အခန်း (၆၉၉-၇၀၀)
Vol. 35 Ch. 699-700
အပိုင်း (၆၉၉) ထိုက်ယန်တောင်၏ ယာဉ်ပျံ
နောက်ရက်များတွင် လင်းယွမ်က ဘယ်ကိုမှ မသွားဘဲ ထိုက်ယန်တောင်ပေါ်၌သာ နေကာ ရန်မေ၏ အနားတွင် အဖော်လုပ်ပေးနေခဲ့သည်။
သို့သော် သူက အားယားနေခြင်းတော့ မဟုတ်ပေ။ ပထမဆုံးအနေဖြင့် လင်းယွီကျွန်းမှ လူများကို နေရာချထားပေးပြီးနောက် သူ၏ လက်ထဲရှိ သတ္တုဓာတ် သွေးသလင်းကျောက်များကို တီထွင်ဖန်တီးရေး ဌာနသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
တီထွင်ဖန်တီးရေး ဌာန၏ မျိုးရိုးဗီဇဖိုကြီးမှတစ်ဆင့် သတ္တုဓာတ် မျိုးရိုးဗီဇမျိုးစေ့ အသစ်တစ်သုတ်ကို သန့်စင်ထုတ်လုပ်နိုင်ခဲ့ပြီး လဲလှယ်ရေးစာရင်းထဲသို့ ထည့်သွင်းလိုက်သည်။
ဤသည်က ထိုက်ယန်တောင်ရှိ သတ္တုဓာတ် အစွမ်းပိုင်ရှင်များအား ဝမ်းသာအားရ အော်ဟစ်သွားစေရန် သဘာဝကျကျပင် ဖန်တီးပေးနိုင်ခဲ့သည်။
တချို့က ဗားရှင်းအသစ် ထွက်လာပြီဖြစ်၍ သတ္တုဓာတ် အစွမ်းပိုင်ရှင်များ ခေါင်းထောင်ထလာတော့မည် ဟူ၍ပင် နောက်ပြောင်ပြောဆိုကြသည်။
လက်ရှိ ထိုက်ယန်တောင်မှ ကိုယ်တိုင် ထုတ်လုပ်နိုင်သော မျိုးရိုးဗီဇမျိုးစေ့များတွင် ရေဓာတ်၊ မြေဓာတ်၊ အမှောင်ဓာတ်၊ စိတ်စွမ်းအင်နှင့် ဟင်းလင်းပြင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့များ ပါဝင်သည်။
ထိုအထဲတွင် အမှောင်ဓာတ်နှင့် ဟင်းလင်းပြင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့များက မဟာဗျူဟာမြောက် ပစ္စည်းများဖြစ်သောကြောင့် ပြင်ပသို့ လဲလှယ်ရာတွင် အလွန် တင်းကျပ်ပြီး ဝယ်ယူသူတိုင်းကို စာရင်းသွင်း မှတ်တမ်းတင်ထားရသည်။
ထိုက်ယန်တောင်မှ လူများ မဟုတ်ပါက ထိုမျိုးရိုးဗီဇမျိုးစေ့ နှစ်မျိုးကို ဝယ်ယူခွင့် မရှိပေ။
အခြား မျိုးရိုးဗီဇမျိုးစေ့များ အတွက်မူ တခြားအဖွဲ့အစည်းများမှ လာရောက်လျှင်ပင် အရောင်းအဝယ် လုပ်၍ ရလေသည်။
ထို့ပြင် သန္ဓေပြောင်း သားရဲများ၏ သွေးအဆီအနှစ်ဖြင့် သန့်စင်ထားသော ရှားပါး မျိုးရိုးဗီဇမျိုးစေ့ တချို့လည်း ရှိသေးရာ အရေအတွက် နည်းပါးလွန်းသဖြင့် ထိုက်ယန်တောင်ရှိ လူများအတွက်ပင် လောက်ငှမှု မရှိပေ။
ဥပမာအားဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင် အမျိုးအစားများ ဖြစ်ကြသည်။
သို့သော် ထိုအမျိုးအစား အစွမ်းပိုင်ရှင် အရေအတွက်ကလည်း မနည်းလှပေ။ ယခုအခါတွင် ၎င်းတို့၏ သွေးအဆီအနှစ်ကို ထုတ်ယူ သန့်စင်နိုင်ရန်အတွက် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သားရဲများကို အကြီးအကျယ် မွေးမြူခြင်းကိုသာ အားထားနေရသည်။
ယခုအခါ လင်းယွင်တောင်စောင်း တစ်ခုလုံးသည် သန္ဓေပြောင်း သားရဲ မွေးမြူရေးခြံကြီး သဖွယ် ဖြစ်နေချေပြီ။
တုံယန် တစ်ယောက်တည်း ထိုနေရာတွင် အထိုင်ချနေရုံသာမက သားရဲထိန်းချုပ်ရာတွင် ကျွမ်းကျင်သော ဟွမ်ဟန် နှင့် ထိုက်ယန်တောင်သို့ ယခုမှ ဝင်ရောက်လာသော ဝမ်လင်းအာ တို့ပါ ထိုနေရာသို့ ပြောင်းရွှေ့ တာဝန်ကျနေကြသည်။
ဤသည်တို့မှာ ထိုက်ယန်တောင် အတွင်းပိုင်းရှိ အပြောင်းအလဲ အသေးအမွှားလေးများသာ ဖြစ်ပြီး လင်းယွမ် ပို၍ အာရုံစိုက်ထားသည်က တီထွင်ဖန်တီးရေး ဌာနဘက်မှ အခြေအနေများပင် ဖြစ်သည်။
မုန်ယာကုမ္ပဏီ၏ သံချပ်ကာ ယာဉ်တန်းကို ဖြုတ်ချလေ့လာပြီးနောက် ထိုက်ယန်တောင် တီထွင်ဖန်တီးရေး ဌာန၏ အစွမ်းနည်းပညာ အဆင့်အတန်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ယနေ့တွင် လင်းယွမ်သည် တီထွင်ဖန်တီးရေး ဌာနသို့ အထူးတလည် ရောက်ရှိလာပြီး လီဟန်ကျုံး တို့၏ ဤကာလအတွင်း တွေ့ရှိချက် အစီရင်ခံစာကို လာရောက် နားထောင်ခြင်း ဖြစ်သည်။
"ဆရာလင်း... ဆရာလင်း မရှိတဲ့ အချိန်တုန်းက ကျွန်တော်တို့က အဲ့ဒီ သံချပ်ကာကားကို အသေးစိတ် ဖြုတ်ချလေ့လာပြီး ကျွန်တော်တို့ရဲ့ သင်္ကေတ နည်းပညာတွေကိုပါ ပေါင်းထည့်ထားခဲ့တယ်"
"အခုဆိုရင် အဲ့ဒီနည်းပညာတွေကို ပေါင်းစပ်ပြီး ယာဉ်ပျံကြီး တစ်စင်း တည်ဆောက်ဖို့ သုတေသန လုပ်နေကြပြီ"
ထိုစကားကို ကြားလိုက်ရသဖြင့် လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။
"ယာဉ်ပျံ..."
"ခင်ဗျားတို့က ယာဉ်ပျံကို တီထွင်နိုင်ခဲ့တာလား"
လီဟန်ကျုံးမှာ သင်္ဘောတည်ဆောက်ရေး ပညာရပ်တွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း ပင်လယ်ထဲတွင် မောင်းနှင်သော သင်္ဘောနှင့် ကောင်းကင်ယံတွင် ပျံသန်းသော ယာဉ်ပျံတို့မှာ တစ်ထပ်တည်း မဟုတ်ပေ။
လီဟန်ကျုံးတို့က ယာဉ်ပျံ တီထွင်ရေးကို သုတေသန လုပ်နေကြလိမ့်မည်ဟု လင်းယွမ် လုံးဝ ထင်မထားခဲ့မိချေ။
သူက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ခင်ဗျားတို့က ဘာဖြစ်လို့ ဒါကို စပြီး သုတေသန လုပ်ဖြစ်သွားတာလဲ"
လီဟန်ကျုံးက ပြန်ဖြေသည်။ "ဒီအကြောင်းကို ကျွန်တော်တို့ သုတေသန လုပ်ချင်နေတာ ကြာပြီ"
"ဒီ ရေဘေးကြီးက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတာလေ... ကောင်းကင်ယံမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာနဲ့ ဒီလောက် များပြားတဲ့ ရေတွေက ဘယ်ကနေ ရောက်လာလဲ ဆိုတာကို ကျွန်တော်တို့ အားလုံး သိချင်နေကြတာ"
"ဒါကြောင့် အားလုံးက ဒီဘက်ကို ဦးတည်ပြီး သုတေသန လုပ်နေခဲ့ကြတာ"
"နောက်ပြီး ဆရာလင်း ပြောခဲ့သလို စစ်တပ်ကလည်း ကောင်းကင်ယံက အခြေအနေတွေကို အမြဲ စုံစမ်းချင်နေခဲ့တာလေ... စစ်တပ်က လူအင်အားနဲ့ ပစ္စည်းအင်အား အမြောက်အမြား သုံးပြီး ယာဉ်ပျံ စီမံကိန်းကို သုတေသန လုပ်နေတယ်လို့ စုံစမ်းရေး ဌာနကနေ သတင်းရထားတယ်"
"မကြာခင်မှာပဲ စမ်းသပ် ပျံသန်းမှုတွေ လုပ်လာနိုင်တယ်... ကျွန်တော်တို့လည်း နောက်ကောက်ကျန်ခဲ့လို့ မဖြစ်ဘူးလေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "စစ်တပ်ကလည်း ကောင်းကင်ယံက ကိစ္စတွေကို အမြဲ သုတေသန လုပ်နေတာ အမှန်ပဲ"
ဤအချက်ကို ပြီးခဲ့သည့် ကာလများအတွင်း ကျွမ်းရှုယွမ် ထံမှ အစီရင်ခံစာများ နားထောင်ရာတွင် သူ အဓိကထား၍ ကြားသိခဲ့ရခြင်း ဖြစ်သည်။
စစ်တပ်၏ နည်းပညာမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု ရရှိနေပြီဖြစ်ကာ မကြာမီ စမ်းသပ် ပျံသန်းရန် ပြင်ဆင်နေပုံ ရသည်။
ယခု အခြေအနေ မည်သို့ ရှိနေမည်ကိုတော့ မသိရပေ။
လင်းယွမ်သည် လူအုပ်ကြီးနှင့်အတူ တီထွင်ဖန်တီးရေး ဌာန၏ သုတေသန နယ်မြေသို့ လိုက်ပါသွားခဲ့သည်။
မူလက လိုဏ်ဂူထဲတွင် ထားရှိသော ဧရာမ သံချပ်ကာကားကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြုတ်ချခံထားရပြီး အောက်ခံအစိတ်အပိုင်း အနည်းငယ်မျှသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။
၎င်း၏ ဘေးတွင်မူ လေယာဉ်ငယ် တစ်စင်းနှင့် တူသော စက်ကိရိယာကြီး တစ်ခုက မြေပြင်ပေါ်တွင် မတ်မတ် ရပ်လျက် ရှိနေ၏။
ထိုလေယာဉ်ငယ်မှာ အလျား ပေ ၄၀ ကျော်ခန့် ရှည်လျားပြီး အမြင့်ပေ ၂၀ ခန့် ရှိသည်။
လင်းယွမ်အတွက်မူ ဤလေယာဉ်က အနည်းငယ် သေးငယ်နေသလို ခံစားရသည်။ သူသာ မျိုးရိုးဗီဇမြေပုံမှတစ်ဆင့် ဧရာမ သားရဲကြီးအဖြစ် အသွင်ပြောင်းလိုက်မည် ဆိုပါက ဤလေယာဉ်များက ကစားစရာ အရုပ်များသဖွယ် ဖြစ်သွားပေလိမ့်မည်။
"ဆရာလင်း... သူက သေးငယ်နေတယ်ဆိုပေမဲ့ စမ်းသပ်တဲ့ အဆင့်ပဲ ရှိသေးတာမို့ ပစ္စည်းတွေ အလဟဿ ဖြစ်သွားမှာ စိုးလို့ လူငါးယောက်စာပဲ ဆံ့အောင် တည်ဆောက်ထားတာပါ"
"ယာဉ်ပျံ တစ်စင်းလုံးရဲ့ အတွင်းပိုင်းကို သစ်သားတွေနဲ့ တည်ဆောက်ထားပြီး... အကာအကွယ် အတွက် ရွှေချပ်ဝတ် သင်္ကေတ ကို အသုံးပြုထားတယ်"
"ဒီသစ်သားတွေက သန္ဓေပြောင်း အပင်တွေကနေ ရတဲ့ သစ်သားတွေပဲ... ပေါ့ပါးပြီး မာကျောတဲ့အပြင် လျှပ်ကာနိုင်စွမ်းလည်း အလွန် မြင့်မားတယ်"
"သူတို့အပေါ်မှာရွှေချပ်ဝတ် သင်္ကေတကို ရေးဆွဲလိုက်တော့... တစ်စီးလုံးရဲ့ ကာကွယ်မှုစွမ်းရည်က အများကြီး ထပ်တက်သွားတယ်"
"သစ်သားတုံးတိုင်းကိုလည်း လက်နက်စက်ရုံဘက်ကနေ အစွမ်းတွေ ထည့်သွင်းပြီး မာကျောအောင် လုပ်ပေးထားတာပါ"
"ကိုယ်ထည်ပိုင်းက ပေါ့ပါးသလို ကာကွယ်နိုင်စွမ်းကလည်း အများကြီး ကောင်းမွန်ပါတယ်"
"အပြင်ဘက် အလွှာကိုတော့ လျှပ်ကာနိုင်တဲ့ အမွေးအတောင်တွေနဲ့ ခင်းကျင်းထားတယ်... အဲ့ဒါက အရင်တုန်းက ဆရာလင်း ဖမ်းလာခဲ့တဲ့ သန္ဓေပြောင်း ငှက်တွေရဲ့ အမွေးတွေပဲ"
"ဒီသန္ဓေပြောင်း ငှက်တွေရဲ့ အမွေးတွေက... လျှပ်ကာနိုင်စွမ်း အလွန် မြင့်မားလို့ မိုးကြိုးတွေတောင် အလွယ်တကူ မဖောက်နိုင်ဘူး"
"ယာဉ်ပျံရဲ့ အပြင်ဘက် အခွံအဖြစ် အသုံးပြုဖို့ အသင့်တော်ဆုံးပါပဲ"
"ယာဉ်ပျံ တစ်စီးလုံးရဲ့ စွမ်းအင် စနစ်ကတော့ အထူးခြားဆုံး အစိတ်အပိုင်းပဲ"
"သံချပ်ကာကားရဲ့ စွမ်းအင် စနစ်ကို ဖြုတ်ချ လေ့လာပြီးနောက်မှာ... ထိုက်ယန်တောင် အတွက် သီးသန့် စွမ်းအင် စနစ်တစ်ခုကို ကျွန်တော်တို့ တီထွင်နိုင်ခဲ့တယ်"
"မူလ သံချပ်ကာကားရဲ့ စွမ်းအင်က ဓာတ်ပေါင်းစုံ ပါဝင်တဲ့ စွမ်းအင်ကျောက်တုံးတွေကို အသုံးပြုထားတာလေ"
"ကျွန်တော်တို့က အဲ့ဒီနည်းလမ်းကိုပဲ အသုံးပြုထားတယ်... အခု ထိုက်ယန်တောင်ရဲ့ စွမ်းအင် စနစ်က ဘယ်လို ဓာတ်ပါဝင်တဲ့ စွမ်းအင်ကျောက်တုံးကိုမဆို အသုံးပြုနိုင်ပြီ... အဲ့ဒီကနေ စွမ်းအင်ကို ထုတ်ယူပြီး ယာဉ်ပျံကို မောင်းနှင်နိုင်မှာပါ"
"ဒီအထဲမှာ စွမ်းအင် ကူးပြောင်းပေးတဲ့ ကိရိယာတွေ ပါဝင်ပြီး ဒါကို ရမ်ကျဲ က တီထွင်ခဲ့တာပါ"
ရမ်ကျဲ က အလျင်အမြန် ရယ်မောကာ ပြောလိုက်သည်။ "ဟာဗျာ... ကျွန်တော်ကလည်း သူများ လုပ်ထားတာကို အတုခိုးထားရုံပါ... သံချပ်ကာကားပေါ်မှာ အသင့်ပါပြီးသားတွေလေ"
လီဟန်ကျုံးက ပြုံးကာ "အသင့်ပါတာတွေက တိုက်ရိုက် ယူသုံးလို့ရတာမှ မဟုတ်တာ... မင်းတို့က သင်္ကေတတွေကို ပြုပြင်မွမ်းမံပြီး သင်္ကေတ အစီအရင်တစ်ခု ဖန်တီးလိုက်လို့သာ ဒီလို အစွမ်းမျိုး ရလာတာပေါ့"
လူတစ်စုသည် ဤယာဉ်ပျံငယ်လေးကို ဝိုင်းရံထားကြပြီး ၎င်းတွင် ပါဝင်သော နည်းပညာ အသီးသီးကို အဆက်မပြတ် ရှင်းပြနေကြသည်။
နည်းပညာတိုင်းလိုလိုတွင် သန္ဓေပြောင်းစွမ်းအင် သင်္ကေတများဖြင့် အားဖြည့်ထားသော နည်းပညာများ ပါဝင်နေသည်။
ဤသည်က လင်းယွမ်ကို အလွန် အံ့အားသင့် ဝမ်းသာသွားစေသည်။ ဤသည်မှာ ထိုက်ယန်တောင်၏ သင်္ကေတ နည်းပညာများက အလွန် ထက်မြက်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သက်သေပြနေခြင်းပင်။
"ဆရာလင်း... အထဲဝင် ကြည့်ပါဦး" ဖုချီပေါ် က ပြုံးလျက် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြုံးပြလိုက်ပြီး "ကောင်းပြီလေ... အထဲဝင် ကြည့်ကြတာပေါ့"
သူက လူများကို ခေါ်ကာ ယာဉ်ပျံ အတွင်းသို့ ဝင်သွားလေသည်။
ယာဉ်ပျံ၏ အတွင်းပိုင်း နေရာလပ်မှာ ထင်ထားသည်ထက် အနည်းငယ် ပို၍ ကျဉ်းကျပ်နေသည်။
နားနေခန်းမှလွဲ၍ ကျန်နေရာမှာ ထိန်းချုပ်ခန်းသာ ဖြစ်သည်။
ထိန်းချုပ်ခန်းတွင် ဗဟိုထိန်းချုပ် မျက်နှာပြင်တစ်ခုကို တပ်ဆင်ထားပြီး ဘေးပတ်လည်တွင် စက်ခလုတ်များစွာ ရှိနေသည်။ ကြမ်းတမ်းပြီး ရိုးရှင်းလှသော်လည်း တမူထူးခြားသော နည်းပညာအရသာ တစ်မျိုးကို ခံစားရစေသည်။
ဘေးနားရှိ ဖုချီပေါ် က "ဆရာလင်း... ဒီနေရာကတော့ ဗဟိုထိန်းချုပ်ခန်းပါ... ဒီဗဟိုထိန်းချုပ်ခန်းကနေ ယာဉ်ပျံ တစ်စီးလုံးရဲ့ အကာအကွယ် စနစ်တွေ၊ တိုက်ခိုက်ရေး စနစ်တွေ အပါအဝင် စနစ်အားလုံးကို ထိန်းချုပ်လို့ ရပါတယ်" ဟု ရှင်းပြလေသည်။
"အကာအကွယ် စနစ်အတွက် ကျွန်တော်တို့က ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု အနေနဲ့ စိန်ကိုယ်ထည် သင်္ကေတ အစီအရင်ကို အသုံးပြုထားတဲ့အပြင် အပြင်ဘက်မှာလည်း လိပ်ခွံစွမ်းအင်အကာအကွယ် အစီအရင်ကို စွမ်းအင် ဒိုင်းကာအဖြစ် သုံးထားတယ်... ဒါက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုသာမက စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်"
"ယာဉ်ပျံ တစ်စီးလုံးရဲ့ တိုက်ခိုက်ရေး စနစ်ကိုတော့ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ကျည်ဆန်တွေ... ပေါက်ကွဲသင်္ကေတ တွေလိုမျိုး လက်နက်ကိရိယာ အမျိုးစုံနဲ့ တပ်ဆင်ထားပါတယ်"
"ဒါ့အပြင် ယာဉ်ပျံ အတွင်းပိုင်းမှာ အရေးပေါ် အသက်ကယ် အခန်းလည်း ပါဝင်ပါတယ်... ဒါပေမဲ့ နေရာ အကန့်အသတ် ရှိတဲ့အတွက် အသက်ကယ် အခန်းမှာ လူနှစ်ယောက်စာ နေရာပဲ ပါပါတယ်... လူနှစ်ယောက်ကိုတော့ အမြင့်ကြီးကနေ ဘေးကင်းကင်း ပြုတ်ကျနိုင်အောင် အာမခံနိုင်ပါတယ်"
တီထွင်ဖန်တီးရေး ဌာနမှ လူများ၏ ရှင်းပြချက်ကို နားထောင်ရင်း ဤယာဉ်ပျံ၏ နည်းပညာ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း လင်းယွမ် ပို၍ ခံစားလာရသည်။
သို့သော် သူက ဝမ်းသာသည့် အမူအရာ မပြဘဲ မျက်မှောင်ကိုသာ တင်းကျပ်စွာ ကြုတ်ထားမိသည်။
ဘေးနားရှိ ရှန်ယွင်ရှီး မှာ လင်းယွမ်၏ မျက်နှာအမူအရာကို အမြဲ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
သူ့မျက်နှာပေါ်မှ ဤကဲ့သို့သော အမူအရာကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် သံသယ ဝင်သွားရသည်။
ထို့ကြောင့် သူမက မနေနိုင်ဘဲ "ကိုလင်းယွမ်... ကိုလင်းယွမ် သဘောမကျတဲ့ နေရာများ ရှိနေလို့လားဟင်" ဟု လှမ်းမေးလိုက်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "မင်းတို့ တည်ဆောက်ထားတဲ့ ဒီယာဉ်ပျံက အရမ်း ကောင်းပါတယ်... ငါ သဘောကျတယ်... နောက်တဆင့်က စမ်းသပ်ဖို့ပဲ လိုတော့တာ"
"ဒါဆို ဘာလို့ မျက်မှောင်ကြီး ကြုတ်ထားရတာလဲဟင်" ဟု ရှန်ယွင်ရှီး က မနေနိုင်ဘဲ မေးလိုက်သည်။
အခြားသူများလည်း နားမလည်နိုင်စွာဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။
လင်းယွမ်က သူ့ကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး "ငါ တွေးနေတာက... မုန်ယာကုမ္ပဏီ ဆိုတဲ့ အဖွဲ့က သံချပ်ကာကား တစ်စီးတည်းနဲ့တင် ငါတို့ကို ဒီလောက်များပြားတဲ့ အကြံဉာဏ်တွေ၊ သင်္ကေတ နည်းပညာ အတွေးအခေါ်တွေ အများကြီး ပေးစွမ်းနိုင်ခဲ့တယ် ဆိုတဲ့ အချက်ပဲ"
"မင်းတို့ စဉ်းစားကြည့်လေ... မုန်ယာကုမ္ပဏီက သင်္ကေတ နည်းပညာ အသုံးချမှုမှာ ဘယ်လောက်တောင် အစွမ်းထက်နေမလဲ ဆိုတာကို"
"ငါတို့ကတောင် သံချပ်ကာကားပေါ်က နည်းပညာကို အသုံးချပြီး မိုးကြိုးတိမ်တိုက်တွေကို ဖြတ်သန်းနိုင်မယ့် ယာဉ်ပျံကို တီထွင်နိုင်ခဲ့ပြီဆိုရင်... မုန်ယာကုမ္ပဏီကရော ဒီလိုယာဉ်ပျံမျိုးကို တီထွင်ပြီးနေလောက်ပြီ မဟုတ်ဘူးလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
ဤအချက်ကို သူတို့ အမှန်တကယ်ပင် စဉ်းစားမိခဲ့ခြင်း မရှိပေ။
သူတို့အားလုံးမှာ သုတေသန ပညာရှင်များ ဖြစ်ကြပြီး သုတေသန လုပ်ငန်းအပေါ်၌သာ အာရုံစိုက်ထားကြသဖြင့် ဤကဲ့သို့ တွေးတောနိုင်မည် မဟုတ်ချေ။
လီဟန်ကျုံးက အတန်ကြာ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "ဆရာလင်း သံသယဖြစ်တာ မမှားဘူး... ငါတို့ ဖြုတ်ချထားတဲ့ သံချပ်ကာကားပေါ်က နည်းပညာကို ကြည့်ရင် မုန်ယာကုမ္ပဏီရဲ့ သင်္ကေတ နည်းပညာ အဆင့်အတန်းက တကယ်ကို မြင့်မားလွန်းတယ်"
"ဒီနည်းပညာ အဆင့်အတန်းက ကွမ်ဖူ စစ်တပ်ထက်တောင် အများကြီး သာလွန်နေသေးတယ်"
"သူတို့က မိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွင်းနိုင်မယ့် ယာဉ်ပျံကို အမှန်တကယ် တီထွင်ပြီးနေလောက်ပြီ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကြည့်ရတာ ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးမှု ခရီးလမ်းက အရှည်ကြီး သွားရဦးမယ့်ပုံပဲ"
"ဒါတွေ ထားလိုက်ပါတော့... စမ်းသပ်မှုကို ခင်ဗျားတို့ ဘယ်အချိန် လုပ်ချင်ကြလဲ"
လီဟန်ကျုံးတို့ လူစုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လီဟန်ကျုံးက ပြန်ဖြေလိုက်သည်။ "သေချာပေါက် အမြန်ဆုံး လုပ်နိုင်လေ ကောင်းလေပေါ့"
"ဒါပေမဲ့ ကောင်းကင်ပေါ် တက်မယ့် လူကိုတော့ သေချာ ရွေးချယ်ရလိမ့်မယ်"
"ကျွန်တော်တို့လည်း ယာဉ်ပျံက မိုးကြိုးတိမ်တိုက်တွေထဲက မိုးကြိုးပစ်ခတ်တဲ့ ဒဏ်ကို ခံနိုင်ရည် ရှိမရှိ သေချာ မသိသေးဘူးလေ... စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့လည်း လက်တွေ့ အခြေအနေကို သွားကြည့်မှပဲ သိရမှာ"
"ဒီတာဝန်ကို ယူချင်တဲ့သူ သိပ်ရှိမယ် မထင်ဘူး"
အားလုံး ဝိုင်းဝန်း ဆွေးနွေးလိုက်ကြသည်။ ယာဉ်ပျံ၏ ကာကွယ်မှု စွမ်းရည်ကို အတည်မပြုနိုင်သေးသဖြင့် ဘေးကင်းကင်း ပြန်လာနိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။
ထို့ကြောင့် မောင်းနှင်သူ၏ လုံခြုံရေးကို အာမခံနိုင်ရန် အလွန် ခက်ခဲလှသည်။
ဤအချိန်တွင် လင်းယွမ်လည်း မျက်မှောင်ကြုတ်သွားမိသည်။ ဤလူရွေးချယ်မှု ကိစ္စကို အတင်းအကျပ် ဖိအားပေး၍ ရမည် မဟုတ်ချေ။
မိမိသဘောဆန္ဒ အလျောက်သာ ဖြစ်ရပေမည်။
ဤအခိုက်အတန့်တွင် လင်းယွမ်မှာ ဝိညာဉ်ကပ်ပါး အစွမ်းနှင့် ကိုယ်ပွား ဖန်တီးနိုင်သည့် အစွမ်းပိုင်ရှင်များကို အားကျသွားမိသည်။
အနည်းငယ် စဉ်းစားပြီးနောက် လင်းယွမ်က ပြောလိုက်သည်။ "ဈေးဝယ်စင်တာ ဘက်မှာ ဒီမစ်ရှင်ကို ကြေညာလိုက်ပါ... ကိုယ့်သဘောနဲ့ကိုယ် တာဝန်ယူချင်တဲ့သူ ရှိမရှိ အရင် စောင့်ကြည့်ရအောင်"
"ပြီးတော့ ခင်ဗျားတို့ဘက်ကလည်း အလိုအလျောက် မောင်းနှင်နိုင်တဲ့ နည်းပညာကို တီထွင်နိုင်မလား ဆိုတာကို စမ်းသပ်ကြည့်ကြဦး"
လင်းယွမ်အတွက် အနည်းငယ် နှမြောစရာ ကောင်းနေသည်မှာ သူ၏ ရုပ်သေးကြိုးမျှင် အစွမ်းက သက်ရှိများကို အဝေးမှနေ၍ မထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။
သို့မဟုတ်ပါက သူ၏ ဤအစွမ်းဖြင့် လူအနည်းငယ်ကို ကောင်းကင်ပေါ်သို့ ထိန်းချုပ် စေလွှတ်လိုက်ရန် အလွန် လွယ်ကူပေလိမ့်မည်။
လီဟန်ကျုံးက ဝင်ပြောသည်။ "ဆုကြေးများများ ပေးရင် သတ္တိရှိတဲ့သူတွေ ပေါ်လာမှာပါ... ဆရာလင်း... ဆရာလင်း အရမ်း စိတ်ပူနေစရာ မလိုပါဘူး"
ယခုအချိန်သည် ကမ္ဘာပျက်ကပ် ကာလဖြစ်ရာ အသက်ဆက်ရှင်သန်ရန် ခက်ခဲနေသူများ အလွန် များပြားလှသည်။
ဆွဲဆောင်မှုရှိသော အကျိုးအမြတ်သာ ရှိနေမည် ဆိုပါက အသက်ကိုရင်း၍ ကြိုးစားကြည့်မည့်သူ သေချာပေါက် ရှိလာပေလိမ့်မည်။
ဆက်ရန်...
အပိုင်း(၇၀ဝ) စမ်းသပ်ပျံသန်းရေး မစ်ရှင်
"ဆရာလင်း... အခုဒီယာဉ်ပျံက နာမည်မပေးရသေးဘူး... ဆရာလင်းပဲ နာမည်တစ်ခုလောက် ပေးလိုက်ပါ" လီဟန်ကျုံးက ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်က သူ့ရှေ့ရှိ ယာဉ်ပျံကို ကြည့်ကာ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ထိုက်ယန်တောင် အမှတ်(၁) လို့ပဲ ခေါ်လိုက်ပါ"
"ဒီတစ်ကြိမ် စမ်းသပ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင်... နောက်ပိုင်းမှာ ဒီထက်ပိုကြီးပြီး ပိုလုံခြုံတဲ့ ယာဉ်ပျံတွေကို သေချာပေါက် ဆက်လက် ပုံဖော်ဖန်တီးနိုင်မှာပါ"
"ထိုက်ယန်တောင် အမည်နဲ့ အစဉ်လိုက်တွေ ဆက်ထုတ်သွားလို့ ရပါတယ်"
လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြုံးရွှင်ကာ "ရိုးပြီး ရှင်းလင်းတယ်... ဒီနာမည်က အရမ်းကောင်းတာပဲ" ဟု ဆိုသည်။
ဖုချီပေါ်၊ ရမ်ကျဲနှင့် အခြားသူများကလည်း တစ်ပြိုင်နက်တည်း လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။
နောက်တစ်နေ့နံနက်စောစောတွင် အဆောက်အအုံပထမထပ်ရှိ စားသောက်ဆောင်ဘက်မှ မစ်ရှင်ကြေညာသင်ပုန်းပေါ်၌ ပထမဆုံးအစီအစဉ်တွင် ရှိနေသော မစ်ရှင်တစ်ခုက ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
မစ်ရှင်အမည် - ယာဉ်ပျံ စမ်းသပ်မောင်းနှင်သူ
မစ်ရှင် သတ်မှတ်ချက် - အသက်(၁၈)နှစ်အထက် ဖြစ်ရမည်... အထက်တန်းအဆင့်အထက် ပညာအရည်အချင်း ရှိရမည်...
မစ်ရှင်အကြောင်းအရာ - သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ပူးပေါင်း၍ 'ထိုက်ယန်တောင် အမှတ်(၁)' ယာဉ်ပျံကို စမ်းသပ်မောင်းနှင်ရန်... မိုးကြိုးမုန်တိုင်းတိမ်တိုက်အတွင်းသို့ ဝင်ရောက် စူးစမ်းရန်...
မစ်ရှင် အခက်အခဲအဆင့် - ကြယ်၅ပွင့်
မစ်ရှင် ဆုကြေး - ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် (၃)စောင်... သီးသန့် မျိုးရိုးဗီဇမျိုးစေ့ (၃)စေ့... အမှတ် (၃၀ဝဝဝ)...
"ဟိုက်... သေးစမ်း... အစ်ကိုလီ... မြန်မြန်လာကြည့်... ဒီနေ့ မစ်ရှင်ကြေညာသင်ပုန်းကို မြန်မြန်လာကြည့်စမ်း... မစ်ရှင်ကြီးတစ်ခု ရှိနေတယ်ဟ"
"ဘာမစ်ရှင်မို့လို့လဲ... ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"
"သုတေသနဌာနက ထုတ်ပြန်ထားတဲ့ မစ်ရှင်လေ... မစ်ရှင်ဆုကြေးက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ်တဲ့... ပြီးတော့ သီးသန့် မျိုးရိုးဗီဇမျိုးစေ့လည်း ပါသေးတယ်... အမှတ်က (၃၀ဝဝဝ) တောင်တဲ့... တခြား ပစ္စည်းတွေလည်း အများကြီးပဲ... သေချင်သေစမ်းပါစေ... ဒီမစ်ရှင်ကိုသာ ပြီးမြောက်အောင် လုပ်နိုင်ရင် ဘဝတစ်သက်စာ အေးဆေး ထိုင်စားလို့ ရသွားပြီဟ"
"ငါကြည့်မယ်... ငါကြည့်မယ်... ဘုရားရေ... တကယ်ကြီးပဲဟ"
"ယာဉ်ပျံ... ငါတို့ ထိုက်ယန်တောင်မှာတောင် ယာဉ်ပျံ ရှိနေပြီလား"
"ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် နေထိုင်ခွင့်လက်မှတ်... အဲဒါက ဘာအသုံးဝင်လို့လဲ... ငါ့မိသားစုတွေက အခုတောင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲမှာ နေနေကြတာပဲ"
"မင်းက တုံးများတုံးနေလား... မင်းက ကံကောင်းပြီး ထိုက်ယန်တောင်ကို အစောဆုံး ဝင်ရောက်လာတဲ့အဖွဲ့ထဲကမို့လို့ မိသားစုကို ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲ ဝင်ခွင့်ရတာလေ... အပြင်ဘက် ရေခဲပြင်ပေါ်မှာ ကြည့်လိုက်ဦး... နောက်မှ ရောက်လာတဲ့သူတွေ ဘယ်လောက်တောင် များလဲ... ထိုက်ယန်တောင်မှာတောင် သူတို့နေဖို့ နေရာမှမရှိတာ"
"ဒါဆို ဒီတစ်ကြိမ် မစ်ရှင်က ငါတို့အတွက်တင် ရည်ရွယ်တာ မဟုတ်ဘဲ အပြင်ကလူတွေကိုပါ အခွင့်အရေး ပေးလိုက်တာပေါ့"
"ဒါပေါ့... ငါထင်တာတော့ အပြင်ဘက်ကို သွားပြီး ကြေညာပေးမယ့် အဖွဲ့တွေတောင် ရှိလောက်ပြီ"
"မင်းတို့က နေထိုင်ခွင့်လက်မှတ်ကိုပဲ ကြည့်မနေကြနဲ့ဦး... အနောက်က ဆုကြေးတွေကိုလည်း ကြည့်ကြပါဦး... သီးသန့် မျိုးရိုးဗီဇမျိုးစေ့ (၃)စေ့တောင်ကွ"
"ကျစ်... သီးသန့် မျိုးရိုးဗီဇမျိုးစေ့... အဲဒါက ဘာအဓိပ္ပာယ်လဲ"
"အဓိပ္ပာယ်ကတော့ မင်းရဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇမျိုးစေ့ကို သီးသန့် ဖန်တီးပေးမယ်လို့ ဆိုလိုတာပေါ့"
"ဟား... မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကိုတင် အမှတ် (၃၀ဝဝဝ) လောက် တန်နေပြီမလား... သုတေသနဌာနဘက်မှာလည်း အဲဒီဈေးပဲလေ"
"အဓိကက သီးသန့်ဖန်တီးပေးတာကွ... မင်းတို့ တန်ဖိုးကို နားမလည်ကြဘူးလား... သုတေသနဌာနဘက်မှာ စိတ်စွမ်းအင် အရည်အသွေး... ရေဓာတ် အရည်အသွေးနဲ့ မြေဓာတ် အရည်အသွေးဆိုတဲ့ မျိုးရိုးဗီဇမျိုးစေ့ သုံးမျိုးကိုပဲ အပြင်ကို ရောင်းချပေးနေတာ... အမှောင်ဓာတ် အရည်အသွေးနဲ့ ဟင်းလင်းပြင် အရည်အသွေးကိုတော့ အပြင်ကို လုံးဝ မရောင်းပေးဘူး"
"ငါလို မီးဓာတ် အစွမ်းပိုင်ရှင်မျိုးက မျိုးရိုးဗီဇမျိုးစေ့ ရှာချင်ရင်တောင် ရှာလို့မရဘူး... ဒီမစ်ရှင်ကိုသာ လက်ခံလိုက်ရင် ငါ့ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကို ရနိုင်မှာပဲ"
"အဓိကက (၃)စေ့တောင်ကွ... တစ်စေ့တည်း မဟုတ်ဘူး... အမှတ်နဲ့ တွက်ကြည့်မယ်ဆိုရင် အမှတ် (၉၀ဝဝဝ) တောင် ဖြစ်သွားပြီ"
"မင်းတို့ အနောက်ကို ဆက်ကြည့်ကြဦး... အလုပ်ခအဖြစ် အမှတ် (၃၀ဝဝဝ) လည်း ပါသေးတယ်"
"ဟား... သုတေသနဌာနကတော့ ဒီတစ်ခါ တကယ်ကို အကြီးကြီးလုပ်နေပြီ"
"ဒါပေမဲ့ ဒီလောက်များပြားတဲ့ ဆုကြေးတွေ ပေးထားတာဆိုတော့ ဒီမစ်ရှင်ကပြီးမြောက်ဖို့ သေချာပေါက် လွယ်ကူမှာ မဟုတ်ဘူး"
"ယာဉ်ပျံ စမ်းသပ်မောင်းနှင်တာ... ဒါက ဘယ်ကို ပျံသန်းရမှာလဲ"
"ယာဉ်ပျံသာ ပျက်ကျသွားရင် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးမလား"
"မသိဘူးလေ... မစ်ရှင်အကြောင်းအရာကလည်း သေချာ ရှင်းပြမထားဘူး"
"ငါတို့ သုတေသနဌာနဘက်ကို သွားကြည့်လိုက်ရင် သိရမှာပေါ့"
ချက်ချင်းပင် ကြေညာသင်ပုန်းရှေ့၌ ဆူညံပွက်လောရိုက်သွားပြီး ကြေညာချက်ကို ကြည့်ရှုပြီးနောက် အမှန်တကယ် အခြေအနေကို သိရှိရန် သုတေသနဌာနဘက်သို့ အလျင်စလို ထွက်သွားသူ အများအပြား ရှိလေသည်။
တစ်ချိန်တည်းမှာပင် ဤမစ်ရှင်ကြေညာချက် သတင်းသည် ထိုက်ယန်တောင် အပြင်ဘက်ရှိ နေရာများဆီသို့လည်း အဆက်မပြတ် ပျံ့နှံ့သွားခဲ့သည်။
မိုင်ထောင်ချီ ဝေးကွာသော နေရာများမှနေ၍ အကာအကွယ်ရယူရန် ထိုက်ယန်တောင်သို့ လာရောက်ကြသော ဒုက္ခသည်များစွာမှာ ဤသတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားသွားကြသည်။
အခြားဆုကြေးများနှင့် ယှဉ်လျှင် နေထိုင်ခွင့်လက်မှတ်၏ ဆွဲဆောင်မှုက သူတို့အတွက် အကြီးမားဆုံးပင် ဖြစ်ပေသည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်အကြောင်းကို သူတို့ ကြားဖူးထားသည်မှာ ကြာပြီဖြစ်သည်။ ၎င်းသည် သီးခြားဖြစ်တည်နေသော ဟင်းလင်းပြင် ရေပေါ်ကျွန်း တစ်ခုဖြစ်သည်။
ရေကြီးခြင်း၊ နှင်းမုန်တိုင်းတိုက်ခြင်းစသည့် အနှောင့်အယှက်များ မရှိသည့်အပြင် ထိုနေရာရှိ အားကောင်းသော သန္ဓေပြောင်း သတ္တဝါများကိုလည်း စောစောစီးစီးကတည်းက ထိန်းချုပ်ထားပြီး ဖြစ်သည်။
ယခုအခါတွင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်တစ်ခုလုံးက ထိုက်ယန်တောင်၏ အနောက်ဘက် ဥယျာဉ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာသည် ယခုရေလွှမ်းမိုးနေသော ကမ္ဘာကြီး၏ သန့်စင်သောမြေ ဖြစ်ကြောင်းကို လူတိုင်း သိရှိထားကြသည်။ ထိုနေရာတွင် နေထိုင်ရပါက ယခုလက်ရှိ အလွန်ဆိုးရွားနေသော အခြေအနေမှ အပြီးတိုင် လွတ်မြောက်သွားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် လူအများအပြားက ထိုက်ယန်တောင်ဆီသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး စမ်းသပ်မောင်းနှင်သူအဖြစ် စာရင်းသွင်းချင်နေကြသည်။
ထိုက်ယန်တောင်နှင့် တစ်မိုင်ခန့် ကွာဝေးသော ရေခဲပြင်ပေါ်တွင် တဲအလုံးရာနှင့်ချီ၍ ထိုးထားသည်။
ရွှီဟွမ်က ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲ၍ အပြင်ဘက်မှ ပြန်လာခဲ့သည်။
သို့သော် အိမ်တံခါးပေါက်သို့ မဝင်ရသေးမီ သူ၏တဲအပြင်ဘက်တွင် အဝတ်အစား စုတ်ပြတ်သတ်နေသော အဘိုးအိုအချို့ ဝိုင်းအုံနေသည်ကို သူ မြင်လိုက်ရသည်။
တဲအတွင်းမှ ညီမဖြစ်သူ၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ဖယ်ကြ... ရှင်တို့ ဖယ်ကြစမ်း"
"ဒါက ကျွန်မတို့အိမ်က ငါးတွေ... ဒါက ကျွန်မအစ်ကို အခက်အခဲခံပြီး ဖမ်းလာခဲ့ရတဲ့ ငါးတွေ... ဟီးဟီးဟီး... ရှင်တို့ ထွက်သွားကြစမ်း"
ရွှီဟွမ်၏ မျက်လုံးများက ချက်ချင်း နီရဲသွားပြီး လက်ထဲရှိ အရိုးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အားလုံး ထွက်သွားကြစမ်း"
"ရွှပ်"
သူက ရုတ်တရက် ကိုယ်ကိုယိမ်းလိုက်ပြီး အဘိုးအိုတစ်ဦး၏ အနောက်သို့ တိုက်ရိုက် ပြေးဝင်သွားကာ လက်ထဲရှိ အရိုးဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ချက်ချင်းပင် အဘိုးအို၏ လည်ပင်းမှ အရေပြားများ စုတ်ပြတ်ကာ အသားများ ဟက်တက်ကွဲသွားပြီး စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
ဘေးနားရှိ အဘိုးအိုအချို့မှာ ချက်ချင်း လန့်ဖြန့်သွားပြီး အလျင်အမြန် လူစုခွဲကာ ပြေးကြတော့သည်။
လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "လူသတ်နေတယ်... လူသတ်နေတယ်ဟေ့"
"ရွှီဟွမ်... မင်းတော့ သွားပြီ... မင်းတော့ ပြီးပြီပဲ... ထိုက်ယန်တောင် ကင်းလှည့်တပ်ဖွဲ့က အစောကြီးကတည်းက ပြောထားတယ်... ငါတို့တွေ ဒီနေရာမှာ စုဝေးနေလို့ ရတယ်... ဒါပေမဲ့ လူသတ်ပြီး ထိုက်ယန်တောင်ရဲ့ စည်းမျဉ်းကို ဖောက်ဖျက်တဲ့သူ ဘယ်သူမဆို နှင်ထုတ်ခံရမယ်တဲ့"
"လာကြပါဦး... လူသတ်နေပါတယ်"
အဘိုးအိုအချို့က ဆူညံစွာ အော်ဟစ်နေကြသော်လည်း ရွှီဟွမ်မှာ ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မျက်လုံးများ နီရဲလျက် အရူးတစ်ယောက်လို အရိုးဓားကို ကိုင်ကာ သူတို့နောက်သို့ လိုက်လေသည်။
ထိုအဘိုးအိုများမှာ ကြောက်လန့်တကြားဖြင့် အလျင်အမြန် ထွက်ပြေးကြတော့သည်။
ရွှီဟွမ်က ပေပေါင်းများစွာ အကွာအဝေးအထိ ဆက်တိုက် လိုက်သွားခဲ့သော်လည်း နောက်ဆုံးတွင် တဲအတွင်းမှ ညီမဖြစ်သူ၏ ခေါ်သံကြောင့် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။
"အစ်ကို... အစ်ကို... ပြန်လာခဲ့... အစ်ကို မြန်မြန် ပြန်လာခဲ့... အမေက ပြန်လာခဲ့လို့ ပြောနေတယ်"
ရွှီဟွမ်က လက်ထဲရှိ အရိုးဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ထွက်ပြေးသွားသော ကျောပြင်များဆီသို့ နာကြည်းစွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထို့နောက် တဲရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ညီမဖြစ်သူက တဲတံခါးဝတွင် ဖြူဖျော့ဖျော့ရပ်နေသည်ကို တွေ့လိုက်ရပြီး အနီးအနားတွင် ပွဲကြည့်နေသူ အများအပြား ရှိသော်လည်း မည်သူကမျှ ဝင်ရောက် ကူညီပေးခြင်း မရှိပေ။
သို့သော် လူအချို့ကမူ သူ စောစောက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သန္ဓေပြောင်း ငါးများကိုပင် လုယူနေကြသေးသည်။
သူ ချက်ချင်း ဒေါသထွက်သွားပြီး အလျင်အမြန် ပြေးဝင်လာကာ လက်ထဲရှိ ဓားကို ရုတ်တရက် မြှောက်လိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အောက်ချထားလိုက်စမ်း"
သူ၏ အရိုးဓားပေါ်တွင် ရုတ်တရက် နီရဲသော မီးတောက်များ တောက်လောင်လာခဲ့သည်။
"ဝုန်း"
သူ ဓားကို ခုတ်ချလိုက်သည်နှင့်အမျှ ထိုမီးတောက်များက အဟုန်ပြင်းစွာဖြင့် ပန်းထွက်လာပြီး ဆယ်ပေခန့် ကြီးမားသော မီးတောက်ဓားသွားတစ်ခုကို ဖန်တီးလိုက်လေသည်။
ဤမျှ အစွမ်းထက်သော မီးတောက်ဓားကွက်ကြောင့် ထိုလူများမှာ ချက်ချင်း လန့်သွားကြပြီး အလျင်အမြန် နောက်ဆုတ်ကာ ယိုင်နဲ့နဲ့ဖြင့် ရှောင်တိမ်းကြတော့သည်။
ရွှီဟွမ်က မောဟိုက်စွာ အသက်ရှူရင်း ချက်ချင်း ပြေးဝင်သွားကာ သူ၏ သန္ဓေပြောင်း ငါးများကို ပြန်လုယူလိုက်သည်။
သူက ဒေါသတကြီး မျက်လုံးပြူးကာ ထိုလူများကို စိုက်ကြည့်နေလေသည်။
ထိုလူများက ဤမြင်ကွင်းကို မြင်သောအခါ အားလုံးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရန် ရွေးချယ်လိုက်ကြသည်။
"ဟက်ဟက်... မီးဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်က မျိုးရိုးဗီဇမျိုးစေ့မှ မရှိတာ... ဒီတစ်ဘဝလုံး အဆင့်တက်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး"
"ဒီကောင်လေးရဲ့ အကြည့်က လူကိုများ စားတော့မလားပဲ"
"မီးဓာတ် အစွမ်းပိုင်ရှင်လေး တစ်ယောက်ဖြစ်တာများ ဘာတွေ မာနထောင်လွှားနေစရာ ရှိလို့လဲ"
ပတ်ဝန်းကျင်မှ ခနဲ့တဲ့တဲ့ လှောင်ပြောင်သံများ ထွက်ပေါ်လာသည်နှင့်အမျှ ရွှီဟွမ်၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
သူသည် မီးဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သော်လည်း မျိုးရိုးဗီဇမျိုးစေ့ မရှိသောကြောင့် မျိုးရိုးဗီဇမျိုးစေ့အဆင့်သို့ မတက်နိုင်ဘဲ အမှတ် (၅၀) တွင်သာ တစ်ဝဲလည်လည် ဖြစ်နေခဲ့သည်။
အမှန်တကယ်တော့ အဓိက အရည်အသွေး အမှတ် (၅၀) ဆိုသည်မှာ အရင်ကဆိုလျှင် အားနည်းသည်ဟု မဆိုနိုင်ပေ။
သို့သော် ရေလွှမ်းမိုးမှု ကပ်ဘေးကြီး ဖြစ်ပေါ်လာသည်မှာ နှစ်နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ရာ အဓိက အရည်အသွေး အမှတ် (၅၀) ရှိသော သူများမှာ နည်းပါးလှသည် မဟုတ်ပေ။
အမှန်တကယ် အားနည်းသူများမှာ သေဆုံးကုန်ကြပြီ ဖြစ်သည်။
သာမန်လူများဆိုလျှင် ရှားပါးသတ္တဝါများသဖွယ် ဖြစ်လာပြီး သာမန်လူများကို တွေ့ရခဲလှပေသည်။
ရွှီဟွမ်က တောတောင်ဘက်မှ လာခဲ့ခြင်းဖြစ်သည်။ အစက ထွက်လာစဉ်က သူ၏ မိဘများနှင့် ညီမဖြစ်သူပါ အတူပါလာခဲ့ပြီး လမ်းတစ်လျှောက် အစားအစာများ ရှာဖွေကာ ခိုလှုံရေးစခန်းကို လိုက်ရှာခဲ့ကြသည်။
ထိုကာလအတွင်း သူတို့သည် အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။
ဖခင်ဖြစ်သူမှာလည်း မကြာသေးမီကပင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ဆုံးတွင် လမ်းပေါ်၌ပင် လဲကျသေဆုံးသွားခဲ့ရသည်။
မိခင်ဖြစ်သူမှာလည်း စိတ်ပင်လယ် ထိခိုက်သွားခဲ့ပြီး နေ့စဉ် သတိလစ်နေချိန်က သတိရနေချိန်ထက် ပိုမိုများပြားနေခဲ့သည်။
ညီမဖြစ်သူသည် ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သော်လည်း မိခင်ဖြစ်သူ၏ ဒဏ်ရာများကို အနိုင်နိုင် ထိန်းထားပေးရုံသာ တတ်နိုင်ခဲ့သည်။
သူ လမ်းတစ်လျှောက် စုံစမ်းလာခဲ့ရာ ထိုက်ယန်တောင်ဘက်တွင် ကြီးမားသော ခိုလှုံရေးစခန်း တစ်ခုရှိကြောင်း သိရသဖြင့် မိခင်ဖြစ်သူကို ကုသပေးနိုင်မည့် နည်းလမ်း ရှာဖွေရန် တကူးတက လာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုက်ယန်တောင်တွင် ဤမျှလောက် လူများနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ ထိုက်ယန်တောင်အတွင်းသို့ ဝင်ရောက်ကာ အကူအညီ တောင်းခံလိုပါက လုံလောက်သော အမှတ်များ ရှိရန် လိုအပ်လှသည်။
ထို့ကြောင့် သူတို့မိသားစုသည် ထိုက်ယန်တောင် အနီးတွင် နေထိုင်ခဲ့ကြပြီး သူက ငါးဖမ်းကွင်းတွင် ငါးဖမ်းကာ အမှတ်များ စုဆောင်းနေခဲ့သည်။
သို့သော် ဤအနီးတစ်ဝိုက်တွင် ထိုက်ယန်တောင်မှ ကင်းလှည့်တပ်ဖွဲ့က စည်းမျဉ်းများကို ထိန်းသိမ်းပေးထားသော်လည်း အတင်းအဓမ္မ လုယူမှုများကတော့ ဖြစ်ပေါ်နေဆဲပင်။
လူသေဆုံးမှု မရှိသရွေ့ ထိုက်ယန်တောင် ကင်းလှည့်တပ်ဖွဲ့သည် အပြင်ဘက် ရေခဲပြင်ပေါ်ရှိ ဒုက္ခသည်များ၏ ဘဝများတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုက်ယန်တောင် အပြင်ဘက် ရေခဲပြင်ပေါ်တွင် စခန်းချနေကြသော ဒုက္ခသည်များမှာ အမှန်တကယ်တော့ အခြေအနေ မကောင်းလှပေ။
သူတို့သည် အမှန်တကယ်အားဖြင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများ မဟုတ်သောကြောင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အကာအကွယ်ကို မရရှိကြပေ။
ထိုသူတို့သည် ထိုက်ယန်တောင်သို့ ဝင်ရောက်လိုပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်အတွက် လုံလောက်သော စွမ်းဆောင်မှုများ ပြုလုပ်ရန် လိုအပ်ပေသည်။
ဤသည်မှာလည်း ထိုက်ယန်တောင်၏ မူဝါဒများထဲမှ တစ်ခုဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ဤလူများကို အလွယ်တကူ ဝင်ရောက်ခွင့် ပြုလိုက်ပါက ယခင်က ထိုက်ယန်တောင်သို့ ဝင်ရောက်ခဲ့သူများအတွက် မတရားသလို ဖြစ်သွားပေလိမ့်မည်။
ဤလူများ ထိုက်ယန်တောင်သို့ ဝင်ရောက်လိုပါက အမှတ်များ စုဆောင်းရန် လိုအပ်ပြီး လုံလောက်သော အမှတ်များ ရှိကာ ထိုက်ယန်တောင်တွင် အိမ်ရာ ဝယ်ယူနိုင်မှသာ ထိုက်ယန်တောင်၏ ဒေသခံအဖြစ် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
ရွှီဟွမ်က ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ စိတ်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။
သူ နေ့စဉ်ဖမ်းရသော ငါးများကို ထိုက်ယန်တောင်ဘက်တွင် စားစရာအချို့နှင့် လဲလှယ်လိုက်ရသဖြင့် အမှတ်မည်မျှမှ မစုဆောင်းနိုင်ပေ။
ထိုက်ယန်တောင်၏ အိမ်ရာကို ဝယ်ယူပြီး ညီမဖြစ်သူနှင့် မိခင်ဖြစ်သူတို့ကို ထိုက်ယန်တောင်တွင် နေထိုင်စေရန်ဆိုသည်မှာ အမှန်တကယ်ပင် ဝေးကွာလွန်းလှသည်။
ယနေ့ ဖြစ်ပေါ်ခဲ့သော ဤအခြေအနေမျိုးက ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
ဤတစ်ကြိမ်တွင် သူ တကူးတက စောစော ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက အိမ်တွင် မည်သို့ ဖြစ်သွားမည်ကို သူ မသိနိုင်တော့ချေ။
"အစ်ကို... အစ်ကို... မြန်မြန် ပြန်လာခဲ့"
ရွှီဟွမ်က ညီမဖြစ်သူ၏ ခေါ်သံကို ကြားသောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ကာ မြေပြင်ပေါ်ရှိ ငါးများကို ကောက်ယူ၍ တဲအတွင်းသို့ လှည့်ပြန်လာခဲ့သည်။
တဲအတွင်း၌ ရိုးရှင်းသောအကြမ်းခံ ခုတင်ငယ်လေး တစ်လုံးရှိပြီး ထိုအပေါ်တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်။
အမျိုးသမီး၏ မျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး စိတ်အားငယ်နေပုံရသည်။ ရွှီဟွမ်နှင့် ရွှီလဲ့တို့ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ "သားလေး... အမေ အသုံးမကျဘူး... သားတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင်လုပ်မိပြီ"
ရွှီဟွမ်က ချက်ချင်း ခေါင်းခါလိုက်ပြီး မျက်ရည်များ ဝဲလာကာ "အမေရာ... အဲဒီလို မပြောပါနဲ့... နည်းလမ်း ရှိပါတယ်... ကျွန်တော် စုံစမ်းပြီးပြီ... ထိုက်ယန်တောင်မှာ စိတ်စွမ်းအင် ပြန်လည်ကောင်းမွန်စေတဲ့ ဆေးရည်တွေ ရှိတယ်တဲ့... အမေသာ အဲဒီဆေးရည်ကို သောက်နိုင်ရင် သေချာပေါက် ပြန်ကောင်းလာမှာပါ"
အမျိုးသမီးက ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။ "အဲ့ဒီဆေးတွေက ဈေးအရမ်းကြီးပါတယ် သားရယ်... စုဆောင်းထားတဲ့ အမှတ်တွေနဲ့ ခိုလှုံရေးစခန်းထဲမှာ နေနိုင်အောင် အရင်လုပ်ရမယ်... ဒါမှ သားနဲ့ သမီးလေး ပိုပြီး ကောင်းကောင်း ရှင်သန်နိုင်မှာ"
"သမီးလေးက ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်လေ... သူက တည်ငြိမ်ပြီး စည်းကမ်းရှိတဲ့ အဖွဲ့အစည်းတစ်ခုမှာ ရှိနေမှ သူ့ရဲ့ အစွမ်းတွေကို အသုံးချနိုင်မှာ"
"သားရဲ့ အစွမ်းကလည်း မျိုးရိုးဗီဇမျိုးစေ့ လိုအပ်နေတာမို့လို့ ဆက်ပြီး အဆင့်တက်ဖို့ ခက်ခဲတယ်... အမေ့အတွက် အမှတ်တွေကို အလဟဿ ထပ်မဖြုန်းတီးပါနဲ့တော့"
ရွှီဟွမ်က ခေါင်းခါလိုက်ပြီး ဘေးနားရှိ ရွှီလဲ့ကလည်း ငိုကြွေးရင်း ပြောလာသည်။ "အမေ... မဟုတ်ပါဘူး... သမီးတို့ အခုလည်း အမှတ်တွေ ရှာနိုင်နေတာပဲ... သမီးက အဲဒီ အစွမ်းပိုင်ရှင်တွေကို ကုသပေးပြီးတော့လည်း အမှတ်တွေ ရနိုင်ပါတယ်"
"အမေ... ဘာမှ စိတ်မပူပါနဲ့... အားလုံး ကျွန်တော် တာဝန်ယူပါတယ်" ဟု ရွှီဟွမ်ကလည်း ပြောလိုက်သည်။
အမျိုးသမီးက ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက် အိပ်ချင်စိတ်များ ဝင်ရောက်လာပြီး စိတ်စွမ်းအင် ကျဆင်းသွားကာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများ မှိတ်ကျသွားပြီး အိပ်မောကျသွားလေတော့သည်။
ရွှီဟွမ်က အလျင်အမြန် နာမည်အကြိမ်ကြိမ် ခေါ်လိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ရသည်။
သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး "ညီမလေး... အစ်ကို ဒီငါးတွေကို သွားရောင်းလိုက်ဦးမယ်... တစ်ကောင်တော့ ချန်ထားခဲ့မယ်... အစ်ကိုတို့ ချက်စားကြတာပေါ့" ဟု ပြောလိုက်သည်။
ရွှီလဲ့က ငိုကြွေးရင်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှသာ ရွှီဟွမ်သည် သန္ဓေပြောင်း ငါးတစ်ခြင်းကို ဆွဲကာ ထိုက်ယန်တောင်ဘက်သို့ ထွက်လာခဲ့သည်။
မကြာမီပင် လူအချို့က သုတေသနဌာန၏ မစ်ရှင်အကြောင်း ပြောဆိုနေကြသည်ကို သူ ကြားလိုက်ရသည်။
အစက သူ သိပ်ဂရုမစိုက်ခဲ့သော်လည်း တစ်ယောက်ယောက်က မစ်ရှင်ဆုကြေးအကြောင်း ပြောရာတွင် နေထိုင်ခွင့်လက်မှတ် ပါဝင်နေသည်ကို ကြားလိုက်ရသောအခါ။
သူ ရုတ်တရက် ရပ်တန့်သွားပြီး ထိုလူစုကို ချက်ချင်း ကြည့်လိုက်သည်။
"ခင်ဗျားတို့ ဘာပြောလိုက်တာလဲ... ဘာမစ်ရှင်လဲ... မစ်ရှင်ဆုကြေးက နေထိုင်ခွင့်လက်မှတ် ရမယ်ဆိုတာလား"
သူ အလျင်အမြန် အနားသို့ ချဉ်းကပ်သွားကာ အခြေအနေကို မေးမြန်းလိုက်သည်။
စကားပြောနေကြသော ထိုလူအချို့က သူ့ကို မြင်သောအခါ အဝေးသို့ နှင်ထုတ်ခြင်း မပြုခဲ့ပေ။
လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် "ကောင်လေး... မင်း မသိသေးဘူးလား... ဒီနေ့ မနက်စောစောပဲ ထိုက်ယန်တောင်ဘက်က သတင်းတစ်ခု ထွက်လာတယ်... ထိုက်ယန်တောင် သုတေသနဌာနက မစ်ရှင်တစ်ခု ထုတ်ပြန်လိုက်တယ်... ယာဉ်ပျံ စမ်းသပ်မောင်းနှင်မယ့်သူ ရှာနေတာတဲ့... ဒီတစ်ခေါက် ဆုကြေးက အရမ်းကို များတာပဲကွ"
"နေထိုင်ခွင့်လက်မှတ် ပေးရုံတင် မကဘူး... သီးသန့် မျိုးရိုးဗီဇမျိုးစေ့ကိုလည်း ပေးသေးတယ်... ပြီးတော့ အမှတ် (၃၀ဝဝဝ) နဲ့ တခြား ပစ္စည်းတွေလည်း ပါသေးတယ်"
"အခုဆိုရင် လူအများကြီးက အရူးတွေလိုပဲ ထိုက်ယန်တောင် သုတေသနဌာနဘက်ကို အလုပ်လျှောက်ဖို့ လူတွေ့စစ်ဆေးခံဖို့ သွားနေကြပြီ"
ဤစကားကို ကြားသောအခါ ရွှီဟွမ်မှာ ရုတ်တရက် မျက်လုံးပြူးသွားပြီး သူ၏ မျက်လုံးများထဲတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။
နေထိုင်ခွင့်လက်မှတ်၊ သီးသန့် မျိုးရိုးဗီဇမျိုးစေ့... ဤ... ဤအရာများ အားလုံးက သူ အလွန်အမင်း လိုအပ်နေသော အရာများပင် ဖြစ်နေသည်မဟုတ်လား။
သူ အလျင်အမြန် မေးလိုက်သည်။ "မစ်ရှင်က ဘယ်မှာလဲ... ခင်ဗျားတို့ ဘယ်မှာ တွေ့ခဲ့တာလဲ... သတင်းက တိကျရဲ့လား"
"ဟာ... ရေပေါ်တံတားဆိပ်ကမ်းဘက်မှာ ချိတ်ထားတာလေကွာ... ငါးဖမ်းကွင်းတိုင်းရဲ့ အဲဒီဘက်မှာ ကြေညာချက်တွေ ရှိတယ်... သွားကြည့်လိုက်ရင် သိရမှာပေါ့"
ရွှီဟွမ်သည် ဘာမှ ထပ်မပြောတော့ဘဲ ငါးဖမ်းကွင်းဘက်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
ဆက်ရန်...
(နောက်တစ်အုပ်မှာတော့... ထိုက်ယန်တောင်ရဲ့ယာဉ်ပျံစမ်းသတ်ပျံသမ်းမှု အောင်မြင်ပါ့မလား၊ သူတို့တိမ်တွေအထက်ကို တက်နိုင်ကြမလား၊ ရန်မေရဲ့ကိုယ်ထဲက ရေခဲနတ်ဘုရားမရဲ့ စိတ်ဝိဉာဉ်ကရော ဘာဆက်ဖြစ်မလဲ၊ အဲ့ဒီရေခဲနတ်ဘုရားမကရော ဘာတွေကြံစီဦးမလဲ၊ ရန်မေအဆင့်တက်ရင် တကယ်ပဲ သူ့စိတ်ဝိဉာဉ်ကိုဖျက်စီးနိုင်မှာလား၊ လင်းယွမ်ရဲ့ခလေးကရော မွေးတော့မှာလား၊ မုန်ယာကုမ္ပဏီဆိုတာက တကယ်တမ်းဘယ်လိုအဖွဲ့အစည်းမျိုးလဲ၊ တိမ်တွေအထက်မှာ နတ်ဘုံနတ်နန်းလိုကမ္ဘာကြီးက ဘယ်တုန်းကတည်းက ရှိနေတာလဲ၊ ဘာလို့မုန်ယာအဖွဲ့အစည်းကအရမ်းတိုးတက်နေတာလဲ၊ နည်းပညာတွေကို သူတို့ဘယ်ကနေရထားတာလဲ၊ ဒီရေကပ်ဘေးကြီးရဲ့လျှို့ဝှက်ချက်ကရောဘာလဲ စတာတွေကိုဆက်ပြီးစောင့်မျှော်အားပေးကြပါဦးနော်။)