ခန်းမတစ်ထောင်စစ်ပွဲနန်းတော်
Vol. 27 Ch. 261
အဆင့် (၂) အဖွဲ့အစည်း ခုနစ်ခု ရောက်ရှိလာတိုင်း အဆင့် (၁) အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာတတ်ပေသည်။
ထိပ်တန်းအဖွဲ့အစည်းများ ဆက်တိုက်ဆိုသလို ရောက်ရှိလာခြင်းက ဧည့်သည်အများစုထံတွင် အစောပိုင်းက တွေ့မြင်ခဲ့ရသော ရိုသေလေးစားမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ရောယှက်နေသည့် ခံစားချက်တို့ကို အနည်းငယ် လျော့ကျသွားစေသည်။
ဝင်ရောက်လာသော အဖွဲ့အစည်းများအကြား၌ ယန်ချင်းသည် ရွှေဝါးရုံစံအိမ်မှ အဖွဲ့ဝင်များကို တွေ့လိုက်ရသည်။
၎င်းတို့၏ ကိုယ်စားလှယ်များထဲတွင် အသက်သုံးဆယ်နှောင်းပိုင်းအရွယ်ဟု ထင်ရသော်လည်း ခေတ်ကာလတစ်ခုလုံး၏ သမိုင်းကြောင်းကို ဖြတ်သန်းတွေ့ကြုံဖူးသည့်အလား နက်ရှိုင်းသောမျက်လုံးများကို ပိုင်ဆိုင်ထားသူတစ်ဦးကို သတိထားမိလိုက်သည်။
ထိုသူ့တွင် လေထဲ၌ လွင့်ပျံနေသော ရွှေရောင်ဆံပင်ရှည်များရှိပြီး အပြစ်ဆိုဖွယ်ရာမရှိသော ရုပ်ရည်သွင်ပြင်နှင့်လည်း ပြည့်စုံလှပေသည်။
ထိုသူမှာ ခရမ်းရောင်မြို့တော်၌ ယန်ချင်းရိုက်နှက်ခဲ့သော နန်းတော်အဆင့် လူငယ်လေးနှင့် အနည်းငယ် ဆင်တူနေချေ၏။
သူ၏ဘေးတွင်ကား တော်ဝင်အငွေ့အသက်များ လွှမ်းခြုံထားသည့် သက်လတ်ပိုင်းလူတစ်ဦး လျှောက်လှမ်းလာလေသည်။
ထိုသူ၌ လိမ္မော်ရောင် ဆံပင်များရှိပြီး လိမ္မော်ရောင်တိမ်တိုက်ပုံစံများ ပါရှိသည့် အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားသည်။ ယန်ချင်း၏ ခန့်မှန်းချက်အရ ထိုသူသည် မေပယ်နီအင်ပါယာ၏ လက်ရှိဧကရာဇ် သွမ့်ဟန်ပင် ဖြစ်တန်ရာသည်။
သူ၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ချီအတက်အကျများကို ယန်ချင်း သတိထားမိကာ ထိုသူသည်လည်း မိမိကဲ့သို့ပင် မကြာသေးမီကမှ အဆင့်တက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဤသည်မှာ မေပယ်နီအင်ပါယာတွင် နန်းတော်အဆင့် ကျွမ်းကျင်သူနောက်တစ်ဦး ထပ်တိုးလာပြီဖြစ်ကြောင်း သက်သေပြနေသဖြင့် မျက်ခုံးပင့်သွားမိ၏။
ဤအရေအတွက်အရဆိုလျှင် ကလိုဗာနိုင်ငံနှင့် နန်းတော်အဆင့် ကျွမ်းကျင်သူငါးဦးစီဖြင့် အရေအတွက် တူညီသွားပြီဖြစ်သည်။
သို့သော် သွမ့်ဟောက်မှာ လွင်ပြင်ဝါခရိုင်ခွဲ၌ ယာယီအကျဉ်းကျခံနေရသဖြင့် လက်ရှိတွင် သူတို့၏အရေအတွက်မှာ လေးဦးသာ ရှိတော့လေသည်။
ထို့ပြင် ရွှေဝါးရုံစံအိမ်၏ ခေါင်းဆောင်တစ်ဦးဘေးတွင် မေပယ်ရွက်အပေါ်၌ ခရမ်းရောင်လိပ်ပြာတစ်ကောင် နားနေသည့် သင်္ကေတပါရှိသော အဝါရောင်ဖျော့ဖျော့ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးကိုလည်း ယန်ချင်းသတိထားမိလိုက်သည်။
သူမသည် ဆေးပညာနှင့် အဂ္ဂိရတ်ပညာရပ်များကို အဓိကထားလုပ်ဆောင်သည့် မေပယ်စံအိမ်၏ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ကြောင်း ယန်ချင်း မှတ်မိလိုက်သည်။
အဆိုပါအဖွဲ့အစည်းမှာလည်း ရွှေဝါးရုံစံအိမ်ကဲ့သို့ပင် အဆင့် (၂) အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
"ဒီနှစ်ဖွဲ့က အဆက်အသွယ်တွေများ ရှိနေကြတာလား"
ယန်ချင်း၏ စိတ်ထဲမှ တွေးတောလိုက်မိသည်။
သူတို့ဘက်သို့ စူးစမ်းသော အကြည့်များဖြင့် ကြည့်နေသူမှာ သူတစ်ယောက်တည်းတော့ မဟုတ်ပေ။ အလားတူအဆင့်ရှိ အခြားသောအဖွဲ့အစည်းများကလည်း ရံဖန်ရံခါဆိုသလို စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်နေကြသည်။
အထူးသဖြင့် ဤအဖွဲ့အစည်းနှစ်ခုသာ မဟာမိတ်ဖွဲ့လိုက်ပါက အထိခိုက်နိုင်ဆုံးဖြစ်မည့် ကုန်သည်အခြေပြု အဖွဲ့အစည်းများက ပို၍ပင် အကဲခတ်နေကြလေသည်။
အဆင့် (၂) အဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင်များ အဘယ်ကြောင့် အတူတကွ ခရီးသွားနေရသနည်းဟူသော ဖြစ်နိုင်ခြေများကို ယန်ချင်းစဉ်းစားခန်းဖွင့်နေစဉ် သူ၏အပေါ်သို့ သိမ်မွေ့သောအကြည့်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
အကယ်၍ သူ၏ အာရုံခံနိုင်စွမ်းသာ နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ မြင့်မားမနေပါက ထိုအကြည့်ကို သတိပြုမိမည်မဟုတ်ဘဲ ကျော်လွန်သွားပေမည်။
သို့သော် ယခုမူ မြင့်မားလှသော အာရုံခံနိုင်စွမ်းများကြောင့် ထိုအကြည့်ကို ရှင်းလင်းပြတ်သားစွာ ခံစားသိရှိနိုင်ပေသည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ရွှေဝါးရုံစံအိမ်၏ ရွှေရောင်ဆံပင်နှင့် ခေါင်းဆောင်လင်းကွေ့ရန်ပင် ဖြစ်လေသည်။
ရုတ်တရက် အကြည့်ခံလိုက်ရသော်လည်း လင်းကွေ့ရန်သည် ယန်ချင်းအား ယဉ်ကျေးစွာ ပြုံးပြရင်း လက်လှမ်းပြလိုက်သည်။ ယန်ချင်းကလည်း အပြုံးဖြင့်ပင် လက်ပြန်လှမ်းပြလိုက်၏။
"ခင်ဗျားသား ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ် မူတည်ပြီး သူ့ကို အကျဥ်းထောင်ဆီ ပို့လိုက်ရတဲ့အခါ ခင်ဗျား ဒီလိုပြုံးနိုင်သေးလားဆိုတာ သိချင်လိုက်တာ"
ယန်ချင်းက နောက်ပြောင်သောလေသံဖြင့် တွေးလိုက်သည်။
သူတို့နှစ်ဦးကြားရှိ အပြန်အလှန်ဆက်သွယ်မှုကို သတိပြုမိသွားသော မေပယ်ရွက်စံအိမ်မှ ယန်မိန်ဖုန်း၏ မျက်နှာပေါ်တွင်ကား စူးစမ်းချင်သော အရိပ်အယောင်များ ပေါ်လာချေပြီ။
ဤသို့ တိုတောင်းလှသော အပြန်အလှန်တုံ့ပြန်မှုအပြီး ထိုအချိန်လေး၌ပင် အဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦးသည် ရွှေဝါးရုံစံအိမ် တန်းစီနေသည့်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသည်။
ထိုဝန်ထမ်းမှာ နယ်ပယ်တရားရုံးတရားသူကြီး ဝတ်ရုံကို ဆင်မြန်းထားပြီး ကြယ်ပုံစံ မျက်ဝန်းများနှင့် မျက်ဝန်းတစ်ခုစီတွင် သူငယ်အိမ်ငါးခုစီ ပါရှိလေသည်။
သူသည် ရွှေဝါးရုံစံအိမ်နှင့် မေပယ်ရွက်စံအိမ်မှ အဖွဲ့ဝင်များကို သွားရောက်၍ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်လေသည်။
ယန်ချင်းသည် သူတို့၏ပြောဆိုဆက်ဆံမှုကို အနီးကပ် စောင့်ကြည့်နေခဲ့ရာ လင်းကွေ့ရန်သည် ထိုနယ်ပယ်တရားသူကြီးနှင့် စကားပြောဆိုရာတွင် အနည်းငယ် တောင့်တင်းနေပုံရကြောင်း သတိထားမိလိုက်သည်။
"အဲဒါ လဲ့ဝေယွမ် ငါ့ကို ပြောပြဖူးတဲ့ ဟိုထယ်ဟွေ့များလား"
ယန်ချင်း၏ စိတ်ထဲမှ တွေးတောမိသည်။
အဖွဲ့အစည်းမှ ဝန်ထမ်းများမှာ အလွန်အလုပ်များကြသဖြင့် အဖွဲ့အတွင်း ထင်ရှားကျော်ကြားသည့် ဂုဏ်သတင်းတစ်ခုခု မရှိထားလျှင် တစ်ဦးနှင့်တစ်ဦး သိရှိကြမည် မဟုတ်ပေ။
ထို့ကြောင့်ပင် လွန်ခဲ့သော တစ်ပတ်အထိ မုန့်ချောင်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိခဲ့ရခြင်း ဖြစ်သည်။
အလားတူပင် သူ၏စုံစမ်းစစ်ဆေးမှုများက ရွှေဝါးရုံစံအိမ်သို့ ရောက်ရှိလာပါက ကိုင်တွယ်ဖြေရှင်းရမည့် ဟိုထယ်ဟွေ့ကိုလည်း သူ မသိရှိခဲ့ခြင်း ဖြစ်ပေသည်။
…
"မင်းက ရွှေဝါးရုံစံအိမ်နဲ့ အတိတ်က ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးပုံပဲ"
လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့က နောက်ပြောင်သောလေသံဖြင့် မေးလိုက်သည်။
"ကျွန်တော် ရွေးချယ်ခဲ့တာချည်းတော့ မဟုတ်ပါဘူး"
ယန်ချင်းက ခြောက်ကပ်ကပ် ရယ်မောရင်း ပြန်ဖြေသည်။
ထို့နောက် သူကြုံတွေ့ခဲ့ရသည့် ပြဿနာအဝဝနှင့် သူတို့၏ ပစ်မှတ်ထားခြင်းကို မည်သို့မည်ပုံ ခံရနိုင်ချေရှိကြောင်းတို့ကို အသေးစိတ် ရှင်းပြလေတော့သည်။
"မင်းရဲ့အမှုကို မင်းသင့်တော်သလို ကိုင်တွယ်ပါ။ မင်းလုပ်နိုင်တာကို လုပ်ပြီး မလုပ်နိုင်တဲ့အပိုင်းကို အဲဒီအလုပ်နဲ့ သင့်တော်တဲ့သူတွေဆီ လွှဲထားလိုက်ပေါ့။”
“အထူးစစ်ဆေးရေးမှူးတွေလည်း ဒီလိုနည်းလမ်းနဲ့ပဲ အလုပ်လုပ်ကြတာပဲ။ ငါတို့အားလုံးမှာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းတွေ ရှိသလို မကျွမ်းကျင်တဲ့အပိုင်းတွေလည်း ရှိကြတာပဲလေ။ ဒါကို သတိထားပြီး ငါတို့ရဲ့တာဝန်တွေကို ခွဲဝေကိုင်တွယ်ကြတာပေါ့"
ဖုန်းလဲ့က ဆိုသည်။
"လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ထယ်ဟွေ့က သူတို့ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ လျန်ကျန်ကို စုံစမ်းစစ်ဆေးဖို့ ငါတို့ကို အကူအညီတောင်းခဲ့တာကို ငါ မှတ်မိသေးတယ်။”
“နောက်ဆုံး ငါ သိထားသလောက်တော့ သူ အခုဆို ရွှေအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ"
"သူ့ရဲ့ အဂ္ဂိရတ်ပညာ လေ့လာမှုတွေမှာ အမှောင်အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီး လူတွေကို စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ထယ်ဟွေ့က သံသယရှိခဲ့တာလေ။”
“ သူ့ရဲ့ ကိုယ်ပိုင်စစ်ဆေးရေးမှူးတွေနဲ့ စုံစမ်းရာမှာ တိုးတက်မှု မရှိတော့လို့ ငါတို့ကို အကူအညီတောင်းခဲ့တာ။ ငါတို့လည်း ဘာမှတော့ ရှာမတွေ့ခဲ့ပါဘူး။”
“ဒါပေမဲ့ ထယ်ဟွေ့က သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိနေတယ်။ ဒါကြောင့် သူ ဒီလိုစွပ်စွဲချက်မျိုးကို ပေါ့ပေါ့ဆဆ လုပ်မယ်လို့တော့ ငါ မထင်ဘူး"
"ဒီအကြောင်းကို ငါ ထုတ်ပြောရတာက မင်းကို သတိထားဖို့ အကြံပေးချင်လို့ပဲ။ လင်းကွေ့ရန်ကို ကိုင်တွယ်ရတာက လွယ်ကူလိမ့်မယ်။”
“အထူးသဖြင့် ထယ်ဟွေ့လို လူတစ်ယောက်အတွက်ဆို ပိုလွယ်တာပေါ့။ ဒါပေမဲ့ လျန်ကျန်ကတော့ သီးခြားကိစ္စတစ်ခုပဲ။”
“အကယ်လို့ ထယ်ဟွေ့ရဲ့ စကားတွေက အမှန်ပဲဆိုရင် လျန်ကျန်ဟာ ငါတို့ဆီကနေတောင် သူ့ရဲ့ခြေရာတွေကို ဖျောက်ဖျက်နိုင်လောက်အောင် ကျွမ်းကျင်နေတယ်ဆိုတဲ့ သဘောပဲ။”
“ဒီလောက် ဉာဏ်များတဲ့လူတစ်ယောက်က ဘာတွေလုပ်နိုင်တယ်၊ ဘာတွေမလုပ်နိုင်ဘူးဆိုတာ ပြောရခက်တယ်။ သူ့ရဲ့ နည်းလမ်းတွေက များပြားပြီး နားလည်ရခက်တယ်"
လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့က သတိပေးစကားဆိုသည်။
"လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့ရဲ့ စေတနာစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့စကားတွေကို မှတ်ထားပြီး လိုအပ်တဲ့ သတိထားမှုတွေနဲ့ လုပ်ဆောင်သွားပါ့မယ်"
ယန်ချင်းသည် လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ပြောကြားလိုက်သည်။
ထို့နောက် ဆယ်မိနစ်ခန့် အချိန်ကြာမြင့်သွားသောအခါ ကြယ်နှင်းမြူတောင်ကြား၌ ကျင့်ကြံသူလူအုပ်ကြီးဖြင့် ပြည့်နှက်လာလေသည်။
ယခုအချိန်အထိ အဆင့် (၁) ဂိုဏ်းခုနစ်ခု ရောက်ရှိနေပြီဖြစ်ပြီး ထိုခုနစ်ခုထဲတွင် မြင့်မြတ်သောနယ်မြေတစ်ခုကဲ့သို့ သတ်မှတ်နိုင်လောက်အောင် အလွန်ထင်ရှားပေါ်လွင်သော ဂိုဏ်းတစ်ခုလည်း ပါဝင်ပေသည်။
အချို့သောရှုထောင့်များမှကြည့်လျှင် ထိုဂိုဏ်းသည် အသစ်ဖွဲ့စည်းထားသော အဖွဲ့အစည်းထက်ပင် ပို၍ ရိုသေလေးစားမှုကို ရရှိထားလေသည်။
ထိုအဖွဲ့အစည်းကား အခြားမဟုတ်၊ ခန်းမတစ်ထောင်စစ်ပွဲနန်းတော်ပင် ဖြစ်လေသည်။
ထိုအဖွဲ့အစည်းသည် နှစ်ပေါင်း ၅၀၀,၀၀၀ ကျော်ခန့် ရှိပြီဖြစ်သော မြင့်မြတ်နယ်မြေများကဲ့သို့ပင် သက်တမ်းရှည်ကြာစွာ တည်ရှိလာခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်နေပေသည်။