← Chapters

အရူးမလေး

Vol. 20 Ch. 196

အရူးမလေး

Vol. 20 Ch. 196

အစေခံပွဲစားသည် ဘာကြောင့်မှန်း မသိသော်လည်း ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

“ကျွန်တော်တို့ကတော့ သိက္ခာရှိရှိ စီးပွားရေးလုပ်နေတဲ့သူတွေပါ... ဒီကောင်လေးတွေက နောက်ခံစင်သန့်ရှင်းပါတယ်... စိတ်မပူပါနဲ့ဗျာ...”

ကျန်းယွင်နန်က မေးမြန်းလိုက်သည်။

“ပြန်ပေးဆွဲခံထားရတဲ့သူတွေ ပါသေးလား...”

အစေခံပွဲစားက ပြန်ပြောသည်။

“သခင်မရယ်... အတွေးလွန်နေပါပြီ... ဧကရာဇ်မင်းမြတ် စံမြန်းရာ မြို့တော်ကြီးမှာ အရာရှိတွေကလည်း တရားမျှတစွာ အုပ်ချုပ်နေတာလေ... ကျွန်တော်တို့က ဒီလိုမျိုးတွေ ဘယ်လုပ်ရဲပါ့မလဲ... ပြီးတော့ ပြန်ပေးဆွဲခံရတဲ့ ကောင်လေးတွေဆိုတာ ကျွန်တော်တို့လက်ထဲကို ရောက်လာခဲပါတယ်...”

“ဒါဆို သူတို့တွေက ဘယ်ကို ရောက်သွားကြတာလဲ...”

ကျန်းယွင်နန်က မေးမြန်းလိုက်ပြန်သည်။

အစေခံပွဲစားက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

“အဲ့လို လူငယ်အများစုကတော့ နန်းတွင်းကိုပဲ ရောက်သွားကြတာများပါတယ်...”

ကျန်းယွင်နန်သည် ထိုစကားကြောင့် သူမ၏ နှုတ်ခမ်းအောက်ပိုင်းကို တင်းကျပ်စွာ ကိုက်ထားလိုက်မိသည်။ ကုမင်တာ့သည် ဇနီးဖြစ်သူ၏ ပုခုံးကို အသာအယာပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။

ကုမင်တာ့သည် အရင်ကလည်း သူမ၏ သားလတ်မှာ နန်းတွင်းသို့ ရောက်သွားနိုင်ကြောင်း ပြောပြခဲ့ဖူးသော်လည်း ကျန်းယွင်နန်၏ ရင်ထဲတွင်မူ မျှော်လင့်ချက်ကလေးက ရှိနေဆဲ ပင်။ ထို့ကြောင့် ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦးကို မြင်လိုက်ရသည်နှင့် သူမသည် မနေနိုင်ဘဲ ထပ်ကာတလဲလဲ မေးမြန်းနေမိခြင်း ဖြစ်ချေသည်။

ယခုအခါ အစေခံပွဲစား၏ စကားကြောင့် သူမ ရင်ထဲရှိ နောက်ဆုံးသော မျှော်လင့်ချက် မီးစလေးမှာ ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ရှိနေတော့၏။ ဤ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် လူငယ်လေးများကို ကြည့်ရင်း သူမ မည်သို့ စိတ်ကောင်းနိုင်ပါမည်နည်း။

ကုမင်တာ့သည် ဇနီးဖြစ်သူအား တွဲထိုင်စေပြီးနောက် အစေခံပွဲစားအား မေးမြန်းလိုက်သည်။

“ကျွန်တော့်ရဲ့ သားကြီးက အသက် ဆယ့်လေးနှစ် ရှိနေပြီဆိုတော့... အသက်နည်းနည်းကြီးတဲ့ အဖော်ကောင်လေးတွေကော ရှိလား...”

အစေခံပွဲစား ပြန်မဖြေရသေးမီမှာပင် လူငယ်အုပ်စုထဲမှ တစ်ဦးက ဝင်ပြောလိုက်သည်။

“သခင်ကြီး... ကျွန်တော့်အစ်ကိုက အသက် ဆယ့်သုံးနှစ်ရှိပြီး ကျွန်တော်က ဆယ့်နှစ်နှစ်ပါ... ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်စလုံး သခင်လေးကို အတူတူ အလုပ်အကျွေးပြုနိုင်ပါတယ်...”

စကားပြောလိုက်သော လူငယ်လေးမှာ အသားညိုညို၊ ကိုယ်လုံးပါးပါးနှင့် ဖြစ်သော်လည်း မျက်လုံးများမှာမူ တောက်ပနေပေသည်။ အစေခံပွဲစားက ထိုလူငယ်လေးအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူ၏ ခွင့်ပြုချက်မရဘဲ ဦးအောင်ပြောဆိုလိုက်သည့် အပြုအမူကို မကျေနပ်ဟန် ရှိနေခြင်း ပင်။

ကုမင်တာ့မှာမူ စိတ်မဆိုးသည့်အပြင် ပျောက်ဆုံးနေသော သူ၏ သားငယ်နှင့် အသက်ချင်းတူသော ထိုကလေးအား မြင်တွေ့လိုက်ရသဖြင့် ပို၍ပင် ငဲ့ညှာပေးချင်စိတ် ပေါက်လာရလေသည်။

“ကိစ္စမရှိပါဘူး... သူ့ကို ပြောခွင့်ပေးလိုက်ပါ...”

လူငယ်လေးသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်လေသည်။

“သခင်ကြီး... ကျွန်တော် ကျွန်တော့်အစ်ကိုနဲ့ မခွဲချင်လို့ပါ... အကယ်၍ ကျွန်တော် မဆင်မခြင် ပြောမိလို့ စိတ်အနှောင့်အယှက် ဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးပါနော်...”

ကုမင်တာ့က မေးလိုက်သည်။

“မင်း စာဖတ်တတ်လား...”

လူငယ်လေးက ပြန်ဖြေ၏။

“ကျွန်တော့်ဖေဖေက ပညာတတ်တစ်ယောက်ပါ... ငယ်ငယ်တုန်းက ဖေဖေ့ဆီမှာ စာနည်းနည်းလောက် သင်ခဲ့ရပါတယ်...”

“မင်းဖေဖေက ပညာတတ်တစ်ယောက် ဆိုမှတော့... ဘာလို့ ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ...”

ကုမင်တာ့က နားမလည်စွာ မေးမြန်းလိုက်သည်။

လူငယ်လေးက သက်ပြင်းချကာ ပြောပြလိုက်လေသည်။

“ဖေဖေက စာမေးပွဲ အောင်ဖို့ အရမ်း ကြိုးစားခဲ့ပေမဲ့ မအောင်ခဲ့ဘူးလေ... နောက်တော့ ရင်ထဲက ရှိတဲ့ဝေဒနာက ပိုပြီး ဆိုးလာပြီး ဆေးကုဖို့တောင် မတတ်နိုင်တော့ဘူးပေါ့... မေမေက အိမ်မှာရှိတဲ့ ပစ္စည်းတွေ အကုန်ရောင်းပြီး ကုပေးခဲ့ပေမဲ့ ဖေဖေ့ကို မကယ်နိုင်ခဲ့ပါဘူး... ဖေဖေ ဆုံးပြီးနောက်မှာ မေမေလည်း လိုက်သွားခဲ့တာဆိုတော့... ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့...”

“တို့တွေလည်း ဆက်ပြီး အသက်မမွေးနိုင်တော့လို့... အစ်ကိုက ကျွန်တော့်ကို ကျွေးဖို့အတွက် သူ့ကိုယ်သူ နန်းတွင်းကို ဝင်ရအောင် ရောင်းခဲ့မယ်လို့ ပြောတာလေ... ဒါပေမဲ့ ကျွန်တော်က သဘောမတူခဲ့ဘူး... အစ်ကို သူ့ကိုယ်သူရောင်းစားမယ်ဆိုရင် ကျွန်တော်ပါ အတူတူ လိုက်မယ်... ဈေးနည်းရင်တောင်မှ တို့ ညီအစ်ကို နှစ်ယောက် အတူတူ ရှိနေရရင် တော်ပါပြီလို့ ပြောခဲ့တာပါ...”

ထိုစကားကို ကြားသောအခါ ရှိနေသူ လူတိုင်းမှာ သက်ပြင်းချလိုက်ကြကုန်၏။

“အစ်ကိုဖြစ်သူကလည်း တာဝန်သိတတ်သလို... ညီဖြစ်သူကလည်း အကျိုးအကြောင်း သိတတ်ပါလား...”

သခင်မကုသည် သက်ပြင်းချရင်း သူမ၏ လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်လေသည်။

အခွင့်အရေး ရသည်နှင့် တစ်စုံတစ်ယောက်က ထိုလူငယ်လေး၏ အစ်ကိုကိုပါ ခေါ်ဆောင်လာခဲ့ချေပြီ။ ညီအစ်ကို နှစ်ဦးမှာ အရပ်သိပ်မရှည်ဘဲ အသားညိုညို ပိန်ပိန်ပါးပါးနှင့် ဖြစ်သဖြင့် အလွန်ပင် သနားစရာ ကောင်းလှပေသည်။

ကုမင်တာ့သည် မျက်ရည်ဝိုင်းလျက် ကြည့်နေသော နျိုနျိုအား တစ်ချက် လှမ်းကြည့်လိုက်၏။

“ကိုကိုတို့က အရမ်း သနားဖို့ကောင်းတာပဲနော်... မိဘတွေလည်း မရှိကြတော့ဘူး...”

နျိုနျိုက ကျန်းယွင်နန်အား တိုးတိုးလေး ပြောလိုက်သည်။

နျိုနျိုအတွက်မူ မိဘမဲ့ ဖြစ်ရခြင်းမှာ လောကတွင် အကြောက်ရဆုံး ကိစ္စတစ်ခုပင်။ ကျန်းယွင်နန်က သမီးဖြစ်သူအား ညင်သာစွာ ချော့မော့လိုက်၏။

“တို့ ညီအစ်ကို နှစ်ယောက် အတူတူ ရှိနေပြီး တစ်ဦးနဲ့တစ်ဦး အားကိုးလို့ ရတာကလည်း မဆိုးပါဘူးလေ...”

ညီအစ်ကို နှစ်ဦးစလုံးမှာ ရောင်းထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်ပင် ဝမ်းမြောက်နေကြတော့သည်။ ညီဖြစ်သူမှာမူ အစ်ကိုဖြစ်သူကို ဆွဲကာ မင်္ဂလာစကားများကို အကြာကြီး ပြောဆိုနေလေသည်။

သို့သော်လည်း ကုမင်တာ့ မြင်တွေ့လိုက်ရသည်မှာ ထိုနှစ်ဦးအနက် ညီဖြစ်သူကသာ ဆုံးဖြတ်ချက် ချသူ ဖြစ်နေခြင်း ပင်။ ညီဖြစ်သူ လျိုဖုန်းမှာ ဉာဏ်ကောင်းသဖြင့် အားကျောက်က သူ့အား ထိန်းနိုင်လိမ့်မည် မဟုတ်ပေ။ အစ်ကိုဖြစ်သူ လျိုယွဲ့ မှာမူ ရိုးသားဖြောင့်မတ်သူ ဖြစ်ရာ အားကျောက်ကဲ့သို့သော ဆော့ကစားတတ်သူအား ပြုစုရန် ပို၍ သင့်တော်လှပေသည်။

ကုမိသားစုသည် ဆက်လက်၍ လူရွေးကြရာ လူကြီး နှစ်ဦးအတွက် အစေခံမလေး တစ်ဦးနှင့် အဖော်ကောင်လေး တစ်ဦးစီကို ထပ်မံ ရွေးချယ်ပြီးနောက်တွင်မူ ရပ်နားလိုက်ကြကုန်၏။

သို့သော်လည်း သခင်မလီကမူ လက်ဝှေ့ယမ်းကာ အမျိုးသမီး အစေခံ ငါးဦး နှင့် အမျိုးသား အစေခံ လေးဦး တို့ကို ထပ်မံ ဝယ်ယူလိုက်လေသည်။

“ကဲ... ဒီနေ့တော့ ဒီလောက်ပဲ ရွေးတော့မယ်... နောက်ကျလို့ လိုအပ်ရင်တော့ ထပ်လာခဲ့မှာပေါ့...”

သခင်မလီက ထုံးစံအတိုင်း ပြောဆိုလိုက်သည်။

အစေခံပွဲစားကလည်း ခေါင်းညိတ်ကာ ပြန်ထူးလိုက်၏။

မိသားစု နှစ်ခုလုံး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဘေးရှိ အခန်းငယ်လေးထဲမှ အသက် ၁၄ နှစ် ၁၅ နှစ်ခန့် ရှိပုံရသော မိန်းကလေး တစ်ဦး ပြေးထွက်လာကာ မိသားစု နှစ်ခုလုံး၏ ရှေ့တွင် ဒူးထောက်လိုက်လေတော့သည်။

“ကျွန်မကို ခေါ်သွားပေးပါဦးနော်... ကျွန်မကို ဟို ညစ်ပတ်တဲ့ နေရာကို မရောင်းခိုင်းပါနဲ့တော့...”

ထိုမိန်းကလေးသည် ခေါင်းနှင့် ကြမ်းပြင်ကို အသေအလဲ ဆောင့်ကာ ဦးချနေသဖြင့် သူမ၏ နဖူးမှာလည်း ချက်ချင်းပင် နီမြန်းလာခဲ့ချေပြီ။ ကျန်းယွင်နန် နှင့် သခင်မလီ တို့မှာမူ ထိုသူအား အံ့သြသော မျက်လုံးများဖြင့် ကြည့်နေမိကြကုန်၏။

အစေခံပွဲစားက ထိုမိန်းကလေးအား အော်ဟစ်လိုက်သည်။

“အထဲ ပြန်ဝင်စမ်း... ဒီနေရာက နင့်ဘာသာ လျှောက်သွားရမယ့် နေရာ မဟုတ်ဘူးနော်...”

ချက်ချင်းပင် ဘေးနားမှ လူငယ် နှစ်ဦး ထွက်လာပြီး ထိုမိန်းကလေးအား အတင်း ဖမ်းဆွဲရန် ပြင်ကြလေသည်။

“တောင်းပန်ပါတယ်... ကျွန်မကို ပြည့်တန်ဆာအိမ်ကို မရောင်းပါနဲ့နော်... ကျွန်မမှာ တတ်တဲ့ ပညာတွေ အများကြီး ရှိပါတယ်... ကျွန်မ ဆပ်ပြာတွေ လုပ်တတ်တယ်... ရေမွှေးတွေလည်း လုပ်တတ်ပါတယ်....”

အစေခံပွဲစားက ခေါင်းလှည့်ကာ အားနာဟန်ဖြင့် ပြောလိုက်၏။

“တောင်းပန်ပါတယ်ဗျာ... ဒီမိန်းကလေးက စိတ်မနှံ့လို့ပါ... စကားတွေကိုလည်း လျှောက်ပြောနေတာလေ...”

ကျန်းယွင်နန်သည် အတင်း ရုန်းကန်နေသော ထို အားနည်းလှသော မိန်းကလေးအား ကြည့်ရင်း သနားဂရုဏာ သက်မိသွားရလေသည်။

“ဘာလို့ သူ့ကို ပြည့်တန်ဆာအိမ်ကို ရောင်းဖို့ လုပ်နေရတာလဲ...”

ကျန်းယွင်နန်က မေးမြန်းလိုက်သည်။

အစေခံပွဲစားက သက်ပြင်းချကာ ပြောပြလိုက်၏။

“သခင်မက ဘာမှ မသိလို့ပါ... ဒီမိန်းကလေးမှာ နောက်ခံ ရှိတယ်လေ... လူကုံထံ တစ်ယောက်က သူ့ကို အဲ့ဒီ ညစ်ပတ်တဲ့ နေရာကိုပဲ ရောင်းရမယ်လို့ မှာထားတာလေ...”

သခင်မကုသည် အသက်ကြီးပြီ ဖြစ်သလို သူမ၏ အိမ်တွင်လည်း မြေးမလေးများစွာ ရှိနေသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို သူမ မည်သို့ ကြည့်ရက်ပါမည်နည်း။ သူမသည် နေရာမှာတင် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

“ဒါက တကယ့်ကို အကုသိုလ်ပဲနော်... မိန်းမကောင်းလေး တစ်ယောက်ကို ဒီအတိုင်း အိမ်ထောင်ချပေးလိုက်ရင် ရနေတာပဲကို... ဘာလို့များ အဲ့ဒီ ညစ်ပတ်တဲ့ နေရာကို အတင်း ရောင်းချင်နေရတာလဲ...”

ကျန်းယွင်နန် နှင့် သခင်မလီ တို့သည် ထိုစကားကို ကြားသောအခါ အံ့သြစွာဖြင့် သခင်မကု အား လှည့်ကြည့်လိုက်မိကြကုန်၏။ ဘာကြောင့် သခင်မကုက အိမ်ထောင်ချပေးခြင်း နှင့် ပြည့်တန်ဆာအိမ် သို့ ပို့ခြင်းကို ယှဉ်ပြောနေရပါသနည်း။

ကျန်းယွင်နန်က ခေတ္တမျှ တွေဝေနေပြီးမှ ပြောလိုက်သည်။

“မေမေရယ်... အိမ်ထောင်ကျတာကလည်း အမြဲတမ်းတော့ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူးနော်... တစ်ခါတလေကျရင် အိမ်ထောင်ပြုပြီးမှ ပိုပြီး စိတ်ဆင်းရဲရတာတွေလည်း ရှိတာပဲလေ...”

သခင်မကုက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။

“ညည်းရဲ့ မိထွေးက ဘယ်လို ပုံစံမျိုးလဲ... တွေ့တဲ့သူတိုင်းက ထွက်ပြေးချင်နေကြတာလေ... အကယ်၍သာ ကံမကောင်းလို့ ရှောင်ရူ တို့လို ယောက်ျားအိမ်နဲ့ တွေ့ခဲ့ရင်... ငိုဖို့ နေရာတောင် ရှိမှာ မဟုတ်ဘူးနော်...”

သခင်မကု ပြောလိုက်သော ရှောင်ရူ ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ လျူရှောင်ရူ ကို ဆိုလိုခြင်း ပင်။ ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားရလေသည်။ အကယ်၍သာ ထိုကဲ့သို့သော လူသတ်ချင်စိတ်ရှိသည့် မိသားစုမျိုးနှင့် အိမ်ထောင်ကျမည် ဆိုပါက ပြည့်တန်ဆာအိမ် ရောက်ရခြင်းထက် ပိုကောင်းမည်လား ဆိုသည်မှာမူ ပြောရခက်လှသည် မဟုတ်ပါလား။

“မင်တာ့... တို့ အိမ်ကနေ ဒီကလေးကိုပဲ ဝယ်ထားလိုက်လို့ မရဘူးလား...”

သခင်မကုသည် သနားစိတ်များ ပေါ်ထွက်လာသဖြင့် သူမ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ ဝယ်ယူရန် ပြင်လေတော့သည်။

ယခင်က လူရောင်းရန် တက်ကြွနေသော အစေခံပွဲစားမှာမူ ယခုတစ်ကြိမ်တွင်မူ တွေဝေနေတော့၏။

“အဘွားရယ်... ဒီမိန်းကလေးက တကယ်ပဲ ရူးနေတာပါ... စိတ်လည်း မနှံ့ပါဘူး...”

အစေခံပွဲစားက ပြောပြီးနောက် သူ၏ အစေခံများအား ထိုမိန်းကလေးကို လွှတ်ပေးရန်နှင့် ပါးစပ်ကို ပိတ်ထားရန် လက်ဝှေ့ယမ်း ပြလိုက်လေသည်။

မိန်းကလေးကမူ နာကျည်းစွာ ရယ်မောလိုက်၏။

“လူဆိုးတွေ... အားလုံးက လူဆိုးတွေချည်းပဲ... အနာဂတ်ရှိတဲ့ သခင်လေးကတော့ ရေနစ်သေရတယ်... အသုံးမကျတဲ့ ဒုတိယသခင်လေးကတော့ နေရာရလို့... မီးပုံထဲကို ဆီလောင်းသလို ဖြစ်နေတာပေါ့... အပေါ်ယံမှာတော့ လှပနေပေမဲ့... နောက်ဆုံးတော့လည်း ဘာမှ မရှိဘဲ အချည်းနှီး ဖြစ်ကျန်ခဲ့မှာပဲလေ...”

အစေခံပွဲစားသည် ထိုစကားများကို ကြားသောအခါ အသည်းအသန်ပင် ထိုမိန်းကလေး၏ ပါးစပ်ကို ပိတ်ခိုင်းလိုက်လေတော့သည်။

“လူကြီးမင်းတို့လည်း ကြားတဲ့အတိုင်းပါပဲ... ဒီမိန်းကလေးသာ သခင်အိမ်ကို ဒီလိုမျိုးတွေ မကျိန်ဆဲခဲ့ရင်... လူကုံထံတွေက သူ့ကို အဲ့ဒီနေရာကို ပို့ဖို့ မှာမှာ မဟုတ်ပါဘူး...”

All Chapters