← Chapters

မလိမ္မာသော သားသမီးများ

Vol. 21 Ch. 203

မလိမ္မာသော သားသမီးများ

Vol. 21 Ch. 203

ကုမင်တာ့သည် သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်၏။

“သမီးကတော့ အပြင်ကို စာသွားသင်ဖို့ မလိုပါဘူး... ဖေဖေ ကိုယ်တိုင်ပဲ သင်ပေးမှာပေါ့...”

သာမန် ကလေးများသာ ဆိုလျှင်မူ ထိုစကားကို ကြားလျှင် ခွဲခြားဆက်ဆံခံရသည်ဟု ယူဆကာ ဝမ်းနည်းကြမည် ဖြစ်သော်လည်း နျိုနျိုမှာမူ မတူညီပေ။ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“ဟုတ်ပြီ... ဟုတ်ပြီ... ဒါဆို သမီး အိမ်မှာပဲ နေပြီး ဖေဖေတို့နဲ့ အတူတူ နေလို့ ရတာပေါ့လေ...”

ကျန်းယွင်နန်သည် ခင်ပွန်းဖြစ်သူအား ဇဝေဇဝါဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ကုမင်တာ့သည် နျိုနျို ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်မိ၏။ မြို့တော်တွင် အမျိုးသမီး စာသင်ကျောင်းများ ရှိသည်မှာ မှန်သော်လည်း သူ ခေတ္တမျှ သွားရောက် ကြည့်ရှုခဲ့စဉ်ကမူ ထိုကျောင်းများမှာ ပညာတတ်များကို မွေးထုတ်ပေးခြင်း မဟုတ်ဘဲ အလိုက်သိတတ်သော ချွေးမကောင်းများကိုသာ သင်ကြားပေးနေခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို အမျိုးသမီး ကျောင်းများမှာ အလွန်ပင် စည်းကမ်း တင်းကျပ်လှသလို ကျောင်းလစာမှာလည်း အဆမတန် ကြီးမားလှပေသည်။ ဤသည်မှာ သမီးဖြစ်သူ၏ တန်ဖိုးကို မြှင့်တင်ရန်အတွက်သာ ဖြစ်ပြီး နောင်တွင် ဂုဏ်သရေရှိသော မိသားစုများသို့ လက်ထပ်နိုင်ရန် ရည်ရွယ်ခြင်း ပင် ဖြစ်ချေသည်။

ကုမင်တာ့က တွေးတောမိသည်မှာ ကလေး သုံးဦးစလုံးအား တစ်ပြိုင်နက် သင်ကြားပေးရန်မှာ သူ့အတွက် ခက်ခဲနိုင်သော်လည်း နျိုနျို တစ်ဦးတည်းကိုသာ သင်ပေးရမည် ဆိုပါက ပြဿနာ မရှိနိုင်ဟု ယူဆထားပေသည်။

ညဘက်တွင် ကုမင်တာ့သည် ကျန်းယွင်နန် ပြောပြသော သကြားဖြူ အကြောင်းကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ပြောလိုက်လေသည်။

“သကြားညို နည်းနည်းလောက် အရင် ဝယ်လိုက်ပါ... ပြီးမှ အဲ့ဒီ မိန်းကလေး ပြောတာ တကယ် ဟုတ်၊ မဟုတ် ဆိုတာကို အရင် စစ်ဆေးကြည့်ရအောင်လေ...”

“တို့တွေ တကယ်ပဲ သကြားဖြူ စီးပွားရေး လုပ်ကြမှာလားဟင်...”

ကျန်းယွင်နန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ကုမင်တာ့က ပြောလိုက်၏။

“တို့တွေ ကိုယ်တိုင်တော့ မလုပ်ပါဘူး... ဒါပေမဲ့ ဒီအကြောင်းကို တို့တွေ သိထားမယ် ဆိုရင်တော့... ဒါဟာ တို့လက်ထဲက အဖိုးတန် ဖဲချပ်တစ်ခု ဖြစ်လာမှာပေါ့... မိသားစုကို ဘယ်အချိန်မှာမဆို ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်လာနိုင်တာလေ...”

ကျန်းယွင်နန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မနက်ဖြန်ကျရောက်မည့် ကိစ္စများအတွက် စတင် စိုးရိမ်နေမိတော့၏။

“ကုန်းမင်းကြီး အိမ်တော်က နှုတ်ဆက်စာ ပို့ထားတာတော့ မှန်ပါတယ်... ဒါပေမဲ့ သူတို့က တကယ်ပဲ စိတ်ရင်းနဲ့ တောင်းပန်မှာလား ဆိုတာတော့ မသိဘူးလေ... ကုန်းမင်းကြီး ကတော် ကလည်း ဆက်ဆံရ ခက်မယ့် ပုံစံမျိုးဆိုတော့... မနက်ဖြန်ကျရင် ဘယ်လို ကိုင်တွယ်ရမလဲ မသိတော့ဘူးနော်...”

ရက်နည်းနည်းလောက် ကြာပြီးနောက်တွင်မူ မြို့တော် အရာရှိများထံမှ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။ ကုန်းမင်းကြီး အိမ်တော်မှ လူရှုပ်လူပွေသည် လမ်းပေါ်တွင် အစိုးရ အရာရှိများကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ကြောင်း ဧကရာဇ်မင်းမြတ်ထံ တိုင်တန်းစာ တက်သွားခြင်း ပင်။ ထိုအခါမှသာ ကုန်းမင်းကြီးသည် သူ၏ ဒုတိယသား ပြုလုပ်ခဲ့သော ကိစ္စများကို သိရှိသွားရပြီး စွန်းမိသားစု နှင့် ကုမိသားစု တို့ထံသို့ နှုတ်ဆက်စာများ အသည်းအသန် ပေးပို့ခဲ့လေတော့သည်။

“စိတ်မပူပါနဲ့... မနက်ဖြန် တို့ အိမ်ကို လာမယ့်သူက သခင်လေး တစ်ယောက်ယောက်ပဲ ဖြစ်မှာပါ... ကုန်းမင်းကြီး တို့ လင်မယားက သိက္ခာကို အရမ်း အလေးထားကြတဲ့သူတွေလေ... အလွန်ဆုံး ရှိလှရင် စွန်းမိသားစု အိမ်ကိုပဲ သွားပြီး တောင်းပန်ကြမှာပေါ့... တို့ အိမ်ကိုတော့ လာမှာ မဟုတ်ပါဘူး... အဲ့ကျရင် သေသေချာချာ ကြည့်ထားလိုက်ပါ... အကယ်၍ သူတို့က စိတ်ရင်းနဲ့ တောင်းပန်ပြီး လက်ဆောင်တွေ ပေးမယ် ဆိုရင်တော့... လက်ခံလိုက်ပြီး ထားလိုက်ရုံပဲပေါ့...”

ထိုသို့ ကုမင်တာ့က ပြောလိုက်လေသည်။

ဤအဆင့်သို့ ရောက်ရှိသွားသဖြင့် ကုန်းမင်းကြီးသည် ဧကရာဇ်မင်းမြတ်၏ အပြစ်ပေးခြင်းကို ခံလိုက်ရပြီး သူ၏ ဂုဏ်သိက္ခာမှာလည်း ပျက်စီးသွားခဲ့ချေပြီ။ ကုမိသားစုမှာမူ အင်အားနည်းလှသလို မည်သူမျှလည်း ဒဏ်ရာ မရခဲ့သဖြင့် သူတို့ဘက်မှ ပြန်လည် ရန်တွေ့ရန်မှာ မဖြစ်နိုင်သည်မှာ အမှန် ပင်။

“အကယ်၍ သူတို့က စိတ်ရင်းနဲ့ မဟုတ်ရင်ကောဟင်...”

ကျန်းယွင်နန်က မေးမြန်းလိုက်သည်။

ကုမင်တာ့သည် မျက်မှောင်ကြုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြောလိုက်၏။

“ဒါဆိုရင်တော့... အနာဂတ်မှာပဲ ကြည့်ကြရတာပေါ့လေ...”

ကုမင်တာ့သည် သူ၏ စိတ်ထဲတွင် သဘောပေါက်ထားပေသည်။ အနှစ်ချုပ်အားဖြင့် သူသည် အင်အားနည်းနေဆဲ ဖြစ်သဖြင့်သာ ထိုနေ့က မြို့တံခါးဝတွင် မိသားစုကို အရှက်ရစေခဲ့ခြင်း ဖြစ်သည်။

ကုန်းမင်းကြီး အိမ်တော်ရှိ အဓိက အဆောင်အတွင်း၌မူ ကုန်းမင်းကြီးသည် သူ၏ ဇနီးအား ဒေါသတကြီး ဆူပူနေတော့၏။

“မြို့တံခါးဝက ကိစ္စ ဖြစ်ပျက်ခဲ့တာ ဒီလောက် ရက်တွေ အများကြီး ကြာနေပြီလေ... မင်းက ငါ့ကို တစ်ခွန်းမှ မပြောခဲ့ဘူးနော်... အခု သားအငယ်က တောင်းပန်ဖို့ သွားရတော့မယ် ဆိုတော့မှပဲ... မင်းက သူ့ကို တားဆီးချင်နေရတာလားဟင်... ငါ့သားက အဲ့ဒီလောက်တောင် အဖိုးတန်နေလို့လား... ဒီလိုသာ ဆိုရင်တော့... ငါကိုယ်တိုင်ပဲ သူ့အစား သွားပြီး တောင်းပန်ပေးလိုက်မယ်လေ...”

ကုန်းမင်းကြီး ကတော်သည် ထိုစကားကို ကြားသောအခါ ဝမ်းနည်းသွားရလေသည်။

“သူတို့က တခြားမြို့က လာတဲ့ ဆင်းရဲသား အိမ်ထောင်စု တွေပဲလေ... ဒီလောက်အထိ ပြောနေဖို့ လိုလို့လားဟင်...”

ကုန်းမင်းကြီးသည် သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ချလိုက်လေတော့သည်။

“ဟန်လင်း ကျောင်းတော် ဆိုတာ မင်း ဘယ်လို နေရာမျိုး ထင်နေလို့လဲဟင်... အခုတင် ဒုတိယဆု ရထားတဲ့သူ ဆိုတာကိုရော မင်း ဘာထင်နေလို့လဲ... အဆင့် တစ် နဲ့ အဆင့် နှစ် လေ... သာမန် အစိုးရစာမေးပွဲ အောင်တဲ့သူတွေရဲ့ နောက်ကွယ်မှာတောင် ရှုပ်ထွေးလှတဲ့ ပတ်သက်မှုတွေ ရှိတာလေ... ဆရာတွေ၊ သူငယ်ချင်းတွေ၊ နယ်သူနယ်သားတွေ အများကြီးထဲမှာ... တို့တွေ ဘယ် ဘုရားအစစ် ကို သွားပြီး ပြစ်မှားမိမလဲဆိုတာ ဘယ်သူ သိမှာလဲဟင်... သူတို့ကို တကယ်ပဲ သာမန်လူတွေလို့ ထင်နေတာလားဟင်...”

ကုန်းမင်းကြီး ကတော်မှာမူ ကွဲအက်သွားသော ကြွေပန်းကန် အပိုင်းအစများ စင်ထွက်လာသဖြင့် ထိတ်လန့်သွားရ၏။ သူမသည် နောက်သို့ နှစ်လှမ်း ဆုတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်မ အဖေက အမတ်ကြီး တစ်ယောက်လေ...”

ကုန်းမင်းကြီးသည် ထိုစကားကို ကြားသောအခါ ပို၍ပင် ဒေါသထွက်သွားရလေသည်။

“နင့်အဖေ ရဲ့ အရှိန်အဝါကို နေ့တိုင်း ထုတ်ပြောမနေပါနဲ့တော့... သူက အမတ်ကြီး ဖြစ်နေလို့ရော... ဧကရာဇ်မင်းမြတ် က ငါ့ကို အပြစ်ပေးတာကို တားနိုင်လို့လားဟင်... မင်း ကျူးလွန်ခဲ့တဲ့ အမှားကြောင့် ငါ ဆူပူခံရတာတင် မကဘူး... နင့်အဖေ ကတောင်မှ ငါ့ကို သားသမီး ဆုံးမတာ မကျပ်မတ်ဘူး ဆိုပြီး အပြစ်တင်နေသေးတာလေ...”

ကုန်းမင်းကြီးသည် ဒေါသရော ဝမ်းနည်းမှုပါ ရောပြွမ်းနေတော့၏။ သူနှင့် သူ၏မိခင် ဆုံးမခဲ့သော သားအကြီးဆုံးမှာမူ တကယ့်ကို ယဉ်ကျေးပျူငှာလှသော လူကြီးလူကောင်း တစ်ဦး ဖြစ်သည်။

သားအငယ်မှာမူ ငယ်စဉ်ကတည်းက ဇနီးဖြစ်သူ၏ အနားတွင်သာ ကြီးပြင်းလာခဲ့သဖြင့် သူမ၏ အလိုလိုက်မှုကြောင့် အပြင်တွင် နေ့တိုင်း ပြဿနာ ရှာနေခြင်း ပင်။ အဲ့ဒီနေ့က မြို့တံခါးဝတွင် ဇနီးဖြစ်သူ ကိုယ်တိုင် ရှိနေပါလျက်နှင့် ဤကဲ့သို့သော ကိစ္စသေးသေးလေးကိုပင် ဘာကြောင့် သေချာ မကိုင်တွယ်နိုင်ခဲ့သနည်း ဆိုသည်ကို သူ စဉ်းစားမရ ဖြစ်နေတော့၏။

ကုန်းမင်းကြီး ကတော်သည် အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့လိုက်သော်လည်း သူမ၏ သားငယ်အတွက်မူ ကာကွယ်ပြောဆိုနေဆဲ ပင် ဖြစ်သည်။

“ကျွန်မက တမင် အမှားကို ဖုံးကွယ်တာ မဟုတ်ပါဘူး... သားအငယ်က ဒီရက်ပိုင်းမှာ ဘာကြောင့်မှန်း မသိဘဲ တစ်ကိုယ်လုံး ယားယံတဲ့ အဖုအပိမ့်တွေ ထွက်နေလို့ပါ... သမားတော် ဆီက ဆေးတောင်းသောက်ပေမဲ့လည်း မသက်သာဘူးလေ... သူ တကယ်ပဲ အပြင်ကို ထွက်လို့ မရလို့ပါ...”

ကုန်းမင်းကြီးသည် ထိုစကားကို ကြားသောအခါ ရွံရှာသော မျက်နှာထားဖြင့် ဇနီးဖြစ်သူအား ပြင်းပြင်းထန်ထန် ဆူပူလိုက်လေတော့သည်။

“ဒါတွေ အကုန်လုံးက မင်း အလိုလိုက်ထားလို့ ဖြစ်တာလေ... သူ အသက် ဘယ်လောက် ရှိပြီလဲဟင်... အပျော်အပါး နေရာတွေကို သွားလာတတ်နေပြီးတော့... အခုတော့ ညစ်ပတ်တဲ့ ရောဂါတွေပါ သယ်လာခဲ့ပြီ မဟုတ်လား...”

ကုန်းမင်းကြီး ကတော်သည် သူမ၏ သားအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ကာမဂုဏ် လိုက်စားသည့် ရောဂါမျိုး ဖြစ်လိမ့်မည်ဟုမူ လုံးဝ မထင်မှတ်ထားခဲ့ချေ။ ကုန်းမင်းကြီး ပြောလိုက်သော စကားကြောင့် သူမမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ရှိနေတော့၏။

“မဟုတ်ပါဘူး... မဖြစ်နိုင်တာ... သားလေးက အမြဲတမ်း လိမ္မာတဲ့သူပါ...”

ကုန်းမင်းကြီး ကတော်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ကုန်းမင်းကြီးက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“တကယ်ပဲ လိမ္မာတယ် ဆိုရင်တော့... ဒီလောက် ကြီးမားတဲ့ ပြဿနာကို ရှာမှာ မဟုတ်ဘူးလေ... ဘယ်သမားတော်ကို ခေါ်ပြထားတာလဲဟင်... သေသေချာချာ မှာထားခဲ့ရဲ့လားဟင်... အကယ်၍သာ သတင်းပေါက်ကြားသွားရင်တော့... တို့ အိမ်တော်ရဲ့ သိက္ခာကိုတော့ ပြန်ဆယ်နိုင်မှာ မဟုတ်ဘူးနော်...”

ကုန်းမင်းကြီး ကတော်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“သမားတော် လျူပါ... သူကတော့ အမြဲတမ်း ပါးစပ်လုံတဲ့သူဆိုတော့ အပြင်မှာ ပေါက်ကရတွေ ပြောမှာ မဟုတ်ပါဘူး...”

ကုန်းမင်းကြီးက သက်ပြင်းချလိုက်၏။ သမားတော်လျူ သည် အိမ်တော်တွင် အမြဲ အမှုထမ်းနေသူ ဖြစ်ရာ သူ၏ အလုပ်ပြုတ်မှာ စိုးရိမ်သဖြင့် အပြင်တွင် ပေါက်ကရ ပြောလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

သို့သော်လည်း ကုန်းမင်းကြီး ကတော်ကမူ မျက်လုံးများကို ရှောင်ဖယ်ကာ ပြောလိုက်ပြန်သည်။

“သားငယ် ကိုယ်ပေါ်က အဖုတွေက လုံးဝ မသက်သာသေးဘူးလေ... ကျွန်မကတော့ နန်းတွင်း သမားတော်ကြီးကိုပဲ လာကြည့်ခိုင်းရမလားလို့ စဉ်းစားနေတာ...”

ကုန်းမင်းကြီးသည် ထပ်မံ၍ ဒေါသထွက်လာရပြန်သည်။

“နန်းတွင်း သမားတော် ခေါ်ဖို့ကော သူက ထိုက်တန်လို့လားဟင်... တို့ အိမ်တော်ကတော့ မျက်နှာပျက်ရတာ အားမရသေးဘူး ထင်တယ်... ငါကတော့ သူ အဲ့ဒီလို ယားပြီး သေသွားတာကိုပဲ ပိုပြီး သဘောကျတယ်လေ...”

ကုန်းမင်းကြီး ကတော်သည် သူမ၏ သား ဒုက္ခခံနေရသည်ကို မကြည့်ရက်သဖြင့် ပြောလိုက်၏။

“ရှင်ကလည်း... သားလေးက နည်းနည်း ဆော့တာ မှန်ပေမဲ့... ရှင့်ရဲ့ သားအရင်းပဲ မဟုတ်လားဟင်...”

ကုန်းမင်းကြီးက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ငါကတော့ ဒီလို သားမျိုး မရှိတာကမှ ပိုကောင်းဦးမယ်လို့ ထင်တာပဲလေ...”

ကုန်းမင်းကြီး ကတော်၏ မျက်နှာမှာမူ အလွန်ပင် ပျက်သွားရတော့၏။ ကုန်းမင်းကြီးက ထပ်ပြောလိုက်ပြန်သည်။

“မနက်ဖြန်ကျရင်တော့ သူ့ကို အတင်း ခေါ်သွားလိုက်ပါ... အဝတ်အစားတွေကိုတော့ သေသေချာချာ ထုပ်ပိုးထားခိုင်းလိုက်ပေါ့...”

“သားလေးက အပြင်ကို မထွက်ချင်ဘူးလေ... သူလည်း စိတ်မကြည်မလင် ဖြစ်နေတာကို... ဘာလို့ သူ့ကို အတင်း ခေါ်သွားရမှာလဲဟင်...”

ကုန်းမင်းကြီးသည် ဒေါသများ ထပ်မံ ထွက်ပေါ်လာရပြန်သည်။

“သူ စိတ်မကြည်တာနဲ့ ငါ စိတ်ကြည်နေတာနဲ့ ဘာဆိုင်လို့လဲဟင်... မိခင်ကောင်း မဟုတ်ရင် သားသမီး ပျက်စီးတတ်တယ် ဆိုတာ ဒါမျိုးပေါ့... သူ ရှာထားတဲ့ ပြဿနာကို သူကိုယ်တိုင် သွားမတောင်းပန်ရင်... တခြားသူကို အစား အမှိုက်သိမ်းခိုင်းနေဦးမှာလားဟင်...”

ကုန်းမင်းကြီး ကတော်သည် သူမ၏ သားငယ်အား အတင်းအကျပ် မလုပ်လိုသေးဘဲ ရှိနေဆဲ ပင် ဖြစ်ချေသည်။ ကုန်းမင်းကြီးသည် ချင်အာ အား ထိုကိစ္စကို အသိပေးရန် လူလွှတ်လိုက်လေတော့သည်။

သို့သော်လည်း စေလွှတ်လိုက်သော လူမှာ အမြန် ပြန်ရောက်လာပြီး ထိတ်လန့်တုန်ယင်နေသော မျက်နှာထားဖြင့် ကုန်းမင်းကြီး တို့ လင်မယားအား ပြောပြလေသည်။

“သခင်ကြီး၊ သခင်မကြီး... ဒုတိယသခင်လေး က ပြောတာတော့...”

ကုန်းမင်းကြီးသည် ထိုစကားကို ကြားသည်နှင့် လက်ဖက်ရည်ခွက်ကို ထပ်မံ၍ ပစ်ပေါက်ချင်စိတ် ပေါက်သွားရ၏။ သူသည် ခွက် မရှိတော့မှန်း သိလိုက်သောအခါ စားပွဲကိုသာ အရှိန်ဖြင့် ရိုက်လိုက်ပြီး ကျိန်ဆဲလေတော့သည်။

“ဒီ မလိမ္မာတဲ့ အကောင်... သူ့ဘာသာ သေချင်သလို သေခိုင်းလိုက်စမ်းပါ...”

ကုန်းမင်းကြီး ကတော်မှာမူ မငိုဘဲ မနေနိုင်တော့ဘဲ သူမ၏ ခင်ပွန်းအား ပြောလိုက်လေသည်။

“ရှင် ကြည့်လိုက်စမ်းပါဦး... သားလေးကို ဘယ်လောက်အထိ အကျပ်ကိုင်ထားလို့လဲဟင်... သူ တကယ်ပဲ အပြင်ကို ထွက်လို့ မရလို့ပါ...”

ကုန်းမင်းကြီးသည် မျက်နှာကြီး သုန်မှုန်လျက် ပြောလိုက်၏။

“သူ မသွားဘူး ဆိုရင်တော့... သူ့အစ်ကိုကြီး ကပဲ အစား သွားရမှာပေါ့... မင်းက ဒီလို ကိစ္စသေးသေးလေးတွေ အတွက်နဲ့... ကျင့်အာရဲ့ စာကျက်နေတာကို သွားပြီး နှောင့်ယှက်ချင်နေရတာလားဟင်...”

All Chapters