ငါ မင်းကို အသက်တစ်ရှိုက်စာ အချိန်ပေးမယ်
Vol. 40 Ch. 398
"ဝမ်ရှိုယီ။ မင်း ငါ့ကို စော်ကားလိုက်တာလား…"
လီပုယီ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့စောင်းသွားသည်။ သူက မိဘမဲ့ တစ်ယောက် ဖြစ်သည်မှာ မှန်သော်လည်း တစ်ယောက်ယောက်က သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ထိုကဲ့သို့ ဆဲရေးတိုင်းထွာသည်ကိုတော့ ခံနေမည် မဟုတ်ပေ။
ချန်ဟွိုက်အန်နှင့် အခြားသူများကို လှမ်းကြည့်လိုက်ချိန် သူ၏ မျက်နှာအမူအရာက ပို၍ မှောင်မိုက်သွားသည်။ သူက အော်ပြောလိုက်သည်။ "ဝမ်ရှိုယီ၊ ငါက မင်းရဲ့ စီနီယာအစ်ကိုကွ…"
"အဲဒီ စီနီယာအစ်ကိုဆိုတဲ့ အာလူးတွေ လာမဖုတ်နေနဲ့။ မင်းက ဂိုဏ်းထဲကို ငါ့ထက် တစ်မိနစ် နှစ်မိနစ်လောက်ပဲ စောဝင်ခဲ့တာကို ဘာတွေ ဟန်ဆောင်နေတာလဲ။"
ဝမ်ရှိုယီက ပေါ်ပေါ်ထင်ထင် လှောင်ပြုံးပြုံးလိုက်ပြီး လိုရင်းကိုသာ တည့်ပြောလိုက်သည်။ "အဲဒီကျားမိစ္ဆာလေး နှစ်ကောင်ကို အခုချက်ချင်း ပြန်ပေး။ အဲဒါတွေက စီနီယာ တစ်ယောက်ကို ငါပေးထားတဲ့ လက်ဆောင်ကွ။ မင်းက စကားတစ်ခွန်းမှ မပြောဘဲ အတင်း လုယူသွားတာ။ အဲဒါက ဓားပြတိုက်တာနဲ့ ဘာကွာလို့လဲ။"
"ဪ။ ဒါဆို မင်းတို့က ဒီအထိလာပြီး ဓားနက်ဂိုဏ်းရဲ့ ပိုင်နက်ထဲကို ဇွတ်ဝင်လာတာက ကျားမိစ္ဆာ နှစ်ကောင်လေးအတွက်ပေါ့လေ။"
ဝမ်ရှိုယီ ပြောသည်ကို ကြားသော် လီပုယီ အမှန်တကယ် သက်ပြင်းချမိသွားသည်။
ဝမ်ရှိုယီက အလွန်ပင် ဒေါသထွက်နေပုံရ၍ သူများ အမှတ်မထင် ဝမ်ရှိုယီ၏ ဘိုးဘေးသင်္ချိုင်းကို သွားတူးမိ၍များလားဟု သူ ထင်နေခဲ့သည်။
တကယ်တမ်းကျ မိစ္ဆာနှစ်ကောင်လေးအတွက်ပဲလား။ အဲဒါက တကယ်ပဲ အဲဒီလောက် ကြီးကျယ်တဲ့ ကိစ္စလား။
သူက ဂရုမစိုက်သလို လက်ယမ်းပြပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "အဲဒီ ကျားမိစ္ဆာ နှစ်ကောင်ကို အရေခွံခွာပြီး ကလီစာတွေ ထုတ်ပစ်လိုက်ပြီ။ မင်းဆီကနေ အလွယ်တကူ ကောက်ရခဲ့တာဆိုတော့ သဘောထားကြီးကြီးနဲ့ မင်းကို ကျားသားနဲ့ ကျားရေ နည်းနည်း ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ ကျားနှလုံးသားတွေကိုတော့ ငါ လိုတယ်။ နောက်သုံးရက်နေရင် ကျင်းပမယ့် အရှင်မရဲ့ မွေးနေ့ပွဲမှာ လက်ဆောင်အဖြစ် ဆက်သဖို့ ဝိညာဉ်အရက် ချက်ရမှာမို့လို့ပဲ။"
"ဝိညာဉ်အရက်အတွက် ကျားနှလုံးသား လိုချင်ရင် မင်းဘာသာ သွားဖမ်းလေ။ စီနီယာ တစ်ယောက်အတွက် ရည်ရွယ်ထားတာကို ယူသွားတာက လုံးဝကို လက်ခံနိုင်စရာ မရှိဘူး။"
ဝမ်ရှိုယီက ရှေ့သို့ နှစ်လှမ်းတိုးလာပြီး လီပုယီကို လက်ညှိုးထိုးလိုက်သည်။ "ပေါက်ကရတွေ မပြောနဲ့။ ကျားမိစ္ဆာတွေကို မင်း ဘယ်ကို ပို့လိုက်တာလဲ။"
ဝမ်ရှိုယီ၏ မလျှော့တမ်း ပြောဆိုမှုကြောင့် လီပုယီ မျက်မှောင်ကြုတ်သွားသည်။ "ဝမ်ရှိုယီ၊ မင်း ဘာဖြစ်နေတာလဲ။ ဒီမှာ အရှင်မနဲ့ မင်းရဲ့ စီနီယာဆိုတဲ့လူ ဘယ်သူက ပိုအရေးကြီးလဲ။ ငါက ကျားနှလုံးသားတွေကို ငါ့အတွက် သိမ်းထားတာ မဟုတ်ဘူး။ အရှင်မရဲ့ မွေးနေ့လက်ဆောင်အတွက်ကွ…"
အရှင်မကို ထည့်ပြောလိုက်လျှင် ပြဿနာ ပြီးသွားပြီး အတိုင်းအတာ တစ်ခုအထိတော့ ဝမ်ရှိုယီကို တုံ့ဆိုင်းသွားစေခဲ့မည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် ချန်ဟွိုက်အန်၏ ဒေါသကတော့ ပိုမို နက်ရှိုင်းလာခဲ့သည်။ ကြေးခွံနက်ဓားက ဓားအိမ်ထဲမှ ထွက်နေပြီဖြစ်ပြီး လီပုယီဆီသို့ ချိန်ရွယ်ထားသည်။ သူ၏ အသံက ဆောင်းလေလို အေးစက်နေသည်။
"အဲဒါတွေကို ပြန်ပေးဖို့ ငါ မင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ အဲဒီလိုမှ မဟုတ်ရင်... ငါ ဓားဆွဲထုတ်တာကို အပြစ်မတင်နဲ့။"
လီပုယီက ၎င်းကို ကြားသော် လှောင်ပြုံးပြုံးလိုက်ပြီး ချန်ဟွိုက်အန် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ဟု လှောင်ပြောရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် ချန်ဟွိုက်အန်၏ ကျင့်စဉ်အဆင့်က ယခင်လို မဟုတ်တော့ကြောင်း သူ အာရုံခံမိသွားသည့်။ ထို့နောက် သူ၏နှလုံးသားက တစ်ချက် ခုန်သွားခဲ့၏။
"ဘာကြီးလဲ... မင်းက ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်နေပြီလား။"
နောက်ဆုံးအကြိမ် သူတို့တွေ့တုန်းက ချန်ဟွိုက်အန်သည် အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်ကိုသာ ရောက်ရှိနေသေးသည်။
အခုတော့ သူက အစောပိုင်း ရွှေရောင်အနှစ်သာရအဆင့်ကို ဖောက်ထွက်သွားရုံတင် မကဘူး၊ သူ့ရဲ့ အငွေ့အသက်တွေက တည်ငြိမ်ပြီး ပြည့်ဝနေတယ်။ သူ့ရဲ့ ကျင့်ကြံမှုက သိသိသာသာကို ခိုင်မာနေပြီ။ ဒါက ဘယ်လို ရူးသွပ်စရာကောင်းတဲ့ ကျင့်ကြံခြင်း အရှိန်လဲ။ မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးလည်း တက်လှမ်းခြင်းတိုင်ကို သုံးခဲ့တာ များလား။
သို့သော် သူ့ကို တကယ်တုန်လှုပ်သွားစေသည်မှာ ချန်ဟွိုက်အန်ဆီ ဖြာထွက်နေသော ကြောက်မက်ဖွယ် ထက်မြက်မှုပင်။ ဆွဲထုတ်ထားတဲ့ ဓားတစ်လက်လိုမျိုး ဖြစ်နေသည်။
ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သော လီပုယီပင် အလိုအလျောက် နောက်ဆုတ်ချင်စိတ် ပေါက်သွားခဲ့သည်။
ချန်ဟွိုက်အန်က လီပုယီ အချိန်ဆွဲနေသေးသည်ကို မြင်သော် ပိုပြီး စိုးရိမ်လာ၏။ သူက လုံးဝ မလွှဲမရှောင်သာမှလွဲပြီး လီပုယီကို မသတ်ချင်ပေ။
အကယ်၍ သတ်လိုက်လျှင် နောက်ဆက်တွဲ ပြဿနာများက ပြီးဆုံးမည် မဟုတ်ပေ။ သို့သော် ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ရှာဖွေကြည့်သည့်တိုင် ကျားမိစ္ဆာများကို လုံးဝ ရှာမတွေ့ပေ။
လက်တွေ့ကမ္ဘာတွင်သာ သူ ကောင်းကင်နက္ခတ်ကို တွက်ချက်နိုင်ခဲ့လျှင်... သူတို့၏ တည်နေရာကို ချက်ချင်း အတိအကျ သိနိုင်ပေလိမ့်မည်။
ထိုအတွေး ဝင်လာသော အချိန်မှာပင်…
သိုင်းပြိုင်ကွင်းအောက် ကျောက်လှေကားထစ်များဆီမှ ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အင်မော်တယ်လီ၊ အရာအားလုံး စီစဉ်ပြီးပါပြီ။"
ဓားနက်ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်က အနီရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသော ဗန်းတစ်ခုစီကို ကိုင်ဆောင်ကာ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ တက်လှမ်းသူ တစ်စုကလည်း ဗန်းများကို ကိုင်ဆောင်ကာ နောက်မှ လိုက်ပါလာကြသည်။ အဝေးကပင် သွေး၏ သံချေးနံ့ကို လေထုထဲတွင် ရနေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော် ချန်ဟွိုက်အန်၏ မျက်နှာအမူအရာ ကျဆင်းသွား၏။ သူ့ရင်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ပေါ်လာသည်။
"မင်းတို့က ဘယ်သူတွေလဲ။"
ဓားနက်ဂိုဏ်း အကြီးအကဲက ချန်ဟွိုက်အန်နှင့် လီချင်းရန်ကို ကြည့်ပြီး အနည်းငယ် မှင်သက်သွား၏။
ထို့နောက် ဝမ်ရှိုယီကို မြင်သွားပြီး အလျင်အမြန်ပင် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။ "အိုး၊ ဒါ အင်မော်တယ်ဝမ် မဟုတ်လား။ မတွေ့ရတာ ကြာပြီနော်။"
ဝမ်ရှိုယီက သူ့ကို တစ်ချက်ပင် မကြည့်ခဲ့။ သူ့မျက်လုံးများက ယခု မုန်တိုင်းတစ်ခုလို မှောင်မိုက်နေသော ချန်ဟွိုက်အန်ဆီကိုသာ ရောက်နေ၏။ ဝမ်ရှိုယီ၏ ရင်ထဲတွင်လည်း ဒိန်းခနဲ ဖြစ်သွားသည်။
၎င်းက တကယ့် ပြဿနာကြီး ဖြစ်သွားလေပြီ။
သူက မိစ္ဆာအငွေ့အသက်များကို အာရုံခံနိုင်စွမ်းရှိပြီး ထိုဗန်းများပေါ် ပါလာသည်များက ကျားမိစ္ဆာများ၏ အစိတ်အပိုင်းများ ဖြစ်ကြောင်းကို သိနေပြီ ဖြစ်သည်။
သို့သော် အခုအချိန်အထိပင် ၎င်းက သိပ်ကြီးကျယ်သော ကိစ္စဟု သူ မထင်ခဲ့ပေ။
သူ့အတွက် မိစ္ဆာများက အခြေခံအားဖြင့် တိရစ္ဆာန်များပင်။ စီနီယာက ကျားမိစ္ဆာများကို အစောင့်သားရဲများ အနေဖြင့် လိုချင်ခဲ့သည်။ ယခု သူတို့ သေသွားပြီဖြစ်ရာ အစောင့်ခွေး နှစ်ကောင် သတ်ခံလိုက်ရသည်နှင့် အတူတူပင်။ ရှေ့ဆက်ရမည့်လမ်းက ရှင်းနေ၏။ စီနီယာ၏ဒေါသပြေရန် လီပုယီကို ရိုက်နှက်မလား ဒါမှမဟုတ် လျော်ကြေးပေးမလား ဆိုသည်ပင်။
သူ မသိခဲ့သည်မှာ ထိုကျားမိစ္ဆာများက ချန်ဟွိုက်အန်အတွက် အလွန်ပင် ထူးခြားသော အဓိပ္ပာယ် ရှိနေခြင်းပင်။
ဓားနက်ဂိုဏ်း အကြီးအကဲက ဝမ်ရှိုယီနှင့် ရင်းနှီးအောင် ကြိုးစားသော်လည်း အရာမထင်သည့်အတွက် အနေရခက်သွာသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လီပုယီက ထိုနေရာတွင် ရှိနေသေး၏။
သူက ဗန်းကိုကိုင်ကာ လီပုယီဆီသို့ ပြုံးရွှင်စွာ လျှောက်သွားပြီး နက်နက်ရှိုင်းရှိုင်း ဦးညွတ်လိုက်သည်။ ထို့နောက် အုပ်ထားသည်ကို ဖွင့်ပြလိုက်ရာ အငွေ့တထောင်းထောင်း ထွက်နေသော ကျားနှလုံးသား နှစ်ခု ပေါ်လာသည်။
"အင်မော်တယ်လီ၊ ဒါလေးတွေကို ကြည့်ပါဦး။ ကျွန်တော်တို့ ဒါတွေကို လှီးထုတ်တဲ့အခါ အရမ်းကို သတိထားခဲ့တာ။ မျက်နှာပြင်ပေါ်မှာ ခြစ်ရာတစ်ခုတောင် မရှိဘူး။ တကယ်လို့ ခင်ဗျား သဘောကျတယ်ဆိုရင်၊ အဲဒါတွေကို ဝိညာဉ်အရည်ထဲမှာ စိမ်ပြီး သိမ်းဆည်း ပေးရမလား။"
"ပြဿနာမရှိဘူး။ လုပ်လိုက်။"
လီပုယီက နှလုံးသားများ၏ အပြစ်ကင်းစင်သော အခြေအနေကို သိသိသာသာ ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
ကျန်သောအရာများကိုပါ ယူလာရန် တခြားသူတွေကို သူက လက်ဟန်ပြလိုက်သည်။ အရိုး၊ သားရေများနှင့် တခြားပစ္စည်းများကို သူ တစ်ခုချင်းစီ စစ်ဆေးကြည့်ပြီးနောက် သူ၏သိုလှောင်အိတ်ကို ထုတ်လိုက်သည်။
သို့သော် သူ ၎င်းတို့ကို သိမ်းဆည်းတော့မည့် အချိန်မှာပင်…
အေးစက်သော အလင်းတန်းတစ်ခု အရင် လက်ခနဲ ဖြစ်သွား၏။ သူ၏သိုလှောင်အိတ်က ထက်မြက်သော ဓားအလင်းတန်း တစ်ချက်ကြောင့် ချက်ချင်းပင် အခွဲခံလိုက်ရပြီး ဆေးလုံးများနှင့် ကျောက်စိမ်းပြားများ မြေပြင်ပေါ် ပြန့်ကျဲသွားတော့သည်။
"မင်း လုပ်ရဲတယ်ပေါ့လေ။" လီပုယီ ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ ချန်ဟွိုက်အန်၏ သွေးရောင်လွှမ်းနေသော အကြည့်များနှင့်သာ ဆုံမိသွားသည်။
ဒေါသများ ပြည့်နှက်နေသော ထိုအကြည့်က လီပုယီ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့၏။
ထို့ပြင် ထိုအေးစိမ့်မှုက လောင်ကျွမ်းနေသော အရှက်ရမှုအဖြစ် ပြောင်းလဲသွားသည်။
သူ့ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာ၏။ "အဲဒီသိုလှောင်အိတ်က အရှင်မ ပေးထားတဲ့ လက်ဆောင်ကွ။ မင်းကို ငါ သတ်မယ်။"
သူ အော်၍ပင် မဆုံးသေးခင်မှာပင် သူရော သူ့ဓားပါ လွင့်ထွက်သွားပြီး ထင်းရှူးပင် တစ်ပင်ကို ဝင်စောင့်မိသည်အထိ မြေပြင်ပေါ် လှိမ့်ထွက်သွားခဲ့သည်။
သူ ကမန်းကတန်း ထရပ်လိုက်ရာ သူ့ဓား နှစ်ပိုင်းကျိုးနေသည်ကို တွေ့လိုက်ရ၏။
"ငါ့ဓား…" လီပုယီက ရင်ကွဲနာကျစွာ အော်ဟစ်လိုက်သည်။
အရှင်မက သူ့ကို ဓားနှစ်လက် စုစုပေါင်း ပေးထားခဲ့၏။ တစ်လက်က လီချင်းရန် ချိုးပစ်လိုက်သည်။
ယခု သူ၏ အရန်ဓားက ချန်ဟွိုက်အန် ရိုက်ချိုးသည်ကို ခံလိုက်ရလေပြီ။
ခြေငါးလှမ်းအကွာတွင် ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထား၏။ သူ့မျက်နှာက ဖိနှိပ်ထားသော ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။
သူ၏ စနီကာဖိနပ်များက ကျောက်ခင်းပြင်ပေါ်တွင် တစ်လှမ်းပြီးတစ်လှမ်း ရှေ့ကို တက်လာ၏။ သုံးလှမ်းမြောက်တွင် လီပုယီဆီကို သူ လွင့်မျောသွားပြီး သွေးကြောများ ထောင်ထနေသည့် ခြေထောက်များကို ဖော်ပြရင်း ဖိနပ်များ စုတ်ပြဲထွက်သွားသည်။
လီပုယီ၏ မျက်နှာအမူအရာ တင်းမာသွား၏။ သူက တုန်ရီနေသော လက်များနှင့် နောက်ထပ် အရန်ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ငါက ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်း။ ချန်ဟွိုက်အန်က အစောပိုင်းအဆင့်။
ငါတို့နှစ်ယောက်ကြား အဆင့်ငယ် နှစ်ခုတောင် ကွာဟနေတယ်။ ဒါက ကြီးမားတဲ့ ကွာဟချက်တစ်ခုပဲ။ ဒါဆို ငါက ဘာလို့ သောက်ရမ်း ကြောက်နေရတာလဲ။
ငါ့မှာ ကြောက်စရာ အကြောင်းမရှိဘူး။
ချွင်…
ငွေရောင် အလင်းတန်း နှစ်ခုက လရောင်လိုမျိုး သိုင်းပြိုင်ကွင်းကို ဖြတ်ပြီး ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။
ချန်ဟွိုက်အန်၏ပုံရိပ် ဝေဝါးသွားပြီး နောက်တစ်စက္ကန့်တွင် လီပုယီ၏ အနောက်ဘက်၌ ရပ်နေပြီ ဖြစ်သည်။
ကျောက်ပြားများပေါ် သူဖြတ်သွားသော လမ်းကြောင်းတစ်လျှောက် ဓားရာများက တင်းကျပ်စွာ ယှက်သန်းနေ၏။
လီပုယီက ဖြစ်ပျက်ခဲ့သည်ကိုပင် သတိမထားမိလိုက်သလို အရှေ့ကို လွတ်ဟနေသော အကြည့်နဲ့ စိုက်ကြည့်နေသည်။
သူ့ခန္ဓာကိုယ်ကြီး မြေပြင်ပေါ် ပြိုလဲကျသွားသော အချိန်အထိပင်။ လက်မောင်းများနှင့် ခြေထောက်များဆီမှ ပြင်းထန်သော နာကျင်မှုက ထို့နောက်မှပဲ ရောက်လာခဲ့၏။
သူ၏ သနားစရာ အော်ဟစ်သံများက တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။
အားလုံးက နောက်ဆုံးတွင် သတိဝင်လာကြသည်။ အမြင့်မြတ်ဆုံးနှင့် အစွမ်းထက်ဆုံး ကျင့်ကြံသူ အင်မော်တယ်လီက စဉ်းတီတုံးပေါ်မှ ဝက်တစ်ကောင်လို အခုတ်ခံလိုက်ရပြီ ဖြစ်သည်။
"ကျားမိစ္ဆာတွေရဲ့ အလောင်းတစ်ခုလုံးကို ထုတ်ယူလာခဲ့။"
ချန်ဟွိုက်အန်က ခြေလက်များ ပြတ်တောက်နေသော လီပုယီကို တစ်ချက်တောင် မကြည့်ခဲ့။ သူက ဓားနက်ဂိုဏ်း အကြီးအကဲဘက်ကို လှည့်လိုက်ပြီး သူ့လက်ကို ဓားလက်ကိုင်ပေါ် ပြန်တင်လိုက်သည်။
"ငါ မင်းကို အသက်တစ်ရှိုက်စာ အချိန်ပေးမယ်…"