← Chapters

စာနာနားလည်ခြင်း

Vol. 20 Ch. 198

စာနာနားလည်ခြင်း

Vol. 20 Ch. 198

အရင်က ခရီးသွားနေရသဖြင့် သခင်မလီအနေဖြင့် ပြဇာတ်စာအုပ် ရေးရန် မလွယ်ကူခဲ့သော်လည်း ယခုအခါတွင်မူ သူမသည် အခြေချပြီး ဖြစ်သဖြင့် အားလပ်ချိန်များ ရရှိနေခဲ့ချေပြီ။ ထပ်မံ၍ အမေးခံလိုက်ရသောအခါတွင်မူ၊ သူမသည် ထိုကိစ္စကို တကယ်ပဲ အလေးအနက် ထားလိုက်လေတော့သည်။

သို့သော်လည်း သူမသည် ယခင်က စာအုပ်ဖတ်ရုံသာ ဖတ်ခဲ့သူ ဖြစ်ရာ ရေးသားရသည်မှာ မည်မျှ ခက်ခဲကြောင်းကို မသိခဲ့ပေ။ ယခု အမှန်တကယ် ရေးသားရန် ပြင်လိုက်သောအခါတွင်မူ သခင်မလီသည် ပထမဆုံး စကားလုံးမှစ၍ အခက်တွေ့နေရလေတော့သည်။ သူမသည် တစ်နေကုန် ရေးသားခဲ့ပြီး စက္ကူများစွာကိုလည်း လွှင့်ပစ်ခဲ့ရသော်လည်း၊ ပြီးဆုံးသွားသည်မှာ စာ နှစ်ကြောင်းသာ ရှိပေသည်။

သခင်မလီ၏ စိတ်မှာ ထိုစာကြောင်းများပေါ်တွင်သာ ရှိနေတော့၏။ သူမသည် ကလေးများကို မြင်မှသာ ပြုံးနိုင်တော့သော်လည်း စွန်းကျားရှင်း အလုပ်မှ ပြန်လာချိန်တွင်မူ သူမ၏ မျက်နှာမှာ အလွန်ပင် မကြည်မလင် ဖြစ်နေဆဲ ပင်။

“ဘာဖြစ်လို့လဲဟင်... ဘာလို့ စိတ်မချမ်းသာ ဖြစ်နေရတာလဲ...”

စွန်းကျားရှင်းက မေးမြန်းလိုက်သည်။

သခင်မလီသည် ဘာကြောင့်မှန်း မသိဘဲ ခင်ပွန်းဖြစ်သူ၏ လေသံကို ကြားလိုက်ရသည်နှင့် ဒေါသများ ထွက်လာရသော်လည်း သူမသည် ဇွတ်ကြိတ်မှိတ်ကာ ငြင်းဆိုလိုက်၏။

“ကျွန်မ ဘာမှ မဖြစ်ပါဘူး...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ တကယ်ပဲ ယုံကြည်သွားပြီး ထိုအစား ကလေး နှစ်ဦးကိုသာ သွားရောက် စနောက်နေလေတော့သည်။ မနေ့က ခွဲခွာချိန်တွင် ချန်ရှိုးလေးက နျိုနျို၏ အင်္ကျီစကို ဆွဲကာ မပြန်ခိုင်းသဖြင့် သခင်မလီသည် သမီးဖြစ်သူအား အိမ်သို့ ခေါ်ဆောင်ကာ တစ်ညသိပ် အဖော်ပြုခိုင်းထားခြင်း ပင်။

ယနေ့ တစ်နေ့ကုန်တွင်လည်း သခင်မလီသည် နျိုနျိုအား ချန်ရှိုးလေး၏ အနားတွင်သာ ရှိနေစေခဲ့၏။

“နျိုနျိုလေး... ဒီနေ့ စာသင်တာတွေကော ပြီးပြီလားဟင်...”

စွန်းကျားရှင်းက တမင်တကာ မေးမြန်းလိုက်သည်။ သူ ထင်မှတ်ထားသည်မှာ ကလေးမလေးမှာ တစ်နေကုန် ဆော့နေသဖြင့် စာရေးပြီးမှာ မဟုတ်ဘူး ဟူ၍ ပင်။

သို့သော်လည်း နျိုနျိုကမူ လေးလေးနက်နက် ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။

“အဖေစွန်း... သမီး အကုန် ရေးပြီးပါပြီ... မယုံရင် သွားစစ်ကြည့်လို့ ရတယ်နော်...”

စွန်းကျားရှင်းမှာ ထိုစကားကြောင့် အနည်းငယ် အံ့သြသွားရသည်။

“သမီး စာရေးနေတဲ့ အချိန်မှာ... ချန်ရှိုးလေး က လာပြီး မနှောင့်ယှက်ဘူးလားဟင်...”

ချန်ရှိုးလေးမှာ သူ၏ အစ်မအပေါ် အလွန် သံယောဇဉ် ကြီးမားသူ ဖြစ်ပေသည်။ တစ်ခါတရံတွင် သူ၏ အစ်မက အဖော်ပြုပေးရန်အတွက်သာ သူသည် အသံကုန် အော်ငိုနေတတ်သည်။

နျိုနျိုက တည်ငြိမ်စွာပင် ပြောလိုက်၏။

“အဖေစွန်း... ချန်ရှိုးလေး က အရမ်း ငယ်သေးတာ မှန်ပေမဲ့... သူက တကယ့်ကို လိမ္မာတဲ့သူပါ... သမီး စာရေးနေတုန်းမှာ မနှောင့်ယှက်ပါနဲ့လို့ ပြောလိုက်တော့... သူ တကယ်ပဲ ငြိမ်နေတာလေ...”

ဘေးနားရှိ နို့ထိန်း သခင်မဟဲ ကလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ စွန်းကျားရှင်းအား ပြောပြလေသည်။

“သခင်ကြီး... သခင်လေး တစ်ယောက်တည်းတင် မဟုတ်ပါဘူး... ကျွန်မရဲ့ သမီးလေးကလည်း နျိုနျိုလေး ရဲ့ စကားဆိုရင် နားထောင်တာလေ... နျိုနျိုလေး ကတော့ တကယ့်ကို ကလေးတွေရဲ့ ဘုရင်မလေး ပါပဲ... ကလေးတွေ အကုန်လုံးက သူ့ကို ချစ်ကြတာနော်...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ ထူးဆန်းသလို ခံစားရပြီး သမီးဖြစ်သူအတွက် ပို၍ပင် ဂုဏ်ယူနေမိလေတော့သည်။ သူသည် သူ၏ စိတ်အာရုံ အားလုံးကို ကလေး နှစ်ဦးအပေါ်တွင်သာ ထားရှိလိုက်သဖြင့် သခင်မလီ ကိုမူ လုံးဝ လျစ်လျူရှုထားမိလေတော့သည်။

သခင်မလီသည် ဘေးတွင် ရပ်နေရင်း ပြဇာတ်စာအုပ် ရေးမရသည့် ဒုက္ခများကြားတွင် ခင်ပွန်းဖြစ်သူ၏ လျစ်လျူရှုမှုကိုပါ ခံလိုက်ရသဖြင့် မကျေမနပ် ဖြစ်ကာ စိတ်ကောက်နေမိတော့၏။ နျိုနျိုသည် ရုတ်တရက် သခင်မလီ၏ အနားသို့ လျှောက်သွားကာ သူမ၏ ရင်ခွင်ထဲသို့ ညင်သာစွာ တိုးဝင်လိုက်ပြီးနောက် လက်ကလေးကို မြှောက်ကာ မွေးစားမေမေ၏ မျက်မှောင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။

“စိတ်မချမ်းသာတဲ့ သူတွေပဲ မျက်မှောင်ကြုတ်တတ်တာလေ... မွေးစားမေမေ... ဘာလို့ စိတ်မကောင်း ဖြစ်နေရတာလဲဟင်...”

နျိုနျိုက ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

မိသားစု အိမ်ခွဲစဉ်က ကျန်းယွင်နန် မှာကြားခဲ့သော စကားများကို သူမ မှတ်မိနေဆဲ ပင်။ သခင်မကု မျက်မှောင်ကြုတ်၊ မကြုတ်ကို အမြဲ သတိထားရန် သူမအား မှာကြားခဲ့သည်။

ထို့ကြောင့် နျိုနျိုသည် ငယ်သော်လည်း မျက်မှောင်ကြုတ်ခြင်းမှာ စိတ်မချမ်းသာခြင်းကို ကိုယ်စားပြုမှန်း ကောင်းစွာ သိရှိထားခြင်း ဖြစ်ချေသည်။

သခင်မလီ စကားပြောရန် ပြင်လိုက်စဉ်မှာပင် စွန်းကျားရှင်းက ဘေးမှနေ၍ ဝင်ပြောလိုက်ပြန်သည်။

“တကယ်ပဲ စိတ်မကောင်း ဖြစ်နေတာလားဟင်... ခုနတင် ဘာမှ မဖြစ်ဘူးလို့ ပြောခဲ့တာ မဟုတ်လား...”

သခင်မလီမှာမူ ထိုစကားကြောင့် ထပ်မံ၍ ဒေါသထွက်လာရပြန်သည်။ နျိုနျိုသည် လူကြီးလေး တစ်ဦး ကဲ့သို့ သက်ပြင်းချလိုက်ပြီးနောက် သူမ၏ လက်ကလေးဖြင့် သခင်မလီအား ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

“မွေးစားမေမေ... ဘယ်နေရာမှာ စိတ်မကောင်း ဖြစ်နေလဲ ဆိုတာကို ပြောပြမှ ဖြစ်မှာပေါ့... မဟုတ်ရင် တို့တွေက အထင်မှားကုန်မှာပေါ့နော်...”

နျိုနျိုက ကလေးသံလေးဖြင့် နှစ်သိမ့်လိုက်လေသည်။

သခင်မလီသည် ခင်ပွန်းဖြစ်သူအား ရန်တွေ့နိုင်သော်လည်း မိမိထက် များစွာ ငယ်ရွယ်သော ကလေးလေးရှေ့တွင်မူ ရှက်ရွံ့သဖြင့် ဘာမှ မပြောနိုင်တော့ပေ။

“ဘာမှ ပြောစရာ မရှိပါဘူးကွယ်...”

နျိုနျိုသည် မွေးစားမေမေအား တစ်ချက် ကြည့်လိုက်ပြီးနောက် ဘေးရှိ မွေးစားအဖေအား လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ ပြောစရာ မရှိရမှာလဲဟင်... လင်မယားကြားမှာ ပြောစရာ မရှိဘူး ဆိုတာ မဖြစ်နိုင်ပါဘူးနော်...”

သခင်မလီမှာမူ ထိုစကားကြောင့် စိတ်လှုပ်ရှားသွားရ၏။ နျိုနျိုက ဆက်ပြောလိုက်ပြန်သည်။

“သမီး ဖေဖေနဲ့ မေမေ ဆိုရင် အရာရာကို အကုန် ပြောပြကြတာလေ... မေမေ စိတ်မဆိုးရင်တောင်မှ တစ်ခုခုဆိုရင် တိုက်ရိုက်ပဲ ပြောပြတာပေါ့...”

သခင်မလီသည် နျိုနျိုလေး တစ်ခါတုန်းက ပြောခဲ့ဖူးသော စကားများကို ရုတ်တရက် သတိရလိုက်မိသည်။ လှေစီးလာသည့် ရက်များအတွင်း သူမသည် ကုမိသားစု မည်မျှအထိ စည်းလုံးကြကြောင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ကျန်းယွင်နန် နှင့် သူမ၏ ယောက္ခမ ကြားမှ ဆက်ဆံရေးမှာလည်း အလွန်ပင် ပြေလည်လှပေသည်။ သူမသည် စိတ်ထဲမှနေ၍ တွေးတောနေမိ၏။

"ငါ သူတို့လိုမျိုး ပွင့်ပွင့်လင်းလင်း မလုပ်ခဲ့လို့... ငါတို့ ဇနီးမောင်နှံ ကြားက သံယောဇဉ်က ကုမိသားစုလောက် မခိုင်မာတာလား..."

စွန်းကျားရှင်းသည် ဇနီးမောင်နှံကြားမှ ဆက်ဆံရေးတွင် အမြဲတမ်း နှေးကွေးသူ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် ချက်ချင်း သဘောပေါက်သွားပြီး သခင်မလီအား ပြောလိုက်လေသည်။

“ကိုယ်ကတော့ စိတ်ပင်ပန်းတယ်... တခြားသူတွေက ဟန်လင်းကျောင်းတော်က အေးအေးဆေးဆေး ရှိတယ်လို့ ပြောကြပေမဲ့... ကိုယ် အထဲရောက်တော့မှပဲ အရာရာက ရှုပ်ထွေးလှမှန်း သိရတာလေ... နေ့တိုင်းလည်း ပင်ပန်းနေရတာဆိုတော့... တစ်ခုခု လိုအပ်သွားတာ ရှိရင်လည်း ခွင့်လွှတ်ပေးပါဦးနော်...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ သူမ၏ မကျေနပ်မှုများကို ချက်ချင်းပင် မေ့ပျောက်သွားရပြီး ပြန်မေးလိုက်သည်။

“ဟန်လင်း​ကျောင်းတော် တကယ်ပဲ အလုပ်များတာလားဟင်...”

စွန်းကျားရှင်းသည် မူလကတော့ သူ၏ အလုပ်ကိစ္စများကို ထုတ်မပြောလိုဘဲ ရယ်မောကာ ကျော်ဖြတ်ရန် ကြံစည်ထားသော်လည်း

နျိုနျိုက ပြောလိုက်၏။

“အဖေစွန်း... အဖေက ဘာမှ မပြောပြရင်... အဖေ အလုပ်တွေ အဆင်ပြေ၊ မပြေ တို့တွေ ဘယ်လို သိမှာလဲဟင်...”

စွန်းကျားရှင်းသည် ခေတ္တမျှ တွေဝေနေပြီးနောက် ပြောလိုက်လေသည်။

“ကိုယ် အရင်က ခွင့်ရက်တွေ အကြာကြီး ယူခဲ့မိတာဟာ... တခြား လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လောက် အခြေအနေ မကောင်းဘူး ဖြစ်နေရတာလေ... သူတို့က ခွင့်ရက် နည်းနည်းပဲ ယူထားတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးနေကြပြီလေ... အခုတော့ ကိုယ်ကပဲ အပြင်လူလို ဖြစ်နေတာပေါ့... ကိုယ့်ကို သင်ပေးရမယ့်သူကလည်း စိတ်တိုတတ်တဲ့သူဆိုတော့... သူ ကျွန်တော့်ကို တမင်တကာ နှိမ်နေသလိုမျိုး အမြဲ ခံစားနေရတာလေ...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်မကောင်း ဖြစ်သွားရ၏။ သူမ၏ ခင်ပွန်း ကြုံတွေ့နေရသော အခက်အခဲမှာ သူမ စာရေးမရသည့် ကိစ္စထက် များစွာ ပို၍ ကြီးမားလှသည်။

“မွေးစားမေမေ... မေမေ လည်း ပြောပြရမယ်လေ...”

နျိုနျိုကမူ ဒိုင်လူကြီး တစ်ဦး ပီပီ သခင်မလီအား တိုက်တွန်းနေဆဲ ပင်။

စွန်းကျားရှင်းသည်လည်း သူ၏ ဇနီးအား စောင့်ကြည့်နေမိသည်။ သခင်မလီသည် ရှက်ရွံ့မှုကို အောင့်အီးကာ ပြောလိုက်လေသည်။

“ကျွန်မက ပြဇာတ်စာအုပ် ရေးချင်လို့လေ... တစ်နေကုန် ရေးတာတောင် စာ နှစ်ကြောင်းပဲ ပြီးသေးတာဆိုတော့... ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားနေရတာပါ...”

စွန်းကျားရှင်းမှာမူ ထိုစကားကြောင့် ဆွံ့အသွားရရှာသည်။ သူသည် ဇနီးဖြစ်သူက ထိုသို့ စိတ်ကူးရှိနေမှန်း မသိခဲ့သော်လည်း ပြောလိုက်၏။

“အခုမှ စရေးတဲ့သူ အတွက်ကတော့... ဒီလောက် ရေးနိုင်တာဟာ တကယ့်ကို တော်လှပါပြီဗျာ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် နှိမ်နေရတာလဲဟင်... ပြီးတော့ မင်းက တစ်ခုခု လုပ်ဖို့ စဉ်းစားတာဟာ တခြားသူတွေထက် အများကြီး ပိုကောင်းပါတယ်နော်...”

သခင်မလီ၏ ရင်ထဲမှ အုံ့မှိုင်းမှုများမှာ ခင်ပွန်းဖြစ်သူ၏ နှစ်သိမ့်မှုကြောင့် တဖြည်းဖြည်း ပြေလျော့သွားခဲ့ချေပြီ။ သို့သော်လည်း သူမသည် ဟန်လင်းကျောင်းတော်မှ ကိစ္စများကိုမူ စိတ်မအေးနိုင်ဘဲ ရှိနေ၏။

“ရှင့်ကို သင်ပေးနေတဲ့ ဟန်လင်း အရာရှိ အိုကြီး က ဘယ်လို လူမျိုးလဲဟင်... တခြားတစ်ယောက်နဲ့ ပြောင်းပြီး သင်လို့ မရဘူးလားဟင်...”

စွန်းကျားရှင်းက ပြန်ပြောသည်။

“သူက ဟန်လင်း ကျောင်းတော် မှာ နေလာတာ ဆယ့်ငါးနှစ်တောင် ရှိပြီလေ... တကယ်ပဲ ပညာတတ် တစ်ယောက် ဖြစ်တာတော့ မှန်ပါတယ်... ဒါပေမဲ့ သူက အမြဲတမ်း ဂျေးများတတ်သလို၊ အမှားတစ်ခုခု တွေ့တာနဲ့တင် လူအများရှေ့မှာ မျက်နှာမထောက်ဘဲ ဆူပူတတ်တာလေ... အလုပ်တွေကိုလည်း ကိုယ့်ဆီကိုပဲ အကုန် ပုံချတာ... ကိုယ်က မြန်မြန် ပြီးလေလေ သူက အလုပ်တွေ ပိုခိုင်းလေလေပဲ...”

သခင်မလီက ထပ်မံ မေးမြန်းလိုက်၏။

“အဲ့ဒီလူရဲ့ မိသားစု အခြေအနေကော ဘယ်လိုလဲဟင်...”

“သူ့ဘဝကတော့ အခက်အခဲတွေ ရှိတယ်လို့ ကြားတာပဲလေ... အခုထိ အိမ်ငှားနဲ့ပဲ နေနေရသလို၊ မြို့တော်ကနေ ထွက်သွားချင်နေပေမဲ့လည်း လမ်းစ မရှိဘူး ဖြစ်နေတာပေါ့...”

သခင်မလီမှာမူ ထိုစကားကို ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားလေတော့သည်။ ထို လူကြီးမှာ သူမ၏ ခင်ပွန်း၏ ကောင်းမွန်လှသော မိသားစု နောက်ခံကို မနာလို ဖြစ်နေခြင်း ပင်။ ထိုကဲ့သို့သော လူမျိုးကို ဖားနေလို့လည်း အပိုပဲ ဖြစ်လိမ့်မည်။ ဖားလေလေ သူက ပို၍ မောက်မာလေလေ ဖြစ်နေမှာ မဟုတ်ပါလား။

“ဒီလူရဲ့ အလုပ်လုပ်ပုံတွေက... ကျွန်မနဲ့ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ မသိဘူးနော်...”

သခင်မလီက တိုးတိုးလေး ရေရွတ်လိုက်သည်။

နျိုနျို၏ နားများမှာ အမြဲတမ်း ပါးလှသည်။ သူမက ပြောလိုက်၏။

“မွေးစားမေမေ... မွေးစားအဖေ ရဲ့ လုပ်ဖော်ကိုင်ဖက် ကလေ... သမီးတို့ ရွာက ရှောင်ဟွာရဲ့ အဘွားနဲ့ တူလိုက်တာနော်... သူ့အဘွားက ရှောင်ဟွာ နဲ့ သူ့မေမေ ကို အမြဲတမ်း နှိပ်စက်နေတာလေ...”

နျိုနျို ထိုသို့ ပြောပြီးနောက်တွင်မှ တစ်ခုခုကို သတိရသွားသည်။

“အော်... မေမေ က ချင်းရွှေရွာကို မရောက်ဖူးတော့... ရှောင်ဟွာ ရဲ့ အဘွားကို မြင်ဖူးမှာ မဟုတ်ပါဘူးနော်...”

သို့သော်လည်း သခင်မလီမှာမူ လူကို နှိပ်စက်သည့် ထို နည်းလမ်းမှာ ယောက္ခမ ဆိုးများ၏ နည်းလမ်းနှင့် တူနေကြောင်း ရုတ်တရက် သဘောပေါက်သွားလေတော့သည်။

စွန်းကျားရှင်း၏ မိခင်မှာလည်း သူမအား အတိတ်က ဤကဲ့သို့ပင် နှိပ်စက်ခဲ့သည်။

All Chapters