← Chapters

ကံကြမ္မာကို ဆန့်ကျင်ခြင်း

Vol. 40 Ch. 400

ကံကြမ္မာကို ဆန့်ကျင်ခြင်း

Vol. 40 Ch. 400

ချင်းယွန်ဘုံ၊ ဓားကျောင်းတော် ရင်ပြင်။

ချန်ဟွိုက်အန်က လီချင်းရန်ကို ယာယီ ပြန်ခေါ်လာခဲ့သည်။

သူက ဝိညာဉ်လွှင့် အခြေအနေ ရှိနေဆဲဖြစ်သော်လည်း လီချင်းရန်ကို ချင်းယွန်ဘုံသို့ ပြန်လာခြင်းမှ မတားဆီးနိုင်ပေ။ သို့သော် ဤနေရာတွင် ကုန်ဆုံးမည့် အချိန်များက ထိုအခြေအနေတွင် ကျန်ရှိနေသည့် သူ၏ အချိန်များထဲမှ နုတ်ယူသွားမည် ဖြစ်သည်။

ချန်ဟွိုက်အန်က လောလောဆယ် သူ အသုံးချနိုင်သော ကိုယ်ပိုင်ကမ္ဘာအတွင်းရှိ အင်အားစု အားလုံးကို ဆင့်ခေါ်လိုက်သည်။

ယခုအခါ သူသည် မဟာတက်လှမ်းခြင်းအဆင့်တွင် ကိုယ်ပွားတစ်ခုကို စေလွှတ်နိုင်ပြီ ဖြစ်သော်လည်း ကုန်ကျစရိတ်မှာ ကြောက်ခမန်းလိလိပင်။ ထို့ကြောင့် လုံးဝ လိုအပ်လာမှသာ ၎င်းကို အသက်သွင်းမည် ဖြစ်သည်။

စက္ကန့်တိုင်းက အရင်းအမြစ် ပမာဏ အမြောက်အမြားကို ကုန်ဆုံးစေပေမည်။

"ဘိုးဘေးကြီး၊ ကျွန်တော်တို့ကို ဘာများ ညွှန်ကြားစရာ ရှိပါသလဲ။"

စုချီနျန်က လူအုပ်ကြီး၏ အရှေ့သို့ ထွက်လာပြီး ရိုသေစွာဖြင့် လက်အုပ်ချီလိုက်သည်။

ချန်ဟွိုက်အန်က စုချီနျန်၏ ခါးကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။

ပုံမှန်အားဖြင့် ဤဂိုဏ်းချုပ်က ခါးပတ်တွင် ဝိုင်ဘူးသီးခြောက် တစ်လုံးကို ချိတ်ဆွဲထားလေ့ ရှိသည်။ သို့သော် အခုတော့ ဘယ်ဘက်မှ ညာဘက်သို့ အလူမီနီယမ်ဘူး (၅)ဘူး ချိတ်ဆွဲထား၏။

ကလစ် ကိုလာ၊ ဘလူးဘူးလ်၊ စနိုးဝေါလ်၊ ဝမ်ဇိုင်းမိုက်တီနို့နှင့် ဘရေ့ဗ်သယ်ဝေါလ်။

(၅)ဘူးလုံးက ဖွင့်ပြီးသား ဖြစ်သည်။ ဤဂိုဏ်းချုပ်က သောက်စရာ တစ်ခုနှင့်တစ်ခု အကြား ကျွမ်းကျင်သူ တစ်ဦးကဲ့သို့ ပြောင်းလဲ သောက်သုံးနေကြောင်း သိသာလှသည်။

ကျင့်ကြံသူများသာ ထိုသို့ လုပ်နိုင်၏။ သာမန်လူတစ်ယောက်သာဆိုလျှင် အခုလောက်ဆို လူသားရေပိုက်ခေါင်း ဖြစ်နေလောက်ပြီ ဖြစ်သည်။

"စုချီနျန်။ အတော်အသင့် စွမ်းအားရှိတဲ့ အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲ တစ်ယောက်ကို ရှာထား။ မကြာခင် မင်းကို ဂိုဏ်းဆင့်ခေါ်မိန့် သုံးပြီး ငါ ဆင့်ခေါ်မယ်။ မင်းရဲ့ တာဝန်က လူတစ်ယောက်ကို သတ်ဖို့ ငါ့ကို ကူညီပေးဖို့ပဲ…"

စုချီနျန်၏ မျက်လုံးများ တောက်ပသွားသည်။ သူက ခါးမှ စည်သွတ်ဘူး တစ်ဘူးကို ဆွဲထုတ်လိုက်ပြီး မေးလိုက်သည်။ "အဲဒါက ဒီသောက်စရာတွေ လုပ်တဲ့ ကမ္ဘာလား။"

"ဟုတ်တယ်…" ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။

သူ စကားပြော၍ မဆုံးသေးခင်မှာပင် လူအုပ်ကြီးက ရှေ့သို့ ပြေးထွက်လာကြသည်။ တစ်ယောက်မကျန် အခြေတည်ဝိညာဉ်အဆင့် တပည့် သို့မဟုတ် အကြီးအကဲများ ဖြစ်ကြသည်။

"ဘိုးဘေးကြီး။ ကျွန်တော့်ကို ရွေးပါ။ ကျွန်တော် အသေအလဲ တိုက်ခိုက်နိုင်ပါတယ်။"

"ဘိုးဘေးကြီး၊ ကျွန်တော် သင့်တော်မယ်လို့ ထင်လား။ အမိန့်အားလုံး လိုက်နာပါ့မယ်။"

"ဘိုးဘေးကြီး၊ ဘိုးဘေးကြီးအတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ တခြားကမ္ဘာတစ်ခုကို မြင်ခွင့်ပေးပါ…"

သူတို့၏ မိုးကြိုးသံလို ကျယ်လောင်သော အသံများက ချန်ဟွိုက်အန်ကို ထိုနေရာတွင်ပင် ဖုံးလွှမ်းသွားစေသည်။

တပည့်အများစုမှာ ကျန့်ဝူ မြင့်မြတ်နယ်မြေမှ ဖြစ်ပြီး၊ အကြီးအကဲများမှာ အဓိက အားဖြင့် ဓားကျောင်းတော်နှင့် အဂ္ဂိရတ်ဂိုဏ်းတို့မှ ဖြစ်ကြသည်။

လင်းရှီးတောင်ကြားမှ အမျိုးသမီး အကြီးအကဲများက ပို၍ ထိန်းသိမ်းတတ်ကြသည်။ သို့သော် သူတို့၏ တောက်လောင်နေသော အကြည့်များကတော့ အခြား ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြနေ၏။

ချန်ဟွိုက်အန် တိတ်ဆိတ်သွားသည်။

ဒီလူတွေက ဆိုဒါသောက်ဖို့နဲ့ မုန့်စားဖို့အတွက် တကယ်ကြီး ကမ္ဘာမြေကို သွားချင် နေကြတာလား။

သူတို့ရဲ့ မြင့်မြတ်တဲ့ ကျင့်ကြံသူ စိတ်ဓာတ်တွေ ဘယ်ရောက်သွားလဲ။

သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တွေရော။

သူတို့ရဲ့ အင်မော်တယ်လို အမူအရာတွေကရော။

"တိတ်စမ်း…" စုချီနျန်က အော်ဟစ်လိုက်ရာ လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ သူ၏ လေသံက တင်းမာသွားသည်။ "ဒါ ဘယ်လို အပြုအမူတွေလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း။ တကယ့်ကို အရှက်ရစရာပဲ။ ဘိုးဘေးကြီးက ငါ့ကို လူရွေးခိုင်း ထားတာလေ။ မင်းတို့က ဘာလို့ သူ့ရှေ့မှာ တောင်းရမ်းသူတွေလို လူးလှိမ့်နေကြတာလဲ။ ငါ ဘယ်သူ့ကို ရွေးမယ်ဆိုတာ ဆုံးဖြတ်ပြီးသွားပြီ။"

သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အနောက်မှ တစ်ယောက်ယောက်ကို လက်ယပ် ခေါ်လိုက်သည်။

"ဟိုကောင်မလေး။ လာခဲ့…"

"လာပါပြီရှင့်…" ပျော်ရွှင်ရွှင်လန်းသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီး ကျင့်ကြံသူတစ်ဦး လူအုပ်ထဲမှ ထွက်လာသည်။

မြင့်မားသော ဆံပင်မြီးကောက်လေးက အနောက်တွင် ယိမ်းနွဲ့နေသည်။ တောက်ပသော မျက်လုံးများ၊ ဝင်းလက်နေသော အပြုံး၊ ထို့နောက် ကြီးမားလှသော ရင်သားများ။ သူက တခြားသူမဟုတ်၊ ယွဲ့ချန်ချီပင်။

"အခြေတည်ဝိညာဉ်အဆင့် အစောပိုင်း။ ယွဲ့ချန်ချီက အကောင်းဆုံး ကိုယ်စားလှယ်လို့ ကျွန်တော် ယုံကြည်တယ်။" စုချီနျန်က တည်ကြည်သော မျက်နှာဖြင့် သူ၏အာဏာကို လုံးဝ အလွဲသုံးစားလုပ်ကာ အလေးအနက် ပြောလိုက်သည်။

ချန်ဟွိုက်အန်က ယွဲ့ချန်းချီ၏ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံမှုကြောင့် အံ့ဩစွာ မျက်တောင်ခတ်လိုက်သည်။

သူ ရွှေရောင်အနှစ်သာရအဆင့် အထွတ်အထိပ်တွင်သာ ရှိနေစဉ်က ထိုကောင်မလေးကို ကယ်တင်ခဲ့ရသည်ကို သူ မှတ်မိနေသည်။

ယောင်ချီ မြင့်မြတ်နယ်မြေတွင် နေထိုင်ရခြင်းက အသွင်ယူထားသော ကောင်းချီးတစ်ခု ဖြစ်ပုံရသည်။ ကောင်းကင်ဘုံက ရတနာများနှင့် ရှားပါးဆေးလုံးအပြည့် အကျွေးခံရပြီး ကျဆင်းသွားမည်အစား သူက တိုးတက်လာခဲ့ခြင်းပင်။

သို့တိုင်အောင် သူ ဤမျှမြန်မြန် အဆင့်တက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ကန့်ကွက်ပါတယ်။ ဂိုဏ်းချုပ်စု၊ ခင်ဗျားက ရာထူးကို လုံးဝ အလွဲသုံးစားလုပ်နေတာပဲ။"

"ဟုတ်တယ်။ အဲဒီကောင်မလေး ကျွန်တော်နဲ့ တစ်ယောက်ချင်း လာချကြည့်ပါလား။"

"ဘိုးဘေးကြီး၊ မျှတတဲ့ ရွေးချယ်မှု ဖြစ်ဖို့ တောင်းဆိုပါတယ်။"

လူအုပ်ကြီးက မကျေမနပ် ကန့်ကွက်သံများဖြင့် ပေါက်ကွဲထွက်လာသည်။

ယွဲ့ချန်ချီ၏ အပြုံးက ပျောက်ကွယ်သွားသည်။ သူက နောက်လှည့်ကာ သူတို့ကို မျက်မှောင်ကြုတ်လျက် ခါးထောက်ပြီး စိုက်ကြည့်လိုက်သည်။

"ရှင်တို့အားလုံး ဘာတွေ အော်နေကြတာလဲ။ ကျွန်မက လီချင်းရန်ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ။ ရှင်တို့ကရော ဟုတ်လို့လား။ ကျွန်မက ဘိုးဘေးကြီးနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိလဲဆိုတာ သိလား။ ကျွန်မက သူ့ကို လက်ဖက်ရည် ဆက်သနိုင်တယ်၊ ခြေထောက် ဆေးပေးနိုင်တယ်။ ရှင်တို့ကော လုပ်နိုင်လို့လား။"

"ကျွန်တော်တို့ လုပ်နိုင်တယ်။" လူအုပ်ကြီးက အော်ဟစ်လိုက်သည်။

"ကျွန်မက သူ့အိပ်ရာကို နွေးအောင် လုပ်ပေးနိုင်တယ်။ ရှင်တို့ကော လုပ်နိုင်လို့လား။" ယွဲ့ချန်းချီက ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်သည်။ "ရှင်တို့ရဲ့ ဖရဲသီးတွေကရော ဒီလောက်ကြီးလို့လား။ ခေါင်းအုံးအဖြစ် သုံးလို့ရလို့လား။ ရှင်တို့…"

စုချီနျန်က သူ၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်ပြီး သူ့ကိုယ်တိုင် သူ့ကို သတ်ပစ်တော့မည့်အလား မျက်နှာကြီး မည်းမှောင်သွား၏။

ချန်ဟွိုက်အန်က ဤရူးသွပ်မှုများ ဖြစ်ပေါ်နေသည်ကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်ကွေးကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။

လီချင်းရန်က ကိုယ်ပိုင် ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် စီနီယာအစ်မယွဲ့၏ ရင်ဘတ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူ၏ နှုတ်ခမ်းလေးက အနည်းငယ် စူသွား၏။

ရုတ်တရက် လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အားလုံးက တစ်ယောက်ကိုတစ်ယောက် ရှုံးနိမ့်သွားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ယွဲ့ချန်းချီက တကယ်ကို... အင်အားကြီးလွန်းနေ၏။ ၎င်းကို အနိုင်ရရန် လုံးဝ နည်းလမ်းမရှိပေ။

"ကဲ ကောင်းပြီ၊ ကောင်းပါပြီ။ ဒီနေ့တော့ ဒီလောက်ပဲ လုပ်ကြတာပေါ့။"

"ဟူး... တော်တော် စိတ်ပျက်စရာပဲ။ ဒါက လုံးဝ ကြိုတင်စီစဉ်ထားတာ..."

လူအုပ်ကြီးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လူစုကွဲသွားကြသည်။

ချန်ဟွိုက်အန်၏ စူးရှသော မျက်လုံးများက ထောင့်တစ်နေရာတွင် ပုန်းနေသော ယွန်ပိုင်ယွီကို မြင်တွေ့သွားသည်။

သူက ယွန်ပိုင်ယွီကို လက်ယပ်ခေါ်လိုက်ပြီး လဲ့ရှီးအာလူးကြော်များကို ဆက်တိုက် စားနေသော ကျန်းမုန့်ချူးကိုလည်း လှမ်းခေါ်လိုက်သည်။

"တောင်ကြားသခင်မယွန်၊ ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ရဲ့ စွမ်းအားက တိုးတက်လာပြီ။ ငါ အခု မဟာတက်လှမ်းခြင်းအဆင့်မှာ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်ပြီ။ ဒီကိစ္စတွေ ပြီးတာနဲ့ မင်းရဲ့သမီးကို ကယ်တင်ဖို့ ယောင်ချီ မြင့်မြတ်နယ်မြေကို ငါ ချက်ချင်း သွားမယ်။"

ထို့နောက် သူ အိပ်မက်များ ရောင်းချနေစဉ်မှာပင် ယွင်ပိုင်ယွီကို ခိုင်မာသော ယုံကြည်စိတ်ချမှု တစ်ခု ပေးရန် သေချာလုပ်ဆောင်ခဲ့သည်။

"သူ့ရဲ့ ကံကြမ္မာကို ဟောကိန်းထုတ်ဖို့ ငါ ကောင်းကင်နက္ခတ်ကို တွက်ချက်ခဲ့တယ်။ မင်းရဲ့သမီးက လောလောဆယ်တော့ ဘေးကင်းပါတယ်။ ငါ လုပ်ရမယ့် ကိစ္စက တစ်ရက်ပဲ ကြာမှာပါ။ ငါ့ကို ယုံပါ။"

...

ယွန်ပိုင်ယွီ မှင်သက်သွားပြီးနောက် သူ၏ ကြည်လင်သော မျက်လုံးများ အထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒူးထောက်ချလိုက်ပြီး နက်နက်ရှိုင်းရှိုင်း ဦးညွတ် လိုက်သည်။

"ဘိုးဘေးကြီးရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။"

"ဘိုးဘေးကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။"

ချန်ဟွိုက်အန်က လီချင်းရန်ကို စိတ်လှုပ်ရှားနေသော ယွန်ပိုင်ယွီအား တွဲထူခိုင်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ "ကဲကဲ၊ ဒီလို တရားဝင် လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး။ မင်းရဲ့သမီးကို ကယ်တင်မယ်လို့ ငါ ကတိပေးထားပြီးပြီပဲ။ ငါက ကတိပေးပြီးရင် ဘယ်တော့မှ မဖျက်ဘူး။ အခု အချိန်ရောက်လာပြီဆိုတော့... ကျန်းမုန့်ချူး။"

"ဒီမှာပါ…" ကျန်းမုန်းချူက အာလူးကြော်များကို အလျင်အမြန် သိမ်းလိုက်ပြီး လေးနက်သော ကိုယ်ဟန်ကို ယူလိုက်သည်။

"ချင်းယွန်ဘုံ တစ်ခုလုံးကို သတင်းဖြန့်လိုက်။ မူလတာအိုခန္ဓာ ရှိနေတယ်ဆိုတဲ့အ ကြောင်း ကြေညာလိုက်။ ယောင်ချီ မြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတို့က အဲဒါကို ရှာဖွေတဲ့ဆီ အာရုံပြောင်းသွားအောင် သေချာလုပ်…"

"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး။ ကျွန်တော် အဲဒီအတိုင်း ဖြစ်အောင် လုပ်လိုက်ပါ့မယ်။"

ကျန်းမုန့်ချူး တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ထပ်ပြောသည်။ "ဒါပေမဲ့ ဘိုးဘေးကြီး။ ယောင်ချီ မြင့်မြတ်နယ်မြေမှာ အခုတလော တစ်ခုခု ထူးဆန်းနေတယ်။ သတင်းဖြန့်လိုက်လို့ စစ်မဖြစ်ဘဲ သူတို့တွေက... ပူးပေါင်းသွားရင်ကော။"

"ထူးဆန်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။" ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒါက... ယောင်ချီနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတို့ကြားက အခြေအနေက တော်တော်လေး ဝေဝါးနေတယ်။ သူတော်စင် ယွိယောင်က ဘုန်းကြီး ဖန်ယဲ့ကို ပွဲတော်တော်များများ ဖိတ်ကြားခဲ့တယ်။ သူ တစ်ယောက်တည်း မဟုတ်ဘူး။ တခြား ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေကိုပါ ဖိတ်ကြားထားတာ။ သူက ဓားကျောင်းတော်နဲ့ ကျန့်ဝူ မြင့်မြတ်နယ်မြေကိုတောင် ဖိတ်စာတွေ ပို့ထားသေးတယ်။ သူက အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး သူငယ်ချင်းတွေလိုမျိုး အတူတူ သောက်ကြမယ်လို့ ပြောနေတယ်။"

"အဲဒါကို မင်း တကယ် ယုံတာလား။" ချန်ဟွိုက်အန်က မျက်လုံးကို အပေါ်လှန်ပြ လိုက်သည်။

ကျန်းမုန့်ချူးက ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။

သေချာတာပေါ့။၊ သူက ယွိယောင်နဲ့ အိပ်ဖူးတဲ့ တစ်ဦးတည်းသောသူလေ။

ဒါပေမဲ့ သူ့ကို ယုံလားဆိုတော့ လုံးဝ မယုံဘူး။

"ဒါက သူ့ရဲ့ အကြံအစည်တွေထဲက တစ်ခုဆိုတာ ရှင်းနေတာပဲ။" ချန်ဟွိုက်အန်က အေးစက်စွာ ပြောလိုက်သည်။ "သူက လူတွေကို ဆေးလုံးလုပ်ဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ အားလုံးကို စုဆောင်းနေတာ ဖြစ်ရမယ်။ ငါပြောတဲ့အတိုင်းပဲ လုပ်။ သတင်းဖြန့်လိုက်။ ပြီးတော့ နောက်ကနေ ထိုင်ကြည့်နေလိုက်။ ငါတို့က နောက်ကွယ်မှာပဲ နေပြီး အကောင်းဆုံး အချိန်နဲ့ တိုက်ခိုက်မယ့် နည်းလမ်းကို ရွေးချယ်ဖို့ လွတ်လပ် နေမှာပဲ။"

"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး…"

...

ညွှန်ကြားချက်များ ပေးပြီးနောက်၊ ချန်ဟွိုက်အန်က လီချင်းရန်နှင့်အတူ ကမ္ဘာမြေသို့ ပြန်လာခဲ့သည်။

ထို့နောက် သူက ဂိုဏ်းဆင့်ခေါ်မိန့်ကို အသုံးပြု၍ စုချီနျန်နှင့် ယွဲ့ချန်ချီတို့ကို ဆင့်ခေါ်လိုက်သည်။

သူ၏ အစီအစဉ်က ရိုးရှင်၏။

ပထမဦးစွာ၊ အခြေတည်ဝိညာဉ်အဆင့် အစောပိုင်း ကျင့်ကြံသူဖြစ်သော ယွဲ့ချန်ချီကို လီပုယီအား တိုက်ခိုက်ရန် စေလွှတ်မည်။

၎င်းက သူ့ကို တုန်လှုပ်သွားစေလိမ့်မည်။ သို့သော် အထိတ်တလန့် ဖြစ်သွားနိုင် လောက်အောင်တော့ မဟုတ်ပေ။

ဝှက်ဖဲများ အားလုံးကို အခုကတည်းက ပြနေစရာ မလိုသေးပေ။

ထို့နောက် လီပုယီ အားနည်းချက် ပြသလိုက်သည်နှင့် တစ်ပြိုင်နက်၊ အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်တွင်ရှိသော စုချီနျန်က နောက်ကွယ်မှနေ၍ တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိမ့်မည်။

လီပုယီတွင် လျှို့ဝှက်လက်နက်ကို အသက်သွင်းရန် အခွင့်အရေးပင် ရရှိမည် မဟုတ်ပေ။

ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသော ဆရာတပည့် နှစ်ဦးကို ကြည့်ရင်း...

ချန်ဟွိုက်အန် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကံကြမ္မာကို ဆန့်ကျင်နိုင်မလား၊ မဆန့်ကျင်နိုင်ဘူးလား ဆိုတာက ခင်ဗျားတို့နှစ်ယောက် အပေါ်မှာပဲ မူတည်တော့တယ်..."

All Chapters