ကြမ်းတမ်းခြင်း
Vol. 20 Ch. 194
သို့သော်လည်း ကျန်းယွင်နန်က ပြောလိုက်သည်။
“မေမေရယ်... အဲ့ဒါက လူရှုပ်လူပွေ တစ်ယောက်ရဲ့ စကားတွေပဲလေ... ဘာလို့ စိတ်ထဲ ထည့်ထားနေရတာလဲဟင်...”
သခင်မကုက ခေါင်းခါလျက် ပြန်ပြောလိုက်၏။
“တို့ မိသားစုက ကွမ်အန်းမြို့နယ်မှာ နေတာ မဟုတ်ဘူးနော်... မြို့တော်ကို ရောက်လာတော့... လူတွေရဲ့ အကြည့်တွေက ကောင်းကင်ပေါ်မှာပဲ ရှိနေကြတာလေ... အဝတ်အစားကို ကြည့်ပြီးမှ လူကို ဆက်ဆံတတ်ကြတာက ရှေးကတည်းက ရှိနေတဲ့ ဓလေ့ပဲ မဟုတ်လား... အကယ်၍ တို့ မိသားစုမှာသာ ကိုယ်ပိုင် မြင်းလှည်း ရှိပြီးတော့၊ အစေခံတွေသာ ပါခဲ့မယ် ဆိုရင်... သားလတ် ဒီနေ့ အချည်းနှီး အရိုက်ခံရမှာ မဟုတ်ဘူးလေ...”
ကျန်းယွင်နန်မှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရရှာသည်။
သခင်မကုက ဆက်ပြောလိုက်၏။
“သားလတ် က အရိုက်ခံရပေမဲ့ ဒဏ်ရာ မရခဲ့တာကို ငါ သိပါတယ်... ဒါပေမဲ့ အစေခံသာ ရှိခဲ့မယ် ဆိုရင်တော့... အဲ့ဒီ လူရှုပ်လူပွေကို အစေခံတွေကပဲ တားဆီးရမှာ မဟုတ်လား... ငါကတော့ သားလတ် အရိုက်ခံရတာထက်စာရင်... အစေခံတွေကို ပိုက်ဆံ ပိုပေးပြီး ချော့ရတာကိုပဲ ပိုသဘောကျတယ်လေ...”
သခင်မကုသည် သူမအနေဖြင့် လူသားဆန်မှု ကင်းမဲ့နေသည်ကို ဝန်ခံသော်လည်း သူမသည်လည်း မိခင်တစ်ဦးပင်။
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်ပြီး ထပ်မံ၍ မဖျောင်းဖျတော့ဘဲ ပြောလိုက်သည်။
“မေမေ ပြောတာလည်း ဟုတ်ပါတယ်လေ... မေမေလည်း အသက်ကြီးပြီ ဆိုတော့ အလုပ်အကျွေးပြုဖို့ လူအချို့ကို ဝယ်ရမှာပေါ့... ကျွန်မကတော့ ငယ်သေးတော့ လူရှိဖို့ မလိုပါဘူးနော်...”
သခင်မကုသည် ထိုစကားကြောင့် စိုးရိမ်သွားရ၏။
“ငါက လှုပ်လှုပ်ရှားရှား မလုပ်နိုင်တာ မဟုတ်ပါဘူး... ငါ့ဘေးနားမှာ အစေခံတွေ ရှိနေဖို့ပဲ လိုတာလေ... ငါ့စကားကို နားထောင်စမ်းပါ... ညည်းက အပြင်သွားလာနေရတဲ့သူ ဆိုတော့... မျက်နှာပွင့်အောင်လို့ အစေခံတွေ လိုအပ်တယ်လေ... ငါကတော့...”
“မေမေက တခြားသူရဲ့ အလုပ်အကျွေးကို မခံချင်သလိုပဲ... ကျွန်မလည်း မလိုချင်ပါဘူးနော်...”
ကျန်းယွင်နန်က ပြောလိုက်သည်။
သခင်မကုသည် သက်ပြင်းကြီး တစ်ချက် ချလိုက်ပြီး ပြောလိုက်၏။
“ညည်းက ကိုယ့်အတွက် မတွေးရင်တောင်မှ... နျိုနျို အတွက်တော့ တွေးပေးဦးလေ... ဒီနေ့ ဟို ကောင်မလေးကို ကြည့်စမ်းပါဦး... သူက နျိုနျို နဲ့ အရပ်ချင်း အတူတူပဲကို... သူ ဘယ်လောက်တောင် ခမ်းနားလဲဟင်... အစေခံတွေ ဝန်းရံနေတာလေ... ညည်းကော နျိုနျိုလေး ကို အဲ့ဒီလိုမျိုး မဖြစ်စေချင်ဘူးလားဟင်...”
ကျန်းယွင်နန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“မေမေရယ်... ကျွန်မလည်း အဲ့လိုမျိုး ဖြစ်စေချင်တာပေါ့... ဒါပေမဲ့ ခမ်းနားတယ် ဆိုတာကလည်း တို့ တတ်နိုင်သလောက်ပဲ လုပ်ရမှာလေ...”
“ကျွန်မက အစေခံ မလိုချင်သလိုပဲ... နျိုနျို လည်း လိုချင်မှာ မဟုတ်ပါဘူး... အကယ်၍ တကယ် ဝယ်မယ် ဆိုရင်တော့... အားလုံးအတွက်ပါ ပေါင်းပြီး ဝယ်ရမှာပေါ့နော်...”
သခင်မကုသည် သူမ၏ ချွေးမကို ပြော၍ မရမှန်း သိလိုက်သောအခါ ပြောလိုက်လေသည်။
“ညည်းတို့ ချွေးမတွေကတော့လေ... ယောက္ခမ တစ်ခွန်းပြောရင် ဆယ်ခွန်းလောက် ပြန်ပြောဖို့ အမြဲ အဆင်သင့်ပဲနော်... ငါတော့ ညည်းတို့ကို မနိုင်တော့ပါဘူး...”
ကျန်းယွင်နန်က ပြောလိုက်၏။
“ဒါဆို တို့တွေ မနက်ဖြန်ကျရင် အတူတူ အပြင်ထွက်ကြမလားဟင်... မေမေ့ကို အလုပ်အကျွေး ပြုမယ့်သူကိုတော့ မေမေ ကိုယ်တိုင်ပဲ ရွေးရမှာပေါ့နော်...”
သခင်မကုသည် မတတ်သာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ငါက ကျေးလက်က မိန်းမ တစ်ယောက်ပါ... ငါ့ဘဝမှာ အစေခံတွေရဲ့ အလုပ်အကျွေးကို ခံရမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူးနော်...”
ကုန်းမင်းကြီး အိမ်တော်မှ မြင်းလှည်းပေါ်တွင်မူ ကုန်းမင်းကြီး ကတော်သည် သူမ၏ သမီးဖြစ်သူအား ဆူပူဆုံးမနေတော့၏။
“ဘယ်သူက နင့်ကို မြင်းလှည်းထဲကနေ ခိုးထွက်ခိုင်းလို့လဲဟင်...”
ချင်ကျင့်ရှုသည် ထိုစကားကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
“မေမေရယ်... သမီးက မျက်နှာဖုံး ဝတ်ထားတာလေ... ဘယ်သူမှ သမီးရဲ့ မျက်နှာကို မမြင်ရပါဘူး... အစေခံတွေလည်း ပါတာဆိုတော့... သမီးရဲ့ နာမည်ကို မထိခိုက်ပါဘူးနော်...”
သမီးဖြစ်သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုန်းမင်းကြီး ကတော်က ပြောလိုက်၏။
“နင်က သူတို့နဲ့ မတူဘူးလေ... သခင်မလေး တစ်ဦး ပီပီ တည်တည်ငြိမ်ငြိမ်နဲ့ သိက္ခာရှိရှိ နေရမှာပေါ့... ငါ နင့်ကို အကြိမ်ကြိမ် ပြောခဲ့ဖူးတာလေ... ဘာလို့ မမှတ်မိတာလဲဟင်...”
ချင်ကျင့်ရှုသည် အကျိုးအကြောင်း ပြောပြ၍ မရမှန်း သိလိုက်သောအခါ အတိတ်က အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ဖူးသကဲ့သို့ ခေါင်းငုံ့ကာ အမှားဝန်ခံလိုက်လေတော့သည်။
“မေမေ... သမီး အမှားပါ... သမီး ကိုကို့ အတွက် စိုးရိမ်လွန်းလို့ ရှေ့ထွက်မိသွားတာပါ...”
သမီးဖြစ်သူ အမှားဝန်ခံသည်ကို မြင်မှသာ ကုန်းမင်းကြီး ကတော်၏ မျက်နှာမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး ပြောလိုက်၏။
“သူတို့က အောက်ခြေ လူတန်းစားတွေပဲလေ... ပိုက်ဆံပေးလိုက်ရင် ပြီးနေတာကို... ဘာလို့ ကိုယ်တိုင် သွားပြီး တောင်းပန်နေရတာလဲဟင်...”
ချင်ကျင့်ရှုသည် ငယ်သော်လည်း အမြင်ကျယ်သူ ဖြစ်ရာ ပြောလိုက်သည်။
“မေမေရယ်... အဲ့ဒီ လူကြီးမင်း က အခုတင် အစိုးရစာမေးပွဲမှာ ဒုတိယ ရထားသူလေ... ပြီးတော့ ဟန်လင်းကျောင်းတော်ထဲကိုလည်း ဝင်သွားပြီ မဟုတ်လား... အဲ့ဒီ နေရာကို ရောက်တဲ့သူတွေက အမတ်ကြီးတွေ ဖြစ်လာကြတာလေ... တို့တွေ လွယ်လွယ်နဲ့တော့ ပြဿနာ မရှာသင့်ဘူးနော်...”
ကုန်းမင်းကြီး ကတော်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“အစိုးရစာမေးပွဲ ဆိုတာ သုံးနှစ်မှ တစ်ခါ ကျင်းပတာလေ... ဒုတိယ ရတဲ့သူ ဆိုတာလည်း သုံးနှစ်မှ တစ်ယောက်ပဲ ရှိတာလေ... ကြားရတာတော့ ခမ်းနားသလို ရှိပေမဲ့... သေသေချာချာ တွက်ကြည့်ရင် ဘယ်နှယောက်ကများ အမတ်ကြီးတွေ ဖြစ်လာကြလို့လဲဟင်... အမတ်ကြီး ဖြစ်ရတာကသာ အဲ့ဒီလောက်အထိ လွယ်မယ် ဆိုရင်တော့... လမ်းဘေးမှာ နာမည်ပျက်နေတဲ့ သူတွေတောင် ဖြစ်ကုန်မှာပေါ့...”
ကုန်းမင်းကြီး ကတော်၏ အဂုဏ်ယူဆုံး အရာမှာ သူမ၏ ဖခင်အိုကြီး ပင် ဖြစ်ချေသည်။ သာမန် အစိုးရစာမေးပွဲ အောင်မြင်သူများကိုမူ သူမက အလေးမထားဘဲ သူမ၏ စကားလုံးများမှာလည်း ကဲ့ရဲ့ပြစ်တင်မှုများဖြင့် ပြည့်နှက်နေတော့၏။
ချင်ကျင့်ရှုသည် သက်ပြင်းချလျက် ပြောလိုက်သည်။
“ကိုကိုက အခုတင် ဒုတိယဆု ရထားတဲ့သူကို နှင်တံနဲ့ ရိုက်ခဲ့တာလေ... ဒါကို ဘာမှ မဖြစ်ဘူးလို့ မေမေ တကယ်ပဲ ထင်နေတာလားဟင်...”
ကုန်းမင်းကြီး ကတော်က ပြောလိုက်၏။
“သူက တို့ ကုန်းမင်းကြီး အိမ်တော်ကို ရန်တွေ့ရဲလို့လားဟင်...”
ချင်ကျင့်ရှု - "..."
မြင်းလှည်းသည် တဖြည်းဖြည်းနှင့် ကုန်းမင်းကြီး အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့ချေပြီ။ ချင်ကျင့်ရှု မြင်းလှည်းပေါ်မှ ဆင်းချိန်တွင် ချင်အာသည် ထပ်မံ၍ ပြေးလာပြန်သည်။
“မေမေ... ဟို ဆင်းရဲသားတွေက ပိုက်ဆံတွေကို မယူခဲ့ဘူးလေ... အဲ့ဒီ ပိုက်ဆံတွေကို သားကို ပေးလို့ ရမလားဟင်...”
ချင်အာက ယုံကြည်မှု အပြည့်ဖြင့် မေးမြန်းလိုက်သည်။
ချင်ကျင့်ရှုသည် ထိုစကားကို ကြားသောအခါ သူမ၏ မိခင်အား လှမ်းကြည့်လိုက်မိ၏။
ကုန်းမင်းကြီး ကတော်သည် ထိုစကားကြောင့် တစ်စက်မှ စိတ်မဆိုးဘဲ ပြုံးလျက် မေးလိုက်သည်။
“သားလေး... ပိုက်ဆံ လိုနေလို့လားဟင်...”
ချင်အာသည် ပိုက်ဆံတောင်းရသည်မှာ အလေ့အထ ဖြစ်နေပုံ ရပေသည်။ သူသည် မိခင်ဖြစ်သူအား အစွမ်းကုန် ချော့မော့နေသဖြင့် သူမမှာလည်း အလွန်ပင် ပြုံးပျော်နေတော့၏။
ကုန်းမင်းကြီး ကတော်သည် ပိုက်ဆံများကို ပေးလိုက်ပြီးနောက် သတိပေးလိုက်လေသည်။
“ဘေးနားက လူတွေကိုလည်း ပါးစပ်လုံအောင် မှာထားဦးနော်... နင့်အဖေ သိသွားလို့ မဖြစ်ဘူးလေ... ပြီးတော့ ဟို ပေါက်ကရ နေရာတွေကိုလည်း လျှော့သွားဦး... သိလားဟင်...”
ချင်အာသည် ခေါင်းကို ပေါ့ပေါ့ပါးပါး ညိတ်ပြကာ လက်ခံလိုက်၏။ သူသည် ငွေစက္ကူများကို ရသည်နှင့် တစ်ပြိုင်နက် သူ၏ အခြွေအရံများကို ခေါ်ကာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြေးထွက်သွားလေတော့သည်။
ချင်ကျင့်ရှုသည် သက်ပြင်းချလျက် ပြောလိုက်သည်။
“မေမေရယ်... ကိုကိုက ယောကျ်ားလေး တစ်ယောက်လေ... နောင်ကျရင် သူကပဲ အိမ်တော်ကို ဦးဆောင်ရမှာလေ... မေမေ သူ့ကို အဲ့ဒီလောက်အထိ အလိုမလိုက်သင့်ဘူးနော်...”
ကုန်းမင်းကြီး ကတော်သည် သူမ၏ သမီးအား တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်၏။
“သား နဲ့ သမီး နဲ့က မတူဘူးလေ... သမီး ဆိုတာကတော့ ငယ်ငယ်ကတည်းက စည်းကမ်း ရှိရမှာပေါ့... သား ဆိုတာကတော့ ငယ်ငယ်တုန်းက ဆော့တာက သဘာဝပဲလေ... ကြီးလာရင်တော့ သူလည်း အသိတရား ဝင်လာမှာပါ...”
ချင်ကျင့်ရှုသည် ထိုစကားကို ကြားသောအခါ သူမ၏ အစ်ကိုမှာ အသက် ဆယ့်ငါးနှစ် ရှိနေပြီဖြစ်ကြောင်း၊ သူက ကလေး မဟုတ်တော့ကြောင်းကို ပြောပြချင်နေမိတော့၏။
ကုန်းမင်းကြီး ကတော်ကမူ သူမ၏ သမီးအား ထပ်မံ၍ ဂျေးများနေပြန်သည်။
“နင်က အသက် ခြောက်နှစ်ပဲ ရှိသေးတာလေ... ဘာလို့ သာမန် ကောင်မလေးတွေလို မနေရတာလဲဟင်... ဘာလို့ ကလေးဆန်တဲ့ အမူအရာ တစ်စက်မှ မရှိရတာလဲဟင်...”
ချင်ကျင့်ရှုသည် ချက်ချင်းပင် သူမ၏ လက်ယာဘက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
အကယ်၍ သူမကသာ တက်ကြွနေလျှင်မူ မိခင်ဖြစ်သူက သိက္ခာမရှိဘူးဟု ဆူပူမည်ဖြစ်သလို ယခုကဲ့သို့ တည်ငြိမ်နေလျှင်လည်း ကလေးမဆန်ဘူးဟု အပြောခံနေရသည်။
သူမသည် တစ်ခါတရံတွင် မိခင်ဖြစ်သူအား မည်သို့ ကျေနပ်အောင် ထားရမည်ကို စဉ်းစားမရ ဖြစ်နေရရှာ၏။ သူမ၏ အကြီးမားဆုံး အမှားမှာ မိန်းကလေး တစ်ဦးအဖြစ် မွေးဖွားလာခြင်း ဖြစ်နေလိမ့်မည်လား။
“အစ်မကြီး...”
ကုန်းမင်းကြီး အိမ်တော်မှ ဒုတိယ သခင်မ ဖြစ်သူ သခင်မလီက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
သူမအား မြင်သောအခါ ကုန်းမင်းကြီး ကတော်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
ခေတ္တမျှ တိတ်ဆိတ်သွားရလေသည်။
သို့သော်လည်း ချင်ကျင့်ရှုသည် ထို နေရခက်သော အခြေအနေကို ဖြိုခွဲရန်အတွက် ဦးအောင် မေးမြန်းလိုက်သည်။
“ဒုတိယအဒေါ်... အဘွား ဒီနေ့ နေကောင်းရဲ့လားဟင်...”
ကုန်းမင်းကြီး ကတော်သည် ထိုစကားကြောင့် သတိရသွားသည့်အလား ပြောလိုက်၏။
“ကျွန်မ မြို့ပြင်က ခြံထဲမှာ နေတုန်းကလေ... မေမေ့ကို အရမ်း သတိရနေတာ... စားစရာတွေကော အဆင်ပြေရဲ့လားလို့ စိုးရိမ်နေမိတာလေ...”
ရှိနေသူ လူများထဲမှ မည်သူမျှ ထိုစကားကို မယုံကြည်ကြပေ။ ဘာပဲဖြစ်ဖြစ် သူမသည် သူမ၏ ယောက္ခမနှင့် အဆင်မပြေသောကြောင့်သာ မြို့ပြင်သို့ သွားရောက် အနားယူခဲ့ခြင်း ဖြစ်သည်။
သခင်မလီက ပြုံးလျက် ပြောလိုက်သည်။
“အစ်မကြီး စိတ်မပူပါနဲ့တော့... မေမေ က ဘာမှ မဖြစ်ပါဘူး... သူက ကျင့်ရှုလေး ကိုပဲ သတိရနေတာလေ...”
ချင်ကျင့်ရှုက ချက်ချင်းပင် ပြောလိုက်သည်။
“အဘွားက သမီးကို သတိရနေမှတော့... သမီး အဘွားဆီ သွားပြီး ဂါရဝပြုလိုက်ဦးမယ်နော်...”
ချင်ကျင့်ရှုသည် သူမ၏ မိခင်အား လှမ်းကြည့်လိုက်၏။
ကုန်းမင်းကြီး ကတော်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကောင်းပြီလေ... သွားလိုက်တော့နော်... ငါတော့ ခေါင်းကိုက်နေလို့လေ... နောက် ရက်နည်းနည်းလောက် ကြာမှပဲ အဘွားဆီ သွားပြီး ဂါရဝပြုတော့မယ်...”
သခင်မလီသည် သူမ၏ မရီးဖြစ်သူက ထိုသို့ ပြောဆိုခြင်းအပေါ် တစ်စက်မျှ အံ့သြခြင်း မရှိခဲ့ပေ။ သူမသည် ချင်ကျင့်ရှုအား ခေါ်ဆောင်ကာ ပတ်လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီးနောက် ကျောက်တုံးကြီး တစ်ခုရှေ့တွင် ရပ်တန့်လိုက်လေသည်။ သူမသည် သူမ၏ အစေခံများကို အဝေးသို့ လွှတ်လိုက်ပြီးနောက် ချင်ကျင့်ရှုအား စိတ်မကောင်းသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
“ကျင့်ရှုလေး... နင့်မေမေ က နင့်ကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်ပြန်ပြီလားဟင်...”
ချင်ကျင့်ရှုသည် ထိုစကားကို ကြားသောအခါ နှာခေါင်းလေးပင် နီမြန်းလာရရှာသည်။ သူမသည် သူမ၏ ဒုတိယအဒေါ် ၏ ချစ်ခင်လှသော မျက်လုံးများကို မြင်တွေ့လိုက်ရသောအခါ သူမ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်ကာ ငိုယိုလေတော့သည်။
သူမသည် မည်မျှပင် ရင့်ကျက်နေပါစေ၊ အသက် ခြောက်နှစ်အရွယ် ကလေးငယ် တစ်ဦးသာ ဖြစ်ပေသည်။ မိခင်ဖြစ်သူ၏ သူမအပေါ်တွင် ကြမ်းတမ်းလှသော ဆက်ဆံမှုများကြောင့် သူမ စိတ်မချမ်းသာ ဖြစ်နေရဆဲ ပင်။
“သမီး ဘာပဲလုပ်လုပ် မေမေက ဘာလို့ သမီးကို မချစ်တာလဲဟင်...”
သခင်မလီတွင် သမီး မရှိသဖြင့် သူမ၏ တူမလေးအား သမီးအရင်းကဲ့သို့ အမြဲတမ်း အလိုလိုက်ခဲ့သူ ဖြစ်ပေသည်။ ယခုအခါ ချင်ကျင့်ရှုလေး ဤမျှအထိ ငိုယိုနေသည်ကို မြင်ရသောအခါ သူမ၏ ရင်ထဲတွင်လည်း နာကျင်လွန်းသဖြင့် ရင်ကွဲမတတ် ခံစားနေရသည်။