← Chapters

အခန်း (၆၈၃-၆၈၄)

Vol. 35 Ch. 683-684

အခန်း (၆၈၃-၆၈၄)

Vol. 35 Ch. 683-684

အပိုင်း (၆၈၃) ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းခြင်း

လင်းယွမ်၏ စကားကြောင့် လူအားလုံး အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ သတိဝင်လာကြသည်။

ဟုတ်ပေသည်။ ရေလွှမ်းမိုးမှုကြီးက တစ်ကမ္ဘာလုံးကို ဝါးမျိုသွားခဲ့ပြီးနောက် မကောင်းဆိုးဝါး၊ သရဲတစ္ဆေ ဆိုသည့် အရာအားလုံး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ရှေးခေတ် အစွမ်းပိုင်ရှင်များ ပေါ်ထွက်လာခြင်းက ဤရေဘေးကြီးအပေါ် လူတိုင်း၏ ခန့်မှန်းချက်များကို ရိုက်ချိုးပစ်လိုက်သည်။

အစပိုင်းတွင် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးမှုဟု ထင်မှတ်ခဲ့ကြသော်လည်း အချို့က ဤရေဘေးသည် အာကာသပြင်ပမှ လာသည်ဟု ခန့်မှန်းကြပြီး အချို့ကမူ ဂြိုဟ်သားများ ကျူးကျော်ဝင်ရောက်ခြင်းဖြစ်သည်ဟုပင် တွေးထင်ခဲ့ကြသည်။

သို့သော် ယခု ရုတ်တရက် ထွက်ပေါ်လာသည့် ရှေးခေတ် အစွမ်းပိုင်ရှင်များကြောင့် ဤရေလွှမ်းမိုးမှုကြီး၏ နောက်ကွယ်ရှိ အမှန်တရားနှင့် ပတ်သက်၍ လူတိုင်း၌ အသစ်တဖန် ခန့်မှန်းစရာများ ဖြစ်လာခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ကမ္ဘာကြီး ပျက်သုဉ်းခြင်းက ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ရှေးခေတ်ကာလကတည်းက အစွမ်းပိုင်ရှင်များ ရှိခဲ့ကြပြီး ထိုရေလွှမ်းမိုးမှုကြီးအတွင်း အသက်ရှင်ကျန်ရစ်ကာ ယခုအချိန်အထိ၊ ဤရေဘေးဖြင့် ကမ္ဘာကြီး ပျက်သုဉ်းမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

သူတို့ အတိအကျ ဘာတွေ သိထားကြသနည်း။

ထိုသူများက ဤကမ္ဘာပျက်မည့် ရေဘေးကြီးကို မည်သို့ ရှောင်လွှဲခဲ့ကြပြီး အချိန်၏ တိုက်စားမှုကိုရော မည်ကဲ့သို့ ကျော်လွှားခဲ့ကြသနည်း။

သို့သော် ထိုအကြောင်းအရာများက သူတို့နှင့် အရမ်းကို ကွာဝေးလွန်းနေဆဲ ဖြစ်သည်။

လောလောဆယ် အရေးကြီးဆုံးမှာ မိမိတို့၏ အစွမ်းအစများကို မြှင့်တင်ရန်ပင် ဖြစ်သည်။

ထိုသို့မဟုတ်လျှင် အားလုံးက နောက်ဆုံးတွင် ဤရေလွှမ်းမိုးမှုကြီး၏ သားကောင်များသာ ဖြစ်သွားကြပေမည်။

"ကိုလင်းယွမ်... ကျွန်မ ထိုက်ယန်တောင်ကို ပြန်ပြီး သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို သုံးဖို့ ခွင့်တောင်းချင်ပါတယ်"

ဟန်ရှန်းမန်က လေးနက်သော မျက်နှာထားဖြင့် စကားစလာသည်။

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြကာ "ခင်ဗျား အမှတ် ၁၀၀ ကို ကျော်သွားပြီလား" ဟု မေးလိုက်သည်။

"ဟုတ်"

"ဟုတ်ပြီ... ခင်ဗျားရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ ကို ကျော်သွားပြီဆိုတော့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တက်ဖို့တွက် စဉ်းစားလို့ ရပြီ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို စောစောစီးစီး ရောက်အောင်လုပ်လိုက်ပါ... နောက်ပိုင်းကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တဲ့ အစွမ်းပိုင်ရှင်တွေသာ အဓိက တိုက်ခိုက်ရေးအင်အားစု ဖြစ်လာနိုင်တယ်"

ဟန်ရှန်းမန်က ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့"

လင်းယွမ်က ဘေးနားရှိ ဝူယင်နှင့် ကျန်းဖန်တို့ကို ကြည့်လိုက်ကာ "မင်းတို့ရဲ့ အဓိက အရည်အသွေးတွေ အခု ဘယ်လောက်ရှိနေပြီလဲ" ဟု မေးလိုက်သည်။

ဝူယင်က ပြုံးပြလိုက်ပြီး "ဆရာလင်း... ကျွန်တော့်အမှတ်က ၉၆ မှတ် ရောက်နေပါပြီ" ဟု ပြောလိုက်သည်။

သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်ဖြစ်သောကြောင့် တွင်းနက်အရိပ်ရေပေါ်ကျွန်း ကဲ့သို့သော အမှောင်ဓာတ်စွမ်းအင်များ ပြည့်ဝနေသည့် နေရာတွင် ရေရှည် နေထိုင်ရပြီး ထိုနေရာ၌ သူ လေ့ကျင့်ရန်အတွက် အမှောင်ဓာတ် စွမ်းအင်ကျောက်တုံး အမြောက်အမြား ရှိနေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် သူ၏ လေ့ကျင့်မှုအရှိန်က သဘာဝအတိုင်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထို့အပြင် ဖန်ဆန်းကျွန်း၊ ပေါင်ရှန်းတောင်၊ ပေချန်ကျွန်း စသည့် တိုက်ပွဲများတွင် ရေရှည် ပါဝင်ခဲ့ရသဖြင့် သူ၏ အစွမ်းများက အဆက်မပြတ် အသုံးပြုနေခဲ့ရကာ ထိုက်ယန်တောင်၌ သူ၏ လေ့ကျင့်မှုအရှိန်က ပထမအဆင့်စာရင်းဝင်ဟု ဆိုနိုင်သည်။

ထိုက်ယန်တောင်ရှိ စွမ်းအင်စုဝေးအဆောက်အအုံကို အသုံးပြု၍ လေ့ကျင့်ရန် အကူအညီ မရခဲ့လျှင်တောင် သူက သူ၏ အဓိက အရည်အသွေးကို မြှင့်တင်နိုင်ခဲ့သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "အဲ့ဒါဆို မင်းလည်း နောက်ရက်အနည်းငယ်နေရင် အမှတ် ၁၀၀ ကို ကျော်သွားမှာပဲ... သေချာ ကြိုးစားဦး... ဒီရက်ပိုင်း ငါ တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာ နေခဲ့မယ်... မင်းတို့အဖွဲ့ ထိုက်ယန်တောင်ကို ပြန်ပြီး သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို သုံးရင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တက်နိုင်ဖို့ ကြိုးစားကြပါ"

ထိုစကားကို ကြားသောအခါ ဝူယင်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပေါ်လာပြီး "ကျေးဇူးတင်ပါတယ် ဆရာလင်း" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူက အရင်တုန်းက အဆောက်အအုံထဲမှ သတ္တိကြောင်ပြီး ကြောက်တတ်သော သာမန်လူတစ်ယောက်ဘဝမှ ယနေ့အထိ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရခြင်း ဖြစ်သည်။

အစပိုင်းတွင် သူက ဝမ်ကျဲ၏ ပစ္စည်းများကို ကြိုတင် လုယူခဲ့ပြီး ထိုပစ္စည်းများကို လင်းယွမ်ထံသို့ ကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့သဖြင့် လင်းယွမ်၏ နေရာပေးခြင်းကို ရရှိခဲ့သည်။

ထိုအချိန်က လင်းယွမ်ကိုယ်တိုင်ပင် ဝူယင် ယနေ့အချိန်အထိ တစ်လှမ်းချင်း ရောက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

လင်းယွမ်က ကျန်းဖန်ကို ကြည့်လိုက်ပြီး မေးရန် ဟန်ပြင်လိုက်သည်။

သို့သော် ကျန်းဖန်က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါပြကာ "ဆရာလင်း... ကျွန်တော် မရသေးဘူး... ကျွန်တော့်ရဲ့ အဓိက အရည်အသွေးက အခုမှ ၈၇ မှတ်ပဲ ရှိသေးတယ်" ဟု ပြောလိုက်သည်။

သူက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်သဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းအင်ကျောက်တုံးများကို လိုအပ်သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်းတွင် သူ လေ့ကျင့်ရန်အတွက် ဤကဲ့သို့သော စွမ်းအင်ကျောက်တုံးများ မရှိပေ။

သူက ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး ထိုက်ယန်တောင်၏ မျိုးရိုးဗီဇ နိုးထခြင်း ကျင့်စဉ်ဖြင့်သာ အစွမ်းကို လေ့ကျင့်နိုင်သည်။

ထို့ပြင် သူက ထိုက်ယန်တောင်တွင် မရှိဘဲ တွင်းနက်အရိပ်ရေပေါ်ကျွန်းတွင် ရှိနေသဖြင့် စွမ်းအင်စုဝေးအဆောက်အအုံကို အသုံးမပြုနိုင်သောကြောင့် သူ၏ လေ့ကျင့်မှုအရှိန်က သဘာဝအတိုင်း နှေးကွေးနေခဲ့သည်။

ဝူယင်နှင့် ယှဉ်လျှင် အတော်လေး နောက်ကျကျန်နေခဲ့ပြီဟု ဆိုနိုင်သည်။

လင်းယွမ်က ခဏမျှ တွေးလိုက်ပြီး "ဒီရက်ပိုင်းအတွင်း မင်းတို့သုံးယောက်ရဲ့ စွမ်းဆောင်ရည်တွေကို အားလုံး မျက်မြင်ကိုယ်တွေ့ပဲ... မင်းတို့ရဲ့ တိုက်ပွဲဝင်မှတ်တမ်းတွေကို အမှတ်တွေအဖြစ် စုဆောင်းထားပြီး ထိုက်ယန်တောင်ကို ပြန်ရောက်ရင် လေ့ကျင့်ရေး အထောက်အကူပစ္စည်းတွေနဲ့ သွားလဲလှယ်လို့ ရတယ်" ဟု ပြောလိုက်သည်။

စွမ်းအင်စုဝေးအဆောက်အအုံနှင့် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာတို့ကို အသုံးပြုရန် အမှတ်များ ကုန်ကျမည် ဖြစ်သည်။

ထို့ပြင် လေ့ကျင့်ရေး နှင့် သက်ဆိုင်နေသောကြောင့် လင်းယွမ် သတ်မှတ်ထားသော ထိုအရာနှစ်ခု၏ အသုံးပြုမှု အမှတ်များက မသက်သာလှပေ။

အထူးသဖြင့် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာအတွက် တစ်ညလျှင် အမှတ် တစ်သောင်းခန့် ကုန်ကျမည် ဖြစ်သည်။

ထိုကဲ့သို့ သုံးစွဲနိုင်သူများမှာ လင်းယွမ်နောက်သို့ အစောကတည်းက လိုက်ပါလာခဲ့ကြသော ကျောက်ခိုင်နှင့် တင်းယန်တို့ကဲ့သို့ ဝါရင့်အဖွဲ့ဝင်များသာ ရှိသည်။

ဟန်ရှန်းမန်နှင့် ဝူယင်တို့က ယခုတစ်ကြိမ်တွင် ကြီးမားသော စွမ်းဆောင်ရည်များ ပြသခဲ့ကြသဖြင့် သူတို့၏ အမှတ်များက သေချာပေါက် လုံလောက်နေပေမည်။

ကျန်းဖန်ဘက်တွင်လည်း အမှတ်များ လုံလောက်နေသော်လည်း သူ၏ ကိုယ်ပိုင် စွမ်းအားက မလုံလောက်သေးသဖြင့် ဤကိစ္စက တတ်နိုင်စရာ မရှိပေ။

"ကျန်းဖန်... မင်း နေခဲ့... ရှန်းမန်နဲ့ ဝူယင်... မင်းတို့ အရင် ပြန်သွားကြတော့"

"ဟုတ်ကဲ့ပါ ဆရာလင်း"

ဟန်ရှန်းမန်နှင့် ဝူယင်တို့ ထွက်သွားပြီးနောက် လင်းယွမ်က ကျန်းဖန်ကို ကြည့်လိုက်သည်။

ကျန်းဖန်က ခါးသီးစွာ ပြုံးလိုက်ပြီး "တောင်းပန်ပါတယ် ဆရာလင်း... ကျွန်တော် ဆရာလင်းကို စိတ်ပျက်အောင် လုပ်မိပြီ" ဟု ပြောလိုက်သည်။

လင်းယွမ် သူ့ကို ချန်ထားခဲ့ခြင်းက သူ၏ စွမ်းအား တိုးတက်မှု နှေးကွေးလွန်းသည်ကို ပြောဆိုရန်ဟု သူ ထင်နေခဲ့သည်။

သို့သော် လင်းယွမ်က ပြုံးကာ ခေါင်းခါပြလိုက်ပြီး "ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်တွေက တကယ်ကို နစ်နာတယ်... မင်းက အသွင်ပြောင်းတဲ့ အစွမ်းပိုင်ရှင်ဖြစ်ပြီး အဓိက အရည်အသွေးက ခန္ဓာကိုယ်ကြံ့ခိုင်မှုပဲလေ"

"ငါတို့ ထိုက်ယန်တောင်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေး အထောက်အကူပစ္စည်းတွေ မရှိဘူးဆိုတော့ မင်းအတွက် တကယ်ကို အဆင်ပြေမှာမဟုတ်ဘူး"

ထိုသို့ပြောရင်း လင်းယွမ်က လက်ကောက်ဝတ်ကို လှည့်ကာ သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းမှာ လင်းယွမ်က စနစ်ထဲမှ လဲလှယ်ယူထားသော ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း အသီးတစ်လုံး ဖြစ်သည်။

သူက စကားစလိုက်သည်။ "မင်းလည်း ငါ့ဘေးမှာ နေလာတာ အတော်ကြာပြီဆိုတော့ ဝါရင့်အဖွဲ့ဝင်လို့ သတ်မှတ်လို့ ရပါတယ်"

"ဒီ ချန်လင်းသီး က ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးကို တစ်ကြိမ်တည်းနဲ့ ဆယ်မှတ် တိုးစေနိုင်တယ်... ဒါက မင်းရဲ့ ဒီရက်ပိုင်းအတွင်း စွမ်းဆောင်ရည်အတွက် ဆုချတာပဲ... ယူထားလိုက်"

"ဒါ... ဆရာလင်း... ဒါ... ဒါက ကျွန်တော့်ကို ပေးတာလား... တကယ် ပေးတာလား"

ကျန်းဖန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ အဓိက အရည်အသွေး ဆယ်မှတ်ဆိုသည်မှာ သူ တစ်လတိတိ လေ့ကျင့်ရန် လုံလောက်နေပြီ ဖြစ်သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "အင်းပေါ့... ဒါပေမဲ့ မင်းရဲ့ အမှတ်တွေထဲက တစ်ချို့တစ်ဝက်ကိုတော့ ငါ နှုတ်ယူမှာနော်"

ကျန်းဖန်က "သေချာတာပေါ့... ကျေးဇူးတင်ပါတယ် ဆရာလင်း... ကျေးဇူးအများကြီးတင်ပါတယ်" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဒါက လင်းယွမ် သူ့ကို သီးသန့် ပေးသော ခံစားခွင့်တစ်ခုဆိုတာကို ကျန်းဖန် ကောင်းကောင်း သိထားသည်။

ထိုက်ယန်တောင်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်များ အသုံးပြုနိုင်မည့် စွမ်းအင်ကျောက်တုံး သို့မဟုတ် အထောက်အကူပစ္စည်းများ မရှိပေ။

အမှတ်များ ရှိနေလျှင်တောင်မှ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်များအတွက် လဲလှယ်စရာ နေရာမရှိချေ။

ထူလုံသည်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို အစောဆုံး စုစည်းနိုင်ခဲ့သည့် အဆင့်မြင့် အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သည်။

လင်းယွမ် မျိုးရိုးဗီဇမျိုးစေ့ စုစည်းနိုင်သည်ထက်ပင် စောသေးသည်။

သို့သော် လေ့ကျင့်ရေး အထောက်အကူပစ္စည်းများ လိုအပ်နေသောကြောင့် ယခုအခါ ထိုက်ယန်တောင်ရှိ အဆင့်မြင့် အစွမ်းပိုင်ရှင်များကြားတွင် နောက်မှလာသူများ၏ ကျော်တက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

အခုတော့ သူ့ရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ ကို ရောက်နေပြီဟု ကြားရပြီး ၎င်းက အတော်လေး မြန်ဆန်နေပြီ ဖြစ်သည်။

ထူလုံက သူ့ကိုယ်သူ အပြည့်အဝ အားကိုးရသည့်အပြင် စွမ်းအင်စုဝေးအဆောက်အအုံ၏ အကူအညီဖြင့်သာ သူများနောက်ကို လိုက်မီလာခြင်း ဖြစ်သည်။

သူက ဤကဲ့သို့သော သန္ဓေပြောင်း အသီးမျိုးကို တစ်ခါမှ မစားဖူးခဲ့ပေ။

ထို့ကြောင့် ကျန်းဖန်၏ စိတ်ထဲတွင် လင်းယွမ်ကို သဘာဝကျစွာ ကျေးဇူးတင်နေမိသည်။

လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ သက်ပြင်းချရင်း "အဲ့ဒီတုန်းက လိပ်ကျွန်း ခရီးစဉ်မှာ ငါ မင်းတို့ကို မတားခဲ့မိလို့ ဝမ်လီလီတို့ ဒုက္ခရောက်ခဲ့ရတာပဲ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ အမြဲတမ်း စိတ်မကောင်း ဖြစ်နေတာ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းဖန်၏ မျက်လုံးများက အနည်းငယ် နီရဲလာပြီး သူ၏ ချစ်သူ ကောင်မလေး ဝမ်လီလီကို သတိရသွားကာ စိတ်ထဲတွင် နာကျင်သွားရသည်။

သို့သော် ဤကိစ္စက လင်းယွမ် အပြစ်မဟုတ်မှန်း သူ သိသည်။

သူက ခါးသီးစွာ ပြုံးလိုက်ပြီး "အဲ့ဒီတုန်းက ဆရာလင်း ကျွန်တော်တို့ကို တားခဲ့ပါတယ်... ကျွန်းပေါ် ရောက်သွားရင် သေတာရှင်တာက ကံတရားအတိုင်းပဲလို့ပြောခဲ့တယ်လေ... ကျွန်တော်တို့ကသာ လက်မခံနိုင်ဘဲ အစွမ်းတွေ နိုးထလာနိုင်မယ့် အခွင့်အရေးကို အရမ်းရချင်ခဲ့ကြတာပါ" ဟု ပြောလိုက်သည်။

"ဒါ ဆရာလင်း အပြစ်မဟုတ်မှန်း ကျွန်တော် သိပါတယ်... ကျွန်တော်တို့ ကံမကောင်းခဲ့လို့ပါ"

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ထပ်မပြောတော့ဘဲ "ပြန်တော့လေ... သေချာ လေ့ကျင့်ပြီး ကောင်းကောင်း ရှင်သန်နိုင်အောင် ကြိုးစားပါ" ဟုသာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာလင်း... ဒါဆို ကျွန်တော် အရင် ပြန်လိုက်ပါဦးမယ်"

လင်းယွမ်က လက်ယမ်းပြလိုက်ပြီး ကျန်းဖန်က မျက်ထောင့်ကို ပွတ်သပ်ရင်း ထိုနေရာမှ ထွက်သွားခဲ့သည်။

သုံးရက်အကြာ တွင်းနက်အရိပ်ရေပေါ်ကျွန်း၊ ဖန်ဆန်းမြို့လေး။

ကျန်းဖန်တို့ သုံးယောက်လုံး ထွက်သွားခဲ့ကြပြီ ဖြစ်သည်။ ယခုအခါ လင်းယွမ် ကိုယ်တိုင် တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ကြီးကြပ်ကွပ်ကဲနေသဖြင့် ဤနေရာက အလုံခြုံဆုံးနေရာဟု ဆိုနိုင်သည်။

လျှို့ဝှက်ခန်းထဲတွင် လင်းယွမ်က လက်ထဲရှိ အရိုးစာချုပ်ကို ကစားရင်း မျက်လုံးများက တလက်လက် တောက်ပနေသည်။

"အရိုးစာချုပ်"

သူက သင်္ကေတကျောက်တုံး တစ်တုံးကို အလွယ်တကူ ထုတ်ယူလိုက်ပြီး စိတ်စွမ်းအင်ဖြင့် ထိုစွမ်းအင်ကျောက်တုံးပေါ်တွင် အလျင်အမြန် ကူးယူရေးဆွဲလိုက်သည်။

"ဝှစ်"

ကျောက်စများ ပြုတ်ကျလာပြီး များမကြာမီ အပြာရောင် သင်္ကေတတစ်ခု စုစည်းထွက်ပေါ်လာသည်။

"ဝမ်"

စွမ်းအင်ကျောက်တုံးက တုန်ခါသွားပြီး ပုံစံတူ သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။ သုံးရက်အချိန်အတွင်း သူက ဤသင်္ကေတကို ရေးဆွဲသည့် နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။

"စနစ်"

လင်းယွမ်က စနစ်ကို ဖွင့်လိုက်ပြီး အစွမ်းကဏ္ဍကို စစ်ဆေးလိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် ဤသင်္ကေတ၏ ကိုယ်စားပြု အစွမ်းက လင်းယွမ်၏ အစွမ်းကဏ္ဍထဲတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

အမည် - အရိုးစာချုပ်

အရည်အသွေး - ခရမ်းရောင်

လိုအပ်ချက် - စိတ်စွမ်းအင် ၂၀ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂၀ မှတ်

အစွမ်းအာနိသင် - စိတ်စွမ်းအင်ဖြင့် အကြောင်းအကျိုးကြိုးမျှင်ကို ဆွဲငင်ကာ အကြောင်းအကျိုး စာချုပ်ကို ချုပ်ဆိုနိုင်သည်။ ဖောက်ဖျက်သူသည် အကြောင်းအကျိုး ပြန်ကန်မှုကို သေချာပေါက် ခံရမည် ဖြစ်သည်။

သတိပြုရန် - ပြန်ကန်မှု ပမာဏသည် အရိုးစာချုပ် ပိုင်ဆိုင်သူ၏ စိတ်စွမ်းအင် အရည်အသွေးနှင့် အချိုးကျ ဖြစ်သည်။

လင်းယွမ်က ထိုအစွမ်း ဖော်ပြချက်များကို ကြည့်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

"ခရမ်းရောင် အရည်အသွေး အဆင့်ရှိတဲ့ အစွမ်း သင်္ကေတ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

"ပြီးတော့ ဘာလှည့်ကွက်မှလည်း လုပ်မထားဘူး... ဒီ အရိုးစာချုပ် အစွမ်းက သူစိမ်းတွေကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ နတ်ဘုရားလက်နက်တစ်ခုပဲ"

"အကြောင်းအကျိုး စာချုပ်ကို ဖောက်ဖျက်လိုက်တာနဲ့... အကြောင်းအကျိုး ပြန်ကန်တာကို သေချာပေါက် ခံရမယ်... ဒီ ပြန်ကန်တဲ့ ပမာဏက အရိုးစာချုပ် ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်နဲ့ အချိုးကျတယ်"

"ဆိုလိုတာက ငါ့ရဲ့ စိတ်စွမ်းအင် အားကောင်းလေလေ... ငါနဲ့ ပူးပေါင်းတဲ့သူတွေက စာချုပ်ကို ဖောက်ဖျက်လိုက်တာနဲ့ ခံရမယ့် ပြန်ကန်အားက ပိုပြီး ပြင်းထန်လေလေပဲ"

လင်းယွမ်က ပြုံးလိုက်သည်။ သူက စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ပိုင်ဆိုင်ထားပြီး လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ အသွင်ဖြင့် သူ၏ စိတ်စွမ်းအင်က အမှတ် ၂၀၀ သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဤကဲ့သို့သော စိတ်စွမ်းအင် ပြင်းအားမျိုးဖြင့် တစ်ဖက်လူကို ပြန်ကန်မှုဖြစ်အောင် ဆွဲငင်လိုက်မည်ဆိုပါက မည်သူမျှ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

သို့သော် လင်းယွမ်က ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကာ "အရိုးစာချုပ်က အစစ်ပဲ... ဒါဆို ဒီမိန်းမ ပြောတာတွေက တကယ်ပဲလား"

"တစ်ဖက်လူက တကယ်ပဲ ငါနဲ့ ပူးပေါင်းပြီး နောက်ထပ် ရှေးခေတ် အစွမ်းပိုင်ရှင်တစ်ယောက်ကို အတူတူ သွားရင်ဆိုင်ချင်တာလား"

လင်းယွမ်၏ အတွေးများ ဤနေရာသို့ ရောက်ချိန်တွင် ချက်ချင်း ခေါင်းခါလိုက်ပြီး "ဒီမိန်းမကို ယုံလို့မရဘူး... ဒီလူတွေ အကုန်လုံးက ရှေးခေတ်ကာလကနေ အခုအချိန်ထိ အသက်ရှင်လာကြတဲ့ မြေခွေးအိုကြီးတွေချည်းပဲ"

"အကြံအစည်နဲ့ ပတ်သက်လာရင် သူတို့ကို ယှဉ်နိုင်တဲ့သူ မရှိလောက်ဘူး"

လင်းယွမ်က လင်ယွီရုံ၏ စကားများကို လုံးဝ မယုံကြည်ပေ။ ဤမိန်းမက သူနှင့် ပူးပေါင်းချင်သည်ဆိုလျှင် သေချာပေါက် သတိထားရမည် ဖြစ်သည်။

ပူးပေါင်း၍ မရခြင်းမဟုတ်ဘဲ ဤပူးပေါင်းဆောင်ရွက်မှုက သူ ကိုယ်တိုင် ဦးဆောင်သူအဖြစ် ပါဝင်ရမည့် အနေအထားအပေါ်တွင်သာ အခြေခံရမည် ဖြစ်သည်။

ဆိုလိုသည်မှာ မိမိ၏ စွမ်းအားက တစ်ဖက်လူထက် အများကြီး သာလွန်နေမှသာ ဆက်လက် ပူးပေါင်းနိုင်မည့် အခြေခံအုတ်မြစ် ရှိမည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ စွမ်းအားချင်း တူညီနေပြီး သဲလွန်စ အချက်အလက်များ အားလုံးက တစ်ဖက်လူ၏ လက်ထဲတွင်သာ ရှိနေမည်ဆိုပါက သူက တစ်ဖက်လူ ပေးသော သတင်းအချက်အလက်များကိုသာ နားထောင်ပြီး အလုပ်လုပ်ရပေမည်။ ထိုအရာက ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်ဘဲ သေတွင်းထဲ ခုန်ဆင်းခြင်းသာ ဖြစ်သွားမည်။

ဤအရိုးစာချုပ်ကို သိမ်းဆည်းလိုက်ပြီးနောက် လင်းယွမ်က သူ၏ လက်ရှိ စွမ်းအားကို စဉ်းစားလိုက်သည်။

"အချိန်တိုအတွင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို တိုးတက်အောင် လုပ်ဖို့ဆိုတာ လက်တွေ့မဆန်ဘူး... အစွမ်းကို အဆင့်မြှင့်တင်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ အရေအတွက်ကို တိုးမြှင့်ဖို့ နည်းလမ်း ရှာရတော့မယ်"

"အခု ငါက ရေခဲ၊ အမှောင်၊ မီး၊ စိတ်စွမ်းအင်နဲ့ ဟင်းလင်းပြင် ဆိုတဲ့ ဓာတ်ငါးမျိုးရဲ့ မျိုးရိုးဗီဇမျိုးစေ့တွေကို စုစည်းထားပြီးပြီ"

"အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ ပင်ကိုယ်အစွမ်းနဲ့ဆိုရင်... ငါက ဓာတ်ကြီးငါးပါး အပြင် တခြား ဓာတ်အမျိုးမျိုးရဲ့ မျိုးရိုးဗီဇမျိုးစေ့တွေ အားလုံးကို အပြည့်အဝ စုစည်းနိုင်တယ်... အဲ့ဒီလိုဆိုရင်မှ ငါက တကယ့်ကို အသွင်တစ်ရာ ပြောင်းလဲနိုင်သူလို့ သတ်မှတ်လို့ ရမှာ"

လင်းယွမ်က လက်ရှိ သူ ကျွမ်းကျင်ပိုင်နိုင်ထားသည့် အစွမ်းအမျိုးမျိုးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ထိုအထဲတွင် ရေဓာတ်နှင့် မြေဓာတ် နှစ်မျိုးစလုံးအတွက် သက်ဆိုင်ရာ အစွမ်းများ ရှိပြီး ကိုက်ညီသည့် မျိုးရိုးဗီဇမျိုးစေ့များ လိုအပ်ကာ ၎င်းတို့ကို မိမိပိုင် မျိုးရိုးဗီဇမျိုးစေ့များအဖြစ် စုစည်းနိုင်မည် ဖြစ်သည်။

တိုက်ဆိုင်စွာပင် သူ၏ လက်ထဲတွင် အပေါများဆုံးမှာ ရေနှင့် မြေ မျိုးရိုးဗီဇမျိုးစေ့ နှစ်မျိုးပင် ဖြစ်သည်။

လင်းယွမ်က အနည်းငယ် ပြုံးလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ အပြာနုရောင် မျိုးရိုးဗီဇမျိုးစေ့ တစ်ခုကို ထုတ်ယူလိုက်သည်။

"မီယွမ်မိုးသစ်တောကနေ ရထားတဲ့ ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ပြီးရင်... ဘယ်လိုအမျိုးအစား မျိုးရိုးဗီဇမြေပုံ နိုးထလာမလဲ မသိဘူး"

လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး ဤမျိုးရိုးဗီဇမျိုးစေ့ကို တိုက်ရိုက် မြိုချလိုက်သည်။

ထိုမျိုးရိုးဗီဇမျိုးစေ့ကို မြိုချလိုက်သည်နှင့် တစ်ပြိုင်နက် လင်းယွမ်၏ ခန္ဓာကိုယ်ထဲရှိ အသွင်တစ်ရာ မျိုးရိုးဗီဇများက အလျင်အမြန် စတင် ခွဲခြမ်းစိတ်ဖြာ ပုံတူကူးချကာ အဆက်မပြတ် ပြောင်းလဲလာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျိုးရိုးဗီဇများ အားလုံးက ရေဓာတ် မျိုးရိုးဗီဇအဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး သူနှင့် သက်ဆိုင်သည့် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စတင် တွက်ချက် စုစည်းတော့သည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ အသားအရေပေါ်တွင် ရေလှိုင်းသဖွယ် မျဉ်းကြောင်းများ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေပြာရောင် တောက်ပနေသော ငှက်မွေးများက လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာတော့သည်။

ထိုငှက်မွေးများသည် သာမန် အမွေးအတောင်များ မဟုတ်ဘဲ ရေဒြပ်စင်များဖြင့် စုစည်း ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၆၈၄) နတ်ရေစင်ဖီးနစ်ငှက်နှင့် အမွေးရှည်ဆင်ကြီး

လင်းယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ထူထပ်သော ရေစီးကြောင်းများ ပေါ်လာသည်။

ရေငွေ့များ အထက်သို့ ပျံ့လွင့်သွားစဉ် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ဒြပ်စင်အဖြစ် စတင်ပြောင်းလဲလာ၏။

"ဝုန်း"

"ဝုန်း"

ခန္ဓာကိုယ်တွင်းရှိ သွေးများက ရေစီးကြောင်းအလား လျင်မြန်စွာ လှိုင်းထနေသည်။

အခန်းတစ်ခုလုံး ရေငွေ့များဖြင့် ပြည့်နှက်သွားပြီး လင်းယွမ်ကို လုံးဝ လွှမ်းခြုံသွားသည်အထိပင်။

ဒီရေလှိုင်းပမာ အသံများသာ ဆက်တိုက် ထွက်ပေါ်နေတော့သည်။

ခဏအကြာတွင် ရုတ်တရက် ကျယ်လောင်သော ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ဂီး"

ရေငွေ့အားလုံး ရုတ်ခြည်း ကျုံ့ဝင်သွားပြီး ဗဟိုချက်ဆီသို့ အလွန်လျင်မြန်စွာ စုပြုံသွား၏။

ထို့နောက် ရေပြာရောင်အလင်းတန်း ဖြာထွက်လာကာ အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

"ဝှစ်"

အပြာရောင်ရေအလင်းတန်းက တံခါးပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ချက်ချင်း ပစ်လွှတ်လိုက်သကဲ့သို့ ထွက်ပေါ်သွားသည်။

အလုပ်လုပ်နေကြသော ဖန်ဆန်းမြို့လေးမှ ဒေသခံများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

"အဲ့ဒါ ဘာကြီးလဲ"

"ဖီးနစ်ငှက်ကြီးဟ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအသွင်ပဲ... ခေါင်းဆောင်ဟန်များလား"

"မဟုတ်သေးပါဘူး... ခေါင်းဆောင်ဟန်က ထိုက်ယန်တောင်ကို သွားတာ မဟုတ်ဘူးလား"

"တော်တော်ကို အားကောင်းတဲ့ သန္ဓေပြောင်းစွမ်းအင် အရှိန်အဝါပဲ"

လူတိုင်း အံ့သြသွားကြပြီး မရပ်မနား ဆွေးနွေးပြောဆိုနေကြသည်။

သို့သော် သန္ဓေပြောင်း နေကြာပန်း၏ အလင်းရောင်အောက်တွင် ဧရာမ ရေပြာရောင် ဖီးနစ်ငှက်ကြီးတစ်ကောင် လေထဲတွင် တောင်ပံခတ်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်း၏ အမွေးအတောင်များက တစ်လွှာပြီးတစ်လွှာ ထပ်နေကာ ဒီရေလှိုင်းများ ရိုက်ခတ်နေသည့်အလား ရေစက်ရေပေါက်များဖြင့် စုစည်းဖွဲ့တည်ထားပုံရ၏။

၎င်း၏ဦးခေါင်းတွင် ရေစီးကြောင်း သုံးစု ပေါင်းဆုံကာ မီးတောက်ပုံသဏ္ဌာန် ဖြစ်နေပြီး အမြီးတွင် အမွေးငါးချောင်း ရှိကာ ရေတံခွန်ကြီးတစ်ခုအလား ရှည်လျားစွာ တွဲလောင်းကျနေသည်။

ဖီးနစ်ငှက်ကြီး၏ အမြင့်မှာ ၆၅ ပေခန့်ရှိပြီး တောင်ပံဖြန့်လိုက်ပါက ၁၃၀ ပေနီးပါး ကျယ်ဝန်းသည်။

လေထဲတွင် ပျံသန်းနေစဉ် မိုးပေါက်များ အများအပြား ကျဆင်းလာပြီး တောင်ပံခတ်လိုက်တိုင်း ဒီရေလှိုင်းရိုက်ခတ်သံများ ထွက်ပေါ်လာမြဲဖြစ်သည်။

လင်းယွမ်က သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး မျက်လုံးများတွင် စူးရှသောအလင်းတန်းများ တောက်ပသွားသည်။

"ရွှီး"

သူ လေထဲတွင် ရပ်တန့်လိုက်ပြီး သူ၏ခန္ဓာကိုယ်က လူသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွား၏။

"အောင်မြင်သွားပြီ"

လင်းယွမ် ပြုံးလိုက်သည်။

အောက်ဘက်ရှိ ဖန်ဆန်းမြို့လေးမှ ဒေသခံများက ထိုသူမှာ လင်းယွမ်မှန်း သိလိုက်ရသောအခါ ချက်ချင်းပင် အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။

"ဆရာလင်းယွမ်ပဲ"

"ဆရာလင်းယွမ် ဖြစ်နေတာကိုး"

"ဆရာလင်းယွမ်က တကယ် စွမ်းတာပဲ"

"ဆရာလင်းယွမ်မှာ ရေဓာတ်အစွမ်းပါ ရှိနေတာလား"

"အမလေး... ငါက ဆရာလင်းယွမ်ကို အမှောင်ဓာတ် အစွမ်းပိုင်ရှင်လို့ ထင်နေတာ"

"ဆရာလင်းယွမ်က တကယ်တော့ ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်လဲ... ဘာလို့ မတူညီတဲ့ ဓာတ်အစွမ်းတွေကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ရတာလဲ"

"ကိစ္စမရှိဘူး... ဆရာလင်းယွမ် ပိုစွမ်းလေလေ ငါတို့ ပိုလုံခြုံလေလေပဲလေ... ဒါက ကောင်းတဲ့ကိစ္စပဲ"

လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

လင်းယွမ်က အောက်ဘက်ရှိ လူများကို အနည်းငယ် ပြုံးပြလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားကာ ဖန်ဆန်းမြို့လေးမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

အသစ်ဖွဲ့စည်းလိုက်သော ရေဓာတ် မျိုးရိုးဗီဇမြေပုံ၏ အစွမ်းကို စမ်းသပ်ရန် သူ အပြင်ထွက်ဖို့ လိုအပ်ပေသည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အပြင်ဘက် မည်းမှောင်နေသော ကောင်းကင်ယံတွင် နှင်းပွင့်များ ကျဆင်းနေဆဲဖြစ်သည်။

ယခုအချိန်က ညနေခင်းဖြစ်ပြီး ညအချိန် ရောက်ရှိလာတော့မည် ဖြစ်သည်။

လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ "စနစ်"

စနစ်ဇယားကွက် ပွင့်လာသည်နှင့်တပြိုင်နက် လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ ကဏ္ဍဆီသို့ အလျင်အမြန် ကြည့်လိုက်သည်။

မျိုးရိုးဗီဇမျိုးစေ့ ကဏ္ဍတွင် အသစ်တစ်ခု ထပ်တိုးလာခဲ့၏။

နတ်ရေစင်ဖီးနစ်ငှက်။

နတ်ရေစင်ဖီးနစ်ငှက် - ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့၊ ရေဓာတ် သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံ၊

ပင်ကိုယ်အစွမ်း - ချောက်နက်ရေလှိုင်း

မျိုးရိုးဗီဇ သယ်ဆောင်လာသော အစွမ်းများ - ရေဒြပ်စင်ပြောင်းလဲခြင်း၊ မီးကြွင်းရေလှိုင်း။

ချောက်နက်ရေလှိုင်း - နိဗာနမီးတောက်ဖြင့် ရေအားလုံးကို သန့်စင်ကာ လီမီးတောက်ကို ဝိညာဉ်အဖြစ်ထား၍ ရေကို အသုံးချကာ ရေနှင့်မီး ပေါင်းစပ်မှုကို ရရှိစေသည်။

ရေဒြပ်စင်ပြောင်းလဲခြင်း - ရုပ်ခန္ဓာကို ရေဒြပ်စင်အဖြစ် ပြောင်းလဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သည်။

မီးကြွင်းရေလှိုင်း - ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းမှုအောက်တွင် ရေဒြပ်စင် မော်လီကျူးများအဖြစ် ပြောင်းလဲသွားကာ အပူချိန်မြင့်မားသော မြူခိုးများ ဖြစ်ပေါ်လာပြီး အရာအားလုံးကို လောင်ကျွမ်းကျက်စေနိုင်သည်။

လင်းယွမ်က နတ်ရေစင်ဖီးနစ်ငှက်နှင့် ပတ်သက်သည့် မိတ်ဆက်ချက်များကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

"ဒီရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကနေ ထွက်လာတဲ့ အစွမ်းက ဘာလို့ မီးနဲ့ သက်ဆိုင်နေရတာလဲ"

သူက ထိုအစွမ်းများကို သေချာစွာ ပြန်ကြည့်လိုက်ပြီး မျိုးရိုးဗီဇမျိုးစေ့အတွင်းရှိ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို ခံစားကြည့်လိုက်သည်။

ထို့နောက် အကြောင်းရင်းကို တဖြည်းဖြည်း ရှင်းလင်းစွာ သိလာရသည်။

တကယ်တော့ နတ်ရေစင်ဖီးနစ်ငှက်တွင် ဖီးနစ်သွေး ပါဝင်နေခြင်း ဖြစ်သည်။

ဖီးနစ်များမှာ မူလကတည်းက မီးဓာတ်သက်ရှိများ ဖြစ်ကြသော်လည်း မည်သည့်အကြောင်းကြောင့် မျိုးဆက်များထဲတွင် ရေဓာတ် ဖီးနစ်များ ပေါ်ပေါက်လာခဲ့သည်ကိုမူ မသိရပေ။

ထို့ကြောင့် နတ်ရေစင်ဖီးနစ်ငှက်၏ ပင်ကိုယ်အစွမ်းထဲတွင် ရေနှင့်မီး ပေါင်းစပ်နိုင်သည့် အာနိသင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အထူးသဖြင့် ၎င်း၏ မျိုးရိုးဗီဇအစွမ်းများထဲတွင် အတွေ့ရများသော ရေဒြပ်စင်ပြောင်းလဲခြင်း အစွမ်းအပြင် မီးကြွင်းရေလှိုင်း အစွမ်းက နတ်ရေစင်ဖီးနစ်ငှက်ကို မီးဓာတ်အစွမ်းများ၏ လွှမ်းမိုးမှုအများစုကို လျစ်လျူရှုနိုင်စေသည်။

ရန်သူ၏ မီးဓာတ်အစွမ်းဖြင့် တိုက်ခိုက်ခံရပါက ၎င်းသည် ရေမော်လီကျူး အသွင်သို့ တိုက်ရိုက် ပြိုကွဲသွားပြီး အပူချိန်မြင့်မားသော ရေမော်လီကျူး လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ ပြန်လည်တိုက်ခိုက်နိုင်သည်။

"တိုက်ဆိုင်တာပဲ... ငါကိုယ်တိုင်က မီးဓာတ်အစွမ်းကို သုံးနိုင်တာဆိုတော့ ရေနဲ့မီး ပေါင်းစပ်အစွမ်းကို ငါ့ခန္ဓာကိုယ်မှာ တိုက်ရိုက် အသုံးပြုလို့ ရနိုင်တာပေါ့"

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အစွမ်းများကို တွဲဖက်အသုံးပြုရန် အကြံအစည်အချို့ ချက်ချင်း ပေါ်လာခဲ့သည်။

သူ ပြောင်းလဲနိုင်သည့် မျိုးရိုးဗီဇမြေပုံများ ပိုမိုများပြားလာသည်နှင့်အမျှ အစွမ်းများမှာလည်း ပိုမို ကြွယ်ဝလာခဲ့သည်။

သူ၏ နောင်လာမည့် တိုက်ခိုက်ရေးနည်းစနစ်များသည် မျိုးရိုးဗီဇမြေပုံ ပုံစံတစ်ခုတည်းအောက်တွင် ကန့်သတ်ထားသင့်မည် မဟုတ်ပေ။

မတူညီသော မျိုးရိုးဗီဇမြေပုံ အစွမ်းများကို တွဲဖက်အသုံးပြုရန် သူ ကြိုးစားသင့်သည်။

ဥပမာအားဖြင့် နတ်ရေစင်ဖီးနစ်ငှက်၏ အစွမ်းက ရေနှင့်မီးကို ပေါင်းစပ်ပေးနိုင်သည်။

ဤမီးဓာတ်သည် မူလက မီးဓာတ်ရှိသော ရန်သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင်မှ ဤအစွမ်းကို ထုတ်ယူအသုံးပြုရန် ဖြစ်သည်။

သို့သော် ကိုယ့်ကိုယ်ကိုယ် မီးထပ်ထည့်ပေးလိုက်ပါက ဤအစွမ်းကို တိုက်ရိုက် လှုံ့ဆော်ပေးနိုင်မည် မဟုတ်လား။

လင်းယွမ် ပြုံးလိုက်သည်။ ဓာတ်ကြီးငါးပါး အရည်အသွေးတွင် သူက ရွှေ၊ သစ်သားနှင့် မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ သုံးမျိုးကို မဖွဲ့စည်းရသေးပေ။

ယခုအချိန်တွင် အမှတ်များ တဖြည်းဖြည်း စုဆောင်းမိရန် စောင့်ဆိုင်းနေရစဉ် အခွင့်ကောင်းယူ၍ ဤမျိုးရိုးဗီဇမျိုးစေ့များကို တစ်ခုပြီးတစ်ခု အရင် ဖွဲ့စည်းထားနိုင်သည်။

ထိုသို့ဆိုလျှင် သူသည် ဘက်စုံတော်သော အစွမ်းပိုင်ရှင်စစ်စစ် တစ်ဦး ဖြစ်လာပေလိမ့်မည်။

မည်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရပါစေ သူ့ထံတွင် ရင်ဆိုင်ဖြေရှင်းနိုင်မည့် မျိုးရိုးဗီဇပုံစံ တစ်မျိုး အမြဲ ရှိနေလိမ့်မည် ဖြစ်သည်။

လေထဲတွင် ရပ်နေရင်း လင်းယွမ်က မျက်စိမှိတ်ကာ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လည်ပတ်စေလိုက်သည်။

မျိုးရိုးဗီဇ တစ်ဝက်ကို နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇအဖြစ် ပြောင်းလဲလိုက်ပြီး ကျန်တစ်ဝက်ကို ရဲရဲတောက် မီးလင်းယုန် မျိုးရိုးဗီဇအဖြစ် ပြောင်းလဲလိုက်သည်။

သူ၏ နောက်ကျောတွင် တစ်ဖက်က ဒီရေလှိုင်းသံများ ဆူညံနေပြီး တစ်ဖက်က ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသည်။

ထိုနှစ်ခုစလုံးက တောင်ပံနှစ်ဖက်အဖြစ် ပြောင်းလဲသွားကာ သူ၏ နောက်ကျောတွင် ခတ်နေကြသည်။

လင်းယွမ်၏ ဘယ်ဘက်လက်က ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

"ဘုန်း"

လေဟာနယ် လျှပ်စီးမီးတောက် တစ်ခုက အပြင်သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်သွား၏။

ပြင်းထန်သော မီးတောက်များက သက်တံ့ကြီးတစ်ခုအလား နှင်းလွှာများကို ဖောက်ထွင်းသွားပြီး နှင်းဖုံးနေသော မြေပြင်မှာ လျင်မြန်စွာ လောင်ကျွမ်း အရည်ပျော်သွားသည်။

ရေငွေ့ အများအပြား အထက်သို့ ပျံ့လွင့်လာကာ အပူချိန်မြင့်မားသော မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

လင်းယွမ်က အခြားလက်တစ်ဖက်ကို ထပ်မံ တွန်းထုတ်လိုက်ရာ ရေဘောလုံးတစ်ခု စုစည်းဖြစ်ပေါ်လာသည်။

သူက ညာဘက်လက်ရှိ ရေဘောလုံးကို ဘယ်ဘက်လက်ရှိ မီးတောက်ထဲသို့ ပြင်းထန်စွာ ပစ်သွင်းလိုက်သည်ကို မြင်လိုက်ရသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် လျှပ်စီးမီးတောက်က ရေမော်လီကျူးများကို ချက်ချင်း ပြိုကွဲသွားစေသည်။

ရေမော်လီကျူးများက ချက်ချင်း အငွေ့ပျံသွားကာ အပူချိန်မြင့်မားသော မြူခိုးများ ဖြစ်ပေါ်လာပြီး မီးတောက်များက ရေမော်လီကျူးများကို ရစ်ပတ်ကာ ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိသွားပြီး ပလာစမာအခြေအနေရှိ အကြီးစား ရေမော်လီကျူးများကို တဖြည်းဖြည်း ဖန်တီးလာတော့သည်။

ထို့အပြင် မီးတောက်ထဲရှိ အမှုန်များ တိုက်မိခြင်းက အကြီးစား ရေမော်လီကျူးများ၏ လောင်ကျွမ်းမှုကို ထပ်မံ မြှင့်တင်ပေးလိုက်သည်။

ချက်ချင်းပင် ထိုမီးတောက်ကြီးက ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအားက လေဟာနယ် လျှပ်စီးမီးတောက်ကို ချက်ချင်း ဆယ်ဆနီးပါး ကြီးမားသွားစေသည်။

ဧရာမ တုန်ခါလှိုင်းကြီးတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုနှင့်အတူ ရေခဲလွှာများကို ရူးသွပ်စွာ ထိုးဖောက်သွား၏။

ပေပေါင်းရာချီ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံး တိုက်ရိုက် ထိုးဖောက်အရည်ပျော်သွားသည်။

ရေခဲပြင်ကြီးက ချက်ချင်း ပေါက်ကွဲသွားပြီး အောက်သို့ ချိုင့်ဝင်သွားကာ ရေငွေ့ အမြောက်အမြား အထက်သို့ ထောင်းခနဲ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ရေအောက်ရှိ မရေမတွက်နိုင်သော သန္ဓေပြောင်း သက်ရှိများမှာ ပွဲချင်းပြီး ပြုတ်ပြီးသားဖြစ်သွားကြသည်။

ဤမီးတောက် တုန်ခါလှိုင်းကြီးက ပေရာချီ ကျယ်ဝန်းသော ဧရာမ ရေခဲလှိုဏ်ခေါင်းကြီးတစ်ခုကို ပေါက်ကွဲဖြစ်ပေါ်စေပြီး ရေအောက်ပေရာချီအထိ ထိုးဖောက်သွားပြီးမှသာ ရပ်တန့်သွားခဲ့သည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားပြီး သူ၏လက်နှစ်ဖက်ကို ပြန်ကြည့်လိုက်သည်။

အံ့အားသင့်နေသော အကြည့်များမှတဆင့် ရူးသွပ်စွာ ဝမ်းသာပျော်ရွှင်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွား၏။

"ရေနဲ့မီး ပေါင်းစပ်တာက ဒီလောက်တောင် စွမ်းအားကြီးတာလား"

"ချောက်နက်ရေလှိုင်း... တကယ်ကောင်းတဲ့ ချောက်နက်ရေလှိုင်းပဲ... တကယ်ကောင်းတဲ့ မီးကြွင်းရေလှိုင်းပဲ"

"ဟား... ဟား... ဟား..."

လင်းယွမ်က ကောင်းကင်သို့ မော့ကာ အော်ရယ်လိုက်သည်။

ဤအကွက်များကို ပေါင်းစပ်လိုက်ခြင်းဖြင့် သူနှင့် အဆင့်တူ မည်သည့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့် အစွမ်းပိုင်ရှင်ကိုမဆို တိုက်ရိုက် သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်မှု ရှိသွားသည်။

အကယ်၍ ရေခဲသလင်း နန်းတော်သို့ ပြန်သွားပြီး လင်ယွီရုံက မြို့ကို အစီအရင်အဖြစ် သုံးကာ သူ့ကို ပိတ်လှောင်ရန် သင်္ကေတ အကာအကွယ်များ စုစည်းလိုလျှင်တောင် လုံးဝ မဖြစ်နိုင်တော့ပေ။

ဤအကွက်တစ်ခုတည်းဖြင့် သူသည် ထိုအကာအကွယ်ကို အလွယ်တကူ ဆွဲဖြဲနိုင်မည်ဟု လင်းယွမ် အာမခံရဲသည်။

"ဒီအကွက်ကို အဓိက ဝှက်ဖဲအဖြစ် ထားလို့ရတယ်... အဲ့ဒီအချိန်ကျရင် လင်ယွီရုံက တစ်ခုခု လုပ်ဖို့ ကြိုးစားလာရင်တောင် ငါ့မှာ ပြန်သတ်နိုင်မယ့် နည်းလမ်း ရှိသွားပြီ"

"နောက်တစ်ခုက မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ပဲ"

လင်းယွမ်၏ လက်ထဲတွင် အများဆုံး ရှိနေသည်မှာ ရေဓာတ်နှင့် မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ နှစ်မျိုးပင် ဖြစ်သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ ပြန်ရောက်သောအခါ လင်းယွမ်က ဖန်ဆန်းမြို့လေးသို့ မသွားတော့ဘဲ တောရိုင်းထဲတွင် မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို တိုက်ရိုက် စတင်ဖွဲ့စည်းလိုက်သည်။

အစောပိုင်းက ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းစဉ်က ဖြစ်ပေါ်လာသော လှုပ်ရှားမှုများက အနည်းငယ် ကြီးမားလွန်းနေသည်။

လင်းယွမ်က အလွန်အမင်း ထင်ပေါ်ချင်စိတ် မရှိသဖြင့် ဤအမှောင်ထုထဲတွင်ပင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

သုံးရက်ကြာပြီးနောက် တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ တောရိုင်းထဲတွင် လက်ဆန့်တန်းလိုက်လျှင်ပင် လက်ချောင်းများကို မမြင်ရလောက်အောင် မှောင်မိုက်နေသည့် ပတ်ဝန်းကျင်၌ ရုတ်တရက် မြေဝါရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး ပတ်ပတ်လည်ရှိ အမှောင်ဓာတ် စွမ်းအင်များကို ဖယ်ထုတ်ကာ ၆၅ ပေနီးပါး မြင့်မားသော ဧရာမ အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။

ထိုအကာအကွယ်ထဲတွင် ၆၅ ပေ အမြင့်ရှိသော ဧရာမ သတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုသားရဲ၏ ပခုံးများက တောင်ကြီးတစ်လုံးအလား မို့မောက်နေပြီး အညိုရောင် အမွေးရှည်များက ဒူးခေါင်းအထိ တွဲလောင်းကျနေကာ အမွေးများကြားရှိ ရေခဲစွယ်များက အချင်းချင်း တိုက်မိပြီး ကျောက်စိမ်းများ ကွဲအက်သွားသကဲ့သို့ အေးစက်သော အသံများ ထွက်ပေါ်နေသည်။

ခေါင်းကြီးကို ငုံ့လိုက်သောအခါ ဝက်အူရစ်ပုံသဏ္ဌာန် အစွယ်ကြီးနှစ်ချောင်းက အချိန်ကာလ၏ သွေးထားမှုကို ခံထားရသည့် ကြေးညိုရောင် လှံကောက်ကြီးများအလား ထက်မြက်ပြီး ကြမ်းတမ်းခက်ထန်နေသည်။

ရှည်လျားသော နှာမောင်းကြီးက အကြေးခွံများ ဖုံးလွှမ်းနေသော စပါးအုံးမြွေကြီး ရစ်ခွေနေသကဲ့သို့ ဖြစ်နေပြီး ထိပ်ဖျားမှ သွက်လက်သော အသားစနှစ်ခု ထွက်ပေါ်နေကာ အစွယ်များကြားမှ အေးစက်သော နှင်းမြူများကို မှုတ်ထုတ်နေ၏။

ခန္ဓာကိုယ်အနှံ့အပြားရှိ အမွေးအမှင်များမှ မြေဝါရောင် အလင်းဝန်းများ ဖြာထွက်နေသည်။

၎င်းက ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ဧရာမ တောင်ကြီးတစ်လုံးအလား ဖြစ်နေပြီး ကြီးမားလေးလံမှုကြားတွင် ရှေးဟောင်းအရိုင်းဆန်သော အငွေ့အသက်များ ပြည့်နှက်နေသည်ဟု ခံစားရစေသည်။

"ဒုန်း"

"ဒုန်း"

"ဒုန်း"

ငလျင်လှုပ်သကဲ့သို့ ဆက်တိုက်ဆိုသလို မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မြေကြီးများ တုန်ခါကာ တောင်တန်းများ ယိမ်းယိုင်သွားသည်။

မြေပြင်ပေါ်ရှိ သဲနှင့်ကျောက်စရစ်များ တုန်ခါသွားပြီး မြေကြီးနှင့် ကျောက်တုံးများ ပြုတ်ကျကာ ဝုန်းခနဲ အသံများ ထွက်ပေါ်လာ၏။

"ကျီ"

ရုတ်တရက် ၎င်းက စပါးအုံးမြွေကြီးအလား ဧရာမ နှာမောင်းကြီးကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များအားလုံးက မြေဝါရောင် အလင်းတန်းများ လင်းလက်လာသည်။

စွမ်းအင်အားလုံးက ထိုဧရာမ နှာမောင်းကြီးဆီသို့ စီးဝင်သွားကြသည်။

ရုတ်တရက် ထိုနှာမောင်းကြီးက ပြင်းထန်စွာ ဆန့်တန်းသွားပြီး ကြောက်မက်ဖွယ် မြေဝါရောင် အလင်းတန်းတစ်ခုက နေကို ဖောက်ထွင်းသွားသော သက်တံ့ကြီးတစ်ခုအလား အမှောင်ထုကို ချက်ချင်း ဆွဲဖြဲကာ အပြင်သို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။

"ဘုန်း"

ရှေ့ရှိ တောင်ထွတ်တစ်ခုမှာ အလင်းတန်း၏ ရိုက်ခတ်မှုကို ချက်ချင်း ခံလိုက်ရပြီး ကျယ်လောင်စွာ ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

"ဟုတ်ပြီ"

အမွေးရှည်ဆင်ကြီးက ရုတ်တရက် လူစကား ပြောလိုက်ပြီး မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီးနောက် လူသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိသွားသည်။

"စနစ်"

လင်းယွမ်က စနစ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး မျိုးရိုးဗီဇမျိုးစေ့ ကဏ္ဍကို စစ်ဆေးလိုက်သည်။

မျိုးရိုးဗီဇမျိုးစေ့များထဲတွင် အသစ်တစ်ခု ထပ်တိုးလာခဲ့သည်ကို မြင်လိုက်ရ၏။

အမည် - အမွေးရှည်ဆင်ကြီး

မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့၊ မြေဓာတ် သံကြိုးတစ်ထပ် မျိုးရိုးဗီဇမြေပုံ။

ပင်ကိုယ်အစွမ်း - တောင်လို မယိမ်းမယိုင်

မျိုးရိုးဗီဇ သယ်ဆောင်လာသော အစွမ်းများ - မြေဒြပ်စင်ပြောင်းလဲခြင်း၊ မြေစက်ဝန်း တုန်ခါလှိုင်း။

တောင်လို မယိမ်းမယိုင် - မြေပြင်ပေါ်တွင် ရပ်တည်ပါက မြေကြောစွမ်းအားများကို အဆက်မပြတ် စုပ်ယူနိုင်ပြီး အားကောင်းသော အကာအကွယ်တစ်ခုကို ဖန်တီးနိုင်သည်။

မြေဒြပ်စင်ပြောင်းလဲခြင်း - မိမိကိုယ်ကိုယ် မြေကြီးအဖြစ် ပြောင်းလဲနိုင်ပြီး မြေဒြပ်စင် စွမ်းအားများကို ထိန်းချုပ်နိုင်သည်။

မြေစက်ဝန်း တုန်ခါလှိုင်း - မြေလွှာရှိ အပူစွမ်းအင်များကို စုပ်ယူကာ အားကောင်းသော စက်ဝိုင်းပုံ တုန်ခါလှိုင်းကြီးကို ဖန်တီးနိုင်သည်။

"ဒီတစ်ခါ ဖွဲ့စည်းလိုက်တဲ့ မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့က... တိုက်ခိုက်ရေးနဲ့ အကာအကွယ်မှာ တော်တော် မျှတတာပဲ"

"ပင်ကိုယ်အစွမ်းဖြစ်တဲ့ တောင်လို မယိမ်းမယိုင် က မြေကြောစွမ်းအားတွေကို စုပ်ယူပြီး အားကောင်းတဲ့ အကာအကွယ်ကို ဖန်တီးပေးနိုင်တယ်"

"မြေဒြပ်စင်ပြောင်းလဲတာကတော့ အထူးတလည် ပြောနေစရာ မလိုဘူး... ဒီအစွမ်းက မြေဓာတ် အစွမ်းပိုင်ရှင်တွေ့ မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းတာနဲ့ အလိုအလျောက် နားလည်သွားတတ်တဲ့ အစွမ်းပဲ"

"မြေစက်ဝန်း တုန်ခါလှိုင်းက မြေလွှာရဲ့ အပူစွမ်းအင်တွေကို စုပ်ယူပြီး... အားကောင်းတဲ့ တုန်ခါလှိုင်း တိုက်ခိုက်မှုအဖြစ် ဖန်တီးနိုင်တယ်"

"အမွေးရှည်ဆင်ကြီး မျိုးရိုးဗီဇမျိုးစေ့က အကာအကွယ်စွမ်းရည်ကို ပိုပြီး အလေးပေးထားပုံရတယ်... သူ့ရဲ့ ပင်ကိုယ်အစွမ်းက အကာအကွယ်ပဲ"

"ဒါလည်း ကောင်းပါတယ်... အခု တိုက်ခိုက်ရေးပိုင်းမှာဆိုရင် ငါ့ဆီမှာ ချောက်နက်ရေလှိုင်းနဲ့ ရေနဲ့မီး ပေါင်းစပ်အစွမ်း ရှိနေပြီဆိုတော့ အန္တရာယ်အများစုကို ရင်ဆိုင်နိုင်ပြီ"

"အခု အကာအကွယ် ပင်ကိုယ်အစွမ်း တစ်ခု ရလာတာက... အကာအကွယ်ပိုင်း အားနည်းချက်ကို ဖြည့်ဆည်းပေးလိုက်တာပဲ"

"တစ်ခုတည်းသော ပြဿနာက... ဒီပင်ကိုယ်အစွမ်းကို သုံးဖို့ မြေကြီးပေါ်မှာ ရှိနေဖို့လိုနေတာပဲ"

"အခု နေရာအနှံ့က ရေလွှမ်းခံနေရတာဆိုတော့ မြေကြီးပေါ်ရပ်လို့ရနိုင်တဲ့ နေရာတွေက တော်တော်လေး နည်းသွားပြီ"

လင်းယွမ်က အနည်းငယ် စိုးရိမ်သွားသော်လည်း ချက်ချင်းပင် သူက ခေါင်းခါကာ ရယ်မောလိုက်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက် အမွေးရှည်ဆင်ကြီး၏ ခန္ဓာကိုယ်အရွယ်အစားက ၆၅ ပေအထိ ရောက်ရှိသွားသည်။

နောင်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်း ပိုမိုမြင့်မားလာသည်နှင့်အမျှ ခန္ဓာကိုယ်အရွယ်အစားကလည်း သေချာပေါက် ပိုမို ကြီးမားလာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ရေထဲတွင် ရောက်နေပင်လျှင် အလွယ်တကူ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

ဆက်ရန်...

All Chapters