← Chapters

အခမ်းအနား စတင်ခြင်း

Vol. 27 Ch. 266

အခမ်းအနား စတင်ခြင်း

Vol. 27 Ch. 266

"ကျုပ်တို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ တာအိုရောင်းရင်း ဟန်မန်နဲ့ လမ်းမှာဆုံလို့ စကားပြောရင်း လာခဲ့ကြတာပါ။ ကျုပ်တို့ နောက်ကျသွားတာကို ခွင့်လွှတ်ပေးပါ တာအိုရောင်းရင်း"

မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ အကြီးအကဲလော့ယုံက မျက်နှာပေါ်တွင် ယဉ်ကျေးသောအပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"တောင်းပန်စရာမလိုပါဘူး။ ခင်ဗျားတို့နှစ်ယောက်စလုံး ရောက်လာနိုင်တဲ့အတွက် အဖွဲ့အစည်းက ကျုပ်တို့ ဝမ်းသာမိပါတယ်။”

ဝိညာဉ်ကောင်စီ အကြီးအကဲစုပိုင်က ချောမွေ့စွာ ပြောဆိုလိုက်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်းရင်း"

အကြီးအကဲနှစ်ဦးလုံးက ပြိုင်တူပြောလိုက်ကြ၏။

"ကြွပါခင်ဗျာ"

ဝိညာဉ်ကောင်စီ အကြီးအကဲစုပိုင်သည် သက်ဆိုင်ရာ မြင့်မြတ်နယ်မြေအသီးသီးမှ တပည့်များနှင့်အတူ အကြီးအကဲနှစ်ဦးကို စင်မြင့်ပေါ်သို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။

စင်မြင့်ပေါ်တွင် ပြင်ဆင်ပေးထားသော ထိုင်ခုံများအနက် သုံးပုံတစ်ပုံကို မြင့်မြတ်နယ်မြေမှ အဖွဲ့ဝင်များအတွက် အမြဲတမ်း သီးသန့်ဖယ်ထားလေ့ရှိသည်။

သို့သော်လည်း ယန်ချင်း သိထားသလောက်ဆိုလျှင် မည်သည့် မြင့်မြတ်နယ်မြေကမျှ လာရောက်ခြင်းမရှိသောကြောင့် ထိုထိုင်ခုံများမှာ ဘယ်သောအခါမှ လူပြည့်လေ့မရှိပေ။

အခမ်းအနားမည်မျှပင် ကြီးကျယ်ခမ်းနားပါစေ သူတို့က ဘယ်တုန်းကမှ ပေါ်မလာခဲ့ကြချေ။

...

နေရာအသီးသီးရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။

အဆင့် (၁) နေရာဖြစ်စေ၊ အဆင့် (၅) နေရာဖြစ်စေ အရေးမကြီးဘဲ အားလုံး၏ မျက်နှာပေါ်တွင် တူညီသော အမူအရာများရှိနေကြပြီး ယင်းမှာ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် အံ့ဩမှုတို့ပင် ဖြစ်လေသည်။

မြင့်မြတ်နယ်မြေ နှစ်ခုမှ တပည့်များနှင့် တွေ့ဆုံရခြင်းမှာ အဖြစ်များသည့်ကိစ္စမဟုတ်သော်လည်း အချို့သော အဆင့်မြင့် အဖွဲ့အစည်းများသည် သူတို့နှင့် အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေးရှိခဲ့ဖူးပြီး ခန်းမတစ်ထောင် တိုက်ပွဲနန်းတော်မှာ ယင်းကဲ့သို့သော အဖွဲ့အစည်း၏ အကောင်းဆုံးဥပမာတစ်ခု ဖြစ်ပေသည်။

တိုက်ပွဲနန်းတော်၏ သက်တမ်းမှာ မြင့်မြတ်နယ်မြေ နှစ်ခုနှင့် အတူတူလောက်ပင် ဖြစ်တည်လာခဲ့သော်လည်း ၎င်းတို့ကို မြင့်မြတ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် အရည်အချင်းပြည့်မီစေမည့် အချက်တစ်ချက် လိုအပ်နေသောကြောင့် မြင့်မြတ်နယ်မြေဟူသော ဂုဏ်ပုဒ်သို့ ဘယ်သောအခါမှ မရောက်ရှိခဲ့ပေ။

သို့ရာတွင် ယင်းသို့ဖြစ်နေသည့်တိုင်အောင် သူတို့သည် မြင့်မြတ်နယ်မြေနှစ်ခုမှ အဖွဲ့ဝင်များနှင့် ပုံမှန်အဆက်အသွယ်ရှိသော လက်တစ်ဆုပ်စာ အဖွဲ့အစည်းအနည်းငယ်ထဲမှ တစ်ခုဖြစ်လေသည်။

ဤမြင့်မြတ်နယ်မြေ နှစ်ခုလုံးမှ တပည့်များသည် သူတို့၏ လေ့ကျင့်မှုများနှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ခန်းမတစ်ထောင် တိုက်ပွဲနန်းတော်သို့ ရံဖန်ရံခါ လာရောက်စာရင်းသွင်းလေ့ရှိကြ၏။

တပည့်များသည် နှစ်တိုင်းလာရောက်ခြင်း မရှိသော်လည်း ထိုနေရာသို့ မကြာခဏ လာရောက်လေ့ရှိသူများဖြစ်ကြရာ ယင်းမှာ ယန်ချင်း၏နှစ်တွင် ဓားနှလုံးသားတပည့်တစ်ဦးပင် ပါဝင်လာရခြင်း၏ အကြောင်းရင်းဖြစ်လေသည်။

သူ၏နှစ်တွင် မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ သူတော်စင်အဆင့် ပါဝင်ယှဉ်ပြိုင်သူတစ်ဦးရှိခဲ့ကြောင်း တိုင်ချန်ထံမှ ကြားသိခဲ့ရ၏။

သူမသည် ကောင်းမွန်သော စွမ်းဆောင်ရည်ရှိခဲ့ပြီး အားစိုက်ထုတ်စရာမလိုဘဲ ပထမနေရာကို ရယူနိုင်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး ခန်းမတစ်ထောင် တိုက်ပွဲနန်းတော်သို့ ရောက်ရှိလာသည့်နှစ်နှင့်သာ တိုက်ဆိုင်မနေခဲ့လျှင် သူမသည် ပထမရရှိမည်မှာ သေချာပေသည်။

တပည့်များကို တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်း သူတို့၏ အကြီးအကဲများနှင့်ပတ်သက်လာလျှင် အပြင်အကြီးအကဲများဖြစ်စေ သို့မဟုတ် အခြားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်စေ သူတို့၏ အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ သူတို့ကို မြင်တွေ့ရရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။

သူတို့ကို မြင်တွေ့ခဲ့ရသည့် တစ်ခုတည်းသော အချိန်များမှာ အလင်းဖြာဓားဂိုဏ်းက သူတို့၏ အတွင်းအကြီးအကဲများနှင့် အတွင်းတပည့်များကို သွေးနီလှိုင်းအား တိုက်ခိုက်ရန် စေလွှတ်ခဲ့သည့် အချိန်ကဲ့သို့သော အဓိကအခါသမယမျိုးတွင်သာ ဖြစ်ပြီး ယင်းနောက်တွင် အမြင့်ဆုံးအကြီးအကဲတစ်ဦးပင် ရောက်ရှိလာခဲ့ပေသည်။

နောက်ထပ်အဖြစ်အပျက်တစ်ခုမှာ အခြားတိုက်ကြီးများမှ အဖွဲ့အစည်းများက တောင်ပိုင်းတိုက်ကြီးအား ကျူးကျော်ဝင်ရောက်စဉ်က ဖြစ်လေသည်။

ထိုအချိန်က အနောက်ပိုင်းတိုက်ကြီးမှ မြင့်မြတ်နယ်မြေတစ်ခုနှင့်အတူ ဗဟိုတိုက်ကြီးမှ အခြားအဆင့်မြင့်ဂိုဏ်းအနည်းငယ် ပါဝင်ပတ်သက်လာသောအခါ သူတို့ ဝင်ရောက်စွက်ဖက်ခဲ့ရ၏။

ထိုအချိန်က မြင့်မြတ်နယ်မြေ သုံးခုဖြစ်သော အလင်းဖြာဓားဂိုဏ်း၊ မြစ်ဝှမ်းစီးဝင်ဂိုဏ်းနှင့် အသင်္ချေသားရဲဂိုဏ်းတို့သည် တောင်ပိုင်းတိုက်ကြီးကို ဝန်းရံထားသော နယ်စပ်တစ်ခုစီကို စောင့်ကြပ်ရင်း ကျူးကျော်မှုကို ရပ်တန့်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပေသည်။

ဤမြင့်မြတ်နယ်မြေ နှစ်ခုလုံးမှ အဆင့်မြင့်အဖွဲ့ဝင်များ နောက်ဆုံးပေါ်ထွက်လာခဲ့သည့် အချိန်မှာ အသင်္ချေသားရဲဂိုဏ်း ပျက်စီးသွားစဉ်က ဖြစ်ပြီး ၎င်းတို့သည် ဤမြင့်မြတ်နယ်မြေ ပျက်စီးသွားပြီးနောက် ၎င်း၏ အဓိကရတနာများနှင့် ကျင့်စဥ်များကို ယူဆောင်သွားခဲ့သည်ဟု ယူဆရလေသည်။ ထိုအချိန်မှစ၍ သူတို့ကို မြင်တွေ့ရခြင်း မရှိသလောက်ပင် ဖြစ်သွားချေပြီ။

သို့သော် ယခုအခါ ဤနေရာတွင် သူတို့ ရောက်ရှိနေကြပြီဖြစ်သည်။ အဖွဲ့အစည်းမှ အဆင့်မြင့်အရာရှိတစ်ဦးကို လာရောက်ကြိုဆိုစေခဲ့သည့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်ကို ကြည့်ခြင်းအားဖြင့် ထိုအကြီးအကဲနှစ်ဦးမှာ အဆင့်မြင့်အကြီးအကဲများ ဖြစ်တန်ရာ၏။

ထို့အပြင် သူတို့နှင့်အတူ ကမ္ဘာကိုအံတုနိုင်သော ပါရမီများရှိသည့် လူငယ်တပည့်များကိုလည်း ခေါ်ဆောင်လာခဲ့ကြပေသည်။

အသက် ၁၄ နှစ်အရွယ် နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး၊ အသက် ၂၀ အရွယ် အထွတ်အထိပ်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အသက် သုံးဆယ်မှ သုံးဆယ်နှောင်းပိုင်းအရွယ် နယ်ပယ်အဆင့် ကျွမ်းကျင်သူနှစ်ဦးတို့ ပါဝင်လေသည်။

လူစာရင်းမှာ သွေးနီလှိုင်း၏ လူစာရင်းလောက် မထိတ်လန့်စရာကောင်းသော်လည်း ဧည့်သည်အများစုထံမှ အကြည့်များနှင့် တံတွေးမျိုချသံများကို ဆွဲဆောင်ရန် လုံလောက်ပေသည်။

ဤအခြေအနေနှင့်ပတ်သက်၍ တည်ငြိမ်နေပုံရသော တစ်ဦးတည်းသော သူများမှာ တိုက်ပွဲနန်းတော်မှ သူများနှင့် အဖွဲ့အစည်းမှ သူများသာ ဖြစ်လေသည်။

အဖွဲ့အစည်းသည် သူတို့အားလုံးထဲတွင် သက်တမ်းအနုဆုံးဖြစ်နိုင်သော်လည်း အလားအလာများအရ သူတို့အားလုံးကို ယှဉ်နိုင်ရန် လုံလောက်ပေသည်။

သူတို့တွင် မြစ်ဝှမ်းစီးဝင်ဂိုဏ်းကဲ့သို့ အသက် ၁၁ နှစ်အရွယ် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး မရှိနိုင်သော်လည်း နှစ်များတစ်လျှောက် အသက် ၁၃ နှစ်အရွယ် အနည်းငယ်ရှိခဲ့ဖူးပြီး နယ်ပယ်အဆင့်အဖွဲ့ဝင်များနှင့်ပတ်သက်လာလျှင် အသက်သုံးဆယ်လယ်ပိုင်းအရွယ် အနည်းငယ်ရှိခဲ့ဖူး၏။

အနည်းငယ်ကို အမည်နာမ ဖော်ပြရလျှင် သူတို့ထဲမှ တစ်ဦးမှာ မုန့်ချောင်ဖြစ်ပြီး နောက်တစ်ဦးမှာ ကျူးလောင်၏ ညီဖြစ်သူနှင့် ခရမ်းရောင်အဆင့် ကျင့်စဥ်လေးခုကို ဖန်တီးခဲ့သူ ကျူးလီဖြစ်လေသည်။

ဂုဏ်သတင်းနှင့်ပတ်သက်လာလျှင် ခရမ်းရောင်အဆင့်ကျင့်ကြံခြင်းသိုင်းပညာများကို ဖန်တီးခဲ့သော နယ်ပယ်အဆင့်ကျွမ်းကျင်သူတစ်ဦးက အခြားသူများကို သေချာပေါက် မှေးမှိန်သွားစေပေသည်။

အဖွဲ့အစည်းမှ အဖွဲ့ဝင်များအတွက်မူ အဖွဲ့နှစ်ဖွဲ့၏ ရုတ်တရက်ရောက်ရှိလာမှုမှလွဲ၍ ကျန်ဧည့်သည်များကဲ့သို့ ယင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားပုံ မပေါ်ပေ။

အဖွဲ့နှစ်ဖွဲ့သည် စင်မြင့်ပေါ်သို့ ရောက်ရှိလာကြရာ ကျန်ရှိနေသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူများက ယဉ်ကျေးစွာ မတ်တပ်ရပ်၍ နှုတ်ဆက်ကြပြီး အကြီးအကဲစုပိုင်က သူတို့ကို နေရာများဆီသို့ ဆက်လက်လမ်းညွှန်ခေါ်ဆောင်သွားလေသည်။

အကြီးအကဲနှစ်ဦးက အရှေ့တွင် ထိုင်ကြပြီး နှစ်ဖက်စလုံးမှ တပည့်နှစ်ဦးက သူတို့နောက်ရှိ ပိုသေးငယ်သော ခုံများတွင် နေရာယူကြ၏။

သူတို့သည် မြင့်မြတ်နယ်မြေမှဖြစ်စေကာမူ အဖွဲ့အစည်းမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများနှင့် တစ်တန်းတည်း ထိုင်ရန် အရည်အချင်းမပြည့်မီသေးပေ။

သူတို့ကို စင်မြင့်ပေါ်တွင် နေရာပေးထားခြင်းမှာ မြင့်မြတ်နယ်မြေမှ တပည့်များဖြစ်သောကြောင့် ယဉ်ကျေးမှုအရ ပေးအပ်ထားခြင်းသာဖြစ်ပြီး အခြား ဘာမျှမရှိချေ။

အကယ်၍ ကျင့်ကြံခြင်းအခြေခံအရဆိုလျှင် ထိုင်ရန်မဆိုထားနှင့် ထိုနေရာတွင် ရပ်ရန်ပင် သူတို့တွင် အရည်အချင်းမရှိပေ။

...

မိမိအပေါ် စူးစိုက်ကြည့်နေသော တိုက်ခိုက်လိုစိတ်အပြည့်ပါသည့် အကြည့်တစ်ချက်ကို ယန်ချင်း ခံစားလိုက်ရ၏။ သူသည် လက်ထောက်ညွှန်ကြားရေးမှူး ဖုန်းလဲ့၏ဘေးတွင် ထိုင်နေဆဲဖြစ်သည်။

မြင့်မြတ်နယ်မြေနှစ်ခုမှ ဧည့်သည်များ ရောက်လာသောအခါ အပေါ်ယံမျှသာဖြစ်သော ရိုသေစွာနှုတ်ဆက်ခြင်းမှလွဲ၍ သူသည် သိပ်များများစားစား မလုပ်ခဲ့ဘဲ ပြန်ထိုင်ကာ အချိန်များ မြန်မြန်ကုန်ဆုံးသွားပါစေဟုသာ ဖြည်းညင်းစွာ ဆုတောင်းနေခဲ့လေသည်။

သူသည် ခေါင်းကိုမလှည့်ဘဲ တိုက်ခိုက်လိုသောအကြည့်၏ အရင်းအမြစ်ဆီသို့ မျက်လုံးများကိုသာ အနည်းငယ် ရွှေ့ကြည့်လိုက်ရာ အလင်းဖြာဓားဂိုဏ်းမှ အသက် ၁၄ နှစ်အရွယ် နန်းတော်အဆင့်ကျွမ်းကျင်သူထံမှ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်မသွားခဲ့ချေ။

"သူက ဓားနှလုံးသားတပည့် မဟုတ်ပါလား"

ယန်ချင်းသည် အရှေ့သို့ အကြည့်ပြန်လွှဲကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ အကြီးအကဲက အသက် ၂၀ အရွယ် အထွတ်အထိပ် နန်းတော်အဆင့် ကျွမ်းကျင်သူနှင့်အတူ သူ့ကို ထူးဆန်းသော အကြည့်တစ်ချက်ဖြင့် ကြည့်ခဲ့သောကြောင့် ပထမဆုံး နှုတ်ဆက်ချိန်တွင် အနည်းငယ် အာရုံလွင့်သွားခဲ့ပြီး ယင်းက သူ့ကို ခဏတာ တွေဝေသွားစေခဲ့သည်။

သို့သော် ယခုအခါ အဆိုပါအတွေ့အကြုံကို ပြန်လည်စဉ်းစားရန် အချိန်ရလာသည့်အပြင် ယခုလေးတင် ကြည့်လိုက်ရသော ခဏတာအကြည့်တို့အရ အလင်းဖြာဓားဂိုဏ်းမှ အသက် ၁၄ နှစ်အရွယ် နန်းတော်အဆင့် ကျွမ်းကျင်သူ၏ ဝတ်ရုံပေါ်တွင် သူ၏ဘေးရှိ အစောပိုင်းနယ်ပယ်အဆင့် ကျွမ်းကျင်သူနှင့်မတူဘဲ ဓားနှလုံးသားတပည့် အမှတ်အသား မရှိကြောင်း သတိပြုမိသွားလေသည်။

ယန်ချင်း သိထားသလောက်ဆိုလျှင် ဓားနှလုံးသားတပည့်တစ်ဦးဖြစ်လာရန် ကြိုတင်လိုအပ်ချက်များထဲမှ တစ်ခုမှာ ဂိုဏ်း၏စံနှုန်းအရ ဓားပညာအတွက် ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပြသနိုင်ရမည့်အပြင် ခရမ်းရောင်အမြုတေတစ်ခု ပိုင်ဆိုင်ထားရမည်ဖြစ်သည်။

ထို့ကြောင့် သူခန့်မှန်းနိုင်သလောက် ရွှေအမြုတေအဆင့်တွင် ရှိနေသရွေ့ ဓားနှလုံးသားတပည့်တစ်ဦး ဖြစ်နိုင်ပေသည်။

သူတို့၏နှစ်တွင် ပထမနေရာကို ရယူခဲ့သော ဓားနှလုံးသားတပည့်မှာလည်း သူတို့ကဲ့သို့ပင် ရွှေအမြုတေအဆင့်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေခဲ့၏။

အဆိုပါ အသက် ၁၄ နှစ်အရွယ် နန်းတော်အဆင့် ကျွမ်းကျင်သူမှာ သူ၏ လက်ရှိအောင်မြင်မှုများရှိနေသည့်တိုင်အောင် အဘယ်ကြောင့် ဓားနှလုံးသားတပည့်တစ်ဦး မဖြစ်ရသနည်းဟူသော နောက်ကွယ်မှအကြောင်းရင်းတစ်ခုခု ရှိရမည်ဟု ယန်ချင်းမချင့်မရဲ မှန်းဆမိလေသည်။

ယန်ချင်း ခန့်မှန်းနိုင်သလောက်ဆိုလျှင် တာအိုဓားပညာနှင့်ပတ်သက်လာပါက ထို ၁၄ နှစ်အရွယ် တပည့်သည် ၎င်း၏ထက်မြက်မှုကို ယိုစိမ့်ထွက်ပေါ်ခွင့်ပြုကာ ဝင့်ကြွားစွာ ပြသနေသော်လည်း ၎င်းတွင် စစ်မှန်သောပါရမီရှိပေသည်။

လက်ရှိအချိန်တွင် ထိုတပည့်သည် သူစရောက်လာချိန်က ရှိခဲ့သော လွတ်လပ်သည့်ဓားဟန်အမူအရာ မရှိတော့ဘဲ ယခုအခါ အရင်ကနှင့် လုံးဝကွာခြားစွာ အောင့်အည်းထိန်းသိမ်းကာ နူးညံ့သိမ်မွေ့နေပုံရလေသည်။

'ကိုယ်ရည်ကိုယ်သွေး ပြဿနာကြောင့်လည်း ဖြစ်နိုင်တယ်'

ယန်ချင်းသည် အချိန်ကျရောက်လာပြီဖြစ်ပုံရသဖြင့် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ရင်း တွေးလိုက်၏။

ဒုတိယဥက္ကဋ္ဌ မိုယဲ့က အဖွင့်အမှာစကားပြောကြားမည်ဟု သူမျှော်လင့်ထားခဲ့သော်လည်း တရားသူကြီးချုပ် လိုင်နင်က ထရပ်ကာ စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်သွားခဲ့လေသည်။

သူနှင့် မရင်းနှီးသော ဧည့်သည်များသည် ခရမ်းရောင်ဆံပင်နှင့် သူ၏ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်သော အဖြူရောင်ဝတ်ရုံငယ်ကို ဝတ်ဆင်ထားသည့် အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် စင်မြင့်၏ အလယ်ဗဟိုသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့ရသောအခါ အတော်လေး ရယ်စရာကောင်းသည်ဟု ထင်မြင်မိကြ၏။

သို့ရာတွင် ရေတွက်မရနိုင်သော ကြယ်ပွင့်များသာရှိသည့် မျက်လုံးများနှင့် သူလျှောက်လှမ်းလာစဉ် သူ့ထံတွင်ရှိနေသော ချိုးဖောက်၍မရနိုင်သည့် အမူအရာတို့က တက်ရောက်လာသူတိုင်းကို ရည်ရွယ်ချက်မရှိဘဲနှင့်ပင် သူတို့၏ နှလုံးသားထဲ၌ သူ့အပေါ် ရိုသေလေးစားမှု ဖြစ်ပေါ်လာစေခဲ့ပေသည်။

....

အဆင့် (၂) နေရာ….

"မေ့ဖုန်း… မေ့ဖုန်း…မေ့ဖုန်း... မင်း စိတ်ကို တည်ငြိမ်အောင်ထားဖို့ လိုတယ်။ မင်းရဲ့ စိတ်လှုပ်ရှားနေတဲ့ အခြေအနေက ပေါ်လွင်လာနေပြီ"

"တောင်းပန်ပါတယ် အစ်ကိုကွေ့ရန်"

မေပယ်ရွက်စံအိမ်မှ ယန်မေ့ဖုန်းက ပြောလိုက်၏။

"မင်းတို့ရဲ့ မေပယ်ရွက်စံအိမ်နဲ့ မြစ်ဝှမ်းစီးဝင်ဂိုဏ်းကြားမှာ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ ငါ မသိဘူး။”

“ဒါပေမဲ့ မင်းတို့အဖွဲ့အစည်းဆီကနေ ဒီလိုတုံ့ပြန်မှုမျိုးကို ငါ မျှော်လင့်ထားရမယ်ဆိုရင်တော့ ပူးပေါင်းမယ့်ကိစ္စကို ဖျက်သိမ်းလိုက်တာက ပိုကောင်းမယ်လို့ ငါထင်တယ်။”

“မြစ်ဝှမ်းစီးဝင်ဂိုဏ်းနဲ့ မင်းတို့မှာ ဘယ်လိုရန်ငြိုးမျိုးပဲရှိရှိ အဲဒီထဲကို ရွှေဝါးရုံစံအိမ်က ကြားညပ်ပါသွားတာမျိုး ငါ အဖြစ်မခံနိုင်ဘူး။”

“ငါတို့ရဲ့ အင်အားတွေအားလုံးကို ပေါင်းလိုက်ရင်တောင် သူတို့ကို ယှဉ်ဖို့မဆိုထားနဲ့ သူတို့ရဲ့ လက်အောက်ခံအင်အားစုတစ်ခုကို ယှဉ်ပြိုင်ဖို့တောင် မလွယ်ဘူး။”

“မင်းတို့မှာ သူတို့နဲ့ ဘယ်လိုပြဿနာတွေပဲရှိနေပါစေ ကြယ်တာရာဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေနဲ့ပတ်သက်တဲ့ ပြဿနာကို ငါတို့ ဖြေရှင်းလို့ မပြီးမချင်း စောင့်ရလိမ့်မယ်။”

“အဲဒါပြီးသွားရင်တော့ အမွေအနှစ်တွေကို ခွဲဝေပြီးနောက် ငါတို့လမ်း ငါတို့ ခွဲသွားလို့ရပြီ။ အဲဒီအခါကျရင် မင်းနဲ့ မေပယ်ရွက်စံအိမ်တို့က မြစ်ဝှမ်းစီးဝင်ဂိုဏ်းအပေါ်ထားတဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို မင်း ဆက်လုပ်နိုင်ပါတယ်။”

“ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်အထိ မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားပေးပါ။ အဲဒီလိုမှမဟုတ်ရင်တော့ ငါတို့ ဒီနေရာ၊ ဒီအချိန်မှာပဲ လမ်းခွဲကြတာပေါ့။”

“လက်ရှိ မြင့်မြတ်နယ်မြေတစ်ခုကို ပြစ်မှားမိမယ့်အစား မြင့်မြတ်နယ်မြေအဆင့် ဂိုဏ်းတစ်ခု ဖြစ်လာနိုင်ခြေရှိတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ အမွေအနှစ်ကို လက်လွှတ်လိုက်ရတာက ပိုကောင်းပါသေးတယ်။”

“မြင့်မြတ်နယ်မြေတွေကို ပေါ့ပေါ့တန်တန် သွားမစမ်းသင့်ဘူးဆိုတာကို သွေးနီလှိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စက အကောင်းဆုံးဥပမာပဲ"

လင်းကွေ့ရန်က လေးနက်စွာ ပြောဆိုလိုက်လေသည်။

"စိတ်မပူပါနဲ့ အစ်ကိုကွေ့ရန်။ ငါတို့ရဲ့ သဘောတူညီချက်နဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ထိခိုက်စေမယ့် ဘာကိုမှ မလုပ်ပါဘူးလို့ ကျုပ် ကတိပေးပါတယ်”

“ခုနက ခဏလေး အမှားလုပ်မိသွားတာပါ။ အဲဒီအတွက် အများကြီး တောင်းပန်ပါတယ်။ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး”

“ကျုပ်တို့ မေပယ်ရွက်စံအိမ်အနေနဲ့ မြစ်ဝှမ်းစီးဝင်ဂိုဏ်းလို မြင့်မြတ်နယ်မြေတစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး”

“အကယ်လို့ ကျုပ်တို့မှာ အဲဒီရည်ရွယ်ချက်သာရှိခဲ့ရင် အခြေအနေအရ တောင်းဆိုလာကတည်းက ကျုပ်တို့ အစောကြီးကတည်းက လှုပ်ရှားပြီးလောက်ပြီ။”

“အခုအချိန်မှာ ကျုပ်တို့ လုပ်ချင်တာက ရွှေဝါးရုံစံအိမ်နဲ့အတူ ကျုပ်တို့ရဲ့ အဖွဲ့အစည်း တည်ငြိမ်မှုနဲ့ တိုးတက်မှုကို သေချာစေဖို့ပါပဲ။”

“ဒါကလွဲပြီး ကျုပ်တို့မှာ တခြားဘယ်လိုအတွေးမှ မရှိပါဘူး"

ယန်မေ့ဖုန်းက ပြောလိုက်၏။

ခေါင်းဆောင်နှစ်ဦးစလုံးသည် ဆက်သွယ်ရန်အတွက် သူတို့၏ နယ်ပယ်အာရုံကို အသုံးပြုနေခဲ့ကြခြင်း ဖြစ်ပေသည်။

လင်းကွေ့ရန်သည် လေးနက်ပြီး ရိုးသားသောအမူအရာရှိနေသည့် ယန်မေ့ဖုန်းအား အကြာကြီး စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ စင်မြင့်ဆီသို့ သူ၏အာရုံကို ပြန်လည်စူးစိုက်လိုက်လေသည်။

ယန်မေ့ဖုန်းသည်လည်း ထိုနည်းတူ ပြုလုပ်ခဲ့သော်လည်း သူ၏ ဝတ်ရုံအတွင်း၌မူ ညာဘက်လက်သီးမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်ရှိ၏။

'ပိုသင့်တော်မယ့် နောက်ထပ် လက်တွဲဖော်တစ်ယောက်ကို ရှာတာ ပိုကောင်းမယ်ထင်တယ်...'

All Chapters