← Chapters

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

အခန်း (၇၂၅-၇၂၆)

Vol. 73 Ch. 725-726

အခန်း (၇၂၅) - အပြန်အလှန် ဘေးကြောက်ခြင်း ၊ပန်းနတ်ဘုရားပွဲတော် ၊ လျန်ချင်းချင်း ၊ ယွမ်ယွီကျိန်း ၊ ဇီလင် ၊ မိစ္ဆာတို့၏ သွေးဆောင်ဖြားယောင်းမှု!

စောစောက ထိုမိန်းကလေးငယ်သည် ရေပြာရောင်ပုတီးစေ့ကို အသုံးပြု၍ တိုက်ခိုက်လာစဉ်က လီယန်ချူးမှာ အထူးတလည် ဂရုမထားဘဲ သာမန်လက်ဝါးတစ်ချက်ဖြင့်သာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ပြင်းထန်သော တုံ့ပြန်ကန်အားကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးချီအရှိန်အဝါများမှာ ခေတ္တမျှ ဖိနှိပ်ခံလိုက်ရလေသည်။

သူသည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာလိုသဖြင့် ထိုစွမ်းအားအမှတ်အသားကို ချက်ချင်းပင် မဖြိုခွဲနိုင်ခဲ့ပေ။ သို့သော် ဤအချက်ကပင် ထိုမိန်းကလေးငယ်မှာ မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေပေသည်။

"ဒါက ကလေးရုပ်ဖမ်းထားတဲ့ လူကြီး တစ်ယောက်များလား"

လီယန်ချူး မျက်မှောင်ကြုတ်သွားမိသည်။ ထိုအခန်းအတွင်း၌ ရေချိုးနေသော မိန်းမပျိုလေးကို ပြန်လည်စဉ်းစားမိသည့်အခါ ခေါင်းကိုသာ အသာခါယမ်းလိုက်မိရင်း

"ဝဋ်ကြွေးပါပဲလား"

သူသည် ထိုမြင်ကွင်းကြောင့် စိတ်အာရုံ လွင့်စင်သွားခြင်းမျိုး မရှိသော်လည်း ထိုလင်ရွှီနတ်ဘုရားနယ်မြေမှာ အမှန်တကယ်ပင် လူကို ဒုက္ခပေးလွန်းသည်ဟု တွေးမိသည်။

မိမိ၏ ကိုယ်ပွားအသွင်ပြောင်းအတတ်မှာ ထိုမိန်းမပျို၏ အကြည့်အောက်တွင် ပေါက်ကြားသွားခဲ့သည်ကို လီယန်ချူး မသိသေးပေ။ အကယ်၍ သိခဲ့လျှင်မူ ဤကိစ္စတွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု သူ ပိုမိုခံစားမိပေလိမ့်မည်။

ထိုမိန်းမပျို၏ အခန်းအတွင်းရှိ အစီရင်မှာ သူကိုယ်တိုင်ပင် အလွယ်တကူ မဖောက်ထွက်နိုင်လောက်အောင် အားကောင်းနေခဲ့သည် မဟုတ်ပါလား။

"ကြည့်ရတာ တစ်စုံတစ်ရာသော အင်အားကြီးအဖွဲ့အစည်းရဲ့ ပါရမီရှင် ဖြစ်ရမယ်။ သူတစ်ပါးရဲ့ ကိုယ်လုံးကို ကြည့်မိသွားပြီဆိုတော့ သွားပြီး ရောရောနှောနှော မလုပ်တာပဲ ကောင်းပါတယ်"

လီယန်ချူး စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

လီယန်ချူးသည် မြို့အတွင်းသို့ ရောက်ရှိလာသောအခါ တည်းခိုခန်းတစ်ခုကို ရှာလိုက်သည်။ ယခုမှာ နေ့ခင်းဘက် ဖြစ်လေပြီ။

သူသည် မိမိ၏ မူလရုပ်သွင်ကို ပြန်ဖော်လိုက်ပြီး တာအိုဆရာတစ်ဦးကဲ့သို့ ဝတ်ဆင်လိုက်သည်။ အစိမ်းနုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် သစ်သားဆံထိုးတစ်ချောင်း စိုက်ထားရာ၊ တစ်ကိုယ်လုံးမှာ လူငယ်ပီပီ ခန့်ညားချောမောပြီး လောကီနှင့်ကင်းကွာသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ခါးတွင်မူ ရှေးဟောင်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားပြီး ခန္ဓာကိုယ်မှာ ဖြောင့်စင်းမတ်တပ် ရှိလှပေသည်။

"ဒီတာအိုဆရာကြီး... ဘာများ သုံးဆောင်ပါ့မလဲခင်ဗျာ"

စားပွဲထိုးလေးမှာ အကဲခတ်မြန်စွာဖြင့် လှမ်း၍ ကြိုဆိုလိုက်သည်။

"လုံကျိလက်ဖက်ရည် တစ်အိုးပေးပါ"

ဟု လီယန်ချူးက ဆိုသည်။

"ဟုတ်ကဲ့ပါခင်ဗျာ ဆရာကြီး၊ ဒီဘက်က ထိုင်ခုံမှာ ကြွပါ"

စားပွဲထိုးလေးမှာ ပျာပျာသလဲ လမ်းပြပေးလေသည်။

မကြာမီမှာပင် ကောင်းမွန်စွာ နှပ်ထားသော လုံကျိလက်ဖက်ရည်တစ်အိုး ရောက်ရှိလာသည်။ လီယန်ချူးသည် ငွေစ နှစ်ပဲခန့်ကို လက်ဆောင်အဖြစ် ပေးလိုက်ရာ စားပွဲထိုးလေး၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။ ဤသည်မှာ သူ၏ တစ်လစာ လုပ်အားခနှင့် ညီမျှပေသည် ထို့ကြောင့် လီယန်ချူးအပေါ် ထားရှိသော သူ၏ အပြုံးမှာ ပိုမို၍ပင် နွေးထွေးပျူငှာလာတော့သည်။

"ဆရာကြီး အေးအေးဆေးဆေး သုံးဆောင်ပါခင်ဗျာ၊ ခိုင်းစရာရှိရင် အချိန်မရွေး ခေါ်လိုက်ပါ"

ဤစားပွဲထိုးလေးမှာ အသက် တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးအရွယ် လူငယ်လေးဖြစ်ပြီး အသားညိုသော်လည်း မျက်လုံးအစုံမှာ အလွန်ပင် ဖျတ်လတ်မှု ရှိလှသည်။

"နေဦး၊ မေးပါရစေ... ဒါက ဘယ်နေရာလဲ"

လီယန်ချူးက ညင်သာစွာ မေးလိုက်သည်။

သူ့မှာ အတွေ့အကြုံရှိသည်။ နောက်ဆုံးအကြိမ် နတ်ဘုရားနယ်မြေမှ ထွက်လာစဉ်က ပေဖုန်းခရိုင်၊ ချူကျိုးမြို့သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ဖူးသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် မည်သည့်နေရာသို့ ရောက်နေသနည်းဆိုသည်ကို သူ သိချင်နေခြင်း ဖြစ်သည်။

"ဆရာကြီးကို တင်ပြရရင်... ဒီနေရာက ရှောက်ယန်ခရိုင်ပါခင်ဗျာ"

စားပွဲထိုးလေးက ရိုသေစွာ ဖြေသည်။

"ရှောက်ယန်ခရိုင်... ဘယ်ပြည်နယ်ထဲမှာလဲ"

လီယန်ချူး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ချန်နိုင်ငံတွင် ပြည်နယ်ပေါင်း တစ်ဆယ့်သုံးခု ရှိပြီး၊ ခရိုင်ငယ်ပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ အချို့မှာ လူဦးရေ ထောင်ဂဏန်းသာ ရှိပြီး အချို့မှာ သောင်းဂဏန်း ရှိရာ၊ သူသည် ဤရှောက်ယန်ခရိုင်အမည်ကို လုံးဝ မမှတ်မိပေ။

"ဆရာကြီးခင်ဗျာ၊ ဒါက ကျန်းနန်ပြည်နယ်ပါပဲ။ ဘာဖြစ်လို့လဲခင်ဗျာ... ဆရာကြီးက ပန်းနတ်ဘုရားပွဲတော် ကို လာတက်တာ မဟုတ်ဘူးလား"

စားပွဲထိုးလေးက ပြန်မေးလိုက်သည်။

ကျန်းနန်ပြည်နယ်... လီယန်ချူး စိတ်ထဲမှ လင်ရွှီနတ်ဘုရားနယ်မြေကို နောက်တစ်ကြိမ် ဆဲရေးလိုက်မိသည်။

ခွေးသူတောင်းစား နတ်ဘုရားနယ်မြေ။

"ပန်းနတ်ဘုရားပွဲတော်ဆိုတာက ဘာလဲ"

လီယန်ချူး အနည်းငယ် သိချင်စိတ် ပေါ်လာသည်။

"ပန်းနတ်ဘုရားပွဲတော်ဆိုတာ ကျန်းနန်ပြည်နယ်မြို့တော်မှာ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အကြီးကျယ်ဆုံး ပွဲတော်ပါပဲခင်ဗျာ။ အဲဒီအချိန်ကျရင် ကျန်းနန်တစ်ခွင်က အလှဆုံး ပန်းဦးသခင်မ တွေ စုရုံးပြီး ပန်းနတ်ဘုရားဘွဲ့နာမည်ကို ရဖို့အတွက် အလှချင်း ပြိုင်ကြတာပါ"

လီယန်ချူး မှင်တက်သွားမိသည်။ သူက တစ်စုံတစ်ရာသော နတ်ဘုရားကျောင်းပွဲဟု ထင်မှတ်ခဲ့သော်လည်း တကယ်တော့ ကျန်းနန်မှ အလှမယ်များ ပြိုင်ပွဲ ဖြစ်နေသည် မဟုတ်ပါလား။

သူ အသာအယာ ပြုံးလိုက်ရင်း

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ထိုစားပွဲထိုးလေးမှာ လီယန်ချူးထံမှ ဆုလာဘ် ရရှိထားသဖြင့် အလွန်ပင် တက်ကြွစွာ ရှင်းပြနေတော့သည်။

"ဆရာကြီး ရှောက်ယန်ကို ရောက်နေပြီဆိုတော့ ကျန်းနန်မြို့တော်နဲ့ မိနစ်လေးဆယ်စာ ခရီးပဲ ဝေးတော့တာပါ။ ပန်းနတ်ဘုရားပွဲတော်က နောက်သုံးရက်ဆို ကျင်းပတော့မှာ၊ ဆရာကြီး စိတ်ဝင်စားတယ်ဆိုရင် အမြန်သွားမှ အမီရမှာပါ"

လီယန်ချူးက ခေါင်းခါယမ်းလိုက်ရင်း

"ဒီက ဆရာတော်က ဘုန်းကြီးဝတ် (လူဝတ်ကြောင်မဟုတ်သူ) လေ"

စားပွဲထိုးလေးက ရယ်မောကာ

"ဟာ ဘုန်းကြီးဝတ်ဖြစ်တာက ဘာကြောက်စရာ ရှိလို့လဲခင်ဗျာ။ ဒီနှစ် ပန်းနတ်ဘုရားပွဲတော်ကို သွားကြည့်ကြမယ့် တာအိုဆရာတွေ၊ ရဟန်းတော်တွေ ဘယ်လောက်တောင် များလဲဆိုတာ။ နှစ်တိုင်းလည်း လူတော်လူကောင်းတွေ သွားကစားကြတာပါပဲ။ လောကီအလယ်မှာ စိတ်ကို လေ့ကျင့်တာပဲလေ ၊ လောကီထဲ မခြေချဘဲနဲ့ လောကီတရားကို ဘယ်လို နားလည်နိုင်ပါ့မလဲ"

စားပွဲထိုးလေး၏ စကားကြောင့် လီယန်ချူး၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ ထိုကောင်လေးက တော်တော်လေး စကားပြောတတ်သားပဲ။

"ရဟန်းတွေနဲ့ တာအိုဆရာတွေတောင် သွားကြည့်ကြတယ်ဆိုတော့ အဲဒီလောက်တောင် နာမည်ကြီးတာလား"

လီယန်ချူးက ပြုံး၍ မေးသည်။

"ကြီးတာမှ အကြီးကြီးပဲခင်ဗျာ တကယ်တော့ မြို့တော်မှာ နှစ်တိုင်း ဗုဒ္ဓအလင်းပွဲတော် ဆိုတာ ရှိပါတယ်။ အဲဒါက မြို့တော်က နာမည်ကြီး ဘုန်းတော်ကြီးကျောင်းတွေ စုပေါင်းကျင်းပတဲ့ ပွဲတော်ပေါ့၊ ဆရာတော်ကြီးတွေက တရားဟောကြတာ။

ကြားဖူးတာတော့ အစောပိုင်းတုန်းကဆို လမ်းမတွေပေါ်မှာ လူတွေ ပြည့်နှက်နေအောင် စည်ကားခဲ့တာတဲ့။ ဒါပေမဲ့ နောက်ပိုင်း ကျန်းနန်မှာ ပန်းဦးသခင်မတွေ ခေတ်စားလာပြီး ပန်းနတ်ဘုရားပွဲတော် ကျင်းပတဲ့အခါမှာတော့ ဗုဒ္ဓအလင်းပွဲတော်ရဲ့ ကြည်ညိုသူတွေဟာ တစ်ဖြည်းဖြည်းနဲ့ လျော့ပါးသွားခဲ့တာပါပဲ"

ဟု စားပွဲထိုးလေးက ရှင်းပြသည်။

လီယန်ချူးသည် အနေတော် နှပ်ထားသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း

"အသေးစိတ်လေး ထပ်ပြောပြပါဦး"

"ဟုတ်ကဲ့ပါခင်ဗျာ" စားပွဲထိုးလေးက ဝမ်းမြောက်ဝမ်းသာ ပြုံးကာ ပြောဆိုတော့သည်။

လက်ဖက်ရည်ဆိုင်မှ စားပွဲထိုး လူငယ်ပီပီ သူ၏ နှုတ်ခမ်းမှာ ပန်းစကားများ ဝေဆာနေသည်ဟု ဆိုရပေမည်။ လီယန်ချူးသည် ဤလူငယ်၏ ပါးစပ်ရာမှတစ်ဆင့် ကျန်းနန်ဒေသ၏ စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များကို သိရှိလာရသည်။

ကျန်းနန်ဒေသမှာ ပန်းဦးဆောင် များနှင့် အနုပညာဆောင်များမှာ မူလကတည်းက ရေပန်းစားလှသည်။ ဤပန်းဦးသခင်မများမှာလည်း တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော အလှဘုရားမများ ဖြစ်ကြသည်။ ဤလုပ်ငန်းမှာ ရှေးပဝေသဏီကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။

အကျော်အမော် သူရဲကောင်းတစ်ဦး ပြောခဲ့ဖူးသကဲ့သို့ပင်၊ ဤလုပ်ငန်းနှင့် လူသတ်သမားလုပ်ငန်းမှာ ရှေးအကျဆုံး လုပ်ငန်းနှစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ခေတ်အဆက်ဆက်တွင် အဆင့်အတန်း ကွဲပြားမှု ရှိခဲ့သည်။ အဆင့်မြင့်သော အလှမယ်များမှာ "အတတ်ပညာကိုသာ ရောင်းပြီး အလှကို မရောင်းသော" ပြည့်တန်ဆာဆောင်မှ ပန်းဦးသခင်မများ ဖြစ်ကြသည်။

ပညာတတ်များနှင့် သူဌေးကြီးများမှာ ထိုအလှမယ်များ၏ အပြုံးတစ်ချက်ကို ရရှိရန်အတွက် ငွေထောင်သောင်းမက သုံးစွဲကြပြီး၊ အလှမယ်၏ မျက်နှာသာပေးမှုကို ရရှိပါက အလွန်ပင် ဂုဏ်ယူစရာ ကိစ္စတစ်ခုအဖြစ် မှတ်တမ်းတင်ကြသည်။ နိမ့်ပါးသော အဆင့်မှာမူ သာမန်ကာယဖျော်ဖြေရေး သက်သက်သာ ဖြစ်သည်။

ယခု ချန်နိုင်ငံတွင်လည်း ပန်းဦးသခင်မများ၏ တန်ဖိုးမှာ အလွန်မြင့်မားလှသည်။ အထူးသဖြင့် ကျန်းနန်ဒေသမှ ပန်းဦးသခင်မများမှာ ချန်နိုင်ငံ တစ်နိုင်ငံလုံး၏ စံပြအလှမယ်များ ဖြစ်ကြပြီး ကြယ်ပွင့်အဆင့်ရှိသူများ ဖြစ်သည်။ ကျန်းနန်ဒေသမှ အမျိုးသမီးများမှာ နူးညံ့သိမ်မွေ့ကြပြီး၊ ဤပန်းဦးသခင်မများမှာမူ စောင်း၊ ကဗျာ၊ ပန်းချီ စသည့် အတတ်ပညာအသီးသီးတွင် ထူးချွန်ကြသူများ ဖြစ်ကြသည်။

လီယန်ချူးသည် ထိုစားပွဲထိုးလေး၏ ပါးစပ်မှတစ်ဆင့် နာမည်ကျော် အချို့ကို ကြားလိုက်ရသည်။ ဥပမာ - လျန်ချင်းချင်း၊ ယွမ်ယွီကျိန်း၊ ဇီလင် စသည်ဖြင့်...

လျန်ချင်းချင်းကို "စောင်းနတ်သမီး" ဟု ခေါ်ဝေါ်ကြပြီး၊ ကျန်းနန်ဒေသတွင် နာမည်အကြီးဆုံး ပန်းဦးသခင်မ ဖြစ်သည်။

ကျန်းနန်ပြည်နယ်တွင် လှည့်လည်သွားလာနေသော စာဆိုတော်ကြီးတစ်ဦးက သူမအတွက် ကဗျာအချို့ ရေးဖွဲ့ပေးခဲ့ရာ သူမ၏ အမည်မှာ တစ်ပြည်လုံးတွင် ပျံ့နှံ့သွားခဲ့သည်။ သူမ၏ စောင်းသံမှာ လူတို့ကို စွဲမက်စေပြီး ကျန်းနန်ပြည်နယ်တွင် ပရိသတ် အများဆုံး ရှိသူဖြစ်သည်။

ယွမ်ယွီကျိန်းမှာမူ ကျန်းနန်ရှိ ထူးခြားသော ပန်းဦးဆောင်တစ်ခုမှ ထွက်ပေါ်လာသူ ဖြစ်သည်။ ဤဆောင်မှာ အခြားဆောင်များနှင့် မတူဘဲ လောကီအငွေ့အသက် လုံးဝ မရှိချေ။

ထိုဆောင်အတွင်းရှိ အမျိုးသမီးများမှာ ငယ်ရွယ်လှပသော တာအိုမယ် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုဝတ်စုံကို ဆင်ယင်ထားရုံသာ ဖြစ်သော်လည်း၊ သူမတို့၏ အေးစက်တည်ငြိမ်သော အရှိန်အဝါမှာမူ စစ်မှန်သော တာအိုမယ်များထက်ပင် ပိုမို၍ ထူးကဲနေလေသည်။

လီယန်ချူး ဤစကားကို ကြားသောအခါ မှင်တက်သွားရင်း

"ဒီလိုနေရာမျိုးကို အစိုးရက ခွင့်ပြုထားတာလားကျန်းနန် တာအိုအဖွဲ့အစည်းတွေကရော ခွင့်ပြုထားလို့လား"

ဤမျှ ဗြောင်ကျကျ အသွင်ဆောင် ကစားနေကြသည်ကို မည်သူမျှ မတားကြဘူးလား။

စားပွဲထိုးလေးက ခေါင်းခါယမ်းလိုက်ရင်း

"ဘယ်သူက တားမှာလဲခင်ဗျာ ကြားတာတော့ အဲဒီဆောင်ရဲ့ နောက်ကွယ်မှာ အစုရှယ်ယာရှင်တွေ အများကြီး ရှိတယ်တဲ့၊ အဲဒီထဲမှာ မြို့တော်က မင်းသားတစ်ပါးတောင် ပါဝင်တယ်လို့ ဆိုကြတယ်။ အဲဒါက စစ်မှန်တဲ့ နန်းတွင်းသွေးမင်းသား၊ ရွှေကိုယ်ရံတော် အနွယ်ဝင်တွေပဲလေ "

လီယန်ချူးက ခေါင်းအသာ ညိတ်လိုက်သည်။ ထိုမျှ နောက်ခံ တောင့်တင်းလှမှတော့... ဖြစ်နိုင်သည်မှာ ဤလုပ်ငန်းနောက်ကွယ်၌ ကျင့်ကြံသူများပင် ပါဝင်ပတ်သက်နေခြင်း ဖြစ်နိုင်သည်။

နောက်ဆုံးတစ်ဦးဖြစ်သော ဇီလင်မှာမူ လွန်ခဲ့သော သုံးလခန့်ကမှ ရုတ်တရက် ပေါ်ထွက်လာသူ ဖြစ်သည်။

သူမသည် ကခုန်ခြင်းအတတ်တွင် ကျော်ကြားပြီး၊ သူမတွင် အမျိုးသားတို့ကို ရင်ခုန်စေသော ခြေတံရှည်များ ရှိသည်ဟု ဆိုကြသည်။ ကပွဲတစ်ခု ကပြပြီးချိန်တွင် ပရိသတ်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရသည်အထိပင်။

သူမ၏ နောက်ကွယ်မှ ဇီကျိန်းဆောင်မှာ အင်အားကြီးမားလှသဖြင့်သာ၊ မဟုတ်ပါက ဇီလင်မှာ တစ်စုံတစ်ယောက်၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ပေလိမ့်မည်။

စားပွဲထိုးလေးမှာ ကိုယ်တိုင် မရောက်ဖူးသော်လည်း အလွန်ပင် သက်ဝင်လှုပ်ရှားအောင် ပြောပြနေသဖြင့် လီယန်ချူးလည်း စိတ်ဝင်တစား နားထောင်နေမိသည်။ ထိုစဉ် သူ၏ ဘေးနားမှ ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

"ဟွန့် လောကသားတွေဟာ အသိဉာဏ်မဲ့လှတယ်၊ မိစ္ဆာတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံနေရတာတောင် မသိကြဘူး။ ဒီလောကကြီးတော့ ပျက်စီးတော့မှာပဲ "

လီယန်ချူး လှည့်ကြည့်လိုက်သောအခါ၊ နှုတ်ခမ်းနီနီ သွားဖြူဖြူနှင့် ပညာတတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ မျက်ဝန်းများမှာ တောက်ပလှပြီး၊ သူ၏ ဘေးတွင်မူ အပြာရောင်ဝတ်စုံနှင့် ဖိနပ်ကို ဆင်ယင်ထားသော အစေခံအဘိုးအိုတစ်ဦး ပါရှိသည်။

မိစ္ဆာ

လီယန်ချူး မှင်တက်သွားမိလေတော့သည်။

အခန်း (၇၂၆) - ပညာတတ်လူငယ် ၊ ငါက သိုင်းပညာသင်ယူဖူးတယ် ၊ စာပေသမား ဝေ့ရှန်း ၊ ထူးခြားဆန်းသစ်သော အတွေးအခေါ်

မူလက လီယန်ချူးသည် ထိုပန်းနတ်ဘုရားပွဲတော်သို့ သွားရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် ယခု မည်သည့်နေရာသို့ ရောက်နေသည်ကိုသာ စုံစမ်းလိုရင်းဖြစ်ပြီး ဝေမြို့သို့ အမြန်ပြန်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ဤကဲ့သို့ အဖြစ်အပျက်ကလေးတစ်ခုနှင့် ကြုံတွေ့လိုက်ရခြင်းပင်။

လီယန်ချူးသည် ထိုပညာတတ်လူငယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ စားပွဲထိုးလေးကိုသာ ဆက်လက်ပြောရန် အချက်ပြလိုက်သည်။

စားပွဲထိုးလေးမှာ အားတုံ့အားနာဖြင့် ပြုံးလိုက်ရင်း

"ကျွန်တော် သိသလောက်ကတော့ ဒါပါပဲခင်ဗျာ၊ ဆရာကြီး စိတ်ဝင်စားတယ်ဆိုရင် ကျန်းနန်မြို့တော်ကို သွားကြည့်လိုက်ပါ၊ အဲဒီမှာ ကျွန်တော်ပြောတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာ အသေအချာပါပဲ"

ထိုစားပွဲထိုးလေးမှာ မျက်စိတစ်ချက် မှိတ်ပြလိုက်သော်လည်း နောက်ဆုံးစကားပြောချိန်တွင်မူ အသံကို တိုးလိုက်လေသည်။

"ကောင်းပြီ၊ မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

လီယန်ချူးက ပြုံး၍ ပြောလိုက်ပြီး စားပွဲထိုးလေးကို ထွက်သွားခွင့်ပြုလိုက်သည်။

လင်ရွှီနတ်ဘုရားနယ်မြေက သူ့ကို ကျန်းနန်ပြည်နယ်ထဲအထိ ပို့လိုက်တာပဲ၊ တကယ်ကို ဝေးဝေးလံလံ ပို့ပေးတတ်လွန်းတဲ့ ခွေးသူတောင်းစား နတ်ဘုရားနယ်မြေ။

ထိုပညာတတ်လူငယ်သည် လီယန်ချူး၏ ဂရုမစိုက်ဟန်ကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း

"ရုပ်ရည်ကတော့ အကောင်းသား၊ ဗိုက်ထဲမှာတော့ မြက်ခြောက်တွေပဲ ရှိတာကိုး (အပေါ်ယံပဲရှိပြီး ပညာမရှိခြင်းကို ဆိုလိုသည်)"

ထိုလူငယ်သည် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး လီယန်ချူးကို နောက်ထပ် မကြည့်တော့ပေ။

လီယန်ချူးမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လှမ်းကြည့်လိုက်မိသည်။ သူသည် ဒေါသထွက်ခြင်းမျိုး မဟုတ်ဘဲ အံ့ဩသွားခြင်းသာ ဖြစ်သည်။ နေပါဦး... ချောင်ရွှယ်ချင်း (အိမ်မက်နီဆောင်၏ စာရေးဆရာ) ကော ဤကမ္ဘာကို ရောက်နေတာလား။

သို့သော် သူ ခဏမျှ စဉ်းစားလိုက်သည့်အခါတွင်မူ အဖြေကို ရသွားတော့သည်။ ချန်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင် အတော်များများမှာ သူ၏ ကမ္ဘာဦးဘဝနှင့် ဆင်တူနေသည်မဟုတ်ပါလား၊ ထို့ကြောင့် တစ်ထပ်တည်းကျသော ကဗျာစာသားအချို့ ရှိနေခြင်းမှာ ဘာဆန်းသနည်း။

လီတာအိုဆရာသည် လင်ရွှီနတ်ဘုရားနယ်မြေအတွင်း၌ ဝတ်ဖြူစုံနတ်မင်းကို ပူးကပ်နေသော နယ်ပယ်ပြင်ပမိစ္ဆာကို သတ်ဖြတ်ခဲ့သလို၊ လွန်ခဲ့သော နှစ်ပေါင်းရာချီက ကျော်ကြားခဲ့သည့် မဟာမိစ္ဆာကြီး တောက်ယန်ကိုပင် ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သူဖြစ်သည်။

ထို့အပြင် ပန်းကြာဖြူဂိုဏ်းမှ ယန်ဝိညာဉ်ပညာရှင်တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတစ်ပါး၏ စကားတစ်ခွန်းကြောင့်နှင့် ဘာကြောင့် ရန်ဖြစ်နေပါတော့မည်နည်း။

သူသည် ပြုံးလိုက်ပြီး လက်ဖက်ရည်ကို သောက်ရန် ပြင်လိုက်စဉ် သူ၏ ဘေးနားမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

"ဟေး မင်း ဘယ်သူ့ကို ဆဲနေတာလဲ"

လီယန်ချူး လှည့်ကြည့်လိုက်ရာ ခန္ဓာကိုယ် ထွားကျိုင်းသော သူဌေးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူဌေးသားမှာ အလွန်အမင်း ချောမောလှသည်တော့ မဟုတ်သော်လည်း ကြည့်ရသည်မှာ မျက်စိပသာဒရှိလှပေသည်။

ပညာတတ်လူငယ်လေးမှာ မျက်မှောင်ကြုတ်ကာ ထိုသူဌေးသားကို ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ သို့သော် ထိုသူဌေးသားမှာမူ အလျှော့မပေးလိုပေ

"ခုနက ငါက တခြားသူနဲ့ ပန်းဦးသခင်မတွေအကြောင်း ပြောနေတာပါ၊ မင်းက ငါ့ကို ရုပ်ပဲရှိပြီး အထဲမှာ ဘာမှမရှိဘူးလို့ ပြောတယ်ပေါ့၊ ငါက စာပေတတ်တဲ့သူ တစ်ယောက်ပါကွ "

ပညာတတ်လူငယ် - "..."

လီယန်ချူး - "..."

အပြာရောင်ဝတ်စုံနှင့် အစေခံအဘိုးအို - "..."

ပညာတတ်လူငယ်သည် မျက်မှောင်ကြုတ်ကာ

"ငါ မင်းကို ပြောတာ မဟုတ်ဘူး"

"ဟေး မင်းက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ကောင်ပဲ ငါက မင်းကို အရေးမလုပ်ဘဲ နေနေတာကို မင်းက ပိုတောင် ဆိုးလာသေးတယ်။ ခုနက မင်းပြောတာ ငါက ရုပ်ချောပြီး ဗိုက်ထဲမှာ ဘာမှမရှိတဲ့ လူဖျင်းလို့ ပြောတာ မဟုတ်လား။ ငါက နားမလည်ဘူးလို့ ထင်နေတာလား၊ ငါ ဖတ်ထားတဲ့ စာတွေက အလကားလို့ မှတ်နေလား "

ထိုသူဌေးသားသည် ပညာတတ်လူငယ်ကို စိုက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။

"..." ပညာတတ်လူငယ်မှာ စကားစပျောက်သွားတော့သည်။

လီယန်ချူးမှာမူ ပြုံးလိုက်မိပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ ငြိမ်သက်စွာဖြင့် ပွဲကြည့်နေတော့သည်။

"ဒီတာအိုဆရာကြီး... ဟုတ်တယ်မဟုတ်လားကျွန်တော်က သူ့ကို အရေးမလုပ်ချင်လို့ အသာနေတာ၊ သူက အမှန်တရားကို ဝန်မခံဘူးဗျာ"

ထိုသူဌေးသားသည် လီယန်ချူး လှမ်းကြည့်နေသည်ကို မြင်သောအခါ သက်သေအဖြစ် ဆွဲသွင်းရန် ကြိုးစားလိုက်သည်။ သို့သော် သူသည် လီယန်ချူး၏ မျက်နှာကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားရင်း

"ဟင်... ရုပ်ချောတဲ့ တာအိုဆရာလေးပဲ၊ ငါ့ရဲ့ ချောမောမှုအတွက်တောင် တစ်စုံတစ်ရာသော ခြိမ်းခြောက်မှု ဖြစ်နေပါလား"

ထိုသူဌေးသားသည် လီယန်ချူးအပေါ် ရန်လိုစိတ် မရှိပေ၊ မိမိကိုယ်မိမိသာ ပို၍ ထူးခြားသည်ဟု ယူဆထားဟန်တူသည်။

"မှန်တယ်၊ ကျန်းနန်မှာ ပန်းဦးသခင်မတွေ ခေတ်စားနေတာပဲ၊ လူတွေ ပြောကြတာ ဘာဆန်းလို့လဲ။ ပန်းဦးသခင်မတွေနဲ့အတူ အရက်သောက်ပြီး ရင်ဖွင့်စကားပြောတာဟာလည်း လှပတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား"

လီယန်ချူးသည် မျက်လုံးကို အသာအယာ မှိတ်လိုက်မိသည်။

ထိုသူဌေးသား၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ

"တာအိုဆရာကြီး ပြောတာ သိပ်မှန်တာပဲ ကျွန်တော့်စိတ်နဲ့ ထပ်တူပါပဲ၊ အဲဒီအတိုင်းပဲဗျ "

သူသည် ပညာတတ်လူငယ်ကို စောင်းငဲ့ကြည့်လိုက်ရင်း

"စာအုပ်ကြီးသမား "

"..." ပညာတတ်လူငယ်မှာ ဘာမှပြန်မပြောနိုင်တော့ပေ။

နောက်ဆုံးတွင် အပြာရောင်ဝတ်စုံနှင့် အစေခံအဘိုးအိုမှာ သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ကာ မျက်လုံးများကို ပြူးလျက်

"မင်း ဘာပြောလိုက်တာလဲ"

ထိုသူဌေးသားမှာ မလျှော့ဘဲ လည်ပင်းကို ဆန့်ထုတ်ကာ

"သူက စာအုပ်ကြီးသမားလို့ ပြောတာလေ၊ အဘိုးကြီး နားမကြားဘူးလား"

လီယန်ချူးမှာမူ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။ ခုနက ပညာတတ်လူငယ်က သူ့ကို စောင်းမြောင်းပြောခဲ့သမျှ ဒေါသတွေကို ဤသူဌေးသားက ပြန်လည် ပေးဆပ်ပေးနေသည် မဟုတ်ပါလား။

အစေခံအဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားကာ ရှေ့သို့ တိုးလာပြီး ထိုသူဌေးသား၏ အင်္ကျီလည်ပင်းကို ဆွဲရန် ကြိုးစားလိုက်သည်။

သူဌေးသားသည် ကိုယ်ဟန်တစ်ခုကို ပြင်လိုက်သည်။ ဘယ်လက်ကို ရှေ့ထုတ်၊ ညာလက်ကို နောက်ထားကာ မျက်ဝန်းများမှာ စူးရှတောက်ပလာတော့သည်။

"အဘိုးကြီးကို ငါ သတိပေးလိုက်မယ် ဒီသခင်လေးက သိုင်းပညာ လေ့ကျင့်ဖူးတယ်ကွ၊ မင်းလိုလူမျိုးဆိုရင် တစ်ခါတည်းနဲ့ ဆယ်ယောက်လောက် ချနိုင်တယ် "

သူဌေးသားက ကြုံးဝါးလိုက်သည်။

အဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ် ဖြစ်နေတော့သည်။ သူဌေးသားကို စိုက်ကြည့်နေစဉ် ဘေးက ပညာတတ်လူငယ်က တားဆီးလိုက်၏

"ဦးလေးချင်... တော်ပါတော့"

အဘိုးအိုမှာ နှာခေါင်းရှုံ့ရင်း သူဌေးသားကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း၊ သူဌေးသားမှာမူ လုံးဝ မကြောက်ဘဲ ပြန်လည် စိုက်ကြည့်နေလေသည်။

ပညာတတ်လူငယ်သည် မျက်မှောင်ကြုတ်ကာ ထိုသူဌေးသားကို ကြည့်လျက် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် လီယန်ချူးကို တစ်ချက် စေ့စေ့ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြန်သည်။

လီယန်ချူး - "..."

(စိတ်ထဲမှ - မင်းကို ဆဲတာက ဟိုသူဌေးသားလေ၊ ငါက ရယ်ရုံတင် ရယ်တာကို ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ)

ထိုပညာတတ်လူငယ်သည် အောက်ထပ်သို့ မဆင်းမီ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"ပန်းနတ်ဘုရားပွဲတော်မှာ မိစ္ဆာတွေ ခိုအောင်းဝင်ရောက်နေတယ်၊ အဲဒီအချိန်ကျရင် ဆူပူသောင်းကျန်းမှုတွေ ရှိလာလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာကြနဲ့"

ဤစကားကို ပြောပြီးနောက် နှုတ်ခမ်းနီနီ သွားဖြူဖြူနှင့် ပညာတတ်လူငယ်သည် အဘိုးအိုကို ခေါ်ကာ အောက်ထပ်သို့ ဆင်းသွားတော့သည်။ အဘိုးအိုသည် ထိုသူဌေးသား၏ ဘေးမှ ဖြတ်သွားချိန်တွင် ဒေါသတကြီး စိုက်ကြည့်သွားသော်လည်း၊ သူဌေးသားမှာမူ လုံးဝ မလျှော့ဘဲ ပြန်လည် စိုက်ကြည့်နေဆဲ ဖြစ်သည်။

ထိုနှစ်ဦး ထွက်သွားပြီးနောက်တွင်မှ သူဌေးသားသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လီယန်ချူးကို ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဒီတာအိုဆရာကြီး... အတူတူ ထိုင်လို့ ရမလားခင်ဗျာ"

စောစောက ပန်းစကားများ ဝေဆာနေသော သူဌေးသားမှာ ယခုအခါတွင်မူ အလွန်ပင် ရိုသေယဉ်ကျေးသွားပြန်သည်။

"ရပါတယ်၊ ထိုင်ပါ" လီယန်ချူးက ပြုံး၍ ပြောလိုက်သည်။

"အခုခေတ် စာပေတတ်ဆိုတဲ့ လူတွေကလေ၊ ကျွန်တော်ကြည့်ရတာ သူတို့ဖတ်တဲ့စာတွေ ခွေးဗိုက်ထဲ ရောက်ကုန်ပြီ ထင်တယ်ဗျာ။ ကိုယ့်စိတ်က ညစ်ပတ်နေတော့ မြင်သမျှအရာရာကို ညစ်ပတ်တယ်လို့ ထင်နေကြတာ။ ပန်းဦးသခင်မဆိုတာ တွေ့ရခဲတဲ့ အလှပိုင်ရှင်တွေပဲ၊ မတွေ့ရဘဲ ဘယ်နေနိုင်ပါ့မလဲ "

ဟု သူဌေးသားက ပြောလိုက်သည်။

"အဓိပ္ပာယ် ရှိသားပဲ" လီယန်ချူးက အေးဆေးစွာ ပြုံးလိုက်သည်။

သူဌေးသားသည် လီယန်ချူးကို လှမ်းကြည့်လိုက်ရာ မိမိကို နားလည်ပေးနိုင်သည့် မိတ်ဆွေကောင်းတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နောက်တွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်။ ထိုလူငယ်မှာ ခန္ဓာကိုယ် ဖြောင့်စင်းပြီး ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်လေးတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

"ဒါနဲ့... ကျွန်တော့်နာမည်က ဝေ့ရှန်း ပါ၊ ဆရာကြီးကို ဘယ်လို ခေါ်ရမလဲခင်ဗျာ"

သူဌေးသားက ပြုံး၍ မေးသည်။

"လီယန်ချူးပါ"

"ဪ... ဒါနဲ့ ဒါက ကျွန်တော့်ရဲ့ မိတ်ဆွေသစ်လေးပါ၊ နေဦး... မင်းနာမည် ဘယ်လိုခေါ်လဲ"

ဝေ့ရှန်းသည် သူ၏နောက်မှ လူငယ်လေးကို လှည့်မေးလိုက်သည်။

လီယန်ချူး - "..." (စိတ်ထဲမှ - ဒီလူက မိတ်ဆွေဖွဲ့တာ ဒီလောက်တောင် လွယ်တာလား၊ စကားတွေ အကြာကြီးပြောပြီး နာမည်တောင် မသိဘူးလား)

"ကျွန်တော့်နာမည်က ဝမ်ကျိုး ပါ"

ထိုလူငယ်လေးမှာ အိမ်တွင်းပညာ အလွန်ကောင်းမွန်ပုံ ရပေသည်။

လီယန်ချူးသည် ဝေ့ရှန်းကို တစ်ချက် ကြည့်လိုက်မိသည်။ ဤလူသည် မိတ်ဆွေဖွဲ့ရာတွင် အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှပေသည်။ တစ်ဖက်လူ၏ နာမည်ကိုပင် မသိဘဲ တစ်နေကုန် စကားပြောနေနိုင်သည် မဟုတ်ပါလား။

သုံးယောက်သား စားပွဲတစ်ခုတည်းတွင် ထိုင်လိုက်ကြပြီးနောက် ဝေ့ရှန်းသည် သူဌေးပီပီ စားစရာများနှင့် အချိုပွဲများစွာကို မှာယူလိုက်သလို၊ ကောင်းမွန်သော လက်ဖက်ရည်များကိုလည်း လဲလှယ်လိုက်သည်။ ဝေ့ရှန်းမှာ စကားပြောရာတွင် အလွန် တက်ကြွနေသော်လည်း သူ၏ ဘေးရှိ ဝမ်ကျိုးဆိုသော လူငယ်လေးမှာမူ တစ်စုံတစ်ရာကို စိတ်မအေးဖြစ်နေဟန် တူသည်။ လူတကာနှင့် ဆုံစည်းခိုက်ဖြစ်သဖြင့် လီယန်ချူးကလည်း ဝင်ရောက် မမေးမြန်းတော့ပေ။

"ဟဲဟဲ ခုနက ကျွန်တော် အဲဒီလူငယ်ကို ငေါက်လိုက်တာ၊ သူ့စိတ်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာ ဖြစ်သွားမှာ အသေအချာပဲ"

ဝေ့ရှန်းက ရယ်မောကာ ပြောသည်။

"ဒါက ဘာဖြစ်လို့လဲ" လီယန်ချူး မှင်တက်သွားမိသည်။

"အဲဒီလူက မိန်းကလေးကွ၊ ယောက်ျားလေးလို ဝတ်ထားတာ။ ကြည့်ရတာလည်း အလှလေးပဲဗျ။ ဒီလို ယောက်ျားလို ဝတ်ထားတဲ့ မိန်းကလေးမျိုးကို ကိုင်တွယ်ဖို့ဆိုရင် သူ့ကို လိုက်လျောနေမယ့်အစား တမင်တကာ ရန်စလိုက်တာကမှ သူ့စိတ်ထဲမှာ ပိုပြီး စွဲထင်ကျန်ရစ်စေမှာပေါ့။

မင်းတို့ သိတဲ့အတိုင်း ဒီလို အလှလေးတွေဆိုရင် နောက်က လိုက်နေတဲ့သူတွေ အများကြီး ရှိမှာပဲ၊ အဲဒါကြောင့်လည်း ဒုက္ခမများချင်လို့ ယောက်ျားလို ဝတ်ပြီး လောကထဲ လှည့်လည်နေတာ ဖြစ်ရမယ်။ ကျွန်တော် အခုလို လုပ်လိုက်မှပဲ သူ့ရဲ့ အာရုံစိုက်မှုကို ရပြီး ကောင်းမွန်တဲ့ အမှတ်တရ ဖြစ်သွားမှာဗျ"

ဝေ့ရှန်းက သူ၏ အယူအဆကို အားရပါးရ ရှင်းပြနေတော့သည်။

လီယန်ချူး - "..."

ဝမ်ကျိုး - "..."

All Chapters