“ဓား”ဆိုတာ ဘာလဲ
Vol. 40 Ch. 393
"ခင်ဗျား ကျွန်တော့်ကို စွမ်းအား ကူးပြောင်းတာတာ မပြီးခင်မှာ မေးခွန်းတစ်ခု မေးစရာ ရှိတယ်။"
ချန်ဟွိုက်အန်သည် ဝိညာဉ်အနှစ်သာရ အငွေ့အသက်လေးမျှသာ ကျန်ရှိတော့သော တန်ခန်း၏ ပုံရိပ်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
"မေးလေ…"
"မြင့်မြတ်သားရဲ ကိုးကောင်လုံးရဲ့ ဝိညာဉ်အနှစ်သာရတွေ ကျွန်တော့်ဆီ ပေါင်းစည်းသွားရင် ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု ဖြစ်လာမှာ သေချာတယ်။ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေက မအကြဘူး။ ခင်ဗျားရဲ့ တည်ရှိမှုကို သေချာပေါက် သတိထားမိကြလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်က လမ်းလျှောက်နေတဲ့ စွမ်းအင် အရင်းအမြစ်ကြီး ဖြစ်မသွားဘူးလား။"
"မင်းပြောတာ လုံးဝမှန်တယ်"
ဝိညာဉ်အနှစ်သာရမှ စုစည်းဖြစ်တည်နေသော အစိမ်းရောင် မိစ္ဆာမီးတောက် ညင်သာစွာ လှုပ်ခတ်သွားသည်။
"ငါတို့ အဲဒါကို မျှော်လင့်ထားပြီးသားပါ။ အစကတော့ မြင့်မြတ်သားရဲတွေနဲ့ ကြမ်းကြုတ်သားရဲတွေဟာ အချင်းချင်း မတည့်ကြဘူး။ ဒါပေမဲ့လည်း ကမ္ဘာကြီးကို အဆုံးအစမရှိတဲ့ ဝင်စားခြင်း သံသရာထဲ ပိတ်လှောင်ထားတဲ့ သတ္တဝါတွေကို ရင်ဆိုင်ရတဲ့ အခါမှာတော့ ငါတို့ရဲ့ ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး မဟာမိတ် ဖွဲ့လိုက်ကြတယ်။ တောက်တီးက ဒီခေတ်ကာလမှာ နိုးထလာခဲ့ပြီ။ သူက ကြမ်းကြုတ် သားရဲ ကိုးကောင်ရဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ ပေါင်းစပ်ပြီး တက်လှမ်းသူတွေနဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေ နှစ်ဖက်စလုံးရဲ့ အာရုံစိုက်မှုကို ပေါ်ပေါ်ထင်ထင် ရယူလိမ့်မယ်။"
"ပြီးတော့ မင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ အမြန်ဆုံး သန်မာလာအောင် လုပ်ရမယ်။"
"တောက်တီး ဟုတ်လား..."
ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။
"ကြီးမြတ်တဲ့ ကြမ်းကြုတ်သားရဲကြီး လေးကောင်ထဲက တစ်ကောင်ပဲ။ တော်တော်လေး နာမည်ကြီးတယ်။ တိုက်ခိုက်ရေးစွမ်းရည်မှာ နံပါတ်တစ်လို့ ဆိုကြပြီး မိစ္ဆာတစ်သောင်းရဲ့ ဘုရင်လို့လည်း လူသိများတယ်။ သူကသာ ကြမ်းကြုတ်သားရဲ ကိုးကောင်ရဲ့ ဝိညာဉ် အနှစ်သာရတွေနဲ့ ပေါင်းစပ်လိုက်ရင် ကျွန်တော့်ထက်တော့ သေချာပေါက် ပိုပြီး အာရုံစိုက်ခံရမှာပဲ"
"ဒါဆို တောက်တီးက ကျွန်တော့်ရဲ့ မဟာမိတ်ပေါ့။ အခု သူ ဘယ်မှာလဲ။"
တန်ခန်း၏ ဝိညာဉ်အနှစ်သာရက ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် စကားပြောလာသည်။
"တောက်တီး ဘယ်မှာရှိလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ မင်း ငါ့ရဲ့ အနှစ်သာရကို လက်ခံရယူနေချိန်မှာ သူလည်း တစ်နေရာရာမှာ ကြမ်းကြုတ်သားရဲတွေရဲ့ အနှစ်သာရကို လက်ခံရယူနေမှာ သေချာတယ်။ တစ်နေ့ကျရင် မင်းတို့နှစ်ယောက် တွေ့ဆုံကြလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ နဂါးဝိညာဉ် အမွေဆက်ခံသူ… ငါ့ရဲ့ စွမ်းအားကို ချက်ချင်း လက်ခံလိုက်တာ အကောင်းဆုံးပဲ။"
ချန်ဟွိုက်အန် ကန့်ကွက်ရန် အချိန်မရလိုက်မီမှာပင်…
တန်ခန်းက သူ့ကို လှုပ်ရှားမရအောင် ချုပ်နှောင်လိုက်ပြီး မိစ္ဆာမီးတောက် တစ်ခုလုံး သူ့အပေါ်သို့ လွှမ်းခြုံကျဆင်းလာသည်။
"သောက်ကျိုးနည်း။ ပူလိုက်တာ။ ခင်ဗျား ကျွန်တော့်ကို ကင်မလို့လား။"
မိစ္ဆာမီးတောက်က သူ့ကို ထိတွေ့လိုက်ချိန်တွင် သူ အမှန်တကယ် အရှင်လတ်လတ် မီးရှို့ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
သူက ရွှေရောင်ဝိညာဉ်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေရာ ဤကဲ့သို့သော အရာကြောင့် ထိခိုက်မှု မရှိသင့်ပေ။
"နဂါးဝိညာဉ် အမွေဆက်ခံသူ။ ဒါက သံမဏိရည်ကျိုသလို ဖန်တီးပေးနေတာ။ နာကျင်မှု မရှိဘဲ အကျိုးအမြတ်ဆိုတာ မရှိဘူး။ မင်းက တောင်တစ်တောင်လို ခိုင်မာတဲ့ ခန္ဓာကိုယ်ကို လိုချင်ရင် တူချက်ပေါင်း တစ်ထောင်ရဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိရမယ်။"
အထက်မှ လေထုကို ခွဲထုတ်လာသော အသံတစ်ခု ထွက်ပေါ်လာ၏။
ချန်ဟွိုက်အန် မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ကောင်းကင်မှ ကျဆင်းလာသော ဧရာမ တူကြီးတစ်လက်ပင်။
ဝုန်း…
ခွပ်…
တစ်ချက်တည်းဖြင့်…
ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး အက်ကွဲကြေမွသွားသည်ကို သူ ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်က တွန့်လိမ်ပိန်လိမ်သွားပြီး အသားစိုင်အဖြစ် ထုချေခံလိုက်ရသည်။
တန်ခန်း၏ စွမ်းအားက အလွန်ကြီးမားလှသည်။ တစ်ချက်တည်းဖြင့် သူ့ကို သတ်ပစ် နိုင်ခဲ့သည်။
သို့သော် မိစ္ဆာမီးတောက်၏ အကာအကွယ်အောက်တွင် ခန္ဓာကိုယ် ကြေမွသွား သော်လည်း ဝိညာဉ်မှာမူ ပကတိအတိုင်း ရှိနေသေးသည်။
ကံဆိုးစွာဖြင့် နာကျင်မှုများက လုံးဝ သက်သာမသွားခဲ့ပေ။
"မင်းက ကံကောင်းတဲ့လူတစ်ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး။"
တန်ခန်း၏ ရယ်မောသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။
"မင်းဆီမှာ ရတနာတွေ အများကြီး စုဆောင်းထားတာပဲ။ ယင်-ယန် ဓားအရိုးတွေ၊ မိုးကြိုးဝိညာဉ်အမြစ်၊ ဓားဝိညာဉ်အမြစ်။ ဒါပေမဲ့ အားလုံးက အရမ်း ပြန့်ကျဲနေတယ်။ စစ်မှန်တဲ့ဓားဆိုတာ ပစ္စည်းတွေ စုပုံထားတာ မဟုတ်ဘူး။ အဲဒါတွေကို ပြီးပြည့်စုံအောင် ပေါင်းစပ်ထားတာ…"
ဝုန်း ဝုန်း ဝုန်း…
ဧရာမ တူကြီးက မုန်တိုင်းတစ်ခုလို ရွာသွန်းကျဆင်းလာသည်။
ချန်ဟွိုက်အန်က မိစ္ဆာမီးတောက်ထဲတွင် ဓားအကြမ်းထည်တစ်ခုကဲ့သို့ လဲလျောင်းနေပြီး တူချက်များအောက်တွင် တွန့်လိမ်ကာ ပြောင်းလဲနေသည်။
သူ အရမ်းနာကျင်နေသဖြင့် စကားတစ်ခွန်းပင် မဟနိုင်တော့ပေ။
သူ၏ ရင်ဘတ်အောက်ခြေမှနေ၍ ကျေးဇူးတင်မိသည်။
လီချင်းရန်က ထိုနေရာလွတ် အပြင်ဘက်တွင် ရှိနေပြီး ဘာမှ မမြင်ရသည်မှာ ကံကောင်းပေမည်။
မဟုတ်လျှင် သူ သေချာပေါက် တန်ခန်းကို ပြဿနာ ရှာပေလိမ့်မည်။
"မင်းက ဓားကျင့်ကြံသူတစ်ယောက် ဟုတ်တယ်မလား။"
တန်ခန်းက ဆက်ပြောသည်။ "ဒါဆိုရင် မင်းကို သင့်တော်တဲ့ ဓားတစ်လက်ဖြစ်အောင် ငါ ပုံသွင်းပေးမယ်။"
ဝုန်း…
ဧရာမ တူကြီး ထပ်မံ ကျဆင်းလာပြီး ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်မှ မီးပွားများ လွင့်စင်ထွက်သွားသည်။
"ငါ မေးပါရစေ။ ဓားဆိုတာ ဘာလဲ…"
နာကျင်မှုက သူ့ကို လွှမ်းမိုးသွား၏။ ချန်ဟွိုက်အန်က အလျင်စလို ပြန်ဖြေလိုက်သည်။
"ဓားဆိုတာ လက်နက်တစ်ခု။ ရန်န်သူရဲ့ခေါင်းကို ဖြတ်တောက်နိုင်ပြီး ကိုင်ဆောင်သူကို ကာကွယ်ပေးနိုင်တယ်။"
တူက နောက်တစ်ကြိမ် ထပ်မံ ရိုက်ချလိုက်ပြီး တန်ခန်း၏ အိုမင်းသောအသံက နောက်မှ လိုက်လာသည်။
"ဓားဆိုတာ လက်နက်တစ်ခု သက်သက်ပဲဆိုရင် အဲဒါက သာမန် သံတုံးတစ်တုံးကလွဲပြီး ဘာမှမဟုတ်ဘူး။ သေချာ ပြန်စဉ်းစား။"
"ဓားဆိုတာ သူရဲကောင်းဆန်မှု၊ ကရုဏာတရား၊ ပြီးတော့ ကိုင်ဆောင်သူရဲ့ တရားမျှတမှု အပေါ် ယုံကြည်ချက်ပဲ…" ချန်ဟွိုက်အန်က ထပ်မံ ဖြေကြားလိုက်သည်။
တန်ခန်းက မကျေနပ်သေးပေ။ "ယုံကြည်ချက်က ကောင်းပါတယ်။ ဒါပေမဲ့ လုံလောက်မှု မရှိသေးဘူး။"
ဝုန်း ဝုန်း ဝုန်း…
တူက ဆက်လက် ကျဆင်းနေသည်။
ချန်ဟွိုက်အန်က မိစ္ဆာမီးတောက်ထဲတွင် ဆက်လက် ရှိနေသော်လည်း သူ၏ အနောက်ဘက်တွင် ဝေဝါးသော ဓားသန္ဓေသားလေးတစ်ခု စတင် ပေါ်ထွက်လာသည်။
ယခုတစ်ကြိမ်တော့ ချန်ဟွိုက်အန် အချိန်အကြာကြီး စဉ်းစားနေခဲ့သည်။
သူက တဖြည်းဖြည်းချင်း သဘောပေါက် နားလည်မှု အခြေအနေတစ်ခုသို့ ဝင်ရောက်သွားသည်။
လောင်ကျွမ်းနေသော မီးတောက်နှင့် တူရိုက်ချက်များမှ နာကျင်မှုများက ထုံထိုင်းသွား၏။
သူက မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲတွင် မရှိတော့ပေ။
ချင်းယွန်ဘုံ သို့မဟုတ် မည်သည့် ကမ္ဘာငယ်လေးထဲတွင်မှ မဟုတ်တော့ပေ။
သူ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်နေ၏။
ဆောင်းဦးလေက ပြင်းထန်စွာ တိုက်ခတ်နေသည်။ ရွှေရောင် ဂျင်ဂိုရွက်များက လေထဲတွင် ကခုန်နေကြသည်။
ချန်ဟွိုက်အန်က သစ်ပင်အောက်ရှိ အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို စိုက်ကြည့်နေသည်။ သူ့ကိုယ်သူ အခြားပုံစံတစ်မျိုးဖြင့် မြင်နေရခြင်း ဖြစ်သည်။
သူ၏ ဟင်းလင်းပြင်-ဝိညာဉ်အဆင့် ပုံစံပင်။
ဓားချီဖြင့် လေထဲတွင် တွဲလောင်းဖြစ်နေသော သစ်ရွက်တစ်ရွက်ကို သူ အာရုံစိုက် လိုက်သည်။ အခြား ချန်ဟွိုက်အန်၏ လက်ဖဝါး အရေးအကြောင်းများပေါ်တွင် အံဝင်ခွင်ကျ ရပ်တန့်နေသည်။
ကျဆင်းသွားခြင်းလည်း မရှိ၊ မြင့်တက်လာခြင်းလည်း မရှိပေ။
တရှဲရှဲ မြည်နေသော သစ်ပင်ပင်လယ်ကြီးထဲတွင်…
လရောင်အောက်၌ လီချင်းရန်ကို သူ သင်ပေးခဲ့စဉ်က မြင်ကွင်းကို ရုတ်တရက် ပြန်လည်၍ အမှတ်ရသွားသည်၊ ငွေရောင်အလင်းတန်းထဲတွင် ထိုသစ်ကိုင်းခြောက်လေး ရေးဆွဲခဲ့သော မျဉ်းကွေးလေး…
"ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ တောင်ဟာ တောင်ပါပဲ။ ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်တဲ့အချိန်မှာ တောင်ဟာ ဘယ်တုန်းကမှ တောင်မဖြစ်ခဲ့ဘူးဆိုတာ မင်း သဘောပေါက်သွားလိမ့်မယ်…"
ချန်ဟွိုက်အန် တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကို ဓားသွားတစ်ခုလို ပူးကပ်လိုက်ပြီး လေဟာနယ်ကို ထိုးစိုက်လိုက်သည်။ ခြေလှမ်း သုံးဆယ် အကွာရှိ ဧရာမ ရေတံခွန်ကြီး နှစ်ပိုင်း ကွဲသွား၏။
ထိုအခိုက်အတန့်တွင်…
ရွှေရောင်အနှစ်သာရအဆင့်တွင်သာ ရှိနေသေးသော်လည်း ဟင်းလင်းပြင်-ဝိညာဉ် အဆင့် ပုံစံသာလျှင် နားလည်နိုင်သော ဓားနှလုံးသားကို သူ သဘောပေါက်သွားခဲ့သည်။
သူ၏ ဓားအပေါ် နားလည်သဘောပေါက်မှုက ကျင့်စဉ်အဆင့်၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဟင်းလင်းပြင်-ဝိညာဉ်အဆင့် ပုံစံနှင့် သူ အကြည့်ချင်း ဆုံလိုက်သည်။
သူ၏ အကြည့်များက တောက်ပလောင်ကျွမ်းနေ၏။
ယခင်ကထက် ပိုမို တောက်ပနေသည်။
"ဒါဆို ဓားဆိုတာ... အစကတည်းက လက်ထဲမှာ ရှိမနေခဲ့တာပဲ။"
...
တန်ခန်း၏ ဝိညာဉ်အနှစ်သာရမှာ မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားရာမှ ဘတ်စကက်ဘောလုံး အရွယ်အစားခန့်သို့ ကျုံ့သွားခဲ့ပြီး…
ယခုအခါ သူ၏ ရင်ဘတ်အထက်တွင် လွင့်မျောနေသည်။
ဉာဏ်အလင်း ပွင့်သွားသော ချန်ဟွိုက်အန်ကို ကြည့်ရင်း ၎င်း၏ မျက်လုံးများ တောက်ပသွားသည်။
"ဘိုးဘေးနဂါးကြီး။ ခင်ဗျား ရွေးချယ်ခဲ့တဲ့ အမွေဆက်ခံသူက ဘယ်တော့မှ သာမန် မဟုတ်ဘူး။ ကံကောင်းတာ သက်သက်ပဲလို့ ထင်ခဲ့တာ။ သူမှာ ဒီလို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ခန္ဓာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ချန်ဟွိုက်အန် ဉာဏ်အလင်း ရရှိသွားသည်နှင့်အမျှ ရွှေရောင် တာအိုပုံစံများ သူ၏ ပတ်လည်တွင် ဝဲလှည့်နေသည်။
တန်ခန်း အထင်မမှားဘူးဆိုလျှင်…
၎င်းမှာ ရှေးဟောင်း ပထမခန္ဓာကိုယ် အမျိုးအစားဖြစ်သော မူလတာအိုခန္ဓာပင်။
ဒီလို ကံတရားနဲ့ မူလတာအိုခန္ဓာ ပြီးတော့ မြင့်မြတ်သားရဲ ကိုးကောင်ရဲ့ စွမ်းအားတွေ ပေါင်းစပ်လိုက်မယ်ဆိုရင်...
ဖြစ်နိုင်တာက…
သူ တကယ်ပဲ ဝင်စားခြင်း သံသရာကို ချိုးဖျက်ပြီးတော့ အံ့ဩဖွယ်ရာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက တန်ခန်းက ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားရမည် ဆိုလျှင်ပင် တန်ဖိုးရှိပေလိမ့်မည်။
ချန်ဟွိုက်အန် ရုတ်တရက် ကြည်လင်ပြတ်သားမှု ရရှိသွားပြီး ခေါင်းကို မော့လိုက်သည်။
ယခုတစ်ကြိမ်တော့ သူ၏အဖြေက ပြတ်သားပြီး တည်ငြိမ်နေ၏။
"ဓားဆိုတာ စစ်မှန်တဲ့နှလုံးသားကို ထင်ဟပ်ပြတဲ့ မှန်တစ်ချပ်။"
"ဓားဆိုတာ ဓားမဟုတ်ဘူး။ အဲဒါက နှလုံးသားပဲ။ နှလုံးသားထဲမှာ ဓားရှိနေရင် အရာအားလုံးက ဓားဖြစ်သွားတယ်။ နှလုံးသားထဲမှာ ဓားမရှိရင် အကောင်းဆုံး မြင့်မြတ်တဲ့ ဓားဆိုတာတောင် သာမန်လူ တစ်ယောက်ရဲ့ လက်ထဲက ကိရိယာတစ်ခု သက်သက်ပဲ…"
တန်ခန်းက ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
"ပြောတာ ကောင်းတယ်။"
၎င်း၏ ဝိညာဉ်အနှစ်သာရမှာ လက်မအရွယ်အစားခန့်အထိ ကျုံ့သွားခဲ့ပြီ ဖြစ်သည်။
"မင်းက ဓားတစ်လက်ရဲ့ ပုံသဏ္ဌာန်မှာ တွယ်ကပ်မနေတော့ဘူး။ ဓားရဲ့ အနှစ်သာရကို ဆုပ်ကိုင်နိုင်သွားပြီ..."
"မင်းရဲ့ ဓားလမ်းစဉ်က ပြီးပြည့်စုံသွားပြီ။"
စကားသံ ပဲ့တင်မဆုံးမီမှာပင်…
တန်ခန်း၏ ဝိညာဉ်အနှစ်သာရ လုံးဝ လောင်ကျွမ်း ပျောက်ကွယ်သွားခဲ့သည်။
လေဟာနယ်ထဲတွင် ဧရာမ တူကြီးက နောက်ဆုံးအကြိမ် ကျဆင်းလာသည်။
တူခေါင်းကြီးက ဓားသွားနှင့် မထိတွေ့မီမှာပင် အပိုင်းပိုင်း အစစ အက်ကွဲသွားခဲ့သည်။
ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူက တင်တပလ္လင်ခွေလျက် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ အနောက်ဘက်တွင် ထက်မြက်သော ဓားပုံရိပ်ယောင်တစ်ခု ဖြစ်တည်နေ၏
ဤအခိုက်အတန့်တွင်….
သူက ဓားဖြစ်ပြီး ဓားသည် သူဖြစ်သည်။
၎င်းမှာ "လူနဲ့ဓား တစ်သားတည်းဖြစ်ခြင်း" မဟုတ်။
အဘယ်ကြောင့်ဆိုသော် ပေါင်းစည်းရန် မလိုအပ်တော့သောကြောင့်ပင်။ ၎င်းမှာ ပကတိ အမှန်တရား တစ်ခု ဖြစ်သည်။
သူ မျက်လုံးကို ဖွင့်လိုက်ရာ…
ဓားမြည်သံတစ်ခုနှင့်အတူ မရေမတွက်နိုင်သော ဓားအလင်းတန်းများက သူ၏ အမြင်အာရုံကို ဖြတ်ပြေးသွားသည်။
သူက နောက်ကျိနေသော လေတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ထိုလေသည် မီတာတစ်ရာ အကွာသို့ ပစ်လွှတ်လိုက်သော ဓားအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူ မတ်တတ်ရပ်လိုက်ရာ ကျောပြင်က ဓားတစ်လက်၏ ကျောရိုးလို ဖြောင့်မတ်နေ၏။
သူက လှည့်ကာ တန်ခန်း၏ ဝိညာဉ်အနှစ်သာရ ပြာများဆီသို့ နက်နက်ရှိုင်းရှိုင်း ဦးညွတ်လိုက်သည်။
ထိုအခိုက်အတန့်မှစ၍….
နတ်ဓားတစ်လက် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။