← Chapters

ဆင်းရဲသား အိမ်ထောင်စု

Vol. 20 Ch. 193

ဆင်းရဲသား အိမ်ထောင်စု

Vol. 20 Ch. 193

ချင်ကျင့်ရှုသည် ယခုအခါ ခေါင်းပင် ပေါက်ထွက်တော့မည့် အလား ဖြစ်နေရရှာ၏။

သူမသည် အခြေအနေကို အကောင်းဆုံး ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း သူမ၏ အစ်ကိုကမူ တစ်ချက်ပြီးတစ်ချက် အနှောင့်အယှက် ပေးနေသည်။

သူမသည် အသက် ခြောက်နှစ်သာ ရှိသေးသဖြင့် ဤကဲ့သို့သော စကားလုံးများကို စဉ်းစားရန်မှာ မလွယ်ကူလှပေ။ ဘာကြောင့် သူမ၏ အစ်ကိုမှာ အမြဲတမ်း ဤမျှအထိ ကိုယ်ချင်းစာတရား ကင်းမဲ့နေရသနည်း ဆိုသည်ကို တွေးတောရင်း ချင်ကျင့်ရှုသည် အလွန်ပင် ပင်ပန်းလာခဲ့ချေပြီ။

သူမ ဤမျှအထိ ကြိုးစားနေသော်လည်း တစ်စုံတစ်ယောက်ကမူ ရောက်လာကာ မေးမြန်းလိုက်သေး၏။

“သခင်လေး၊ သခင်မလေး... သခင်မကြီး က ကျွန်မကို လွှတ်ပြီး မေးခိုင်းလိုက်တာပါ... ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲတဲ့ရှင့်...”

ချင်ကျင့်ရှုသည် သူမ၏ မိခင်၏ အပါးတော်မြဲ အစေခံမကြီးအား မြင်လိုက်ရသောအခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ သူမသည် ကုန်းမင်းကြီး အိမ်တော်မှ သခင်မလေး တစ်ဦး ဖြစ်ပါလျက်နှင့် ဘာကြောင့် မိခင်၏ အစေခံကို မြင်လျှင် ဤမျှအထိ ထိတ်လန့်နေရသနည်း ဆိုသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေရရှာ၏။

“ဒီဘက်က ကိစ္စတွေက မကြာခင် ပြီးတော့မှာပါ... မေမေ့ကို ခဏလောက် စောင့်ခိုင်းပေးပါဦးနော်...”

ချင်ကျင့်ရှုက ညင်သာစွာ ပြောလိုက်သည်။

အစေခံမကြီးသည် ခေါင်းကို အနည်းငယ် ညိတ်ပြပြီးနောက် ချင်ကျင့်ရှုအား တင်းကျပ်သော အကြည့်ဖြင့် လိုက်လံ ကြည့်ရှုကာ ပြောလိုက်၏။

“သခင်မလေးရယ်... သခင်မကြီး က သခင်မလေး အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားထားတာလေ... ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာကိုတော့ သခင်မလေး စိတ်ထဲမှာ သိနေမှာပါနော်...”

မျက်နှာဖုံးအောက်ရှိ ချင်ကျင့်ရှုသည် သူမ၏ နှုတ်ခမ်းအောက်ပိုင်းကို သွေးထွက်မတတ် ကိုက်ထားလိုက်မိသော်လည်း သူမ ကိုယ်တိုင်မှာမူ သတိမပြုမိခဲ့ချေ။

ချင်အာသည် အစေခံမကြီး ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ အော်ဟစ်လိုက်လေသည်။

“အဘွားကြီး... မေမေ့ဆီမှာ ပိုက်ဆံ သုံးရာ သွားယူလိုက်စမ်းပါ... ငါ ဒီမှာ ပြဿနာ တစ်ခု ဖြစ်နေလို့လေ...”

ချင်ကျင့်ရှုသည် ချင်အာ၏ ယုံကြည်မှု အပြည့်ရှိနေသော ပုံစံကို ကြည့်ပြီး သူမ၏ အစ်ကိုမှာ သူမ တစ်ခါမှ မရရှိခဲ့ဖူးသော ယုံကြည်မှုမျိုး ရှိနေသည်ဟု ခံစားလိုက်ရ၏။

အစေခံမကြီးသည် ထိုစကားကို ကြားသောအခါ ထွက်သွားပြီးနောက် မကြာခင်မှာပင် လက်ထဲတွင် ငွေစက္ကူများကို ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့လေသည်။

အစအဆုံး မည်သူမျှ ချင်အာ၏ စကားကို တစ်ခွန်းမျှ မငြင်းဆန်ခဲ့ကြချေ။

ချင်ကျင့်ရှုသည် တားဆီးရန် ပြင်သော်လည်း ချင်မိသားစု၏ စည်းကမ်းချက်များအရ သူမကဲ့သို့သော အမျိုးသမီးများမှာ ငြင်းဆန်ခွင့် မရှိပေ။ သူမအနေဖြင့် အစ်ကိုဖြစ်သူ၏ စကားများကို လျှော့ပါးသွားအောင် ကြိုးစားပေးခြင်းမှာပင် အတိုင်းအတာ တစ်ခုအထိ ရောက်နေခဲ့ချေပြီ။ ယခုအခါတွင်မူ အရာရာမှာ ပို၍ ဆိုးရွားသော ဘက်သို့ ဦးတည်နေသည်ကို သူမ ဒီအတိုင်းသာ ကြည့်နေရတော့၏။

ချင်အာသည် ငွေစက္ကူများကို အပြင်သို့ ပစ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ဒီလောက် ပိုက်ဆံဆိုရင်တော့... နင်တို့ ဆေးကုဖို့ လုံလောက်မှာပေါ့... ညီမလေးရယ်... အစိုးရစာမေးပွဲ အောင်တာကော ဘာထူးမှာလဲဟင်... သူတို့က ပိုက်ဆံရချင်လို့ အတင်း လုပ်နေကြတဲ့ ဆင်းရဲသားတွေပဲလေ...”

ထိုသို့ ပြောပြီးနောက်တွင်မူ သူသည် ထိုကိစ္စကို လုံးဝ လျစ်လျူရှုကာ ပြန်ထွက်သွားလေတော့သည်။

ငွေစက္ကူများမှာ လေထဲတွင် လွင့်ပျံနေသော်လည်း လမ်းဘေး ဝဲယာရှိ လူများထဲမှ မည်သူမျှ ကောက်ယူရန် မဝံ့ရဲကြချေ။

နျိုနျိုသည် ဒူးထောက်ထိုင်ကာ ငွေစက္ကူများကို အကုန် စုစည်းလိုက်ပြီးနောက် ချင်ကျင့်ရှု ထံသို့ ကမ်းပေးလိုက်၏။

ချင်ကျင့်ရှုမှာမူ လှမ်းမယူခဲ့ပေ။

နျိုနျိုသည် ထိုငွေများကို သူမ၏ ဘေးရှိ အစေခံမလေး၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်လေသည်။

“တို့ မိသားစုက လိုချင်တာ ပိုက်ဆံ မဟုတ်ဘူးလေ... တရားမျှတမှု ကိုပဲ လိုချင်တာပါ...”

နျိုနျိုက အသံကို မြှင့်၍ ပြောဆိုလိုက်သည်။

“ဟေး... ဒီကလေးမလေးက တကယ့်ကို ရိုးသားတာပဲနော်...”

“ဘာတွေ လုပ်နေတာလဲဟင်... ပိုက်ဆံ သုံးရာလောက် ရှိတာကို မယူဘူးတဲ့လေ... ဒီကလေးမလေးကတော့ တကယ်ပဲ ငတုံးမလေးပဲနော်...”

ပတ်ဝန်းကျင်မှ လူများ၏ တိုးတိုးလေး ပြောဆိုနေသံများကို ကြားရသော်လည်း နျိုနျိုသည် စိတ်ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူမက ပြောလိုက်၏။

“သခင်မလေး... သမီးဖေဖေ နဲ့ အဖေစွန်း တို့မှာ ဆေးဖိုး မလိုပါဘူး... ဒါပေမဲ့ မြင်းလှည်းမောင်းတဲ့ ဦးလေးကြီးကတော့ ဒဏ်ရာ အရမ်း ရထားတာလေ... သူ့မှာ ကလေး ငါးယောက် ရှိသလို၊ တစ်မိသားစုလုံးက သူ့ကိုပဲ အားကိုးနေရတာနော်...”

ချင်ကျင့်ရှုသည် သူမ၏ အဆင့်အတန်းကို တန်ဖိုးထားသူ ဖြစ်ရာ အရာရှိစွန်းအား တောင်းပန်စကား ပြောဆိုသော်လည်း မြင်းလှည်းမောင်းသူကိုမူ လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူမသည် အစေခံအား ငွေအချို့ ထုတ်ခိုင်းလိုက်ပြီး မြင်းလှည်းမောင်းသူအား ပေးအပ်လိုက်လေသည်။

မြင်းလှည်းမောင်းသူမှာမူ ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် သွေးများ ပေကျံနေသော မျက်နှာကို အုပ်ထားရှာ၏။

သူသည် လူကုံထံများ ငြင်းခုံနေသည်ကို ကြည့်ရင်း မိမိအနေဖြင့် လျော်ကြေး ရရှိလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ သူသည် မြင်းလှည်းမောင်းသူ တစ်ဦးသာ ဖြစ်သဖြင့် လမ်းတွင် နျိုနျိုအား သူ၏ မိသားစု အခြေအနေကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့ဖူးသော်လည်း နျိုနျိုလေးက အကုန် မှတ်မိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မြင်းလှည်းမောင်းသူသည် သူ၏ ရှေ့သို့ ကမ်းပေးလာသော ငွေများကို ကြည့်လိုက်မိ၏။ ပိုက်ဆံ ရရှိပါက မျက်နှာရှိ ဒဏ်ရာများကို ကုသနိုင်မည်ဖြစ်သလို မိသားစုကိုလည်း ဒုက္ခပေးရာမကျတော့ချေ။ တောင်းပန်မှု ဆိုသည်မှာမူ သူကဲ့သို့ အောက်ခြေလူတန်းစား တစ်ဦး စိုးရိမ်ရမည့် ကိစ္စ မဟုတ်သည်မှာ သေချာလှပေသည်။

သူသည် အများကြီးပင် မယူရဲဘဲ ငွေ နှစ်တုံးကိုသာ ယူလိုက်၏။ ကုန်းမင်းကြီး အိမ်တော်မှ လူများ၏ ရန်ငြိုးဖွဲ့ခြင်းကို သူ ကြောက်နေမိခြင်း ပင်။

ကုမင်တာ့သည် ထိုမြင်ကွင်းကို ကြည့်ပြီး မြင်းလှည်းမောင်းသူ၏ အတွေးကို သဘောပေါက်သွားသဖြင့် ပြောလိုက်သည်။

“အကုန် ယူလိုက်ပါ... မင်းလည်း အသက်မွေးဖို့ မလွယ်ဘူး မဟုတ်လား... ဒါက မင်း ရသင့်ရထိုက်တဲ့ အရာပဲလေ...”

မြင်းလှည်းမောင်းသူမှာ ခဏတာ ကြောင်အသွားရရှာသည်။

ချင်ကျင့်ရှုကလည်း ပြောလိုက်၏။

“ပေးမှတော့ ယူလိုက်စမ်းပါ... တို့ ကုန်းမင်းကြီး အိမ်တော်မှာ ဒီလောက် ငွေကြေးကတော့ မရှားပါဘူး...”

မြင်းလှည်းမောင်းသူသည် ပိုက်ဆံများကို ယူပြီးနောက် ချက်ချင်းပင် ဒူးထောက်ကာ ချင်ကျင့်ရှုအား ကျေးဇူးတင်စကား ပြောဆိုလေတော့သည်။

“သခင်မလေး ရဲ့ ကျေးဇူးကတော့ အရမ်းကို ကြီးမားလှပါတယ်.. ဒီပိုက်ဆံနဲ့ ဆိုရင် ကျွန်တော် ရွာပြန်ပြီး လယ်အနည်းငယ် ဝယ်လို့ ရပြီလေ... သားတွေလည်း မိန်းမ မရမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့...”

ဘေးမှ ကြည့်နေသော လူများအတွက်မူ၊ အစိုးရ အရာရှိ ဖြစ်စေ၊ ကုန်းမင်းကြီး အိမ်တော် ဖြစ်စေ၊ ထိုအရာများမှာ အနှစ်သာရ မရှိလှဘဲ ရရှိလိုက်သော ပိုက်ဆံကသာ အစစ်အမှန် ဖြစ်ပေသည်။ သူတို့သည် ယခုအခါ မြင်းလှည်းမောင်းသူအား အစွမ်းကုန် အားကျနေကြကုန်၏။ သူ၏ မျက်နှာတွင် သွေးများ ထွက်နေသော်လည်း ငွေတုံး အမြောက်အမြား ရရှိခဲ့သည်။

“မြင်းလှည်းမောင်းတဲ့သူကတော့ ရသွားတာပဲ... ဒါပေမဲ့ ဒီမိသားစုကတော့ ဘာမှ မရလိုက်ဘူးဆိုတော့... အရှုံးကြီး ရှုံးတာပေါ့နော်...”

အချို့က ကုမိသားစုအတွက် မကျေမနပ် ပြောဆိုကြသေး၏။

သို့သော်လည်း ကုမိသားစုဝင်များမှာမူ ထို တောင်းပန်မှုအပေါ် ဂရုမစိုက်ကြချေ။ မြင်းလှည်းထဲရှိ သခင်မကုသည် လိုက်ကာကို ချကာ ပြောလိုက်သည်။

“သားလတ်... အမေ ပင်ပန်းနေပြီလေ... မြို့ထဲကို အမြန်သွားပြီး အနားယူချင်လှပြီ...”

ကုမင်တာ့က အလျင်အမြန်ပင် ပြန်ထူးလိုက်၏။ သူသည် ဘေးရှိ စွန်းမိသားစုမှ အစေခံများ၏ အကူအညီဖြင့် ထရပ်လိုက်ပြီးနောက် ချင်ကျင့်ရှုအား တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့် မေမေ က အသက်ကြီးပြီ ဖြစ်သလို မြို့ထဲကိုလည်း အမြန် သွားချင်နေလို့ပါ... သခင်မလေး လည်း ပြန်ပါတော့နော်...”

ချင်ကျင့်ရှုသည် နေရာမှာတင် ရပ်ကျန်ခဲ့ပြီး ရှက်လွန်းသဖြင့် မြေကြီးထဲသာ တိုးဝင်လိုက်ချင်စိတ် ပေါက်သွားရလေသည်။ သူမ၏ အစ်ကိုမှာမူ ပုန်းကွယ်သွားနိုင်သော်လည်း သူမကမူ ပုန်းကွယ်၍ မရပေ။ သူမသည် ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့အား ထပ်မံ၍ အရိုအသေ ပေးလိုက်ပြီး

“ကျွန်မ ကိုကို က ရိုင်းပြမိတဲ့အတွက်... ခွင့်လွှတ်ပေးကြပါဦးနော်...”

ထိုသို့ ပြောပြီးသည်နှင့် ထိုကောင်မလေးသည် ပတ်ဝန်းကျင်ရှိ လူများ၏ ကဲ့ရဲ့ပြစ်တင်မှုများကို ဆက်လက် မခံစားနိုင်တော့သဖြင့် လှည့်ထွက်ကာ ထွက်ပြေးသွားလေတော့သည်။

“ညီလေးကု... စိတ်မပူပါနဲ့... တစ်နေ့ကျရင် ကုန်းမင်းကြီး ကိုယ်တိုင် လာပြီး တောင်းပန်ရမှာပါ...”

စွန်းကျားရှင်းက နှစ်သိမ့်လိုက်သည်။

ကုမင်တာ့သည် မြို့တော်သို့ ခြေချလိုက်သည်နှင့် ဤမျှအထိ ကြီးမားလှသော အင်အားစုနှင့် ပြဿနာ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း မိသားစုကို မကာကွယ်ဘဲ ထို လူရှုပ်လူပွေအား လွှတ်ပေးလိုက်ရန်မှာမူ သူ ဘယ်လိုမှ မလုပ်နိုင်သည်မှာ အမှန် ပင်။

“အစ်ကိုစွန်း... မြို့တော်မှာရှိတဲ့ ကုန်းမင်းကြီး အိမ်တော်ရဲ့ အခြေအနေက ဘယ်လိုမျိုးလဲဟင်...”

ကုမင်တာ့က မေးမြန်းလိုက်သည်။

စွန်းကျားရှင်းက ပြောပြသည်။

“ကုန်းမင်းကြီး အဟောင်းကတော့ စစ်မြေပြင်မှာ နာမည်ကြီးခဲ့တာလေ... ဒါပေမဲ့ အခု ကုန်းမင်းကြီး ကတော့ အဖေခြေရာကို မနင်းနိုင်ဘဲ... ယဉ်ကျေးမှု ဝန်ကြီးဌာနမှာပဲ အမှုထမ်းနေတာပေါ့...”

ကုမင်တာ့သည် ချက်ချင်းပင် သဘောပေါက်သွား၏။ အဖေက ခြင်္သေ့ဖြစ်သော်လည်း သားကမူ ခွေးဖြစ်နေသည်။ ယခု ကုန်းမင်းကြီးမှာမူ အာဏာအစစ်အမှန် မရှိလှပေ။

စွန်းကျားရှင်းက ဆက်ပြောလိုက်ပြန်သည်။

“ကုန်းမင်းကြီး ရဲ့ ယောက္ခမ ကတော့ အမတ်ကြီး ချန်လေ... ကုန်းမင်းကြီး ရဲ့ ဒုတိယ ဇနီး ရဲ့ ဝမ်းကွဲနှမ ကတော့... အခု နန်းတွင်းမှာ အာဏာရှိတဲ့ ကြင်ယာတော် လီပေါ့...”

ကုမင်တာ့သည် ထိုနှစ်ဦးမှာ ယခုအခါ ကုန်းမင်းကြီး အိမ်တော်၏ အကြီးမားဆုံးသော အားကိုးရာများ ဖြစ်လိမ့်မည်ဟု သိလိုက်ရလေတော့သည်။

ဤကဲ့သို့ ဆူညံသဲသဲ ဖြစ်ပြီးနောက် ရှေ့မှ လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း လမ်းပွင့်သွားခဲ့ချေပြီ။ ကုမိသားစုသည် နောက်ဆုံးတွင် မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဆိုင်ရှင်လော် ငှားရမ်းပေးထားသော အိမ်သို့ တိုက်ရိုက် သွားရောက်ခဲ့ကြကုန်၏။

လူတိုင်းသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြသော်လည်း သခင်မကုသည် သူမ၏ ပင်ပန်းလှသော ကိုယ်ခန္ဓာကို ထူကာ ကျန်းယွင်နန်အား အနားယူရန် တားမြစ်လိုက်လေသည်။

“တို့ အိမ်မှာ အခု ပိုက်ဆံ မရှားတော့ဘူးလေ... ညည်းကလည်း အဆင့်အတန်းရှိတဲ့ သခင်မ တစ်ဦး ဖြစ်နေပြီဆိုတော့... အမျိုးသမီး အစေခံ အချို့ကို ဝယ်ပြီးတော့ အလုပ်အကျွေး ပြုခိုင်းရမယ်လေ... ဒါမှ သူများတွေနဲ့ ဆက်ဆံတဲ့အခါ သိက္ခာရှိမှာ ပေါ့နော်...”

ကျန်းယွင်နန်မှာမူ ထိုသို့ လုပ်ရန် မလိုဟု ခံစားနေရ၏။

“မေမေရယ်... ကျွန်မတို့ အိမ်က ကိစ္စလေးတွေကို ကိုယ်တိုင် လုပ်လို့ ရတာပဲလေ... အရင်တုန်းကလည်း ဒီလိုပဲ နေလာခဲ့တာ မဟုတ်လားဟင်...”

ကျန်းယွင်နန်က ညင်သာစွာ ပြောလိုက်သည်။

“အရင်တုန်းကတော့ တို့တွေက ဆင်းရဲလို့ ချွေတာခဲ့ရတာလေ... အခုတော့ တို့ တစ်မိသားစုလုံး မြို့တော်ကို ရောက်နေပြီ မဟုတ်လား... သားလတ် ကလည်း နောင်ကျရင် အရာရှိ ဖြစ်လာဦးမှာလေ... ညည်းကလည်း အရာရှိ ကတော် တစ်ဦးရဲ့ အရှိန်အဝါ ရှိရမယ်လေ... တို့ နျိုနျိုလေး ဆိုရင်လည်း နောင်ကျရင် အရာရှိ သခင်မလေး ဖြစ်လာမှာ ဆိုတော့... သူများကို တို့တွေကို ဆင်းရဲသား အိမ်ထောင်စု လို့ အပြောမခံနိုင်တော့ဘူးလေ...”

သခင်မကုသည် ယနေ့တွင် ချင်အာ ၏ စကားများကြောင့် တကယ်ပင် စိတ်ထိခိုက်သွားပုံ ရပေသည်။

All Chapters