← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 35 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 35 Ch. 695-696

အပိုင်း(၆၉၅) ထာဝရရှင်သန်ခြင်း၏ လျှို့ဝှက်ချက်

"ထာဝရအသက်ရှင်နိုင်တဲ့ နည်းလမ်းဆိုတာ တကယ်တော့ ဘာကြီးလဲ"

လင်းယွမ်က တစ်ဖက်လူကို မေးလိုက်၏။

သို့သော် ကျင်းဖုန်းက "သက်ရှိတွေရဲ့ အဆင့်အတန်းက နောက်တစ်ဆင့်ကို ကူးပြောင်းသွားတဲ့အခါ... မင်းရဲ့ စိတ်ဝိဉာဉ်က မင်းရဲ့ မျိုးဆက်သွေးထဲမှာ ကိန်းအောင်းသွားပြီး နောက်မျိုးဆက်တွေရဲ့ သွေးထဲကို လက်ဆင့်ကမ်း ပေးနိုင်တယ်"

"နောက်တစ်ကြိမ် ရေဘေးကြီးကျရောက်ပြီး စွမ်းအင်တွေ ပြန်လည်နိုးထလာတဲ့အခါ... မင်းရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ အဲ့ဒီ သတ္တဝါတွေက နိုးထလာပြီး ကျင့်ကြံကြလိမ့်မယ်... သူတို့က မင်းရဲ့ မျိုးဆက်သွေးတွေကို တက်တက်ကြွကြွ နိုးဆွပေးတဲ့အခါ မင်းရဲ့ စိတ်ဝိဉာဉ်က သူတို့ခန္ဓာကိုယ်ဆီမှာ ပြန်နိုးထလာနိုင်တယ်"

"မင်းရဲ့ စိတ်ဝိဉာဉ်ကို နိုးထစေမယ့် မျိုးဆက်သွေးဆက်ခံသူ တစ်ယောက် ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက်... မင်းက သူ့ရဲ့ ခန္ဓာကိုယ်ကို လုယူပြီး ဒုတိယဘဝကို ပြန်လည်ရှင်သန်နိုင်ပြီပဲ"

"ဒီနည်းလမ်းက ရက်စက်ပေမယ့် မင်းကို တကယ်ပဲ ပြန်လည်မွေးဖွားစေနိုင်ပြီး... အချိန်ရဲ့ တိုက်စားမှုကနေ လွတ်မြောက်စေနိုင်တယ်"

လင်းယွမ်က ကျင်းဖုန်း၏ စကားကို ကြားသောအခါ ရင်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားသည်။

"မျိုးဆက်သွေးဆက်ခံခြင်း..."

သူ အတွေးနယ်ချဲ့သွားပြီး သူ့ရှေ့မှ ဤကျင်းဖုန်းမှာ ခေတ်သစ်လူသား မဟုတ်သည်က သိသာထင်ရှားနေ၏။

သူပြောသည့် မျိုးဆက်သွေးဆိုသည်မှာ တကယ်တမ်း တိတိကျကျ ပြောရလျှင် မျိုးရိုးဗီဇသာ ဖြစ်သင့်သည်။

မျိုးရိုးဗီဇကို လက်ဆင့်ကမ်းနိုင်ပြီး နောက်မျိုးဆက်များထံသို့ မျိုးရိုးလိုက်နိုင်သည်။

အကယ်၍ သူတို့က သူတို့၏ စိတ်ဝိဉာဉ်ကို မျိုးရိုးဗီဇထဲသို့ အမှန်တကယ် ထည့်သွင်းနိုင်မည်ဆိုပါက ထိုသို့လုပ်ခြင်းဖြင့် နောက်မျိုးဆက်များထံသို့ အမှန်တကယ် လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။

ရေဘေးကပ်ဆိုးကြီး မကျရောက်မီအချိန်တွင် သန္ဓေပြောင်းစွမ်းအင်က မထင်ရှားသဖြင့် သူတို့၏ စိတ်ဝိဉာဉ်များက အိပ်မောကျနေဆဲ ဖြစ်သည်။

ရေဘေးကပ်ဆိုးကြီး ကျရောက်လာသည်နှင့် တစ်ပြိုင်နက် သန္ဓေပြောင်းစွမ်းအင်များ ပြန်လည်နိုးထလာသည်။

သက်ရှိများက ကိုယ်တိုင် ဆင့်ကဲပြောင်းလဲလာပြီး ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ အမျိုးမျိုးကို နိုးကြားလာစေလိမ့်မည်။

ထို့ကြောင့် ဤမျိုးရိုးဗီဇများကို နိုးကြားလာစေသည့် တစ်ချိန်တည်းမှာပင် ကျင်းဖုန်းနှင့် အခြားသော ရှေးခေတ်မှ အစွမ်းပိုင်ရှင်များ၏ စိတ်ဝိညာဉ်အသိများလည်း နိုးကြားလာပေလိမ့်မည်။

ထိုမှတစ်ဆင့် လင်းယွမ်က ရန်မေကို သတိရသွားသည်။

ထိုစဉ်က ရန်မေ အစွမ်းနိုးထလာချိန်၌ နှင်းရေခဲ နတ်ဘုရားမ၏ စိတ်ဝိညာဉ်အသိက ရုတ်တရက် ပေါ်ထွက်လာခဲ့ဖူးသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က သူ ကိုယ်တိုင် ရှိနေခဲ့ပြီး ထိုစိတ်ဝိဉာဉ်ကို အထူးနည်းလမ်းဖြင့် ဖိနှိပ်ထားနိုင်ခဲ့သည်။

"နေပါဦး"

"နှင်းရေခဲ နတ်ဘုရားမ... လင်ယွီရုံ"

လင်းယွမ်က ထိတ်လန့်သွားပြီး ထိုနှစ်ခုကြားမှ ဆက်စပ်မှုကို ရုတ်တရက် သတိရသွားသည်။

ယခင်က သူသည် ထာဝရရှင်သန်ခြင်း နည်းလမ်းဆိုသည်မှာ မျိုးရိုးဗီဇကို လက်ဆင့်ကမ်းခြင်းဖြင့် ဖော်ဆောင်ရမည်မှန်း မသိခဲ့ပေ။

ထို့ကြောင့် သူသည် ထိုနှစ်ခုကြား၌ ဆက်စပ်မှု ရှိနေလိမ့်မည်ဟု မတွေးမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ကျင်းဖုန်း ပြောပြသော ရှေးခေတ် အစွမ်းပိုင်ရှင်များ၏ ထာဝရရှင်သန်ခြင်း နည်းလမ်းအကြောင်းကို ကြားလိုက်ရသောအခါ သူ ရုတ်တရက် သတိဝင်သွားသည်။

"လင်ယွီရုံဆိုတာ နှင်းရေခဲ နတ်ဘုရားမ များလား"

လင်ယွီရုံက သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က အံ့သြဒေါသထွက်စွာဖြင့် အော်ဟစ်မေးမြန်းခဲ့သည်ကို သူ ရုတ်တရက် ပြန်အမှတ်ရသွားသည်။

ထိုအချိန်က လင်းယွမ်သည် သူနှင့် တစ်ဖက်လူမှာ တစ်ခါမှ မတွေ့ဖူးဘဲလျက် တစ်ဖက်လူက 'မင်းကိုး' ဟူသော စကားကို မည်သို့မည်ပုံ ပြောထွက်လာသနည်းဟု သံသယဖြစ်ခဲ့မိသည်။

ယခု သေချာ စဉ်းစားကြည့်ရာ လင်ယွီရုံသည် နှင်းရေခဲ နတ်ဘုရားမ ဖြစ်ရန် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်သည်။

သူမ၏ ထာဝရရှင်သန်ခြင်း နည်းလမ်းဆိုသည်မှာ ကျင်းဖုန်း ပြောသကဲ့သို့ပင် မျိုးရိုးဗီဇ လက်ဆင့်ကမ်းခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ခြင်း ဖြစ်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် အမမေက သူမ၏ မျိုးရိုးဗီဇကို နိုးထစေခဲ့ရုံသာမက သူမ၏ စိတ်ဝိဉာဉ်ကိုပါ မတော်တဆ နိုးကြားလာစေခဲ့ခြင်းသာ ဖြစ်သည်။

ကံကောင်းစွာဖြင့် အမမေမှာ ကိုယ်ဝန်ရှိနေသဖြင့် မကြာသေးမီက ကျင့်ကြံခြင်းကို ရပ်နားထားခဲ့ရသည်... ဆက်လက်ကျင့်ကြံသွားမည်ဆိုပါက လင်ယွီရုံ၏ မျိုးရိုးဗီဇ စိတ်ဝိဉာဉ်ကို ပိုမို အားကောင်းလာစေမည်လားဆိုသည်ကိုမူ မသိရသေးပေ။

ဤသို့ တွေးမိသောအခါ လင်းယွမ်က ကျင်းဖုန်းကို ချက်ချင်း ကြည့်ကာ မေးလိုက်သည် "ဒါဆို နောက်မျိုးဆက်တွေက ခွက်တစ်ခွက်လို ဖြစ်မသွားဘူးလား... သူတို့မှာ ပြန်ခုခံမယ့် နည်းလမ်း မရှိဘူးလား"

ကျင်းဖုန်း၏ အသံ ထွက်ပေါ်လာပြီး သက်ပြင်းချကာ ဆိုသည် "ဘယ်လိုလုပ် နည်းလမ်း မရှိဘဲ နေပါ့မလဲ... တကယ်တော့ ဒီထာဝရရှင်သန်ခြင်း နည်းလမ်းမှာ အားနည်းချက်တွေ အများကြီး ရှိပါတယ်"

"ပထမဆုံးကတော့ ခန္ဓာကိုယ်ကို လုယူနိုင်တဲ့ အောင်မြင်မှုနှုန်း ပြဿနာပဲ"

"ငါတို့ရဲ့ စိတ်ဝိဉာဉ်တွေက မျိုးဆက်သွေးကတစ်ဆင့် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းထားပြီး စွမ်းအင်တွေ ပြန်လည်နိုးထလာတာနဲ့ ငါတို့ နိုးထလာနိုင်တယ်လို့ ထင်ရပေမယ့်"

"ခွက်တစ်ခွက်အဖြစ် ခံယူထားရတဲ့ နောက်မျိုးဆက်ရဲ့ စိတ်ဝိညာဉ်အသိက... လုံလောက်တဲ့ အားကောင်းမှုရှိပြီး စွမ်းရည်ကလည်း လုံလောက်အောင် ပြင်းထန်နေမယ်ဆိုရင်... တကယ်တော့ မျိုးဆက်သွေးထဲမှာ ရှိနေတဲ့ ငါတို့ရဲ့ စိတ်ဝိဉာဉ်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်း ရှိတယ်"

"ဒါပေမဲ့ ဒါကလည်း ပြဿနာ မရှိဘူး... ငါတို့ရဲ့ စိတ်ဝိဉာဉ်က မျိုးဆက်သွေးထဲမှာ ရှိနေတော့... မျိုးဆက်သွေးတွေက ပြန့်နှံ့သွားနိုင်ပြီး ကွဲပြားတဲ့ နောက်မျိုးဆက်တွေဆီကို အဆက်မပြတ် လက်ဆင့်ကမ်းသွားနိုင်တယ်"

"ဒီတစ်ယောက် မရရင်လည်း နောက်တစ်ယောက် ရနိုင်တာပဲလေ"

"ငါတို့က မရေမတွက်နိုင်တဲ့ နောက်မျိုးဆက်တွေထဲကနေ... ငါတို့ရဲ့ စိတ်ဝိဉာဉ်ကို နိုးထစေနိုင်မယ့်သူ တစ်ယောက်ကို ရှာတွေ့ရင်ကို အောင်မြင်ပြီပဲ"

"ငါတို့ အောင်မြင်စွာ နိုးထလာတာနဲ့ တစ်ပြိုင်နက်... သူတို့ဆီကနေ အရင်က ခွဲထွက်သွားတဲ့ စိတ်ဝိဉာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ရင်... ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က အလိုလို လျင်လျင်မြန်မြန် တိုးတက်လာမှာပဲ"

လင်းယွမ်၏ မျက်နှာက အုံ့မှိုင်းသွားသည်... ဤအချိန် ဤအခါတွင်မူ သူသည် ထိုထာဝရရှင်သန်ခြင်း နည်းလမ်း၏ သဘောတရားကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်ယွီရုံက သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ကိုလည်း သူ နားလည်သွားသည်။

သူ့ကို မှတ်မိနေလျက်နှင့်တောင် မသိဟန်ဆောင်နေခဲ့သေးသည်။

သူ့ကို ဖိတ်ခေါ်ပြီး ယခင်က ရန်သူကို ရင်ဆိုင်ခိုင်းသည်မှာ အတုသာဖြစ်ပြီး သူ့ကို လုပ်ကြံကာ ရန်မေကို လုယူချင်သည်ကသာ အစစ်အမှန် ဖြစ်ပေလိမ့်မည်။

ရန်မေကို လုယူမည့်အကြောင်း တွေးမိသောအခါ လင်းယွမ် ထိတ်လန့်သွားသည်။

"ဒုက္ခပဲ... ငါ ထိုက်ယန်တောင်ကနေ ထွက်လာတာ ဒီလောက်ကြာနေပြီ... လင်ယွီရုံသာ သိသွားရင် သူမက ထိုက်ယန်တောင်ကို သွားပြီး အမမေကို ခိုးကြောင်ခိုးဝှက် ဖမ်းခေါ်သွားမှာများလား"

ဤသို့ တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်းပင် မထိုင်နိုင်တော့ပေ။

သူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ကျင်းဖုန်း၏ အရိုးစုကို ဆွဲယူကာ နှလုံးခန်း ရှိရာဘက်သို့ အလျင်အမြန် ပြေးသွားလိုက်သည်။

ကျင်းဖုန်းမှာ အကြောင်းအရင်းကို နားမလည်သော်လည်း ပြန်မခုခံရဲပေ။

လင်းယွမ်က အပြေးအလွှား သွားရင်းနှင့် မေးလိုက်သည် "ခင်ဗျား ပြောတဲ့ ဒီအရိုးစုက ခင်ဗျားဟာ မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ"

ကျင်းဖုန်းက ကမန်းကတန်း ပြန်ဖြေသည် "ငါက ရှေးခေတ်မှာ ကျက်စားခဲ့တာလေ... ရေဘေးကြီးက ကမ္ဘာကို ဖျက်ဆီးပြီးတဲ့နောက်မှာ ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ထာဝရရှင်သန်ခြင်း နည်းလမ်းကို သုံးပြီး အချိန်အခါကောင်းကို စောင့်ဖို့ ဝင်စားခြင်းကို ရွေးချယ်ခဲ့ရတာ"

"နောက်ပိုင်း လူသားမျိုးနွယ်မှာ ယောင်နဲ့ ရွှန်းလို အစွမ်းပိုင်ရှင်တွေက လူသားတွေကို ဦးဆောင်ပြီး ကြီးပွားတိုးတက်လာခဲ့တယ်... တကယ်ဆိုရင် ငါက ဒီဘဝမှာ နိုးထနိုင်ရမှာ... ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်က အရမ်းတော်တဲ့ကောင် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး"

"သူက ရွေးချယ်ခံရသူအဖြစ် နိုးထလာပြီးတဲ့နောက်မှာ ရေအောက်က လူ့ခန္ဓာကိုယ် မြွေအမြီးနဲ့ ဧရာမ မိစ္ဆာကြီးအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တယ်... သူက ငါ့ရဲ့ စိတ်ဝိဉာဉ်ကို မျိုးရိုးဗီဇ အနက်ရှိုင်းဆုံးနေရာမှာ ချိတ်ပိတ်ထားပြီး ငါ့ကိုလည်း မသတ်ဘဲ အဲ့ဒီထဲမှာ ဒီတိုင်း ပိတ်လှောင်ထားခဲ့တာ"

"ငါ သူ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိပါတယ်... သူက ငါ့ရဲ့ ဒီစိတ်ဝိဉာဉ်လေးကို အသုံးချပြီး နိုးထလာတဲ့ ငါ့ရဲ့ တခြား နောက်မျိုးဆက်တွေကို သူ့ဆီလာအောင် သွေးဆောင်ချင်နေတာလေ"

"ငါကတော့ ဘယ်အလိမ်ခံမှာလဲ... ဒါကြောင့် ငါ့ကိုယ်ငါ ပြန်ချိတ်ပိတ်ပြီး အိပ်မောကျပစ်လိုက်တယ်"

"ဒါပေမဲ့ ပြန်နိုးလာတဲ့အချိန်မှာ အခုလို အချိန်မျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

လင်းယွမ် အံ့အားသင့်သွားသည်... ကျင်းဖုန်းက လွယ်လွယ်ကူကူ ပြောနေသော်လည်း ဖြတ်သန်းလာခဲ့သည့် အချိန်ကာလမှာ သာမန်ရှည်လျားသည် မဟုတ်ပေ။

ရှေးခေတ်မှ ယနေ့အထိ နှစ်ပေါင်း ငါးထောင် သမိုင်းကြောင်းကိုပင် သူ ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည် "ဒီအရိုးစုပိုင်ရှင်က ဘယ်သူလဲ... နာမည် ဘယ်လိုခေါ်လဲ"

"ယင်ယွိ"

လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သမိုင်းဝင် ဒဏ္ဍာရီများကို ပြန်လည် စဉ်းစားကြည့်ရာ ထိုကဲ့သို့သော လူမျိုးအကြောင်းကို ကြားဖူးဟန် မတူပေ။

လင်းယွမ်က ထပ်မေးလိုက်သည် "သူက ဘယ်ခေတ်မှာ ရှိခဲ့တာလဲ"

"အင်း... ရှန်မင်းဆက်ခေတ်မှာ ဖြစ်မယ် ထင်တယ်... ငါ အဲ့ဒီအချိန်က နိုးလာတော့ အကျိုးအကြောင်း သိပ်မသိလိုက်ရခင်မှာပဲ သူ သိသွားတာ"

"ရှန်လို့ခေါ်တဲ့ မင်းဆက် တစ်ခု ဖြစ်ဖို့များတယ်... ငါလည်း သိပ်မမှတ်မိတော့ဘူး"

လင်းယွမ်၏ ရင်ထဲ၌ လှုပ်ခတ်သွားသည်... ရှန်မင်းဆက်... ယင် မျိုးရိုး။

ကိုက်ညီသွားပြီ ထင်သည်။

သို့သော် ဤအရိုးစုသည် ယင်ရှန်မင်းဆက်မှ ဖြစ်နေလိမ့်မည်ဟု လင်းယွမ် မည်သို့မျှ တွေးမထားခဲ့ပေ... ဤမင်းဆက်သည် သမိုင်းမှတ်တမ်းများတွင်ပင် ရှားရှားပါးပါး မှတ်တမ်းတင်ထားပြီး စာပေအမျိုးမျိုးတွင် စကားလုံး အနည်းငယ်ခန့်သာ ပျံ့နှံ့မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ရှေးဟောင်းသုတေသန ပညာရှင်များက ကြေးခေတ် လက်နက်အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုခေတ်မှ ဖြစ်မည်ဟု ခန့်မှန်းထားကြသည်။

အထူးသဖြင့် နာမည်ကြီး ဆန်းရှင်သွေ့ရှေးဟောင်းသုတေသန နယ်မြေသည် နာမည်ကြီး ရှန်ကျိုး ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ဟန်တူသည်။

လင်းယွမ်က ကပ်ဘေးမတိုင်မီက သူ သတင်းတစ်ခု ဖတ်ဖူးခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

ဆန်းရှင်သွေ့တွင် ကြီးမားသည့် တွေ့ရှိမှုအသစ်တစ်ခု ရှိနေပြီး ရှေးဟောင်းသုတေသန ပညာရှင်များက 'ခေါင်းပေါ်တွင် ကြေးခွက်တင်ထားသည့် မြွေကိုယ်ထည် လူရုပ်တု' တစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

လင်းယွမ်က သူ့လက်ထဲရှိ လူ့ခန္ဓာကိုယ် မြွေအမြီးနှင့် ဤအရိုးစုကို မနေနိုင်ဘဲ ထပ်ကြည့်လိုက်မိရာ ထိုခေတ်နှင့် အနည်းငယ် တူညီနေသယောင် ရှိသည်။

"ရှေးခေတ် ယဇ်ပုရောဟိတ်တွေ ကျောက်တိုင်စိုက်ပြီး ရုပ်တုထုတာက... အခြေအမြစ်မရှိဘဲ ဖန်တီးထားတာ မဖြစ်နိုင်ဘူး"

"အဲ့ဒီခေတ်က အချိန်အများစုမှာ ကိုယ့်ရဲ့ ယုံကြည်ကိုးကွယ်တဲ့ အမှတ်အသားတွေအပေါ် မူတည်ပြီး ရုပ်တုတွေကို ပြုလုပ်လေ့ ရှိကြတယ်"

"ရှန်ကျိုးခေတ်မှာ လူ့ခေါင်း မြွေကိုယ်ထည်နဲ့ ယဇ်ပုရောဟိတ် ရုပ်တုတွေ ပေါ်လာတယ်ဆိုတော့ အဲ့ဒီအချိန်က ဒီလိုအရာတွေ တကယ် ရှိနိုင်တယ်ဆိုတာ တွေးကြည့်လို့ ရတယ်"

ရှန်မင်းဆက်ခေတ်က အစွမ်းပိုင်ရှင်များသည် လူအများရှေ့တွင် လှုပ်ရှားနေဆဲ ဖြစ်သောကြောင့် ထိုရုပ်တုများ ပေါ်ပေါက်လာခြင်းများလားဟု လင်းယွမ်က သံသယဝင်သွားသည်။

သို့သော် ဤအရာများသည် အလွန် ဝေးကွာနေပြီ ဖြစ်သဖြင့် အတည်ပြုစရာ အကြောင်းမရှိတော့ပေ။

ဤသည်က လင်းယွမ် ဂရုစိုက်ရမည့် ကိစ္စလည်း မဟုတ်တော့ပေ။

ယခုအချိန်တွင် သူသည် အပြေးအလွှားဖြင့် နှလုံးခန်းရှိရာဘက်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

လူအများက သိမ်းဆည်း၍ ပြီးသလောက်နီးပါး ဖြစ်နေပြီး နှလုံးခန်းထဲတွင် ရွှေရောင်သွေးသလင်းကျောက် အနည်းငယ်သာ ကျန်တော့သည်။

လင်းယွမ်က လူအများကို အလျင်စလို ပြောလိုက်သည် "အားလုံး မြန်မြန် လုပ်ကြ... ငါ အရေးတကြီး သွားစရာ ကိစ္စ ရှိတယ်"

လူအားလုံးက ထိုစကားကို ကြားသောအခါ သယ်ယူပို့ဆောင်ရေး အမြန်နှုန်းကို ကမန်းကတန်း မြှင့်တင်လိုက်ကြသည်။

ကျန်းဇီယန်က လျှောက်လာပြီး မေးလိုက်သည် "ဘာ ဖြစ်လို့လဲ"

လင်းယွမ်၏ မျက်နှာအမူအရာက လေးနက်သွားပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည် "ထိုက်ယန်တောင်ဘက်မှာ ကိစ္စ နည်းနည်း ရှိလို့"

ကျန်းဇီယန်က သူ အများကြီး မပြောသည်ကို မြင်သောအခါ ကိစ္စက အနည်းငယ် လျှို့ဝှက်ချက် ရှိနေမည်ကို သိလိုက်သဖြင့် အခြေအနေကို နားလည်စွာဖြင့် ဆက်မမေးတော့ဘဲ ခေါင်းလှည့်ကာ လူအများကို မြန်မြန်လုပ်ရန် အလျင်စလို တိုက်တွန်းလိုက်သည်။

ထိုအချိန်တွင် လင်းယွမ်က ကျင်းဖုန်းကို ထပ်မေးလိုက်သည် "ကျင်းဖုန်း... ခင်ဗျား လင်ယွီရုံအကြောင်း ကြားဖူးလား"

"လင်ယွီရုံ"

ကျင်းဖုန်းက ကြောင်သွားပြီးနောက် ပြောလိုက်သည် "အရမ်း ရင်းနှီးနေတဲ့ နာမည်ပဲ..."

လင်းယွမ်က ပြောသည် "ဒီမိန်းမကို နှင်းရေခဲ နတ်ဘုရားမလို့ ခေါ်ကြတယ်... သူက မြောက်ပိုင်းပင်လယ်က ရေခဲနန်းတော်မှာ နေပြီး ရေခဲပင်လယ်သခင်မလို့ သူ့ကိုယ်သူ ခေါ်တယ်"

"ရေခဲပင်လယ်သခင်မ... သူကိုး"

ကျင်းဖုန်းက ချက်ချင်း အာမေဍိတ်သံ ထွက်သွားပြီး အလွန်အမင်း အံ့ဩစွာဖြင့် မေးလိုက်သည် "သူပါ နိုးလာတာလား"

"ခင်ဗျား သူ့ကို သိလို့လား"

"သေချာပေါက် သိတာပေါ့... သူကလည်း အရင်က ရှေးခေတ်မှာ ကျက်စားခဲ့တဲ့ ရွေးချယ်ခံရသူပဲ... သူက လူ့ခန္ဓာကိုယ် ငါးအမြီးနဲ့ ရေခဲစွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး ရေအောက်မှာလည်း နေနိုင်တဲ့အတွက် အရင်က ရေဘေးကြီး ကမ္ဘာကို ဖျက်ဆီးချိန်မှာ နောက်လိုက်တွေ အများကြီး ရှိခဲ့တယ်"

"ရွေးချယ်ခံရသူ အများအပြားက သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့သူလို့ ထင်ကြတာ... သူ့ရဲ့ အစွမ်းက ရေဘေးကြီးထဲမှာ ရှင်သန်ဖို့ အရမ်း သင့်တော်တာကိုး"

"ရေဘေးကြီးက ကမ္ဘာကို ဖျက်ဆီးသွားရင်တောင် သူက ရေထဲမှာ ကောင်းကောင်း ရှင်သန်နိုင်တုန်းပဲလေ"

"ခင်ဗျားက သူ့ကို ဘယ်လိုလုပ် သိတာလဲ... သူ အသက်ရှင်နေသေးလို့လား"

ကျင်းဖုန်းက ချက်ချင်းပင် သူ့ဘာသာသူ ပြန်ပြောလိုက်သည် "မဟုတ်ဘူး... သူ အသက်ရှင်နေဦးမှာ သေချာတယ်... ငါလို အဖိုးကြီးတောင် အသက်ရှင်နေသေးတာ သူ့လို အရမ်းတော်တဲ့သူက ဘယ်လိုလုပ် သေနိုင်မှာလဲ"

"သူကလည်း ထာဝရရှင်သန်ခြင်း နည်းလမ်းကို ရွေးချယ်ခဲ့တာလား... မင်း သူ့ကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးလို့လား"

လင်းယွမ်၏ ရင်ထဲ၌ တုန်လှုပ်သွားသည်... တကယ်ပင် လင်ယွီရုံသည် ရှေးခေတ်ကတည်းက နာမည်ကြီး အစွမ်းပိုင်ရှင် ဖြစ်နေခဲ့ခြင်းပင်။

သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဤကမ္ဘာကြီးကို ပို၍ပင် နားမလည်နိုင် ဖြစ်လာတော့သည်။

ရေဘေးကြီး ကမ္ဘာကို ဖျက်ဆီးခြင်းသည် ကမ္ဘာပျက်ကပ် သဘာဝဘေးအန္တရာယ်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ရှေးခေတ်မှ အစွမ်းပိုင်ရှင်များပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စိတ်ဝိညာဉ် မသေဆုံးနိုင်သည့် ထာဝရရှင်သန်ခြင်း နည်းလမ်းကိုပင် ဖန်တီးခဲ့ကြသေးသည်... ၎င်းတို့က နောက်မျိုးဆက်များကို ကပ်ပါးပြုကာ မျိုးရိုးဗီဇမှတစ်ဆင့် စိတ်ဝိညာဉ်အသိကို လက်ဆင့်ကမ်းပြီး ဒုတိယဘဝတွင် ပြန်လည်ရှင်သန်နိုင်ကြသည်တဲ့လား။

ယခု နိုးထလာသည့် အစွမ်းပိုင်ရှင်အားလုံး၏ မျိုးရိုးဗီဇထဲတွင် ဤရှေးဟောင်း အစွမ်းပိုင်ရှင်များ၏ အရိပ်အယောင်များ ရှိနေမည်လားဟု သူ မနေနိုင်ဘဲ စိုးရိမ်လာမိသည်။

ဤသို့ တွေးမိသောအခါ သူက ကျင်းဖုန်းကို မနေနိုင်ဘဲ မေးလိုက်သည်။

ကျင်းဖုန်းက ထိုစကားကို ကြားသောအခါ ချက်ချင်း ရယ်မောပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည် "အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီထာဝရရှင်သန်ခြင်း နည်းလမ်းရဲ့ ပထမဆုံး လိုအပ်ချက်က စိတ်ဝိညာဉ်အဆင့်အတန်းက အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ လိုအပ်တာလေ"

"ဒီတစ်ချက်တည်းနဲ့တင် ရွေးချယ်ခံရသူ အများအပြားကို အခက်တွေ့စေခဲ့တာ... စိတ်ဝိညာဉ်ကို မသေဆုံးနိုင်တဲ့ အဆင့်အထိ ကျင့်ကြံနိုင်တဲ့သူက အလွန် ရှားပါးတယ်"

"ဒါ့အပြင် ဒီထာဝရရှင်သန်ခြင်း နည်းလမ်းက အပြင်လူကို မသင်ပေးတဲ့ လျှို့ဝှက်ချက် ဖြစ်ပြီး သိတဲ့သူလည်း သိပ်မရှိပါဘူး"

"ရေဘေးကြီးက ကမ္ဘာကို ဖျက်ဆီးပြီး စွမ်းအင်တွေ ပြန်လည်နိုးထလာချိန်မှာ... သက်ရှိအားလုံးက နိုးထလာဖို့ အခွင့်အရေး ရှိကြသလို ရွေးချယ်ခံရသူတွေ ဖြစ်လာဖို့လည်း အခွင့်အရေး ရှိကြတာပဲ"

"ရှေးခေတ် ရွေးချယ်ခံရသူတွေရဲ့ သဘောကျမှုကို ခံရပြီး... ခန္ဓာကိုယ် လုယူခံရတာကတော့ တကယ်တမ်း လူနည်းစုလောက်ပဲ ရှိတာ"

ဤစကားကို ကြားသောအခါ လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဤသို့ ကြည့်မည်ဆိုလျှင် လူတိုင်းက ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရမည်ဟု မဆိုနိုင်ပေ။

သူ ကိုယ်တိုင်လည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်ကို ပြန်တွေးမိသော်လည်း အစွမ်းနိုးထလာချိန်မှ ယခုအထိ သူ၏ ခန္ဓာကိုယ်တွင်း၌ အခြားသော စိတ်ဝိညာဉ်အသိ ရှိနေသည်ကို အမှန်တကယ်ပင် မခံစားခဲ့ရပေ။

တိတိကျကျ ပြောရလျှင် လင်းယွမ်က ထိုစဉ်က ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို နိုးထလာချိန်တွင် မြင်ကွင်းအချို့ကို အမှန်တကယ် ခံစားသိရှိခဲ့ရသည်။

သို့သော် ထိုမြင်ကွင်းများက တစ်ခဏမျှသာ ပေါ်လာခြင်းဖြစ်ပြီး အထူးတလည် အဓိပ္ပာယ် မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုစဉ်က ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းခဲ့ချိန်၌ ခံစားခဲ့ရသော မြင်ကွင်းများက အနည်းငယ် များပြားပြီး သူ့ကိုလည်း အမှတ်ရစေခဲ့သည်။

ဤသည်ကသာ သူ သတိထားရမည့် နေရာဖြစ်သည်။

သို့သော် ကံကောင်းသည်မှာ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့သည် အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့မှ ပုံတူကူးယူထားခြင်းသာ ဖြစ်ပြီး အစစ်အမှန် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ မဟုတ်ပေ။

ထို့ကြောင့် သူသည် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ထဲရှိ မျိုးရိုးဗီဇ သတင်းအချက်အလက်များ၏ လွှမ်းမိုးမှုကို အမှန်တကယ် ခံရမည် မဟုတ်ပေ။

"ပြီးတော့ ငါ့ရဲ့ အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့က စနစ်ရဲ့ ကံစမ်းမဲကနေ ရလာတာလေ... တခြား သတ္တဝါတွေရဲ့ သွေးအဆီအနှစ်ကို အားကိုးပြီး သန့်စင်ထားတာမှ မဟုတ်တာ"

"စနစ်က ထုတ်ပေးတာဆိုတော့ လုံခြုံရေးပိုင်းမှာ လုံးဝ ပြဿနာ မရှိနိုင်ဘူး"

ဤသို့ တွေးမိသောအခါ လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူ၏ တစ်ကိုယ်လုံးရှိ အစွမ်းများတွင် ပုန်းကွယ်နေသည့် အန္တရာယ် မရှိနိုင်ပေ။

ကြည့်ရသည်မှာ အစိုးရိမ်ရဆုံးက ရန်မေတို့ဘက်ပင် ဖြစ်သည်။

ဤသို့ တွေးမိသောအခါ သူက တူးဖော်ပြီးသွားသော နှလုံးခန်းကို ကြည့်ကာ ချက်ချင်း ပြောလိုက်သည် "အားလုံး အပြီးသတ်ကြတော့... သုမာရု ဟင်းလင်းပြင်ထဲ ချက်ချင်းဝင်... ငါတို့ အခုချက်ချင်း ပြန်မယ်"

ဆက်ရန်...

အပိုင်း (၆၉၆) ပထမဆုံးအကြိမ် မိုးကြိုးတိမ်တိုက်ကို ဖောက်ထွက်ခြင်း

"တီ"

"သတိပေးချက်... သတိပေးချက်... အကာအကွယ် စွမ်းအင်မလုံလောက်တော့ပါ၊ ချက်ချင်း စွမ်းအင်ဖြည့်တင်းပါ"

"သတိပေးချက်... သတိပေးချက်... အကာအကွယ် စွမ်းအင်မလုံလောက်တော့ပါ၊ ချက်ချင်း စွမ်းအင်ဖြည့်တင်းပါ"

အဆုံးအစမဲ့ မိုးကြိုးတိမ်တိုက်များအတွင်း မိုင်ပေါင်းများစွာ မြင့်မားသော ကောင်းကင်ယံထက်တွင် ဖြစ်သည်။

လူစီးယာဉ်ပျံတစ်စင်းသည် လေထုကို လျင်မြန်စွာ ဖောက်ထွက်ကာ တိမ်လွှာများအထက်သို့ ရောက်ရှိရန် အသည်းအသန် အရှိန်တင်နေသည်။

"ကပ္ပတိန်... စွမ်းအင်တွေ မလုံလောက်တော့ဘူး"

သင်္ဘောသားတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ဘယ်လိုလုပ် မလုံလောက်တာလဲ... အပေါ်တက်လာတာ စက္ကန့်ပိုင်းပဲ ရှိသေးတယ်လေ" ရှေ့ဆုံးမှ ယာဉ်ပျံကို မောင်းနှင်နေသော ကပ္ပတိန်က ဒေါသတကြီး ပြန်အော်လိုက်သည်။

"အပြင်က မိုးကြိုးမုန်တိုင်းက အရမ်းပြင်းထန်နေတယ်... ကျွန်တော်တို့ ယာဉ်ပျံရဲ့ စွမ်းအင်အကာအကွယ်က တိုက်ခိုက်ခံရတာ အရမ်းမြန်တော့ ယာဉ်ပျံရဲ့ စွမ်းအင်တွေက အမြန်ဆုံး ကုန်ခမ်းနေတာ"

ကပ္ပတိန်က အံကြိတ်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ "အရှိန်မြှင့် စွမ်းအင်ဖြည့်စနစ်ကို ဖွင့်လိုက်စမ်း"

"ကပ္ပတိန်... အခု ချက်ချင်း ဖွင့်ရမှာလား"

"ကပ္ပတိန်... အရှိန်မြှင့် စွမ်းအင်ဖြည့်စနစ်ဆိုတာ ပါမောက္ခဟွမ်တို့ ဒီဇိုင်းဆွဲထားတဲ့ စမ်းသပ်ဆဲ လက်နက်တစ်ခုပဲ ရှိသေးတာနော်... တကယ်လို့ မိုးကြိုးမုန်တိုင်းကိုသာ မတားနိုင်ခဲ့ရင် ယာဉ်ပျံတစ်စင်းလုံး ပျက်စီးသွားလိမ့်မယ်"

"အခု ချက်ချင်းဖွင့်... အခုမဖွင့်ရင် ယာဉ်ပျံရဲ့ အကာအကွယ် လုံးဝ စွမ်းအင်ကုန်ပြီး ပေါက်ကွဲပျက်စီးသွားတာကို ထိုင်စောင့်နေရမှာလား... မြန်မြန်လုပ်"

သူ၏ အမိန့်ပေးသံနှင့်အတူ ယာဉ်ပျံအတွင်းရှိ လူလေးယောက်ပါဝင်သော အဖွဲ့မှာ ချက်ချင်းပင် အလုပ်များသွားကြတော့သည်။

"အမှတ် (၁) စွမ်းအင်ပြောင်းလဲရေး စက်ကိရိယာ စတင်ပါပြီ"

"အမှတ် (၂) အစိတ်အပိုင်း စက်ကိရိယာ စတင်ပါပြီ"

"အမှတ် (၃) အကာအကွယ်စနစ်ကို ထည့်သွင်းနေပါပြီ"

...

အီလက်ထရောနစ် သတိပေးသံများ အစီအရီ ထွက်ပေါ်လာသည်နှင့်အမျှ ယာဉ်ပျံကိုယ်ထည် အပြင်ဘက်နံရံ တစ်လျှောက်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု လျင်မြန်စွာ လင်းလက်လာသည်။

ထိုသင်္ကေတများပေါ်တွင် စွမ်းအင်အလင်းတန်းများ စီးဆင်းသွားပြီး ယာဉ်ပျံအပြင်ဘက် မျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ စုဝေးရောက်ရှိလာကာ ဧရာမ သင်္ကေတအစီအရင်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။

ဤသင်္ကေတအစီအရင်ကြီး ဖြစ်ပေါ်လာသည်နှင့် ယာဉ်ပျံတစ်စင်းလုံးကို လွှမ်းခြုံ ဖုံးအုပ်သွားတော့သည်။

ထိုအချိန်မှာပင် ယာဉ်ပျံကို ကာကွယ်ထားသော စွမ်းအင်အကာအကွယ်ကြီးမှာ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေတွက်၍မရနိုင်သော မိုးကြိုးများက ဟိန်းဟောက်မြည်ဟည်းလျက် ရူးသွပ်နေသော ရေလှိုင်းကြီးများအလား ထိုယာဉ်ပျံပေါ်သို့ ကျဆင်းလာကြသည်။

"ဒုန်း"

ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပေါက်ကွဲမှုများနှင့်အတူ ဗို့အား သန်းရာချီသော လျှပ်စစ်အားများ ဝုန်းခနဲ ပြုတ်ကျလာ၏။

မရေမတွက်နိုင်သော ပေါက်ကွဲသံများကိုသာ ကြားလိုက်ရပြီး ကြောက်စရာကောင်းလှသော မိုးကြိုးများက ယာဉ်ပျံ၏ အပြင်ဘက်မျက်နှာပြင်ပေါ်သို့ ကျရောက်လာသည်။ သို့သော် နောက်တစ်ခဏတွင် ယာဉ်ပျံမျက်နှာပြင်ပေါ်ရှိ သင်္ကေတများသည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။

ထိုမိုးကြိုးလျှပ်စီးများ၏ လျှပ်စစ်ဗို့အားစွမ်းအင် အားလုံးကို ထိုသင်္ကေတများက စုပ်ယူပစ်လိုက်သည်။

မူလက ပျောက်ကွယ်သွားပြီဖြစ်သော စွမ်းအင်အကာအကွယ်မှာ ယခုအခါတွင် ရုတ်တရက် တဖျပ်ဖျပ် လင်းလက်လာပြီး အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်လည် ထောက်ပံ့ပေးလာနိုင်ခဲ့လေပြီ။

"အောင်မြင်ပြီ... အောင်မြင်သွားပြီ"

"ဟားဟားဟား... အောင်မြင်ပြီ ကပ္ပတိန်... ယာဉ်ပျံရဲ့ စွမ်းအင်အကာအကွယ်စနစ်ကို စွမ်းအင်ဖြည့်တင်းတာ အောင်မြင်သွားပြီဗျ"

"တစ်ကြိမ် စွမ်းအင်ဖြည့်လိုက်တာနဲ့ ယာဉ်ပျံရဲ့ စွမ်းအင်အကုန်လုံးကို တိုက်ရိုက် အပြည့်အဝ ပြန်ဖြည့်ပေးနိုင်ခဲ့တယ်"

"ပါမောက္ခဟွမ်တို့ရဲ့ အရှိန်မြှင့်စွမ်းအင်ဖြည့်စနစ်က တကယ် အလုပ်ဖြစ်သွားပြီ"

"မြန်မြန်ကြည့်... မြန်မြန်ကြည့် ကပ္ပတိန်... ကျွန်တော်တို့ တိမ်လွှာတွေကို ဖောက်ထွက်နိုင်တော့မယ်"

"ဟားဟားဟား... နောက်ဆုံးတော့ နှစ်နှစ်နီးပါးလောက် အဆက်မပြတ် ရွာသွန်းနေတဲ့ ဒီမိုးကြိုးမုန်တိုင်း တိမ်တိုက်ကြီးကို ဖောက်ထွက်နိုင်တော့မယ်ကွ"

"ဝီ"

အလွန်လျင်မြန်သော ဝီခနဲ အသံကြီး ထွက်ပေါ်လာသည်နှင့်အတူ ဤသေးငယ်လှသော ယာဉ်ပျံလေးသည် ဝုန်းခနဲ အသံနှင့်အတူ ထူထဲလှသော တိမ်လွှာများအတွင်းမှ ဖောက်ထွက်သွားလေသည်။

ထိုခဏ၌ပင် ကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော နေရောင်ခြည်က ယာဉ်ပျံ၏ အပြင်ဘက်မျက်နှာပြင်ပေါ်သို့ ကျရောက်လာ၏။

၎င်းသည် ခန့်မှန်းခြေအားဖြင့် သင်္ဘောတစ်စင်းအရွယ်အစားခန့်သာ ရှိသော ယာဉ်ပျံတစ်စင်း ဖြစ်သည်။

ယာဉ်ပျံတစ်စင်းလုံး၏ ပုံပန်းသဏ္ဍာန်မှာ လွန်းပျံယာဉ်ပုံစံနှင့် ဆင်တူပြီး လေခွင်းအားကောင်းသော ယာဉ်ပျံ ဒီဇိုင်းမျိုး ပိုင်ဆိုင်ထားသည်။

ယာဉ်ပျံ၏ အပြင်ဘက်တွင် အဖြူရောင် လျှပ်ကာဆေးများ သုတ်ထားပြီး ၎င်း၏ ဘယ်ဘက်တောင်ပံ အောက်ပိုင်းတွင် အနီရောင်ဆေးဖြင့် ရေးဆွဲထားသော စာလုံးကြီး လေးလုံးကို တွေ့ရသည်။

ကွမ်ဖူစစ်တပ်။

ဤယာဉ်ပျံက ကွမ်ဖူစစ်တပ်၏ ယာဉ်ပျံပင် ဖြစ်နေလေသည်။

သူတို့သည် မိုးကြိုးတိမ်တိုက်များကို ဖြတ်ကျော်နိုင်သော ယာဉ်ပျံတစ်စင်းကို သုတေသနပြု ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်သည်။

အကယ်၍ လင်းယွမ်သာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက သေချာပေါက် အလွန်အမင်း အံ့ဩသွားပေလိမ့်မည်။

ကွမ်ဖူစစ်တပ်သည် သူတို့၏ ထိုက်ယန်တောင်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုလျှင်တောင်မှ လျှို့ဝှက်နည်းပညာ အများအပြားကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။

ယခုအခါတွင် ကွမ်ဖူစစ်တပ်သည် မိုးကြိုးတိမ်တိုက်များကို ဖြတ်သန်းနိုင်သော ယာဉ်ပျံတစ်စင်းကို လွတ်လပ်စွာ ကိုယ်ပိုင် သုတေသနပြု ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ လက်ရှိအချိန်အထိ ထိုက်ယန်တောင်မှ မလုပ်နိုင်သေးသော အရာပင် ဖြစ်သည်။

ထိုက်ယန်တောင်၏ နည်းပညာ စုဆောင်းမှုမှာ အလွန် အားနည်းနေဆဲ ဖြစ်သည်။

သီးသန့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနကို ဖွဲ့စည်းထားခဲ့လျှင်တောင်မှ စစ်တပ်နှင့် ကွာဟချက်ကို ဖြည့်ဆည်းရန် မလုံလောက်သေးပေ။

"မြေပြင် ဆက်သွယ်ရေး အချက်ပြစနစ်ကို ဖွင့်လိုက်"

ယာဉ်ပျံအတွင်းတွင် ကပ္ပတိန်က လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

ဘေးနားရှိ အော်ပရေတာက အီလက်ထရောနစ် ဖန်သားပြင်ကို လျင်မြန်စွာ ကလိလိုက်ပြီးနောက် ခဏအကြာတွင် စိုးရိမ်တကြီး ပြန်ဖြေလာသည်။ "ကပ္ပတိန်... မြေပြင် အခြေအနေနဲ့ ဆက်သွယ်လို့ မရဘူးဗျ"

"သံလိုက်စက်ကွင်း အနှောင့်အယှက်တွေက အရမ်း ပြင်းထန်နေတယ်"

"သင်္ကေတ ဆက်သွယ်ရေးစနစ်ကို ဖွင့်လိုက်"

"ဟုတ်ကဲ့ပါ"

"သင်္ကေတ ဆက်သွယ်ရေးစနစ်ကို စတင်ပါပြီ... အချက်ပြစနစ်ကို ပေးပို့နေပါတယ်"

"ကပ္ပတိန်... အချက်ပြစနစ် ရပြီဗျ"

ရုတ်တရက် အော်ပရေတာက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် ဖန်သားပြင်ပေါ်၌ အချက်ပြ မီးများ တဖျပ်ဖျပ်လင်းလာပြီး တီဗီလိုင်းမမိသော စနိုးများ ပေါ်လာသည်။

သိပ်မကြာမီမှာပင် ဖန်သားပြင်ပေါ်တွင် မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။

ကင်မရာ၏ အခြားတစ်ဖက်တွင်မူ ဧရာမ ရုပ်သံပြသရေး ခန်းမကြီးတစ်ခု ရှိနေပြီး စစ်တပ်မှ အထက်တန်းအရာရှိ အများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

ထိုအထဲတွင် သိပ္ပံသုတေသီ အများအပြားလည်း ပါဝင်သည်။

ကွမ်ဖူစစ်တပ်၏ ခေါင်းဆောင်များဖြစ်ကြသော ကျန်းယွီကျန်း၊ ဖုန်းကျန့်ကုန်း နှင့် ကျန်းဝမ်ကျင်း တို့အားလုံး ရှိနေကြသည်။

ယခုအခါ ရုပ်သံချိတ်ဆက်မှု ရရှိသွားသည်နှင့်အမျှ ကွမ်ဖူစစ်တပ် အမှတ် (၁) ယာဉ်ပျံအတွင်းမှ ကပ္ပတိန် ဖူကျန်းထျန် က စတင်ပြောဆိုလိုက်သည်။ "ဌာနချုပ်... ဌာနချုပ်... ဒီနေရာက ကွမ်ဖူစစ်တပ် အမှတ် (၁) လူစီးယာဉ်ပျံပါ... လက်ရှိမှာ ကျွန်တော်တို့ မိုးကြိုးတိမ်တိုက်ကို ဖြတ်ကျော်ပြီး ကောင်းကင်ချောက်နက်အထက်ကို ရောက်ရှိနေပါပြီ... ကြားရရင် ပြန်ဖြေပါ"

"အောင်မြင်ပြီဟေ့"

"ဟားဟားဟား... အောင်မြင်ပြီ... ကျွန်တော်တို့ အောင်မြင်သွားပြီ"

ချက်ချင်းပင် ရုပ်သံပြခန်းအတွင်း၌ အောင်ပွဲခံ အော်ဟစ်သံများ ဆူညံသွားပြီး သိပ္ပံသုတေသီများအားလုံး၊ စစ်တပ်အထက်တန်းအရာရှိများ အားလုံးတို့မှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသော အမူအရာများကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားကြတော့သည်။

ကျန်းယွီကျန်းက မိုက်ကရိုဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။ "ကွမ်ဖူ အမှတ် (၁)... ဒီနေရာက ဌာနချုပ်ပါ... ငါ ကျန်းယွီကျန်းပါ... ငါ ကျန်းယွီကျန်းပါ"

"မင်းတို့ရဲ့ လက်ရှိအခြေအနေနဲ့ ယာဉ်ပျံရဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို ချက်ချင်း သတင်းပို့ပါ"

"ဟုတ်ကဲ့ပါ အကြီးအကဲ... လက်ရှိမှာ ယာဉ်ပျံက အားလုံး အဆင်ပြေပါတယ်... ပါမောက္ခဟွမ်ရဲ့ အရှိန်မြှင့်စွမ်းအင်ဖြည့်စနစ်က ကျွန်တော်တို့ရဲ့ ပြဿနာကြီးကို ဖြေရှင်းပေးလိုက်နိုင်ပါတယ်"

"လောလောဆယ် ယာဉ်ပျံမောင်းနှင်မှုက အားလုံး ပုံမှန်ပါပဲ... ကောင်းကင်ချောက်နက်သားရဲတွေရဲ့ တိုက်ခိုက်တာကိုလည်း မခံရသေးပါဘူး"

"မင်းတို့ မြင်နေရတဲ့ မြင်ကွင်းကို ထုတ်လွှင့်ပေးပါ"

"ဟုတ်ကဲ့ပါ"

ယာဉ်ပျံဘက်မှ ပြန်လည်ဖြေကြားပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားရာ ရုပ်သံပြခန်းအတွင်းရှိ လူတိုင်းက ခေါင်းမော့ကာ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဖိန်ယွမ်ဟူ၏ ဝိညာဉ်ကပ်ပါး အစွမ်းဖြင့် ရိုက်ကူးထားခဲ့သော မြင်ကွင်းကို ကြည့်ရှုလိုက်ကြသည်။

သို့သော် ကောင်းကင်ယံထက်တွင် တောက်ပသော နေမင်းကြီး သာယာနေပြီး တိမ်ခိုးတိမ်ငွေ့များ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

ပြိုင်ဘက်ကင်း ဧရာမ လေပေါ်တောင်တန်းများ၊ လေပေါ်ကျွန်းများ၊ လေပေါ်ကုန်းမြေများက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။

နေရောင်ခြည် ကျရောက်လာမှုအောက်တွင် တိမ်တိုက်များက အလင်းတန်းများကို ဖြာထွက်သွားစေပြီး လူကို တွေဝေမိန်းမောသွားစေနိုင်သော သက်တံရောင် အလင်းတန်းများကို ဖြစ်ပေါ်စေသည်။

ကြီးငယ်မဟူသော အလင်းကွင်းများက လေထဲတွင် ပေါ်ထွက်နေပြီး သက်တံများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။

အမျိုးအမည်မသိသော ဧရာမ ပျံသန်းနိုင်သည့် သတ္တဝါကြီးများက လေထဲတွင် ဝဲပျံဟိန်းဟောက်နေကြပြီး ထိုဧရာမ လေပေါ်ကျွန်းကြီးများအကြားတွင် အပြန်အလှန် ပျံသန်းသွားလာနေကြသည်။

လူအားလုံးက မျက်စိရှေ့မှ မြင်ကွင်းကို မှင်သက်စွာ ငေးကြည့်နေမိကြသည်။

အခြားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။

ဤကမ္ဘာသည် ဒဏ္ဍာရီပုံပြင်များထဲမှ နတ်ပြည်အလားပင် ဖြစ်နေသည်။

လေပေါ်နတ်တောင်များ၊ တိမ်များကို စီးနင်းနိုင်သော နတ်သားရဲများ ရှိနေရုံသာမက ကောင်းကင်တစ်ခွင်လုံး တောက်ပသော အလင်းတန်းများ၊ ထူးဆန်းဆန်းကြယ်သော အရာများဖြင့် ပြည့်နှက်နေ၏။

ဤအချိန်တွင် ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားသော နတ်ဘုရားများ၏ လျှို့ဝှက်နယ်မြေ၊ နတ်ပြည်နတ်ရွာ ဆိုသည်များက အစစ်အမှန် လောကထဲသို့ အမှန်တကယ် ကျရောက်လာသကဲ့သို့ ထင်မှတ်ရသည်။

လူအားလုံး အာရုံစူးစိုက်စွာ ကြည့်ရှုနေကြစဉ်မှာပင် ရုတ်တရက် ရုပ်သံ၏ အခြားတစ်ဖက်မှ ယာဉ်ပျံ၏ သတိပေးသံ ထွက်ပေါ်လာလေသည်။

"တီတီတီ"

"သတိပေးချက်... အမည်မသိ သတ္တဝါ ချဉ်းကပ်လာနေပါသည်"

"သတိပေးချက်... အမည်မသိ သတ္တဝါ ချဉ်းကပ်လာနေပါသည်"

အဆက်မပြတ် ထွက်ပေါ်လာသော သတိပေးသံများကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် လူအားလုံး၏ မျက်နှာများ ပျက်ယွင်းသွားတော့သည်။

"ကပ္ပတိန်... အမည်မသိ သတ္တဝါ ချဉ်းကပ်လာနေတယ်"

"မြန်မြန်... စွမ်းအင်အကာအကွယ် စနစ်ကို ဖွင့်လိုက်"

"အကာအကွယ်ကို ဖွင့်ပြီးပါပြီ"

"ကိုယ်ပျောက်စက်ကို ဖွင့်လိုက်"

"ကိုယ်ပျောက်စက် စတင်ပါပြီ"

"ဝီ"

ယာဉ်ပျံအတွင်းမှ တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထို့နောက်တွင် ကောင်းကင်ယံက ရုတ်တရက် မှောင်မည်းသွား၏။

စောင့်ကြည့်ရေး ဖန်သားပြင်ကလည်း ချက်ချင်း မှောင်မည်းသွားပြီးနောက် နှင်းပွင့်များ တဖွဲဖွဲကျလာကာ အချက်ပြမှု ပြတ်တောက်သွားလေသည်။

ကျန်းယွီကျန်းက အလျင်စလို အော်ဟစ်လိုက်သည်။ "ကွမ်ဖူ အမှတ် (၁)... ကွမ်ဖူ အမှတ် (၁)... ကြားရရင် ပြန်ဖြေပါ... ကြားရရင် ပြန်ဖြေပါ"

တစ်ဖက်မှ မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ဘဲ အချက်ပြစနစ် လုံးဝ ပြတ်တောက်သွားပုံရသည်။

ကျန်းယွီကျန်းက ချက်ချင်း ခေါင်းလှည့်ကာ ဘေးနားရှိ ဖိန်ယွမ်ဟူ ကို ကြည့်လိုက်သည်။

"ဖိန်ယွမ်ဟူ... အခု ဘာအခြေအနေလဲ"

ဖိန်ယွမ်ဟူမှာ မျက်လုံးများ မှိတ်ထားပြီး သူ၏ စိတ်အာရုံက အခြားတစ်နေရာသို့ လုံးဝ ရောက်ရှိနေပုံရသည်။

သူက လျင်မြန်စွာ ပြောလိုက်သည်ကိုသာ ကြားလိုက်ရသည်။ "ဧရာမ သန္ဓေပြောင်းသားရဲကြီး တစ်ကောင်က ယာဉ်ပျံကို ဝင်တိုက်သွားတယ်"

"အကာအကွယ်စနစ်က အလုပ်လုပ်သွားလို့ လောလောဆယ် ယာဉ်ပျံက အမြန်ဆုံး ထွက်ပြေးနေပြီး အနီးအနားက လေပေါ်ကျွန်းဆီကို ပျံသန်းသွားနေတယ်"

"ကိုယ်ပျောက်စက်က ဒီသန္ဓေပြောင်းသားရဲအပေါ်မှာ အလုပ်မဖြစ်ဘူး... တစ်ဖက်က အမြင်အာရုံစနစ်ကို အားကိုးပြီး အမဲလိုက်တာ မဟုတ်တဲ့ပုံပဲ"

တကယ်တော့ ကွမ်ဖူ အမှတ် (၁) ယာဉ်ပျံပေါ်တွင် သန္ဓေပြောင်းသားရဲတစ်ကောင်ကို အစောကြီးကတည်းက တင်ပို့ထားခဲ့ခြင်း ဖြစ်သည်။

ထိုသန္ဓေပြောင်းသားရဲသည် အမှောင်ဓာတ် သန္ဓေပြောင်းသတ္တဝါ အမျိုးအစားတွင် ပါဝင်သော အရိပ်သားရဲ ဖြစ်ပြီး ဖိန်ယွမ်ဟူ ၏ ဝိညာဉ်ကပ်ပါး ဝင်ရောက်ခြင်းကို ခံထားရသည်။

လင်းယွမ်နှင့် တိုက်ခိုက်ပြီးကတည်းက စစ်တပ်က အမှောင်ဓာတ် သန္ဓေပြောင်းသားရဲများ၏ အရိပ်စွမ်းရည်မှာ အလွန်တရာ အံ့မခန်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အများစုကို ရှောင်ရှားနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဤစွမ်းရည်ကိုသာ စစ်ရေး စုံစမ်းထောက်လှမ်းမှုများတွင် အသုံးပြုနိုင်ပါက အလွန်အစွမ်းထက်ပေလိမ့်မည်။

ဖိန်ယွမ်ဟူကလည်း ထိုအချက်ကို တွေးမိသဖြင့် ကျန်းယွီကျန်းတို့ထံ ခွင့်ပြုချက်တောင်းခံပြီးနောက် အမှောင်ဓာတ် သန္ဓေပြောင်းသားရဲများကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည်။

ထို့နောက်တွင် သူတို့က အရိပ်ပျံစာကလေး ဟုခေါ်သော အမှောင်ဓာတ် အရိပ်သားရဲတစ်ကောင်ကို အမှန်တကယ် ရှာတွေ့ခဲ့ကြသည်။

၎င်းသည် ကြီးမားသော ပျံသန်းနိုင်သည့် သန္ဓေပြောင်းသားရဲ မဟုတ်ဘဲ တောတောင်များထဲတွင် အတွေ့ရအများဆုံး စာကလေးမှ သန္ဓေပြောင်းလာခြင်းသာ ဖြစ်သည်။

၎င်းတွင် မိုးကြိုးတိမ်တိုက်များကို ဖြတ်သန်းနိုင်စွမ်း မရှိဘဲ တောတောင်များထဲတွင်သာ နေထိုင်လေ့ရှိသည်။

စစ်တပ်ကလည်း ဤအရိပ်ပျံစာကလေးကို ဖမ်းဆီးရန် အချိန်နှင့် စွမ်းအင် အတော်လေး စိုက်ထုတ်ခဲ့ရပြီးမှ ဖိန်ယွမ်ဟူ၏ ဝိညာဉ်ကပ်ပါး အရာဝတ္ထုတစ်ခု ဖြစ်လာစေခဲ့သည်။

ယခုအခါ ဤအရိပ်ပျံစာကလေးသည် ယာဉ်ပျံနှင့်အတူ တိမ်လွှာများကို ဖြတ်ကျော်ကာ ကောင်းကင်ချောက်နက်အထက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လောလောဆယ်တွင် အချက်ပြစနစ် ပြတ်တောက်သွားသော်လည်း ဝိညာဉ်ကပ်ပါးကိုယ်ထည်တစ်ခု အနေဖြင့် ဖိန်ယွမ်ဟူသည် ကပ်ပါးကောင်၏ အကူအညီဖြင့် ကောင်းကင်ထက်မှ အခြေအနေများကို မြင်တွေ့နေရဆဲပင် ဖြစ်သည်။

လက်ရှိတွင် သူက ကောင်းကင်ထက်မှ အခြေအနေများကို လူတိုင်းသိရှိစေရန် နှုတ်ဖြင့် တိုက်ရိုက် ထုတ်လွှင့်ပြောဆိုနေခြင်း ဖြစ်သည်။

"ယာဉ်ပျံက အနီးအနားက လေပေါ်ကျွန်းတစ်ခုရဲ့ အပေါ်ကို ရောက်သွားပြီ... ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရုတ်တရက် ဖိန်ယွမ်ဟူက အလွန်တရာ အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။

ကျန်းယွီကျန်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားကြပြီး အလျင်အမြန် မေးမြန်းလိုက်ကြသည်။

"ဘာဖြစ်လို့လဲ"

"ဖိန်ယွမ်ဟူ... ဘာဖြစ်တာလဲ"

"မြန်မြန်ပြောစမ်းပါ"

ဖိန်ယွမ်ဟူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် အလျင်အမြန် ပြောလိုက်သည်။ "မြို့... ကျွန်တော် မြို့တစ်မြို့ကို မြင်နေရတယ်"

"အဲ့ဒီ လေပေါ်ကျွန်းပေါ်မှာ မြို့တစ်မြို့ ရှိနေတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် လူအားလုံး၏ မျက်နှာပေါ်တွင် တုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာကြသည်။

မြို့ဟုတ်လား...

ထိုကောင်းကင်ယံထက်တွင်၊ ထိုလေပေါ်ကျွန်းများပေါ်တွင် မြို့တစ်မြို့ ရှိနေနိုင်မည်တဲ့လား...

ဖုန်းကျန့်ကုန်းက ချက်ချင်း မေးလိုက်သည်။ "မြို့က ဘယ်လိုပုံစံမျိုးလဲ"

"ခေတ်မီ မြို့တစ်မြို့ပဲ... မိုးမျှော်တိုက်တွေ... ဘိလပ်မြေ အဆောက်အအုံတွေ ရှိတယ်"

"ပြီးတော့ အမျိုးအစားစုံလင်တဲ့ ယာဉ်ပျံတွေ၊ ယာဉ်ပျံတွေလည်း ရှိတယ်... မြို့ရဲ့ ကောင်းကင်မှာ စွမ်းအင်အကာအကွယ်လည်း ရှိနေသေးတယ်"

"ဘာ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"လူသားတွေရဲ့ မြို့လား"

"လူတွေရော ရှိလား"

လူတိုင်းက အလုအယက် မေးမြန်းလာကြသည်။

သို့သော် ဖိန်ယွမ်ဟူ၏ စိုးရိမ်တကြီး ပြောလိုက်သော အသံကိုသာ ကြားလိုက်ရသည်။ "ကျွန်တော် မြင်နေရပြီ... လူတွေ ရှိတယ်... အစွမ်းပိုင်ရှင်တွေပဲ"

"မြို့ထဲမှာ စာတွေ ရေးထားတာ ရှိတယ်... မုန်ယာ..."

"ကျွန်တော်တို့ရဲ့ ခေတ်သစ် စာလုံးတွေပဲ... သူတို့က ကျွန်တော်တို့ကို မောင်းထုတ်နေကြပြီ"

"ဒုက္ခပဲ... သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်နေကြပြီ"

"ဖူး"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဖိန်ယွမ်ဟူက ပါးစပ်ဟကာ သွေးတစ်ပွက် အန်ချလိုက်သည်။

သူ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။

ဖိန်ယွမ်ဟူက မျက်လုံးများကို ဖွင့်လိုက်သောအခါ ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောယှက်နေသော မျက်နှာထားကို တွေ့လိုက်ရသည်။

အခြားသူများကလည်း အလျင်စလို လျှောက်လာကြသည်။

ကျန်းဝမ်ကျင်းက ချက်ချင်း မေးလိုက်သည်။ "မင်း အဆင်ပြေရဲ့လား"

"ဘာဖြစ်သွားတာလဲ" ဖုန်းကျန့်ကုန်းကလည်း ချက်ချင်း ထပ်မေးလိုက်သည်။

ကျန်းယွီကျန်းက ဆေးရည်တစ်ပုလင်းကို ကမ်းပေးရင်း ပြောလိုက်သည်။ "ဒီဆေးရည်ကို အရင်သောက်လိုက်... ဒဏ်ရာကို ငြိမ်သွားအောင် လုပ်ထား"

ဖိန်ယွမ်ဟူက ဆေးရည်ကို လှမ်းယူကာ ပါးစပ်ဟ၍ သောက်လိုက်ရာ မျက်နှာအရောင် အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်။

လင်းယွမ်က ဒီရေပင်မဦးနှောက်ထဲရှိ သူ၏ ဝိညာဉ်ကိုယ်ပွားကို ပြန်လည်ပေးအပ်ပြီးကတည်းက သူ၏ စိတ်စွမ်းအင်မှာ သိသိသာသာ ပိုမို အားကောင်းလာခဲ့သည်။

ထိုအခိုက် သူက စကားပြောလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ် အကြီးအကဲ... ကောင်းကင်က လေပေါ်ကျွန်းမှာ အခြားအဖွဲ့အစည်းတွေက ကျွန်တော်တို့ထက် ခြေတစ်လှမ်းစောပြီး ရောက်နေကြပြီ... ပြီးတော့ သူတို့က မြို့တစ်မြို့ကိုတောင် တည်ဆောက်ထားကြသေးတယ်"

"အဲ့ဒီမြို့တော်ရဲ့ အပေါ်မှာ မုန်ယာ ဆိုတဲ့ စာလုံးကြီး နှစ်လုံးကို မြင်ခဲ့ရတယ်... ပြီးတော့ အစိမ်းရောင် အပင်လေး ပေါက်လာတဲ့ ပုံစံ အမှတ်တံဆိပ် အလံတစ်ခုလည်း ရှိတယ်"

"စာလုံးတွေကလည်း ခေတ်သစ် စာလုံးတွေပဲ... အဲ့ဒီ အဆောက်အအုံတွေက ကြည့်ရတာ လုံးဝ အသစ်စက်စက်တွေပဲ"

"ဒီမြို့က တည်ဆောက်ထားတာ သိပ်မကြာလောက်သေးဘူး"

ဆက်ရန်...

All Chapters