ထင်မှတ်မထားသော ကံကောင်းမှု
Vol. 27 Ch. 268
ထိုရှေးဟောင်းသားရဲဟိန်းဟောက်သံ၏ ဟိန်းဟောက်သံကြောင့် ကြောက်လန့်တကြားဖြစ်နေသော လူအုပ်ကြီးမှာ စင်မြင့်ထက်၌ ထူးဆန်းသောစာလုံးအချို့ လင်းလက်လာသည်ကို မြင်လိုက်ကြရ၏။
စက္ကန့်အနည်းငယ်အကြာတွင် ကြမ်းပြင်သည် ကြယ်များကင်းမဲ့နေသော ညကောင်းကင်ယံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအမှောင်ထုအတွင်း၌ ရွှေရောင်မီးပွားတစ်ခုကို မြင်တွေ့နိုင်ပြီး ၎င်းနှင့်အတူ ဝန်းကျင်တစ်ခွင်ရှိ အာကာသအပါအဝင် အရာအားလုံးကို တုန်လှုပ်သွားစေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း ထိုမီးပွားလေးသည် ဧရာမရွှေရောင်နဂါးကြီးအဖြစ်သို့ ကြီးမားလာကာ ကြယ်နှင်းမြူတောင်ကြားအထက် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့၏။
ရွှေနဂါး၏ အရွယ်အစားမှာ ကြီးမားလွန်းလှသဖြင့် လက်သည်းတစ်ခုတည်းကပင် စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေရန် လုံလောက်နေပေသည်။
နဂါးကြီး ပျံတက်သွားစဉ် ၎င်း၏အရိပ်သည် တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသော အမှောင်ထုကို ဖြစ်ပေါ်စေခဲ့သည်။
ဟိန်းဟောက်လိုက်သောအခါ ကောင်းကင်ယံကြီး လှုပ်ခတ်သွားပုံရပြီး မရေမတွက်နိုင်သော ရွှေရောင်ကြယ်များနှင့်အတူ လှည့်ပတ်နေသော ရွှေရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာ၏။
ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသော ဧည့်သည်များသည် ထိုနေရာကို ကြယ်နှင်းမြူတောင်ကြားဟု အဘယ်ကြောင့် ခေါ်ဆိုရကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားကြလေသည်။
လွန်ခဲ့သော အခိုက်အတန့်လေးက နေသာေနသော်လည်း ယခုအခါတွင်မူ အရွယ်အစားအမျိုးမျိုးရှိသော ကြယ်အစုအဝေးတို့သည် ကြယ်နှင်းမြူတောင်ကြား၏ ကောင်းကင်ယံတွင် ကခုန်နေကြပေသည်။
ဧရာမရွှေရောင်နဂါးကြီး ဖန်တီးလိုက်သော ရွှေရောင်တိမ်တိုက်သည် နေမင်းကြီးကို ဖုံးကွယ်သွားစေခဲ့ပြီဖြစ်၏။
ကောင်းကင်ယံတွင် ထောင်သောင်းချီသော ကြယ်များပါဝင်သည့် ရွှေရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေလေသည်။
“တာအိုရောင်းရင်းမိုယဲ့ ခင်ဗျားတို့ရဲ့ ဘိုးဘေးနဂါးဝိညာဉ်က အသွင်ပြောင်းသွားတဲ့ပုံပဲ။ ငယ်ရွယ်သေးပေမယ့် နောက်ဆုံးအဆင့် ဝိညာဉ်သခင်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်နေတာပဲ”
အလင်းဖြာဓားဂိုဏ်းမှ အကြီးအကဲဟန်မုန့်က သူ၏မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပလျက် ပြောလိုက်သည်။
“တာအိုရောင်းရင်းဟန်မုန့်က အမြင်စူးရှတာပဲ။ ကံကောင်းလို့ ဒီအဆင့်ကို ရောက်လာတာပါ.. အဲဒီဝိညာဉ်က လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက ဆောင်းခိုနေခဲ့တာလေ”
“ဒါက ပုံမှန်မဟုတ်တဲ့ ဘိုးဘေးနဂါးဝိညာဥ်ဖြစ်နေတော့ အလင်းဖြာဓားဂိုဏ်းနဲ့ မြစ်ဝှမ်းစီးဝင်ဂိုဏ်းတို့ မှာရှိတဲ့ အစစ်အမှန်တွေနဲ့ မယှဉ်နိုင်တဲ့အတွက် တစ်ခုခုဖြစ်သွားပြီလားလို့တောင် ကျုပ်တို့ စိုးရိမ်နေခဲ့တာ”
“လွန်ခဲ့တဲ့ ရှစ်လကမှ အပြင်ထွက်လာတာပါ။ အဲဒီလို ထွက်လာတော့ ကြီးမားတဲ့ အသွင်ပြောင်းလဲမှုကြီး ဖြစ်သွားတာကို တွေ့လိုက်ရလို့ ကျုပ်တို့တောင် အံ့သြသွားကြတယ်”
ဒုတိယဥက္ကဋ္ဌမိုယဲ့က ပြုံးယောင်သန်းလျက် ပြောလိုက်လေသည်။
“ဟုတ်လား....အဖွဲ့အစည်းအတွက် ဂုဏ်ပြုရမှာပေါ့။ အသွင်ပြောင်းသွားတဲ့အတွက် ရိတ်သိမ်းစရာ အကျိုးကျေးဇူးတွေကတော့ ရေတွက်လို့တောင် မရနိုင်တော့ဘူး”
အကြီးအကဲဟန်မုန့်က ကောင်းကင်ယံတွင် ဟိန်းဟောက်နေဆဲဖြစ်သော နဂါးကြီးထံ ကြည့်ရင်း ပြောလိုက်၏။
သို့သော် ၎င်း၏ အစောပိုင်းဟိန်းဟောက်သံများနှင့် မတူဘဲ နန်းတော်အဆင့်နှင့် အထက်ရှိသူများသည် ထိုဟိန်းဟောက်သံအတွင်း၌ တာအိုများ ဖြစ်ပေါ်လာသည်ကို သတိထားမိလိုက်ကြသည်။
ထို့နောက် ၎င်းသည် သေးငယ်သော ရွှေရောင်မြူခိုးများအဖြစ် အသွင်ပြောင်းသွားကာ ရွှေရောင်တိမ်တိုက်အတွင်းသို့ ရောနှောသွားလေတော့သည်။
“အဖွဲ့အစည်းရဲ့ တိုးတက်လာမှုက ဒီအရာနဲ့တင် အာမခံချက်ရှိနေပါပြီ။ တောင်ပိုင်းတိုက်ရဲ့ မြင့်မြတ်နယ်မြေသုံးခုထဲက တစ်ခုအဖြစ် လူအများရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့အတွက် ဂုဏ်ပြုပါတယ်”
မြစ်ဝှမ်းစီးဝင်ဂိုဏ်းမှ အကြီးအကဲလော့ယုံက ပြောလိုက်သည်။
“တာအိုရောင်းရင်းလော့ယုံကတော့ နောက်နေပြန်ပါပြီ။ ကျုပ်တို့က တိုက်ကြီးရဲ့ အစေခံတွေပါ၊ ပြီးတော့ သက်တမ်းကလည်း နုပါသေးတယ်”
“မြင့်မြတ်နယ်မြေဆိုတဲ့ ဘွဲ့နာမည်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ မထိုက်တန်သလို မစွမ်းဆောင်နိုင်သေးပါဘူး”
“ခင်ဗျားတို့ ဂိုဏ်းနှစ်ခုသာ ဒီလိုဂုဏ်သတင်းမျိုးနဲ့ ထိုက်တန်တာပါ။ အထူးသဖြင့် ပြင်ပလူတွေက တိုက်ကြီးတစ်ခုလုံးကို မျိုချဖို့ ခြိမ်းခြောက်လာတဲ့အခါ တိုက်ကြီးတစ်ခုလုံးအတွက် ရပ်တည်ပေးခဲ့တာတွေကြောင့်လေ”
“အခုရော အနာဂတ်မှာပါ ကျုပ်တို့ရဲ့ အောင်မြင်မှုတွေက အဲဒီအရာတွေနဲ့ ယှဉ်ရင် မှေးမှိန်သွားလိမ့်မယ်လို့ ထင်ပါတယ်”
ဒုတိယဥက္ကဋ္ဌမိုယဲ့က ပြောလိုက်၏။
တရားသူကြီးချုပ်လိုင်နင်က လေထဲတွင် သူ၏လက်ချောင်းဖြင့် အမိန့်စာတစ်စောင်ကို ရေးဆွဲလိုက်ပြီး ရွှေရောင်ကောင်းကင်ယံရှိ နဂါးကြီးထံသို့ ပစ်လွှတ်လိုက်စဉ် သူတို့သုံးဦးကြား၌ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
နဂါးကြီးသည် ဟိန်းဟောက်လိုက်ကာ ထိုအမိန့်စာဆီသို့ ပြေးဝင်သွားပြီး မျိုချလိုက်၏။
ချက်ချင်းပင် ၎င်းသည် ရွှေရောင်ပုလဲတစ်လုံးကို ဖန်တီးလိုက်ပြီး တရားသူကြီးချုပ်လိုင်နင်ထံသို့ ထွေးထုတ်လိုက်သည်။
နဂါးကြီးသည် အခြားအရာများထက် ပိုမိုကျယ်လောင်သော နောက်ဆုံးဟိန်းဟောက်သံတစ်ခုကို ပြုလုပ်လိုက်ရာ တက်ရောက်လာကြသော နယ်ပယ်ကျွမ်းကျင်သူများပင်လျှင် ထိုင်ခုံများပေါ်မှ ထခုန်မိမတတ် ဖြစ်သွားကြသည်။
ဟိန်းဟောက်ပြီးနောက် နဂါးကြီးသည် စင်မြင့်အလယ်တွင်ရှိသော ၎င်းပျံထွက်လာရာ ညကောင်းကင်ယံအပေါက်ဆီသို့ ပြန်လည်ဝင်ရောက်သွားလေ၏။
စက္ကန့်အနည်းငယ်အကြာတွင် စင်မြင့်ကြီး ပိတ်သွားကာ ၎င်း၏ ပုံမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။
ကောင်းကင်ယံတွင်မူ ရွှေရောင်တိမ်တိုက်များနှင့် ကြယ်များ၊ ထို့ပြင် တာအိုမြူခိုးတို့ဖြင့် ပြည့်နှက်နေဆဲပင် ဖြစ်သည်။
“ဒီနေ့ ရောက်လာပေးကြတဲ့အတွက် အဖွဲ့အစည်းက ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်လို့ သဘောထားလိုက်ပါ”
တရားသူကြီးချုပ်လိုင်နင်က ပြောလိုက်သည်။
သူ၏မျက်လုံးများအတွင်းရှိ ကြယ်များသည် သိမ်မွေ့သော အလင်းရောင်ဖြင့် လှည့်ပတ်လာကြပြီး သူက နားလည်ရခက်သော အရာတစ်ခုကို စက္ကန့်အနည်းငယ်ကြာအောင် ရေရွတ်လိုက်၏။
ချက်ချင်းပင် တိမ်တိုက်များနှင့် ၎င်းတို့အတွင်းရှိ ကြယ်များသည် ရွှေရောင်မြူခိုးငယ်များ ဝန်းရံနေသော သေးငယ်သည့် ရွှေရောင်ရေစက်လေးများအဖြစ် စုစည်းသွားကြသည်။
ထိုရေစက်လေးများသည် အောက်ဘက်ရှိ ဧည့်သည်များအပေါ်သို့ ကျဆင်းလာလေတော့သည်။
ထိုအရာ၏တန်ဖိုးကို သိသူများက ထိုရေစက်များ သူတို့အပေါ် ကျဆင်းလာသည်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားကြသည်။
သူတို့သည် အတွေးများအားလုံးကို စိတ်ထဲမှ ရှင်းထုတ်လိုက်ကြပြီး သူတို့အပေါ် ကျဆင်းလာသော ရေစက်များအတွင်းရှိ ညဏ်အလင်းများကို ခံစားကာ သန့်စင်ရန်အတွက် သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို ချက်ချင်း လည်ပတ်လိုက်ကြ၏။
ဤသို့ တုံ့ပြန်သူများမှာ အဆင့် (၁)၊ အဆင့် (၂) နှင့် ရှေးဟောင်းအဆင့် (၃) အဖွဲ့အစည်းများကဲ့သို့ ထင်ရှားသော နောက်ခံရှိသည့် ဧည့်သည်များပင် ဖြစ်ပေသည်။
သူတို့အပေါ် ကျဆင်းလာသော ရေစက်များ၏ အရေးပါမှုကို သိရှိရန် သူတို့၌ လုံလောက်သော သတင်းအချက်အလက်များ ရှိနေလေသည်။ ၎င်းမှာ သဘာဝတာအိုအားဆေးဖြစ်ပြီး ငွေဖြင့်ဝယ်ယူ၍မရနိုင်ဘဲ ကံကြမ္မာအရသာ ရရှိနိုင်သော အရာဖြစ်သည်။
ထိုရေစက်တစ်စက်တည်းကပင် နယ်ပယ်အဆင့်ဖြစ်စေ၊ ချီသန့်စင်ခြင်းအဆင့်ဖြစ်စေ မည်သည့်ကျင့်ကြံသူအတွက်မဆို ကြီးမားသော တန်ဖိုးရှိပေသည်။
၎င်းသည် သူတို့၏ခန္ဓာကိုယ်များကို သန့်စင်ပေးနိုင်ပြီး အခြေခံအုတ်မြစ်များကို ခိုင်မာစေကာ မတူညီသော တာအိုများကို နားလည်သဘောပေါက်စေနိုင်သည်။
ထို့ပြင် သူတို့၏ ဝိညာဉ်ကိုလည်း သန်စွမ်းစေနိုင်ပြီး အချို့အတွက်မူ သူတို့၏ အထူးခန္ဓာကိုယ်များကိုပင် နိုးထစေနိုင်သည်။
ဤသည်မှာ ကျင့်ကြံသူများအတွက်သာ ဖြစ်၏။ ထိုရေစက်ကို ဆေးဖော်စပ်ရာတွင် ပါဝင်ပစ္စည်းတစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ပြီး ရှေးဟောင်းပစ္စည်းတစ်ခု၏ ဝိညာဉ်ကို တိုးတကိလာစေရန်နှင့် ဝိညာဉ်မရှိသေးသော ရှေးဟောင်းပစ္စည်းတစ်ခုတွင် ဝိညာဉ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် သန့်စင်ရာတွင်လည်း အသုံးပြုနိုင်သေးသည်။
၎င်း၏ အသုံးဝင်မှုများမှာ အဆုံးအစမရှိပေ။ အကယ်၍ သူတို့ထဲမှ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့သော အားဆေးမျိုးကို လိုချင်ပါက သူတော်စင်အဆင့်သဘာဝရတနာတစ်ခုမှ ရယူရမည် သို့မဟုတ် ဘိုးဘေးနဂါးဝိညာဉ်ကြောများရှိသော မြင့်မြတ်နယ်မြေများမှ ရှာဖွေရမည်ဖြစ်သည်။
ဤရွေးချယ်စရာ နှစ်ခုလုံးသည် ၎င်းကို ရရှိရန် မည်မျှရှားပါးကြောင်း ပြသနေသော်လည်း ယခုအချိန်တွင်မူ သူတို့သည် အဖွဲ့အစည်းထံမှ အခမဲ့ ရရှိနေကြပြီ ဖြစ်လေသည်။
အားဆေး၏ တန်ဖိုးကို သိရှိသော အဆင့်မြင့်အဖွဲ့အစည်းများသည် အပျော်ရွှင်ဆုံး ဖြစ်နေကြ၏။
အဆင့်နိမ့်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် အဆင့်မြင့်အဖွဲ့အစည်းများမှ သူတို့၏ ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှုများကို သတိပြုမိသောအခါ ထိုအရာ၏ အသုံးဝင်ပုံကို များစွာမသိရှိကြသော်ငြား တန်ဖိုးရှိသောအရာဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
အများစုမှာ အဆင့်မြင့်အဖွဲ့အစည်းများမှ ဧည့်သည်များ ပြုလုပ်နေသည်ကို အတုခိုးရန် ရွေးချယ်ခဲ့ကြပြီး သူတို့အပေါ် ကျဆင်းလာသော ရွှေရောင်ရေစက်များကို သန့်စင်ရန် ကြိုးစားရင်း သူတို့၏ ကျင့်စဉ်များကို လည်ပတ်ခဲ့ကြသည်။
၎င်းသည် မည်မျှကြီးမားသော ရတနာဖြစ်ကြောင်းကို သူတို့ သိရှိသွားသောအခါ အဖွဲ့ဝင်တိုင်း၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်သွားသည့် အမူအရာများကို မြင်တွေ့လိုက်ရလေသည်။
အဆင့်တက်သွားခြင်းများ၊ ညဏ်အလင်း ပွင့်လင်းလာခြင်း၊ ဖုံးကွယ်နေသော ဒဏ်ရာများ ပျောက်ကင်းသွားခြင်း၊ အခြေခံအုတ်မြစ်များ ခိုင်မာလာခြင်းနှင့် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများ နိုးထလာခြင်းတို့သည် တာအိုရေစက်နှင့် ထိတွေ့ပြီးနောက် အချိန်တိုလေးအတွင်း ဤဧည့်သည်များ ကြုံတွေ့ခဲ့ရသော အရာအချို့ပင် ဖြစ်သည်။