အခန်း (၂၀၃-၂၀၄)
Vol. 20 Ch. 203-204
Chapter 203
~
အခန်း ၂၀၃ : မင်းက ဘယ်သူလဲ..
~
ဝူချန်း စံအိမ်တော် ...
ထမင်းစားခန်းအတွင်း၌ ဟင်းပွဲများ ချပေးပြီးနောက် အစေခံအားလုံး ထွက်ခွာသွားကြရာ ဂူချန် နှင့် ဂူဝူချန်း သားအဖနှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
အောင်ပွဲခံပြန်လာပြီးနောက် ပထမဆုံးအကြိမ် အတူစားရသည့် ထမင်းဝိုင်းဖြစ်သော်လည်း အလွန်ပင် ရိုးရှင်းလှသည်။
ဟင်းသုံးပွဲနှင့် စွပ်ပြုတ်တစ်ခွက်သာ ပြင်ဆင်ထားခြင်း ဖြစ်သည် ။
ဟူး...
ဂူဝူချန်းသည် သူ၏ လက်ဖက်ရည်ပူကို အသာအယာ မှုတ်လိုက်ပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ဂူချန်ကလည်း မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်စွာပင် ထမင်းစားနေလိုက်သည်။
အရာအားလုံးမှာ ပုံမှန်ပင် ရှိနေသေးသည်။
သားအဖနှစ်ဦးမှာ ဂူချန်ငယ်စဉ်က အလွန်ရင်းနှီးခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီးနောက်တွင်မူ မည်သို့ စကားစတင်ရမည်ကို မသိဘဲ ဖြစ်နေကြခြင်းမှာ သဘာဝကျလှသည်။ ထို့အပြင် ရင်းနှီးပြီးသားသူအဖြစ် သတ်မှတ်ခြင်း အစွမ်း၏ လွှမ်းမိုးမှုကြောင့် ဂူချန်၏ အပြုအမူအချို့မှာ ယခင်ခန္ဓာကိုယ်ပိုင်ရှင်နှင့် မတူညီလျှင်တောင် ပတ်ဝန်းကျင်ရှိသူများ၏ အာရုံတွင် ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ထင်မြင်နေစေမည် ဖြစ်သည်။
သူတို့နှစ်ဦးသည် အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသည်အထိ တိတ်ဆိတ်စွာပင် ထမင်းစားခဲ့ကြသည်။
ဂူဝူချန်းသည် သူ၏ ထမင်းစားတူနှင့် ဇွန်းကို ချလိုက်ပြီးနောက် ဖန်ခွက်ထဲမှ ရေကို ကုန်အောင်သောက်ကာ ရုတ်တရက် မေးလိုက်သည်။
"မင်းက အရှင်သခင် တစ်ယောက် ဖြစ်လာပြီပေါ့.."
သူ၏ လေသံမှာ အလွန်ပင် တည်ငြိမ်နေသည်။ မိမိ၏ သားဖြစ်သူမှာ အဆင့် ၁ သိုင်းသမားလေးဘဝမှနေ၍ အရှင်သခင်အဆင့်သို့ ရုတ်တရက် ခုန်တက်သွားခြင်းမှာ အလွန်ပင် သာမန်ကိစ္စတစ်ခုကဲ့သို့ပင်။
ထိုစကားကြောင့် ဂူချန်၏ လက်များ ခဏတာ ရပ်တန့်သွားသော်လည်း သူက အသာအယာပင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်.."
အရှင်သခင် ဖြစ်လာသည့်ကိစ္စမှာ ဖုံးကွယ်ထား၍ ရနိုင်သည်မဟုတ်သလို သူကိုယ်တိုင်လည်း ဖုံးကွယ်ထားရန် ဆန္ဒမရှိပေ။ ထို့အပြင် ဂူဝူချန်း၏ ရွှေရောင်မျက်ဝန်းများမှာ အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်း ရှိကြောင်း သူ ခံစားမိသည်။ သူ၏ ကိုယ်ပိုင် နှစ်ထပ်မျက်ဝန်း နှင့် ယှဉ်လျှင် မည်သူက ပို၍ အစွမ်းထက်မည်ကိုတော့ သူ မသိ။
ဂူဝူချန်းကလည်း ခေါင်းညိတ်လိုက်ပြီး အံ့ဩသည့်ဟန် မပြပေ။ ထို့နောက် သူသည် ငယ်စဉ်က အကြောင်းအရာအချို့ကို တစ်ယောက်တည်း ရေရွတ်နေမိသည်။ ဂူချန်၏ မိခင်အကြောင်း ပြောသည့်အခါတွင်မူ သူ၏ မျက်ဝန်းထဲ၌ လွမ်းဆွတ်မှု အရိပ်အယောင်အချို့ ပေါ်ထွက်လာသည်။ သို့သော် ၎င်းမှာ ခဏတာမျှသာ ဖြစ်ပြီး ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
ဂူချန်ကလည်း ရံဖန်ရံခါ ပြန်လည် ထောက်ခံပေးလိုက်သည်။
သူတို့ ငယ်စဉ်က ဂူဝူချန်းမှာ ဗိုလ်ချုပ်ကြီး မဖြစ်သေးသလို ဂူချန်၏ မိခင်မှာလည်း ကွယ်လွန်ခြင်း မရှိသေးပေ။ သူတို့၏ ဘဝမှာ အလွန်ပင် ပြည့်စုံပျော်ရွှင်ခဲ့ကြသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုစဉ်က ချင်းဟဲ ရှိ လရေကန် တွင် အတူတူ လကြည့်ခဲ့ကြသည်များကို မှတ်မိနေသေးသည်။
သို့သော် ထိုအရာများမှာ အတိတ်၏ အရိပ်အယောင်များသာ ဖြစ်တော့သည်။
နေ့လယ်စာ စားပြီးသည့်အခါ ဂူဝူချန်းသည် သူ၏ လက်ဖြင့် ခေါင်းကို အသာအယာ မှီထားလိုက်သည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ စူးရှသော မျက်လုံးများဖြင့် ဂူချန်ကို စိုက်ကြည့်လိုက်သည်။
"ဒါနဲ့... ငါ မင်းကို မေးစရာ တစ်ခု ကျန်သေးတယ်.."
သူ၏ အသံမှာ မကျယ်သလို လေသံမှာလည်း ပေါ့ပေါ့ပါးပါးပင် ရှိသည်။ သို့သော် ဂူချန်မှာမူ စိတ်ထဲတွင် မရိုးမဖြောင့် ဖြစ်လာရသည်။ သူသည် ထိုင်ခုံတွင် မတ်မတ်ထိုင်လိုက်ပြီး ခပ်ပြုံးပြုံးပင် ပြန်ပြောလိုက်သည်။
"အဖေ မေးချင်တာရှိရင် မေးပါ.."
ဂူဝူချန်းက အေးစက်စွာ ပြုံးလိုက်ပြီး မေးလိုက်တော့သည်။
"မင်း... တကယ်တော့ ဘယ်သူလဲ.."
"အဖေ.. ဘာတွေ ပြောနေတာလဲ.."
ဂူချန်၏ မျက်နှာမှာ ခံစားချက်ကို ဖုံးကွယ်ထားပြီး ဝေခွဲမရသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
'ငါ့ကို ရိပ်မိသွားတာလား။ မဖြစ်နိုင်တာ...'
"ဟားဟး... တကယ်ကို အံ့ဩစရာတော့ ကောင်းပါတယ်.."
ဂူဝူချန်းက ဆက်ပြောသည်။
"မင်းရဲ့ ရုပ်ရည်နဲ့ အသံက ငါ့ရဲ့ ချန်အာ နဲ့ တစ်ထပ်တည်းပဲ။ အမူအရာနဲ့ အကြိုက်တွေကလည်း ဘာမှ မကွာခြားဘူး.."
"ဒါပေမဲ့..."
ဂူဝူချန်း၏ မျက်လုံးများမှာ ရုတ်တရက် စူးရှသွားပြီး ဂူချန်၏ စကားကို ဖြတ်ပြောလိုက်သည်။
"မင်းက သူ မဟုတ်ဘူး။ မင်းက ငါ့သား ဂူချန် မဟုတ်ဘူး"
အရာအားလုံးမှာ တူညီနေသည်။ ရုပ်ရည်တင်မကဘဲ ရင်းနှီးမှု ခံစားချက်ကပင် တူညီနေသည်။ သူ၏ SSS အဆင့် ပါရမီဖြစ်သော ပုံရိပ်ယောင်ဖြိုခွင်း ရွှေရောင်မျက်ဝန်း ဖြင့် ကြည့်လျှင်ပင် မည်သည့် ပုံမှန်မဟုတ်မှုမျိုးကိုမျှ မတွေ့ရပေ။
မမြင်ရသော စွမ်းအားတစ်ခုက ဤလူမှာ သူ၏ သားဖြစ်ကြောင်း သူ့ကို အတင်းယုံကြည်ခိုင်းနေသကဲ့သို့ ရှိသည်။ သို့သော် ၎င်းမှာ မှားယွင်းနေသည်။ ဂူဝူချန်းသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် သေတွင်းထဲမှ ရုန်းထွက်လာသူ ဖြစ်သလို ထူးဆန်းသော သားရဲများ၏ အာရုံကို လှည့်စားနိုင်စွမ်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။
ဤစွမ်းအားသည် သူ၏ အာရုံကို လှည့်စားကာ ဂူချန်၏ ပုံရိပ်နှင့် ထပ်တူကျအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့ခြင်းကပင် အကြီးမားဆုံး အပြစ်အနာအဆာ ဖြစ်နေတော့သည်။ သူသည် ဂူချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းနက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီများ ပေါ်ထွက်လာသည်။
ဂူချန်ကမူ တည်ငြိမ်နေဆဲပင်။
"အဖေ.. ဘာတွေ ပြောနေလဲ ကျွန်တော် နားမလည်ဘူး.."
သူက အားကိုးရာမဲ့သည့်အဟန်ဖြင့် ပြုံးလိုက်ပြီး ...
"အဖေ ပြောနေတာတွေက ကျိုးကြောင်းမဆီလျော်ဘူးလို့ မထင်ဘူးလား"
ဝူး..
ဂူချန် စကားဆုံးသည်နှင့် ဂူဝူချန်းသည် စားပွဲပေါ်သို့ လှမ်းတက်လိုက်ပြီး သူ၏ ကောင်းကင်စွယ် လှံပုဆိန်ကို ထုတ်ကာ ဂူချန်၏ လည်ပင်းတွင် တေ့လိုက်တော့သည်။
"ငါ မင်းကို သတိပေးလိုက်မယ်.."
ဂူဝူချန်း၏ မျက်ခုံးကြားတွင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာချီ များမှာ အမည်းရောင် မြူခိုးများအလား ဖုံးလွှမ်းသွားတော့သည်။ လက်ရှိ ဂူဝူချန်း၏ ပုံစံမှာ ငရဲမှ တက်လာသော နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင်။
"မင်း ဘယ်လိုနည်းလမ်း သုံးပြီး ငါ့ရဲ့ ချန်အာ လို ဟန်ဆောင်နေလဲ ငါမသိပေမဲ့... ငါက အလောင်းတောင်၊ သွေးပင်လယ်ထဲကနေ တိုက်ခိုက်လာခဲ့တဲ့သူပဲ။ ပြီးတော့... ငါက ဖခင်တစ်ယောက်လည်း ဟုတ်တယ်"
ဂူဝူချန်း၏ အသံမှာ နိမ့်ဆင်းသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များမှာ လေထုထဲတွင် စုစည်းလာသည်။
"ပြောစမ်း... မင်း တကယ်တော့ ဘယ်သူလဲ"
ဂူချန်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပြုံးလျက်ပင် ပြောလိုက်သည်။
"ကျွန်တော်က အဖေ့ရဲ့သား ချန်အာပါပဲ"
"လိမ်နေတာ"
ဂူဝူချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ဘယ်ဘက်လက်မောင်းကို လှုပ်ယမ်းလိုက်ရာ ကြောက်မက်ဖွယ် မဟာတာအို များမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး စာသားများမှာ လေထုထဲတွင် ပြည့်နှက်သွားတော့သည်။
ဝုန်း..
အဆင့်ရှစ် မဟာတာအိုကျင့်စဉ် - ရေနက်လှောင်အိမ်
ဤသည်မှာ သူ အဆင့်ရှစ် သားရဲဘုရင် မြွေနက်ဘုရင်ကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော စွမ်းအားဖြစ်သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေပြင်ကို ပိတ်ဆို့ထားနိုင်စွမ်း ရှိသည်။ ဧကရာဇ်အဆင့် ထက် မြင့်သော စွမ်းအား မရှိပါက မည်သူမျှ ဤလှောင်အိမ်ထဲမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
သူသည် ထမင်းမစားမီကတည်းကပင် ဤအစီအစဉ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး အစေခံများကိုလည်း စံအိမ်မှ ထွက်ခွာခိုင်းခဲ့ခြင်း ဖြစ်သည်။ သူ၏ သားအဖြစ် ဟန်ဆောင်နေသော ဤလူယုတ်မာကို သူ သေချာပေါက် ဖမ်းဆီးမည် ဖြစ်သည်။ ဂူချန် ၏ အမူအရာများ ပြောင်းလဲခဲ့သည်မှာ တစ်လကျော် ရှိနေပြီ ဖြစ်ရာ သူ၏ သားအစစ်မှာလည်း ထိုအချိန်ကတည်းက ပျောက်ဆုံးနေခြင်း ဖြစ်ပေလိမ့်မည်။
မိမိသားဖြစ်သူ အန္တရာယ်နှင့် ရင်ဆိုင်နေရမည် သို့မဟုတ် သေဆုံးသွားပြီဟု တွေးလိုက်မိသည့်အခါ ဂူဝူချန်း၏ စိတ်ထဲတွင် ဒေါသနှင့် စိုးရိမ်မှုများမှာ ပြည့်လျှံလာတော့သည်။ သူသည် လှံဖျားကို ဂူချန်၏ လည်ပင်းတွင် ပို၍ ဖိလိုက်ရာ သွေးစအချို့ပင် ထွက်ပေါ်လာသည်။
အဆင့်ရှစ် အရှင်သခင်နယ်ပယ်၏ ဖိအားမှာ တောင်ကြီးငါးလုံး ဖိထားသကဲ့သို့ ပြင်းထန်လှသည်။ ၎င်းမှာ သာမန် အရှင်သခင်နယ်ပယ် အစောပိုင်း ပညာရှင်များထက်ပင် များစွာ သာလွန်လှသည်။
"ငါ့သား အစစ် ဘယ်မှာလဲ.. သူ အသက်ရှင်သေးရဲ့လား.. ပြောစမ်း"
Chapter 204
~
အခန်း ၂၀၄ : အမှန်တော့ ငါ မင်းကို မသတ်ချင်ခဲ့ဘူး..
~
" ဟူး... "
အလွန်အမင်း တင်းမာနေသည့် ဤအခိုက်အတန့်တွင် လည်ပင်း၌ ကောင်းကင်စွယ် လှံရှည်ဖြင့် အတေ့ခံထားရသည့် လူငယ်သည် တုန်လှုပ်ခြောက်ခြားသည့် အမူအရာ လုံးဝ မရှိ။ သက်ပြင်းတစ်ချက်ကိုသာ စိတ်ပျက်လက်ပျက် ချလိုက်ပြီး...
" မင်း ဘာလို့ သေလမ်းကို ရှာနေရတာလဲ .."
ဂူချန်၏ မျက်ဝန်းများထဲတွင် ခရမ်းရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော ချီစွမ်းအင် များမှာ အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားကာ ဖော်ပြ၍မရသော ကြီးမားသည့် အားအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုအချိန်မှာပင် ဂူဝူချန်း၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ လက်ထဲရှိ ကောင်းကင်စွယ် လှံရှည်ကို လူငယ်၏ လည်ပင်းဆီသို့ တုံ့ဆိုင်းခြင်းမရှိဘဲ လွှဲရိုက်လိုက်သည်။
ဒုန်းး...
ခဏချင်းမှာပင် ထက်မြက်လှသော အလင်းတန်းတစ်ခုသည် ဂူချန်၏ လည်ပင်းနှင့် တစ်စင်တီမီတာခန့် အကွာတွင် ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ထမင်းစားခန်းအတွင်းရှိ ပရိဘောဂများကို လွင့်စင်သွားစေလောက်သည့် အသံလှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုလှံဖျားသည် ဂူချန်၏ အသားကို အနည်းငယ်မျှပင် ထိတွေ့နိုင်ခြင်း မရှိပေ။
မိမိ၏ တိုက်ကွက်မှာ တစ်ဖက်လူ၏ ကာကွယ်ရေး စွမ်းအင်ကိုပင် မဖောက်ထွင်းနိုင်သည်ကို မြင်လိုက်ရသည့်အခါ ဂူဝူချန်း၏ စိတ်ထဲတွင် အေးစိမ့်သွားသည်။
ဘုန်း..
မြေပြင်တွင် အပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ သူ၏ ပတ်ဝန်းကျင်တွင် ချီလင် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အရှိန်အဝါများမှာ ဒီရေအလား လူငယ်ထံသို့ တိုးဝင်သွားတော့သည်။ ၎င်းမှာ အဓိကအောင်မြင်မှု အဆင့်သို့ ရောက်ရှိနေသည့် ချီလင် ခြေလှမ်း ပင် ဖြစ်သည်။
" ငါ့ရှေ့မှာ ဒီကျင့်စဥ် သုံးရဲတယ်ပေါ့.."
ဂူချန်က လှောင်ပြုံးပြုံးလိုက်ပြီး ချီလင် ခြေလှမ်းကိုပင် ပြန်လည် အသုံးပြုလိုက်သည်။ သို့သော် သူ၏ အရှိန်မှာ ပို၍ မြန်ဆန်လှသလို သူ ဖန်တီးလိုက်သည့် ဆွဲငင်အား နယ်ပယ် မှာလည်း ပို၍ ပြင်းထန်လှပေသည်။
" ဒါ... ပြည့်စုံခြင်း အဆင့် ရောက်နေတဲ့ ချီလင် ခြေလှမ်းလား "
ဂူဝူချန်း၏ မျက်ဆန်များမှာ အပ်ဖျားခန့်အထိ ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ကြီးလေးသော ဖိအားတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ဝုန်း..
မိမိကိုယ်တိုင် ဂုဏ်ယူခဲ့ရသည့် အစွမ်းထက် ကျင့်စဉ်တစ်ခုဖြင့် ပြန်လည် တိုက်ခိုက်ခံရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အငိုက်မိသွားသည့် ဂူဝူချန်းသည် ကောင်းကင်ယံမှ ပြုတ်ကျလာကာ စံအိမ်၏ အနီရောင်သစ်သား အမိုးကို ဖောက်ထွက်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။ မြေပြင်ရှိ ကြွေပြားများမှာ လွင့်စင်သွားပြီး ဖုန်မှုန့်များမှာလည်း ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
ဂူချန်၏ ဆံပင်နက်များမှာ လေထဲတွင် ဝဲလွင့်နေပြီး သူ၏ စစ်မှန်သော ယန်ချီ များမှာ အပြည့်အဝ စုစည်းလာသည်။ ရဲရဲနီနေသော အလင်းတန်းများမှာ ကမ္ဘာကြီးကို လွှမ်းမိုးသွားပြီး နီမြန်းသော နဂါးတစ်ကောင်အသွင်ဖြင့် မြေပြင်ပေါ်ရှိ ကျင်းကြီးထဲသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
ဒိုင်း...
နားကွဲမတတ် အော်ဟစ်သံနှင့်အတူ နီမြန်းသော မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ အောက်တွင် အချင်း မီတာတစ်ထောင်ကျော်ရှိသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ဝူချန်း စံအိမ်တော်၏ တစ်ဝက်ခန့်မှာ ဤစွမ်းအားအောက်တွင် ပျက်စီးသွားပေသည်။ သို့သော်လည်း ဂူချန်သည် ဤမျှဖြင့် တစ်ဖက်လူ သေဆုံးလိမ့်မည်ဟု မထင်ပေ။
သူ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ မိစ္ဆာချီများ ပြည့်နှက်နေသည့် အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန် မှာ လက်ထဲသို့ ရောက်ရှိလာသည်။ ထိုလှံ၏ ထက်မြက်လှသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် အက်ကြောင်းများပင် ထင်ကျန်ရစ်သည်။ ထို့နောက် သူ၏ မျက်ဆန်နှစ်ထပ်မျက်ဝန်းကို ဖွင့်လိုက်ပြီး အောက်ဘက်ရှိ မီးခိုးနီများထဲသို့ ဆင်းသက်သွားတော့သည်။
ဤအချိန်တွင် ဂူဝူချန်းမှာ ချိုင့်ခွက်ကြီး၏ အောက်ခြေတွင် ရှိနေသည်။ သူ၏ လက်မောင်းကြွက်သားများမှာ စုတ်ပြဲနေပြီး ရွှေရောင်သွေးများ စီးကျနေသည်။ သူ၏ နားထဲတွင် လေတိုးသံများမှာ တဝီဝီမြည်နေပြီး နှလုံးခုန်သံမှာလည်း ဗုံတီးသကဲ့သို့ မြန်ဆန်နေသည်။ ဖုန်မှုန့်များကြားတွင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည့် ဂူဝူချန်း၏ မျက်ဝန်းများထဲတွင် အစောပိုင်းက အေးစက်တည်ငြိမ်မှုများ မရှိတော့ဘဲ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤလူငယ်သည် နေမင်းစကြာယန်ကျင့်စဥ် ကိုအဆင့် ၁၈အထိ ကျင့်ကြံထားနိုင်သည်လော။
လေထုထဲတွင် ပြည့်နှက်နေသည့် ပူပြင်းလှသော အရှိန်အဝါများကို ခံစားရင်း ဂူဝူချန်းမှာ အလွန်ပင် အံ့အားသင့်နေမိသည်။ သူကိုယ်တိုင်မှာမူ ဤ S အဆင့် အသက်ရှူကျင့်စဉ်ကို နှစ်ပေါင်း ၅၀ နီးပါး ကျင့်ကြံခဲ့သော်လည်း အဆင့်၁၆ သို့သာ ရောက်ရှိသေးသည်။ ထိုသည်မှာလည်း သူ၏ ထူးခြားသည့် ပါရမီကြောင့်သာ ဖြစ်၏။ သာမန်လူဆိုလျှင် တစ်သက်လုံး ကျင့်လျှင်ပင် ပထမဆုံး ၆ ဆင့်ကို ကျော်ဖြတ်ရန် ခက်ခဲလှပေသည်။
သို့သော် သူ၏ သားအဖြစ် ဟန်ဆောင်နေသော ဤလူမှာမူ ရက်ပေါင်း ၃၀ ပင် မပြည့်သေးသည့် အချိန်အတွင်း ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေလေပြီ ။ ဤသည်က မည်သို့မျှ မဖြစ်နိုင်။ မူလက သူသည် ဤလူငယ်မှာ အရှင်သခင်အဆင့် ဖြစ်နေလျှင်ပင် အခြေခံမှာ မိမိထက် များစွာ အားနည်းလိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် ယခု ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာပင် သူသည် လုံးဝ အရေးနိမ့်သွားခဲ့လေပြီ ။
သူ ထပ်မံ မစဉ်းစားနိုင်မီမှာပင် အမည်းရောင် အလင်းတန်းတစ်ခုမှာ သူ၏ ရှေ့သို့ ရောက်ရှိလာသည်။ ဂူဝူချန်းမှာ ပေါ့ဆ၍ မရတော့သဖြင့် ကောင်းကင်စွယ် လှံရှည်ကို မြှောက်ကာ မဟာလမ်းစဉ်စွမ်းအားများကို ထည့်သွင်း၍ ပြန်လည် ခုခံလိုက်သည်။ ထိုအချိန်မှာပင် သူ၏ နောက်ကျောဘက်တွင် ကြက်သွေးရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လက်ခြောက်ဖက် ပါဝင်သည့် ပုံရိပ်တစ်ခုမှာ နတ်ဘုရားလက်နက် လေးခုကို ကိုင်ဆောင်ကာ အတူတူ တိုက်ခိုက်လိုက်တော့သည်။
ဤသည်က သူ၏ မဟာတာအိုလမ်းစဉ် ဓမ္မခန္ဓာဖြစ်သော ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပင် ဖြစ်သည်။
ဝုန်း...
အမည်းရောင် အလင်းတန်းနှင့် လက်နက်ငါးခုတို့ ရိုက်ခတ်မိရာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ လင်းယဲ့ကဲ့သို့သော ထိပ်တန်း သိုင်းဘုရင်တစ်ဦးပင်လျှင် ဤတိုက်ပွဲ၏ အကြွင်းအကျန် စွမ်းအားများကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ မဟာလမ်းစဉ်၏ နိယာမကိုမူ မဟာလမ်းစဉ်၏ နိယာမဖြင့်သာ ယှဉ်ပြိုင်နိုင်ပေသည်။
ဝူချန်း စံအိမ်တော်အတွင်းရှိ အရာအားလုံးမှာ ပျက်စီးသွားသည်။ သို့သော်လည်း ထိပ်တန်း နတ်ဘုရားလက်နက် ငါးခုကို ရင်ဆိုင်နေရသည့် ဂူချန်၏ အမည်းရောင် အလင်းတန်းမှာမူ ရပ်တန့်ခြင်း မရှိ။ အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်နှင့် ထိတွေ့ပြီးနောက် တစ်ခဏချင်းမှာပင် ဂူဝူချန်း၏ လက်နက်များပေါ်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများ ပေါ်ထွက်လာသည်။
ချွက်..
ထိုလက်နက်များအားလုံးမှာ အမှုန့်ဖြစ်ကာ ကြေမွသွားတော့သည်။
" ဒါ... "
ဂူဝူချန်း၏ မျက်ဝန်းထဲတွင် ဝေခွဲမရမှုများ ပေါ်ထွက်လာပြီး သူ၏ ကြီးမားလှသော လက်မောင်းခြောက်ဖက်ဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်သည်။ သူနှင့်အတူ သားရဲဘုရင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် လက်နက်များမှာ အဘယ်ကြောင့် ဤမျှ လွယ်ကူစွာ ပျက်စီးသွားရသည်ကို သူ နားမလည်နိုင်ပေ။ ထိုအမည်းရောင် လှံမှာ မည်သို့သော အဆင့်ရှိသနည်း။ အဆင့် ၉ ဧကရာဇ်လက်နက်ပင်လော ။
သူ စဉ်းစားနေစဉ်မှာပင် မဟာလမ်းစဉ် နိယာမများဖြင့် ဖွဲ့စည်းထားသည့် လက်ခြောက်ဖက်မှာလည်း အပိုင်းပိုင်း ဖြစ်သွားသည်။ ထို့နောက် လက်ဝါးတစ်ခုမှာ သူ၏ ရင်ဘတ်ပေါ်သို့ အသာအယာ ကျရောက်လာသည်။ ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ ဂူဝူချန်းသည် သူ၏ မဟာလမ်းစဉ်စွမ်းအားများကိုပင် ထုတ်သုံးရန် အချိန်မရလိုက်ဘဲ ထိုလက်ဝါးမှာ သူ၏ ကာကွယ်ရေး စွမ်းအားကို ဖောက်ထွက်ကာ ရင်ဘတ်အရိုးများကို ကြေမွသွားစေခဲ့သည်။
ဝုန်း...
ဂူဝူချန်းမှာ လေထဲသို့ လွင့်စင်သွားသည်။ သူ၏ ရွှေရောင်မျက်ဝန်းများဖြင့် အမည်းရောင် အလင်းတန်း ထပ်မံ တိုးဝင်လာသည်ကို မြင်နေရသော်လည်း သူ ခုခံနိုင်စွမ်း မရှိတော့ပေ။
ဘုန်း..
သူသည် ပျက်စီးနေသော စံအိမ်အတွင်းရှိ အပျက်အစီးများကြားသို့ လွင့်စင်သွားပြီးနောက် နောက်ဆုံးတွင် သူကိုယ်တိုင် ပြုလုပ်ထားသည့် ရေနက်လှောင်အိမ်၏ အတားအဆီးနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။
ဖူး...
" သူ... ဒီလောက်တောင် သန်မာတာလား "
ဂူဝူချန်း၏ မျက်နှာက အလွန်ပင် ဖြူဖျော့နေပြီး ရွှေရောင်သွေးများကို အန်ထုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပိုင်းပိုင်း ပြတ်ထွက်သွားသကဲ့သို့ ခံစားနေရသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင် အဆင့်ရှစ် သားရဲဘုရင် သုံးကောင်ကို တစ်ယောက်တည်း အနိုင်ယူခဲ့သည့် သူသည် ယခုအခါ မိမိသားအဖြစ် ဟန်ဆောင်နေသူ၏ ရှေ့တွင် အစွမ်းမပြနိုင်ဘဲ ဖြစ်နေရသည်။ အခြားတစ်ဖက်လူမှာမူ အဆင့်ရှစ် အရှင်သခင်များ၏ ထူးခြားချက်ဖြစ်သော ဓမ္မခန္ဓာ ကိုပင် ထုတ်မသုံးရသေးပေ။
မိစ္ဆာအရှိန်အဝါများကြားတွင် အမည်းရောင် ဝတ်စုံဝတ် လူငယ်သည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ဆင်းသက်လာသည်။ သူ၏ ထူးဆန်းသော ခရမ်းရောင် မျက်ဆန်နှစ်ထပ်မျက်ဝန်းများမှာ သနားကရုဏာ အရိပ်အယောင်များဖြင့် ဂူဝူချန်းကို ငုံ့ကြည့်လိုက်သည်။ ဂူချန်သည် သူ၏ အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်အတွင်းသို့ ကမ္ဘာမြေ၏ စွမ်းအားများကို ထည့်သွင်းလိုက်ရာ လှံပေါ်ရှိ မိစ္ဆာတံဆိပ်တစ်ခုမှာ လင်းထိန်လာသည်။
ဒုတိယမြောက် မိစ္ဆာတံဆိပ် - နတ်ဘုရားအာဏာဖြစ်သော မိုးကောင်းကင် ကိုးထပ်၏ မိုးကြိုးပြစ်ဒဏ်
ဤသည်မှာ ကမ္ဘာမြေ၏ စွမ်းအားကို ငှားရမ်း၍ မည်သည့် နိယာမ စွမ်းအားကိုမဆို ဖျက်ဆီးပစ်နိုင်သည့် မိုးကြိုးများကို ဖန်တီးခြင်း ဖြစ်သည်။ ၎င်းမှာ မဟာလမ်းစဉ် နိယာမများ၏ အဓိက ရန်သူပင် ဖြစ်သည်။ လှံဖျားပေါ်တွင် ရှေးဟောင်း မိုးကြိုးစာသားများ ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဂူချန်သည် သူ၏ လှံဖျားကို သနားစဖွယ် ဖြစ်နေသည့် ဂူဝူချန်းထံသို့ တည့်တည့်ချိန်လိုက်ပြီး တစ်ဖက်လူ၏ တည်ရှိမှုကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
" အမှန်တော့ ကျုပ် ခင်ဗျားကို မသတ်ချင်ခဲ့ဘူး.. "
နောက်တစ်ခဏတွင် မိုးကြိုးများမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဂူဝူချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန် စွာ ကျဆင်းလာတော့သည်။
ဝုန်း...