← Chapters

မြို့တော်သို့

Vol. 20 Ch. 191

မြို့တော်သို့

Vol. 20 Ch. 191

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရလေသည်။

“နောက်မှ ရောပြီး ပါလာတာလားဟင်...”

ကုမင်တာ့က ခန့်မှန်းလိုက်သည်။

စွန်းကျားရှင်းကမူ စိတ်မအေးနိုင်ဘဲ ရှိနေဆဲ ပင်။

“သေသေချာချာတော့ ပြောလို့ မရဘူးလေ... တခြားသူတွေကို ထပ်မေးကြည့်ရမလားဟင်...”

သခင်မကုက တန်းပင် ပြောလိုက်သည်။

“သားတို့ကလည်း အတွေးများလိုက်တာ... သူက အစကတည်းက ရှိနေတာပဲဖြစ်ဖြစ်၊ နောက်မှ ပါလာတာပဲဖြစ်ဖြစ်... ပိုက်ဆံပေးလိုက်ရတဲ့ အဘိုးကြီးတွေကတော့ ဘယ်သူ့ထက်မဆို ပိုသိမှာပေါ့...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါမှ ဆက်လက်၍ မတွေးတော့ဘဲ ပြောလိုက်၏။

“အဒေါ်ကတော့ အတွေ့အကြုံရှိတဲ့ လူကြီးပီသပါတယ်ဗျာ... ဟုတ်သားပဲ... ပိုက်ဆံထုတ်ပေးရတဲ့သူတွေက ပိုပြီး မှတ်မိမှာပေါ့... ဘာပဲဖြစ်ဖြစ် ငွေပြား ခြောက်ဆယ်ဆိုတာ နည်းတာမှ မဟုတ်တာ... သူတို့ကတော့ အလကားတော့ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး...”

လူတိုင်း ထိုကိစ္စကို ဆက်မတွေးတော့ဘဲ၊ ကုမင်တာ့သည် ရှဲ့ရှင်းချွမ်းနှင့်အတူ လှေပတ်လမ်းပေါ်တွင် လေညင်းခံရန် ကျန်ရစ်ခဲ့ပြီး သခင်မကု နှင့် အခြားသူများမှာမူ အခန်းထဲသို့ ပြန်လာခဲ့ကြကုန်၏။

ကျန်းယွင်နန် အခန်းထဲသို့ ပြန်ရောက်ချိန်တွင် အထဲမှ ရယ်မောသံများကို ကြားလိုက်ရလေသည်။

နျိုနျိုသည် အားရပါးရ ရယ်မောနေပြီး ကိုကိုရှန်အား မေးမြန်းနေ၏။

“ကိုကိုရှန်... တကယ်ကြီးလား... မြို့တော်မှာ နှင်းလိုဖြူတဲ့ သမင်တွေ တကယ်ရှိတာလား... ပြီးတော့ အမည်းရောင်နဲ့ အဖြူရောင် ဝက်ဝံကြီးတွေရောရှိလား...”

ကိုကိုရှန်က ပြောလိုက်သည်။

“ဒါပေါ့... ကိုကိုက ညီမလေးကို လိမ်ပါ့မလားဟင်... မြို့တော်ရောက်ရင် ကိုကို လိုက်ပြမယ်လေ...”

သမီးဖြစ်သူ စိတ်ကြည်လင်နေသည်ကို မြင်ရသဖြင့် ကျန်းယွင်နန်လည်း စိတ်အေးသွားရလေသည်။

သို့သော်လည်း အားကျောက်မှာမူ ထိုစကားကို ကြားသည်နှင့် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အထဲသို့ တိုးဝင်သွားတော့၏။

“ကိုကိုရှန်... သားကိုလည်း ပြောပြဦးလေ... သားလည်း နားထောင်ချင်တယ်...”

အားကျောက်က အသည်းအသန် ပြောဆိုလိုက်လေသည်။

သခင်မကု ပင်လျှင် ဘာမှမသိသလိုဖြင့် အခန်းထဲသို့ ဝင်လာပြီး နားစွင့်နေမိရာ သူမ၏ မျက်နှာမှာ စကားပြောသူ၏ အနားသို့ပင် ရောက်လုနီးပါး ဖြစ်နေတော့၏။

ကျန်းယွင်နန်သည် မတတ်သာဘဲ ခေါင်းခါလိုက်မိသော်လည်း သူမနှင့် လျူရှောင်ရူတို့ပါ အခန်းထဲဝင်ကာ ဝိုင်း၍ နားထောင်ကြလေသည်။

လှေသည် အေးအေးဆေးဆေး ခရီးနှင်လာခဲ့ရာ၊ လမ်းတစ်လျှောက်လုံး တန့်ကျိုး ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ချေပြီ။

ဝမ်ဟယ့်နောက်သို့ လိုက်ပါလာသော လူငယ်အချို့မှာ လမ်းခုလတ် ဆိပ်ကမ်းများတွင် ဆင်းသွားခဲ့ကြသော်လည်း ယခုအခါ ထက်ဝက်ခန့်မှာ ဝမ်ဟယ့်နှင့်အတူ မြို့တော်တွင် ကံစမ်းရန် ဆုံးဖြတ်ထားကြဆဲ ပင်။

စွန်းကျားရှင်းသည် ဝမ်ဟယ့်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ယုံကြည်သော်လည်း ရင်ထဲတွင် တစ်ခုခုတော့ ခုနေဆဲ ဖြစ်၏။ ကုမင်တာ့သည် သူ၏ အတွေးကို သိရှိသဖြင့် တမင်တကာ အနားသို့ အကြိမ်ကြိမ် ချဉ်းကပ်ကြည့်ပြီးနောက် အဖြေတစ်ခု ရရှိသွားလေသည်။

“ဒီလူရဲ့ လက်ဖဝါးမှာ အသားမာတွေ ရှိနေတာကို ကြည့်ရင်... တစ်သက်လုံး ကိုယ်ခံပညာ လေ့ကျင့်လာတဲ့သူ ဖြစ်ရမယ်...”

ကုမင်တာ့က ပြောလိုက်သည်။

စွန်းကျားရှင်းသည် ထိုစကားကြောင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရ၏။

ကုမင်တာ့က ဆက်ပြောလိုက်သည်။

“သူ့ရဲ့ ပြောပြချက်အရဆိုရင်တော့... သူက ကွမ်လင်းပြည်နယ်ကပဲလေ... ငယ်ငယ်တုန်းက အခြေအနေကောင်းတော့ မိသားစုက ကိုယ်ခံပညာ သင်ခိုင်းတာပေါ့... ဒါပေမဲ့ လူဆိုးတွေနဲ့တွေ့ပြီး မိသားစု ပျက်စီးသွားလို့... အမျိုးတွေရှိတဲ့ မြို့တော်ကို ခိုလှုံဖို့ လာရတာတဲ့လေ...”

“သူ့မှာ ကွမ်လင်းပြည်နယ် အသံဝဲတာလည်း ပါသလို... စကားပြောရင်းနဲ့လည်း အဲ့ဒီဒေသရဲ့ ဓလေ့ထုံးစံတွေကို အများကြီး သိနေတာပဲ...”

ထိုစကားကို ကြားမှသာ စွန်းကျားရှင်း စိတ်အေးသွားရတော့၏။ ရေဓားပြများနှင့် ကြုံတွေ့ခဲ့ရပြီး သေဘေးမှ လွတ်မြောက်လာခဲ့သူ ဖြစ်ရာ စွန်းကျားရှင်းသည် ပုံမှန်မဟုတ်သော အရာများကို တွေ့လျှင် အတွေးများနေတတ်ခြင်း ပင်။

“ညီလေးကုရာ... ငါကပဲ လူယုတ်မာလို တွေးမိတာပါ... တော်ပါသေးတယ် ဘာမှ ထုတ်မပြောမိလို့ပေါ့...”

စွန်းကျားရှင်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

ကုမင်တာ့က နှစ်သိမ့်လိုက်၏။

“သတိရှိတာကတော့ အမြဲတမ်း ကောင်းပါတယ်... အဲ့ဒီလောက်အထိ တွေးမိတာက အမှားမဟုတ်ပါဘူး... အကယ်၍ ဒီလူက တကယ်ပဲ နောက်ခံက သန့်ရှင်းတယ် ဆိုရင်တော့... တို့တွေအတွက် အသုံးချလို့ ရတာပေါ့...”

“ညီလေးကု... ဒါက ဘယ်လို အဓိပ္ပာယ်လဲ...”

စွန်းကျားရှင်းက မေးမြန်းလိုက်သည်။

ကုမင်တာ့က ရှင်းပြလိုက်၏။

“ဒီလူငယ်က လမ်းဘေးက လာတာမှန်ပေမဲ့... အပြုအမူက စနစ်ကျသလို စည်းကမ်းလည်း သိတယ်လေ... တို့တွေနဲ့လည်း နယ်သူနယ်သားချင်း ဆိုတော့ ပိုပြီး ရင်းနှီးတာပေါ့... နောင်ကျရင် မြို့တော်ထဲမှာ တို့တွေအတွက် အဆင်မပြေတဲ့ ကိစ္စတွေရှိရင်... သူ့ကိုပဲ လွှဲပြီး ကိုင်တွယ်ခိုင်းလို့ ရတာပေါ့...”

စွန်းကျားရှင်းသည် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“မင်း ပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်...”

စွန်းမိသားစုမှာ ဒေသခံ လူကုံထံ မိသားစု ဖြစ်သဖြင့် မြို့တော်တွင်လည်း အခြေခံအုတ်မြစ် ခိုင်မာလှပေသည်။ ဝမ်ဟယ့်မှာမူ လမ်းဘေးတွင် ကျင်လည်သူ ဖြစ်သဖြင့် သတင်းအချက်အလက် အရမ်း နှံ့စပ်သည်။ အကယ်၍ သူ့ကို ကြိုတင် စည်းရုံးထားနိုင်လျှင် နောင်တွင် အသုံးဝင်သော သတင်းများကို သူက ဦးစွာ အကြောင်းကြားပေးပေလိမ့်မည်။

သူတို့ဘက်မှ ပေးဆပ်ရမည့် အရာမှာ ဝမ်ဟယ့်အား အကာအကွယ် အနည်းငယ် ပေးရန်သာ ဖြစ်ပေသည်။ ဝမ်ဟယ့်သည် မြို့တော်တွင် စနစ်တကျ နေထိုင်ရန် ကြံစည်ထားသူ ဖြစ်ရာ သူက အနှောင့်အယှက် ပေးလိမ့်မည်ကိုလည်း စိုးရိမ်စရာ မလိုပေ။

အကယ်၍ ထိုသူကသာ စည်းကမ်းမရှိ လုပ်ဆောင်လာလျှင်မူ တို့တွေက နယ်သူနယ်သားချင်းပဲ ဆိုပြီး လျစ်လျူရှုထားလိုက်ရုံနှင့် အဆင်ပြေသည်။

လှေပေါ်မှ ဆင်းချိန်တွင် ဝမ်ဟယ့်သည် သူ၏ ညီအစ်ကိုများကို ခေါ်ကာ မိသားစု နှစ်ခုလုံး၏ အထုပ်အပိုးများကို တက်တက်ကြွကြွ ဝိုင်းကူသယ်ပေးလေသည်။

ဝမ်ဟယ့်သည် အလုပ်လုပ်ရာတွင် ပါးနပ်သလို စကားပြောရာတွင်လည်း လိမ္မာလှပေသည်။ သခင်မကု နှင့် ခေတ္တမျှ စကားပြောပြီးနောက်တွင်မူ အဘွားအိုအား အစွမ်းကုန် ချော့မော့နိုင်ခဲ့ချေပြီ။

“အဒေါ့်ကို မြင်လိုက်ရတာနဲ့တင်... တကယ့်ကို ရင်းနှီးနေသလိုပဲနော်... အစကတော့ ဘာကြောင့်မှန်း မသိဘူး... အခုမှပဲ သဘောပေါက်တော့တယ်... အဒေါ်က ကျွန်တော့် မေမေ နဲ့ ရုပ်ချင်း ဆင်နေတာကိုး...”

ဝမ်ဟယ့်က လေးလေးနက်နက် ပြောလိုက်သည်။

သခင်မကုက အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

“သားက ကြည့်ရတာ အသက် နှစ်ဆယ်ကျော်ပဲ ရှိဦးမှာလေ... သားမေမေ ကော အသက် ဘယ်လောက်ရှိပြီလဲ... အလွန်ဆုံး ရှိလှ လေးဆယ်ပေါ့... အဒေါ်က အသက် ခြောက်ဆယ် ရှိတော့မှာလေ... ဘယ်လိုလုပ်ပြီး တူမှာလဲဟင်...”

ဝမ်ဟယ့်က ချက်ချင်းပင် အံ့သြဟန်ဖြင့် ပြောလိုက်သည်။

“အဒေါ်ရယ်... ကျွန်တော် ကြည့်လိုက်တော့ လေးဆယ်လောက်ပဲ ထင်တာလေ... ဘယ်သူကများ အသက် ခြောက်ဆယ် လို့ ထင်မှာလဲဟင်...”

သခင်မကုသည် ထိုစကားကြောင့် ပို၍ပင် ပျော်ရွှင်သွားရလေသည်။ သူမသည် ဝမ်ဟယ့်အား ကြည့်လေလေ ပို၍ သဘောကျလေလေ ပင်။ ဝမ်ဟယ့်၏ မိဘများ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါတွင်မူ သူမသည် သူ့အပေါ် ပို၍ပင် သနားဂရုဏာ သက်မိသွားပြီး ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်နေမိလေတော့သည်။

တန့်ကျိုးမြို့မှာ မြို့တော်နှင့် မြင်းလှည်းဖြင့် သွားလျှင် လဝက်ခန့်သာ ဝေးသဖြင့် ကုမိသားစု နှင့် စွန်းမိသားစု တို့မှာ မြင်းလှည်းများ ငှားရမ်းကာ မြို့ထဲသို့ ဝင်ရောက်ခဲ့ကြကုန်၏။

သခင်မကုသည် မြင်းလှည်းပေါ် ရောက်သောအခါ အပြင်သို့ လှမ်းကြည့်ရင်း သူမ၏ မိသားစုအား ပြောလိုက်သည်။

“ဒီလူငယ်လေးကတော့ စကားပြော အရမ်း ချိုတာပဲနော်... နောင်ကျရင် မြို့တော်မှာ သေချာပေါက် ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာပဲ...”

ကျန်းယွင်နန်က ပြောလိုက်၏။

“မေမေ က သူ့ကို သဘောကျတယ် ဆိုရင်လည်း... နောက်ကျရင် ထမင်း ခဏခဏ ဖိတ်ကျွေးလိုက်ပေါ့... မွေးစားသား အဖြစ်တောင် လက်ခံလို့ ရတာပဲလေ...”

သခင်မကုသည် ထိုစကားကြောင့် စိတ်လှုပ်ရှားသွားသော်လည်း မကြာခင်မှာပင် ပြန်ပြောလိုက်သည်။

“ထားလိုက်ပါတော့... ဆွေမျိုးတော်စပ်တယ် ဆိုတာ ကိစ္စကြီးလေ... သေသေချာချာ ထပ်စဉ်းစားရဦးမှာပေါ့...”

အဘွားအိုသည် အတွေ့အကြုံများသူ ဖြစ်ရာ တဖက်လူက ဤမျှအထိ အလိုက်သိနေခြင်းမှာ ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့၏ မျက်နှာကြောင့် ဖြစ်မှန်း သူမ သိရှိထားပေသည်။ သူမအား တကယ်ပဲ သဘောကျနေခြင်းမျိုး မဟုတ်သည်မှာ သေချာလှပေသည်။

နျိုနျိုသည် ခေါင်းလေးစောင်းကာ စကားပြောရန် ပြင်ပြီးမှ ပြန်ငြိမ်သွားလေသည်။

ကျန်းယွင်နန်က မေးလိုက်၏။

“လိမ္မာတဲ့ကလေးလေး... ဘာပြောချင်လို့လဲဟင်...”

နျိုနျိုသည် ကျန်းယွင်နန်အား ဖုံးကွယ်ထားလိုစိတ် မရှိသဖြင့် မိခင်ဖြစ်သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“မေမေ... အဲ့ဒါက အစ်မကြီး တစ်ယောက်လေ... ဘာလို့ အားလုံးက လူငယ်လေးလို့ ပြောနေကြတာလဲဟင်...”

ကျန်းယွင်နန်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ထိတ်လန့်သွားရ၏။

သူမသည် ဝမ်ဟယ့်၏ ပုံစံကို သေသေချာချာ ပြန်လည် စဉ်းစားကြည့်လိုက်ရာ အရပ်ပုသည်မှလွဲလျှင် သူ၏ ကိုယ်ဟန်နှင့် အသံမှာ ယောကျ်ားလေး တစ်ဦးနှင့် ခွဲခြား၍ မရနိုင်လောက်အောင် ရှိနေသည်။

“ဒါ တကယ်လားဟင်...”

ကျန်းယွင်နန်က မေးမြန်းလိုက်သည်။

နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြ၏။

“နျိုနျို ကတော့ မှားမှာ မဟုတ်ပါဘူးနော်...”

ဘေးနားမှ သခင်မကုက မေးလိုက်သည်။

“သားအမိ နှစ်ယောက် ဘာတွေ တိုးတိုးတိုးတိုး ပြောနေကြတာလဲဟင်... အဖွားကိုလည်း ပေးနားထောင်ဦးလေ...”

အားကျောက်ကလည်း မိခင်နှင့် ညီမဖြစ်သူအား စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။

နျိုနျို စကားပြောရန် ပြင်လိုက်သော်လည်း ကျန်းယွင်နန်က တားမြစ်လိုက်၏။

“မေမေရယ်... ဘာမှ မဟုတ်ပါဘူး... ကလေးတွေအကြောင်းပါ...”

ကျန်းယွင်နန် တွေးတောနေမိသည်မှာ အကယ်၍ ဝမ်ဟယ့်မှာ တကယ်ပဲ မိန်းကလေး တစ်ဦး ဖြစ်နေပြီး ယောကျ်ားလေးအသွင်ဖြင့် အပြင်ထွက်နေရသည် ဆိုပါက သူမတွင် မတတ်သာသော အကြောင်းရင်း တစ်ခုခု ရှိရပေမည်။ သခင်မကု ရော အားကျောက် ရောမှာ စကားလုံသော သူများ မဟုတ်ကြရာ ထိုကိစ္စကို အလျင်စလို ပြောပြလိုက်ပါက ပြဿနာများ ဖြစ်လာမှာကို သူမ စိုးရိမ်မိခြင်း ပင်။

သခင်မကုကလည်း ထပ်မံ၍ မမေးတော့ဘဲ မြင်းလှည်းလိုက်ကာကို မ လျက် အပြင်သို့ လှမ်းကြည့်နေမိသည်။

မြို့တော်၏ အဝင်ဝ ဖြစ်သော တန့်ကျိုးမြို့မှာ သင်္ဘောများ ဆိပ်ကပ်သည့် အချိန်တိုင်း အလွန်ပင် စည်ကားလှပေသည်။ ယခုအခါ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေတော့၏။

သခင်မကုသည် မျက်စိပင် မလွှဲနိုင်အောင် ဖြစ်နေရရှာသည်။ သူမသည် အချိန်အတော်ကြာ မှင်တက်နေပြီးနောက် လမ်းတစ်လျှောက်လုံး လိုက်ကာကို မ လျက် မြို့တော် တံခါးဝအထိ လှမ်းကြည့်နေမိလေသည်။

မြင်းလှည်းသည် တဖြည်းဖြည်းနှင့် ရပ်တန့်သွား၏။

မြင်းလှည်းမောင်းသူက ပြောလိုက်သည်။

“အဘွား၊ သခင်မ နဲ့ သခင်လေး တို့ ခဏလောက် စောင့်ပေးပါဦးနော်... ဒီနေ့ ဘာနေ့လဲ မသိပါဘူး... မြို့တံခါးဝမှာ လူတွေ အရမ်း များနေတော့... တန်းစီရတာ ရက်နည်းနည်းလောက် ကြာမလားတောင် မသိဘူးနော်...”

မြင်းလှည်းမောင်းသူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အနောက်ဘက်မှ အလွန်ပင် မောက်မာလှသော အသံတစ်ခုထွက်ပေါ်လာလေတော့သည်။

“ဖယ်ကြစမ်း... ဖယ်ကြစမ်း... ရှန့်ကုန်းမြို့စားရဲ့ မြင်းလှည်း လာနေပြီလေ... အားလုံး ရှောင်ကြစမ်း...”

All Chapters