← Chapters

အခန်း (၆၉၃-၆၉၄)

Vol. 35 Ch. 693-694

အခန်း (၆၉၃-၆၉၄)

Vol. 35 Ch. 693-694

အပိုင်း (၆၉၃) ရွှေဓာတ် သွေးသလင်းကျောက်

လင်းယွမ်က ရှေ့ဆုံးမှ ဦးဆောင်သွားကာ ကြီးမားထူထဲသော သွေးကြောလမ်းကြောင်းကြီးတစ်ခုပေါ်သို့ ရောက်ရှိလာ၏။

သူက လက်ငါးချောင်းဖြင့် ထိုအပေါ်သို့ ဖိနှိပ်လိုက်ရာ ချက်ချင်းပင် အသားစားဆေးရည် အမြောက်အမြား ပျံ့နှံ့သွားသည်။

အချိန်သိပ်မကြာလိုက်ဘဲ လူတိုင်းရှေ့တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။

လင်းယွမ်က "ငါ အရင်ဝင်ကြည့်လိုက်မယ်... မင်းတို့ သတိထားကြ" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူက ရှေ့ဆုံးမှ ဝင်သွားလိုက်သည်။

စိတ်ချရစေရန်အတွက် သူက ချက်ချင်းပင် အရိပ်အသွင်သို့ ပြောင်းလဲလိုက်၏။

ထင်ထားသည့်အတိုင်းပင် လင်းယွမ် ဝင်သွားသည်နှင့် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံတစ်ခု ဝင်ရောက်လာသည်။

"ဘုန်း"

ထိုလေခွင်းသံက တိုက်စားခံထားရသော တွင်းပေါက်ဝရှေ့သို့ ချက်ချင်း ကျဆင်းလာပြီး လင်းယွမ် ပြောင်းလဲထားသော အရိပ်ကို ထိုးဖောက်သွားလေသည်။

လင်းယွမ် ခေါင်းမော့ကြည့်လိုက်ရာ ထိုကြီးမားသော သွေးကြောလမ်းကြောင်းထဲတွင် ရွှေရောင် စပါးအုံးမြွေကြီးတစ်ကောင် အနီးအနား၌ ရစ်ခွေနေသည်ကို တွေ့လိုက်ရသည်။

စောစောက အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်မှာ ၎င်း၏ ရွှေရောင်အမြီးပင် ဖြစ်သည်။

ဤရွှေရောင်စပါးအုံးမြွေကြီး၏ အရွယ်အစားမှာ မသေးငယ်လှဘဲ အလျား ပေသုံးဆယ်ကျော်ခန့် ရှိသည်။

တစ်ကိုယ်လုံးရှိ ရွှေရောင်အကြေးခွံများက တောက်ပနေပြီး ၎င်းမှာ ရွှေဓာတ်ပါဝင်သော သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းဖြင့် ချက်ချင်း ဗုံးကြဲတိုက်ခိုက်လိုက်သည်။

"ဘုန်း"

ထိုရွှေရောင်စပါးအုံးမြွေကြီး၏ ခေါင်းမှာ ချက်ချင်းပင် လုံးဝကွဲထွက်သွားပြီး လုံးထွေးသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ၎င်း၏ တြိဂံပုံခေါင်းကြီးမှာ ချက်ချင်း ချိုင့်ဝင်သွားသည်ကို တွေ့လိုက်ရပြီး တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဘုန်းခနဲ လဲကျသွားလေသည်။

လင်းယွမ်က အနီးသို့ချဉ်းကပ်သွားပြီး ၎င်း၏အလောင်းကို သိုလှောင်ခန်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀% ပင် မပြည့်သေးသည့် သာမန် သန္ဓေပြောင်းစပါးအုံးမြွေကြီးတစ်ကောင်မှာ သူ့ရှေ့တွင် တစ်ကွက်တောင် မခံနိုင်ပေ။

ထိုအချိန်တွင် တခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။

လူတိုင်းက ဤသွေးကြောလမ်းကြောင်းကြီးကို အကဲခတ်ကြည့်လိုက်ကြ၏။

လင်းယွမ်က လက်နှိပ်ဓာတ်မီးကို စောစောကတည်းက ထုတ်ထားပြီး သွေးကြောလမ်းကြောင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

သို့သော် ဤသွေးကြောလမ်းကြောင်းပေါ်တွင် နေရာတိုင်း၌ ရွှေရောင်သတ္တုရိုင်းများကို တွေ့လိုက်ရသည်။

သန့်စင်မှုနှုန်း မြင့်မားသော ရွှေရောင်သတ္တုရိုင်းများမှာ ရွှေစင်အလား ထင်မှတ်ရပြီး ရွှေရောင်တဝင်းဝင်း တောက်ပနေ၏။

အစွန်အဖျားနှင့် နီးသောနေရာများတွင်မူ သံမည်းရောင် သတ္တုရိုင်းများက ပိုများနေသည်။

ကျန်းဇီယန်က ရှေ့သို့တိုးလာကာ သံမည်းရောင် သတ္တုရိုင်းတစ်တုံးကို တူးထုတ်လိုက်ပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ "သံတွေပဲ"

"ဒါက အညစ်အကြေးတွေ အများကြီးပါတဲ့ သတ္တုရိုင်းမျိုး မဟုတ်ဘူး... သန့်စင်တဲ့ သံဓာတ်တွေ စုစည်းထားတဲ့ သံသလင်းကျောက်တွေပဲ"

ထိုအချိန်တွင် လင်းဟယ်ကလည်း အပြာရောင် သတ္တုရိုင်းတစ်တုံးကို တူးထုတ်လိုက်ပြီး ပြုံးလျက် ပြောလာသည်။ "ကျွန်တော့်ဆီမှာက ကြေးသလင်းကျောက်ပဲ... ကြည့်ရတာ ကြေးဝါဖြစ်ဖို့ များတယ်"

"ကျွန်တော့်ဟာက ရွှေပဲ... တကယ့် ရွှေအစစ်ကြီးဗျ"

"မဟုတ်သေးဘူး... ရွှေမဟုတ်ဘူး... ဒါက ရွှေဓာတ်ပါတဲ့ သွေးသလင်းကျောက်နဲ့ တူတယ်"

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး သူတို့မျက်နှာများထက်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပေါ်လွင်နေကြသည်။

ဤသွေးကြောလမ်းကြောင်းထဲရှိ သလင်းကျောက်များမှာ သာမန်မဟုတ်ကြောင်း အားလုံးက သိသာထင်ရှားစွာ ရှာဖွေတွေ့ရှိသွားကြခြင်း ဖြစ်သည်။

ဤအရာများက သာမန်သတ္တုရိုင်းများ မဟုတ်ဘဲ သွေးသလင်းကျောက်များ ဖြစ်နေသည်။

သန့်စင်မှုနှုန်း မြင့်မားသော ဒြပ်စင်များဖြင့် စုစည်းဖြစ်ပေါ်လာသည့် သွေးသလင်းကျောက်များပင်တည်း။

လင်းယွမ်က "မလောကြနဲ့... ငါတို့ အတွင်းဘက်ကို ဆက်သွားပြီး နှလုံးခန်းဘက်ကို သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။

အားလုံးက အလျင်အမြန် ထရပ်လိုက်ကြပြီး လင်းယွမ်နောက်မှလိုက်ကာ နှလုံးရှိရာ အစိတ်အပိုင်းဘက်သို့ ထွက်လာခဲ့ကြသည်။

လူတိုင်းက နှလုံးရှိရာဆီသို့ တောက်လျှောက် ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သွေးသလင်းကျောက်များက ပို၍ပို၍ များပြားလာသည်။

သွေးကြောလမ်းကြောင်းပေါ်တွင်သာမက ခေါင်းပေါ်၌ပင် သွေးသလင်းကျောက်များ အခဲလိုက် ဖြစ်တည်နေ၏။

အားလုံးမှာ မျိုးစုံသော ရွှေဓာတ် သွေးသလင်းကျောက်များ စုစည်းထားခြင်း ဖြစ်သည်။

နှလုံးခန်းထဲသို့ တရားဝင် ခြေချလိုက်မိချိန်တွင် ကြီးမားသော နှလုံးခန်းကြီးထဲ၌ မြေပြင်အနှံ့ ရွှေရောင် သွေးသလင်းကျောက်များ စုပုံနေကာ တောင်ကုန်းငယ်လေးများအဖြစ် ဖြစ်တည်နေသည်။

ယခုအချိန်၌ နှလုံးခန်းကြီးတစ်ခုလုံးတွင် အလွန်သိပ်သည်းလှသော ရွှေဓာတ် သန္ဓေပြောင်းစွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်နေပေသည်။

လင်းယွမ်ပင်လျှင် နှလုံးတဒိတ်ဒိတ် ခုန်လာသည်ကို မထိန်းနိုင်တော့ဘဲ ချက်ချင်း ရေရွတ်လိုက်သည်။ "ရွှေဓာတ် သွေးသလင်းကျောက်တွေပဲ"

"ဟိုက်... ဒါက အရမ်းများလွန်းနေပြီ"

"ဒီလောက်များတဲ့ သွေးသလင်းကျောက်တွေဆိုတော့ မျိုးရိုးဗီဇမျိုးစေ့ ဘယ်လောက်တောင် ထုတ်ယူနိုင်မလဲ"

"အမလေး... ဒီနေရာက ရွှေဓာတ်စွမ်းအင်တွေက အရမ်းကို ပြည့်ဝနေတာပဲ"

"ငါသာ ရွှေဓာတ် အစွမ်းပိုင်ရှင်ဆို ဘယ်လောက်ကောင်းလိုက်မလဲ"

"ဒီမှာ ဆယ်ရက်ခွဲလောက် ကျင့်ကြံလိုက်မယ်ဆိုရင် အဓိက အရည်အသွေးက ချက်ချင်း အမှတ် ၁၀၀ ကို ရောက်သွားမှာ မဟုတ်ဘူးလား"

"စကားများမနေနဲ့... မြန်မြန် စတူးကြတော့"

ခဏချင်းမှာပင် လူတိုင်းက ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး တစ်ယောက်စီ၏ မျက်နှာပေါ်တွင် ပီတိဖြာနေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

လင်းယွမ်က ထိုမြင်ကွင်းကိုတွေ့သောအခါ အလျင်အမြန် သတိပေးလိုက်သည်။ "တူးတဲ့အခါ သတိထားကြ... ဒီမှာ သန္ဓေပြောင်းသတ္တဝါတွေ ပုန်းနေလောက်တယ်"

စောစောက သူ ကြုံတွေ့ခဲ့ရသော ရွှေရောင်စပါးအုံးမြွေကြီးမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ကြောင်း လူတိုင်းကို သတိပေးရန် သူ မမေ့လျော့ခဲ့ပေ။

ဒီအနီးအနားတွင် တစ်ကောင် ပေါ်လာခဲ့ပြီးဖြစ်ရာ ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်လည်း ရှိနိုင်ပေသည်။

ထို့ကြောင့် လုံးဝ ပေါ့ဆနေ၍ မရနိုင်ပေ။

အားလုံးက အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

လင်းယွမ်ကလည်း ဟင်းလင်းပြင်ထဲရှိ လူများကို အပြင်သို့ ထုတ်ပေးလိုက်သည်။

ထို့နောက် လူတိုင်းက ရွှေဓာတ် သွေးသလင်းကျောက်များကို တူးဖော်သည့် အလုပ်ကို ချက်ချင်း စတင်လိုက်ကြတော့သည်။

သို့သော် သူတို့ တရားဝင် စတင်တူးဖော်ကြသောအခါမှ ပြဿနာများစွာ ရှိနေကြောင်းကို သိလိုက်ကြရသည်။

"ဒေါင်... ဒေါင်... ဒေါင်"

"သေစမ်း... ဒီသွေးသလင်းကျောက်တွေက မာလှချည်လား"

"မရဘူး မရဘူး... ငါ့လက်နက်က ဒီသွေးသလင်းကျောက်ကို ခွဲမရဘူး"

"ဒါက သောက်ရမ်း မာလွန်းတယ်... ဘယ်လိုမှကို တူးလို့မရဘူး"

...

လူတိုင်း စတင်လုပ်ဆောင်ကြချိန်ရောက်မှ ဤရွှေဓာတ် သွေးသလင်းကျောက်များက နှစ်ပေါင်းများစွာ အနည်ထိုင်ပြီး အခဲအဖြစ် စုစည်းနေကာ မည်သည့်သတ္တုထက်မဆို ပိုမိုမာကျောနေကြောင်းကို သိလိုက်ကြရသည်။

သူတို့လက်ထဲရှိ လက်နက်များဖြင့် ဤသွေးသလင်းကျောက်များကို တူးဖော်ရန် လုံးဝ နည်းလမ်းမရှိပေ။

လင်းယွမ်က ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ မျက်မှောင် အနည်းငယ် ကုတ်သွားမိသည်။

သူက ရှေ့သို့တိုးသွားပြီး ရွှေရောင် သွေးသလင်းကျောက်တစ်တုံးကို ဖယ်ရှားရန် ကြိုးစားကြည့်လိုက်သည်။

အနည်းငယ် အားစိုက်လိုက်သော်လည်း သွေးသလင်းကျောက်က အနည်းငယ်မျှပင် မလှုပ်ရှားပေ။

သူ အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်း သွေးသားခွန်အားကို အသုံးချကာ ၎င်း၏ အားတစ်ဝက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

"ဂျွတ်... ဂျွတ်"

ထိုသွေးသလင်းကျောက်ဆီမှ ဂျွတ်ခနဲ အသံထွက်ပေါ်လာပြီး လင်းယွမ်၏ ဖိနပ်အောက်ခံမှာလည်း မြေပြင်နှင့် ပွတ်တိုက်မိကာ အသံထွက်လာသည်။

ထိုသွေးသလင်းကျောက်မှာမူ တုတ်တုတ်မျှ မလှုပ်သေးဘဲ အက်ကွဲသွားမည့် အရိပ်အယောင် လုံးဝ မရှိပေ။

"တော်တော်မာတာပဲ"

လင်းယွမ် အံ့အားသင့်သွားပြီး အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။

ချက်ချင်းပင် တစ်ကိုယ်လုံးရှိ ခွန်အားကို တိုက်ရိုက် အသုံးချလိုက်ရာ လူသားအသွင်တွင် သူ၏ ခွန်အားမှာ အမှတ် ၁၂၀ အထိ မြင့်မားနေလေသည်။

အစွမ်းကုန် အသုံးချလိုက်မှုအောက်တွင် နှလုံးခန်းတစ်ခုလုံးပင် အနည်းငယ် လှုပ်ခါသွားတော့သည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား ထိုရွှေဓာတ် သွေးသလင်းကျောက်က တုတ်တုတ်မျှ မလှုပ်သေးဘဲ အက်ကွဲသွားမည့် အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။

ဒီတစ်ကြိမ်တွင်တော့ လင်းယွမ် အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။

အမှတ် ၁၂၀ ရှိသော ခွန်အားအောက်တွင် သတ္တုကို မဆိုထားနှင့်၊ ကျောက်ဆောင်တောင်ကုန်းတစ်ခုကိုပင် အလွယ်တကူ ရိုက်ခွဲနိုင်ပေသည်။

"ဒီရွှေဓာတ်သွေးတွေ စုစည်းပြီး ဖြစ်လာတဲ့ သွေးသလင်းကျောက်က အရမ်းကို မာကျောလွန်းမနေဘူးလား"

"ဆရာလင်း... အစွမ်းသုံးပြီး စမ်းကြည့်ပါလား"

လူတစ်ယောက်က အကြံပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်လိုက်သည်။

"ဝှီး"

ရေလှိုင်းဓားတစ်လက် ပစ်ထွက်သွားပြီး "ဘုန်း" ခနဲ အသံနှင့်အတူ ရွှေရောင် သွေးသလင်းကျောက်အပေါ်သို့ ဝင်တိုက်သွားသော်လည်း ရေလှိုင်းဓားမှာ ရေစက်ရေမှုန်များအဖြစ် ပေါက်ကွဲသွားရုံမှလွဲ၍ သွေးသလင်းကျောက်ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ပေ။

ထိုသို့ မြင်တွေ့လိုက်ရသောအခါ တခြားသူများကလည်း မြေဆူးချွန်၊ စိတ်စွမ်းအင် ခုတ်ပိုင်းလှိုင်း၊ ပေါက်ကွဲဗုံး စသည်ဖြင့် ကိုယ်စီ အစွမ်းများကို အသီးသီး အသုံးပြုလာကြသည်။

ဆက်တိုက် အသုံးပြုလာသော အစွမ်းများအောက်တွင် ဤရွှေရောင် သွေးသလင်းကျောက်များမှာ ဓားလှံမတိုး၊ ရေမီးမခသည့်အလား ဖြစ်နေသည်။

လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကုတ်သွားသည်။

သူ ခဏမျှ စဉ်းစားလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ လေထဲသို့ ရုတ်တရက် ထိုးညွှန်လိုက်၏။

"ဝှီး"

လေဟာပြင်က ချက်ချင်းပင် အက်ကွဲကြောင်းတစ်ခုအဖြစ် ဟက်တက်ကွဲသွားသည်။

အက်ကွဲကြောင်းက အလွန်လျင်မြန်စွာ ပြန့်နှံ့သွားပြီး ဆံပင်မျှင်တစ်မျှင်ကဲ့သို့ သေးငယ်နေ၏။

သို့သော် ထိုကဲ့သို့သော အက်ကွဲကြောင်းတစ်ခုက မျက်မှောက်ရှိ ရွှေရောင် သွေးသလင်းကျောက်ကို ဖြတ်သန်းသွားချိန်တွင်မူ။

"ထပ်" ခနဲ အသံနှင့်အတူ ဤသွေးသလင်းကျောက်မှာ ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားလေတော့သည်။

လင်းယွမ်က ချက်ချင်း ပြုံးလိုက်သည်။

"ဟင်းလင်းပြင်အက်ကွဲဓားကွက်က တကယ် ဒီသွေးသလင်းကျောက်တွေကို ဖြတ်တောက်နိုင်တာပဲ"

လင်းဟယ်က မအောင့်နိုင်တော့ဘဲ အံ့ဩတကြီး ရေရွတ်လိုက်သည်။ "တကယ့်ကို အစွမ်းထက်တဲ့ ဟင်းလင်းပြင်အက်ကွဲဓားကွက်ပဲ"

ဘေးနားရှိ ကျန်းဇီယန်ကလည်း မနေနိုင်ဘဲ လက်မထောင်ပြကာ ချီးကျူးလိုက်သည်။ "ကိုလင်းယွမ်... ရှင်ရဲ့ ဟင်းလင်းပြင်အက်ကွဲဓားကွက်က တကယ်ကို အစွမ်းထက်တာပဲ"

လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။ "အားလုံးပဲ... နောက်ပိုင်း ငါက သွေးသလင်းကျောက်တွေကို ဖြတ်တောက်ပေးမယ်... မင်းတို့က ငါ့ရဲ့ သုမာရု ဟင်းလင်းပြင်ထဲကို သယ်ယူဖို့ တာဝန်ယူကြ"

"အလုပ်ပြီးသွားရင် ငါ မင်းတို့အားလုံးကို အခကြေးငွေအနေနဲ့ တစ်စိတ်တစ်ပိုင်း ခွဲပေးမယ်"

ကျန်းဇီယန်က ခေါင်းခါကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ "ကျွန်မတို့က ဖြတ်တောက်ဖို့တောင် မတတ်နိုင်တာ... ရှင့်ရဲ့ အခကြေးငွေကို ဘယ်လိုလုပ်ယူလို့ဖြစ်မှာလဲ"

"ပြီးတော့ ကျွန်မတို့ ဒီတစ်ခေါက် အပြင်ထွက်နိုင်ဖို့ဆိုတာ ရှင့်ကိုပဲ အားကိုးရမှာလေ"

လင်းဟယ်ကလည်း ချက်ချင်း ပြောလာသည်။ "ဆရာလင်း... ကျွန်တော်တို့က ကိုယ့်အခြေအနေကိုသိပါတယ်... ဆရာလင်းကသာ ဒီသွေးသလင်းကျောက်တွေကို ဖြတ်တောက်ပေးပါ... ကျွန်တော်တို့က သယ်ယူဖို့ တာဝန်ယူပါ့မယ်"

"အခကြေးငွေအတွက်ကတော့ ဆရာလင်းက ကျွန်တော်တို့ကို ကယ်တင်ပြီး အပြင်ခေါ်ထုတ်ပေးတာကပဲ ကျွန်တော်တို့အတွက် အခကြေးငွေပါပဲ"

ဤလူစုက အမှန်တကယ်ပင် သစ္စာရှိကြပြီး လောဘလည်း မကြီးကြပေ။

သူတို့က နှလုံးခန်းထဲသို့ ဝင်လာပြီး ဤသွေးသလင်းကျောက်များကို မြင်တွေ့ရသော်လည်း မရယူနိုင်သဖြင့် လက်မှိုင်ချရမည်က အသေအချာပင် ဖြစ်သည်။

သို့သော် လင်းယွမ်ကို ဖြတ်တောက်ခိုင်းပြီးနောက် သူတို့ကို ဝေစုခွဲပေးရန်အတွက်မူ သူတို့ ထိုမျှအထိ မျက်နှာမပြောင်နိုင်ကြချေ။

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင် ဒီလိုလုပ်... မင်းတို့က သွေးသလင်းကျောက်တွေကို သယ်ယူပေးရုံပဲ... ငါက သွေးသလင်းကျောက် တစ်တုံးကို အမှတ် ၁ မှတ်နှုန်းနဲ့ တွက်ပေးမယ်"

"နောက်ပိုင်း ထိုက်ယန်တောင်ကို ပြန်ရောက်တဲ့အခါ မင်းတို့ အမှတ်တွေကို ယူပြီး ထိုက်ယန်တောင် ဈေးဝယ်စင်တာမှာ ပစ္စည်းတွေ သွားလဲလို့ ရတယ်"

"မင်းတို့ကိုလည်း အလကား အပင်ပန်းခံခိုင်းလို့ မဖြစ်ဘူးလေ"

ဤအကြံပြုချက်ကြောင့် လူတိုင်းက ချက်ချင်း ပြုံးသွားကြသည်။

ဆရာလင်းက တကယ့်ကို သဘောထား ပြည့်ဝသူပင်။

ဒီလိုပစ္စည်းမျိုး သယ်ယူရတာက ဘယ်လောက်များ ခက်ခဲနေမှာမို့လို့လဲ။

ဆရာလင်းက သူတို့ကို စောင့်ရှောက်ပေးနေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းတွင် လူတိုင်းက ကိုယ်စီ ခေါင်းငုံ့ကာ သွေးသလင်းကျောက်များကို စတင်သယ်ယူကြတော့သည်။

လင်းယွမ်ဘက်တွင်မူ ဟင်းလင်းပြင်အက်ကွဲဓားကွက်ဖြင့် အဆက်မပြတ် ဖြတ်တောက်ပေးနေပြီး အချိန်သိပ်မကြာလိုက်ဘဲ ဤနှလုံးခန်းထဲရှိ သွေးသလင်းကျောက်များမှာ ပြောင်သလင်းခါသွားအောင် သယ်ယူပြီးစီးသွားသည်။

ဤအကြားတွင်လည်း အနှောင့်အယှက်တချို့ ဖြစ်ပေါ်ခဲ့ပြီး သွေးသလင်းကျောက်အချို့၏ အက်ကွဲကြောင်းများထဲ၌ ကြီးမားသော သန္ဓေပြောင်း စပါးအုံးမြွေများ ပုန်းအောင်းနေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

တစ်ကိုယ်လုံး ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ အလွန်မာကျောလှသော ဤသန္ဓေပြောင်းသတ္တဝါများမှာ စိတ်စွမ်းအင်ပိုင်းတွင်မူ သိပ်မပြင်းထန်လှပေ။

လင်းယွမ်က အကောင်ဆယ်ဂဏန်းခန့်ကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်မှ ဤနှလုံးခန်းကို လုံးဝ ရှင်းလင်းသွားနိုင်ခဲ့သည်။

ဤဘက် နှလုံးခန်းထဲရှိ သွေးသလင်းကျောက်များကို သယ်ယူတူးဖော်ပြီးနောက် လင်းယွမ်က ယခင် မြူခိုးမြို့တော်ရှိ အတွေ့အကြုံအတိုင်း အခြားသော နှလုံးခန်းတစ်ခုကို စတင်ရှာဖွေလိုက်သည်။

မကြာမီမှာပင် သူက ဘေးနားရှိ နှလုံးခန်းသို့ သွားနိုင်သည့် လမ်းကြောင်းတစ်ခုကို တိုက်စားဖန်တီးနိုင်ခဲ့သည်။

သို့သော် ဤနှလုံးခန်းထဲရှိ သွေးသလင်းကျောက်များ၏ သိပ်သည်းဆက ပိုမိုမြင့်မားနေပြီး မြေပြင်ပေါ်ရှိ ရွှေဓာတ် သွေးသလင်းကျောက်များမှာ တကယ့်ရွှေစင်နှင့် ယှဉ်နိုင်သော ထူးခြားသည့် ဒြပ်ဝတ္ထုများအဖြစ် တိုက်ရိုက်ကို အလွန်သိပ်သည်းစွာ စုစည်းဖြစ်တည်နေကြသည်။

ကံကောင်းစွာဖြင့် လင်းယွမ်၏ ဟင်းလင်းပြင်အက်ကွဲဓားကွက်က လုံလောက်အောင် အစွမ်းထက်နေသဖြင့် ဖြတ်တောက်ရသည်မှာ အားစိုက်ထုတ်ရန် မလိုသေးပေ။

တခြားသူများကမူ ယခုအချိန်တွင် လုံးဝကို လက်လျှော့လိုက်ကြပြီဖြစ်ကာ လင်းယွမ်သာ မရှိပါက သူတို့မှာ သွေးသလင်းကျောက်၏ ထောင့်စွန်းတစ်ခုကို ရိုက်ချိုးရန်ပင် မတတ်နိုင်ကြချေ။

ခန့်မှန်းခြေ နေ့တစ်ဝက်ခန့် ကြာပြီးနောက် နှလုံးခန်းနှစ်ခုရှိ သွေးသလင်းကျောက် အားလုံးကို ပြောင်သလင်းခါအောင် သယ်ယူပြီးသွားလေပြီ။

လင်းယွမ်၏ စိတ်စွမ်းအင်က ကြီးမားလင့်ကစား ယခုအချိန်တွင်မူ ခဏမျှ ခေါင်းမူးပြီး မျက်စိပြာသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

ဤသည်မှာ စိတ်စွမ်းအင်နှင့် သန္ဓေပြောင်းစွမ်းအင်တို့ကို အလွန်အကျွံ အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်သည်။

သူပင်ဖြစ်လင့်ကစား ဟင်းလင်းပြင်အက်ကွဲဓားကွက်ကို အဆက်မပြတ် ဆက်တိုက် အသုံးပြုခြင်းက စိတ်စွမ်းအင်နှင့် သန္ဓေပြောင်းစွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေသည်။

ကံကောင်းသည်မှာ နေ့တစ်ဝက် အချိန်အတွင်း အလုပ်ပြီးသည့်နှုန်း အလွန်မြင့်မားခဲ့ပြီး ဤချောက်နက်ကျွန်း၏ သွေးသလင်းကျောက်များကို လုံးဝ သယ်ယူရှင်းလင်းနိုင်ခဲ့ခြင်းပင်။

"နှလုံးအမြူတေကို ရှာမတွေ့တာ နှမြောစရာပဲ"

ကျန်းဇီယန်က နဖူးမှ ချွေးများကို သုတ်လိုက်ရင်း အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "ဒါက မျှော်လင့်ထားပြီးသား ကိစ္စပဲလေ... ဒီချောက်နက်ကျွန်းက ရေအောက်ကို လုံးဝ မနစ်မြုပ်ခင်မှာ ပိုင်ရှင် ဘယ်နှစ်ယောက်လောက်ကို ဖြတ်သန်းခဲ့ရလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ဒီကျွန်းရဲ့ နှလုံးအမြူတေက စောစောကတည်းက ပျောက်ကွယ်သွားလောက်ပြီလို့ ခန့်မှန်းရတယ်"

ကျန်းဇီယန်က ခေါင်းအနည်းငယ် ညိတ်ပြကာ လက်ခံကြောင်း ပြသလိုက်သည်။

ထို့နောက် သူမက မေးလိုက်သည်။ "ကိုလင်းယွမ်... သွေးသလင်းကျောက်တွေကိုလည်း သယ်လို့ပြီးသွားပြီဆိုတော့... ပြီးရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဦးနှောက်ရေကန်ဆီကို သွားရှာကြမယ်"

"ဦးနှောက်ရေကန်ဆိုတာ ချောက်နက်ကျွန်း ဧရာမသားရဲကြီးရဲ့ စိတ်ပင်လယ်ကနေ ဖြစ်တည်လာတာ... ဟိုကျယ်ပြန့်တဲ့ ဦးနှောက်အဆီအနှစ်တွေအပြင် သူ့ရဲ့အတွင်းပိုင်းမှာ စိတ်စွမ်းအင် အမျိုးအစား သွေးသလင်းကျောက်တွေ အများကြီး စုစည်းနေမှာ သေချာတယ်"

လူတိုင်းက ထိုစကားကို ကြားသောအခါ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ကျန်းဇီယန်က ချက်ချင်းပင် ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မတို့ အချိန်မဆွဲတော့ဘဲ အခုပဲ သွားကြရအောင်"

လင်းယွမ်က "မလောပါနဲ့... အားလုံးပဲ တစ်နေကုန် ပင်ပန်းထားကြပြီဆိုတော့... ဒီနေ့တော့ အရင် အနားယူလိုက်ကြပါ" ဟု ပြောလိုက်သည်။

"သုမာရု ဟင်းလင်းပြင်ထဲ အတူတူ သွားပြီး တစ်ခုခုစားကြရင်း... တစ်ညလောက် အနားယူလိုက်ကြတာပေါ့"

"ငါ အရင်သွားပြီး လမ်းရှာကြည့်မယ်... ဦးနှောက်ရေကန်ကို ရောက်မှ မင်းတို့ကို ပြန်ခေါ်လိုက်မယ်"

လူတိုင်းကလည်း ငြင်းစရာ အကြောင်းမရှိပေ။

အမှန်တကယ်တော့ လင်းယွမ် တစ်ယောက်တည်း လှုပ်ရှားခြင်းကသာ ပို၍ မြန်ဆန်ပေလိမ့်မည်။

ဆက်ရန်...

အပိုင်း (၆၉၄) ဦးနှောက်ရေကန်ထဲမှ အလောင်းကောင်

"ဒေါင်"

"ဒေါင်... ဒေါင်... ဒေါင်"

ဧရာမ ရေအောက် တွင်းနက်အရိပ်ရေပေါ်ကျွန်းကြီးထဲရှိ ကျယ်ဝန်းလှသော နှလုံးခန်းမကြီးထဲမှ ဒေါင်ဒေါင်မည်နေသော ထိခိုက်ရိုက်ခတ်သံများ တောက်လျှောက် ထွက်ပေါ်နေသည်။

မီးတုတ်အလင်းရောင်က နှလုံးခန်းမတစ်ခုလုံးကို လင်းထိန်နေစေပြီး နေရာအနှံ့ ရွှေရောင်ဝင်းလက်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်နေရာလုံးတွင် ရွှေများ ခင်းကျင်းထားသကဲ့သို့ ထင်မှတ်ရ၏။

လင်းယွမ်က ဟင်းလင်းပြင်အက်ကွဲဓားကွက်ကို အသုံးပြုကာ နှလုံးခန်းမတစ်ခုလုံးရှိ သတ္တုဓာတ် သွေးသလင်းကျောက်များကို ဧရာမ သလင်းကျောက်တုံးကြီးများဖြစ်လာစေရန် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

အပေါ်ယံကြည့်လိုက်လျှင် ပိရမစ်ကြီးများမှ ဧရာမကျောက်တုံးကြီးများနှင့်ပင် တူနေတော့သည်။

လင်းယွမ် တစ်ယောက်တည်း သွေးသလင်းကျောက်များကို ခုတ်ပိုင်းနေခြင်း ဖြစ်သော်လည်း သူ၏ လုပ်ဆောင်နိုင်စွမ်းက အလွန် မြင့်မားနေသည်။

ဒေါင်လိုက်တစ်ချက်နှင့် အလျားလိုက်တစ်ချက် ဟင်းလင်းပြင်အက်ကွဲကြောင်း နှစ်ခုဖြင့်ပင် ဧရာမ သလင်းကျောက်တုံးကြီး လေးတုံးကို အလွယ်တကူ ခုတ်ပိုင်းနိုင်ခဲ့၏။

ဟင်းလင်းပြင်အက်ကွဲဓားကွက် အနည်းငယ် ထပ်မံခုတ်ပိုင်းလိုက်သည်နှင့် ဧရာမ သွေးသလင်းကျောက်တုံးကြီးများက တစ်နေရာလုံး ပြည့်နှက်သွားတော့သည်။

ယခုအခါ လင်းယွမ်က သလင်းကျောက်များ အားလုံးကို ခုတ်ပိုင်းပြီးသွားပြီဖြစ်ရာ ကျန်ရှိနေသည့် သယ်ယူပို့ဆောင်ရေးအလုပ်များကို လင်းယွီကျွန်းမှ လူများနှင့်သာ လွှဲအပ်ထားလိုက်သည်။

ထို့နောက် လင်းယွမ်က လူတိုင်းကို နှုတ်ဆက်လိုက်ပြီး အခြားနေရာများသို့ ဆက်လက် စူးစမ်းလေ့လာရန် ထွက်ခွာလာခဲ့သည်။

လူများ အလုပ်ရှုပ်နေချိန်တွင် သူက နှလုံးခန်းမ အပြင်ဘက်သို့ ပြန်လည် ပျံသန်းသွားခဲ့၏။

ထို့နောက် ထို ချောက်နက်ကျွန်း အလောင်းကောင်ကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ဟာလာဟင်းလင်း နေရာများကြားမှ လျင်မြန်စွာ ပျံသန်းသွားပြီး ၎င်း၏ ဦးခေါင်းတည်ရှိမည့်နေရာကို လိုက်လံရှာဖွေနေသည်။

"အပြင်ဘက်ကနေဆိုရင် ဒီချောက်နက်ကျွန်းရဲ့ ဦးခေါင်းနေရာကို ခွဲခြားသိနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲလွန်းတယ်"

"ခန္ဓာကိုယ် အတွင်းဘက်မှာဆိုရင်လည်း သူ့ရဲ့ ကလီစာတွေကို ခွဲခြားသိနိုင်ဖို့ မလွယ်ပြန်ဘူး"

"ဒါပေမဲ့ ဒီရင်ခေါင်းပိုင်းထဲမှာတော့ တချို့ကလီစာတွေကို အလွယ်တကူ ခွဲခြားသိနိုင်တယ်"

လင်းယွမ်က နှလုံးနှင့် အခြားကလီစာများကို ခွဲခြားရင်း ဦးခေါင်းဆီသို့ သွားရာလမ်းကို ရှာဖွေနေသည်။

ဤချောက်နက်ကျွန်း အလောင်းကောင်ကြီးမှာ အလွန်တရာ ဧရာမဆန်လွန်းလှသဖြင့် နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးနောက်မှသာ လင်းယွမ်က ဦးနှောက်ရေကန်ရှိရာ နေရာကို ရှာတွေ့ခဲ့သည်။

သို့သော် ဦးနှောက်ရေကန်မှာ စောစောစီးစီးကပင် ခန်းခြောက်နေခဲ့ပြီး မြောက်မြားစွာသော စိတ်စွမ်းအင် သွေးသလင်းကျောက်များ ပေါ်လွင်နေသည်။

လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ ထိုသွေးသလင်းကျောက်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

စိတ်စွမ်းအင် သွေးသလင်းကျောက်များက သတ္တုဓာတ် သွေးသလင်းကျောက်များကဲ့သို့ မာကျောပြီး ယူဆောင်ရ ခက်ခဲခြင်းမျိုး မရှိပေ။

လင်းယွမ်က မိနစ်အနည်းငယ်အတွင်းမှာပင် ခန်းခြောက်နေသော ဦးနှောက်ရေကန်ထဲရှိ စိတ်စွမ်းအင် သွေးသလင်းကျောက်များ အားလုံးကို ပြောင်စင်သွားအောင် သိမ်းဆည်းနိုင်ခဲ့သည်။

"ဟမ်"

သူ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး ခန်းခြောက်နေသော ဦးနှောက်ရေကန်၏ ထောင့်တစ်နေရာတွင် သွေးကြောလမ်းကြောင်း တစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး လင်ယွီရုံ၏ ရေခဲသလင်းကျောက်နန်းတော်ကို အလိုအလျောက် သတိရသွားမိသည်။

ထို့နောက် သူက ကိုယ်ကိုတစ်ချက်ယိမ်းကာ ထိုသွေးကြောလမ်းကြောင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

သွေးကြောလမ်းကြောင်းထဲတွင် စိတ်စွမ်းအင် သွေးသလင်းကျောက် အမြောက်အမြား အနည်ထိုင် စုပုံနေသည်။

လင်းယွမ်က အားနာခြင်းအလျဉ်းမရှိ ထိုသွေးသလင်းကျောက်များကို သိမ်းဆည်းလိုက်ပြီး အထဲသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။

အချိန်တိုအတွင်းမှာပင် အရှေ့ဘက်ရှိ သွေးကြောလမ်းကြောင်းက ရုတ်တရက် ကျယ်ဝန်းသွားပြီး ဧရာမ ဂူခန်းမကြီးတစ်ခု ပေါ်လာသည်။

ထိုအသားနံရံများဖြင့် ဖွဲ့စည်းထားသော ဂူခန်းမထဲတွင် မျှော်စင်ငယ်လေးတစ်ခုနှင့်တူသော ထူးဆန်းသည့် အဆောက်အအုံတစ်ခု အမှန်တကယ် ရှိနေသည်။

မျှော်စင်ငယ်လေးမှာ အမြင့် (၁၆) ပေမှ (၂၀) ပေခန့် ရှိပြီး လူတစ်ယောက်သာ ဝင်ထွက်နိုင်သည့် တံခါးပေါက်ငယ်လေး တစ်ခု ပါရှိသည်။

လင်းယွမ်က ထိုမျှော်စင်ငယ်လေးကို သေချာ အကဲခတ်ကြည့်လိုက်ရာ မျှော်စင်ငယ်လေး၏ ပတ်ပတ်လည်တွင် ရှုပ်ထွေးလှသော သင်္ကေတများ မြောက်မြားစွာ ထွင်းထုထားသည်ကို တွေ့လိုက်ရ၏။

ထိုသင်္ကေတများက အစွမ်း သင်္ကေတများနှင့် အလွန်ဆင်တူသော်လည်း အနည်းငယ်တော့ ကွာခြားနေသည်။

လင်းယွမ်က အနီးသို့ တိုးကပ်သွားပြီး သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

ထိုသင်္ကေတများက မှေးမှိန်နေပြီး ၎င်းတို့၏ မူလစွမ်းအင်များ ဆုံးရှုံးသွားသည်မှာ ကြာပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

"အချိန်အကြာကြီး စွမ်းအင်ကျောက်တုံးကနေ စွမ်းအင် မထောက်ပံ့ပေးနိုင်လို့ ဒီသင်္ကေတတွေ အသုံးမဝင်တော့တာများလား"

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အသက်သွင်းကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး မျှော်စင်တံခါးရှိရာသို့ လျှောက်သွားခဲ့သည်။

သူက တံခါးပေါက်ထဲသို့ တိုးဝင်သွားရာ မျှော်စင်အထဲတွင် လွင့်မျောနေသော ဖဲကြိုးများစွာ ကျဆင်းနေသည်ကို တွေ့လိုက်ရ၏။

ထိုဖဲကြိုးများက အဝတ်စများဖြင့် ပြုလုပ်ထားခြင်းနှင့် မတူဘဲ သက်ရှိသတ္တဝါ တစ်ကောင်ကောင်၏ အရေခွံကို ဖြတ်တောက်ထားသည်နှင့် ပိုတူနေသည်။

အရေခွံပေါ်တွင် သင်္ကေတ အမြောက်အမြား ရေးဆွဲထားကာ အောက်သို့ တွဲကျနေပြီး လင်းယွမ် ဝင်ရောက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် လေပြေလေညင်းကြောင့် အနည်းငယ် လှုပ်ယမ်းသွားကြသည်။

သို့သော် လင်းယွမ်၏ အကြည့်များက ထိုအရေခွံကြိုးများဆီတွင် မရှိဘဲ မျှော်စင်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော မံမီအလောင်းခြောက်ကြီးဆီသို့သာ ရောက်ရှိသွားသည်။

ထိုအလောင်းခြောက်ကြီးက လူသားတစ်ယောက်၏ ပုံစံမျိုး မဟုတ်ဘဲ ခန္ဓာကိုယ် အထက်ပိုင်းကသာ လူသားပုံစံဖြစ်ပြီး အောက်ပိုင်းက မြွေတစ်ကောင်၏ အမြီးရှည်ကြီး ဖြစ်နေသည်။

ယခုအချိန်တွင် ထိုအမြီးရှည်ကြီးမှာ ခြောက်သွေ့နေပြီ ဖြစ်သော်လည်း အပေါ်ရှိ အကြေးခွံများကမူ ရွှေရောင် တဖိတ်ဖိတ် တောက်လောင်နေကာ မျက်စိကျိန်းမတတ် ဖြစ်နေ၏။

လင်းယွမ်က ထိုအလောင်းကောင်၏ အထက်ပိုင်းကို ကြည့်လိုက်ရာ အမျိုးသားတစ်ဦး၏ အရိုးစုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကြွက်သားများ အားလုံး ခြောက်သွေ့ကာ ရေဓာတ် အကြီးအကျယ် ခန်းခြောက်နေပြီး အရိုးစုကြီး တစ်ခုနှင့်ပင် တူနေတော့သည်။

လင်းယွမ်က ပေါ့ဆရဲခြင်း မရှိပေ။ လင်ယွီရုံပင်လျှင် ရှေးခေတ်ကာလမှ ယခုအချိန်အထိ အသက်ရှင်နေနိုင်ခဲ့သေးသည် မဟုတ်ပါလား။ ထို့ကြောင့် မည်သို့သော ထူးဆန်းသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ သူက အံ့သြနေမည် မဟုတ်ပေ။

"အရင်ဆုံး ဖျက်ဆီးပစ်တာ အကောင်းဆုံးပဲ"

လင်းယွမ်၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဝှစ်"

လေဟာနယ် လျှပ်စီးမီးတောက် တစ်ခုက ရုတ်တရက် ဟုန်းခနဲ တောက်လောင်လာပြီး ထိုအရိုးစုကြီးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

ထိုအရိုးစုကြီးမှာ ချက်ချင်း မီးစွဲလောင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ မှေးမှိန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပထမဆုံးအကြိမ်မှာတင် မီးလောင်ကျွမ်းခြင်း မခံလိုက်ရပေ။

လင်းယွမ်၏ မျက်လုံးများ ချက်ချင်း စူးရှသွား၏။ "ထူးဆန်းနေတယ်"

သူက ချက်ချင်းပင် မီးတောက်အင်အားကို တိုးမြှင့်လိုက်ရာ မီးတောက်များက တဝုန်းဝုန်း တောက်လောင်လာပြီး ထိုအလောင်းခြောက်ကြီးကို အဆက်မပြတ် လောင်ကျွမ်းစေတော့သည်။

သာမန်အခြေအနေအရဆိုလျှင် ဤကဲ့သို့ ရေဓာတ် ခန်းခြောက်နေသော အလောင်းခြောက်မျိုးက အလွန် လွယ်ကူစွာ မီးစွဲလောင်နိုင်ရမည် ဖြစ်သည်။

သို့သော် လေဟာနယ် လျှပ်စီးမီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် ၎င်းက ပြာကျသွားခြင်း မရှိသည့်အပြင် ရွှေရောင်အလင်းတန်းများပင် ထွက်ပေါ်လာသေး၏။

အလောင်း၏ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများနှင့် ဖုန်မှုန့်များ အားလုံး မီးလောင်ကျွမ်းသွားပြီး အတွင်းဘက်ရှိ ရွှေရောင် အစင်းကြောင်းများ ပေါ်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

လင်းယွမ်၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။ "သတ္တုဓာတ်လား"

ထိုအရိုးစုကြီးက ခြောက်သွေ့နေပြီ ဖြစ်သော်လည်း ၎င်း၏ အရိုးနှင့် အသားများထဲတွင် အလွန်တရာ အားကောင်းလှသော သတ္တုဓာတ် စွမ်းအင်များ ပါဝင်နေကြောင်း ထင်ရှားနေ၏။

ထို့ကြောင့် လေဟာနယ် လျှပ်စီးမီးတောက်များကပင် ၎င်းကို မလောင်ကျွမ်းစေနိုင်ခြင်း ဖြစ်သည်။

လင်းယွမ်က လောမကြီးပေ။ သူက အေးအေးဆေးဆေးပင် မီးတောက်များကို ဆက်လက် အသက်သွင်းနေ၏။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ဤအရိုးစုကြီးက သတ္တုများဖြင့်သာ ဖွဲ့စည်းထားမည်ဆိုပါက သူ၏ လေဟာနယ် လျှပ်စီးမီးတောက်၏ အပူချိန်ကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် တစ်ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရွှေရောင်များ တဖိတ်ဖိတ် တောက်လောင်နေသော အရိုးစုကြီးမှာ အပူချိန် ပြင်းပြင်းဖြင့် လောင်ကျွမ်းခံရမှုကြောင့် နီရဲလာတော့သည်။

သံမဏိတုံး တစ်တုံးကို အပူချိန် ပြင်းပြင်းဖြင့် မီးရှို့လိုက်ပြီးနောက် နီရဲလာသည်နှင့်ပင် တူနေတော့သည်။

၎င်းက တဖြည်းဖြည်း နီရဲလာသည်နှင့်အမျှ အရိုးစုကြီးတစ်ခုလုံးကလည်း အရည်ပျော်တော့မည့် အနေအထားသို့ ရောက်ရှိလာ၏။

လင်းယွမ်က ၎င်းမှာ ရွှေရည်များအဖြစ် ပြောင်းလဲသွားတော့မည်ဟု ထင်မှတ်လိုက်ချိန်တွင် ရုတ်တရက် အရိုးစုကြီး တစ်ခုလုံး အနည်းငယ် တွန့်လိမ်သွားပြီး ၎င်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း... ကောင်လေး... မြန်မြန် ရပ်လိုက်စမ်း"

ထိုခဏတွင် လင်းယွမ်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားတော့သည်။

"တကယ်ပဲ ထူးဆန်းနေတာကိုး"

သူက ချက်ချင်းပင် မီးတောက်အင်အားကို တိုးမြှင့်လိုက်ပြီး မီးတောက်ကို အသက်သွင်းကာ မီးရှို့လိုက်သည်။

ထိုမျှသာမက သူက စိတ်စွမ်းအင်များကိုပါ တိုက်ရိုက် ပေါက်ကွဲထွက်စေပြီး စိတ်စွမ်းအင် လှိုင်းများအဖြစ် ဖန်တီးကာ ထိုရွှေရောင် အရိုးစုကြီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

စိတ်စွမ်းအင် လှိုင်းများက အဆက်မပြတ် ဝင်တိုက်သွားပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

ထိုခဏတွင် အရိုးစုကြီးထဲမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အရိုးစုတစ်ခုလုံးက ပိုမို လျင်မြန်သော အရှိန်အဟုန်ဖြင့် အရည်ပျော်လာတော့သည်။

"နေ... နေပါဦး... ဆက်မရှို့ပါနဲ့တော့... ဆက်မရှို့ပါနဲ့တော့"

"မောင်ရင်... ဆက်မရှို့ပါနဲ့တော့... ငါ့ဆီမှာ မင်းနဲ့ လဲလှယ်စရာ ပစ္စည်းတွေ ရှိပါတယ်"

"မင်း ဘာလိုချင်လို့လဲ... ငါ့ဆီမှာ အကုန်ရှိတယ်"

"ငါက ရှေးခေတ် အစွမ်းပိုင်ရှင် တစ်ယောက်ပါ... မင်းကို မသေနိုင်တဲ့ ကျင့်စဉ်တွေ သင်ပေးနိုင်တယ်"

"မြန်မြန် ရပ်လိုက်ပါ မောင်ရင်ရာ... ငါ မင်းကို ရေဘေးအန္တရာယ်ကနေ ဘယ်လို ရှောင်တိမ်းရမလဲဆိုတာ သင်ပေးနိုင်တယ်... ပြီးတော့ ကမ္ဘာပြင်ပက မိစ္ဆာတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကိုလည်း သင်ပေးနိုင်တယ်"

ထိုအရိုးစုကြီးထဲမှ အသံက အဆက်မပြတ် အော်ဟစ် ညည်းတွားနေပြီး အသေအလဲ ရုန်းကန်နေကာ လူကို သွေးဆောင်ဖြားယောင်းနိုင်သည့် စကားများကို ပြောဆိုနေ၏။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ရုတ်တရက် အပြာရောင် သင်္ကေတအရိုး တစ်ချောင်းကို ထုတ်ယူကာ အော်ပြောလိုက်သည်။ "ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်... ဒါဆို ကျုပ် မီးတောက်တွေကို ပြန်ရုပ်သိမ်းပေးမယ်"

"အရိုးစာချုပ်... မင်း... မင်းက ဘယ်သူလဲ"

အဘိုးကြီးက ထိုအပြာရောင် သင်္ကေတအရိုးကို အာရုံခံမိသွားပြီးနောက် ချက်ချင်းပင် အံ့သြဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က ပြန်မဖြေဘဲ အော်ဟစ် မေးခွန်းထုတ်လိုက်၏။ "စကား မများနဲ့... ခင်ဗျား လက်မှတ်မထိုးဘူးဆိုရင် သေဖို့သာ ပြင်ထားလိုက်တော့"

လင်းယွမ်က စကားပြောပြီးသည်နှင့် သူ၏ အစွမ်းကို ပြင်းထန်စွာ အသက်သွင်းလိုက်ပြီး ထိုအရိုးစုကြီးကို ရူးသွပ်စွာ မီးရှို့လိုက်သည်။

ထိုအရိုးစုကြီးက ချက်ချင်းပင် အရှိန်မြှင့်၍ အရည်ပျော်လာပြီး ရွှေရည်များ အငွေ့ပျံသွားမည့် အရိပ်အယောင်များပင် ပေါ်လာတော့သည်။

ထိုမျှသာမက လင်းယွမ်၏ ကြီးမားလှသော စိတ်စွမ်းအင် လှိုင်းများကလည်း အဆက်မပြတ် ဝင်တိုက်နေသေး၏။

ထိုရွှေရောင် အရိုးစုကြီးထဲရှိ အသိစိတ်က ချက်ချင်း အလန့်တကြား အော်ဟစ်လိုက်သည်။ "ထိုးပါ့မယ်... လက်မှတ်ထိုးပါ့မယ်"

"ဆက်မရှို့ပါနဲ့တော့... ဆက်မရှို့ပါနဲ့တော့"

ရွှေရောင်အလင်းတန်းများထဲမှ စိတ်စွမ်းအင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် အသံတစ်သံ ထွက်ပေါ်လာ၏။ "ငါ့ကို ဘာလုပ်စေချင်တာလဲ"

"ကျုပ်ကို သခင်အဖြစ် အသိအမှတ်ပြုပြီး ကျုပ်ရဲ့ အမိန့်တိုင်းကို မဖီဆန်ရဘူး"

ထိုစိတ်စွမ်းအင် အသိစိတ်က ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားပြီး လုံးဝ သဘောမတူလိုကြောင်း ထင်ရှားနေသည်။

လင်းယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်များ ဖြတ်ပြေးသွား၏။ "သဘောမတူဘူးလား... ဒါဆို သွားသေလိုက်တော့"

လင်းယွမ်က အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုအသိစိတ်ကို အစွမ်းကုန် တိုက်ခိုက် ချေမှုန်းရန် ပြင်လိုက်သည်။

ထိုစိတ်စွမ်းအင် အသိစိတ်က အလျင်အမြန် ပြောလိုက်သည်။ "နေ... နေပါဦး... အလျင်မလိုပါနဲ့ဦး... ငါ သဘောတူပါတယ်... သဘောတူပါတယ်"

ထိုအသိစိတ်က အရိုးစာချုပ်ကို ချက်ချင်း ထိတွေ့လိုက်ရာ ရုတ်တရက် အကြောင်းအကျိုး ကြိုးမျှင်တစ်ချောင်း ရစ်ပတ်သွားတော့သည်။

လင်းယွမ်က အရိုးစာချုပ်ကို စိတ်စွမ်းအင်များဖြင့် စိုက်ကြည့်နေစဉ် ထိုစိတ်စွမ်းအင် အသိစိတ်က ကျိန်ဆိုလိုက်သံကို ကြားလိုက်ရ၏။ "ငါ ကျင်းဖုန် ကျိန်ဆိုပါတယ်... အရှေ့မှာရှိတဲ့ လူကို သခင်အဖြစ် အသိအမှတ်ပြုပြီး သူ့ရဲ့ အမိန့်တိုင်းကို နာခံပါ့မယ်... အရိုးစာချုပ်ကို သက်သေပြုပါတယ်... ဖောက်ဖျက်ခဲ့ရင် ကောင်းကောင်း မသေပါစေနဲ့"

လင်းယွမ်က ထိုအကြောင်းအကျိုး ကြိုးမျှင်က ဤစိတ်စွမ်းအင် အသိစိတ်လေးဆီသို့ ရစ်ပတ်သွားသည်ကို အာရုံခံလိုက်မိသည်။

မကြာမီ အရိုးစာချုပ်ပေါ်ရှိ သင်္ကေတများ လင်းလက်လာပြီး လုံးဝ အသက်ဝင်သွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။

ဤမြင်ကွင်းကို မြင်လိုက်ရမှ လင်းယွမ်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် လင်းယွမ်က နောက်ထပ် အရိုးစာချုပ် တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ "နောက်တစ်ခု ထပ်ထိုးလိုက်"

ထိုစိတ်စွမ်းအင် အသိစိတ်က ကြောင်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။ "လက်မှတ်ထိုးပြီးသွားပြီ မဟုတ်ဘူးလား"

"စကားမများနဲ့... ထိုးမှာလား မထိုးဘူးလား" လင်းယွမ်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"ထိုးပါ့မယ်... ထိုးပါ့မယ်"

ထိုစိတ်စွမ်းအင် အသိစိတ်ကလည်း သူ၏ အခြေအနေကို သိနေပုံရပြီး ဘာမှ မတတ်နိုင်ဘဲ ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။

အရိုးစာချုပ် တစ်ခု ထိုးရသည်ဖြစ်စေ၊ နှစ်ခု ထိုးရသည်ဖြစ်စေ အတူတူပင် မဟုတ်ပါလား။

သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့သည့်ပုံပင် ပေါက်နေတော့သည်။

ထို့နောက် ဒုတိယမြောက် အရိုးစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး လင်းယွမ်က ခဏမျှ အာရုံခံကြည့်လိုက်ရာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဤအရိုးစာချုပ် နှစ်ခုမှာ မတူညီပေ။

ပထမတစ်ခုမှာ လင်းယွမ် ကိုယ်တိုင် ရေးဆွဲထားသည့် အရိုးစာချုပ်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ထိုအချိန်က လင်ယွီရုံ ပေးခဲ့သည့် အရိုးစာချုပ် ဖြစ်သည်။

လင်းယွမ်က ထိုဒုတိယ အရိုးစာချုပ်တွင် လင်ယွီရုံက တစ်ခုခုများ ကြိုတင် စီစဉ်ထားခြင်း ရှိမရှိကို စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်သည်။

ယခု ထိုအရိုးစုကြီးထဲရှိ စိတ်စွမ်းအင် အသိစိတ်ကို ကြည့်ရသည်မှာ ထူးဆန်းသည့် အခြေအနေမျိုး ခံစားရပုံ မပေါ်ပေ။

ထို့ကြောင့် လင်းယွမ်လည်း သက်ပြင်းချနိုင်သွားသည်။

ထိုအခါမှ လင်းယွမ်က လေဟာနယ် လျှပ်စီးမီးတောက်ကို ပြန်ရုပ်သိမ်းလိုက်ရာ ယခုအချိန်တွင် ထိုအရိုးစုကြီးမှာ ထက်ဝက်ကျော်ခန့် အရည်ပျော်နေပြီ ဖြစ်သည်။

လေဟာနယ် လျှပ်စီးမီးတောက် ပြန်ရုပ်သိမ်းသွားသည်နှင့် အရိုးစုကြီးက တဖြည်းဖြည်း အေးစက်လာပြီး ကံမကောင်းစွာဖြင့် ရွှေရည်များအဖြစ် အရည်ပျော်သွားသည့် အစိတ်အပိုင်းများမှာ ပုံသဏ္ဌာန် ပျက်ယွင်းသွားကာ မူလ အရိုးစုပုံစံကို မမြင်နိုင်တော့ပေ။

ခန္ဓာကိုယ် အထက်ပိုင်းက လူ၊ အောက်ပိုင်းက မြွေဖြစ်နေသည့် အရိုးစုကြီးမှာ ယခုအခါ မြွေအမြီးသာ ကျန်ရစ်တော့ပြီး အထက်ပိုင်းရှိ လူပုံစံမှာမူ အေးစက်သွားကာ ရွှေရောင် အတုံးအခဲကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ကြည့်ရသည်မှာ အင်္ဂလိပ်အက္ခရာ 'T' ပုံစံမျိုးနှင့် အနည်းငယ် တူနေသည်။

လင်းယွမ်က အရိုးစုကြီး၏ ယခုကဲ့သို့ ထူးဆန်းသော ပုံစံကို ကြည့်ရင်း ရုတ်တရက် စိတ်ထဲတွင် လှုပ်ရှားသွား၏။

"ဒီ သတ္တုဓာတ် အရိုးစုကြီးကို အရည်ကြိုလိုက်မယ်ဆိုရင် လက်နက်တစ်ခုအဖြစ် ဖန်တီးလို့ ရနိုင်လောက်တယ်"

လင်းယွမ်က အမူအရာ မပျက်ပေ။ ယခုအချိန်တွင် အရေးကြီးသည်မှာ ထိုအရိုးစုကြီး မဟုတ်ဘဲ အရိုးစုထဲတွင် ပုန်းကွယ်နေသည့် စိတ်စွမ်းအင် အသိစိတ်ပင် ဖြစ်သည်။

သူက ထိုစိတ်စွမ်းအင် အသိစိတ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။ "ခင်ဗျားနာမည်က ကျင်းဖုန်လား"

စောစောက ထိုစိတ်စွမ်းအင် အသိစိတ်က ကျိန်ဆိုချိန်တွင် သူ့ကိုယ်သူ ကျင်းဖုန်ဟု ပြောခဲ့သည်ကို လင်းယွမ်က ရှင်းလင်းစွာ မှတ်မိနေ၏။

ထိုစိတ်စွမ်းအင် အသိစိတ်က ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်"

"ဒါက ခင်ဗျားရဲ့ အလောင်းလား"

"အာ... မဟုတ်ပါဘူး"

စိတ်စွမ်းအင် အသိစိတ်၏ အဖြေက မျှော်လင့်မထားသည့် အရာဖြစ်နေသည်။

လင်းယွမ်က ဒါသည် သူ၏ အလောင်းဖြစ်သောကြောင့် ဖျက်ဆီးခံရမည်ကို ဤမျှလောက် ကြောက်ရွံ့နေခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။

တကယ်တမ်းတွင် သူ၏ အလောင်း မဟုတ်နေသဖြင့် လင်းယွမ် ပို၍ စိတ်ဝင်စားသွားတော့သည်။

"ခင်ဗျားရဲ့ အလောင်းမှ မဟုတ်တာ... ဘာလို့ ဒီလောက်တောင် လန့်နေရတာလဲ"

ထိုစိတ်စွမ်းအင် အသိစိတ်က ပြန်ပြောလိုက်၏။ "ဒီအရိုးစုက ငါရဲ့ အလောင်း မဟုတ်ပေမဲ့ ငါ ဝင်ပူးထားတဲ့ ခန္ဓာကိုယ်လေ... ငါရဲ့ အသိစိတ်က အရိုးစုထဲကို ပေါင်းစပ်ထားပြီးပြီ... တကယ်လို့ အရိုးစုသာ ဖျက်ဆီးခံလိုက်ရရင် ငါရဲ့ ဒီအသိစိတ်ကလည်း ဆက်ရှိနေနိုင်တော့မှာ မဟုတ်ဘူး"

လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စိတ်ထဲတွင် လှုပ်ရှားသွားသည်။

"အသိစိတ်က အရိုးစုထဲမှာ ပေါင်းစပ်ထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"

"ပြောတဲ့အတိုင်းပါပဲ... ဒါက မသေနိုင်တဲ့ နည်းလမ်းတွေထဲက လှည့်ကွက်တစ်ခုပါ"

"ခန္ဓာကိုယ်က အချိန်ရဲ့ တိုက်စားမှုကို မခုခံနိုင်ဘူး... တစ်နေ့ကျရင် ဆွေးမြည့်သွားရမှာပဲ"

"ရွေးချယ်ခံရတဲ့ ငါတို့လို လူတွေက... နောက်ဆုံးအဆင့်ထိ ကျင့်ကြံပြီးတဲ့အခါ ခန္ဓာကိုယ်ကို မသေနိုင်အောင် မလုပ်နိုင်တော့ရင်... စိတ်ဝိညာဉ်ကို မသေနိုင်အောင် လုပ်ဖို့ပဲ ရွေးချယ်စရာ ရှိတော့တယ်"

"ငါတို့ရဲ့ အသိစိတ်တွေကို မရေမတွက်နိုင်အောင် ခွဲခြားပြီး... ငါတို့ရဲ့ ခန္ဓာကိုယ် သွေးကြောတွေထဲကို ပေါင်းစပ်ပြီး... မျိုးဆက်သစ်တွေဆီကို လက်ဆင့်ကမ်းခဲ့ကြတယ်"

"ငါတို့ကနိုးထလာဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာ... ငါ တစ်ကြိမ် အခွင့်အရေး ရခဲ့ဖူးတယ်... နှမြောစရာကောင်းတာက..."

ဆက်ရန်...

All Chapters