← Chapters

မိန်းမပျိုလေး

Vol. 20 Ch. 199

မိန်းမပျိုလေး

Vol. 20 Ch. 199

သခင်မလီသည် ရယ်ရမလို၊ ငိုရမလို ဖြစ်နေရရှာ၏။ သူမ၏ နာကျင်မှုများကို အရင်က နားမလည်ခဲ့သော ခင်ပွန်းဖြစ်သူမှာ ယခုအခါတွင်မူ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် တကယ်ပဲ ရင်ဆိုင်နေရသည်။ သူ၏ အခြေအနေမှာလည်း ကြည့်ရသည်မှာ သိသိသာသာပင် ဆိုးရွားနေတော့၏။

သူမသည် အစကတော့ ထိုကိစ္စကို ဇဝေဇဝါဖြင့်သာ ကျော်ဖြတ်ရန် ကြံစည်ထားသော်လည်း နျိုနျိုလေးက မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

“ရှင့်အမေက အရင်တုန်းက ကျွန်မကိုအဲ့ဒီထက်တောင် ပိုပြီး နှိပ်စက်ခဲ့တာလေ...”

စွန်းကျားရှင်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရတော့၏။ အရင်တုန်းက ဇနီးဖြစ်သူ ငိုယိုကာ တိုင်တန်းသမျှမှာ ယခုလောက်အထိ ထိရောက်မှု မရှိခဲ့ချေ။ သူသည် လူအများရှေ့တွင် အရာရှိအိုကြီး၏ ဆူပူမှုကို ခံရစဉ်က နာကျင်မှုများ၊ ဘာလုပ်ရမှန်းမသိဘဲ အခက်တွေ့ခဲ့ရသည့် ဝေဒနာများ နှင့် အနှိမ်ခံရပြီးနောက် မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးခဲ့ရသည့် စိတ်ပျက်မှုများကို ပြန်လည် အမှတ်ရနေမိလေသည်။

သူသည် ယခုအခါ ဇနီးဖြစ်သူနှင့် ကောင်းကောင်းမွန်မွန် စကားပြောနိုင်သေးသော်လည်း တကယ်တမ်းမှာမူ သူ ဟန်လင်း ကျောင်းတော် ထဲသို့ ခြေချလိုက်သည့် အချိန်တိုင်းတွင် သူ၏ စိတ်မှာ နာရေးအိမ်သို့ ရောက်ရှိနေသည့်အလား ခံစားနေရခြင်း ဖြစ်ချေသည်။

နျိုနျိုက သက်ပြင်းချလျက် ပြောလိုက်၏။

“ရှောင်ဟွာ ရဲ့ မေမေ ကလည်း သူ့အဘွားကို ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူးလေ... ရှောင်ဟွာ က အမြဲ ပြောပြတယ်... သူ့မေမေ က အဘွားရဲ့ နှိပ်စက်မှုကြောင့် စောစော ဆုံးသွားတာတဲ့လေ... သနားစရာကောင်းတဲ့ ရှောင်ဟွာ တို့ မောင်နှမတွေလည်း အမိမဲ့ ကလေးတွေ ဖြစ်ကုန်တာပေါ့...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားရလေသည်။ သူမသည် လွန်ခဲ့သော နှစ်များစွာအတွင်း အကယ်၍သာ ခင်ပွန်းဖြစ်သူက သူမအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့လျှင်မူ သူမအနေဖြင့်လည်း အကြိမ်ပေါင်း များစွာ သေကြောင်းကြံစည်မိလိမ့်မည်ဟု ပြန်လည် တွေးတောနေမိတော့၏။

ကံကောင်းထောက်မစွာဖြင့် ယခုအခါ အရာရာမှာ ပြေလည်သွားခဲ့ချေပြီ။

စွန်းကျားရှင်းသည် မတ်တပ်ရပ်ကာ သူ၏ ဇနီးအား လေးလေးစားစားဖြင့် အရိုအသေ ပေးလိုက်လေသည်။

“မိန်းမရယ်... ကိုယ် စာကျက်နေတဲ့ နှစ်တွေအတွင်းမှာ မင်းကို အများကြီး အနိုင်ကျင့်မိခဲ့ပါတယ်နော်...”

သခင်မလီသည် ခင်ပွန်းဖြစ်သူက ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ သူမ၏ ရင်ထဲမှ မကျေနပ်မှုများမှာ လွင့်စင်သွားရပြီး ထိုအစား ယောက္ခမအား မည်သို့ ကိုင်တွယ်ခဲ့ရသည်ဟူသော အတွေ့အကြုံများကိုသာ ပြန်လည် ဝေမျှပေးလေတော့သည်။

နျိုနျိုသည် ထို လင်မယား နှစ်ဦးကြားမှ ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“မွေးစားအဖေနဲ့ မေမေ က အခုဆိုရင် သမီးရဲ့ ဖေဖေနဲ့ မေမေ လိုမျိုး ဖြစ်လာပြီနော်... အရာရာကို အတူတူ တိုင်ပင်ကြတာဆိုတော့ သံယောဇဉ်ကလည်း ပိုပြီး ခိုင်မာလာမှာပေါ့...”

သခင်မလီသည် ထိုစကားကြောင့် အလွန်ပင် ပျော်ရွှင်သွားရလေသည်။ ဘာပဲဖြစ်ဖြစ် သူမ၏ အမြင်တွင်မူ ကျန်းယွင်နန်၏ ဘဝမှာ ပျော်ရွှင်မှု၏ စံနမူနာ တစ်ခုပင်။ သို့သော်လည်း ပျော်ရွှင်နေစဉ်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် ရောက်လာကာ အနှောင့်အယှက် ပေးလိုက်ပြန်သည်။

“သခင်မကြီး... ကုမိသားစု ဆီက လူတစ်ယောက် ရောက်လာပြီးတော့... သခင်မလေး ကို ပြန်ခေါ်ချင်လို့တဲ့ရှင့်...”

သခင်မလီ နှင့် စွန်းကျားရှင်း တို့သည် ကလေးမလေးအား တစ်ညလုံး ထားရှိခဲ့ပြီး ဖြစ်ပေသည်။ သူမအား ပြန်လည် ခေါ်ဆောင်ရန် လာရောက် တိုက်တွန်းနေကြသဖြင့် နျိုနျိုသည်လည်း အိမ်သို့ ပြန်ချင်နေပုံ ရပေသည်။

သခင်မလီက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“နျိုနျိုလေး... အဘွားဝမ် ကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပါဦးနော်... သမီး လိုချင်တဲ့ အစေခံမလေးက ဒီနေ့ အိမ်ကို ရောက်လာမှာ မဟုတ်လား... သမီးဘေးမှာက အသက် ရှစ်နှစ် ကိုးနှစ်အရွယ် ကောင်မလေး တစ်ယောက်ပဲ ရှိတာဆိုတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ... အဘွားဝမ် ကတော့ အရမ်း တော်တာဆိုတော့... ဟို အရူးမလေးသာ ပြဿနာ ရှာခဲ့ရင် သူက ဝိုင်းပြီး ထိန်းပေးနိုင်မှာပေါ့...”

နျိုနျိုသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြောလိုက်သည်။

“ဒါဆို အဘွားဝမ် ရဲ့ လစာကို သမီးပဲ ပေးမယ်လေ... နျိုနျို မှာ ပိုက်ဆံတွေ အများကြီး ရှိတာပဲကို...”

သခင်မလီသည် မူလကတော့ ငြင်းဆန်ရန် ပြင်သော်လည်း လစာပေးသော သူ၏ စကားကိုသာ အစေခံများက နားထောင်ကြမည် ဖြစ်ကြောင်း သူမ သတိရလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ နျိုနျို၏ အစေခံအဖြစ် ထားရှိခြင်း ဖြစ်ရာ စွန်းမိသားစုထံမှ ပိုက်ဆံ ယူနေလျှင်မူ အဘွားဝမ်အနေဖြင့် စိတ်နှစ်ခွ ဖြစ်နေနိုင်သည်။

သခင်မလီသည် အဘွားဝမ်၏ အရောင်းစာချုပ်ကို နျိုနျို၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်ပြီး ပြောလိုက်လေသည်။

“သမီး ဘယ်သူ့ကို သဘောကျလို့ ကျရမလဲ မသိဘူးနော်... အရူးမလေး တစ်ယောက်ကိုမှ အသည်းစွဲ ဖြစ်နေရတယ်လို့...”

နျိုနျိုက ပြုံးလျက် ပြန်ပြောလိုက်၏။

“သမီးလည်း မသိဘူးလေ... ဒါပေမဲ့ အဲ့ဒီ အစ်မက လူဆိုးတစ်ယောက် မဟုတ်ဘူးလို့ပဲ ခံစားနေရတာ... သူ သမီးကို ဒုက္ခပေးမှာ မဟုတ်ပါဘူးနော်...”

သခင်မလီမှာမူ စိုးရိမ်နေဆဲ ဖြစ်သဖြင့် အထပ်ထပ် မှာကြားလိုက်ပြန်သည်။

“သူ့ကိုတော့ အဝေးကပဲ ကြည့်နော်... သမီးက သူ့ကို သဘောကျတယ် ဆိုမှတော့ အိမ်မှာ ထမင်းကျွေးပြီး ထားထားလို့ ရတာပဲလေ... သူ့ကို အလုပ်တွေ ခိုင်းဖို့တော့ မမျှော်လင့်ပါနဲ့တော့...”

“မွေးစားမေမေ စိတ်မပူပါနဲ့နော်... ပညာရှိသူက ဘေးအန္တရာယ်ရှိတဲ့ နေရာမှာ မနေဘူး ဆိုတာကို... ဖေဖေ သင်ပေးထားပါတယ်...”

နျိုနျိုက လေးလေးနက်နက် ပြောဆိုလိုက်လေသည်။

သခင်မလီလည်း ထပ်မံ၍ အတင်းအကျပ် မပြောတော့ပေ။ နျိုနျို ထွက်ခွာသွားသောအခါ၊ စွန်းကျားရှင်းက မေးမြန်းလိုက်၏။

“မင်း ရေးထားတဲ့ စာ နှစ်ကြောင်းကို ကိုယ့်ကို ပြလို့ ရမလားဟင်...”

သခင်မလီမှာမူ ရှက်ရွံ့လွန်းသဖြင့် ချက်ချင်းပင် တွေဝေသွားရလေသည်။

“တို့တွေက လင်မယားတွေပဲလေ... မင်း ရေးတာကို ကိုယ်က ဘာလို့ ဖတ်လို့ မရရမှာလဲဟင်...”

စွန်းကျားရှင်းက ပြုံးလျက် မေးလိုက်သည်။

သခင်မလီသည် မတတ်သာဘဲ စာမျက်နှာကို စွန်းကျားရှင်း ထံသို့ ကမ်းပေးလိုက်၏။

“မင်း ဒီ စာအုပ်ထဲမှာ ဘယ်လို ပုံပြင်မျိုးကို ပြောပြချင်တာလဲဟင်...”

စွန်းကျားရှင်းက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

သခင်မလီသည် လျူရှောင်ရူ၏ အတိတ်က အကြောင်းအရာများကို အသေးစိတ် ပြောပြလိုက်လေသည်။ စွန်းကျားရှင်းသည် နားထောင်ပြီးနောက် ချက်ချင်းပင် ပြောလိုက်၏။

“ဒီပုံပြင်က အရမ်း ကောင်းတာပဲနော်... အကယ်၍သာ သေချာ ရေးနိုင်မယ် ဆိုရင်တော့... ဈေးကောင်းကောင်းနဲ့ ရောင်းရမှာ သေချာပါတယ်...”

သခင်မလီက ပြောလိုက်သည်။

“ကျွန်မက ပိုက်ဆံရချင်လို့ ရေးတာ မဟုတ်ပါဘူးနော်...”

သူမတွင် ပိုက်ဆံ မရှားသည်မှာ အမှန် ပင်။ သူမသည် တစ်ခုခု လုပ်ချင်သော စိတ်ဖြင့်သာ ရေးသားနေခြင်း ဖြစ်ချေသည်။

“မင်းမှာ ပိုက်ဆံ မရှားတာ မှန်ပေမဲ့... ကုမိသားစု ကတော့ အဲ့ဒီလောက်အထိ လွှတ်ထားပေးမှာ မဟုတ်ဘူးလေ... ညီလေးကု ပြောတာတော့ သူတို့က လော်မိသားစု နဲ့ ပူးပေါင်းနေတာတဲ့... အကယ်၍ ဒီပြဇာတ်စာအုပ်သာ ထွက်လာပြီးတော့ လော်မိသားစု ရဲ့ နှပ်ဟင်းဆိုင်က နာမည်ကြီးလာရင်... သူတို့ မင်းကို ပိုက်ဆံတွေ အများကြီး ပေးမှာပေါ့... ပုံပြင်က သူတို့ရဲ့ အကြောင်းကို သုံးထားတာဆိုတော့... အကျိုးအမြတ်ကိုလည်း ခွဲဝေယူရမှာပေါ့လေ...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ သူမတွင် ကြီးမားသော တာဝန်တစ်ခု ရှိနေသည်ဟု ခံစားလိုက်ရပြီး ထိုပုံပြင်ကို အကောင်းဆုံးဖြစ်အောင် ရေးသားရန် ဆုံးဖြတ်လိုက်လေတော့သည်။

နျိုနျို အိမ်သို့ ရောက်ရှိသည်နှင့် ကျန်းယွင်နန်က ပြောလိုက်၏။

“သမီး သဘောကျတဲ့ ဟို အစေခံမလေးလေ... အမေ သူ့ကို နောက်ဖေးခြံက အနောက်တောင်ဘက်က အခန်းမှာ နေခိုင်းထားတယ်... သူ ရောက်လာကတည်းက ငြိမ်ငြိမ်သက်သက်ပဲ ရှိနေတာလေ... ဆူညံသံလည်း တစ်ချက်မှ မထွက်ဘူး... ဒါပေမဲ့ ဗိုက်တော့ အရမ်း ဆာနေပုံ ရတယ်... ထမင်း သုံးပန်းကန်တောင် တစ်ခါတည်း ကုန်အောင် စားလိုက်တာလေ...”

နျိုနျို နောက်ဖေးခြံသို့ ရောက်သောအခါ အားကျောက်သည် အဖော်ကောင်လေး လျိုယွဲ့၏ ပုခုံးပေါ်တွင် ထိုင်ကာ အခန်းထဲသို့ စူးစမ်းကြည့်ရှုနေသည်ကို တွေ့လိုက်ရလေသည်။

“ကိုကိုလတ်... ဘာတွေ ကြည့်နေတာလဲဟင်...”

နျိုနျိုက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

အားကျောက်သည် နျိုနျို၏ အသံကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားရ၏။ ထို့နောက်တွင်မူ သူ၏ နှမအနောက်တွင် မျက်နှာကြီး သုန်မှုန်လျက် ရှိနေသော ကျန်းယွင်နန်အား မြင်တွေ့လိုက်ရလေသည်။

အဘွားဝမ်သည် နျိုနျိုနှင့်အတူ ပါလာသည် မှန်သော်လည်း ကျန်းယွင်နန်မှာမူ စိတ်မအေးနိုင်ဘဲ ရှိနေဆဲ ပင်။ ထို အရူးမလေးက သမီးဖြစ်သူအား ရုတ်တရက် ဒုက္ခပေးမှာကို သူမ အမြဲ စိုးရိမ်နေမိခြင်း ဖြစ်ချေသည်။

သူမသည် သူမ၏ အသုံးမကျသော သားငယ်ကို မြင်သည်နှင့် ဆူပူလိုက်လေတော့သည်။

“စာသင်တာတွေကော ပြီးပြီလားဟင်... ပညာရှိသူက ယဉ်ကျေးပျူငှာစွာ နေထိုင်ရမယ် ဆိုတာကို... ဆရာ သင်ပေးထားတဲ့ စည်းကမ်းတွေကိုကော အကုန် မှတ်မိရဲ့လားဟင်...”

အားကျောက်သည် ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

“မေမေကလည်း... သားကိုပဲ အမြဲ ဆူနေတာလေ... ညီမလေးကိုကျတော့ တစ်ခါမှ မဆူဘူး...”

ကျန်းယွင်နန်က အေးစက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“နင့်ညီမလေး က နင့်လိုမျိုး စကားနားမထောင်တဲ့သူ မဟုတ်လို့ပေါ့...”

ကျန်းယွင်နန်သည် သားသမီးများကို ခွဲခြားဆက်ဆံခြင်း မဟုတ်သော်လည်း အားကျောက်မှာမူ သူမအား ဒေါသထွက်အောင် ပြုလုပ်ရာတွင် အမြဲတမ်း ကျွမ်းကျင်သူ ဖြစ်နေသည်။ ဤကလေးမှာမူ သူမ၏ ဆူပူမှုကို ကြာကြာ မှတ်မိမည့်သူ မဟုတ်သည်မှာ သေချာလှပေသည်။

အားကျောက်သည် ထိုသို့သာ ညည်းတွားသော်လည်း နျိုနျိုအပေါ် မကျေနပ်ခြင်းမျိုး မဟုတ်ပေ။ သူသည် မိခင်ဖြစ်သူ သတိမထားမိချိန်တွင် နျိုနျိုအား မျက်နှာပြောင်ပြကာ စနောက်နေသေး၏။

“လိမ္မာတဲ့ကလေးလေး... ဟို အရူးမလေး ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကိုကို့ကို သေချာ ပြန်ပြောပြရမယ်နော်... ပျော်စရာ ကောင်းတာ ရှိရင် ကိုကို့ကို မမေ့နဲ့ဦး...”

အားကျောက်သည် ထိုခြံဝင်းအတွင်းမှ မထွက်ခွာမီ ပျော်စရာများကို လွဲချော်သွားမှာ စိုးရိမ်သဖြင့် နျိုနျိုအား အထပ်ထပ် မှာကြားလိုက်လေသည်။

ကုမင်တာ့၏ သားငယ်အား ပြန်လွှတ်ပြီးနောက် ကျန်းယွင်နန်သည် ပိတ်ထားသော အခန်းတံခါးကို ဖွင့်လိုက်လေတော့သည်။

အခန်းထဲရှိ အရူးမလေးမှာမူ ခုံပုလေးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များ၊ ညစ်ပတ်နေသော မျက်နှာ နှင့် စုတ်ပြတ်နေသော အဝတ်အစားများမှလွဲလျှင် သူမအား အရူးမတစ်ဦးဟု ထင်မှတ်ရန် ခက်ခဲလှပေသည်။

တံခါးဖွင့်သံကို ကြားလိုက်ရသည်နှင့် ထိုမိန်းကလေးသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းယွင်နန် နှင့် သူမ၏ သမီးကို မြင်တွေ့လိုက်ရသောအခါတွင်မူ၊ သူမသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခေါင်းနှင့် ဆောင့်ကာ ဦးချလေတော့သည်။

ကျန်းယွင်နန်သည် ထိုသူမှာ အရင်ကနှင့် မတူဘဲ ပြောင်းလဲသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ယခင်က သူမ၏ မျက်လုံးများတွင် အကူအညီ တောင်းခံနေသော အရိပ်အယောင်များသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ခွဲခွာနေရသော ဆွေမျိုးသားချင်းများနှင့် ပြန်လည် ဆုံတွေ့လိုက်ရသည့်အလား ရှိနေတော့သည်။

ကျန်းယွင်နန်သည် ထိုမိန်းကလေး၏ စူးရှလှသော အကြည့်များကို ကျော်လွန်ကာ ကြည့်လိုက်ရာ အပြစ်ကင်းစင်လှသော သူမ၏ သမီးလေးကို မြင်တွေ့လိုက်ရလေသည်။

All Chapters