← Chapters

အပြင်ထွက်ခြင်း

Vol. 20 Ch. 195

အပြင်ထွက်ခြင်း

Vol. 20 Ch. 195

မြို့တော်ကြီးမှာ အလွန်ပင် စည်ကားလှပေသည်။ ကုမိသားစုဝင် အားလုံးမှာလည်း မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြခြင်း ဖြစ်ရာသဘာဝကျကျပင် အပြင်ထွက် လည်ပတ်ချင်နေကြတော့၏။

သို့သော်လည်း မထွက်ခွာမီမှာပင် ကိုကိုရှန်သည် မြို့တော်သို့ ရောက်ရှိသွားချိန်တွင် အထပ်ထပ် မှာကြားခဲ့သေးသည်။

“ကျွန်တော့်ကို စောင့်နေကြနော်... မြို့တော်ရဲ့ နေရာအနှံ့ကို ကျွန်တော်ကိုယ်တိုင် လိုက်ပြမယ်လေ... မြို့တော်မှာ ဘာတွေက အရသာရှိလဲ၊ ဘာတွေက ဆော့လို့ကောင်းလဲ ဆိုတာကို... ကျွန်တော် မသိတာ မရှိဘူးနော်...”

ကိုကိုရှန်က အသေအလဲ တောင်းဆိုခဲ့သဖြင့် သူက လမ်းပြဆရာ တစ်ဦးအဖြစ် တာဝန်ယူလိုက်ရခြင်းပင်။

ထို့ကြောင့် ကုမိသားစုဝင်များသည် ယနေ့တွင် အပြင်သို့ ထွက်ခြင်းမှာ အစေခံများ ဝယ်ယူရန်အတွက်သာ ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် စွန်းမိသားစုသည်လည်း မြို့တော်သို့ အစေခံ အများအပြား ခေါ်ဆောင်လာခြင်း မရှိသဖြင့် သူတို့လည်း အစေခံ အချို့ ထပ်မံ ဝယ်ယူရန် လိုအပ်နေပေသည်။ ထို့ကြောင့် မိသားစု နှစ်ခုလုံးမှာ အတူတူ သွားရောက်ရန် ချိန်းဆိုလိုက်ကြကုန်၏။

အစေခံပွဲစား၏ လျှာမှာမူ အလွန်ပင် သွက်လက်လှပြီး စကားပြောရာတွင်လည်း ကျွမ်းကျင်လှပေသည်။ သူသည် ကုမိသားစုအား မြင်သည်နှင့် ကိုးဦးပါသော မိသားစု တစ်ခုကို ချက်ချင်းပင် အကြံပြုလေတော့သည်။

သူ၏ ပြောပြချက်အရ ထိုမိသားစုတွင် အဘိုးအိုသည် တံခါးစောင့်အဖြစ် အမှုထမ်းနိုင်ပြီး အဘွားအိုသည် သခင်မကုအား ပြုစုနိုင်သလို အသက်လတ်ပိုင်း လင်မယားမှာမူ အိမ်ထိန်းများအဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ ပြီးနောက် ကလေး လေးဦး ပါရှိရာ အကြီးဆုံးသားမှာ ကုမင်တာ့၏ အနားတွင် အပါးတော်မြဲအဖြစ် နေနိုင်ပြီး ကျန် ကလေး သုံးဦးမှာမူ ကုမိသားစုမှ ကလေးများနောက်သို့ လိုက်ပါနိုင်ကြောင်း ဆိုလေသည်။

ဤသို့ စီစဉ်ပေးလိုက်ခြင်းဖြင့် မည်သူမျှ အားနေလိမ့်မည် မဟုတ်ပေ။

ထို ကိုးဦးပါ မိသားစုအား တစ်အုပ်စုတည်း ရောင်းချခြင်း ဖြစ်သလို အထဲတွင် စကားမပြောနိုင်သော ဆွံ့အသူ တစ်ဦး ပါဝင်နေသဖြင့် ဈေးနှုန်းမှာလည်း အလွန်ပင် သက်သာလှပေသည်။

သခင်မကုသည် ထိုကမ်းလှမ်းချက်ကို မြင်လိုက်ရသည်နှင့် အမြတ်ထုတ်ချင်စိတ်များ ပေါက်လာရပြီး နေရာမှာတင် အလွန်ပင် စိတ်လှုပ်ရှားသွားလေတော့သည်။

သို့သော်လည်း သခင်မလီက သူမအား တားမြစ်လိုက်၏။

“အဒေါ်ရယ်... ဒီလူက တို့တွေကို မြင်မြင်ချင်းပဲ အသည်းအသန် အကြံပြုနေတာလေ... တစ်ခုခုတော့ ပြဿနာ ရှိနိုင်တာပေါ့... ပြီးတော့ အထဲမှာ ဆွံ့အတဲ့သူ တစ်ယောက် ပါနေသေးတယ်လေ... သူက မွေးကတည်းက ဆွံ့အတာလား၊ ဒါမှမဟုတ် အိမ်တွင်းရေး လျှို့ဝှက်ချက်တွေကို သိလို့ အတင်း ဆေးခတ်ပြီး အသံဖျောက်ခံထားရတာလား ဆိုတာ ဘယ်သူ သိမှာလဲဟင်...”

သခင်မလီက အသံကို နှိမ့်၍ ပြောလိုက်သည်။

သခင်မကုသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရ၏။

“အေးလေ... အေးလေ... တို့ အိမ်ကတော့ ဒါမျိုး မလိုချင်ပါဘူးနော်...”

သခင်မလီက ထိုစကားကြောင့် ရယ်မောလျက် ပြောလိုက်သည်။

“အဒေါ်ရယ်... အဲ့ဒီလူက ကောက်ကျစ်တယ် ဆိုရင်တောင်မှ... တစ်ခုခု အမှားလုပ်ခဲ့လို့ ဖြစ်ချင်မှ ဖြစ်မှာပေါ့လေ...”

သခင်မကုကမူ ခေါင်းကို တွင်တွင်ခါလျက် ပြောလိုက်၏။

“တို့တွေက မိသားစု သေးသေးလေးပါ... လိမ္မာပြီး ငြိမ်ငြိမ်သက်သက် ရှိတဲ့သူတွေပဲ လိုချင်တာပေါ့နော်...”

သခင်မလီက ခေါင်းညိတ်ပြလိုက်သည်။

သခင်မကုက နှိမ့်ချစွာဖြင့် အကြံတောင်းလိုက်ပြန်၏။

“တူမလေးရယ်... ညည်းက အတွေ့အကြုံ ရှိတဲ့သူဆိုတော့... တို့တွေကို သေချာ ဝိုင်းကြည့်ပေးပါဦးနော်...”

သခင်မလီက ပြောလိုက်သည်။

“ဒါကတော့ သဘာဝကျပါတယ်...”

သူမသည် အစေခံပွဲစားဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ဒီလူကြီးက အသက် ဒီလောက် ရှိနေပြီကို... အရင် သခင်အိမ်ကနေ ဘာတွေ ကျူးလွန်ခဲ့လို့ နှင်ထုတ်ခံရတာလဲဟင်...”

ထိုသူက နေရခက်စွာ ပြုံးလျက် ပြန်ပြောလိုက်သည်။

“သခင်မကြီးရယ်... ကျွန်တော်တို့က ကြားကနေပြီးတော့ လက်ဆင့်ကမ်း ရောင်းပေးရုံပါ... အိမ်တွင်းရေး ကိစ္စတွေကိုတော့ သေချာ မသိပါဘူး...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး

“သူ့ရဲ့ နောက်ခံကို မသိဘူး ဆိုရင်တော့ ထားလိုက်ပါတော့နော်...”

အစေခံပွဲစားသည် လက်ဝှေ့ယမ်းလိုက်ရာ နောက်ထပ် လူတစ်အုပ်စု ရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လေးဦးပါသော မိသားစု တစ်ခု ဖြစ်ပေသည်။

“ဒီမိသားစုကတော့ သခင်အိမ်က အစိုးရ အမိန့်နဲ့ အရောင်းခံလိုက်ရတာလေ... ဒါဟာ မိသားစု တစ်ခုလုံး ပြည့်စုံနေတာဆိုတော့... ခွဲပြီး မရောင်းတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်လို့ပါ...”

အစေခံပွဲစားက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

သခင်မလီက လက်ဝှေ့ယမ်းကာ ထိုမိသားစုမှ မိခင်နှင့် သမီးဖြစ်သူအား ရှေ့သို့ ခေါ်လိုက်လေသည်။

သူမသည် သူတို့၏ လက်သည်းများကို သေသေချာချာ ကြည့်ရှုပြီးနောက် အဝတ်အစား ထောင့်စွန်းလေးများကိုလည်း စစ်ဆေးပြီးမှ သခင်မကု အား အသံတိုးတိုးဖြင့် ပြောလိုက်၏။

“သူတို့ရဲ့ လက်သည်းတွေက သန့်ရှင်းသလို၊ အဝတ်အစားတွေကလည်း သေသေသပ်သပ် ရှိတယ်လေ... ဒါကိုတော့ စဉ်းစားလို့ ရတာပေါ့... ဒါပေမဲ့ သေသေချာချာ ထပ်မေးကြည့်ရဦးမယ်နော်...”

သခင်မကုက ခေါင်းကို တွင်တွင်ညိတ်ပြလေသည်။

“နင်က အရင် သခင်အိမ်မှာ ဘာအလုပ် လုပ်ခဲ့တာလဲဟင်...”

သခင်မလီက မေးမြန်းလိုက်သည်။

အမျိုးသမီးက ပြန်ဖြေလိုက်၏။

“ကျွန်မကတော့ သခင်မကြီး ရဲ့ ဆံပင်ကို ပြင်ပေးရတဲ့သူပါ... ကျွန်မ သမီးလေးကတော့ သခင်မလေး ရဲ့ ခြံထဲမှာ အမှုထမ်းခဲ့တာပါရှင့်...”

“ဆံပင်ပြင်ပေးတာ ဟုတ်လား... ဘယ်လို ပုံစံမျိုးတွေ လုပ်တတ်လို့လဲဟင်...”

သခင်မလီက မေးလိုက်သည်။

“သာမန် ဆံထုံး ပုံစံတွေကိုတော့ ရပါတယ်ရှင့်...”

သခင်မလီက ထပ်ပြောလိုက်ပြန်သည်။

“ဒါဆိုရင်တော့... ဟို အထဲက အခန်းထဲကို သွားပြီးတော့... တို့ အဒေါ့်အတွက် ဆံထုံးမြင့်မြင့်လေး တစ်ခုလောက် သွားထုံးပေးလိုက်စမ်းပါဦး...”

ထို့နောက်တွင်မှ သခင်မလီသည် အခြားသူများကို သေသေချာချာ ဆက်လက် မေးမြန်းလေတော့သည်။

သခင်မကု ဆံထုံးမြင့်မြင့်လေးဖြင့် အပြင်သို့ ပြန်ထွက်လာချိန်တွင် သခင်မလီသည် မေးမြန်းစရာ ရှိသည်များကို မေးမြန်းပြီးလုနီးပါး ဖြစ်နေချေပြီ။

“တူမလေးရယ်... ဒီမိန်းမ က အမူအရာလည်း နူးညံ့သလို ရိုးသားတဲ့ ပုံစံလည်း ရှိတယ်နော်... ညည်းကော ဘယ်လို ထင်လဲဟင်...”

သခင်မကုက သခင်မလီအား မေးမြန်းလိုက်သည်။

သခင်မလီက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“အဒေါ်... ကျွန်မ မေးကြည့်ရသလောက်တော့... ဒီမိသားစုက ယောကျ်ားဖြစ်သူက အရင် သခင်ဟောင်းနဲ့အတူ အပြင်ကို တစ်နှစ်ပတ်လုံး သွားလာခဲ့ရတာဆိုတော့... သူက မျက်နှာပွင့်သလို၊ နောင်ကျရင် ကိစ္စအဝဝကို လုပ်ဆောင်ရတာလည်း အဆင်ပြေမှာပေါ့နော်...”

“ဒီမိသားစုက သားလေးကတော့... အရင် သခင်လေး ရဲ့ အဖော်အဖြစ် စာဖတ်ပေးခဲ့ရတာ ဆိုတော့ စာနည်းနည်းလောက် သိတယ်လေ... နောင်ကျရင် သခင်လေးကု အတွက်ရော၊ အားယန် နဲ့ အားကျောက် တို့အတွက်ပါ အလုပ်အကျွေးပြုလို့ ရတာပေါ့...”

သခင်မလီ၏ ခွဲခြမ်းစိတ်ဖြာချက်များမှာ အလွန်ပင် ရှင်းလင်းလှသဖြင့် ကုမိသားစုဝင်များမှာ နေရာမှာတင် ဆုံးဖြတ်ချက် ချရန် ပြင်လိုက်ကြကုန်၏။

သို့သော်လည်း နျိုနျိုက ရုတ်တရက် ခေါင်းခါလိုက်လေသည်။

“ကလေးလေး... သမီး မကြိုက်လို့လားဟင်...”

သခင်မလီက အသံတိုးတိုးဖြင့် မေးလိုက်၏။

နျိုနျိုသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သိပ်ပြီးတော့ မကြိုက်ဘူး... အကယ်၍ အားလုံးက သဘောကျတယ် ဆိုရင်လည်း... သမီးအတွက်တော့ စိတ်မပူပါနဲ့နော်...”

ကုမိသားစုရော စွန်းမိသားစုရောမှာ နျိုနျို၏ အမြင်ကို အလွန် အလေးထားကြသူများ ပင်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူတို့သည် ထိုမိသားစုအား ဝယ်ယူရန် စိတ်ကူးကို ချက်ချင်းပင် ဖျက်လိုက်ကြလေတော့သည်။

ကျန်းယွင်နန်က အစေခံပွဲစားအား ပြောလိုက်သည်။

“နောက်ထပ် တခြားသူတွေ ရှိသေးလားဟင်...”

အစေခံပွဲစားမှာမူ ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားရရှာ၏။ ဘာပဲဖြစ်ဖြစ် သူတို့သည် အချိန်အတော်ကြာ သေသေချာချာ စစ်ဆေးမေးမြန်းနေပြီးမှ ဝယ်ယူရန် ပြင်ဆင်ခဲ့ကြသည်။ ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားကြသနည်း ဆိုသည်ကို သူ စဉ်းစားမရ ဖြစ်နေတော့၏။

“အဘွား သခင်မ... မသင့်တော်လို့လားဟင်... ဒီ လေးယောက်က မနေ့ကတင် ကျွန်တော့်ဆီ ရောက်လာတာလေ... သူတို့ရဲ့ သခင်အိမ်က အပြစ်ကျူးလွန်ခဲ့တာ မှန်ပေမဲ့ သူတို့ကတော့ ဘာမှ မလုပ်ခဲ့ပါဘူး...”

အစေခံပွဲစားက ထိုသို့ ပြောဆိုလိုက်လေသည်။

ကျန်းယွင်နန်သည် သူမ၏ သမီးဖြစ်သူအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

“သူတို့မှာ ပြဿနာ ရှိလို့ မဟုတ်ပါဘူး... ကျွန်မ သမီးလေးက မနှစ်သက်လို့ပါ... သူစိမ်းတွေ အတွက်နဲ့တော့ ကျွန်မ သမီးလေးကို စိတ်မချမ်းသာအောင် မလုပ်နိုင်ဘူးလေ...”

အစေခံပွဲစားသည် အသက် ခြောက်နှစ်အရွယ် နျိုနျိုအား လှမ်းကြည့်လိုက်မိ၏။

“သခင်မကြီးရယ်... သင့်တော်တဲ့ အစေခံ ရှာရတာ မလွယ်ဘူးလေ... ကလေးက ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ စကားအနည်းငယ်ကြောင့်နဲ့... ဒီလောက် ကောင်းတဲ့သူတွေကို လက်လွှတ်လိုက်တာကတော့... အရမ်းကို ကလေးကလား ဆန်လွန်းပါတယ်နော်...”

ကျန်းယွင်နန်၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားရပြီး ပြောလိုက်သည်။

“ကျွန်မတို့ အိမ်မှာတော့... ကျွန်မ သမီးလေး ရဲ့ စကားက အရေးကြီးဆုံးပဲလေ...”

အစေခံပွဲစားသည် သူမ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ထပ်မံ၍ အတင်းအကျပ် မတိုက်တွန်းရဲတော့ပေ။ သူက မကျေမနပ်ဖြင့်သာ ပြောလိုက်လေသည်။

“သခင်မကြီးရယ်... ဒီမိသားစုကိုသာ လက်လွှတ်လိုက်မယ် ဆိုရင်တော့... နောက်ကျရင် ဒီထက် ကောင်းတဲ့သူတွေ ရှိချင်မှ ရှိတော့မှာပေါ့...”

ကျန်းယွင်နန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။

“ဒီနေ့ မဝယ်ရလည်း... နောက် ရက်နည်းနည်းလောက် ကြာမှ ပြန်လာရင်လည်း အတူတူပါပဲလေ...”

နောက် ရက်နည်းနည်းလောက် ကြာမှ ဤလူထံတွင် ထပ်မံ ဝယ်ယူမည်၊ မဝယ်ယူမည် ဆိုသည်မှာမူ မသေချာလှပေ။

အစေခံပွဲစားသည် အရောင်းအဝယ် ပျက်သွားမှာကို စိုးရိမ်သဖြင့် ဘာမှ ဆက်မပြောရဲတော့ပေ။ သူသည် မတတ်သာဘဲ လက်ဝှေ့ယမ်းကာ နောက်ထပ် လူတစ်အုပ်စုကို ထပ်မံ ခေါ်လာခိုင်းလိုက်လေတော့သည်။

ယခုတစ်ကြိမ် ရောက်လာသော လူများထဲတွင် သုံးဦးပါသော မိသားစု တစ်ခု ပါဝင်ပေသည်။

အသက်လတ်ပိုင်း လင်မယား နှစ်ဦး နှင့် ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ဦး တို့ ဖြစ်ကြကုန်၏။

လုပ်ငန်းစဉ်မှာမူ အရင်အတိုင်းပင် ဖြစ်ချေသည်။ ဤ သုံးဦးပါ မိသားစုမှာလည်း အပြစ်ကျူးလွန်သော အိမ်တော်မှ အစေခံများ ဖြစ်သည်ဟု ဆိုသော်လည်း သူတို့၏ အရှိန်အဝါကို ကြည့်ရသည်မှာမူ ခုနက လေးဦးပါ မိသားစုလောက် မပြည့်စုံလှပေ။

သခင်မလီသည် ထို သုံးဦးအား သေသေချာချာ ထပ်မံ စစ်ဆေးပြီးနောက် ဘာမှားယွင်းမှု မရှိကြောင်း သေချာသွားမှသာ နျိုနျို ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

အစေခံပွဲစား ပင်လျှင် ထိုအချိန်တွင် နျိုနျိုအား စိုက်ကြည့်နေမိ၏။ ထိုကလေးမလေးက ရုတ်တရက် ထွက်လာပြီး မကျေနပ်ကြောင်း ပြောမှာကို သူ အရမ်း ကြောက်နေမိခြင်း ပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ နျိုနျိုသည် ရှစ်နှစ်အရွယ် မိန်းကလေးငယ်လေးအား စိုက်ကြည့်နေသော်လည်း ခေါင်းခါပြခြင်း မရှိခဲ့ပေ။

“အစ်မ ဒီကလေးက အသက် ရှစ်နှစ် ရှိနေပြီဆိုတော့... နျိုနျို အတွက် အဖော်အဖြစ် ထားလို့ ရတာပေါ့... ဒီ သုံးဦးပါ မိသားစုကိုပဲ ဝယ်လိုက်ရင်ကော ဘယ်လိုလဲဟင်...”

သခင်မလီက ကျန်းယွင်နန်အား တိုးတိုးလေး မေးမြန်းလိုက်သည်။

ကျန်းယွင်နန်က ခေါင်းညိတ်ပြလိုက်၏။

ဤ အသက်လတ်ပိုင်း လင်မယားမှာလည်း အလုပ်လုပ်နိုင်သော အရွယ်များ ဖြစ်ကြပေသည်။ ယောကျ်ားဖြစ်သူမှာ ကုမင်တာ့ အတွက် အပါးတော်မြဲအဖြစ် နေနိုင်သလို အမျိုးသမီးမှာလည်း အဆင့်အတန်းရှိသဖြင့် ကျန်းယွင်နန်၏ ဘေးတွင် အထိန်းတော်အဖြစ် ထားရှိနိုင်သည်။

အစေခံပွဲစားသည် နောက်ဆုံးတွင် အရောင်းအဝယ် တစ်ခု ဖြစ်သွားသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားရပြီး အသက် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်ခန့် ရှိသော လူငယ်လေး တစ်အုပ်စုကို ထပ်မံ၍ အပြင်သို့ တွန်းထုတ်လိုက်လေသည်။

“ဒီကောင်လေးတွေက အသက် မကြီးကြသေးသလို... အကုန်လုံးကလည်း ဉာဏ်ကောင်းပြီး လိမ္မာကြတဲ့သူတွေချည်းပဲလေ... သခင်လေး နှစ်ဦး အတွက် အဖော်အဖြစ် ထားလို့ ရတာပေါ့...”

အစေခံပွဲစားက အစွမ်းကုန် ချီးကျူးလိုက်လေသည်။

သို့သော်လည်း ကျန်းယွင်နန်၏ နှုတ်ခမ်းထောင့်မှ အပြုံးများမှာမူ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။

“ဒီလူတွေကို နင့်ဆီကို သူတို့ရဲ့ မိသားစုဝင်တွေကပဲ လာရောင်းတာလားဟင်...”

ကျန်းယွင်နန်က ညင်သာစွာ မေးမြန်းလိုက်လေတော့သည်။

All Chapters