← Chapters

အခန်း (၆၉၁-၆၉၂)

Vol. 35 Ch. 690-691

အခန်း (၆၉၁-၆၉၂)

Vol. 35 Ch. 690-691

အပိုင်း (၆၉၁) သားရဲထိန်းချုပ်မှု ကျရှုံးခြင်း

"ငါကူညီရမလား"

လင်းယွမ်က ဘေးမှနေ၍ မေးလိုက်သည်။

သူက ရုပ်သေးကြိုးမျှင် အစွမ်းကို အသုံးပြုကာ ရွှေနက်ကျားသစ်ဘုရင်၏ အာရုံကြောကွန်ရက်ကို ထိန်းချုပ်ထားပြီး ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်ထားသည်။

သို့သော် ဝမ်လင်းအာကို သားရဲထိန်းချုပ်မှု ပြုလုပ်စေလိုသောကြောင့် ရွှေနက်ကျားသစ်ဘုရင်၏ စိတ်ပင်လယ် ဧရိယာကို ထိန်းချုပ်ထားခြင်းမှ လွှတ်ပေးထားခဲ့သည်။

မျှော်လင့်မထားသည်မှာ ရွှေနက်ကျားသစ်ဘုရင်သည် ဒဏ်ရာရနေသော်လည်း ၎င်း၏ စိတ်စွမ်းအင်မှာ အလွန် အားကောင်းနေဆဲပင်တည်း။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သတ္တုဓာတ် သန္ဓေပြောင်းသားရဲ ဖြစ်ပြီး ထိုသို့သော ဒြပ်စင်အမျိုးအစား သန္ဓေပြောင်းသားရဲများ၏ အဓိက အရည်အသွေးမှာ စိတ်စွမ်းအင်ပင် ဖြစ်သည်။

ထို့ကြောင့် ၎င်း၏ စိတ်စွမ်းအင် အရည်အသွေး မြင့်မားနေခြင်းမှာ ကြိုတင် ခန့်မှန်းထားနိုင်သည့် ကိစ္စဖြစ်သည်။

ထို့ပြင် ဝမ်လင်းအာထက် များစွာ မြင့်မားနေသင့်ပြီး အနည်းဆုံး အမှတ် ၂၀ ခန့် ပိုများနေနိုင်သည်။

သို့မဟုတ်ပါက ဤမျှ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ဝမ်လင်းအာက အံကြိတ်ကာ "ကျွန်မ မရဘူးဆိုတာ မယုံဘူး... အစ်ကို မကူနဲ့... ကျွန်မဘာသာ လုပ်မယ်"

"ကျွန်မသူ့ထက်ပို တောင့်မခံနိုင်ဘူးလို့ မယုံဘူး"

ဝမ်လင်းအာက စိတ်စွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်ကာ သူမ၏ သားရဲထိန်းချုပ်ခြင်း အစွမ်းကို အသုံးပြုပြီး ထိုအမှတ်အသားကို ရွှေနက်ကျားသစ်ဘုရင်၏ စိတ်ပင်လယ်ထဲသို့ အတင်းအဓမ္မ ရိုက်သွင်းလိုက်သည်။

ရွှေနက်ကျားသစ်ဘုရင်က ပြင်းထန်စွာ ရုန်းကန်ပြီး အဆက်မပြတ် ဟိန်းဟောက်နေသည်။

ထိုဟိန်းဟောက်သံထဲတွင် မကျေနပ်မှုများ... ဒေါသတရားများနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပါဝင်နေသည်။

သန္ဓေပြောင်းသားရဲ တစ်ကောင်တွင် ဤမျှများပြားသော ခံစားချက်များ ရှိနေမည်ဟု တွေးထင်ရန်ပင် ခက်ခဲလှသည်။

လင်းယွမ်က သန္ဓေပြောင်းသားရဲများသည် ဆင့်ကဲပြောင်းလဲပြီးနောက် စိတ်စွမ်းအင် မြင့်တက်လာမှုနှင့်အတူ ဉာဏ်ရည်ဉာဏ်သွေးပါ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းလိုက်သည်။

အချိန်အတန်ကြာပြီးနောက် ရွှေနက်ကျားသစ်ဘုရင်သည် နောက်ဆုံးတွင် အရှုံးပေးလိုက်ရသည်။

ဝမ်လင်းအာ၏ စိတ်လှုပ်ရှား ဝမ်းသာနေသော အကြည့်များအောက်တွင် အပြာရောင် သားရဲထိန်းချုပ်ခြင်း သင်္ကေတသည် ၎င်း၏ စိတ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

သို့သော် သူမအနေဖြင့် ဤရွှေနက်ကျားသစ်ဘုရင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ပြီဟု ထင်မှတ်လိုက်ချိန်တွင်...

နောက်တစ်စက္ကန့်၌ ရွှေနက်ကျားသစ်ဘုရင်က မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး ၎င်း၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

လင်းယွမ်က အခြေအနေမကောင်းမှန်း ချက်ချင်း ရိပ်မိလိုက်သည်။

"သတိထား"

သူက ချက်ချင်း သတိပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ပင်လယ်ကို အသက်သွင်းလိုက်ရာ စိတ်စွမ်းအင်များက ရွှေနက်ကျားသစ်ဘုရင်ဆီသို့ ရူးသွပ်စွာ စီးဆင်းသွားသည်။

သို့သော် အချိန်နှောင်းသွားခဲ့ပြီဖြစ်ပြီး ရွှေနက်ကျားသစ်ဘုရင်၏ မျက်လုံးနှစ်လုံး ပြူးကျယ်သွားကာ ၎င်း၏ စိတ်ပင်လယ်ထဲ၌ စိတ်စွမ်းအင်များ ပြင်းထန်စွာ ဆူပွက်လာသည်ကို တွေ့လိုက်ရသည်။

"ဘုန်း"

လူအားလုံး၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် ရွှေနက်ကျားသစ်ဘုရင်၏ ခေါင်းက အကျယ်ကြီး ပေါက်ကွဲထွက်သွားသည်။

၎င်း၏ စိတ်စွမ်းအင် ပေါက်ကွဲမှုက တစ်ခဏအတွင်း အရပ်မျက်နှာ အနှံ့အပြားသို့ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်လှိုင်းများကို ဖြစ်ပေါ်စေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ဘာမှထပ်မပြောတော့ဘဲ စိတ်စွမ်းအင်ကို အသက်သွင်းကာ လိပ်ခွံကဲ့သို့သော လှောင်အိမ်တစ်ခုကို ဖန်တီးလိုက်သည်။

စိတ်စွမ်းအင် လှောင်အိမ်။

"ဒုန်း"

စိတ်စွမ်းအင် လှောင်အိမ် ထွက်ပေါ်လာမှုနှင့်အတူ မိမိကိုယ်ကို ပေါက်ကွဲစေခဲ့သော ရွှေနက်ကျားသစ်ဘုရင်ကို တိုက်ရိုက် လွှမ်းခြုံပိတ်လှောင်လိုက်သည်။

ထိုစိတ်ပင်လယ်ကို ပေါက်ကွဲစေခဲ့သော စိတ်စွမ်းအင်နှင့် ရိုက်ခတ်လှိုင်းများ ပေါက်ကွဲထွက်လာပြီး စိတ်စွမ်းအင် လှောင်အိမ်၏ လိပ်ခွံနံရံပေါ်သို့ ရူးသွပ်စွာ ဝင်တိုက်မိကာ ဒုန်းဒုန်း ဟူသော အသံတုံးကြီးများ ထွက်ပေါ်လာသည်။

အစွမ်းထက်သော စိတ်စွမ်းအင်များ၏ အချင်းချင်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားရာ လူအားလုံးမှာ စိတ်ပင်လယ် တုန်ခါသွားပြီး ဦးနှောက်ထဲတွင် အူဝေသွားသည်ဟု ခံစားလိုက်ရသည်။

"ကျွန်းသခင်မ"

"မမ"

ရွှေနက်ကျားသစ်ဘုရင်က ၎င်း၏ စိတ်ပင်လယ်ကို ပေါက်ကွဲစေခဲ့မှုနှင့်အတူ လင်းယွမ်က ထိုပေါက်ကွဲမှု၏ အကြွင်းအကျန်အရှိန်ကို အချိန်မီ တားဆီးနိုင်ခဲ့သော်လည်း သားရဲထိန်းချုပ်ခြင်း သင်္ကေတ၏ ပိုင်ရှင်ဖြစ်သော ဝမ်လင်းအာမှာမူ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရသည်။

သူမ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် ပန်းထွက်လာပြီး မျက်ကွင်းများမှလည်း သွေးများ ယိုစီးကျလာကာ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး ထိုနေရာတွင်ပင် လဲကျသွားတော့သည်။

လင်းယွမ်သည်လည်း အလွန် အံ့အားသင့်သွားသည်။

သူက ကိုယ်ကို တစ်ချက်ယိမ်းလိုက်ပြီး ဝမ်လင်းအာ၏ နောက်သို့ ပထမဆုံး ရောက်ရှိလာကာ သူမကို ဖမ်းထိန်းလိုက်သည်။

လင်းယွမ်က သူမ၏ စိတ်ပင်လယ် အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်သည်။

သူမသည် စိတ်စွမ်းအင်၏ တန်ပြန်ရိုက်ခတ်မှုကို ခံရသဖြင့် စိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်များ တုန်ခါနေပြီး မတည်ငြိမ်သော လက္ခဏာများ ခပ်ရေးရေး ပေါ်လွင်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ သူ၏ စိတ်စွမ်းအင်ကို ချက်ချင်း အသက်သွင်းကာ သူမ၏ စိတ်ပင်လယ် တုန်ခါမှုကို တည်ငြိမ်စေရန် ကူညီပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက အပြာရောင် ဆေးရည်တစ်ပုလင်းကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ဝမ်လင်းအာ၏ ခန္ဓာကိုယ်ထဲသို့ အမြန်တိုက်ကျွေးလိုက်သည်။

"စိတ်မပူကြပါနဲ့... စိတ်စွမ်းအင် တန်ပြန်ရိုက်ခတ်ခံလိုက်ရလို့ စိတ်ပင်လယ် သိပ်မတည်ငြိမ်ရုံပါ... ကျွန်တော် သူ့ကို တည်ငြိမ်အောင် ကူညီပေးပါမယ်"

"ဒါက စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းပေးတဲ့ ဆေးရည်ပဲ... သူ သောက်ပြီးသွားရင် အမြန် ပြန်ကောင်းလာလိမ့်မယ်"

လင်းယွမ်က အပြေးအလွှား ရောက်လာသော လူများကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

ဝမ်ယွိအာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် "ကိုကြီးလင်းယွမ်... သမီးရဲ့မမကို မဖြစ်မနေ ကယ်ပေးပါနော်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... သမီးမှာ ဆွေမျိုးဆိုလို့ မမပဲ ရှိတော့တာမို့လို့ပါ... ဟင့်ဟင့်"

ရေကြီးပြီးနောက်ပိုင်းတွင် သူမက အမဖြစ်သူနောက်သို့ အမြဲတမ်း လိုက်ပါခဲ့သည်။

ညီအမနှစ်ယောက်သည် အချင်းချင်း အားကိုးတကြီး နေထိုင်ခဲ့ကြပြီး အချိန်တိုင်းတွင် အမဖြစ်သူကသာ သူမအတွက် လေဒဏ်မိုးဒဏ်များကို ကာကွယ်ပေးခဲ့သည်။

သူမအတွက်မူ မိမိအသက်နှင့် အမဖြစ်သူ၏ အသက်ကို လဲလှယ်နိုင်မည်ဆိုပါကလည်း သူမက လိုလိုလားလား ရှိနေမည်သာ ဖြစ်သည်။

ဘေးဘက်ရှိ ကျန်းဇီယန်ကလည်း အလျင်စလို မေးလိုက်သည်။ "ဆရာလင်း... တကယ် ဘာမှမဖြစ်ဘူးလား... သူ့ မျက်လုံးတွေထဲကနေတောင် သွေးတွေ ထွက်နေတာနော်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ "စိတ်ချပါ... တကယ် ဘာမှမဖြစ်ပါဘူး"

"စိတ်ပင်လယ် ထိခိုက်သွားတဲ့အခါ သွေးတွေ ထွက်လာတာက ကောင်းတဲ့ကိစ္စပါ... အနည်းဆုံးတော့ ဦးနှောက်ထဲမှာ စုပုံမနေတော့ဘူးလေ"

"ဒါက သူ့အနေနဲ့ ပထမဆုံးအချိန်မှာတင် အဲ့ဒီ စိတ်စွမ်းအင် တန်ပြန်ရိုက်ခတ်မှုရဲ့ အရှိန်ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာတွေ့သွားပြီ ဆိုတာကို ပြသနေတာပါ"

"စိတ်ချလက်ချသာ နေကြပါ"

လင်းယွမ်၏ နှစ်သိမ့်မှုနှင့်အတူ တစ်ချိန်တည်းမှာပင် ဤစိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းပေးသည့် ဆေးရည်ကို တိုက်ကျွေးပြီးနောက် ဝမ်လင်းအာ၏ မျက်ခွံများ တုန်ခါသွားပြီး မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားကာ မျက်လုံးများကို ဖွင့်လာသည်ကို တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးများထဲတွင် သွေးကြောများ ပြည့်နှက်နေပြီး ဦးနှောက်ထဲတွင်လည်း တစ်ခဏချင်း မူးဝေနေကာ လူများ၏ မျက်နှာကို သေချာ မမြင်ရတော့ချေ။

"ကျွန်မ... ကျွန်မ ကျရှုံးသွားတာလား"

သူမက မသိစိတ်မှနေ၍ တစ်ခွန်း မေးလိုက်သည်။

"မမ... ဟင့်ဟင့်..."

ဝမ်ယွိအာက သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အသံကျယ်ကြီးဖြင့် အော်ငိုလိုက်သည်။

ဝမ်လင်းအာက သတိပြန်ဝင်လာပြီး လက်ကိုမြှောက်ကာ သူမ၏ ခေါင်းကို ပွတ်သပ်ပေးရင်း "ဘာမှမဖြစ်ဘူး... ဘာမှမဖြစ်ဘူး... မမ ဘာမှမဖြစ်ပါဘူး"

ဘေးဘက်ရှိ ကျန်းဇီယန်ကလည်း "ဘယ်အချိန်ရောက်နေပြီလဲ... နင်က ဒါကို ဂရုစိုက်နေတုန်းပဲလား"

"နင် အခု ဘယ်လို ခံစားနေရလဲ"

ဆရာဝန်တစ်ယောက်အနေဖြင့် သူမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလေ့အထအရ ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းအာက ခေါင်းခါလိုက်သည်။ "ခေါင်းက အရမ်းကိုက်နေတယ်... မျက်လုံးရှေ့မှာ ကြယ်တွေလည်နေပြီး လူတွေကို သေချာ မမြင်ရဘူး... ဘာကိုကြည့်ကြည့် နှစ်ထပ်တွေ ဖြစ်နေတယ်"

"ပြီးတော့... အရမ်း ပင်ပန်းနေတယ်... အိပ်ချင်လာပြီ... အိပ်ချင်တယ်"

ကျန်းဇီယန်က ချက်ချင်း သုံးသပ်လိုက်သည်။ "ဒါက စိတ်စွမ်းအင် အလွန်အကျွံ သုံးစွဲလိုက်ရတဲ့ လက္ခဏာပဲ... ကိုလင်းယွမ်... ရှင့်ဆီမှာ အဲ့ဒီဆေးရည် ရှိသေးလား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ ဆေးရည်တစ်ပုလင်းကို ထပ်ထုတ်ယူလိုက်သည်။

၎င်းသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တီထွင်ထားသော စိတ်စွမ်းအင် ပြန်လည်ဖြည့်တင်းပေးသည့် ဆေးရည်ဖြစ်ပြီး သန္ဓေပြောင်း သစ်သီးများနှင့် သန္ဓေပြောင်း အပင်များကို အသုံးပြုကာ ဖော်စပ်ထားခြင်း ဖြစ်သည်။

ဒေါက်တာရန်၏ စကားအရ ၎င်းသည် တိုင်းရင်းဆေး ဖြစ်ပြီး အာနိသင်မှာ အလွန်ကောင်းမွန်သော်လည်း ဘေးထွက်ဆိုးကျိုး အချို့တော့ ရှိနေသေးသဖြင့် တစ်ရက်လျှင် သုံးကြိမ်ထက် ပိုမသုံးရန် သူက အကြံပြုထားသည်။ သို့မဟုတ်ပါက အဆိပ်အတောက်များ စုပုံလာနိုင်ခြေ ရှိသည်။

"ဆေးရည်က ကျွန်တော့်ဆီမှာ အများကြီး ရှိပါသေးတယ်... ဒါပေမဲ့ တစ်ရက်တည်း အများကြီး သောက်ဖို့ အကြံမပေးချင်ဘူး... ဒေါက်တာရန် ပြောဖူးသလိုပဲ ဆေးတိုင်းမှာ အဆိပ်အတောက်ဆိုတာ ရှိစမြဲပဲ"

"နောက်ထပ် တစ်ပုလင်း ထပ်သောက်ပြီး ဒဏ်ရာကို တည်ငြိမ်သွားရင် ထပ်မသောက်ပါနဲ့တော့"

"နောက်မှ ခင်ဗျားဘာသာ စိတ်စွမ်းအင်ကို တဖြည်းဖြည်း ပြန်လည်ဖြည့်တင်းယူလိုက်ပါ"

ကျန်းဇီယန်က ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်ပြပြီး အကြံပြုလိုက်သည်။ "ဆရာလင်း ပြောတာ မှန်တယ်... ဆေးတိုင်းမှာ အဆိပ်အတောက်ဆိုတာ ရှိတယ်လေ... ကျွန်းသခင်မ... ဒီဆေးကို တကယ်ပဲ လျှော့သုံးသင့်တယ်"

ဝမ်လင်းအာက ထိုစကားကို ကြားသောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး "ဒါဆိုရင် ဒီတစ်ပုလင်းလည်း မလိုတော့ပါဘူးလေ... ကျွန်မ ခံနိုင်ရည်ရှိမယ်လို့ ထင်ပါတယ်"

"ဒါပေမဲ့ ဒီနှစ်ရက်အတွင်းမှာတော့ ကျွန်မ ရှင်တို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတော့မယ် ထင်တယ်"

လူအားလုံးက အလျင်အမြန် ခေါင်းခါပြပြီး သူမကို ဝိုင်းဝန်း နှစ်သိမ့်ပေးကြသည်။

"ကျွန်းသခင်မ... ဘယ်လိုစကားတွေ ပြောနေတာလဲ... ခင်ဗျားက ကျွန်တော်တို့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာပါ... ကျွန်တော်တို့ကသာ ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တာပါ"

"ကျွန်းသခင်မ... စိတ်အေးအေးထားပြီး ဒဏ်ရာကိုသာ ကုသပါ... နောက်လုပ်ရမယ့် ကိစ္စတွေအတွက် ကျွန်တော်တို့ ဆရာလင်းနဲ့အတူ သွေးသလင်းကျောက်တွေ သွားတူးလိုက်ရုံနဲ့ အဆင်ပြေပါတယ်"

"ဟုတ်ပါတယ် ကျွန်းသခင်မ... အေးဆေးအနားယူနေလိုက်ပါ"

လူအားလုံးက အသီးသီး ဝင်ပြောနေကြသဖြင့် ဝမ်လင်းအာ၏ ရင်ထဲတွင် နွေးထွေးသွားသည်။

အစတုန်းက သူမသည် အရည်အသွေးကိုသာ ဦးစားပေးပြီး လူမရလျှင် နေပါစေဆိုကာ စိတ်ထားကောင်းမွန်သူများကိုသာ ကျွန်းပေါ်သို့ ခေါ်ဆောင်ရန် ရွေးချယ်ခဲ့သည်။

ယခုလို အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းက သူမကို အမှန်တကယ်ပင် စိတ်ပျက်အောင် မလုပ်ခဲ့ကြပေ။

ကျန်းဇီယန်က တက်ကြွစွာ ပြောလိုက်သည်။ "နင် သေချာ အနားယူပါ... ငါ လူတွေကို ခေါ်ပြီး ကိုလင်းယွမ်နဲ့အတူ သွေးသလင်းကျောက်တွေ သွားတူးရင်း ကျွန်းပေါ်က အရင်းအမြစ်တွေကို စုဆောင်းလိုက်မယ်"

တစ်ချိန်တည်းမှာပင် သူမက လင်းဟယ်ဘက်သို့ လှည့်ကြည့်ကာ "လင်းဟယ်... နင်က လူတစ်ချို့ကို ခေါ်ပြီး ကျွန်းသခင်မကို ပြုစုဖို့ နေခဲ့လိုက်"

လင်းဟယ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

လင်းယွမ်က ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။ "ဒီလောက်အထိ အလုပ်ရှုပ်စရာ မလိုပါဘူး... စုစုပေါင်းမှ ကျွန်တော်တို့ ဒီလူလောက်ပဲ ရှိတာကို... တကယ်လို့ ထပ်ပြီး ခွဲထွက်သွားမယ်ဆိုရင် ဒီချောက်နက်ကျွန်းပေါ်မှာ အရမ်းကို အန္တရာယ်များပါတယ်"

"ကိုလင်းယွမ်... ရှင့်ဆီမှာ ဘာအကြံဉာဏ်ကောင်းတွေ ရှိလို့လဲ" ကျန်းဇီယန်က လင်းယွမ်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "ခင်ဗျားတို့ မေ့နေကြပြီလား... ကျွန်တော်က ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လေ"

"ကျွန်တော့်ဆီမှာ ယာယီ နေထိုင်လို့ရတဲ့ ကိုယ်ပိုင် ဟင်းလင်းပြင် တစ်ခု ရှိတယ်"

"လင်းအာ... မင်း အဲ့ဒီထဲမှာ အရင်ဝင်နေမလား... ဒါဆိုရင် မင်းရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာတာကိုလည်း မထိခိုက်စေသလို တခြား သန္ဓေပြောင်းသားရဲတွေ ဝင်တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး"

"အားလုံးလည်း စိတ်ချလက်ချနဲ့ သွေးသလင်းကျောက်တွေကို သွားတူးလို့ရတာပေါ့... ဘယ်လိုလဲ"

ဝမ်လင်းအာ စကားမပြောရသေးခင်မှာပင် အခြားသူများအားလုံး၏ မျက်လုံးများက အရောင်လက်သွားကြသည်။

ဝမ်ယွိအာက အလျင်အမြန် ပြောလိုက်သည်။ "ကောင်းတာပေါ့ ကောင်းတာပေါ့... ကိုကြီးလင်းယွမ်... သမီးမမကိုပါ ခေါ်သွားနိုင်ရင် အကောင်းဆုံးပဲ"

"ကျွန်းသခင်မပါ အတူတူ လိုက်နိုင်ရင်တော့ အရမ်းကောင်းသွားတာပေါ့... အနည်းဆုံးတော့ လုံခြုံရေးအတွက် အာမခံချက် ရှိတာပေါ့"

"ဟုတ်တယ် ဟုတ်တယ်... အားလုံး အတူတူ စုနေကြတာကသာ အလုံခြုံဆုံးလေ"

"ဒီလိုအချိန်မျိုးမှာ လုံးဝ ခွဲထွက်သွားလို့ မဖြစ်ဘူး... သရဲကားတွေထဲမှာလည်း ခဏခဏပါတယ်လေ... အများအားဖြင့် လူစုခွဲတာက အန္တရာယ်အများဆုံးပဲ"

ဝမ်လင်းအာက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး "အားလုံးနဲ့ အတူတူ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ ရှင့်အတွက် အရမ်း ဒုက္ခများသွားမလားလို့ပါ"

လင်းယွမ်က ပြုံးလိုက်သည်။ "ငါတို့ကြားမှာ ဒီလိုစကားတွေ ပြောနေစရာ လိုသေးလို့လား... ပြီးတော့ ခုနကသာ ငါမင်းကို ရွှေနက်ကျားသစ်ဘုရင်ကို ဖမ်းဆီးဖို့ အကြံမပေးခဲ့ဘူးဆိုရင် မင်းလည်း ဒဏ်ရာရမှာ မဟုတ်ဘူးလေ"

လင်းယွမ်သည် အမှန်တကယ်ပင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရပြီး ဤကိစ္စအတွက် သူက သေချာ စဉ်းစားမထားခဲ့မိပေ။

ထိုရွှေနက်ကျားသစ်ဘုရင်၏ ဒေါသက ဤမျှပြင်းထန်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ၎င်းသည် ထိန်းချုပ်ခံရပြီး အိမ်မွေးသားရဲအဖြစ် နေရမည့်အစား သေရန်သာ ရွေးချယ်သွားခဲ့သည်။

ဝမ်လင်းအာသည်လည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ "ကျွန်မလည်း နားမလည်တော့ဘူး... ကျွန်မ အောင်မြင်ခါနီး ဖြစ်နေပြီကို... သူက ကျွန်မနောက် လိုက်ရမယ့်အစား သူ့ရဲ့ စိတ်ပင်လယ်ကို ဖေါက်ခွဲပစ်ဖို့ ရွေးချယ်သွားတာလား"

လင်းယွမ်က ခန့်မှန်းလိုက်သည်။ "ဒါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာရှိတဲ့ သန္ဓေပြောင်းသားရဲ ဖြစ်နေတာနဲ့ သက်ဆိုင်မယ် ထင်တယ်... ဒီအဆင့်ကို ရောက်သွားတာနဲ့ သူတို့ရဲ့ ဉာဏ်ရည်တွေက အရမ်းပွင့်လင်းလာပြီး ကိုယ့်ထက် စွမ်းအားနိမ့်တဲ့ သက်ရှိတွေဆီမှာ ဒူးထောက်အညံ့ခံဖို့ အရမ်းခက်ခဲသွားတဲ့ပုံပဲ"

ဝမ်လင်းအာက ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ "ကျွန်မရဲ့ စွမ်းအားက အရမ်းနိမ့်နေလို့လား"

လင်းယွမ်က နှစ်သိမ့်လိုက်သည်။ "မင်းရဲ့ အဓိက အရည်အသွေးကလည်း အခုဆိုရင် အမှတ် ၁၀၀ ပြည့်နေပြီလေ... ဒီတစ်ခေါက် ဒဏ်ရာရသွားပေမယ့် ပြန်ကောင်းလာရင် မင်းရဲ့ စိတ်စွမ်းအင် တိုးတက်လာလိမ့်မယ်လို့ ထင်တယ်"

"ဒီအတောအတွင်း မင်း မျိုးရိုးဗီဇကို ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားကြည့်လိုက်ပေါ့"

"သုညကနေ တစ်ကို ရောက်ဖို့က အခက်ခဲဆုံး လုပ်ငန်းစဉ်ပဲ... တစ်ခါ လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီး ဒီအဆင့်ကို တရားဝင် လှမ်းတက်နိုင်တာနဲ့ နောက်ဆိုရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သွားပြီလေ"

"အဲ့ဒီအချိန်ကျရင် အဆင့်တူ သန္ဓေပြောင်းသားရဲတွေကို ထိန်းချုပ်နိုင်လာလိမ့်မယ်"

လင်းယွမ်၏ ဆိုလိုရင်းမှာ အလွန် သိသာလှသည်။ လက်ရှိအဆင့်တွင် ဝမ်လင်းအာသည် မျိုးရိုးဗီဇမျိုးစေ့ အဆင့်သာ ရှိသေးသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ထိန်းချုပ်ရန်ဆိုသည်မှာ အနည်းငယ် အတင်းအကျပ် ဖြစ်နေပေသည်။

အကယ်၍ သူမသည်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သာ ဖြစ်မည်ဆိုပါက ထိုရွှေနက်ကျားသစ်ဘုရင်ကို ထိန်းချုပ်သည့်အခါ ၎င်း၏ ခုခံလိုစိတ်က ထိုမျှအထိ ကြီးမားနေမည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်... ရှင်ပြောတာ မှန်တယ်... ကျွန်မ အမှတ် ၁၀၀ မှာ ပိတ်မိနေတာ တော်တော်ကြာနေပြီ... မကြာသေးခင်ကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေခဲ့ပေမယ့် ဘာလမ်းစမှ ရှာမတွေ့ခဲ့ဘူး"

"ဒီတစ်ကြိမ် ဒဏ်ရာရထားတုန်း အေးအေးဆေးဆေး စိတ်ငြိမ်ငြိမ်ထားပြီး ကြိုးစားကြည့်နိုင်လောက်မယ် ထင်တယ်"

လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သုမာရု လက်စွပ်ထဲရှိ ဟင်းလင်းပြင်ကို ဖွင့်လိုက်သည်။

ဝမ်လင်းအာ၊ ဝမ်ယွိအာ၊ ကျန်းဇီယန်နှင့် လင်းဟယ်တို့ကို အထဲသို့ ခေါ်ဆောင်ကာ တစ်ချက် ကြည့်ရှုစေလိုက်သည်။

လင်းယွမ်၏ သုမာရု ဟင်းလင်းပြင်သည် သူ အကြိမ်ပေါင်းများစွာ အဆင့်တက်ပြီးနောက်တွင် နေရာအကျယ်အဝန်းမှာ အဆပေါင်းများစွာ ပိုမို ကျယ်ဝန်းလာခဲ့သည်။

သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာမှုနှင့်အတူ လူသားအသွင်တွင် သူ၏ စိတ်စွမ်းအင်မှာ အမှတ် ၁၂၃ အထိ ရောက်ရှိနေပြီ ဖြစ်သည်။

အမှန်တိုင်း ပြောရလျှင် လူသားအသွင်တွင် တိုးတက်လာမှုမှာ အမှန်တကယ်ပင် များများစားစား မရှိပေ။

သို့သော် ဤသည်က သူ၏ စိတ်စွမ်းအင် တိုးတက်မှု နှေးကွေးနေခြင်း မဟုတ်ဘဲ လူသားအသွင်ရှိသော ခန္ဓာကိုယ်မှာ ဤမျှလောက်သော စိတ်စွမ်းအင်ကိုသာ လက်ခံနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ဝင်ရောက်လိုက်သည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ရုတ်တရက် မြင့်တက်သွားပြီး အရည်အသွေး အသီးသီးကလည်း ချက်ချင်းပင် အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်သည်။

အထူးသဖြင့် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမြေပုံ အသွင်အောက်တွင် သူ၏ စိတ်စွမ်းအင်က အမှတ် ၂၀၀ ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာအထိ တိုက်ရိုက် မြင့်တက်သွားနိုင်ပေသည်။

လင်းယွမ်က ထိုအခြေအနေအောက်တွင်ပင် သုမာရု ဟင်းလင်းပြင်ကို တိုးချဲ့မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

ယခုအခါတွင် သုမာရု ဟင်းလင်းပြင်သည် အလျား၊ အနံနှင့် အမြင့်တို့တွင် ပေ ၅၀၀၀ ကျော်အထိ ရှိသော ဧရာမ ဟင်းလင်းပြင်ကြီး တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

လင်းယွမ်က ဤနေရာတွင် ပစ္စည်းများ အမြောက်အမြား သိုလှောင်ထားရုံသာမက အဆောက်အအုံ အချို့ကိုပါ တည်ဆောက်ထားသေးသည်။

သူသည် ပထမဆုံးအကြိမ် တွင်းနက်အရိပ် ဟင်းလင်းပြင်ထဲတွင် ပိတ်မိခဲ့ပြီးနောက်ပိုင်း ဤအခြေစိုက်စခန်းကို အသိစိတ်ဝင်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အပြင်ဘက်တွင် အန္တရာယ်တစ်ခုခု ကြုံလာသည်နှင့် သူက သုမာရု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပုန်းအောင်းနိုင်ပြီး ဤနေရာတွင် သိုလှောင်ထားသော နေ့စဉ်သုံး ပစ္စည်းများနှင့် လေ့ကျင့်ရေး ပစ္စည်းများက သူ့ကို တစ်နှစ်တိတိ အပြင်မထွက်ဘဲ နေနိုင်ရန် အထောက်အပံ့ ပေးနိုင်ပေသည်။

ဆက်ရန်...

အပိုင်း (၆၉၂) ချောက်နက်ကျွန်း၏ နှလုံးခန်းကို ရှာဖွေခြင်း

ထို့ကြောင့် ဝမ်လင်းအာတို့အဖွဲ့ သုမာရု ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသောအခါ မျက်စိရှေ့ရှိ ဧရာမဟင်းလင်းပြင်ကြီးကြောင့် အံ့အားသင့်ကာ မှင်သက်သွားကြတော့သည်။

ကျန်းဇီယန်က မနေနိုင်ဘဲ အာမေဍိတ်သံဖြင့် "ကိုလင်းယွမ်... ရှင့်ရဲ့ ဒီနေရာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားနေရတာလဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "ငါ့မှာ ဟင်းလင်းပြင်အစွမ်း ရှိတယ်လေ... ဖန်တီးထားတဲ့ ဟင်းလင်းပြင်ရဲ့ အရွယ်အစားက ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ အချိုးကျတယ်"

လင်းဟယ်က အားကျစွာဖြင့် "ဟင်းလင်းပြင်အစွမ်းက တကယ် အစွမ်းထက်တာပဲ... ဒီအစွမ်းသာရှိရင် ဆရာလင်းက ဒီထဲမှာပုန်းပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်နေလို့ ရပြီပေါ့" ဟု ပြောသည်။

လင်းယွမ်က ပြုံးလိုက်ရင်း "ဘယ်လိုလုပ်ပြီး ဒီထဲမှာပဲ တစ်သက်လုံး ပုန်းနေလို့ ရမှာလဲ... ဒီဟင်းလင်းပြင်က သက်ရှိတွေကို သိမ်းဆည်းထားလို့ ရတယ်ဆိုပေမဲ့ ဒီထဲက ရိက္ခာတွေက တစ်နှစ်စာ နေထိုင်ဖို့ပဲ လောက်တာ"

"ငါလည်း အန္တရာယ်နဲ့ ကြုံလာရတဲ့ အခြေအနေမျိုးမှာပဲ ဒီထဲကို ဝင်ပုန်းပြီး ခေတ္တရှောင်တိမ်းတာပါ"

ဝမ်ယွိအာကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။ "ဒီလောက်ဆိုရင်ပဲ တော်တော်လေး အစွမ်းထက်နေပါပြီ... သမီးတို့မှာသာ ဒီလိုဟင်းလင်းပြင်မျိုး တစ်ခုရှိခဲ့ရင် ဒီတစ်ခေါက် အဲ့ဒီလောက် အထိနာမှာ မဟုတ်ဘူး"

ဝမ်လင်းအာသည်လည်း ခါးသက်သက် ပြုံးလိုက်မိပြီး "ရှင်နဲ့ မဟာမိတ်ဖွဲ့ခဲ့တုန်းက ကျွန်မ ဘယ်လောက်တောင် ကံကောင်းခဲ့လဲဆိုတာ အခုမှပဲ သိတော့တယ်"

"အဲ့ဒီတုန်းကသာ ရှင့်မှာ ဒီလိုအစွမ်းမျိုး ရှိနေခဲ့ရင် ကျွန်မ ရှင့်နားဘယ်ကပ်ရဲပါ့မလဲ"

လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး "ဒီလို အားနာစရာစကားတွေ ပြောနေရင်တော့ သူစိမ်းဆန်သွားပြီ... မင်းတို့တွေ ဒီမှာပဲ ဆက်ပြီး အနားယူကြ"

"ငါ ခဏနေရင် အားလုံးကိုခေါ်ပြီး သွေးသလင်းကျောက် သွားတူးမလို့... မင်းတို့ရော သူ့ကို အဖော်ပြုပေးဖို့ ဒီမှာပဲ နေခဲ့ကြမလား"

ဝမ်ယွိအာက ချက်ချင်းပင် "သမီး မမကို အဖော်ပြုပေးမယ်... ပြီးတော့ သမီးလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို စမ်းကြည့်ချင်သေးတယ်"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး လင်းဟယ်နှင့် ကျန်းဇီယန်တို့ကို လှမ်းကြည့်လိုက်သည်။ "မင်းတို့ရော"

လင်းဟယ်က ခေါင်းခါပြလိုက်သည်။ "ကျွန်တော်တော့ မနေတော့ဘူး... ကျွန်တော့်ရဲ့ အဓိက အရည်အသွေးက မှတ် ၁၀၀ တောင် မပြည့်သေးဘူး"

သူက သစ်သားဓာတ် အစွမ်းပိုင်ရှင်ဖြစ်ရာ လေ့ကျင့်ရန် အရင်းအမြစ်များ အလွန် ရှားပါးလှသည်။

သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ထိုက်ယန်တောင်ပေါ်တွင်ပင် သစ်သားဓာတ် အရင်းအမြစ်များက အလွန် နည်းပါးလှသည်။

ဆုန့်ဝမ်သည် လင်းယွမ်၏ အမျိုးသမီးဖြစ်သောကြောင့်သာ လင်းယွမ်က သူမအတွက် အကောင်းဆုံးသော စွမ်းအင်စုဝေးအဆောက်အအုံရှိ အခန်းများကို အမြဲတမ်း ထောက်ပံ့ပေးထားခဲ့သဖြင့်သာ သူမက အဓိက အရည်အသွေးကို လျင်မြန်စွာ ဖောက်ထွက်နိုင်ခဲ့ပြီး အဆင့်တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားသော သစ်သားဓာတ် လေ့ကျင့်သူများမှာမူ ကောင်းကင်နှင့်မြေကြီးကြားရှိ သန္ဓေပြောင်းစွမ်းအင်များကိုသာ ရိုးရိုးသားသား စုပ်ယူရမည် သို့မဟုတ် စွမ်းအင်စုဝေးအဆောက်အအုံသို့ သွားရောက်လေ့ကျင့်နိုင်ရန် အမှတ်များ ရှာဖွေရမည်သာ ဖြစ်သည်။

ကျန်းဇီယန်ကဲ့သို့ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်အတွက်မူ လေ့ကျင့်ရန် အရင်းအမြစ်များ မရှားပါးလှဘဲ သူမသည်လည်း အဓိက အရည်အသွေး မှတ် ၁၀၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း သူမက ခေါင်းခါလိုက်ပြီး "အခုအချိန်က တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အခွင့်အရေးပဲ... ကျွန်မက အချိန်မရွေး လေ့ကျင့်လို့ရတယ်... ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်ထပ် ရဖို့မလွယ်တော့ဘူး... ကျွန်မ အပြင်ထွက်ပြီး သွေးသလင်းကျောက် တူးချင်တယ်"

"ကျွန်တော်လည်း အပြင်ထွက်ပြီး သွေးသလင်းကျောက် တူးမယ်" လင်းဟယ်ကလည်း ဝင်ပြောသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပြီ... ဒါဆို ငါတို့ အပြင်ထွက်ကြမယ်... လင်းအာ နဲ့ ယွိအာ... မင်းတို့ ညီအစ်မနှစ်ယောက် သေချာ လေ့ကျင့်ကြ... ဗိုက်ဆာရင် ဟိုဘက်အခန်းထဲမှာ မီးဖိုချောင်ရှိတယ်... စားစရာတွေလည်း ရှိတယ်... ကိုယ့်ဘာသာ ချက်စားကြ... ဒါနဲ့ မင်းတို့ ထမင်းချက်တတ်ရဲ့လား"

"စိတ်ချပါ ကိုကြီးရဲ့... သမီးက မမကို သေချာ ဂရုစိုက်ပေးနိုင်ပါတယ်" ဝမ်ယွိအာက ဖွံ့ဖြိုးစပြုနေပြီဖြစ်သော သူမ၏ ရင်ဘတ်လေးကို ပုတ်ရင်း ချက်ချင်း ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး လင်းဟယ်နှင့် ကျန်းဇီယန်တို့ကို ခေါ်ကာ သုမာရု ဟင်းလင်းပြင်ထဲမှ ထွက်ခွာသွားတော့သည်။

ထို့နောက် သူတို့အဖွဲ့သည် သွေးကြောလမ်းကြောင်းအတိုင်း လိုက်ပါလျက် ဤဧရာမ ချောက်နက်ကျွန်းကြီးထဲတွင် စတင် ရှာဖွေစူးစမ်းကြလေတော့သည်။

တစ်ရက်ကြာပြီးနောက် ကျဉ်းမြောင်းသော သွေးကြောလမ်းကြောင်းတစ်ခုရှေ့တွင် လူတိုင်းမှာ အနည်းငယ် စိတ်ပျက်အားငယ်နေကြသည်။

"လမ်းပိတ်နေပြန်ပြီ"

"ဒီတစ်နေ့လုံး သွေးကြောလမ်းခွဲပေါင်း ငါးဆယ်လောက်ကို ငါတို့ လိုက်ရှာခဲ့ပြီးပြီ... တချို့လမ်းတွေက လှည့်ပတ်ပြီး မူလနေရာကို ပြန်ရောက်လာတယ်... တချို့လမ်းတွေကကျတော့ လုံးဝကို လမ်းပိတ်နေတာပဲ"

"ဆရာလင်း... ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူး... ကျွန်တော်တို့ဒီလိုရှာနေရင် ချောက်နက်ကျွန်းရဲ့ နှလုံးခန်းကို ရှာတွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ်"

လင်းဟယ်က လင်းယွမ်ကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "အားလုံး စိတ်ဓာတ်တွေ နည်းနည်း ကျနေပြီ"

ဘေးနားမှ ကျန်းဇီယန်ကလည်း "ကိုလင်းယွမ်... ရှင့်မှာ နည်းလမ်းကောင်းတစ်ခုခု ရှိလား"

လင်းယွမ်တစ်ယောက် ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ အမှန်အတိုင်းပြောရလျှင် သူ့မှာ မည်သည့်နည်းလမ်းကောင်း ရှိနိုင်မည်နည်း။

အရင်တုန်းက မြူခိုးမြို့တော်မှာ နှလုံးခန်းကို ရှာတွေ့ခဲ့တာက သူများတွေ သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း သူက အတိအကျ လိုက်ရှာခဲ့လို့သာ ဖြစ်သည်။

ထို့အပြင် နောက်ပိုင်းတွင် သူက အသားစားအရည် အစွမ်းကို တိုက်ရိုက်အသုံးပြုကာ ဤအသားနံရံများကို ဆုတ်ဖြဲပြီး လမ်းကြောင်းတစ်ခုကို အတင်းအဓမ္မ အရည်ပျော်စေခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကို တွေးမိပြီးနောက် လင်းယွမ်က သူ့ခေါင်းသူ ရိုက်လိုက်မိကာ "ဒီအစွမ်းကို မေ့တော့မလို့"

သူက ချက်ချင်းပင် "အားလုံးပဲ... ဒီလို ရမ်းသန်းလျှောက်သွားနေရင် သေချာပေါက် လမ်းကြောင်းကို ရှာတွေ့မှာ မဟုတ်ဘူး... ငါ့ဆီမှာ အသားစားအရည်တွေ အများကြီး ရှိတယ်... ဒီအသားနံရံတွေကို ဆွေးမြေ့သွားအောင် လုပ်လို့ရတယ်"

"ငါတို့ ဆက်ပြီး သွေးကြောလမ်းကြောင်းတွေကို လိုက်မရှာကြတော့ဘူး... အဲ့ဒီအစား သွေးကြောလမ်းကြောင်းတစ်ခုကို တိုက်ရိုက် အရည်ပျော်စေပြီး ချောက်နက်ကျွန်း သက်ရှိရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းထဲကို ဝင်ကြည့်ကြမယ်"

ထိုစကားကို ကြားလိုက်ရသဖြင့် လူအားလုံးမှာ ရုတ်တရက် အလွန်တရာ အံ့အားသင့်သွားကြသည်။

"ကိုလင်းယွမ်... ဒီအသားနံရံတွေက ဓားနဲ့ခုတ်လည်းမပြတ်သလို သေနတ်နဲ့ပစ်လည်း မပေါက်ဘူး... မီးရှို့တာတောင်မှ ဘာမှမဖြစ်ဘူးလေ... ရှင်က ဖောက်နိုင်လို့လား"

"ဆရာလင်း... ဒီသွေးကြောလမ်းကြောင်းရဲ့ အပြင်ဘက်မှာ ဘာတွေရှိလဲ"

"ကိုလင်းယွမ်... ရှင့်မှာ သွေးကြောလမ်းကြောင်းကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းရှိတာလား"

လင်းယွမ်က ပြုံးလိုက်ပြီး "ခဏစောင့်ကြဦး"

သူက ရှေ့ဘက်ရှိ ပိတ်ဆို့နေသော သွေးကြောလမ်းကြောင်းရှေ့သို့ လျှောက်သွားလိုက်သည်။

ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လည်ပတ်စေလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ လက်ဝါးနှစ်ဖက်ကြားတွင် အမည်းရောင် မြူခိုးအစုအဝေးတစ်ခု စုစည်းလာသည်။

လင်းယွမ်က ထိုအသားနံရံပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဘုန်း"

မျက်တောင်တစ်ခတ်အတွင်းမှာပင် အသားနံရံက တုန်ခါသွားပြီး အမည်းရောင် မြူခိုးငွေ့ အများအပြားသည် အသားနံရံထဲသို့ စိမ့်ဝင်သွားတော့သည်။

ဓားဖြင့်ခုတ်မပြတ်၊ သေနတ်ဖြင့်ပစ်မပေါက်သော အသားနံရံမှာ ချက်ချင်းပင် ချိုင့်ဝင်သွားပြီး အမည်းရောင် မြူခိုးငွေ့များက အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ အသား တူးနေသော အနံ့ဆိုးများ ချက်ချင်း ထွက်ပေါ်လာလေသည်။

အသားနံရံ အပိုင်းအစကြီးတစ်ခု ချက်ချင်းပင် ဆွေးမြေ့ပြီး အောက်သို့ ကွာကျလာသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအားလုံးမှာ ရုတ်တရက် အံ့သြမှင်သက်သွားကြသည်။

"ဒါက ဘာအစွမ်းလဲ"

"တကယ်ကို အစွမ်းထက်တဲ့ ဆွေးမြေ့စေတဲ့ စွမ်းအားပဲ... ဒါက ရှေ့က အစာအိမ်ရည် ရေကန်ကြီးထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်"

"ဒါက သန္ဓေပြောင်းစွမ်းအင် မဟုတ်လား... ဆရာလင်းမှာ ဒီလိုအစွမ်းမျိုးတောင် ရှိသေးတာလား"

"သင်္ကေတ အစွမ်းများလား... ဆရာလင်းက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား"

"ဒီဟာကြီးနဲ့သာ လူတစ်ယောက်ကို အပစ်ခံရရင်... အမလေး... ဘယ်သူက ခံနိုင်မှာလဲ"

"ငါ့ကိုယ်ပေါ်သာ ပစ်ခံရရင် ငါက ချက်ချင်း အရည်ပျော်သွားမှာ မဟုတ်ဘူးလား"

...

လင်းယွမ်က အနောက်ဘက်ရှိ လင်းယွီကျွန်းမှ လူများ၏ အံ့သြနေမှုများကို ဂရုမစိုက်ပေ။

သူ၏ သန္ဓေပြောင်းစွမ်းအင်များက အသားစားအရည် အများအပြားကို အဆက်မပြတ် စုစည်းနေလေသည်။

မကြာမီမှာပင် ရှေ့ဘက်ရှိ အသားနံရံတွင် ဧရာမ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အသားစားအရည်များက အတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး တွင်းနက်ကြီးမှာ ပို၍ပို၍ ကြီးမားလာကာ ပို၍ပို၍ နက်ရှိုင်းလာသည်။

နာရီဝက်ပင် မပြည့်မီ ဆယ့်ငါးပေခန့် နက်သော လိုဏ်ခေါင်းတစ်ခု ပွင့်သွားလေသည်။

အောက်ဘက်တွင် အမှောင်ထုတိနေပြီး မည်သည့် လှုပ်ရှားမှုကိုမျှ မမြင်ရပေ။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အဆုံးအစမဲ့ တွင်းနက်ကြီးတစ်ခုနှင့်ပင် တူနေသည်။

လင်းယွမ်က အားလုံးကို သတိပေးလိုက်သည်။ "အောက်ဘက်က ချောက်နက်ကျွန်းရဲ့ အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းတွေကြားက နေရာလွတ်ပဲ"

"ဒီနေရာက အဆုံးမရှိတဲ့ တွင်းနက်ကြီးပဲ... မင်းတို့ထဲက လေပေါ်မပျံနိုင်တဲ့ လူတွေ ငါ့ရဲ့ သုမာရု ဟင်းလင်းပြင်ထဲကို အရင်ဝင်ကြ"

လူအုပ်ထဲတွင် ခွန်အားအမျိုးအစားနှင့် အလျင်အမျိုးအစား အစွမ်းပိုင်ရှင် အချို့ရှိကြပြီး သူတို့က မပျံသန်းနိုင်သဖြင့် သုမာရု ဟင်းလင်းပြင်ထဲသို့သာ ဝင်ရောက်ရလေသည်။

အခြားသူများမှာမူ လေပေါ်ပျံသန်းနိုင်သည့် နည်းလမ်းတစ်ခုမဟုတ် တစ်ခုခုတော့ တတ်ကျွမ်းကြသည်။

လင်းယွမ်က ချက်ချင်းပင် ခုန်ဆင်းလိုက်ပြီး "ကျန်တဲ့သူတွေ နောက်ကလိုက်ခဲ့ကြ"

ကျန်းဇီယန်က လင်းယွမ်၏ အနောက်မှ ပထမဆုံး ပျံသန်းလိုက်ပါသွားသည်။ သူမက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဖြစ်ရာ စိတ်စွမ်းအင်ဖြင့် ပျံသန်းခြင်းမှာ သူမအတွက် အခက်အခဲ မဟုတ်ပေ။

အခြားတစ်ဖက်မှ လင်းဟယ်၏ နည်းလမ်းမှာ ပို၍ပင် အံ့သြဖွယ်ကောင်းလှသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ နွယ်ပင်များ အများအပြား ဖြာထွက်လာပြီး အလိုအလျောက် ယက်လုပ်ကာ ဧရာမ နွယ်ပင်အတောင်ပံကြီး တစ်စုံအဖြစ် ပြောင်းလဲသွားသည်။

သူမ ခုန်ဆင်းလိုက်သည်နှင့် အတောင်ပံနှစ်ဖက်က တုန်ခါသွားပြီး ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းသွားလေသည်။

အခြားသူများမှာမူ ရေဓာတ်အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ဓာတ်သဘာဝ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ လေထဲတွင် ပျံသန်းနိုင်ကြသည်။

သို့မဟုတ်ပါကလည်း အသွင်ပြောင်းအမျိုးအစား အစွမ်းပိုင်ရှင် အချို့ဖြစ်ကြပြီး လေထဲတွင် ပျံဝဲနိုင်ကြသည်။

လူတိုင်း လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသောအခါ ရုတ်တရက် တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင် အရပ်လေးမျက်နှာစလုံးတွင် အဆုံးအစမဲ့ အမှောင်ထုနှင့် ဟင်းလင်းပြင်သာ ရှိနေသည်။

လင်းယွမ်က လေထဲတွင် ရပ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူက ညဘက်မြင်နိုင်စွမ်း ရှိသဖြင့် ဤနေရာတွင် အလင်းရောင် တစ်စက်မျှ မရှိလျှင်ပင် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုအားလုံးကို ရှင်းလင်းပြတ်သားစွာ 'မြင်' နိုင်စွမ်း ရှိနေဆဲဖြစ်သည်။

ဤချောက်နက်ကျွန်း၏ ခန္ဓာကိုယ်တွင်း ကမ္ဘာကြီးမှာ ကျယ်ဝန်းသော်လည်း ဧရာမ အင်္ဂါအစိတ်အပိုင်းများက လေဟာနယ်ထဲတွင် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထို့အပြင် ထိုအင်္ဂါအစိတ်အပိုင်းများ၏ အပြင်ဘက်တွင် ဧရာမ သွေးရောင်ပြွန်များက ချိတ်ဆက်ထားပြီး အချို့မှာ တောင်တန်းများကဲ့သို့ ကြီးမားကာ အချို့မှာမူ ပိုက်လုံးများကဲ့သို့ သေးငယ်လှသည်။

ယှက်လိမ်ကောက်ကွေ့နေပြီး ဤနေရာတစ်ခုလုံးတွင် ပြန့်ကျဲနေသည်။

ရုတ်တရက် လင်းယွမ်၏ အကြည့်များ စူးရှသွားပြီး ရှေ့ဘက်ရှိ မှိန်ဖျဖျ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမ အင်္ဂါအစိတ်အပိုင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုအင်္ဂါအစိတ်အပိုင်းက နှလုံးပုံသဏ္ဌာန် ရှိပြီး တစ်ခုလုံးမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှကာ ၎င်းအပေါ်တွင် ဧရာမ သွေးရောင်ပြွန်ပေါင်းများစွာ ရစ်ပတ်နေသည်။

ရှုပ်ထွေးပွေလီနေပြီး ကြီးသည်လည်းရှိ၊ သေးသည်လည်း ရှိသည်။

ကြီးမားသော ပြွန်များမှာ လုံးပတ် ပေတစ်ထောင်ကျော်ခန့် ရှိနိုင်ပြီး သေးငယ်သော ပြွန်များမှာမူ ဓာတ်တိုင်တစ်တိုင်စာခန့် ကြီးမားသည်။

လင်းယွမ်က ချက်ချင်းပင် "အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ဝါးထဲမှ မီးလုံးတစ်လုံး လင်းလက်လာသည်။

လူအားလုံးက သူ၏ လက်ထဲရှိ မီးရောင်နောက်သို့ ချက်ချင်း အမြန်လိုက်ပါသွားကြသည်။

အခြားသူများထဲတွင်လည်း ဓာတ်သဘာဝ အစွမ်းပိုင်ရှင်များ ပါဝင်ရာ သူတို့၏ အစွမ်းများကို အသီးသီး ထုတ်ဖော်ကာ အလင်းရောင်များ ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

အချို့ကလည်း မီးတုတ်များကို ထွန်းညှိကာ အရပ်လေးမျက်နှာသို့ လှမ်းထိုးကြည့်ကြသည်။

"သေစမ်း... ဒါက ဘယ်လိုနေရာကြီးလဲ"

"ဟိုဘက်က ဧရာမ အနီရောင် ပြွန်ကြီးတွေကို ကြည့်ကြစမ်း... အဲ့ဒါက ငါတို့လာခဲ့တဲ့ သွေးကြောလမ်းကြောင်းတွေလား"

"ဒါတွေက တကယ်ကို သွေးကြောတွေနဲ့ တူတာပဲ"

"ဒီချောက်နက်ကျွန်းက တကယ်ပဲ ဧရာမ သန္ဓေပြောင်းသားရဲကြီး တစ်ကောင်ရဲ့ ခန္ဓာကိုယ်များလား"

"သေစမ်း... ဘယ်လို သန္ဓေပြောင်းသားရဲမျိုးကများ ဒီလောက်တောင် ကြီးမားနေရတာလဲ"

ဤလူအများစုမှာ ဤကဲ့သို့သော အံ့သြဖွယ် မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြတော့သည်။

လင်းဟယ်နှင့် ကျန်းဇီယန်တို့ နှစ်ယောက်ပင်လျှင် မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေသည်။

ဤနေရာရှိ အရာအားလုံးသည် သူတို့၏ အသိဉာဏ်အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

အရင်တုန်းက လင်းယွမ်က ဤရေပေါ်ကျွန်းများ၊ ချောက်နက်ကျွန်းများသည် ဧရာမ သားရဲကြီးတစ်ကောင်၏ အလောင်း ဖြစ်နိုင်ခြေရှိကြောင်း သူတို့ကို ရှင်းပြခဲ့ဖူးသော်လည်း။

ထိုအချိန်က သူတို့၏ ခေါင်းထဲတွင် ထိုအယူအဆတစ်ခုတည်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ယခုလို အမှန်တကယ် မြင်တွေ့လိုက်ရချိန်ရောက်မှသာ မည်မျှအထိ တုန်လှုပ်စရာကောင်းကြောင်းကို သူတို့ ခံစားသိရှိသွားကြသည်။

"ဝုန်း"

ရုတ်တရက် နေရာတစ်ခုရှိ အသားနံရံအတွင်းမှ ပြင်းထန်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

လူအားလုံးက အလင်းရောင်ကို ထိုနေရာသို့ အလျင်အမြန် ထိုးကြည့်လိုက်ကြသည်။

၎င်းမှာ ဘဲဥပုံသဏ္ဌာန်ရှိသော ဧရာမ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ယခုအချိန်တွင် ထိုအင်္ဂါအစိတ်အပိုင်း၏ အပြင်ဘက်၌ ပေတစ်ရာကျော်ခန့် ကြီးမားသော ဧရိယာတစ်ခုက ရုတ်တရက် ဖောင်းကြွလာသည်။

ထိုဧရိယာ၏ ပုံသဏ္ဌာန်မှာ ခြေသည်းရာတစ်ခုနှင့်ပင် တူနေလေသည်။

လူတိုင်း၏ အလင်းရောင်များ ထိုနေရာသို့ ကျရောက်သွားသည်နှင့်။

ထိုအင်္ဂါအစိတ်အပိုင်းအတွင်းမှ ပို၍ ပြင်းထန်သော ဟိန်းဟောက်သံကြီးများ ချက်ချင်း ထွက်ပေါ်လာသည်။

"ဒုန်း... ဒုန်း... ဒုန်း" ဟူသော အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ထိုအင်္ဂါအစိတ်အပိုင်းက အဆက်မပြတ် တွန့်လိမ်ပုံပျက်သွားကာ ခြေသည်းရာများက အသားနံရံ၏ အပြင်ဘက်သို့ ဖောင်းကြွထွက်လာကြသည်။

လူအားလုံး ကြက်သီးထသွားကြပြီး တစ်စုံတစ်ခုကို ချက်ချင်း တွေးမိသွားကြသည်။

ကျန်းဇီယန်က ချက်ချင်းပင် "အလင်းရောင်တွေကို မြန်မြန်ငြှိမ်းလိုက်ကြ... အထဲမှာ အကောင်တစ်ကောင် ရှိနေတယ်... အလင်းရောင်ကို သူက အာရုံခံမိသွားတာ"

လင်းဟယ်ကလည်း ကြောက်လန့်တကြားဖြင့် "သူက အပြင်ထွက်ချင်နေတာ"

လူအားလုံး ရုတ်တရက် ကျောချမ်းသွားကြသည်။ ထိုခြေသည်းရာတစ်ခုတည်းပင်လျှင် ပေတစ်ရာကျော်ခန့် ကြီးမားနေရာ ဤဧရာမ အင်္ဂါအစိတ်အပိုင်းထဲတွင် ပိတ်မိနေသော သက်ရှိက မည်မျှတောင် ကြီးမားနေမည်နည်း။

လင်းယွမ်သည်လည်း ရင်ထဲလေးလံသွားပြီး "အားလုံး အရှိန်တင်ပြီး ငါ့နောက်က လိုက်ခဲ့ကြ"

သူ၏ အလျင်က ချက်ချင်း မြင့်တက်သွားပြီး အခြားသူများလည်း အလျင်အမြန် လိုက်ပါသွားကြသည်။

သူတို့အဖွဲ့သည် ထိုဧရိယာကို လျင်မြန်စွာ ဖြတ်ကျော်သွားကြပြီး ထိုဟိန်းဟောက်သံကြီးများက နောက်ဘက်မှ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်သော်လည်း တဖြည်းဖြည်း ဝေးကွာသွားလေပြီ။

မိနစ်အနည်းငယ်ခန့် ပျံသန်းပြီးနောက် ခြောက်မိုင်ခန့် အကွာတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမ အရာဝတ္ထုကြီးတစ်ခု သူတို့ရှေ့၌ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

အဝေးမှ ကြည့်လိုက်လျှင် ၎င်းမှာ အသည်းပုံသဏ္ဌာန်ရှိပြီး ရွှေရောင်များ တလက်လက် တောက်ပနေသည်။

သို့သော် ၎င်း၏ အရွယ်အစားမှာ ဧရာမ တောင်ကုန်းကြီးတစ်ခု ပြောင်းပြန် တွဲလောင်းကျနေသကဲ့သို့ ကြီးမားလှသည်။

လင်းယွမ်က ချက်ချင်းပင် "ဒါက ချောက်နက်ကျွန်း အလောင်းကောင်ကြီးရဲ့ နှလုံးပဲ... သွားကြစို့"

ကျန်းဇီယန်နှင့် လင်းဟယ်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်း လိုက်ပါသွားကြသည်။

အခြားသူများလည်း အသီးသီး လိုက်ပါသွားကြသည်။

ဤနှလုံးကြီးက မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ထင်ရသော်လည်း သူတို့ အမှန်တကယ် ပျံသန်းသွားသောအခါ လေးငါးမိုင်ခန့် ဝေးကွာသေးသည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် ဧရာမ သွေးရောင်လမ်းကြောင်းများ အများအပြား ဖုံးလွှမ်းနေသည်။

ယင်းတို့အားလုံးသည် သွေးကြောလမ်းကြောင်းများ ဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။

"ကိုလင်းယွမ်... အခု ဘယ်လိုလုပ်ကြမလဲ"

"ဒီနှလုံးထဲကို ဝင်ဖို့ သိပ်မလွယ်လောက်ဘူးထင်တယ်"

ကျန်းဇီယန်နှင့် လင်းဟယ်တို့က မနေနိုင်ဘဲ မေးလိုက်ကြသည်။

လင်းယွမ်က "အရင်နည်းလမ်းအတိုင်းပဲ ငါက လမ်းကြောင်းတစ်ခုကို အရည်ပျော်အောင်လုပ်မယ်... ပြီးရင် ငါတို့ သွေးကြောလမ်းကြောင်းထဲ ဝင်ပြီး အဲ့ဒီကနေ တိုက်ရိုက် အတွင်းထဲကို သွားကြတာပေါ့"

ဆက်ရန်...

All Chapters