစွာမှာ အရပ်ရပ်မှ စုရုံးလာကြပြီး မြို့တော်အထက်တွင် ညီညာလှသော စစ်ကြောင်းတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။

​သန်းနှင့်ချီသော မြို့သူမြို့သားများမှာလည်း မြို့ဂိတ်တံခါး၏ ဝဲယာတစ်ဖက်တစ်ချက်တွင် ပန်းစည်းများ ကိုယ်စီကိုင်ဆောင်ကာ ကြိုဆိုရန် အသင့်စောင့်ဆိုင်းနေကြသည်။ မြို့တော်တစ်ခုလုံးမှာ အလွန်ပင် စည်ကားသာယာလှသော မြင်ကွင်းကို ဖော်ဆောင်နေတော့သည်။

​ယနေ့သည် မဟာမိတ်အဖွဲ့၏ ထိပ်တန်းဗိုလ်ချုပ်ကြီးသုံးဦးထဲမှ တစ်ဦးဖြစ်သည့် အရှင်သခင် ဂူဝူချန်း ပြန်လည်ရောက်ရှိမည့်နေ့ ဖြစ်ကြောင်း သူတို့ သိထားကြသည်။

​ဤမြို့သားများသည် ပုံမှန်အားဖြင့် အထက်တန်းလွှာ မိသားစုများကို မုန်းတီးကြသော်လည်း ရှေ့တန်းစစ်မျက်နှာပြင်တွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသည့် ဗိုလ်ချုပ်ကြီးများကိုမူ အလွန်ပင် ရိုသေလေးစားကြ၏။ ထို့အပြင် အဆင့်မြင့်သိုင်းလောက မှ လူသားများ၏ မျိုးဗီဇတွင် အင်အားကြီးသူကို အလိုအလျောက် ကြောက်ရွံ့ရိုသေသည့် စိတ်ဓာတ်မှာ ကိန်းအောင်းနေပြီးသားပင် ဖြစ်သည်။

​ဗိုလ်ချုပ်ကြီး ဂူဝူချန်း၏ ခန့်ညားထည်ဝါသော ရုပ်ရည်နှင့် သူရဲကောင်းဆန်သော အပြုအမူများကြောင့်လည်း သူ့တွင် အမျိုးသား၊ အမျိုးသမီး ပရိသတ်ပေါင်းများစွာ ရှိနေပေသည်။ မိုက်ခရို ဒရုန်း ထောင်ပေါင်းများစွာမှာလည်း ကောင်းကင်တွင် ဝဲပျံနေပြီး ဟိုလိုဂရမ် ကင်မရာများ ဖြင့် မြို့တော်၏ ထောင့်အသီးသီးသို့ တိုက်ရိုက်ထုတ်လွှင့်မှုများကို ပေးပို့နေကြသည်။

​ဂူဝူချန်း ပြန်လည်ရောက်ရှိလာသည့် သတင်းမှာ မနေ့က တစ်စုံတစ်ယောက် အရှင်သခင် အဆင့်သို့ တက်လှမ်းသွားသည့် သတင်းထက်ပင် ပို၍ ဟိုးဟိုးကျော်သွားတော့သည်။

​ဂူချန် နှင့် လျောင်ချင်းဖုန်း တို့သည် မြို့တံခါးဝတွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေကြသည်။ ငွေရောင် ယာဉ်ပျံတစ်စင်းမှာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေလေပြီ ။

​ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားနေသော မြို့သားများကို ကြည့်ကာ လျောင်ချင်းဖုန်းက ချီးကျူးလိုက်သည်။

"ရောင်းရင်းဂူ... မင်းအဖေရဲ့ ဆွဲဆောင်မှုက တကယ်ကို ကြီးမားတာပဲ။ မြို့သား သန်းနဲ့ချီပြီး စိတ်လိုလက်ရ လာကြိုကြတာ နှစ်ပေါင်းများစွာအတွင်းမှာ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းပဲ"

​"..."

​ဂူချန်က ပြုံးလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ မည်သည့် ခံစားချက်မျှ မရှိပေ။ သူ၏ အမြင်တွင် ဤလူသန်းပေါင်းများစွာမှာ ပုရွက်ဆိတ်ငယ်များသာ ဖြစ်သည်။ ထို့ထက် ပို၍ သူ စိုးရိမ်နေသည်မှာ ဂူဝူချန်းသည် သူ၏ မူလလက္ခဏာကို ရိပ်မိသွားမလား ဆိုသည့် အချက်ပင်။

​ယုတ္တိဗေဒအရဆိုလျှင် နှစ်ပေါင်း ၄၀၀ ကျော် အသက်ရှင်ခဲ့သော အဆင့်ရှစ် အထွတ်အထိပ် ပညာရှင် လျောင်ချင်းဖုန်းပင် သူ့ကို ကူးပြောင်းလာသူတစ်ဦးအဖြစ် မရိပ်မိလျှင် အဆင့်ရှစ်အတွင်းသို့ ဝင်ခါစ ဂူဝူချန်းမှာလည်း ရိပ်မိရန် မဖြစ်နိုင်ပေ။ သို့သော် မူရင်းဇာတ်လမ်း၏ ဇာတ်လိုက် လုဖန် နှင့် ပထမဆုံး ထိပ်တိုက်တွေ့ရမည့် လူယုတ်မာ၏ ဖခင်ဖြစ်သဖြင့် ဂူဝူချန်းမှာလည်း ဤကမ္ဘာ၏ ဆရာကြီး တစ်ဦး ဖြစ်နေပေလိမ့်မည်။ ဆရာကြီး တစ်ဦးအနေဖြင့် ထူးခြားသော အစွမ်းအစများ ရှိနေနိုင်သည်ကို လျစ်လျူရှု၍ မရပေ။

​ဂူချန်သည် ကောင်းကင်ယံရှိ ယာဉ်ပျံကို ဆက်လက် စောင့်ကြည့်နေသည်။ မကြာမီမှာပင် ယာဉ်ပျံမှာ လေထဲ၌ ရပ်တန့်သွားပြီး လှေကားကို ချလိုက်တော့သည်။

​ထို့နောက်တွင်မူ ဂူချန်၏ ယခင်ဘဝ ဖခင်ဖြစ်သူ ပေါ်ထွက်လာသည်။ သူသည် လှေကားမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ၏ စစ်ဝတ်စုံနက်မှာ နေဝင်ဆည်းဆာ အလင်းအောက်တွင် နီမြန်းသော အရောင်များ ထွက်ပေါ်နေပြီး ရန်သူပေါင်းများစွာ၏ သွေးများဖြင့် စိုစွတ်နေသကဲ့သို့ ထင်ရသည်။

​သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ထွားကြိုင်းခြင်း မရှိသော်လည်း ထင်းရှူးပင်တစ်ပင်ကဲ့သို့ တည့်မတ်နေသည်။ ပုခုံးဖုံးများပေါ်တွင် သားရဲခေါင်းများကို ထွင်းထုထားပြီး မျက်လုံးများနေရာ၌ သွေးကဲ့သို့ နီမြန်းသော ရတနာများကို တပ်ဆင်ထားရာ လူတို့၏ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်သကဲ့သို့ ရှိသည်။

​ဂူဝူချန်းမှာ ဦးထုပ်ဆောင်းမထားသဖြင့် သူ၏ အေးစက်တည်ကြည်သော မျက်နှာကို အထင်အရှား မြင်တွေ့နေရသည်။ သူ၏ မျက်ခုံးများမှာ ဓားသွားများအလား ထက်ရှနေပြီး နှာတံမှာလည်း မြင့်မားလှသည်။ သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်နေသဖြင့် လှောင်ပြောင်သည့် အမူအရာမျိုး ပေါက်နေလေ၏။ သူ၏ ဆံပင်နက်ရှည်များမှာ ပုခုံးပေါ်တွင် ဝဲကျနေပြီး ဆံဖြူအချို့မှာလည်း ရောယှက်နေသည်။

​သူသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး သူ၏ ရွှေရောင်မျက်ဝန်းများမှာ စူးရှသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ သူ၏ တည်ရှိမှုမှာ အိမ်မှ ထုတ်ထားသော ဓားတစ်စင်းအလား ထက်မြက်လှသဖြင့် မည်သူမျှ မျက်နှာလွှဲ၍ မရနိုင်ပေ။

​ကြိုဆိုနေသော မြို့သားအားလုံးမှာ အသက်ရှူရန်ပင် မေ့သွားကြပြီး ထိုသူရဲကောင်း ဗိုလ်ချုပ်ကြီးကို ကြည်ညိုစွာ ကြည့်နေကြသည်။ အချို့သော ပရိသတ်မလေးများမှာမူ ထိုအရှိန်အဝါကို မခံနိုင်ဘဲ စိတ်လှုပ်ရှားလွန်းသဖြင့် နေရာတင် မေ့လဲသွားကြတော့သည်။

​'တကယ့်ကို boss တစ်ယောက်ရဲ့ အရှိန်အဝါပဲ..'

ဂူချန်က စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

​ဂူဝူချန်းသည် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် မြို့တံခါးဝသို့ ရောက်ရှိလာပြီး ဂူချန်နှင့် လျောင်ချင်းဖုန်းတို့၏ ရှေ့တွင် ရပ်လိုက်သည်။ သူသည် လျောင်ချင်းဖုန်းကို လက်ယှက်၍ နှုတ်ဆက်လိုက်သည်။

"ဥက္ကဋ္ဌလျောင်.."

​သူ၏ အသံမှာ တိုတောင်းသော်လည်း ခွန်အားပါလှသဖြင့် နားထောင်သူတို့၏ စိတ်ထဲတွင် စွဲထင်သွားရသည်။ လျောင်ချင်းဖုန်းမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ တောင်ဝှေးကို မြေပြင်တွင် အကြိမ်ကြိမ် ပေါက်ကာ ပြုံးရွှင်နေသည်။

​"ကောင်းတယ်... ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးဆိုတာ ဒါမျိုးမှပေါ့.."

​ထိုစကားကို ကြားသော်လည်း ဂူဝူချန်း၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် ခေါင်းလှည့်ကာ နှစ်ပေါင်းများစွာ မတွေ့ရသော သားဖြစ်သူကို ကြည့်လိုက်သည်။ ဂူချန်ကလည်း ပြန်လည် ကြည့်လိုက်သည်။

​ဂူချန်သည် သူ၏ လှည့်စားမှုတာအိုလမ်းစဉ် ကို အသုံးပြုကာ ပတ်ဝန်းကျင်မှ လူများ၏ အမြင်ကို စတင် ပြောင်းလဲလိုက်သည်။

​သူတို့ သားအဖနှစ်ဦးမှာ အပြန်အလှန် စိုက်ကြည့်နေကြပြီး မည်သည့် စကားမျှ မဆိုကြပေ။ ပြောချင်သော စကားများ ရှိနိုင်သော်လည်း ဤအချိန်တွင် မည်သည့် စကားမဆို ခံစားချက်ကို ဖော်ပြနိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေသည်။ လျောင်ချင်းဖုန်း၏ အမြင်တွင်မူ ဤသည်မှာ သားအဖနှစ်ဦး၏ ထူးခြားသော ခံစားချက် ဖော်ပြမှုတစ်ခုဟု ထင်နေတော့သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် လျောင်ချင်းဖုန်းက ရယ်မောရင်း သတိပေးလိုက်သည်။

"ဗိုလ်ချုပ်ကြီးဝူချန်း... တောင်ပိုင်းမြို့သား သန်းနဲ့ချီပြီး မင်းကို စောင့်နေကြတယ်လေ.."

​ထိုအခါမှ ဂူဝူချန်းက မျက်နှာလွှဲလိုက်ပြီး မြို့တော်အတွင်းသို့ လှမ်းဝင်လိုက်သည်။

​'ငါ့ကို ရိပ်မိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ။ တကယ်လို့ ရိပ်မိသွားရင်တော့...'

ဂူချန်သည် စိတ်ထဲမှ အေးစက်စွာ တွေးလိုက်သော်လည်း မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဂူဝူချန်းနောက်မှ လိုက်ပါသွားတော့သည်။

​မြို့တော်အတွင်းသို့ ရောက်သည့်အခါ မြို့သားများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြသည်။ ဂူဝူချန်းက ကော်ဇောနီပေါ်တွင် လျှောက်လှမ်းလိုက်သည်နှင့် ကြိုဆိုသံများမှာ ဟိန်းထွက်လာတော့သည်။

​"ဗိုလ်ချုပ်ကြီးဝူချန်း... တကယ်ကို အံ့ဩစရာကောင်းလှပါတယ်"

​"ဂူဝူချန်း... ကျွန်မ ရှင်နဲ့ ကလေးတွေ အများကြီး ယူချင်တယ်"

​"ဂူဝူချန်း... ဂူဝူချန်း"

​ကောင်းကင်ယံမှ ပန်းပွင့်များမှာ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ဂူဝူချန်းကမူ ပန်းပွင့်များနှင့် နေရောင်ခြည်အောက်တွင် တည်ငြိမ်စွာပင် ဆက်လက် လျှောက်လှမ်းနေသည်။ ဒရုန်းများမှာလည်း ထိုပုံရိပ်ကို အဖက်ဖက်မှ ရိုက်ကူးနေကြသည်။

​မြို့တော်အတွင်းရှိ အထပ်မြင့် အဆောက်အအုံကြီးများပေါ်မှ ဖန်သားပြင်ကြီးများတွင်လည်း ဂူဝူချန်း၏ ပုံရိပ်များ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ဂူဝူချန်းသည် ရင်ပြင်ဗဟိုတွင် ရပ်လိုက်ပြီး စစ်ဘက်ဆိုင်ရာ အလေးပြုမှုဖြင့် လူတိုင်းကို နှုတ်ဆက်လိုက်သည်။

​ဖန်သားပြင်ကြီးများပေါ်တွင် စာသားကြီးများ ပေါ်ထွက်လာတော့သည်။

​[ဗိုလ်ချုပ်ကြီး ဂူဝူချန်း... အောင်ပွဲခံ ပြန်လည်ရောက်ရှိခြင်းကို ကြိုဆိုပါသည်]

​သန်းနှင့်ချီသော လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။

​"ဗိုလ်ချုပ်ကြီး ဂူဝူချန်း... အောင်ပွဲခံ ပြန်လည်ရောက်ရှိခြင်းကို ကြိုဆိုပါတယ်"

​ထိုအသံမှာ မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

All Chapters