အခန်း (၁၇၃၅-၁၇၃၆)
Vol. 174 Ch. 1735-1736
အခန်း (၁၇၃၅) - စာရင်းရှင်းခြင်း
မီးဝိညာဉ်ချိုင့်ဝှမ်းအတွင်း၌ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
တောက်ထျန်း ပေါ်လာစဉ်က မျက်လုံးထဲတွင် မျှော်လင့်ချက်အရောင်အဝါများ ပြန်လည်တောက်ပလာခဲ့သည့် တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာ ယခုအခါတွင်မူ မျက်ဝန်းအစုံမှာ ရုတ်ချည်းပင် မှိန်ဖျော့သွားကြတော့သည်။
ကျင့်ကြံသူတိုင်းသည် သူတို့၏ လည်ပင်းများမှာ အလွန်အမင်း တောင့်တင်းနေသကဲ့သို့ ခံစားနေရပြီး ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ကြရာ အကြည့်အားလုံးမှာ ချင်းဟယ်ဆီသို့ ကျရောက်သွားကြသည်။
"အဆင့်... အဆင့် ၉ လား..."
တာတေထျန်းကျွင်း၏ အသံမှာ အလွန်အမင်း ခါးသီးနေပြီး သူ၏အကြည့်မှာ ချင်းဟယ်နှင့် ဖန့်ချန်ကြားတွင် ဟိုမှသည်သို့ တုန်ရီစွာ ရွေ့လျားနေ၏။
"မဖြစ်နိုင်တာ... အမာခံတပည့်ခေါင်းဆောင် ဆိုရင်တောင်မှ သူ့ဘေးမှာ အဆင့် ၉ စောင့်ရှောက်သူ ရှိမှာမဟုတ်ဘူး"
ယွမ်ယန်သန့်စင်သူက မိမိကိုယ်မိမိ ပြန်ပြောနေသကဲ့သို့ တိုးတိုးလေး ရေရွတ်နေမိသည်။
အဆင့် ၉ တဲ့လား
ထိုသူတို့နှစ်ဦး၏ စကားကြောင့် ဤနေရာရှိ မရေမတွက်နိုင်သော လူအုပ်ကြီးမှာ မှင်တက်ရာမှ ပြန်လည် သတိဝင်လာကြသည်။ ယခုအခါ အပြင်လူများသာမက ကျိရှန့်နှင့် ရှန့်နင်တို့ကဲ့သို့ ဖန့်ချန်ဘက်မှ လူများပင်လျှင် ဘာကိုမျှ နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြရသည်။
အမှန်တရားကို သိရှိထားသူဟူ၍ ဖားထျန်းအရှင်မြတ်တို့ တစ်သိုက်သာ ရှိလေသည်။
"ဘာအမာခံတပည့်လဲ... မင်းတို့ရှေ့မှာ ရပ်နေတာက ငရဲမင်းရဲ့ အမွေခံဟ၊ မင်းတို့ရဲ့ အမာခံတပည့်ဆိုတဲ့ အဆင့်အတန်းထက် အများကြီး သာလွန်တယ်..."
ယွန်းဖူအရှင်မြတ်က စိတ်ထဲမှ ကျိတ်၍ ရေရွတ်နေမိသည်။
ထို့နောက် သူက ချင်းဟယ်ကို ပြုံးပြုံးလေး ကြည့်ကာ အရိုအသေပေးလိုက်သည်။
"စီနီယာရဲ့ လက်ချက်က တကယ်ကို အံ့မခန်းပါပဲ၊ အဆင့် ၉ တစ်ပိုင်း ပုဂ္ဂိုလ်ကြီးကိုတောင် လက်ညှိုးတစ်ဝက်လောက်နဲ့ အသေဖိသတ်နိုင်တာပဲ"
"သူ မသေသေးဘူး"
ချင်းဟယ်က ပြန်လည်ရှင်းပြလိုက်သည်။
ယွန်းဖူအရှင်မြတ် ခေတ္တမျှ မှင်တက်သွားပြီးနောက် အမြန်ပင် ပြန်လည် အားနာပါးနာ ရယ်မောကာ
"ဟုတ်ကဲ့ပါ... ဟုတ်ပါတယ်ခင်ဗျာ"
ယင်စွမ်းအင်များဖြင့် မြေပြင်ပေါ်တွင် ချုပ်နှောင်ခံထားရသော တောက်ထျန်းမှာမူ ယခုအခါ ထိတ်လန့်ဒေါသထွက်နေသော မျက်နှာထားဖြင့် ရှိနေသည်။ ဤနေရာတွင် အဆင့် ၉ မသေမျိုး တစ်ဦး ရှိနေသည်ကို သူ အလွန်အမင်း တုန်လှုပ်နေမိသည်။
ထို့အပြင် ဤကိစ္စကို နတ်လမ်းစဉ်ဂိုဏ်း ဖြစ်စေ၊ မိစ္ဆာမဟာမိတ်အဖွဲ့ ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်မှ မသိရှိကြသည်ကို သူ အလွန်အမင်း ဒေါသထွက်နေ၏။
"ငါ့ကို ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ နေရာကို ပို့လိုက်ရတာလဲ၊ တကယ်လို့ သူမက ငါ့ကို သတ်လိုက်ရင် ငါ ဒီနှစ်တွေတစ်လျှောက် အပင်ပန်းခံ ကျင့်ကြံလာတာတွေ အလကား ဖြစ်ကုန်တော့မှာပေါ့..."
ဤသို့ တွေးမိသည်နှင့် တောက်ထျန်းမှာ အလွန်အမင်း ကြောက်လန့်သွားရသည်။ ရှေးဦးနဂါးနတ်ဘုရားနန်းတော်က လိုက်သတ်စဉ်ကတောင် သူ ဤမျှ မကြောက်ခဲ့ဖူးချေ။
"ကျွယ်... ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တစ်ယောက် ဘေးမှာ အဆင့် ၉ စောင့်ရှောက်သူ ရှိနိုင်လို့လား "
တာတေထျန်းကျွင်းက ဖန့်ချန်ကို ကြည့်ကာ မိမိကိုယ်မိမိ လှောင်ပြောင်သည့် အမူအရာဖြင့် ဆိုလိုက်သည်။
"ငါတို့တွေ ကျွယ်မင်နန်းတော်ကို အမြဲ အထင်သေးခဲ့မိတာပဲ၊ မင်းကိုလည်း အထင်သေးခဲ့မိတယ်... ဝမ်ယဲ့"
ထိုအချိန်တွင် သူနှင့် အတွေးတူနေသူများမှာ စိတ်ဝိညာဉ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့်များပင် ဖြစ်သည်။ သူတို့ ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ လူသားတစ်ယောက်ကို ကြည့်နေသကဲ့သို့ မဟုတ်ဘဲ မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
ကံကောင်းထောက်မစွာဖြင့် ထိုမိစ္ဆာမှာ သူတို့ဘက်က ဖြစ်နေခဲ့သည်။ သူတို့၏ အသိပညာ၊ အတွေ့အကြုံများနှင့်ဆိုလျှင် အမာခံတပည့်တစ်ဦး၏ ဘေးတွင် အဆင့် ၉ ပုဂ္ဂိုလ်ကြီး ရှိနေခြင်းဆိုသည်မှာ... အလွန်ပင် အဓိပ္ပာယ်မရှိသည့် ကိစ္စဖြစ်နေသည်။
လောကကြီးတွင် အဆင့် ၉ ပုဂ္ဂိုလ်ကြီး ဘယ်နှယောက် ရှိလို့လဲ ယခုကဲ့သို့သော စစ်မက်ကာလမျိုးတွင် အဆင့် ၉ တိုင်းသည် သူတို့ရှိသင့်သော နေရာများတွင်သာ ရှိနေကြသည်။ မင်ဝမ်ကြယ်ကဲ့သို့ နေရာမျိုးတွင် အဆင့် ၉ တစ်ဦး ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့သည် တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့အပေါ် စိတ်ထဲမှ သနားစိတ် အနည်းငယ်ပင် ဝင်မိသွားသည်။ အဖြစ်မှန်က ရှင်းနေပြီ၊ ဒီလူနှစ်ယောက်ဟာ လုံးလုံးလျားလျား အကြံအဖန် လုပ်ခံလိုက်ရတာပဲ။ သူတို့ ခေါ်လာတဲ့ ယင်မသေမျိုးတွေက ကျွယ်မင်နန်းတော် အမာခံတပည့် ဝမ်ယဲ့ရဲ့လူတွေ ဖြစ်ကုန်သလို၊ သူတို့ရဲ့ အစောင့်အရှောက် အဆင့် ၉ တစ်ပိုင်းကလည်း ဝမ်ယဲ့ ခေါ်လာတဲ့ အဆင့် ၉ ရဲ့ လက်ထဲမှာ အနှိမ်ခံလိုက်ရပြီ။
ဒါကို ဘယ်လို တိုက်တော့မှာလဲ တိုက်စရာ အကြောင်းမရှိတော့ဘူး။
တာတေထျန်းကျွင်းတို့ နှစ်ဦးသည်လည်း အမာခံတပည့်များ၏ အကြည့်များ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူတို့ ဘာတွေးနေသည်ကို ရိပ်မိလိုက်ကြရာ စိတ်မသက်မသာ ဖြစ်သွားကြသည်။
"ဖန့်သခင်လေး... အဲဒီခံစားချက်မျိုး ပြန်ပေါ်လာပြန်ပြီ၊ မြန်မြန်ဆန်ဆန်ပဲ အပြတ်ရှင်းရအောင်၊ တစ်ဖက်လူက ကျမတို့ရဲ့ တည်နေရာကို မသိခင် ကျမ ယင်ဘူးထဲကို အမြန်ပြန်ဝင်ရမယ်"
ချင်းဟယ်၏ အမူအရာမှာ ရုတ်တရက် အလွန်အမင်း လေးနက်သွားပြီး ဖန့်ချန်ကို စိတ်ချင်းဆက်၍ သတိပေးလိုက်သည်။
'မိစ္ဆာဘိုးဘေး လား'
ဖန့်ချန်က ဘာမှမဖြစ်သကဲ့သို့ တောက်ထျန်းကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။
"တောက်ထျန်း... မင်း ယင်လောက ထဲကို သွားနိုင်လား"
"နတ်... နတ်ဘုရားလမ်းစဉ် ကျင့်ကြံသူတွေက... ယင်လောကထဲကို သွားလို့မရဘူး"
တောက်ထျန်း ခေတ္တ မှင်တက်သွားပြီးနောက် အားတင်း၍ တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။
'နတ်ဘုရားလမ်းစဉ် ကျင့်ကြံသူတွေက သွားလို့မရဘူး ဟုတ်လား ယွမ်ဟယ်ဆရာသခင်ကလည်း နတ်ဘုရား ပဲ၊ ဒါပေမဲ့ သူက ငရဲမင်းနန်းတော်မှာ ပေါ်လာနိုင်တယ်၊ မဟုတ်သေးဘူး... ဒီလူ့ရဲ့ နတ်ဘုရားကျင့်ကြံမှုက နတ်ဘုရားစာရင်းကနေ လာတာ၊ ဆိုလိုတာက သူ့ရဲ့ ဝိညာဉ်ဟာ နတ်ဘုရားစာရင်းရဲ့ ကန့်သတ်ချက်ကြောင့် ပြောင်းလဲသွားပြီး ယင်လောကထဲကို သွားလို့မရတော့တာ ဖြစ်နိုင်တယ်'
ဤသို့ တွေးမိသည်နှင့် ဖန့်ချန် စိတ်ထဲမှ နှမြောတသ ဖြစ်သွားမိသည်။
တောက်ထျန်း၏ မျက်လုံးထဲတွင် တစ်ခဏမျှ ဖြတ်ပြေးသွားသော ထိတ်လန့်မှုကို သူ မြင်လိုက်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အသက်ရှင်လိုစိတ် အလွန်ပြင်းထန်သူဖြစ်ရာ စကားအနည်းငယ်ဖြင့် စည်းရုံးလိုက်လျှင် ဘွဲ့နှင်းခံခြင်း ကို လက်ခံမည့်သူ ဖြစ်သည်။ ယခုမူ ယင်လောကထဲသို့ သွား၍မရမှတော့ သူ့ကို သတ်ပစ်ပြီး နတ်လမ်းစဉ်ဂိုဏ်း၏ အင်အားကို လျှော့ချပစ်ရန်သာ ရှိတော့သည်။
"သီလရှင်လေး"
ဖန့်ချန်က ချင်းဟယ်ကို တစ်ချက် ကြည့်လိုက်သည်။
ချင်းဟယ်သည် သဘောပေါက်သွားကာ သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး တောက်ထျန်းကို လက်ညှိုးဖြင့် အသာအယာ တို့လိုက်တော့သည်။
နောက်တစ်ခဏတွင် တောက်ထျန်း၏ ခန္ဓာကိုယ်မှာ သဲအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဦးခေါင်းမှ စတင်ကာ သဲမှုန်လေးများအဖြစ် တစ်စစီ ကြွေလွင့်သွားတော့သည်။
ယွမ်ယန်သန့်စင်သူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ သူမ၏ အမြီးဖျားမှ အပြာရောင် မီးတောက်ကလေးမှာလည်း သူမ၏ စိတ်ခံစားချက်ကဲ့သို့ပင် မှိန်လိုက် လင်းလိုက် ဖြစ်နေတော့သည်။
ဖားထျန်းအရှင်မြတ်တို့ လေးယောက်သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကြက်သီးမွှေးညင်းများပင် ထသွားကြသည်။ ဤမြင်ကွင်းကို မြင်ရမှသာ သူတို့နှင့် အဆင့် ၉ ကြားရှိ ကွာခြားချက်ကို အမှန်တကယ် သဘောပေါက်သွားကြတော့သည်။
ဒါဟာ... တကယ့်ကို နတ်ဘုရားနဲ့ ပုရွက်ဆိတ်ကြားက ကွာခြားချက်လိုပါပဲ။
အဆင့် ၈ နဲ့ အဆင့် ၉ က ဒီလောက်တောင် ကွာခြားတာလား အဆင့် ၉ တစ်ပိုင်းဆိုတာတောင် အဆင့် ၉ စစ်စစ်ရဲ့ လက်ထဲမှာ ပိုးကောင်လေးတစ်ကောင်ကို ချေပစ်သလိုမျိုး အလွယ်တကူ အသတ်ခံလိုက်ရတာလား။
ချင်းဟယ်သည် တောက်ထျန်းကို သတ်ဖြတ်ပြီးနောက် ယင်ဘူးထဲသို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။
တောက်ထျန်း သေဆုံးပြီးနောက် ဝိညာဉ်ကျန်ရစ်ခြင်း မရှိသည်ကို ဖန့်ချန် မြင်လိုက်ရရာ တစ်ဖက်လူ ပြောခဲ့သည်မှာ မှန်ကန်ကြောင်း၊ သူသည် ယင်လောကထဲသို့ သွား၍မရကြောင်း သေချာသွားတော့သည်။
"နတ်ဘုရားလမ်းစဉ်..."
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့ဆီသို့ အကြည့်လွှဲလိုက်သည်။
"ခုနက... သူမက နင့်ကို ဖန့်သခင်လေး လို့ ခေါ်လိုက်တာ၊ နင်က ဝမ် မျိုးရိုး မဟုတ်ဘူး "
ယွမ်ယန်သန့်စင်သူက ဖန့်ချန်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
ကျိရှန့်၏ မျက်လုံးထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဖန့်ချန်က သူမ၏စကားကို ပြန်မဖြေဘဲ ဖားထျန်းအရှင်မြတ်ကိုသာ ခေါင်းညိတ်ပြလိုက်သည်။
တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာ ထိုအမူအရာကို မြင်သည်နှင့် အခြေအနေကို ရိပ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်ရန် ပြင်လိုက်သော်လည်း ဖားထျန်းအရှင်မြတ်၏ လက်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရတော့သည်။
ထို့နောက် သူတို့နှစ်ဦး၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အစိမ်းနုရောင် မီးခိုးငွေ့များကို ဖန့်ချန်က သိမ်းဆည်းလိုက်သည်။
"အရှင်... ဒါက သူတို့ရဲ့ ရှေးဟောင်းမသေမျိုးမှတ်တမ်းတွေပါ"
ဖားထျန်းအရှင်မြတ်က သူတို့နှစ်ဦး၏ အလောင်းထဲမှ မှတ်တမ်းများကို ဆွဲထုတ်ကာ ဖန့်ချန်ထံသို့ ကမ်းပေးလိုက်သည်။
အပြင်ထွက်လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ဖန့်ချန်သည် ရှေးဟောင်းမသေမျိုးမှတ်တမ်း လေးစောင်ကို ရရှိခဲ့ပြီ ဖြစ်သည်။
"ဒါကြောင့် စစ်ပွဲဆိုတာဟာ အင်အားတွေကို ပြန်လည် နေရာချပေးဖို့ အခွင့်အရေးကောင်း တစ်ခုပဲ၊ ဒါကြောင့်လည်း ရည်မှန်းချက်ကြီးတဲ့ သူတွေက ဒီနည်းလမ်းကို သုံးပြီး အရာရာကို ပြန်လည် ခွဲဝေချင်ကြတာပေါ့"
ဖန့်ချန်၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ဤလောက၏ နိယာမကို သူ ကောင်းကောင်း နားလည်ထားသည်။
မီးဝိညာဉ်ချိုင့်ဝှမ်းအတွင်း၌ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်နေပြီး မည်သူမျှ စကားမပြောရဲကြချေ။ သူတို့သည် အသက်ရှူပင် အသံမထွက်အောင် ခပ်မှန်မှန်သာ ရှူနေကြသည်၊ သို့မဟုတ် အသက်ပင် အောင့်ထားကြသည်။
ပထမဆုံး အဆင့် ၇ ရှေးဟောင်းမသေမျိုး ဝူဖာ ကျောင်းထိုင်ဘုန်းကြီး။
ပြီးတော့ မင်ဝမ်ကြယ်က အဆင့် ၆ ကျင့်ကြံသူတွေ။
နောက်တော့ အဆင့် ၉ တစ်ပိုင်း တောက်ထျန်း။
နောက်ဆုံးမှာတော့ မိစ္ဆာမဟာမိတ်အဖွဲ့က တာဝေစာကြည့်တိုက်ရဲ့ အမာခံတပည့်ဟောင်း တာတေထျန်းကျွင်းနဲ့ အဆင့်အတန်းတူတဲ့ ယွမ်ယန်သန့်စင်သူတို့ပါ အသတ်ခံလိုက်ရပြီ။
ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် သေဆုံးသွားခဲ့သော ပုဂ္ဂိုလ်ကြီးများ၏ စာရင်းမှာ မင်ဝမ်ကြယ် သမိုင်းတစ်လျှောက်တွင် အစွမ်းအထက်ဆုံးနှင့် အသိပ်သည်းဆုံး စာရင်း ဖြစ်သွားပေလိမ့်မည်။
ထိုအရာအားလုံးသည် ကျွယ်မင်နန်းတော်၏ အမာခံတပည့်တစ်ဦးကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လူအုပ်ကြီး၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်လာကြသည်။
ကျွယ်မင်နန်းတော်ရဲ့ အစွမ်းက ငါတို့ ထင်ထားတာထက် အများကြီး သာလွန်နေတာလား
"ဒီရက်ပိုင်းအတွင်းမှာ မင်ဝမ်ကြယ်က လူငယ်အချို့ဟာ မိစ္ဆာမဟာမိတ်အဖွဲ့ကမှ အမှန်တရား လို့ တွေးနေကြတာကို ငါ တွေ့လိုက်ရတယ်။ ဒါဟာ မင်းတို့ နောက်ကျမှ မွေးလာလို့၊ မင်းတို့ မွေးလာတဲ့အချိန်မှာ မိစ္ဆာမဟာမိတ်အဖွဲ့က ထိုက်ချန်းနယ်မြေမှာ ဩဇာအာဏာတွေ ကြီးထွားနေပြီမို့လို့ ဖြစ်မှာပါ"
ဖန့်ချန်က မီးဝိညာဉ်ချိုင့်ဝှမ်းရှိ ကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဒီလို အတွေးမျိုးက အရမ်း အန္တရာယ်များတယ်။ မင်းတို့တွေ မိစ္ဆာအဖြစ်ကို မပြောင်းလဲသေးခင်မှာတောင် ဒီလိုစိတ်ဓာတ်မျိုး ရှိနေပြီဆိုရင်၊ နောက်ကျရင် ပိုဆိုးသွားလိမ့်မယ်။ စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေကလူတွေ ဒီကိုလာပြီး ကူညီပေးတဲ့အခါမှာ မိစ္ဆာတွေကို တိုက်ခိုက်နေရင်းနဲ့ မင်းတို့ကိုပါ ပြန်ပြီး သတိထားနေရတာမျိုး မဖြစ်သင့်ဘူး"
လူအုပ်ကြီးမှာ မှင်တက်သွားကြပြီး ဖန့်ချန်၏ ဆိုလိုရင်းကို သေချာ မသိကြချေ။
"လေးယောက်စလုံး... ငါ အလိုရှိတာက မင်းတို့တွေ မင်ဝမ်ကြယ်ကို အမြန်ဆုံး စာရင်းရှင်းပေးဖို့ပဲ။ မိစ္ဆာမဟာမိတ်အဖွဲ့အပေါ် သစ္စာစောင့်သိနေတဲ့သူတွေ ရှိရင်တော့... သူတို့ကို ယင်လောကမှာ ခဏလောက် သွားနေခိုင်းပြီး နောင်ကျရင် ပြန်ပြီး လူဝင်စားဖို့ စောင့်ခိုင်းလိုက်ကြပါ"
ဖန့်ချန်က ဖားထျန်းအရှင်မြတ်တို့ကို ကြည့်ကာ အေးဆေးစွာ အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူအတော်များများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူတို့ သဘောပေါက်လိုက်ပြီ၊ တစ်ဖက်လူက သူတို့ကို စာရင်းရှင်းတော့မည်။
"နံပါတ် ၉ ရဲ့ ဒီစကားတစ်ခွန်းကြောင့်... လူအတော်များများတော့ သေဒဏ် အပေးခံလိုက်ရပြီပဲ"
ကျိရှန့်က ဝမ်းသာအားရဖြင့် ကျိတ်၍ ပြောလိုက်သည်။ သူသည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ပင် စိတ်ကျေနပ်နေတော့သည်။
အခန်း (၁၇၃၆) - ဤစစ်ပွဲသည် ဧကန်မလွဲ ရှုံးနိမ့်လိမ့်မည်
မီးဝိညာဉ်ချိုင့်ဝှမ်း တိုက်ပွဲပြီးဆုံးသွားသည်မှာ သုံးလတိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိုသုံးလတာအတွင်း မင်ဝမ်ကြယ်၏ အင်အားစုများသည် လုံးဝဥဿုံ ပြန်လည်နေရာချထားခြင်း ခံခဲ့ရသည်။
မိစ္ဆာမဟာမိတ်အဖွဲ့နှင့် နီးစပ်သူများ၊ ခိုလှုံသူများနှင့် သစ္စာစောင့်သိသူ အင်အားစုများ၊ ကျင့်ကြံသူအားလုံးကို သန်းနှင့်ချီသော ယင်စစ်သည်များက အပြတ်အသတ် စာရင်းရှင်းခဲ့ကြသည်။
မင်ဝမ်ကြယ်၏ အပြင်ဘက်ရှိ ချင်းမင်နယ်စပ်ဂိတ်ကိုလည်း ဝမ်သောက်မသေမျိုးဂိုဏ်းအပေါ် သစ္စာရှိသော ကျင့်ကြံသူများက ပြန်လည်သိမ်းပိုက် စောင့်ကြပ်ခဲ့ကြသည်။
ဤကာလအတွင်း ဝင်ပေါက်ထွက်ပေါက်များကို အကုန်အစင် ပိတ်ဆို့ထားပြီး မည်သူ့ကိုမျှ အဝင်အထွက် မပြုလုပ်စေခဲ့ပေ။
ယင်လောကတွင်လည်း ယင်စစ်သည်တစ်စုက စောင့်ကြပ်နေသဖြင့် တစ်စုံတစ်ယောက်က ယင်လောကမှတစ်ဆင့် သတင်းပေးပို့ရန် ကြိုးစားလျှင်ပင် မဖြစ်နိုင်တော့ချေ။
မင်ဝမ်ကြယ်၊ ယင်လောက။
ဝူဖာ ကျောင်းထိုင်ဘုန်းကြီး၊ တာတေထျန်းကျွင်း၊ ယွမ်ယန်သန့်စင်သူ အစရှိသည့် ဝိညာဉ်ပေါင်း ရာကျော်ကို ယွန်းဖူအရှင်မြတ်က စက်ဝိုင်းဆွဲ၍ အကျဉ်းချထားပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသည်။
"တာတေထျန်းကျွင်း... ငါတို့က မိစ္ဆာမဟာမိတ်အဖွဲ့ကို ယုံကြည်လို့ မင်းတို့ဘက်က ရပ်တည်ပေးခဲ့တာ၊ ဒါပေမဲ့ အကျိုးအမြတ် တစ်စက်ကလေးမှ မရတဲ့အပြင် အခုတော့ အသက်ပါ ပေးလိုက်ရပြီ။ အခု ဝိညာဉ်ပါ အဖျက်ဆီးခံရဦးမယ်ဆိုရင်တော့ တကယ်ကို သနားစရာ ကောင်းလွန်းမနေဘူးလား"
မင်ဝမ်ကြယ်မှ ဒေသခံကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူသည် အသက်ရှင်စဉ်က အဆင့် ၄ မသေမျိုးဖြစ်သော်လည်း သေဆုံးသွားချိန်တွင် သာမန်ဝိညာဉ်တစ်ခု ဖြစ်သွားခဲ့ရာ တာတေထျန်းကျွင်း၏ ရှေ့တွင်ပင် ရဲရဲဝံ့ဝံ့ စကားဆိုရဲနေတော့သည်။
အကြောင်းမှာ ယခုအခါ အားလုံး၏ အခြေအနေမှာ အတူတူပင်ဖြစ်ပြီး အကျဉ်းသားများ ဖြစ်နေကြသောကြောင့်ပင်။ ပြောရလျှင် တာတေထျန်းကျွင်း၏ အခြေအနေက သူတို့ထက်ပင် ပိုဆိုးနေသေးသည်။
"ဟုတ်တယ်... မင်းတို့ သုံးယောက်က ကိုယ့်ဘာကိုယ်ပဲ ကြည့်မနေနဲ့လေ။ အစတုန်းက ငါတို့တွေ မိစ္ဆာမဟာမိတ်အဖွဲ့ဘက်က မရပ်တည်ပေးခဲ့ရင် ကိစ္စအဝဝက ဒီလောက် ချောမွေ့ပါ့မလား။ ငါတို့လိုလူမျိုးတွေ ထိုက်ချန်းနယ်မြေမှာ မရေမတွက်နိုင်အောင် ရှိတယ်၊ ငါတို့တွေကြောင့်ပဲ ဝမ်သောက်မသေမျိုးဂိုဏ်းက အချိန်မီ တုံ့ပြန်မှု မပေးနိုင်ဘဲ တရစပ် ရှုံးနိမ့်ခဲ့ရတာ။
ဒီနေ့ အခြေအနေကသာ နည်းနည်းလေး ကောင်းဦးမယ်ဆိုရင် ငါတို့ ဒီလိုစကားတွေ ပြောမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဟိုပုဂ္ဂိုလ်က ပြောပြီးသား... အမှန်အတိုင်း မပြောရင် ဝမ်ချွမ်းမြစ် ထဲ ပစ်ချခံရပြီး ထာဝရ နစ်မြုပ်နေရမလား၊ ဒါမှမဟုတ် ဝိညာဉ်အဖျက်ဆီးခံရပြီး လူပြန်ဝင်စားခွင့်ပါ ဆုံးရှုံးမလားဆိုတာပဲ"
တစ်ယောက်က ထောက်ခံပြောဆိုလိုက်သည်။ အချို့သော ဝိညာဉ်များမှာမူ ဘာမှမပြောဘဲ လေးလံသော စိတ်များဖြင့် ငြိမ်သက်နေကြသည်။
တာတေထျန်းကျွင်းမှာမူ ထိုစကားများကို မကြားဟန်ပြုကာ တည်ငြိမ်နေဆဲပင်။ ယွမ်ယန်သန့်စင်သူကမူ မျက်မှောင်ကြုတ်လျက် အပြင်ဘက်သို့ အမြဲ မျှော်ကြည့်နေပြီး ရုတ်တရက် သူမက ယွန်းဖူအရှင်မြတ်ကို လှမ်းကြည့်လိုက်သည်။
"ယွန်းဖူအရှင်မြတ်... ကျွန်မ ဟိုပုဂ္ဂိုလ်ကို တွေ့ချင်တယ်"
"ယွမ်ယန်သန့်စင်သူ... မင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ဒါပေမဲ့ မင်းနဲ့ တာတေထျန်းကျွင်းရဲ့ အဆင့်အတန်းက မတူဘူး၊ အရှင်က မင်းကို တွေ့ချင်မှ တွေ့လိမ့်မယ်"
ယွန်းဖူအရှင်မြတ်က ခနဲ့တဲ့တဲ့ ပြုံး၍ ဆိုလိုက်သည်။
တာတေထျန်းကျွင်းက ယွမ်ယန်သန့်စင်သူကို တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အေးစက်သော အကြည့်များ ဖြတ်ပြေးသွားသည်။
"ယွမ်ယန်... နတ်လမ်းစဉ်ဂိုဏ်းက ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်ထားပြီးသား၊ နင်က နတ်လမ်းစဉ်ဂိုဏ်းကို ကိုယ်စားပြုပြီး ငါတို့ မျိုးနွယ်စုနှစ်ခုကြားက မဟာမိတ်ကို ဖြတ်တောက်ချင်တာလား။
နင် အဲဒီလောက်အထိ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ သေပြီးပြီဆိုမှတော့ ငြိမ်ငြိမ်လေး သေစမ်းပါ၊ ရုန်းကန်ဖို့ မကြိုးစားနဲ့တော့။ ငါတို့ရဲ့ ရည်မှန်းချက်အတွက် လမ်းခုလတ်မှာ လူအများကြီး သေကြရမှာက သတ်မှတ်ချက်ပဲ"
"နင်ပဲ သေလိုက်ပါ၊ ငါကတော့ အဆုံးထိ အသက်ရှင်ပြီး အဲဒီအချိန်က မြင်ကွင်းကို ကြည့်ချင်သေးတယ်"
ယွမ်ယန်သန့်စင်သူက အေးဆေးစွာ ပြန်ပြောလိုက်သည်။
ထို့နောက် သူမက ယွန်းဖူအရှင်မြတ်ကို ကြည့်ကာ လေးနက်သောလေသံဖြင့် ဆိုသည်။
"ကျွန်မက နတ်ဆိုးမျိုးနွယ်ရဲ့ သွေးမျိုးဆက်သန့်စင်သူဖြစ်တယ်၊ အရှင်က ကျွန်မတို့မျိုးနွယ်နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာ သိချင်မှာပါ။ ပြီးတော့ သူတို့နောက်ထပ် လုပ်မယ့် အရေးကြီးတဲ့ အစီအစဉ်တွေကိုလည်း သိချင်မှာပဲ မဟုတ်လား။ တာတေထျန်းကျွင်းက မပြောချင်ဘူးဆိုရင် ကျွန်မ ပြောနိုင်ပါတယ်"
"အိုး..."
ယွန်းဖူအရှင်မြတ်၏ မျက်လုံးများ လင်းလက်သွားပြီးနောက် ပြုံး၍ ဆိုလိုက်သည်။
"ဒါဆို ခဏစောင့်ဦး၊ ငါ အရှင့်ကို သွားပင့်လိုက်မယ်"
"ယွန်းဖူအရှင်မြတ်... မင်းက အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ယောက်ဖြစ်ပါလျက်နဲ့ ဘာလို့ သူ့ကို အရှင် လို့ ခေါ်ပြီး အရိုအသေပေးနေရတာလဲ။ သူက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်နေရင်တောင်၊ သူ့ဘေးမှာ အဆင့် ၉ ရှိနေရင်တောင်မှ အဆင့် ၈ ဖြစ်တဲ့ မင်းက သူ့ရှေ့မှာ ခေါင်းငုံ့ခံနေစရာ မလိုပါဘူး "
တာတေထျန်းကျွင်းက ရုတ်တရက် မေးလိုက်သည်။
ယွန်းဖူအရှင်မြတ်က လမ်းလျှောက်နေရာမှ ရပ်တန့်သွားပြီး တာတေထျန်းကျွင်းကို တစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။ ဘာမှ ပြန်မပြောဘဲ ဝေဝါးနေသော မြူခိုးဖြူများအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
မင်ဝမ်ကြယ်မှ ဒေသခံကျင့်ကြံသူများသည် ယွမ်ယန်သန့်စင်သူ ရှေ့ထွက်လာသဖြင့် စိတ်လှုပ်ရှားသွားကြသည်။ ယွမ်ယန်သန့်စင်သူက ဟိုပုဂ္ဂိုလ် ကျေနပ်လောက်မည့် အဖြေကို ပေးနိုင်လျှင် သူတို့လည်း လူပြန်ဝင်စားခွင့် ရကောင်းရနိုင်ပေမည်။
'ဘယ်လို အကြောင်းပြချက်က အဆင့် ၈ ရှေးဟောင်းမသေမျိုးကို ကျင့်ကြံရေးလောကရဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်ရှေ့မှာ ဒူးထောက်စေတာလဲ။ သူ့ရဲ့ အစစ်အမှန် အဆင့်အတန်းက ဘာလဲ၊ အဆင့် ၉ ကကော ဘာလို့ သူ့ကို စောင့်ရှောက်နေရတာလဲ... အဲဒီ အဆင့် ၉ ကကော ဘယ်သူလဲ...'
တာတေထျန်းကျွင်းက မျက်မှောင်ကြုတ်လျက် တွေးနေမိသည်။ သူ၏ ဦးနှောက်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်နေသော်လည်း မည်သည့်အဖြေကိုမျှ ရှာမတွေ့နိုင်ဘဲ ဖြစ်နေရရာ ၎င်းက သူ့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။
ခူတူဘုရားကျောင်း၊ တရားဟောဆောင်။
ဤနေရာရှိ ဘုန်းကြီးကြီးများ အားလုံးကို ကွပ်မျက်ပြီးဖြစ်သည်။ မိစ္ဆာမဟာမိတ်အဖွဲ့ထံ ခိုလှုံသူများ၏ စံပြအဖြစ် ခူတူဘုရားကျောင်းမှာ ပထမဆုံး စာရင်းရှင်းခံရသည့် အင်အားစု ဖြစ်လာခဲ့သည်။ နောက်ပိုင်း စာရင်းရှင်းမှု အများစုမှာလည်း ဤပုံစံကိုပင် နမူနာယူခဲ့ကြသည်။
ဖန့်ချန်သည် ဝူဖာ ကျောင်းထိုင်ဘုန်းကြီး ပုံမှန်ထိုင်လေ့ရှိသော ထိုင်ခုံ ပေါ်တွင် ထိုင်နေသည်။ သူ၏ ရှေ့ဝဲယာတွင် စိတ်ဝိညာဉ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့မှ အမာခံတပည့်များ ထိုင်နေကြသည်။
"စီနီယာဝမ်... အခု စစ်မျက်နှာအသီးသီးက အခြေအနေတွေက ကျွန်တော်တို့ ပြောခဲ့သလိုပဲ၊ အရမ်းကို မဟန်ပါဘူး"
"ထိုက်ချန်းနယ်မြေရဲ့ ဒေသခံအင်အားစုတွေက မိစ္ဆာတွေရဲ့ ဖိနှိပ်မှုကို အရမ်း ခံနေရတယ်"
"အဓိက ကတော့ ဒီမိစ္ဆာတွေက လူသတ်လုယက်တာတွေ၊ အပြစ်မဲ့သူတွေကို သတ်ဖြတ်တာမျိုးတွေ မလုပ်ကြဘူး။ ဒါကြောင့် ခူတူဘုရားကျောင်းလို အင်အားစုမျိုးတွေက သူတို့ကို မတော်လှန်ဘဲ သူတို့ဘက်က ရပ်တည်ပေးဖို့ ရွေးချယ်ကုန်ကြတာပဲ"
"ဝမ်သောက်မသေမျိုးဂိုဏ်း ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ကိစ္စအဝဝမှာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ ဘယ်စစ်မျက်နှာမှာမှ အသာစီး မရဘူး"
"ကျွန်တော်တို့ စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက ဒီစစ်ပွဲထဲ ဝင်ပါလာတာဟာ ဒီရှုံးနိမ့်မှုကို ခဏလောက် နှောင့်နှေးအောင် လုပ်ပေးနိုင်ရုံပဲ ရှိတယ်"
"ဟုတ်တယ်... မိစ္ဆာတွေကို တကယ် ပြန်တိုက်ထုတ်ချင်ရင် စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေကနေ သာမန်ကျင့်ကြံသူတွေ အပါအဝင် အင်အားအမြောက်အမြားကို ထပ်ပြီး စေလွှတ်ရလိမ့်မယ်"
လူတိုင်းသည် သူတို့ မြင်တွေ့ခဲ့ရသော၊ ကြားသိခဲ့ရသော သတင်းအချက်အလက်များကို ဖန့်ချန်အား ဝေမျှနေကြသည်။ အားလုံးက ထွက်ပေါ်လာသော တစ်ခုတည်းသော နိဂုံးမှာ - "ဤစစ်ပွဲသည် ဧကန်မလွဲ ရှုံးနိမ့်လိမ့်မည်" ဟူ၍ပင်။ ဘယ်အချိန်မှာ ရှုံးမလဲဆိုတာကတော့ အချိန်တစ်ခုသာ လိုတော့သည်။
ဖန့်ချန်သည် သူတို့၏ အတွေးကို နားလည်သည်။ မင်ဝမ်ကြယ် တစ်ခုတည်းကို ကြည့်ခြင်းဖြင့် တစ်ပြင်လုံးကို ခန့်မှန်းနိုင်သည်။ ယခု ဝမ်သောက်မသေမျိုးဂိုဏ်းနှင့် စိတ်ဝိညာဉ်နယ်မြေ၊ နတ်ဘုရားဘုရင်နယ်မြေတို့မှ စစ်ကူများသည် မိစ္ဆာမဟာမိတ်အဖွဲ့၊ မော်ထျန်းဌာနနှင့် မိစ္ဆာမျိုးနွယ်စုများကိုသာ ရင်ဆိုင်နေရသည် မဟုတ်။
ပို၍ ကြီးမားသော ပြဿနာမှာ ထိုက်ချန်းနယ်မြေရှိ သာမန်ကျင့်ကြံသူများနှင့် သေးငယ်သော ဒေသများမှ ကျင့်ကြံသူ အများစုမှာ မိစ္ဆာမဟာမိတ်အဖွဲ့ကို လက်အောက်ခံ ဖြစ်သွားကြခြင်းပင်။
ထို့ကြောင့် လူတိုင်း ရင်ဆိုင်နေရသည်မှာ ထိုက်ချန်းနယ်မြေ တစ်ခုလုံးနီးပါး ဖြစ်နေသည်။ အောက်ခြေမှ သာမန်ကျင့်ကြံသူများကိုပါ စစ်ကူမခေါ်ယူနိုင်လျှင် နှစ်ဖက်စလုံး၏ စစ်အင်အားမှာ ပြတ်သားစွာ ကွာဟနေပေလိမ့်မည်။
သို့သော် လူတိုင်း မသိကြသော အချက်တစ်ခု ရှိသေးသည်။
'ဖေးယွီ ကြယ်စုတန်း ၊ ကျန်းရှောက်မင်၊ ကောင်းကင်ဘုံနိယာမလမ်းစဉ် လူဝင်စား... ဒါတွေက စီနီယာအစ်မကြီးတို့ ယူဆထားတဲ့ ဒီစစ်ပွဲရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးမယ့် အဓိက သော့ချက်တွေပဲ။
စစ်မျက်နှာအသီးသီးက ခဏလောက် တောင့်ခံထားနိုင်သရွေ့ စီနီယာအစ်မကြီး စေလွှတ်ထားတဲ့လူတွေက အဲဒီ ကောင်းကင်ဘုံနိယာမလူဝင်စားတွေကို ဖေးယွီကြယ်စုတန်းဆီ တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်ပေးနိုင်မှသာ ဒီစစ်ပွဲရဲ့ အရှုံးအနိုင်ကို အမှန်တကယ် ဆုံးဖြတ်နိုင်လိမ့်မယ်။
အဲဒီမတိုင်ခင်အထိ ဆုံးဖြတ်ချက်အားလုံးဟာ အချက်အလက် မလုံလောက်မှုကြောင့် အကျုံးမဝင်သေးဘူး'
ဤသို့ တွေးရင်း ဖန့်ချန်က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့ရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ၊ သက်သာသွားကြပြီလား"
"တော်တော်လေး သက်သာသွားပါပြီ"
"ဝမ်စီနီယာကို ကျေးဇူးတင်ရမှာပါ၊ ဒီတစ်ခါသာ ဝမ်စီနီယာမပါရင် ကျွန်တော်တို့ သေရုံတင်မကဘူး၊ အရှက်တကွဲနဲ့ သေကြရမှာ"
"အဲဒါ... ကျွန်မ အရင်က ဝမ်စီနီယာကို တစ်ခါ တွေ့ဖူးတယ်၊ ဝမ်စီနီယာက ဒီလို ပုံစံမျိုး မဟုတ်ဘူး..."
ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့် အမျိုးသမီးတစ်ဦးက ရုတ်တရက် စကားဆိုလာသည်။
လူတိုင်း ခဏမျှ မှင်တက်သွားကြပြီးနောက် နားလည်မှုရှိရှိဖြင့် အကြောင်းအရာကို ချက်ချင်း လွှဲပြောင်းလိုက်ကြသည်။ အချို့က ထိုအမျိုးသမီးကို မျက်စောင်းပင် ထိုးလိုက်ကြသေးသည်။
သူမ ပြောမှ သိမှာလား ဤနေရာရှိ အမာခံတပည့်တိုင်းသည် ရှေ့မှလူမှာ ဝမ်ယဲ့ မဟုတ်ကြောင်း ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။ အမျိုးသမီးမှာလည်း သတိဝင်သွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဆက်မပြောတော့ပေ။
"မင်းတို့ရဲ့ ဒဏ်ရာတွေ သက်သာပြီဆိုရင်တော့ မင်ဝမ်ကြယ်ဘက်ကို မင်းတို့ပဲ စောင့်ကြည့်ပေးထားကြတော့"
ဖန့်ချန်က ဆိုလိုက်သည်။
လူတိုင်း အံ့ဩသွားကြသည် ဒီလူက ထွက်သွားတော့မှာလား။