အခန်း (၂၀၇-၂၀၈)
Vol. 20 Ch. 207-208
Chapter 207
~
အခန်း ၂၀၇ : ခရမ်းရောင်မိစ္ဆာမျက်ဝန်း၏ အချစ်နှင့် X အဆင့် ပါရမီကို ပေါင်းစပ်ခြင်း...
~
ဝူချန်း စံအိမ်တော်၏ ကျင့်ကြံခြင်းအခန်းအတွင်း။
ဂူချန်သည် အပူချိန်ထိန်းညှိပေးသည့် အီလက်ထရွန်နစ်စက်ဝိုင်းပေါ်တွင် တင်ပျင်ခွေထိုင်နေပြီး မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
" စနစ်... ကျင့်ကြံခြင်း ပါရမီ စာရင်းကို ပြပေး.."
[သင်ရွေးချယ်နိုင်ဖို့ ဂရုတစိုက် ပြင်ဆင်နေပါသည်... ]
[လက်ရှိ ရွေးချယ်နိုင်သော ပါရမီများမှာ - S အဆင့် မြောက်ပိုင်းအအေးဓာတ် ရေခဲဝိညာဉ်၊ S အဆင့် ခရမ်းရောင်တိမ်တိုက်မိုးကြိုး၊ S အဆင့် ကောင်းကင်လောင်ကျွမ်းခြင်း မိစ္ဆာမီးလျှံ၊ S အဆင့် ဓားလမ်းစဉ် သူတော်စင်၊ S အဆင့် ကျော်ကြားမှုများ ပြန်လည်ရောက်ရှိခြင်း၊ S အဆင့် အကြောခြောက်သွယ် နတ်ဘုရားဓား၊ S အဆင့် လက်နက်သခင်၊ S အဆင့် ဝီရိယဖြင့် အားနည်းချက်ကို ဖုံးကွယ်ခြင်း၊ S အဆင့် ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်း၊ S အဆင့် အမှောင်သုံးပါး ဖီးနစ်ခန္ဓာ... ]
[အိမ်ရှင် ထံတွင် လက်ရှိ သူရဲကောင်းအပိုင်းအစ ၂ ခု ရှိနေသည်ကို တွေ့ရှိရပါသည်၊ ၎င်းတို့ကို မည်သည့် ပါရမီတစ်ခုနှင့်မဆို လဲလှယ်နိုင်ပါသည် ]
[ထို့အပြင် မိမိပိုင်ဆိုင်ထားပြီးသား ပါရမီနှစ်ခုနှင့်လည်း လဲလှယ်နိုင်ပါသည်။ တူညီသော SSS အဆင့် ပါရမီ သုံးခုကို ပိုမိုမြင့်မားသော X အဆင့် ပါရမီအဖြစ် ပေါင်းစပ်နိုင်ပါသည် ]
" အိုး... SSS အဆင့်ထက် မြင့်တဲ့ အဆင့် ရှိသေးတာလား "
ယခင်ကထက် ထူးခြားနေသည့် အချက်အလက်များကို မြင်လိုက်ရသည့်အခါ ဂူချန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ ပိုင်ဆိုင်ထားသည့် SSS အဆင့် ပါရမီ သုံးခုစလုံးသည်ပင် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည့် အစွမ်းများ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းက ပါရမီများ၏ အကန့်အသတ် မဟုတ်သေးပေ။ X အဆင့် ဆိုသည်မှာ သူ တစ်ခါမျှ မကြားဖူးသော အဆင့်ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ သမိုင်းကြောင်းတွင်လည်း ထိုကဲ့သို့သော မှတ်တမ်းမျိုး ရှိခဲ့ပုံမရပေ။ SSS အဆင့်ကို ကျော်လွန်သွားသည့် ပါရမီဆိုလျှင် နိယာမ များကိုပင် ကျော်လွန်သည့် စွမ်းအားမျိုး ရှိနေပေလိမ့်မည်။
ထို X အဆင့် စွမ်းရည်မှာ မည်မျှအထိ သန်မာမည်ကို သူ အလွန်ပင် စိတ်ဝင်စားသွားသည်။ ယခုအချိန်တွင် သူ့၌ ကြီးမားသည့် အားနည်းချက် မရှိသေးသဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လက်ရှိတွင် စွမ်းအင်သုံးရပ် ပြန်လည်ရောက်ရှိခြင်း ကြောင့် သူသည် သေရန်ပင် မဖြစ်နိုင်တော့ပေ။ အကယ်၍ ၎င်းကို နောက်ထပ် အဆင့်တစ်ခု မြှင့်တင်လိုက်ပါက သူ၏ ခန္ဓာကိုယ်မှာ ပြာဖြစ်သွားပြီး ဝိညာဉ်ပင် ချေဖျက်ခံရလျှင်တောင် ပြန်လည် အသက်ရှင်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူသည် မျက်ဆန်နှစ်ထပ်မျက်ဝန်း ကိုသာ အရင်ဆုံး X အဆင့်သို့ မြှင့်တင်ရန် ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မဟာမိတ်ငါးခုမှ ပါရမီရှင်များနှင့် တိုက်ခိုက်စဉ်က အကန့်အသတ်မဲ့ ပုံစံကို အသုံးပြုခဲ့ရသည်မှအပ နောက်ပိုင်းတွင် ထိုမျှအထိ အားစိုက်ရသည့် အခြေအနေမျိုး မကြုံတွေ့ရတော့သောကြောင့် ဖြစ်သည်။ စွမ်းအင်သုံးရပ် ပြန်လည်ရောက်ရှိခြင်းကို သုံးရန်ဆိုလျှင် ပို၍ပင် မလိုအပ်သေးပေ။
ယခုအချိန်တွင် အသုံးပြုနေသည့် ပါရမီ ကို အထွတ်အထိပ်သို့ မြှင့်တင်ထားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ဂူချန်သည် တုံ့ဆိုင်းမနေဘဲ စနစ်ကို အမိန့်ပေးလိုက်သည်။
" S အဆင့် ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်း နှစ်ခုနဲ့ လဲလှယ်မယ် "
သူ၏ စကားအဆုံးတွင် သူရဲကောင်းအပိုင်းအစ အရေအတွက်မှာ ပျောက်ကွယ်သွားပြီး အချက်အလက်အသစ်များ ပေါ်ထွက်လာသည်။
[ ဂုဏ်ယူပါသည်၊ အိမ်ရှင်သည် S အဆင့် ပါရမီ - ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်း ၂ ခုကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ပါသည် ]
ဂူချန်သည် ပါရမီ ဖော်ပြချက်များကို ကျော်လိုက်ပြီး အဆင့်မြှင့်တင်ခြင်းကို တိုက်ရိုက် စတင်လိုက်သည်။
[ဒင် ]
[ သင်၏ S အဆင့် ပါရမီ ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်း သည် အဆင့်မြင့် ကူးပြောင်းနေပါသည်... ]
[ သင်သည် ပိုမိုမြင့်မားသော ပါရမီ မျက်ဆန်နှစ်ထပ်မျက်ဝန်း ကို ပိုင်ဆိုင်ထားသည်ကို တွေ့ရှိရပါသည်။ စီနီယာ၏ ကြီးကြပ်မှုအောက်တွင် ဂျူနီယာ၏ ကျင့်ကြံမှုမှာ ပိုမို ဝီရိယရှိလာသဖြင့် အဆင့်မြင့် ကူးပြောင်းမှုနှုန်း ၅၀ ရာခိုင်နှုန်း တိုးလာပါသည် ]
[ရှေ့ဆောင်သူ၏ အတွေ့အကြုံများကြောင့် ဂျူနီယာ၏ လမ်းစဉ်မှာလည်း ပိုမို ကျယ်ပြန့်လာပါသည်။ အဆင့်မြင့် ကူးပြောင်းမှုနှုန်း ၁၀၀ ရာခိုင်နှုန်း တိုးလာပါသည် ]
[ ဤအချိန်တွင် ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်းသည် လိမ်မာသော ကျောင်းသားတစ်ဦးကဲ့သို့ စီနီယာ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း လိုက်ပါနေသဖြင့် ယခင်က စီနီယာကိုပင် လွယ်ကူစွာ ကျော်လွန်သွားတော့မည် ဖြစ်သည် ]
[ထို့အပြင် ၎င်းသည် ရှေ့ဆောင်သူနှင့် မတူဘဲ သေခြင်းတရားမျက်ဝန်း ဖြစ်လာမည့် လမ်းလွဲသို့ မသွားတော့ဘဲ မျက်ဆန်နှစ်ထပ်မျက်ဝန်း၏ နောက်ဆုံးပန်းတိုင်သို့ တိုက်ရိုက် ဦးတည်နေပါသည်။ကျင့်ကြံမှုနှုန်း ၅၀ ရာခိုင်နှုန်း တိုးလာပါသည် ]
[ဤအချိန်တွင် နောက်ထပ် ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်းတစ်ခု ပေါ်လာပြန်သည်။ ၎င်းသည်လည်း စီနီယာ၏ လွှမ်းမိုးမှုကို ခံရပြီး ရှေ့ဆောင်သူ၏ အတွေ့အကြုံနောက်သို့ လိုက်ပါနေသည် ]
[ မျက်ဝန်းနှစ်ခုသည် ချက်ချင်းပင် တစ်ယောက်နှင့်တစ်ယောက် သဘောကျသွားကြပြီး အတူတူ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။လိုအပ်သည့်အခါ အပြန်အလှန် ကူညီကြရင်း အဆင့်မြင့် ကူးပြောင်းမှု လမ်းစဉ်ပေါ်တွင် ပိုမို လျင်မြန်စွာ လျှောက်လှမ်းနေကြသည်။ ကျင့်ကြံမှုနှုန်း ၃၀ ရာခိုင်နှုန်း တိုးလာပါသည် ]
" ဟမ် "
ထိုသည်ကို မြင်လိုက်ရသည့်အခါ ဂူချန် မျက်ခုံးပင့်လိုက်မိသည်။ ပါရမီနှစ်ခုကို တစ်ပြိုင်နက် မြှင့်တင်ခြင်းက ဤကဲ့သို့ အကျိုးကျေးဇူး များ ရှိသည်လော။ ဤသို့ဆိုလျှင် စေတနာရမှတ်များစွာ သက်သာစေပေလိမ့်မည်။
သူ အချက်အလက်များကို ဆက်ကြည့်လိုက်သည်။
[ မျက်ဝန်းနှစ်ခု အတူတူ ခရီးသွားလာရင်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမို ချောမွေ့လာပြီး တစ်ဦးပေါ်တစ်ဦး သံယောဇဉ်များ ပိုမို နက်ရှိုင်းလာကြသည်။ နေ့ညမပြတ် အတူရှိနေပြီး အတူတူ ကြိုးစားနေကြသည်ဖြစ်ရာ လိင်တူဖြစ်နေလျှင်ပင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာနိုင်သည် ]
[ထိုမျှမက ထိုမျက်ဝန်းနှစ်ခုမှာ တစ်ခုက အထီးဖြစ်ပြီး တစ်ခုက အမ ဖြစ်နေသည် ]
[မထင်မှတ်ဘဲ သူတို့နှစ်ဦး ချစ်ကျွမ်းဝင်သွားကြလေသည် ]
[ဤမျက်ဝန်းများသည် ချစ်ခြင်းတရားထဲတွင် နစ်မျောသွားပြီးနောက် လက်ရှိ ပျော်ရွှင်မှုများကြောင့် သူတို့၏ ဝေးကွာသော ပန်းတိုင်များကို မေ့လျော့သွားကြကာ အဆင့်မြင့် ကူးပြောင်းမှု လမ်းစဉ်တွင် ပျင်းရိလာကြတော့သည်။ အဆင့်မြင့် ကူးပြောင်းမှုနှုန်း ၁၀၀ ရာခိုင်နှုန်း လျော့ကျသွားပါသည် ]
ဂူချန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဆွံ့အနေလေ၏။ ဤသည်ကအဓိပ္ပာယ်မရှိပေ။ ပါရမီများကပင် ချစ်သူဖြစ်နိုင်ကြသည်လော။ သူ ယနေ့တွင် တကယ့်ကို အမြင်ကျယ်သွားရပြီ ဖြစ်သည်။
ယခင်ဘဝက ဆရာများနှင့် မိဘများက အဘယ်ကြောင့် ရည်းစားမထားရန် တားမြစ်ခဲ့သည်ကို သူ ယခုမှ နားလည်သွားတော့သည်။ အကယ်၍ အဆင်ပြေလျှင် နှစ်ဦးစလုံး တိုးတက်နိုင်သော်လည်း အဆင်မပြေပါက နှစ်ဦးစလုံး ဆုတ်ယုတ်သွားပြီး သူတို့နှစ်ဦးသာ ပျော်နေကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း စနစ်၏ အချက်အလက်အသစ်ကို မြင်လိုက်ရသည့်အခါ သူ သက်ပြင်းချနိုင်သွားသည်။
[သူတို့၏ အချစ်ဇာတ်လမ်းကို သိရှိသွားလေသည် ]
[ မျက်ဆန်နှစ်ထပ်မျက်ဝန်း စီနီယာသည် ထိုမျက်ဝန်းနှစ်ခုကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။ဘာမှ မအောင်မြင်သေးဘဲ ရည်းစားထားနေကြသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။ ပန်းတိုင်မရောက်သေးဘဲ အဘယ်ကြောင့် အာရုံများ လွင့်ပျံ့နေရသနည်းဟု မေးခွန်းထုတ်လိုက်သည် ]
[စီနီယာက ဆက်လက် မေးခွန်းထုတ်သည် - မင်းတို့မှာ ကားရှိလား၊ အိမ်ရှိလား၊ အဆုံးမဲ့ အဆင့်မြင့် ကူးပြောင်းမှုတွေကြားမှာ အခြေချဖို့ နေရာရော ရှိလား၊ မင်းတို့ရဲ့ ဇနီးနဲ့ သမီးကို ကာကွယ်ဖို့ရော အစွမ်းရှိလား၊ မင်းတို့မှာ အနာဂတ် ရှိလား၊ အစွန့်ပစ်ခံရမှာလား... ]
[မျက်ဝန်းနှစ်ခုမှာ အစပိုင်းတွင် ပြန်လည် ငြင်းဆန်ခဲ့ကြသော်လည်း စီနီယာ၏ စကားများကြောင့် ဆိတ်ဆိတ်နေသွားကြသည် ]
[ထို့နောက် သူတို့သည် သူတို့၏ အချစ်မှာ မည်မျှ ခိုင်မြဲကြောင်းကို စီနီယာအား သက်သေပြရန် ဆုံးဖြတ်ချက် ချလိုက်ကြသည် ]
[ ထူးခြားသော အကျိုးကျေးဇူး - အချစ်၏ ခိုင်မြဲမှု ပေါ်ထွက်လာပါသည် ]
[အချစ်၏ ခိုင်မြဲမှု - အဆင့်မြင့် ကူးပြောင်းမှုနှုန်းသည် အချစ်၏ နက်ရှိုင်းမှုအပေါ် မူတည်သည်၊ အချစ်ပို၍ နက်ရှိုင်းလေ အဆင့်မြင့် ကူးပြောင်းမှု ပို၍ မြန်ဆန်လေ ဖြစ်သည် (အကန့်အသတ်မရှိ)]
[ လက်ရှိတွင် အလွန် မြန်ဆန်စွာ အဆင့်မြင့် ကူးပြောင်းနေပါသည်... ]
ဂူချန်သည် ဘာမှ မပြောနိုင်တော့ဘဲ ဆိတ်ဆိတ်သာ နေလိုက်တော့သည်။ နောင်တွင် ပါရမီနှစ်ခုကို တစ်ပြိုင်နက် မြှင့်တင်လိုပါက ကြီးကြပ်ပေးမည့် စီနီယာတစ်ဦးကို ကြိုတင် စီစဉ်ထားရမည်ဟု သူ တွေးလိုက်မိသည်။
စနစ်၏ အချက်ပေးသံ ထပ်မံ ထွက်ပေါ်လာသည်။
[ ဒင် ]
[စေတနာရမှတ် ၅၃၆၈ ခု အသုံးပြုခဲ့ပါသည် ]
[ ဂုဏ်ယူပါသည်။ အိမ်ရှင်၏ S အဆင့် ပါရမီ ခရမ်းရောင် အစွန်းရောက် မိစ္ဆာမျက်ဝန်းနှစ်ခုသည် SSS အဆင့် မျက်ဆန်နှစ်ထပ်မျက်ဝန်း အဖြစ် အောင်မြင်စွာ အဆင့်မြင့် ကူးပြောင်းသွားပါသည် ]
[ သင်သည် SSS အဆင့် မျက်ဆန်နှစ်ထပ်မျက်ဝန်း သုံးခုကို ပိုင်ဆိုင်ထားသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ကို ပေါင်းစပ်လိုပါသလား ]
နောက်ဆုံးတော့ ပြီးသွားပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် နောက်ထပ် မတော်တဆမှုများ မဖြစ်ခဲ့ပေ။ ဂူချန်သည် သက်ပြင်းအသာချလိုက်သည်။ သူ ထိုပါရမီနှစ်ခုမှာ လမ်းခုလတ်တွင် တော်လှန်ပုန်ကန်သွားမည်ကို အလွန်ပင် စိုးရိမ်နေခဲ့ရသည်။ သို့သော် ရလဒ်မှာမူ ကောင်းမွန်လှပေသည်။
"ပေါင်းစပ်မယ်.."
[ ဒင် ]
[SSS အဆင့် မျက်ဆန်နှစ်ထပ်မျက်ဝန်း သုံးခုကို ပေါင်းစပ်နေပါသည်။ကျေးဇူးပြု၍ ပေါင်းစပ်မှု မပြီးမချင်း စောင့်ဆိုင်းပေးပါ... ]
ဂူချန်သည် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ၏ ဦးနှောက်ကြောများမှာလည်း ပြတ်ထွက်တော့မည့်အလား နာကျင်လာသည်။ ထို့နောက် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ယားယံသလို ခံစားလိုက်ရပြီး တစ်စုံတစ်ခုမှာ အခွံကို ဖောက်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။
ရုတ်တရက်...
သူ၏ မျက်ခုံးအလယ်မှာ ကွဲအက်သွားပြီး ကောင်းကင်မျက်လုံး တစ်ခု ပေါ်ထွက်လာသည်။
သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိုမျက်လုံးမှာ ကြာပန်းတစ်ပွင့် ပွင့်လာသကဲ့သို့ ရှိနေပြီး အတွင်း၌ စိန်ပုံစံ မျက်ဆန်တစ်ခု ရှိနေသည်။ မျက်ဝန်းမှာ အရည်ပျော်နေသော ရွှေရောင်နေဝန်းကဲ့သို့ ရှိနေပြီး အလယ်တွင် ယင်နှင့်ယန် ပုံစံမှာ အဆက်မပြတ် လည်ပတ်နေကာ ပတ်လည်တွင် ကြယ်ငယ်ကိုးလုံးက နက္ခတ်လမ်းကြောင်းအတိုင်း လည်ပတ်နေကြသည်။
နတ်ဘုရား အလင်းတန်းတစ်ခုမှာ အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများကြားတွင် ခရမ်းပြာရောင် မိုးကြိုးစာသားများ ပါရှိနေသည်။ အလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုထဲ၌ အက်ကြောင်းများ ဖြစ်ပေါ်သွားပြီး အချိန်နှင့် ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိပုံရပေသည်။
ထိုအချိန်မှာပင် အချက်အလက်များ ပေါ်လာပြန်သည်။
[ ပေါင်းစပ်မှု အောင်မြင်ပါသည် ]
[ဂုဏ်ယူပါသည်။ သင်သည် X အဆင့် ပါရမီ - ကောင်းကင်တာအို မျက်ဆန်နှစ်ထပ်မျက်ဝန်း ကို ရရှိပါသည် ]
[ကောင်းကင်တာအို မျက်ဆန်နှစ်ထပ်မျက်ဝန်း - သံသရာ ခြောက်ဘုံအတွင်းရှိ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည်၊။ ရှေးဟောင်း သင်ယူနိုင်စွမ်းရှိပြီး ကောင်းကင်တာအို၏ နတ်ဘုရားစွမ်းအားကို အသုံးပြု၍ မည်သည့် နတ်ဘုရားစွမ်းရည်ကိုမဆို ခဏတာ ကူးယူနိုင်သည်။ ထို့ပြင် အနာဂတ်ကိုလည်း ခဏတာ ကြည့်ရှုနိုင်စွမ်း ရှိသည် ]
[ ဤမျက်လုံးမှာ ယခင်က ဘုံသုံးပါး၏ အမြင့်ဆုံးနေရာတွင် ရှိခဲ့သည်ဟု ဆိုကြသည်။ ၎င်းမှာ ဟင်းလင်းပြင်ကြီး စတင် ပေါ်ပေါက်လာစဉ်က ပထမဆုံးသော အက်ကြောင်း ဖြစ်ပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများပင် တိုက်ရိုက် ကြည့်ရှုရန် မဝံ့ရဲသည့် တားမြစ်ထားသော အရာဖြစ်သည် ]
[သုံးသပ်ချက် - ဤကောင်းကင်မျက်လုံးမှာ သာမန် အင်္ဂါရပ်တစ်ခု မဟုတ်ဘဲ ကောင်းကင်တာအိုမှ ပေးသနားထားသည့် နိယာမများ၏ ပြယုဂ်တစ်ခု ဖြစ်သည်။၎င်း၏ ဖွင့်ခြင်းနှင့် ပိတ်ခြင်းမှာ စကြဝဠာ၏ အသက်ရှူနှုန်းနှင့် တစ်သားတည်း ရှိနေပြီး ဘုံသုံးပါးနှင့် လမ်းကြောင်း ခြောက်သွယ်ကို ဆက်သွယ်ပေးထားသည့် အမှန်တရား၏ နောက်ဆုံးမျက်လုံးဟု ခေါ်ဆိုနိုင်ပါသည် ]
[ ပါရမီအသစ် ထပ်တိုးလာပါသည် - ဟင်းလင်းပြင် သန့်စင်ခြင်း နတ်ဘုရားအလင်း ]
[ဟင်းလင်းပြင် သန့်စင်ခြင်း နတ်ဘုရားအလင်း - မျက်ခုံးအလယ်ရှိ တတိယမြောက် ကောင်းကင်မျက်လုံးမှ ရွှေရောင်အလင်းတန်းကို ပစ်လွှတ်နိုင်သည်။ ထိုအလင်းနှင့် ထိတွေ့သမျှ အရာဝတ္ထုအားလုံးမှာ ကွမ်တမ်အဆင့်တွင် မူလဟင်းလင်းပြင် အမှုန်အမွှားများအဖြစ် ပြိုကွဲသွားမည် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုများနှင့် နိယာမများကို လျစ်လျူရှုနိုင်သည် ]
[သုံးသပ်ချက် - မည်မျှပင် သန်မာသော ခန္ဓာကိုယ်မျိုး ဖြစ်ပါစေ ဤအလင်းတန်း တစ်ချက်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ ]
[ အစပြုခြင်း၏ မျက်လုံး... ပွင့်စေ ]
Chapter 208
~
အခန်း ၂၀၈ : အရှင်သခင် နောက်ပိုင်းအဆင့်.. အထွတ်အထိပ်သို့ ကူးပြောင်းခြင်း..
~
စနစ်အချက်အလက်များ၏ နောက်ဆုံးစာကြောင်း ပေါ်ထွက်လာသည်နှင့်အမျှ....
ဂူချန်သည် သူ၏ မျက်လုံးသုံးလုံးစလုံးကို ဖွင့်လိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားသော ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအနှံ့ကို လင်းထိန်သွားစေသည်။ သူ၏ မျက်ဝန်းများကို အာရုံစိုက်လိုက်သည့်အခါ ကမ္ဘာမြေအတွင်းရှိ အချိန်ကာလ အမျှင်တန်းပေါင်းများစွာကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဦးနှောက်တွက်ချက်မှု စွမ်းရည်မှာ အကန့်အသတ်ကို ဖောက်ထွက်သွားပြီး တာအိုနှလုံးသားမှာလည်း ကြည်လင်တောက်ပလာသည်။ သူ၏ သင်ယူနိုင်စွမ်းမှာလည်း ရေကို စုပ်ယူသည့် ဂွမ်းဖတ်ကဲ့သို့ ဖြစ်လာပြီး မည်မျှပင် ခက်ခဲနက်နဲသော သိုင်းကွက်မျိုး ဖြစ်ပါစေ ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် တတ်မြောက်သွားနိုင်တော့မည် ဖြစ်သည်။
သူ၏ နားလည်သဘောပေါက်မှု စွမ်းရည် မှာ စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်သို့ ရောက်ရှိသွားချေပြီ။
ဂူချန်သည် အလွန်ခက်ခဲလှသည့် သူတော်စင်အဆင့် သိုင်းပညာဖြစ်သော ချီလင်ခြေလှမ်းကိုပင် ယခုအချိန်တွင် ပြန်လည်သင်ယူပါက ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် စေတနာရမှတ် တစ်သောင်းပင် ကုန်ကျလိမ့်မည် မဟုတ်ဟု ခံစားနေရသည်။ ၎င်းမှာ ကောင်းကင်တာအိုမျက်လုံး မျက်ဆန်နှစ်ထပ်မျက်ဝန်းမှ ပေးစွမ်းသည့် စွမ်းရည်အနည်းငယ်သာ ရှိသေးသည်။
ဂူချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ရာ ကျင့်ကြံခြင်းအခန်း၏ နံရံပေါ်သို့ တောက်ပသော ရွှေရောင်အလင်းတန်းများ ကျရောက်သွားသည်။ ထိုအလင်းတန်းများမှာ နံရံပေါ်တွင် စုစည်းသွားပြီး သက်ရှိထင်ရှား ပုံရိပ်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။
၎င်းမှာ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခြင်းပင် ဖြစ်သည်။
ဂူချန်သည် မိမိ၏ အစွမ်းအစပေါ်တွင် အလွန်ပင် ယုံကြည်ချက် ရှိပေသည်။ သူနှင့် ရွယ်တူများထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက် နည်းပါးလှသလို သူ့ထံတွင်လည်း စေတနာရမှတ် ရှစ်သောင်းကျော် စုဆောင်းထားပြီး ဖြစ်သည်။ သို့သော်လည်း ဤစွမ်းရည် ရှိနေမှတော့ အသုံးမချဘဲ ထားလျှင် နှမြောစရာ ဖြစ်ပေလိမ့်မည်။
ပုံရိပ်များမှာ တရိပ်ရိပ် ပြောင်းလဲလာသည်။
ဂူချန်၏ မျက်ဝန်းထဲတွင် မြင်ကွင်းသုံးခု တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ပထမမြင်ကွင်းမှာ မဟာမိတ်အဖွဲ့မှ အရှင်သခင်များ စုဝေးကာ ထွက်ခွာရန် ပြင်ဆင်နေကြသည့် မြင်ကွင်း ဖြစ်သည်။ ထူးခြားမှု မရှိသော်လည်း အနောက်ဘက်မဟာမိတ်ဥက္ကဋ္ဌ အမ်မာတာရက်စ်၏ ဘေးတွင် ထူးဆန်းသော မိန်းကလေးတစ်ဦး ပါရှိနေသည်ကို တွေ့ရသည်။
ဒုတိယမြင်ကွင်းမှာ သူသည် သူတော်စင်အဖြစ် အရွေးချယ်ခံရပြီး နတ်ဘုရားမီးတောက်ဂိုဏ်း၏ ဌာနချုပ်သို့ အောင်မြင်စွာ ဝင်ရောက်သွားသည့် မြင်ကွင်း ဖြစ်သည်။ ၎င်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။
တတိယမြင်ကွင်းမှာမူ မဟာမိတ်အဖွဲ့မှ အရှင်သခင် ဆယ်ယောက်ကျော်သည် လူတစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်နေသည့် မြင်ကွင်း ဖြစ်သည်။ ထို့အပြင် နတ်ဘုရားလက်နက်များ၊ ဧကရာဇ်လက်နက်များနှင့် နိယာမ စွမ်းအားများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပြီး အလွန်ပင် ပြင်းထန်လှပေသည်။
'နေပါဦး..'
ဂူချန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူတို့ ဝိုင်းရံတိုက်ခိုက်နေသည့် လူမှာ မည်သို့ကြည့်ကြည့် သူ့ပုံစံနှင့် တူနေသောကြောင့် ဖြစ်သည်။ ထိုမျှလောက် ပြည့်စုံစွာ ပြင်ဆင်ထားပုံအရ သူတို့သည် သူ၏ အစီအစဉ်ကို ကြိုတင်သိရှိသွားပြီး ဦးအောင် တိုက်ခိုက်ခြင်း ဖြစ်ပေလိမ့်မည်။
" ဝှက်ဖဲတွေကို အကုန်ထုတ်ပြလိုက်ပြီပေါ့.. "
ဂူချန်က သက်သောင့်သက်သာဖြင့် ပြုံးလိုက်သည်။ သတင်းက မည်သို့ ပေါက်ကြားသွားသည်ကို သူ မသိသော်လည်း ဆက်ပြီး စဉ်းစားမနေတော့ပေ။ သူတို့ အကောင်းဆုံး ပြင်ဆင်ထားရုံဖြင့် သူ့ကို သတ်နိုင်မည်ဟု ထင်နေကြသည်မှာ တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။
သူ့တွင် ထုတ်မသုံးရသေးသော ဝှက်ဖဲများမှာ ရေတွက်၍ပင် မရနိုင်အောင် များပြားလှပြီး တစ်ခုချင်းစီမှာလည်း အဆုံးအဖြတ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ အချိန်မရွေး အသုံးပြုနိုင်သည့် နတ်ဘုရားလက်နက် တစ်ခုတည်းနှင့်ပင် သူတို့၏ အဆင့်နိမ့် လက်နက်များကို အမှုန့်ပြုပစ်နိုင်ပေသည်။
ပြင်ဆင်ထားသည့် ပုရွက်ဆိတ်အုပ်နှင့် မပြင်ဆင်ရသေးသည့် ပုရွက်ဆိတ်အုပ်မှာ မည်သို့မှ မကွာခြားချေ။ အကြွင်းမဲ့ အစွမ်းထက်မှု ရှေ့မှောက်တွင် မည်သည့် လှည့်ကွက်မှ အရာထင်မည် မဟုတ်။
ဂူချန်က ပြုံး၍ ခေါင်းခါလိုက်သည်။ သူ၏ စိတ်ကူးလိုက်သည်နှင့် အချက်အလက်များ ပြန်လည် ပေါ်ထွက်လာသည်။
[လက်ရှိ စေတနာရမှတ် - ၈၃၅၂၀ ]
သူသည် အရှင်သခင် ဖြစ်လာသည့်နေ့ကတည်းက ချီလင်ခြေလှမ်းကို ပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံခဲ့သလို စစ်မှန်သော မူလချိတ်ပိတ်လက်ဝါး ကိုလည်း အဆင့်ရှစ်အထိ မြှင့်တင်ကာ မဟာအကြွင်းမဲ့ ကောင်းကင်ပိတ်ဆို့လက်ဝါး အဖြစ် ပြောင်းလဲထားခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကျင့်ကြံမှုအဆင့် သာ ကျန်ရှိတော့သည်။
ဂူချန်သည် တုံ့ဆိုင်းမနေတော့ဘဲ စေတနာရမှတ် အားလုံးကို အဆင့်မြှင့်တင်ရန် အသုံးပြုလိုက်သည်။
[ဒင်]
[ကျင့်ကြံမှုအတွက် ပြင်ဆင်နေပါသည်... ]
[ S အဆင့် အသက်ရှူကျင့်စဉ်ကို တွေ့ရှိရပါသည်... ]
[ သင်ကျင့်ကြံထားသော ဒုတိယနှလုံးသားသည် မဟာလမ်းစဉ် နိယာမများကို ခံနိုင်ရည် ပိုမိုရှိစေသည်ကို တွေ့ရှိရပါသည်... ]
[ အိမ်ရှင်၏ ခန္ဓာကိုယ်မှာ ပြစ်မျိုးမှဲ့မထင် ရှိနေပြီး မဟာလမ်းစဉ်စွမ်းအားများကို လှည့်ပတ်မှုနှုန်းမှာ အလွန် မြန်ဆန်နေပါသည်... ]
[ သင်သည် လှည့်စားမှုတာအိုလမ်းစဉ် ဟင်းလင်းပြင်ကို ဖန်တီးထားပြီး ဖြစ်သည်၊ ၎င်း၏ အချိန်စီးဆင်းမှုမှာ ငါးဆပိုမြန်သဖြင့် ကျင့်ကြံမှုနှုန်းမှာ ၅၀၀ ရာခိုင်နှုန်း တိုးလာပါသည် ]
[ ပြင်းထန်သော သန့်စင်ခြင်းလမ်းစဉ်နှင့် လှည့်စားမှုလမ်းစဉ်တို့၏ အကူအညီကြောင့် ကမ္ဘာမြေရှိ မဟာတာအိုလမ်းစဉ် အပိုင်းအစများမှာ သင့်ထံသို့ စုစည်းလာနေသည်၊ သင့်ခန္ဓာကိုယ်ပေါ်ရှိ တာအိုအမှတ်အသားများ မှာ အရှိန်အဟုန်ဖြင့် တိုးပွားနေပါသည် ]
ခဏချင်းမှာပင် သန့်စင်လှသော မဟာလမ်းစဉ်စွမ်းအားများမှာ ဂူချန်၏ ခန္ဓာကိုယ်အတွင်းသို့ ဒီရေအလား တိုးဝင်လာတော့သည်။ ဂူချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ခံစားရပြီး တုန်ခါမှုများ ဖြစ်ပေါ်လာသည်။
[စေတနာရမှတ် ၃၁၆၅၀ အသုံးပြုခဲ့ပါသည်။ သင်၏ ကျင့်ကြံမှုအဆင့်မှာ အရှင်သခင်အဆင့် ၃ သို့ တိုးတက်သွားပါသည် ]
[သင်၏ အရေပြားပေါ်တွင် ရွှေရောင်အလင်းတန်းများ လှိုင်းထနေပြီး ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော်လည်း အလွန်ပင် မာကျောလှပေသည်၊ ကမ္ဘာပေါ်ရှိ မည်သည့်လက်နက်နှင့် မည်သည့်ဂါထာကိုမဆို ခံနိုင်ရည်ရှိသည့်အလား ဖြစ်နေသည် ]
[သင်၏ သွေးသားများမှာ အသက်ဓာတ်များဖြင့် ပြည့်နှက်နေပြီး သွေးများမှာ မြစ်တစ်စင်းအလား စီးဆင်းနေသည်။ ခွန်အားများမှာလည်း ကုန်ခမ်းခြင်း မရှိတော့ပေ။လှုပ်ရှားမှုတိုင်းတွင် မဟာလမ်းစဉ်စွမ်းအားများကို အသုံးပြုနိုင်ပြီး အထွတ်အထိပ်သို့ ကူးပြောင်းသွားချေပြီ ]
[စေတနာရမှတ် ၆၇၆၀၀ အသုံးပြုခဲ့ပါသည်။သင်၏ ကျင့်ကြံမှုအဆင့်မှာ အရှင်သခင် အဆင့် ၆ သို့ တိုးတက်သွားပါသည် ]
" ဆက်လုပ် "
ဂူချန်က တည်ငြိမ်စွာပင် ဆက်လက် အဆင့်မြှင့်တင်လိုက်သည်။
[ စေတနာရမှတ် ၈၁၀၀၀ အသုံးပြုခဲ့ပါသည်။ သင်၏ ကျင့်ကြံမှုအဆင့်မှာ အရှင်သခင်အဆင့် ၇ သို့ တိုးတက်သွားပါသည်]
[ကျန်ရှိသော စေတနာရမှတ် - ၂၅၂၀ ]
ဝုန်း...
ဂူချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ နတ်ဘုရား အလင်းတန်းများမှာ ကောင်းကင်ကို ထိုးဖောက်သွားပြီး သူ၏ အရိုးအသားများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပြောင်းလဲခြင်း မရှိသော်လည်း ထိုခဏ၌ သူသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ မြင့်မားကျယ်ပြန့်သွားသလို ခံစားရစေပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တာအိုအမှတ်အသားများမှာ ရှစ်သိန်းကျော်သွားပြီဖြစ်ရာ သာမန် အဆင့်ရှစ် အထွတ်အထိပ် ပညာရှင်တစ်ဦးထက်ပင် များစွာ သာလွန်နေချေပြီ။ ယခုအချိန်တွင် သူသည် မဟာလမ်းစဉ်စွမ်းအားကိုသာ အသုံးပြု၍ လျောင်ချင်းဖုန်းကို လက်တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်ပေလိမ့်မည်။
ဂူချန်သည် သူ၏ လက်မောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ဆောင်လာသကဲ့သို့ ရှိနေသည်။ ထို့နောက် သူသည် မဟာမိတ်ဥက္ကဋ္ဌ လေးဦးကို ဟင်းလင်းပြင်ကို ဖြတ်၍ ပြောလိုက်သကဲ့သို့ သွေးဆာနေသော အပြုံးဖြင့် စိန်ခေါ်လိုက်သည် ။
" ကဲ... လာကြလေ.. ငါ့ကို လာတိုက်ကြစမ်း "