← Chapters

ရှေးဟောင်းဒဏ္ဍာရီတစ်ပါး ပေါ်ထွက်လာခြင်း

Vol. 27 Ch. 265

ရှေးဟောင်းဒဏ္ဍာရီတစ်ပါး ပေါ်ထွက်လာခြင်း

Vol. 27 Ch. 265

ယန်ချင်းသတိထားမိလိုက်သည့် အချိန်၌ပင် နယ်ပယ်အဆင့် ဧည့်သည်အများစုမှာလည်း တူညီသော တုံ့ပြန်မှုများ ရှိနေကြကြောင်း သတိပြုမိလိုက်၏။

သို့ရာတွင် ရွှေဝါးရုံစံအိမ်မှ လင်းကွေ့ရန်နှင့် မေပယ်ရွက်စံအိမ်မှ ယန်မေ့ဖုန်းကဲ့သို့သော အချို့သူများကမူ ယန်ချင်းထက်ပင် ထိုဧည့်သည်ခြောက်ဦးကို စောစီးစွာ သတိထားမိခဲ့ပုံပေါ်ပေသည်။

မည်သည့်အချိန်ကပင် သတိထားမိခဲ့သည်ဖြစ်စေ လူတိုင်း၏ မျက်နှာပေါ်တွင်ကား အံ့အားသင့်သွားသော အမူအရာများ အထင်းသား ပေါ်လွင်နေလေသည်။

စက္ကန့်အနည်းငယ်အတွင်း ထိုဧည့်သည်ခြောက်ဦးမှာ ကြယ်နှင်းမြူတောင်ကြား၏ ဝင်ပေါက်တစ်ခု၌ ပေါ်ပေါက်လာချေပြီ။

သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယန်ချင်းက စုပိုင်သည် သူ၏ ထိုင်ခုံမှ ပျောက်ကွယ်သွားပြီး ထိုဧည့်သည်ခြောက်ဦး ပေါ်လာရာ ဝင်ပေါက်၌ ပြန်လည်ပေါ်လာကြောင်း သတိထားမိလိုက်၏။

ယန်ချင်း၏ မျက်ဆန်များမှာ ကျုံ့သွားလေသည်။ အကြောင်းမူကား သူသည် ဝိညာဉ်ကောင်စီအဖွဲ့ဝင် ပျောက်ကွယ်သွားသည်ကိုပင် အာရုံမခံမိလိုက်သောကြောင့်ပင်။

သူသည် ဧည့်သည်များနှင့်အတူ စုပိုင်ကို တွေ့လိုက်ရမှသာလျှင် ထိုအချက်ကို သတိပြုမိသွားခြင်း ဖြစ်ပေသည်။

ဧည့်သည်ခြောက်ဦးမှာ အုပ်စုနှစ်စု ကွဲနေပြီး သူတို့နှစ်စုလုံးမှာ ကွဲပြားသော ဝတ်ရုံများကို ဝတ်ဆင်ထားကြကာ ဆန့်ကျင်ဘက်ဖြစ်သော အမူအကျင့်ကိုယ်ဟန်များ ရှိကြလေသည်။

သူတို့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မိမိတို့၏ အခြေစိုက်စခန်းအတွက် ပူပန်စရာမလိုဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မည်သူက စေလွှတ်နိုင်မည်နည်းဆိုသည်မှာ ရှင်းလင်းသွားချေပြီ။

အပေါ်ယံကြည့်မည်ဆိုလျှင် ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသူ သုံးဦးသာ ရှိပေသည်။ တစ်ဦးမှာ အဖွဲ့အစည်းဖြစ်ပြီး ကျန်နှစ်ဦးမှာ မြင့်မြတ်နယ်မြေများပင် ဖြစ်ကြ၏။

ထိုဧည့်သည်ခြောက်ဦးမှာ မြင့်မြတ်နယ်မြေနှစ်ခုမှ ဖြစ်ကြပြီး ကြိုတင်သဘောတူညီထားသကဲ့သို့ နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်သုံးဦးစီကို စေလွှတ်ထားခြင်း ဖြစ်လေသည်။

အလင်းဖြာဓားဂိုဏ်းမှ အဖွဲ့သည် တောင်တစ်လုံးကို လှည့်ပတ်နေသော ဓားများ၏ အမှတ်တံဆိပ် ပါရှိသည့် မက်မွန်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြရာ ၎င်းမှာ သူတို့၏ တရားဝင်အမှတ်တံဆိပ်ပင် ဖြစ်၏။

ဦးဆောင်လာသူမှာ ဆံပင်ဖြူများကို သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး ဆံပင်တစ်ပင်မျှပင် ဖရိုဖရဲ မရှိလှသော သက်ကြီးရွယ်အိုတစ်ဦး ဖြစ်လေသည်။

သူသည် အရပ်မြင့်မားပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကာ အသေအချာ ကြည့်မည်ဆိုလျှင် သူက လမ်းလျှောက်နေခြင်းထက် မြေကြီးက သူ့ကို ရှေ့သို့ သယ်ဆောင်သွားနေသကဲ့သို့ပင် ထင်မှတ်ရပေသည်။

သူ၏ခါးတွင် ဘဝ၏ အနိမ့်အမြင့် ဒုက္ခသုခများကို ကြုံတွေ့ခဲ့ရပုံပေါ်သော မီးခိုးရောင်သစ်သားဓားအိမ်ထဲရှိ ရိုးရှင်းသည့် ဓားတစ်လက် ရှိနေ၏။

ထိုဓားအိမ်မှာ အရောင်လွင့်နေပြီး ခြစ်ရာအနည်းငယ်လည်း ရှိနေလေသည်။ မြင့်မြတ်နယ်မြေနှစ်ခုအနက်မှ တစ်ခုဖြစ်သော အလင်းဖြာဓားဂိုဏ်းမှ လူတစ်ဦးတွင် ဤကဲ့သို့သော ဓားအိမ်မျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားမည် မဟုတ်ပေ။

'သူက အဓိကအကြီးအကဲလား၊ ဒါမှမဟုတ် အမြင့်ဆုံးအကြီးအကဲလား'

ယန်ချင်းသည် သက်ကြီးရွယ်အိုထံမှ ဘေးနားရှိ လူများထံသို့ အကြည့်ရွှေ့သွားရင်း တွေးတောလိုက်လေသည်။

သူ၏အနောက်တွင် အမျိုးသားနှစ်ဦး ပါလာရာ တစ်ဦးမှာ အသက်ဆယ့်လေးနှစ်ခန့်သာ ရှိသေးပုံရ၏။ သူသည် တာအိုကျင့်ကြံသူများ၏ ဆံထုံးမျိုးဖြင့် ထုံးဖွဲ့ထားသော အနက်ရောင်ဆံပင် ရှိလေသည်။

သူ၏ မျက်ခုံးများနှင့် မျက်လုံးများမှာ ဓားသွားတစ်လက်ကဲ့သို့ ထက်မြက်နေပေသည်။ သူ၏ခါးတွင် မီးသွေးရောင် ဓားအိမ်ဖြင့် စွပ်ထားသော ရှည်လျားသည့် ဓားတစ်လက် ရှိနေလေသည်။

သာမန်လူတစ်ဦးနှင့် တူသော ရှေ့မှ သက်ကြီးရွယ်အိုနှင့် မတူဘဲ ထိုဆယ့်လေးနှစ်အရွယ် လူငယ်လေးသည် သူ၏ခန္ဓာကိုယ်မှ မခံမရပ်နိုင်လောက်အောင် စူးရှထက်မြက်သည့် အရှိန်အဝါများ ယိုစိမ့်ထွက်ပေါ်နေသောကြောင့် လူအသွင်ဆောင်ထားသော ဓားတစ်လက်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ပိုမိုအားနည်းသော ဧည့်သည်အချို့မှာ သူ့ကို အကဲခတ်ရုံမျှဖြင့် မျက်လုံးများမှ သွေးများပင် ယိုစီးကျလာကြ၏။

သို့ရာတွင် ထိုလူငယ်လေးနှင့် ပတ်သက်၍ အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ သူ၏ ဓားနှင့်တူသော အမူအကျင့်ကိုယ်ဟန် မဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့်ပင် ဖြစ်ပေသည်။

ဆယ့်လေးနှစ်ဟူသော နုနယ်လှသည့် အရွယ်တွင် သူ၏ နန်းတော်အဆင့်ကျင့်ကြံခြင်းအခြေခံကို အာရုံခံမိသောအခါ ဝါရင့်ကျင့်ကြံသူအများစု၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်သွားကြလေသည်။ ယန်ချင်းကမူ သူသည် နန်းတော်အဆင့်၏ ဒုတိယအဆင့်တွင် ရှိနေကြောင်း သိရှိသွားခဲ့၏။

သူသည် ဖုံးကွယ်ထားရန် ကြိုးစားနေသော်ငြား သူ့ထံမှ ထွက်ပေါ်လာသော မွေးရာပါမာနနှင့် မောက်မာမှုများကိုကား အခြားသူများ အာရုံခံနိုင်ပေသည်။

အလင်းဖြာဓားဂိုဏ်းမှ ဆယ့်လေးနှစ်အရွယ် နန်းတော်အဆင့် ကျင့်ကြံသူ၏ ဘေးတွင် အသက်နှစ်ဆယ်နှောင်းပိုင်းမှ သုံးဆယ်အစောပိုင်းအရွယ်ခန့်ရှိ လူငယ်တစ်ဦး ရှိနေလေသည်။

ယန်ချင်း၏ အကြည့်များ ကျဉ်းမြောင်းသွားရခြင်းမှာ ဂိုဏ်း၏ အမှတ်တံဆိပ်ဘေးတွင် အပိုသင်္ကေတတစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ ၎င်းမှာ ဓားတစ်လက် စိုက်ဝင်နေသော နှလုံးသားတစ်ခုပင်။

သူသည် ခန်းမတစ်ထောင် တိုက်ပွဲနန်းတော်၌ ယှဉ်ပြိုင်ခဲ့စဉ်က ထိုသင်္ကေတပါသော ဝတ်ရုံကို ဝတ်ဆင်ထားသူတစ်ဦးကို မြင်တွေ့ခဲ့ဖူးသောကြောင့် ထိုအရာက မည်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေသနည်းဆိုသည်ကို အလိုအလျောက် သိရှိသွားခဲ့လေသည်။

ပထမနေရာကို ရရှိခဲ့သော သူသည် အလင်းဖြာဓားဂိုဏ်းမှ ဖြစ်ပြီး သူ၏ဝတ်စုံတွင် ထိုသင်္ကေတ ပါရှိကာ အဆိုပါပုဂ္ဂိုလ်မှာ ဂိုဏ်း၏ ဓားနှလုံးသားတပည့် တစ်ဦးပင် ဖြစ်ပေသည်။

အလင်းဖြာဓားဂိုဏ်း၏ အသက်နှစ်ဆယ်နှောင်းပိုင်းမှ သုံးဆယ်အစောပိုင်းအရွယ် အဖွဲ့ဝင်သည်လည်း ဓားနှလုံးသားတပည့်တစ်ဦးဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်နေပြီး ထိုအဆင့်အတန်းမှာ တစ်ဂိုဏ်းလုံးရှိ အတော်ဆုံး ပါရမီရှင်များသာ ကိုင်ဆောင်နိုင်သော အဆင့်ပင် ဖြစ်၏။

ထိုအဆင့်ကို ကိုင်ဆောင်ထားသူ မည်သူမဆိုသည် ပါရမီရှင်ဆိုသည့် နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ထိုတပည့်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါအတက်အကျများသည် သူ၏ဘေးရှိ ဆယ့်လေးနှစ်အရွယ် နန်းတော်အဆင့် ကျင့်ကြံသူထက်ပင် ပို၍ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခြင်းက ဤအချက်ကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းမှာ သူ၏ နယ်ပယ်အဆင့် အရှိန်အဝါအတက်အကျများကြောင့်ပင် ဖြစ်ပြီး သူသည် မကြာသေးမီကမှ အဆင့်ချိုးဖောက်ထားပုံရသော်လည်း ၎င်းက မျက်စိပွင့်လင်းသွားစေသည့် အရာတစ်ခုပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူသည် အသက်သုံးဆယ်ကျော်အရွယ် နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသောကြောင့်ဖြစ်ကာ ဤသည်မှာ အသက်ဆယ့်လေးနှစ်အရွယ် နန်းတော်အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးထက်ပင် ပိုမိုရှားပါးလှပေသည်။

သူတို့၏ဘေးတွင် မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ အုပ်စုရှိနေပြီး အလင်းဖြာဓားဂိုဏ်းကဲ့သို့ပင် သူတို့သည်လည်း မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ကြလေသည်။

သူတို့သည် အစိမ်းနုရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ ဦးဆောင်လာသူမှာ အသက်သုံးဆယ်ဝန်းကျင်အရွယ်ဟု ထင်ရသော လူငယ်တစ်ဦး ဖြစ်ပေသည်။

သူ၏ဆံပင်များမှာ အနက်ရောင်ဖြစ်ပြီး ရှည်လျားကာ ကောက်နေလေသည်။ သူသည် လိင်အမျိုးအစား သို့မဟုတ် မျိုးနွယ်စုများကိုပင် ပဓာနမထားဘဲ မည်သူ့ကိုမဆို ဆွဲဆောင်နိုင်လောက်သည့် ဤလောကနှင့်မတူသော အလှတရားမျိုးကို ပိုင်ဆိုင်ထားချေသည်။

သူ၏အနောက်တွင် လူငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦး ပါလာကြရာ မိန်းမပျိုမှာ သူတို့နှစ်ဦးအနက် ပို၍ ရင့်ကျက်ပုံရလေသည်။

ထိုလူငယ်မှာ ဆယ်ကျော်သက်အရွယ်နှောင်းပိုင်းမှ အသက်နှစ်ဆယ်အစောပိုင်းအရွယ်ဟု ထင်ရပေသည်။ ယန်ချင်း ခန့်မှန်းနိုင်သလောက်တော့ ထိုလူငယ်မှာ သူ့ထက် အသေအချာကို ငယ်ရွယ်သော်လည်း အများကြီး ကွာဟပုံတော့ မပေါ်ချေ။

သို့သော်လည်း အသက်ပိုငယ်သည့်တိုင်အောင် ထိုလူငယ်သည် သူ့ထက်ပို၍ မြင့်မားသော ကျင့်ကြံခြင်းအခြေခံတစ်ခု ရှိနေပြီး သိသိသာသာကို ပိုမိုမြင့်မားနေခြင်းပင်။ ထိုလူငယ်သည် နန်းတော်အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

'သူက...'

ယန်ချင်း တွေးတောလိုက်မိ၏။

ငယ်ရွယ်သော အသက်အရွယ်နှင့် မြင့်မားလှသော ကျင့်ကြံခြင်းအခြေခံတို့အရ မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသူ တစ်ဦးတည်းသာ ရှိလေရာ သူသည် အသက်ဆယ့်တစ်နှစ်အရွယ်တွင် နန်းတော်အဆင့်သို့ ချိုးဖောက်နိုင်ခဲ့သည့် လွန်ခဲ့သော ရာစုနှစ်တစ်ခုအတွင်း အသက်အငယ်ဆုံး နန်းတော်အဆင့် ကျင့်ကြံသူအဖြစ် စံချိန်တင်ထားသူပင် ဖြစ်၏။

အကယ်၍ သူမြင်ခဲ့ရသောသူသည် ထိုသူနှင့် တစ်ဦးတည်းသာဖြစ်လျှင် ဤမျှ အဓိပ္ပာယ်မဲ့သော ကျင့်ကြံခြင်းအဆင့်မှာ လက်ခံနိုင်စရာ ဖြစ်သွားချေပြီ။ ထိုအချိန်မှစ၍ ဆယ်နှစ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

သူ၏ဘေးမှ မိန်းမပျိုမှာ အသက်သုံးဆယ်နှောင်းပိုင်းအရွယ်ခန့် ရှိပုံရပြီး အလင်းဖြာဓားဂိုဏ်းဘက်မှ ဓားနှလုံးသားတပည့်ကဲ့သို့ပင် နယ်ပယ်အဆင့်၏ ပထမအဆင့်တွင် ရှိနေပေသည်။

မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ တပည့်နှစ်ဦးလုံး၏ ဝတ်ရုံပေါ်တွင် ရွှေရောင်သစ်ရွက်သင်္ကေတ ပါရှိကြရာ ၎င်းသည် အလင်းဖြာဓားဂိုဏ်းမှ ဓားနှလုံးသားတပည့်များနှင့် ညီမျှသည့် သူတို့နှစ်ဦးစလုံး ဂိုဏ်း၏ သူတော်စင်တပည့်များဖြစ်ကြောင်း မီးမောင်းထိုးပြနေသည့် သင်္ကေတအဖြစ် မှတ်မိလိုက်လေသည်။

.....

"တာအိုရောင်းရင်းဟန်မုန့်၊ တာအိုရောင်းရင်းလော့ယုံ... ကျုပ်တို့ရဲ့ နှိမ့်ချတဲ့ ပွဲတော်အတွက် အချိန်မီ ရောက်လာနိုင်ကြလို့ ဝမ်းသာမိပါတယ်"

ဝိညာဉ်ကောင်စီအကြီးအကဲ စုပိုင်က အလင်းဖြာဓားဂိုဏ်း အကြီးအကဲနှင့် မြစ်ဝှမ်းစီးဝင်ဂိုဏ်း အကြီးအကဲတို့ထံသို့ အသီးသီး နှုတ်ဆက်ရင်း ပြောလိုက်လေသည်။

All Chapters