အခန်း (၆၈၉-၆၉၀)
Vol. 35 Ch. 689-690
အပိုင်း(၆၈၉) အရင်းအမြစ်၊ ဟော့ပေါ့၊ သံမဏိကျားသစ်
"ကိုလင်းယွမ်... ရှင်က ဒီချောက်နက်ရေပေါ်ကျွန်းရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ယူချင်နေတာလား"
ကျန်းဇီယန်က ဝမ်းသာအားရဖြင့် ချက်ချင်း မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒီနေရာက ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ ကျွန်တော်ထင်တာတော့ ဖြစ်နိုင်ခြေ သိပ်မရှိဘူး"
"ဒီချောက်နက်ရေပေါ်ကျွန်းက ရေအောက်မှာ နစ်မြုပ်နေတာ အရမ်းကြာနေပြီ... အပေါ်မှာလည်း သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ကျက်စားနေကြတယ်... အရမ်း အစွမ်းထက်တဲ့ မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတွေတောင် ရှိနေသေးတယ်... ဒီတော့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေက တခြားသတ္တဝါတွေရဲ့ သိမ်းပိုက်တာကို ခံရရင်ခံရ... မဟုတ်ရင်လည်း အရင်ပိုင်ရှင် သေဆုံးသွားတာနဲ့အတူ ပျောက်ကွယ်သွားလောက်ပြီ"
အမှန်တကယ်တော့ လင်းယွမ်က ဒုတိယဖြစ်နိုင်ခြေကို ပို၍ ယုံကြည်နေသည်။
အဘယ်ကြောင့်ဆိုသော် ဤချောက်နက်ရေပေါ်ကျွန်းသည် ချောက်နက်ရေပေါ်ကျွန်း မဖြစ်လာမီက လေပေါ်ကျွန်းအဖြစ် စတင်ခဲ့ပြီး ထို့နောက်မှ ရေပေါ်ကျွန်း ဖြစ်လာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
အချိန်ဤမျှကြာမြင့်လာသည်အထိ အခြားသက်ရှိများက ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေကို စားသုံးကာ သန့်စင်သွားခြင်းမျိုး မရှိဘဲ မဖြစ်နိုင်ပေ။
ဤချောက်နက်ရေပေါ်ကျွန်းကြီး ပြုတ်ကျလာသည်နှင့်အမျှ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေကို သန့်စင်ထားသော ပိုင်ရှင်သည် ကျွန်းနှင့်အတူ နစ်မြုပ်သွားရန် မဖြစ်နိုင်သဖြင့် ဤကျွန်းကို စွန့်ပစ်သွားရန်သာ ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။
သေချာသည်မှာ ဤကျွန်းကို မစွန့်လွှတ်နိုင်သဖြင့် နောက်ဆုံးတွင် ကျွန်းနှင့်အတူ ရေအောက်သို့ လိုက်ပါသွားခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။
ထိုသို့ဆိုလျှင် တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ တွင်းနက်အရိပ်နဂါးနှင့် အခြေအနေချင်း ဆင်တူသွားပေလိမ့်မည်။
ထိုနဂါးသည်လည်း ဦးနှောက်အမြူတေကို အရင်ဆုံး သန့်စင်နိုင်ခဲ့သော်လည်း နှလုံးအမြူတေကို မစားရသေးမီမှာပင် လင်းယွမ်၏ လက်ဦးမှုရယူခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ ရေပေါ်ကျွန်းမှ ချောက်နက်ရေပေါ်ကျွန်းအဖြစ်သို့ ပြောင်းလဲသွားပါက ဤကျွန်းပိုင်ရှင်အနေဖြင့် ကျွန်းကို စွန့်ပစ်သွားရဖွယ် ရှိသည်။
ကျွန်းပိုင်ရှင်သည် ရေအောက်တွင် ရှင်သန်နိုင်ခြင်း ရှိမရှိကို ထားလိုက်ဦး... ရေအောက်တွင် ရှင်သန်နိုင်မည်ဆိုလျှင်တောင်မှ ရေအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သတ္တဝါများက အလွန် များပြားလွန်းလှသည်။
ရေအောက်သို့ ကျဆင်းသွားပြီး ချောက်နက်ရေပေါ်ကျွန်းအဖြစ် ဖြစ်တည်လာပါက ဤနေရာရှိ များပြားလှသော အရင်းအမြစ်များက မရေမတွက်နိုင်သော ရေအောက် သန္ဓေပြောင်း သတ္တဝါများ၏ တိုက်ခိုက်မှုကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက ကျွန်းပိုင်ရှင်သည်လည်း ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
လင်းယွမ်က ဤကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့သည် စောစောစီးစီးကပင် ပျောက်ကွယ်သွားလောက်ပြီဟု ခန့်မှန်းထားသည်။
သို့မဟုတ်ပါက ဤချောက်နက်ရေပေါ်ကျွန်း၏ ပိုင်ရှင်သည် လင်းယွီကျွန်းမှ လူများနှင့် ကျွန်းပေါ်ရှိ ဤသန္ဓေပြောင်း သတ္တဝါများကို အစောကြီးကတည်းက ရှင်းလင်းပစ်ခဲ့ပြီးလောက်ပြီ ဖြစ်သည်။
လင်းယွမ်၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာကြသည်။
ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေ မရှိပါက ဤချောက်နက်ရေပေါ်ကျွန်း၏ ပိုင်ရှင် ဖြစ်လာနိုင်မည် မဟုတ်ပေ... ထို့ပြင် ဤကျွန်းက ရေအောက်တွင် ရှိနေသဖြင့် ရှင်သန်နေထိုင်ရန် အခြေစိုက်စခန်းအဖြစ် မသတ်မှတ်နိုင်သောကြောင့် ၎င်း၏ တန်ဖိုးက အလွန်အမင်း ကျဆင်းသွားလေသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "အားလုံးပဲ... ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ မရှိရင်တောင် ဒီချောက်နက်ရေပေါ်ကျွန်းက အရင်းအမြစ်တွေ ကြွယ်ဝတဲ့ ကျွန်းတစ်ကျွန်းပါပဲ... မေ့မနေကြနဲ့ဦးလေ... ဧရာမအလောင်းကြီးတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးသလင်းကျောက်တွေ အများကြီး ရှိနေသေးတာပဲ"
"ဒီသွေးသလင်းကျောက်တွေက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းဖို့အတွက် အရေးကြီးတဲ့ ကုန်ကြမ်းတွေပဲ"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားရင်တောင်... သန္ဓေပြောင်းစွမ်းအင်ကို မြှင့်တင်ချင်တယ်ဆိုရင် သွေးသလင်းကျောက်တွေက လူတိုင်း ကျင့်ကြံဖို့အတွက် စွမ်းအင် အမြောက်အမြားကို ထောက်ပံ့ပေးနိုင်သေးတယ်"
"ဒါနဲ့... မင်းတို့တွေ ဒီမှာနေလာတာ ဒီလောက်တောင် ကြာနေပြီဆိုတော့... ဒီချောက်နက်ရေပေါ်ကျွန်းက ဘယ်လို အမျိုးအစား ကျွန်းမျိုးလဲဆိုတာ သိကြလား"
ရေပေါ်ကျွန်းတိုင်းတွင် ကိုယ်ပိုင် သီးခြား အရည်အသွေး ဝိသေသလက္ခဏာများ ရှိကြသည်။
ဥပမာအားဖြင့် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်သည် ဟင်းလင်းပြင် အရည်အသွေး ဖြစ်သည်။
တွင်းနက်အရိပ်ရေပေါ်ကျွန်းသည် အမှောင်ဓာတ် အရည်အသွေးတွင် ပါဝင်သည်။
မီယွမ်မိုးသစ်တောကျွန်းသည် ရေဓာတ် အရည်အသွေး ဖြစ်သည်။
ယခု လက်ရှိ ဤချောက်နက်ရေပေါ်ကျွန်းသည် မည်သည့် အမျိုးအစား ကျွန်းမျိုးဖြစ်ကြောင်းကို မသိရသေးပေ။
"အဲ့ဒါကို သမီးသိတယ်" ဝမ်ယွိအာက လက်မြှောက်လိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။
လူတိုင်းက သူမကို လှမ်းကြည့်လိုက်ကြသည်။ ဝမ်ယွိအာက အသက်ငယ်ရွယ်ပြီး အပြစ်ကင်းစင်ကာ ပွင့်လင်းသည့်ပုံ ပေါက်နေသော်လည်း သူမ၏ အစွမ်းက အလွန် ကြီးမားသော အသုံးဝင်မှု ရှိပေသည်။
သူမက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။ အစောပိုင်းကာလများက လူတိုင်း အပြင်ထွက်ကြရာတွင် သူမ၏ မြေလျှိုးအစွမ်းကို အားကိုး၍သာ အပြင်ဘက်သို့ ဝင်ထွက်ခဲ့ကြရခြင်း ဖြစ်သည်။
ဝမ်ယွိအာက ဆက်ပြောသည်ကို ကြားလိုက်ရသည်။ "သမီး အရင်က မြေလျှိုးအစွမ်းကို သုံးပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်ဖူးတယ်... ဒီနေရာက သွေးကြောလမ်းထဲမှာ ရွှေဓာတ် အရည်အသွေး ပါတဲ့ သွေးသလင်းကျောက် အမြောက်အမြား စိမ့်ဝင်နေတယ်"
"ဒီချောက်နက်ရေပေါ်ကျွန်းက ရွှေဓာတ် အရည်အသွေး ဖြစ်ဖို့ အရမ်းများတယ်လို့ သမီး သံသယရှိတယ်"
ဝမ်လင်းအာကလည်း ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "အမှန်ပဲ... ဒီချောက်နက်ရေပေါ်ကျွန်းရဲ့ သွေးကြောလမ်းက ယှဉ်ပြိုင်နိုင်စွမ်း မရှိလောက်အောင် ခိုင်မာတယ်... ခေါက်ကြည့်လိုက်ရင်တောင် သတ္တုချင်း ရိုက်ခတ်သွားတဲ့ အသံမျိုး ထွက်လာတယ်"
"ရွှေဓာတ် အရည်အသွေး စွမ်းအင်တွေ ရေရှည် စိမ့်ဝင်နေတာကြောင့် ဖြစ်ဖို့များတယ်"
ကျန်းဇီယန်ကလည်း ခေါင်းညိတ်လိုက်ပြီး "တကယ်ပါပဲ... ဒီမှာ ရွှေဓာတ် အရည်အသွေးနဲ့ သက်ဆိုင်တဲ့ အရာတွေ အများကြီး ရှိတယ်... နှမြောစရာကောင်းတာက ကျွန်မတို့ထဲမှာ ရွှေဓာတ် အစွမ်းပိုင်ရှင် မရှိဘူး... အဲ့ဒီလိုမှ မဟုတ်ရင် ဒီနေရာမှာ ရေထဲကငါးလိုမျိုး လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ"
လင်းယွမ်က ဤစကားကို ကြားလိုက်ရသောအခါ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်မိသည်။
တကယ်ကြီး ရွှေဓာတ် အရည်အသွေး ချောက်နက်ရေပေါ်ကျွန်း ဖြစ်နေပါလား။
ယခုအခါ သူ၏ ဓာတ်ကြီးငါးပါး မျိုးရိုးဗီဇမျိုးစေ့များထဲတွင် ရွှေဓာတ်နှင့် သစ်သားဓာတ် အရည်အသွေး နှစ်ခုသာ စုစည်းရန် ကျန်ရှိတော့သည်။
ယခု လက်ရှိ ဤချောက်နက်ရေပေါ်ကျွန်း ပေါ်လာခြင်းက သူ၏ စိတ်ကို လှုပ်ရှားသွားစေခဲ့သည်။
ဒါက ကံတရားက ပေးတဲ့ အခွင့်အရေးများလား။
သူကိုယ်တိုင်က ရွှေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို လိုအပ်နေချိန်တွင် ရွှေဓာတ် အရည်အသွေးရှိသော ချောက်နက်ရေပေါ်ကျွန်းပေါ်သို့ ရောက်လာခဲ့လေပြီ။
"ဒါဆိုရင် ငါပြောတာကို မင်းတို့ ဘယ်လိုသဘောရလဲ... တကယ်လို့ မင်းတို့ မစွန့်စားချင်ရင် ဒီမှာ ငါ့ကို ခဏလောက် စောင့်နေလို့ရတယ်... ငါ သွေးသလင်းကျောက်တချို့ သွားစုဆောင်းပြီးတာနဲ့ မင်းတို့အားလုံးကို ခေါ်ပြီး အတူတူ ထွက်သွားကြတာပေါ့"
လင်းယွမ်က ချက်ချင်းပင် ပြုံး၍ မေးလိုက်သည်။
ဝမ်လင်းအာက ချက်ချင်းဆိုသလို "အစ်ကိုလင်းရဲ့ အနောက်ကနေ လိုက်ပြီး... သွေးသလင်းကျောက်တွေကို အတူတူ တူးဖော်ခွင့်ရမယ့...် ဒီလောက် ကြီးမားတဲ့ အခွင့်အရေးကို... ကျွန်မတို့က ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ... ခစ်ခစ်"
ကျန်းဇီယန်နှင့် အခြားသူများကလည်း ချက်ချင်းဆိုသလို ရင်းနှီးဖော်ရွေသော ရယ်သံများ ထွက်ပေါ်လာကြသည်။
စကား အနည်းငယ် ထပ်ပြောပြီးနောက် လူတိုင်းက သွေးသလင်းကျောက် သွားတူးရန် သဘောတူလိုက်ကြသည်။
သို့သော်လည်း သွေးသလင်းကျောက် မတူးဖော်မီတွင် ဝမ်လင်းအာ၏ ဗိုက်ထဲမှ "ဂွီဂွီ" ဟု မြည်လာသည်။
လင်းယွမ်က ကြောင်သွားပြီး ဝမ်လင်းအာကို မော့ကြည့်လိုက်သည်။
ဝမ်လင်းအာ၏ မျက်နှာက နီရဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဟိုလေ... အားလုံးပဲ ဘာမှ မစားရသေးဘူးမလား"
"အစ်ကိုလင်း... ကျွန်မတို့ဆီမှာက အစစအရာရာ ချို့တဲ့နေတာ... အရင်က ပစ္စည်းတွေ အားလုံး လိပ်ကြီးနဲ့အတူ ပါသွားတော့ ကျွန်မတို့ဆီမှာလည်း စားစရာ သိပ်မရှိတော့ဘူး"
"အစ်ကိုလင်း စိတ်မဆိုးဘူးဆိုရင် ကျွန်မတို့ လုပ်ထားတဲ့ ငါးစိမ်းသုပ် နည်းနည်းလောက် စားလို့ရပါတယ်"
ထိုသို့ပြောရင်း တဲထဲတွင် ချိတ်ဆွဲထားသော သန္ဓေပြောင်း ငါးသားကို လက်ညှိုးထိုးပြလိုက်သည်။
လင်းယွမ်က ချက်ချင်းဆိုသလို အံ့သြသွားပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။ "မင်းတို့ ဒီအတောအတွင်း ဒါတွေကိုပဲ စားနေကြတာလား"
ဝမ်လင်းအာက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "ဒီမှာ အရင်းအမြစ်တွေ ကြွယ်ဝပေမဲ့ စားစရာကတော့ ကန့်သတ်ချက် ရှိတယ်... သန္ဓေပြောင်း ငါးတွေ ပုစွန်တွေကတော့ မရှားပါဘူး... ဒါပေမဲ့ ဆီ... ဆား... ပဲငံပြာရည်... ရှာလကာရည်နဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကတော့ အခြေခံအားဖြင့် မရှိသလောက်ပါပဲ"
"ပြီးတော့ ကျွန်မတို့အထဲမှာ မီးဓာတ် အစွမ်းပိုင်ရှင်လည်း မရှိတော့ စားစရာတွေကို အစိမ်းပဲ စားလို့ရတယ်"
လင်းယွမ်သည် ဤစကားကို ကြားလိုက်ရသောအခါ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။
ထိုအခါမှသာ ဝမ်လင်းအာတို့ တစ်တွေ ဤနေရာတွင် မည်မျှလောက် ဒုက္ခရောက်ခဲ့ရကြောင်းကို သူ သိလိုက်ရတော့သည်။
သူက ဆက်မေးလိုက်သည်။ "ငါ မှတ်မိသလောက်ဆို မင်းမှာလည်း ဟင်းလင်းပြင် ပစ္စည်းသိုလှောင်ခန်း ရှိတယ်မလား... အဲ့ဒီထဲမှာ စားစရာလေး ဘာလေး နည်းနည်းပါးပါး ထည့်မထားဘူးလား"
ဝမ်လင်းအာက ခါးသီးစွာ ပြုံးလိုက်ပြီး "ရှိပါတယ်... ကျွန်မမှာ ချိုးခုံငါး သိုလှောင်အိတ်နဲ့ လုပ်ထားတဲ့ ဟင်းလင်းပြင် ပစ္စည်းတစ်ခု ရှိတယ်... ဒါပေမဲ့ အဲ့ဒီထဲမှာ စားစရာနဲ့ ရေချို သိပ်များများစားစား မထည့်ထားမိဘူး... အရင်နေ့တွေကတည်းက အဲ့ဒီပစ္စည်းတွေ အားလုံးကို ကျွန်မတို့ သုံးပြီးသွားပြီ"
"အခုတော့ ဒါလေးတွေကိုပဲ ဖြစ်သလို ကြိတ်မှိတ်စားနေရတာပဲ"
လင်းယွမ်က ဤစကားကို ကြားလိုက်ရသောအခါ မနေနိုင်ဘဲ ခေါင်းခါလိုက်ပြီး "ထားလိုက်တော့... သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားတွေကို အများကြီးစားတာ မကောင်းဘူး... အဲ့ဒီအကောင်တွေရဲ့ အသားထဲမှာ မျိုးရိုးဗီဇ အညစ်အကြေးတွေ အများကြီး ပါနေလို့ မင်းတို့ရဲ့ မူလ မျိုးရိုးဗီဇကို ညစ်ညမ်းသွားစေနိုင်တယ်"
"ငါ ယူလာတဲ့ဟာတွေကိုပဲ စားကြတာပေါ့"
လင်းယွမ်က စနစ်ထဲမှ အမျိုးမျိုးသော အစားအစာများနှင့် အသုံးအဆောင်များ၊ စွမ်းအင်ကျောက်တုံးဖြင့် အသုံးပြုရသော မီးဖိုများ၊ ဒယ်အိုးများ၊ ပန်းကန်လုံးများ၊ ဇွန်းများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် သောက်စရာ အချိုရည်နှင့် အရက်များကိုပါ တိုက်ရိုက် ထုတ်ယူလိုက်သည်။
တိုက်ရိုက် ထုတ်ခင်းပေးလိုက်သည်ကို မြင်လိုက်ရသောအခါ ဝမ်လင်းအာ၊ ဝမ်ယွိအာနှင့် ကျန်းဇီယန်တို့အားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဝမ်ယွိအာက ပို၍ပင် တပ်မက်စွာဖြင့် တံတွေးများကို မျိုချလိုက်ပြီး အော်ပြောလိုက်သည်။ "ဘုရားရေ... ကိုကြီးလင်းယွမ်... ကို... ကိုကြီးမှာ ကိုကာကိုလာတောင် ရှိသေးတာလား"
"ဒီရေဘေးကြီးဖြစ်နေတာတောင် ဒီလောက် ကြာနေပြီကို ကိုကြီးဆီမှာ ရေမကြီးခင်က ပစ္စည်းတွေ ဘယ်လိုလုပ် ရှိနေသေးတာလဲ"
ဤပစ္စည်းများကို မြင်လိုက်ရသောအခါ လူတိုင်း ကြက်သေသေသွားကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါတွေ အားလုံးက အရင်က ငါ စုဆောင်းထားတဲ့ ပစ္စည်းတွေလေ... မင်းတို့လည်း သိတဲ့အတိုင်းပဲ... ငါက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လေ"
"ဟင်းလင်းပြင်ထဲက ပစ္စည်းတွေက ပုပ်သိုးပျက်စီးသွားတာမျိုး မရှိဘူး... ဒါကြောင့် မင်းတို့ စိတ်ချလက်ချ စားလို့ရတယ်"
"ငါတို့ လုပ်ရလွယ်တဲ့ ဟော့ပေါ့ပဲ လုပ်စားကြတာပေါ့... အဲ့ဒါက ပိုပြီး အဆင်ပြေမြန်ဆန်တယ်" လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ဟော့ပေါ့ စားရမည်ဟု ကြားလိုက်ရသည်နှင့် လူတိုင်းက ချက်ချင်း သွားရည်ကျသွားကြတော့သည်။
ဝမ်လင်းအာက မနေနိုင်ဘဲ "ရှင့်ဆီမှာ ဟော့ပေါ့ အရသာမှုန့်တွေတောင် ရှိသေးတာလား"
လင်းယွမ်က ပြုံးလိုက်ပြီး "တခြားဟာသာ သိပ်မရှိတာ... ဟော့ပေါ့ အရသာမှုန့်တွေကတော့ အများကြီးပဲ"
"အစက ငါတို့ ရပ်ကွက်ကနေ ထွက်လာပြီးတော့ ပထမဆုံး အခြေချခဲ့တဲ့ နေရာက မြို့ပတ်လမ်းက ကမ္ဘာ့ကုန်သွယ်ရေးစင်တာလေ... အဲ့ဒီထဲမှာ ပစ္စည်း တော်တော်များများကို လူတွေက လုယူသွားကြပြီ... အထူးသဖြင့် စားသောက်ဆိုင်တချို့မှာပေါ့"
"ဒါပေမဲ့ ဟော့ပေါ့ဆိုင် တစ်ဆိုင်မှာတော့ အေးခဲထားတဲ့ အမဲသား၊ သိုးသားနဲ့ အမဲသားလုံးလိုမျိုးတွေ လုယူခံလိုက်ရပေမဲ့ ဘယ်သူမှ မယူကြတဲ့ ဟော့ပေါ့ အရသာမှုန့် အပုံလိုက်ကြီး ကျန်ခဲ့တယ်... အဲ့ဒါတွေ အားလုံးကို ငါ တစ်ခုမကျန် သိမ်းဆည်းလာခဲ့တာ"
ဤစကားကို ပြောရင်း လင်းယွမ်က သုမာရု ဟင်းလင်းပြင်ထဲမှ ဟော့ပေါ့ အရသာမှုန့် အထုပ်များစွာကို ထုတ်ယူလိုက်သည်။
ခရမ်းချဉ်သီး အရသာ၊ မာလာ အရသာ အားလုံး ရှိသည်။
လူတိုင်း၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားကြပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။
ဝမ်ယွိအာက ချက်ချင်းပင် မာလာ အရသာ တစ်ထုပ်ကို ရွေးလိုက်ပြီး အော်ပြောလိုက်သည်။ "ကောင်းတယ်... ကောင်းတယ်... မာလာ ဟော့ပေါ့ စားမှပဲ မွှေးမှာ"
"မမ... သမီးတို့ မာလာ ဟော့ပေါ့ စားရအောင်နော်... သမီးတို့ ဖမ်းမိထားတဲ့ အဲ့ဒီငါးတွေ အားလုံးကို ငါးစိမ်းသုပ်လိုမျိုး အလွှာလေးတွေ လှီးပြီး မာလာ ဟော့ပေါ့ထဲ ထည့်ပြုတ်စားမယ်... အီးဟီးဟီး... သမီး ဟော့ပေါ့ကို အရမ်း လွမ်းနေတာ"
ဝမ်ယွိအာက စိတ်လှုပ်ရှားလာပြီး သူမ၏ မွေးရပ်မြေ လေယူလေသိမ်းများပင် ထွက်လာတော့သည်။
သူမတို့ ညီအစ်မ နှစ်ယောက်က လင်ကျန်း ဒေသခံများ မဟုတ်ဘဲ ရုံချန် မြို့ဘက်မှ ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။
မူလကတည်းက သူမတို့က အစပ်စားရသည်ကို ကြိုက်နှစ်သက်ကြပြီး ဟော့ပေါ့ဆိုလျှင် ပို၍ပင် အသည်းအသန် ကြိုက်ကြသေးသည်။
"အေး... ငါတို့ ဒီနေ့ ဟော့ပေါ့ စားကြမယ်... ဟော့ပေါ့ စားပြီးရင် အလုပ်စလုပ်မယ်"
ဝမ်လင်းအာ၏ အမိန့်ပေးသံနှင့်အတူ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
ချက်ချင်းပင် နေရာ၌ ဒယ်အိုးကြီး သုံးလုံးကို တည်လိုက်ကြသည်။
ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်က ရေစီးကြောင်းကို တိုက်ရိုက် စုစည်းကာ အိုးထဲသို့ လောင်းထည့်လိုက်သည်။
လင်းယွမ်၏ ဤမီးဖိုများ အားလုံးက မီးဓာတ် အရည်အသွေးရှိသော စွမ်းအင်ကျောက်တုံးဖြင့် အသုံးပြုရခြင်း ဖြစ်သောကြောင့် အပြင်ဘက်မှ မီးကို လုံးဝ မလိုအပ်သလို လောင်စာလည်း မလိုအပ်ပေ။
လောင်စာမှာ မီးဖိုထဲရှိ မီးဓာတ် အရည်အသွေး စွမ်းအင်ကျောက်တုံးပင် ဖြစ်သည်။
ဟော့ပေါ့ အရသာမှုန့်များကို ထည့်လိုက်ပြီးနောက် ချက်ချင်းပင် မီးဖိုထဲ၌ ရေများ ဆူပွက်လာပြီး မာလာအနံ့ ပြင်းပြင်းနှင့် လတ်ဆတ်မွှေးကြိုင်သော ရနံ့များက စတင် ပျံ့နှံ့လာကာ လူတိုင်းကို တံတွေးများ အဆက်မပြတ် မျိုချချင်လာအောင် ဆွဲဆောင်နေတော့သည်။
ဝမ်လင်းအာ၏ ဘေးတွင် ဝမ်ယွိအာက လှီးဖြတ်ထားသော ငါးအသားလွှာများကို အလောတကြီး ထည့်လိုက်သည်။
ဘေးဘက်မှ လင်းဟယ်ကလည်း အရင်က ထောင့်တစ်နေရာမှ ရှာတွေ့ထားသော ရေညှိများနှင့် ဖမ်းပင်များကို သန့်စင်အောင် ဆေးကြောပြီး ထည့်လိုက်သည်။
ဤချောက်နက်ရေပေါ်ကျွန်း၏ အတွင်းပိုင်းတွင် ဤကဲ့သို့ ရှားပါးသော အပင်မျိုးစိတ် အနည်းငယ်သာ ရှင်သန်နိုင်ပေသည်။
အသားရော ဟင်းသီးဟင်းရွက်ပါ ရှိနေသဖြင့် အမျိုးအစား အနည်းငယ် နည်းပါးနေသော်လည်း အရေအတွက်က များပြားလှသည်။
လူတိုင်းက အလောတကြီး စတင် စားသောက်လိုက်ကြပြီး တစ်လုတ် စားလိုက်သည်နှင့် မာလာ၏ အစပ်အရသာနှင့် လတ်ဆတ်မွှေးကြိုင်မှုကြောင့် တကယ်ပင် မျက်ရည်ကျမတတ် ဝမ်းသာကြည်နူးသွားကြရသည်။
သူတို့က ဟော့ပေါ့ မစားရသည်မှာ မည်မျှကြာနေပြီဖြစ်ကြောင်းကိုပင် မမှတ်မိကြတော့ပေ။
ထိုက်ယန်တောင်တွင် ရှိနေစဉ်ကပင် ဟော့ပေါ့သည် အလွန် ဇိမ်ကျသော အရာတစ်ခု ဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဟော့ပေါ့ အရသာမှုန့်များကို အမဲဆီ အသုံးပြု၍ ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထိုက်ယန်တောင်တွင် အရင်းအမြစ်များ ကြွယ်ဝပြီး မိန်ဟွာဝက်များကိုပင် စတင် မွေးမြူနေပြီ ဖြစ်သည်။
သို့သော်လည်း အမဲဆီကတော့ အမှန်တကယ်ပင် မရှိပေ။ ထို့ကြောင့် ဟော့ပေါ့ကဲ့သို့သော အစားအစာမျိုးအတွက် ထိုက်ယန်တောင်၏ ကုန်တိုက်ကြီးတွင် သက်ဆိုင်ရာ စားသောက်ဆိုင်များပင် မရှိပေ။
ဝမ်လင်းအာတို့ တစ်တွေအတွက်ဆိုလျှင် နောက်ဆုံးအကြိမ် ဟော့ပေါ့ စားခဲ့ရသည်မှာ ရေကြီးမှုကြီး မဖြစ်ပေါ်မီ ကာလကပင် ဖြစ်သည်။
ဒီအကြောင်းကို ပြောရမည်ဆိုလျှင် အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူမတို့က မည်သို့လုပ် မလွမ်းဆွတ်ဘဲ နေနိုင်မည်နည်း။
ထမင်းတစ်နပ်ကို လူတိုင်း အလွန် မြိန်ရှက်စွာ စားသောက်လိုက်ကြသည်။
သို့သော် စားသောက်နေရင်းနှင့် လင်းယွမ်က ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။
သူက မနေနိုင်ဘဲ အနောက်ဘက်ရှိ သူတို့ လာခဲ့သော မှောင်မည်းနေသည့် လမ်းပိုင်းဆီသို့ လှည့်ကြည့်လိုက်မိသည်။
သို့သော် သူတို့ လာခဲ့သော သွေးကြောလမ်းပေါ်တွင် ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဤသန္ဓေပြောင်း သတ္တဝါများ၏ ခန္ဓာကိုယ်ပေါ်တွင် မှေးမှိန်သော ရွှေရောင် အလင်းဝန်းများ တောက်ပနေပြီး ကောင်တိုင်းက ၇ ပေမှ ၁၀ ပေခန့် မြင့်မားကာ ၁၃ ပေမှ ၁၆ ပေခန့်အထိ အရှည် ရှိကြသည်။
၎င်းတို့၏ ပုံသဏ္ဌာန်က ကျားသစ်များနှင့် ဆင်တူသော်လည်း အမြီး မရှိပေ။ ခန္ဓာကိုယ်ပေါ်တွင်လည်း ကျားသစ် အပြောက်များ မရှိဘဲ ရွှေရောင်လောင်းချထားသည့်ပုံစံ ကြွက်သားတုံးများက ရေစီးကြောင်းသဏ္ဌာန် ဖြစ်ပေါ်နေသည်။
အမွေးအမျှင်များက အနည်းငယ် တိုတောင်းပြီး လက်မအနည်းငယ်ခန့်သာ ရှည်လျားမည်ဟု ခန့်မှန်းရသည်။ ရုတ်တရက် ကြည့်လိုက်ပါက အမွေးတစ်ပင်မျှ မရှိသည့်အတိုင်း သန့်စင်သော ရွှေရောင် ရုပ်တုကြီး တစ်ခုနှင့်ပင် တူနေတော့သည်။
၎င်းတို့၏ ပါးစပ် အပြည့်တွင် အစွယ်များ ရှိနေပြီး မျက်လုံးအိမ် နှစ်ဖက်ကလည်း ရွှေရောင်များ တောက်ပနေသည်။ ယခုအချိန်၌ အံဝင်ခွင်ကျ ဖြစ်နေသော အစွယ်များကြားမှ အကျိအချွဲ အမြောက်အမြား စီးကျနေသည်။
ဆူညံပျော်ရွှင်နေကြသော လူတိုင်းက မနေနိုင်ဘဲ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
ဝမ်လင်းအာက ဤသန္ဓေပြောင်း သတ္တဝါများကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာက ချက်ချင်း တင်းမာသွားပြီး "သံမဏိကျားသစ်တွေပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်လင်းအာကို လှမ်းကြည့်လိုက်ပြီး "သံမဏိကျားသစ် ဟုတ်လား"
"အင်း... ကျွန်မတို့ ပေးထားတဲ့ နာမည်လေ... အရင်က ဘယ်လိုနာမည် ခေါ်လဲဆိုတာကိုတော့ ကျွန်မတို့လည်း မသိဘူး"
"သူ့ပုံစံက ကျားသစ်နဲ့ တူပြီး တစ်ကိုယ်လုံးမှာ သတ္တုရောင်တွေ တောက်ပနေလို့ ကျွန်မတို့က သံမဏိကျားသစ်လို့ နာမည်ပေးထားတာ"
ဘေးဘက်ရှိ လင်းဟယ်က မတ်တတ်ရပ်လိုက်ပြီး "ဆရာလင်း... ဒီသံမဏိကျားသစ်တွေက တစ်ကောင်ချင်းစီတိုင်းမှာ မျိုးရိုးဗီဇမျိုးစေ့အဆင့်ထက် ကျော်လွန်တဲ့ စွမ်းရည်တွေ ရှိတယ်... အရင်က ကျွန်တော်တို့ သူတို့ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို အကြိမ်ကြိမ် ခံခဲ့ရဖူးတယ်... ဒါပေမဲ့ စိတ်ချပါ... သူတို့က ကျွန်တော်တို့ကို ဒုက္ခမပေးနိုင်ပါဘူး"
သို့သော် သူ ဤနေရာအထိသာ ပြောရသေးချိန်တွင် ရုတ်တရက် အသက်ရှူရပ်သွားပြီး မျက်နှာပေါ်၌ ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
လင်းယွမ်က လှမ်းကြည့်လိုက်ရာ အမှောင်ထုထဲတွင် ပို၍ ကြီးမားသော သံမဏိကျားသစ်ကြီး တစ်ကောင်က ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
များပြားလှသော သံမဏိကျားသစ်ငယ်များက အလိုအလျောက် နောက်ဆုတ်သွားကြပြီး ကြောက်ရွံ့စွာဖြင့် ၎င်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝပ်စင်းနေကြသည်။
ရောက်လာသော ဤဧရာမ သံမဏိကျားသစ်ကြီးသည် အရွယ်အစားအားဖြင့် ၃၃ ပေထက် ကျော်လွန်နေပြီး အရှည်မှာလည်း ၆၆ ပေထက် ပိုရှည်လျားနေပေသည်။
လင်းယွမ်ကလည်း မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ပဲ"
ဆက်ရန်...
အပိုင်း(၆၉၀) ထိန်းချုပ်ခြင်း
သံသယဖြစ်စရာမလိုဘဲ သူတို့ရှေ့ရှိ ဧရာမ ရွှေနက်ကျားသစ်ကြီးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ရှိသည့် သတ္တဝါဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ဤအချက်ကို ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားကို ကြည့်ရုံဖြင့် ခွဲခြားသိနိုင်သည်။
သန္ဓေပြောင်း သတ္တဝါအချို့က ခန္ဓာကိုယ် ကြီးမားလေ စွမ်းအားကြီးလေဟူသော သတ်မှတ်ချက်ကို မလိုက်နာကြသည်မှာ မှန်ပေသည်။
သို့သော် အများစုကတော့ ထိုသတ်မှတ်ချက်နှင့် ကိုက်ညီကြ၏။
ယခု ရှေ့မှောက်ရှိ ရွှေနက်ကျားသစ်ကြီး၏ ခန္ဓာကိုယ်အရွယ်အစားနှင့် စွမ်းအင်အရှိန်အဝါကို ကြည့်ရုံဖြင့် မည်မျှစွမ်းအားကြီးကြောင်း ခွဲခြားသိမြင်နိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ လင်းယွမ်၏ စွမ်းအင်တိုင်းမျက်မှန်က ဤရွှေနက်ကျားသစ်ကြီး၏ သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို အကဲဖြတ်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။
အလွန်ကို စွမ်းအားကြီးလှသည်။
၎င်း၏ စွမ်းအားက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀ရာခိုင်နှုန်းခန့်နှင့် ကိုက်ညီနေ၏။
"ဒုက္ခပဲ... အဲဒါ ရွှေနက်ကျားသစ်ဘုရင်ကြီးပဲ" လင်းဟယ်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ဖြူရော်သွားတော့သည်။
ဝမ်ယွိအာကလည်း ဘာမှထပ်မပြောတော့ဘဲ အစ်မဖြစ်သူနှင့် ဘေးရှိ ကျန်းဇီယန်တို့ကို ဆွဲဖမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။ "အားလုံး ကျွန်မနားကို လာခဲ့ကြ"
"မြေလျှိုးအစွမ်းနဲ့ အားလုံးကို ခေါ်သွားပေးမယ်"
ကျန်းဇီယန်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလာသည်။ "ရှောင်ယွိအာ... ဒီနေရာရဲ့ ပတ်ပတ်လည်က အသားနံရံတွေချည်းပဲလေ... နင် မြေလျှိုးဖို့ ဘယ်မှာ နေရာရှိလို့လဲ"
ထိုစကားကြောင့် ဝမ်ယွိအာ ကြောင်အသွားပြီးနောက် သူမ၏ မျက်နှာလေးလည်း ဖြူရော်သွားတော့သည်။
ထိုအခါမှသာ ဤနေရာသည် မြေအောက်မဟုတ်ကြောင်း သူမ သတိပြုမိသွားတော့၏။
ဤအချိန်တွင် ဝမ်လင်းအာက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခြင်း မရှိဘဲ လင်းယွမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"အစ်ကိုလင်း... ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ"
လင်းယွမ် ပြန်မဖြေရသေးမီ လင်းဟယ်က ရဲရင့်ပြတ်သားသော အမူအရာဖြင့် ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။ "ကျွန်းသခင်မ... ဆရာလင်း... ခင်ဗျားတို့ အရင်သွားကြပါ... ကျွန်တော် လူတစ်ချို့ခေါ်ပြီး သူ့ကိုတားထားလိုက်မယ်"
လင်းယွမ်က သူ့အား အံ့ဩတကြီးဖြင့် တစ်ချက်ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ မျက်နှာထားက တည်ငြိမ်နေပြီး အခြား ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိနေပုံမပေါ်ပေ။
ထို့ကြောင့် လင်းယွမ်က မချီးကျူးဘဲ မနေနိုင်တော့ချေ။ "ညီလေးလင်းဟယ်ရဲ့ ရဲစွမ်းသတ္တိကတော့ အံ့မခန်းပဲ... သေရေးရှင်ရေး အန္တရာယ်ကြုံနေရချိန်မှာတောင် ရှေ့ထွက်ရဲတာ လေးစားစရာပဲ"
လင်းဟယ်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလာ၏။ "ဆရာလင်း... ကျေးဇူးပြုပြီး ကျွန်းသခင်မတို့ကို ခေါ်သွားပေးပါ... သူတို့ ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားနိုင်မယ်ဆိုရင် ကျွန်တော် သေရတာလည်း တန်ပါတယ်"
လင်းယွမ်က လင်းဟယ်အား ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ အကြည့်များက ဝမ်လင်းအာထံသို့ နက်ရှိုင်းသော သံယောဇဉ်များဖြင့် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအခါမှ လင်းယွမ် တစ်ချက် သဘောပေါက်သွားသည်။ ဤလူက သူတို့၏ ကျွန်းသခင်မကို တိတ်တိတ်လေး သဘောကျနေခဲ့ခြင်းပင် ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလာသည်။ "အားလုံးပဲ စိတ်မပူကြပါနဲ့... သာမန် သန္ဓေပြောင်းသားရဲ တစ်အုပ်လောက်ပါပဲ"
"အားလုံး ထိခိုက်မိမှာစိုးလို့ အရိပ်ကမ္ဘာထဲကို အရင်ပို့ပေးမယ်နော်... ခွင့်လွှတ်ပါ"
ထိုသို့ပြောလိုက်သည်နှင့် လင်းယွမ်၏ ကျောဘက်မှ အမှောင်ရိပ်များက ပတ်ဝန်းကျင် အရပ်လေးမျက်နှာဆီသို့ ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။
မည်သည့်အချိန်ကတည်းက သူ လှုပ်ရှားလိုက်မှန်းပင် မသိရပေ။
တွင်းနက်အရိပ်ဝက အရိပ်များကြားထဲတွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ပွင့်ဟလာပြီး လူအားလုံးကို လျင်မြန်စွာပင် မျိုချသွားလေ၏။
တွင်းနက်အရိပ်ဝ၏ အရိပ်ကမ္ဘာထဲသို့ ရောက်ရှိသွားသောအခါ လူအားလုံးက အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြပြီး ခေတ္တမျှ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်၍မရနိုင်တော့ပေ။
စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များမှလွဲ၍ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်က ပြောလိုက်သည်။ "ဒေါက်တာကျန်း... ခဏနေရင် ဒီရွှေနက်ကျားသစ်အုပ်ကို ဒီထဲ ဆွဲသွင်းလိုက်မယ်... ခင်ဗျားက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဆိုတော့ သူတို့ကို သတ်ဖို့ တာဝန်ယူလိုက်"
"သိပြီ"
ကျန်းဇီယန်က မသိမသာ ခေါင်းညိတ်လိုက်သော်လည်း ရုတ်တရက် သတိဝင်လာသည်။
"ကျွန်မ တစ်ယောက်တည်းလား"
လင်းယွမ်က ဂရုမစိုက်တော့ဘဲ တိုက်ခိုက်ရန် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ဤချောက်နက်ကျွန်း၏ အတွင်းပိုင်းက မူလကတည်းက မှောင်မိုက်နေပြီး ဟိုတစ်စ သည်တစ်စ လင်းလက်နေသော ကျောက်တုံးများ သို့မဟုတ် အလင်းရောင် အနည်းငယ်သာ ပေးစွမ်းနိုင်သည့် အပင်များသာ ရှိသည်။
ဤသို့သော အခြေအနေမျိုးတွင် လင်းယွမ်၏ တွင်းနက်အရိပ်ဝ မျိုးရိုးဗီဇမျိုးစေ့က ရေငတ်သူ ရေတွင်းထဲကျသကဲ့သို့ အလွန် အသုံးဝင်လှပေသည်။
မျက်တောင်တစ်ခတ်အတွင်း လင်းယွမ်၏ စိတ်စွမ်းအင် လွှမ်းခြုံထားနိုင်သော နေရာအားလုံးကို တွင်းနက်အရိပ်ဝက တိုက်ရိုက် ဝါးမျိုလိုက်တော့သည်။
ရှေ့ရှိ ရွှေနက်ကျားသစ် အငယ်များရော အကြီးများပါ အားလုံး အရိပ်ကမ္ဘာထဲသို့ အမျိုခံလိုက်ရပြီး အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။
ထိုအခိုက်တွင် ထိုရွှေနက်ကျားသစ်များက ဟိန်းဟောက်လိုက်ကြပြီး လင်းယွမ်ထံသို့ အပြင်းအထန် ခုန်အုပ်ရန် ပြင်လိုက်ကြသည်။
သို့သော် လှုပ်ရှားလိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များက ပြားချပ်နေသော အရိပ်များအဖြစ် ပြောင်းလဲသွားကြောင်း ရုတ်တရက် သိလိုက်ရသည်။
ခန္ဓာကိုယ် အကြီးမားဆုံးဖြစ်သည့် ရွှေနက်ကျားသစ်ဘုရင်ကြီးက တွင်းနက်အရိပ်ဝ၏ တိုက်ခိုက်မှုကို ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကျောကုန်းကို ခုံးလိုက်ပြီး အမွေးများ ထောင်ထလာကာ ခြိမ်းခြောက်သည့် အသံများ ပြုလုပ်လာတော့သည်။
၎င်းက အန္တရာယ်ကို အာရုံခံမိသွားပြီ ဖြစ်သည်။
အသက်အန္တရာယ်ပေးနိုင်လောက်သော အန္တရာယ်မျိုးပင်။
သို့သော် လင်းယွမ်က ၎င်း၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။
"ဝှစ်"
သူ့ခန္ဓာကိုယ် ပတ်လည်တွင် သွေးမြူများ ပွင့်အန်ထွက်လာပြီး နောက်တစ်စက္ကန့်တွင် ထိတ်လန့်ဖွယ်ရာ အမှောင်ဓာတ် စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အောက်တွင် အနက်ရောင် အရိပ်နဂါးတစ်ကောင်က သွေးမြူများကြားထဲ၌ ပေါ်လာလေ၏။
သွေးမြူများ ကျုံ့ဝင်ပျောက်ကွယ်သွားပြီးနောက် အနက်ရောင် တွင်းနက်အရိပ်နဂါးက လေထဲတွင် ဝဲပျံကာ ရပ်တန့်နေသည်။
၎င်း၏ ပတ်ပတ်လည်တွင် အရိပ်များ လှုပ်ရှားနေပြီး အရပ်လေးမျက်နှာသို့ ပြန့်နှံ့သွား၏။
ဧရာမ ခန္ဓာကိုယ်ကြီးက ပေခြောက်ဆယ်ကျော် အရှည်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမြင်ကွင်းကြောင့် ရွှေနက်ကျားသစ်ဘုရင်ကြီး ချက်ချင်းပင် ထိတ်လန့်သွားကာ ခေါင်းလှည့်ပြီး အလျင်အမြန် ထွက်ပြေးတော့သည်။
၎င်း၌ တိုက်ခိုက်ရန် သတ္တိပင် မရှိတော့ဘဲ တိုက်ရိုက် ထွက်ပြေးသွားခြင်း ဖြစ်သည်။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ လှောင်ပြုံး တစ်ချက်ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
"ဝှစ်"
အရိပ်များက အလွန်လျင်မြန်သော အလျင်ဖြင့် ပြန့်နှံ့သွား၏။
မျက်တောင်တစ်ခတ်အတွင်း ထိုရွှေနက်ကျားသစ်ဘုရင်ကြီးကို ဖုံးလွှမ်းသွားတော့သည်။
ရွှေနက်ကျားသစ်ဘုရင်ကြီး၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်းပင် ပွင့်ထွက်လာလေသည်။
ရွှေရောင်အလင်းတန်း လင်းလက်လာပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။
၎င်းက ခေါင်းလှည့်ကာ ဟိန်းဟောက်လိုက်ပြီး လေထဲရှိ အရိပ်နဂါး အသွင်ယူထားသော လင်းယွမ်ထံသို့ ခုန်အုပ်လိုက်သည်။
"ဝှစ်"
ဤအခုန်က တိုက်ရိုက် လွဲချော်သွားစေပြီး ၎င်း၏ ခန္ဓာကိုယ်က အရိပ်ထဲမှ တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
၎င်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခေါင်းလှည့်ကာ လက်သည်းများဖြင့် အလျင်အမြန် ကုတ်ခြစ်လိုက်သည်။
ထက်မြက်လှသော ရွှေရောင်လက်သည်းများက ကြောက်မက်ဖွယ်ရာ ရွှေရောင်စွမ်းအင် ပုံရိပ်ယောင်များကို သယ်ဆောင်လာပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။
သို့သော် အရိပ်ကမ္ဘာထဲတွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသော ရွှေရောင်အလင်း အကာအကွယ်ကြောင့်သာ အရိပ်အဖြစ် မပြောင်းလဲသွားခြင်း ဖြစ်သည်။
သို့သော် ထိုသို့သော ရွှေရောင်အလင်း အကာအကွယ်က သန္ဓေပြောင်းစွမ်းအင်များကို သုံးစွဲရမည်မှာ သေချာပေသည်။
အကယ်၍ လင်းယွမ်၏ သန္ဓေပြောင်းစွမ်းအင်များ မကုန်ဆုံးမီ ဤအချိန်ကို ၎င်း ကျော်ဖြတ်နိုင်မည်ဆိုလျှင် ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်လာရန် လုံးဝ မဖြစ်နိုင်ချေ။
လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၂၀ရာခိုင်နှုန်းအထိ မြင့်မားနေသည့် ကြောက်မက်ဖွယ် အတိုင်းအတာတစ်ခု ဖြစ်နေခြင်းကိုပင် ထည့်ပြောစရာမလိုပေ။
သူ၏ အဓိက မျိုးရိုးဗီဇ အရည်အသွေးကြီး လေးခုစလုံးက ညီမျှစွာ တိုးတက်နေပြီး မည်သည့် အားနည်းချက်မှ မရှိပေ။
ဤ၁၀ရာခိုင်နှုန်းသော ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သာရှိသည့် ရွှေနက်ကျားသစ်ဘုရင်ကြီးက လင်းယွမ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ထို့အပြင် လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် အရည်အသွေးမျိုးစုံရှိသည့် စွမ်းအင်ကျောက်တုံး မည်မျှပါလာသည်ကို မသိနိုင်ချေ။
လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က မမြင့်မားဘဲ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ ကန့်သတ်ချက် ရှိနေလျှင်ပင် ခန္ဓာကိုယ်မှ သုံးစွဲလိုက်သော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် စွမ်းအင်ကျောက်တုံးများကို အပြည့်အဝ အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် ဤရွှေနက်ကျားသစ်ကြီးအတွက် လုံးဝ မျှော်လင့်ချက် မရှိတော့ပေ။
ထင်ထားသည့်အတိုင်းပင် ထိုရွှေနက်ကျားသစ်ဘုရင်ကြီးက လင်းယွမ်၏ အရိပ်ကမ္ဘာထဲတွင် အရိပ်နဂါး အသွင်ယူထားသော လင်းယွမ်ကို ရူးသွပ်စွာ တိုက်ခိုက်နေလေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းမည်မျှပင် ဒေါသတကြီး ဟိန်းဟောက်ကာ ရွှေရောင်လက်သည်းချက်များစွာကို အသေအလဲ ထုတ်ဖော်နေစေကာမူ အချည်းအနှီးသာ ဖြစ်နေ၏။
လင်းယွမ်က အရိပ်နဂါး အသွင်ဖြင့် ရေထဲက လကဲ့သို့ ရုပ်လုံးမရှိသောကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက လုံးဝ ထိမှန်နိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့ လက်သည်းချက်ပုံစံ တိုက်ခိုက်မှုမျိုးကပင် လင်းယွမ်ကို လုံးဝ မထိခိုက်စေနိုင်ပေ။
ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ရွှေနက်ကျားသစ်ဘုရင်ကြီး၏ သန္ဓေပြောင်းစွမ်းအင်များက အလွန်လျင်မြန်စွာ ကုန်ခမ်းသွားတော့သည်။
၎င်းလည်း ရုတ်တရက် သတိပြုမိသွားပြီး ဆက်လက် သုံးစွဲနေမည်ဆိုလျှင် အကာအကွယ်ပေးထားသော ရွှေရောင်အလင်းကိုပင် ထုတ်ဖော်ရန် ခွန်အားကျန်တော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ရွှေရောင်အလင်းများ ထွက်ပေါ်လာစေရန် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို အစွမ်းကုန် လည်ပတ်ကာ အမှောင်ဓာတ်၏ ဖျက်ဆီးမှုကို ကာကွယ်လိုက်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်လက် တောင့်ခံထားမည်ဆိုလျှင် ၎င်း ရက်အနည်းငယ်ကြာအောင် တောင့်ခံနိုင်ပေလိမ့်မည်။
သို့သော် လင်းယွမ်က ၎င်းနှင့်အတူ ထိုမျှကြာအောင် အချိန်မဆွဲချင်တော့ပေ။
အရိပ်နဂါးက ၎င်း၏ ခန္ဓာကိုယ်ကို ရုတ်တရက် တစ်ချက်ခါရမ်းလိုက်သည်ကို တွေ့လိုက်ရပြီး "ဝုန်း"
အရိပ်ကမ္ဘာတွင် အပေါက်တစ်ခု ပေါ်လာပြီး ရွှေနက်ကျားသစ်ဘုရင်ကြီးကို တိုက်ရိုက် လွှင့်ပစ်လိုက်တော့သည်။
ရွှေနက်ကျားသစ်ဘုရင်ကြီးက အရိပ်ကမ္ဘာထဲမှ ထွက်ခွာသွားသည်နှင့် ၎င်း၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လာကာ ဘာမှထပ်မတွေးတော့ဘဲ ခြေလက်လေးဖက်ဖြင့် မြေကြီးကို ပြင်းပြင်းထန်ထန် ကန်ကာ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် နှစ်လှမ်းခန့် ပြေးပြီးသည်နှင့် ၎င်း ရုတ်တရက် ရပ်တန့်သွား၏။
"ဂါး"
၎င်း၏ ချွန်ထက်သော လက်သည်းနှစ်ဖက်ဖြင့် ခေါင်းကို ရုတ်တရက် အုပ်ကိုင်ကာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်ရင်း ညည်းတွားဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။
လင်းယွမ်က တွင်းနက်အရိပ်နဂါး အသွင်မှ ထွက်လာခဲ့ပြီး ယခုအချိန်တွင် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ အသွင်သို့ ပြန်လည်ဖွဲ့စည်းလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်က ရွှေနက်ကျားသစ်ဘုရင်ကြီး၏ စိတ်ပင်လယ်ကို အတင်းအဓမ္မ ဆုတ်ဖြဲလိုက်ပြီး ၎င်း၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
တိုက်ကွက်တစ်ကွက်တည်းဖြင့် ဤရွှေနက်ကျားသစ်ဘုရင်ကြီး တိုက်ရိုက် လဲကျသွားတော့သည်။
လင်းယွမ်က လျှောက်လာပြီး အားကောင်းလှသော စိတ်စွမ်းအင်ဖြင့် ရုပ်သေးကြိုးမျှင် ကို အသက်သွင်းကာ ဤရွှေနက်ကျားသစ်ဘုရင်ကြီးကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းအာနှင့် အခြားသူများကို အပြင်သို့ ထုတ်ပေးလိုက်သည်။
ဝမ်လင်းအာတို့ အပြင်ရောက်လာသည်နှင့် သူတို့၏ အမူအရာများက ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
အရိပ်အခြေအနေမှ ပြန်လည် လိုက်လျောညီထွေမဖြစ်သေးကြောင်း သိသာလှသည်။
လင်းယွမ်က စကားစလိုက်သည်။ "အားလုံးပဲ... ရွှေနက်ကျားသစ်ဘုရင်ကို အညံ့ခံခိုင်းလိုက်ပြီ... သူ့ရဲ့ အုပ်စုကိုလည်း အရိပ်ကမ္ဘာထဲမှာ ပိတ်လှောင်ထားလိုက်ပြီ"
"ဒေါက်တာကျန်း... ဘယ်နှကောင် သတ်လိုက်လဲ"
ကျန်းဇီယန်က သတိပြန်ဝင်လာပြီး သူမ၏ ကပြားအလှမယ် မျက်နှာပေါ်တွင် အနေရခက်မှုများ ပြည့်နှက်သွားသည်။
"တောင်းပန်ပါတယ် ဆရာလင်း... ကျွန်မ ချက်ချင်း သတိမဝင်လိုက်လို့ ဘာမှမလုပ်ရသေးခင်မှာပဲ ရှင့်ဘက်က ပြီးသွားလို့လေ"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလာ၏။ "ကိစ္စမရှိပါဘူး... ကျွန်တော့်ရဲ့ အရိပ်ကမ္ဘာထဲကို ပထမဆုံးအကြိမ် ဝင်ရတာဆိုတော့ ဒီလိုပဲဖြစ်တတ်ပါတယ်"
"လင်းအာ... မင်းအတွက် လက်ဆောင်တစ်ခု ပေးမယ်"
ထိုသို့ပြောရင်း သူက ဘေးရှိ ရွှေနက်ကျားသစ်ဘုရင်ကြီးကို တစ်ချက် ပုတ်လိုက်သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သတ္တုကို ခေါက်လိုက်သကဲ့သို့ "ဒေါင်... ဒေါင်... ဒေါင်" ဟူသော အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။ "ဒီကောင်က တကယ် သတ္တုဓာတ် သန္ဓေပြောင်းသားရဲပဲ... သန္ဓေပြောင်းစွမ်းအင်ကို အသက်မသွင်းထားရင်တောင် ခန္ဓာကိုယ်တစ်ခုလုံးက သံမဏိလို မာကျောနေပြီး ရွှေနက်နဲ့ သွန်းလုပ်ထားသလိုပဲ... ဒါကြောင့် မင်းတို့က သူ့ကို ရွှေနက်ကျားသစ်လို့ ခေါ်ကြတာကိုး"
"အခု မင်းမှာ လိပ်ကြီး မရှိတော့ဘူးဆိုတော့ တိုက်ခိုက်ရေးစွမ်းရည် တော်တော်ကျသွားပြီ... ဒီရွှေနက်ကျားသစ်ဘုရင်ကြီး မင်းကို ပေးမယ်... မင်းရဲ့ သားရဲထိန်းချုပ်အစွမ်း နဲ့ သူ့ကို ထိန်းချုပ်လိုက်ရင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်"
"ကျွန်မကို ပေးတာလား"
ဝမ်လင်းအာက အံ့ဩဝမ်းသာဖြစ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်နေသည်။
၎င်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် ကြောက်မက်ဖွယ် သန္ဓေပြောင်းသားရဲကြီး မဟုတ်ပါလား။
ယခင်က လိပ်ကြီးပင်လျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်ရှိသေးပေ။
လိပ်ကြီး၏ ခန္ဓာကိုယ် ကြီးမားရခြင်းမှာ ၎င်း၏ သွေးကြောများက ထူးခြားနေသောကြောင့်သာ ဖြစ်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကြောင့် ခန္ဓာကိုယ် ကြီးမားလာခြင်း လုံးဝ မဟုတ်ပေ။
အကယ်၍ ထိုသို့သာဆိုလျှင် ထိုစဉ်က ဝမ်လင်းအာသည် လိပ်ကြီးကို အားကိုးကာ အင်အားစုအားလုံးကို တိုက်ရိုက် ချေမှုန်းနိုင်ခဲ့ပေလိမ့်မည်။
ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် စစ်တပ်တို့ပင် ဦးညွှတ်အညံ့ခံရမည် ဖြစ်သည်။
"အင်းပေါ့... အမြန်လာပြီး ထိန်းချုပ်လိုက်တော့" လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ဝမ်လင်းအာက အံ့ဩဝမ်းသာစွာဖြင့် အလျင်အမြန် လျှောက်လာပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မ အားမနာတော့ဘူးနော်... အခု ကျွန်မမှာ တကယ်ကို အားကောင်းတဲ့ ထိန်းချုပ်ခံသားရဲ လိုအပ်နေတာ"
"အရင်က ကျွန်မ ထိန်းချုပ်ထားတဲ့ သန္ဓေပြောင်းသားရဲ အနည်းငယ်က အပြင်ထွက်ပြီး အစာရှာတဲ့အချိန်မှာ အပြင်က သန္ဓေပြောင်းသားရဲတွေ စားတာ ခံလိုက်ရတယ်"
"ရှင်ကျွန်မကို ဒါပေးတာ တကယ်ပဲ အချိန်ကိုက် အကူအညီဖြစ်သွားတာပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလာသည်။ "မင်းနဲ့ငါ့ကြားမှာ ဒီလောက် ပြောစရာမလိုပါဘူး... အရင်က ထိုက်ယန်တောင် အခက်အခဲကြုံရတုန်းက မင်းလည်း ဘာမှချန်မထားဘဲ လူတွေခေါ်ပြီး ငါ့ကို လာကူညီပေးခဲ့တာပဲ မဟုတ်လား"
"မြန်မြန် ထိန်းချုပ်လိုက်တော့" လင်းယွမ်က တိုက်တွန်းလိုက်သည်။
ဝမ်လင်းအာ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်း ချက်ချင်းပင် တုံ့ဆိုင်းသွားကာ "အစ်ကိုလင်း... သူ့ရဲ့ စွမ်းအားက ဘယ်လောက်လဲ... ကျွန်မရဲ့ စိတ်စွမ်းအင် မလောက်ငှဘဲ ထိန်းချုပ်တာ မအောင်မြင်မှာကို စိုးရိမ်တယ်"
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "စိတ်မပူပါနဲ့... သူ့ရဲ့ စိတ်ပင်လယ်ကို ငါ ဒဏ်ရာရအောင် လုပ်ထားပြီးပြီ"
"အခုလောလောဆယ် စိတ်စွမ်းအင် အားနည်းနေတာဆိုတော့ မင်း ထိန်းချုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"ဒီတစ်ကြိမ် ထိန်းချုပ်တာ အောင်မြင်သွားရင် နောက်ပိုင်း သူ ပြန်ကောင်းလာရင်တောင် ပြန်ခုခံနိုင်မှာ မဟုတ်တော့ဘူး"
ဝမ်လင်းအာက ထိုစကားကို ကြားသောအခါမှသာ စိတ်အေးသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုလင်း ခဏစောင့်... ကျွန်မ အခုပဲ ထိန်းချုပ်လိုက်မယ်"
ထိုသို့ပြောရင်း သူမက မျက်လုံးမှိတ်ကာ သန္ဓေပြောင်းစွမ်းအင်များကို စတင် ထုတ်ဖော်လိုက်သည်။
လင်းယွမ်က သူမ သားရဲထိန်းချုပ်နေသည့် အခြေအနေကို လေ့လာစောင့်ကြည့်နေ၏။
ဝမ်လင်းအာ၏ ဤအစွမ်းက မည်သို့ ထုတ်ဖော်ရသည်ကို လင်းယွမ် သိချင်နေခြင်း ဖြစ်သည်။
မကြာမီ လင်းယွမ်က ထိုစိတ်စွမ်းအင် လှိုင်းကို ရုတ်တရက် အာရုံခံမိလိုက်ပြီးနောက် ထူးခြားသော သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်တည်လာပုံပေါ်သည်။
ထိုစိတ်စွမ်းအင် သင်္ကေတ အမှတ်အသားက ပြင်းထန်စွာ ဒဏ်ရာရထားပြီးဖြစ်သော ရွှေနက်ကျားသစ်ဘုရင်ကြီး၏ ဦးနှောက်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။
"ဝီ"
ရွှေနက်ကျားသစ်ဘုရင်ကြီးက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဒေါသတကြီး ရုန်းကန်လာ၏။
ကျားသစ်မျက်လုံးတစ်စုံက ဝမ်လင်းအာကို ဒေါသတကြီး စိုက်ကြည့်နေသည်။
အားကောင်းလှသော စိတ်စွမ်းအင်တစ်ခုက ပြန်လည် တန်ပြန်တိုက်ခိုက်လာသည်။
ဝမ်လင်းအာ၏ အမူအရာ ပြောင်းလဲသွားပြီးနောက် ဒေါသမထွက်ဘဲ ပျော်ရွှင်သွားကာ "ဒဏ်ရာရနေတာတောင် ဒီလောက် စွမ်းအားကြီးနေတုန်းပဲ"
သူမက မျိုးရိုးဗီဇမျိုးစေ့အဆင့် စွမ်းအားဖြင့်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ရှိသော သန္ဓေပြောင်းသားရဲတစ်ကောင်ကို အတင်းအဓမ္မ ထိန်းချုပ်ရန် သူမ၏ စိတ်စွမ်းအင်ကို အလျင်အမြန် အားဖြည့်လိုက်သည်။
အကယ်၍ အောင်မြင်သွားမည်ဆိုပါက သူမသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်များထဲတွင် နံပါတ်တစ် ဖြစ်လာပေလိမ့်မည်။
ရွှေနက်ကျားသစ်ဘုရင်ကြီးကို အားကိုးခြင်းဖြင့် သူမသည် အချို့သော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်များကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ဆက်ရန်...