← Chapters

ချင်ကျင့်

Vol. 21 Ch. 204

ချင်ကျင့်

Vol. 21 Ch. 204

ကုန်းမင်းကြီး၏ သားအကြီးဆုံး ဖြစ်သော ချင်ကျင့်သည် ယခုနှစ်တွင် အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း အစိုးရစာမေးပွဲ ပထမအဆင့်ကို အောင်မြင်ထားသူ ဖြစ်ပေသည်။ နောက်ထပ် လဝက်ခန့် ကြာလျှင်မူ သူသည် နောက်ဆုံးအဆင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရမည် ဖြစ်ချေသည်။

ကုန်းမင်းကြီးသည် သူ၏ အိမ်တော်မှ စစ်ရေးပညာထက် စာပေပညာဘက်သို့ ဦးတည်ရန် ကြိုးစားနေသူ ဖြစ်ရာ အရာရှိ အားလုံးကလည်း ချင်ကျင့် အပေါ်တွင် မျှော်လင့်ချက် ကြီးမားစွာ ထားရှိကြသည်။ သူ၏ အဘိုးဖြစ်သော အမတ်ကြီး ချန် ပင်လျှင် ထိုမြေးဖြစ်သူအား အလွန် အလေးထားပေသည်။

ယခုအခါ အိမ်တော်အတွင်းရှိ မည်သူမျှ ချင်ကျင့် ၏ စာကျက်နေမှုကို ကိစ္စသေးသေးလေးများဖြင့် မနှောင့်ယှက်ရဲကြသလို သူ နေထိုင်ရာ ခြံဝင်း သို့မဟုတ် ဘေးခြံဝင်းများတွင်ပင် ဆူညံသံ မထွက်အောင် သတိထားနေကြရလေသည်။

ကုန်းမင်းကြီး ကတော်မှာမူ ထိုစကားကြောင့် မကျေမနပ် ဖြစ်သွားရ၏။

“ဒါက ကိစ္စသေးသေးလေးပဲလေ... ဘာလို့ ကျင့်အာ ကို သွားပြီး နှောင့်ယှက်ရမှာလဲဟင်... ဒုတိယအဆောင် မှာလည်း ကလေးတွေ အများကြီး ရှိတာပဲ မဟုတ်လားဟင်...”

“ပထမအဆောင် က အပြစ်လုပ်တာကို ဒုတိယအဆောင် က သွားပြီး တောင်းပန်ရမယ် ဆိုတာက ဘယ်လို အကျိုးအကြောင်းလဲဟင်... မင်းက ဒါကိုလည်း မလုပ်ချင်၊ ဟိုဟာကိုလည်း မလုပ်ချင် ဆိုရင်တော့... မနက်ဖြန်ကျရင် ငါကိုယ်တိုင်ပဲ သွားပြီး တောင်းပန်ပေးလိုက်မယ်လေ...”

ကုန်းမင်းကြီး ကတော်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားရလေသည်။ အကယ်၍သာ ချင်အာ ကြောင့် ကုန်းမင်းကြီး ကိုယ်တိုင် သွားရောက် တောင်းပန်ရမည် ဆိုပါက ဤသည်မှာ သူ၏ ဂုဏ်သိက္ခာကို အကျခံလိုက်ခြင်း ပင် ဖြစ်ချေသည်။

စွန်းမိသားစုမှာ အနည်းဆုံးတော့ အရာရှိ တစ်ဦး ဖြစ်သဖြင့် အိမ်တော်မှ ကိုယ်တိုင် သွားရောက် တောင်းပန်ခြင်းမှာ ယဉ်ကျေးပျူငှာသော အမူအရာအဖြစ် သတ်မှတ်နိုင်သော်လည်း အခြား မိသားစုမှာမူ သာမန် ပညာတတ် တစ်ဦးသာ။ ထိုသို့သော သူအား အဆင့်မြင့်လှသော ကုန်းမင်းကြီး ကိုယ်တိုင် သွားရောက် တောင်းပန်ရမည် ဆိုပါက သူမပါ သိက္ခာကျရမည်။

“ထားလိုက်ပါတော့... ကျွန်မပဲ သားလေးကို သွားပြီး ဖျောင်းဖျလိုက်ပါ့မယ်...”

နောက်ဆုံးတွင်မူ ကုန်းမင်းကြီး ကတော်သည် မိသားစုနှင့် မိမိ၏ ဂုဏ်သိက္ခာအတွက် အလျှော့ပေးလိုက်ရလေတော့သည်။

ကုန်းမင်းကြီးသည် အချိန်အတော်ကြာ ဆူပူနေခဲ့သော်လည်း ရလဒ် ထွက်ပေါ်လာချိန်တွင်မူ သူ၏ ရင်ထဲတွင် စိတ်သက်သာရာ မရရှိသေးပေ။ သူက ပြတ်သားစွာပင် မှာကြားလိုက်လေသည်။

“မနက်ဖြန်ကျရင်တော့ စိတ်ရင်းနဲ့ အမှားဝန်ခံရမယ်နော်... အကယ်၍သာ တစ်ခုခု မှားယွင်းသွားမယ် ဆိုရင်တော့... နောက်ကျရင် အိမ်တွင်းရေး ကိစ္စတွေကို မင်း စိုးရိမ်နေဖို့ မလိုတော့ဘူး...”

ကုန်းမင်းကြီး ကတော်သည် သူမ၏ ခင်ပွန်းက အိမ်ထိန်းအာဏာဖြင့် ခြိမ်းခြောက်နေသည်ကို ကြားသိလိုက်ရသလို သူ တကယ်ပဲ ဒေါသထွက်နေမှန်းလည်း သိရှိထားပေသည်။ ထို့ကြောင့် သူမသည် ထပ်မံ၍ မငြင်းဆန်ရဲတော့ဘဲ ပြောလိုက်၏။

“ယောက်ျားရယ်... စိတ်မပူပါနဲ့တော့... ကျွန်မ စိတ်ထဲမှာ သိနေပါတယ်နော်...”

ကုန်းမင်းကြီးက ထပ်ပြောလိုက်ပြန်သည်။

“ဒါဆိုရင်လည်း စောစောစီးစီး အနားယူလိုက်တော့... ငါကတော့ ယောင်ဟွာ အဆောင်ကိုပဲ သွားတော့မယ်လေ...”

ကုန်းမင်းကြီး ကတော်သည် သူမ၏ ခင်ပွန်း အသည်းအသန် ထွက်ခွာသွားသည်ကို ကြည့်ကာ ဤနေရာတွင် ညစ်ပတ်သည့် အရာတစ်ခု ရှိနေသည့်အလား ခံစားလိုက်ရသဖြင့် ဒေါသတကြီးဖြင့် သူမ၏ လက်ကိုင်ပုဝါကိုသာ ဆောင့်ဆွဲလိုက်မိလေတော့သည်။

သို့သော်လည်း ကိစ္စရပ်များ၏ တိုးတက်မှုမှာမူ သူတို့ ဇနီးမောင်နှံ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။ ချင်အာ သည် သေလျှင်သေပါစေ အပြင်ထွက်၍ မတောင်းပန်နိုင်ဟု အတင်း ငြင်းဆိုနေတော့၏။ မိဘများကို ပြော၍ မရမှန်း သိလိုက်သောအခါတွင်မူ သူသည် သူ၏ အစ်ကိုကြီး၏ ခြံဝင်းအတွင်း၌သာ ပြဿနာ ရှာနေလေတော့သည်။

ချင်ကျင့် သည် ထိုအကြောင်းကို သိရှိသွားသောအခါ စာအုပ်ကို ချလိုက်ပြီး မိမိကိုယ်တိုင် သွားရောက်ရန် ဦးအောင် တောင်းဆိုလိုက်လေသည်။ မြင်းလှည်းဖြင့် အိမ်တော်မှ ထွက်လာကြသော ဇနီးမောင်နှံ၏ မျက်နှာများမှာမူ အလွန်ပင် မကြည်မလင် ဖြစ်နေကြကုန်၏။

ဆန့်ကျင်ဘက် အနေဖြင့် ချင်ကျင့် ကမူ သူတို့ကို ညင်သာစွာ နှစ်သိမ့်ပေးနေခဲ့သည်။

“ဖေဖေနဲ့ မေမေ... စာသင်တာ ဆိုတာ ခဏလေးနဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်ပါဘူး... သားက သားအကြီးဆုံး တစ်ယောက် ပီပီ ညီလေး အမှားလုပ်မိတာကို သားကိုယ်တိုင် လိုက်ပြီး တောင်းပန်သင့်တာပေါ့... အကယ်၍ ညီလေး အဆင်ပြေနေရင်တောင်မှ သားက လိုက်သွားရမှာပါပဲလေ...”

ထို လင်မယား နှစ်ဦးသည် လူကြီးလူကောင်း ပီသပြီး အရာရာတွင် ထိပ်တန်းမှ ရှိနေသော သူတို့၏ သားကြီးအား ကြည့်ကာ၊ အစွမ်းကုန် ကျေနပ်နေကြသည်မှာ သိသာလှပေသည်။ စွန်းမိသားစုမှာမူ မာန်မာန မရှိလှဘဲ စွန်းကျားရှင်းသည်လည်း ထိုကိစ္စကို ကောင်းစွာ သိရှိထားပေသည်။ ယခု လာရောက် တောင်းပန်ခြင်းမှာ ဟန်ဆောင်မှုတစ်ခု သက်သက်သာ ဖြစ်သည်။

ကုန်းမင်းကြီး၊ ကုန်းမင်းကြီးကတော် နှင့် သားကြီး ချင်ကျင့် တို့မှာမူ အလွန်ပင် နှိမ့်ချသော ပုံစံမျိုးဖြင့် ပြုမူခဲ့ကြကုန်၏။ ချင်ကျင့် ကမူ အထပ်ထပ် တောင်းပန်နေခဲ့သည်။

“ပညာရှိစွန်းရယ်... ကျွန်တော့် ညီလေး ကိုယ်တိုင် လာပြီး တောင်းပန်ရမှာ မှန်ပေမဲ့... သူက ရုတ်တရက် ရောဂါအကြီးအကျယ် ဖြစ်နေလို့ အပြင်ကို ထွက်လို့ မရလို့ပါ... ဒါကြောင့် ကျွန်တော်တို့ အပေါ်ကို ခွင့်လွှတ်ပေးပါဦးနော်...”

သူတို့၏ အမူအရာမှာ အလွန်ပင် နှိမ့်ချလှသဖြင့် စွန်းကျားရှင်းသည်လည်း ထိုကိစ္စကို ဆက်လက်၍ ဆုပ်ကိုင်မထားတော့ပေ။ စွန်းမိသားစု အိမ်မှ ထွက်လာချိန်တွင် ကုမိသားစု အိမ်သို့ ကိုယ်တိုင် သွားရောက် တောင်းပန်ရန် စိတ်မပါတော့သော မိဘများကို ချင်ကျင့် က ထပ်မံ၍ ဖျောင်းဖျလိုက်ပြန်သည်။

“ညီလေး က အမှားလုပ်ခဲ့တာလေ... တို့တွေဘက်က အမူအရာကို နှိမ့်ချထားပြီးတော့... ကုမိသားစု ဆီကနေ စိတ်ရင်းနဲ့ ခွင့်လွှတ်မှုကို ရအောင် ကြိုးစားရမယ်လေ...”

ကုန်းမင်းကြီး ကတော်မှာမူ အလွန်ပင် မကျေမနပ် ဖြစ်နေတော့၏။

“သူတို့က တို့တွေ ကိုယ်တိုင် သွားတွေ့ဖို့ ထိုက်တန်လို့လားဟင်...”

ချင်ကျင့် က သက်ပြင်းချလျက် ပြောလိုက်သည်။

“မေမေရယ်... သားကတော့ သာမန်လူ တစ်ယောက်ပါပဲလေ...”

ကုန်းမင်းကြီး ကတော်သည် ထိုစကားကြောင့် စကားဆွံ့သွားရသော်လည်း အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

“သားက မတူဘူးလေ... သားက တို့ အိမ်တော်ရဲ့ သခင်လေး ဖြစ်သလို... နောင်ကျရင်လည်း အရာရှိကြီး ဖြစ်လာမယ့်သူ မဟုတ်လား... သာမန် စာမေးပွဲ ဖြေမယ့်သူတွေနဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲဟင်...”

ချင်ကျင့် က အကြံပေးလိုက်လေသည်။

“မေမေရယ်... သာမန်လူတွေ ထဲမှာလည်း နောင်ကျရင် အောင်မြင်မယ့်သူတွေ ရှိနိုင်တာပဲလေ... မေမေ ကိုယ်တိုင် သွားပြီး တောင်းပန်တာဟာ ရှက်စရာ မဟုတ်ပါဘူး... ဒီတစ်ခါမှာ ရန်ငြိုးတွေကို ပြေလည်အောင် လုပ်နိုင်ခဲ့ရင်တော့... တို့ အိမ်တော်ရဲ့ နာမည်ကောင်းကလည်း အရာရှိလောကမှာ ပြန့်နှံ့သွားမှာပေါ့နော်...”

“တို့တွေ ကိုယ်တိုင် သွားကြတာပေါ့...”

ကုန်းမင်းကြီးက ရုတ်တရက် ဝင်ပြောလိုက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။

ကုန်းမင်းကြီး ကတော်မှာမူ စိုးရိမ်လွန်းသဖြင့် ဆွေ့ဆွေ့ခုန်သွားရ၏။ သူမသည် အမြဲတမ်း မောက်မာခဲ့သူ ဖြစ်ရာ သာမန် ပညာတတ် တစ်ဦးအား မည်သို့ စိတ်ရင်းနှင့် တောင်းပန်နိုင်ပါမည်နည်း။

ကုမိသားစု ဆီသို့ သွားရန် စိတ်ကူးမရှိခဲ့သော ကုန်းမင်းကြီးမှာမူ သားဖြစ်သူ၏ စကားကြောင့် လုံးဝ စိတ်ပြောင်းသွားခဲ့ချေပြီ။ ကုန်းမင်းကြီး အိမ်တော်မှာ အခုတော့ ခမ်းနားနေဆဲ ဖြစ်သော်လည်း တကယ်တမ်းမှာမူ အခြေအနေမှာ ယိုင်နဲ့နေခဲ့ချေပြီ။ စစ်ရေးမှ စာပေဘက်သို့ ကူးပြောင်းရန်မှာလည်း မလွယ်ကူလှပေ။ သူသည် သူ၏ သားကြီး၏ အနာဂတ်အတွက်မူ ဤမျှလောက်သော အရှက်တရားကို အကျခံရန် ဆုံးဖြတ်လိုက်ခြင်း ပင် ဖြစ်ချေသည်။

“မင်း မသွားချင်ဘူး ဆိုရင်လည်း... ဒီကနေပဲ တန်းပြီးပြန်သွားလိုက်ပေါ့...”

ကုန်းမင်းကြီးက သူ၏ ဇနီးအား ပြောလိုက်သည်။

ချင်ကျင့် သည် ထိုစကားကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။ သို့သော်လည်း ကုန်းမင်းကြီး ကတော်မှာမူ သူမ၏ သားကြီးက သူမအပေါ် စိတ်ပျက်သွားမှာကို စိုးရိမ်နေမိ၏။

သူမသည် သားအငယ်ကို အလိုလိုက်သော်လည်း နောင်တွင် သူမ အားကိုးရမည့်သူမှာ အနာဂတ်ရှိသော သားအကြီးဆုံးသာ ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ထားပေသည်။ သားအကြီးဆုံးမှာ သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သူ မဟုတ်သဖြင့် သားအမိကြားမှ ဆက်ဆံရေးမှာလည်း စိမ်းကားနေသည်။ ထို့ကြောင့် သူမသည် ထို အကွာအဝေးကို ပို၍ ကြီးမားသွားအောင် မလုပ်ရဲတော့ပေ။

“သာမန်လူ တစ်ယောက်ကို တောင်းပန်ရရုံလေးပဲ မဟုတ်လား... သား ကောင်းဖို့အတွက် ဆိုရင်တော့... မေမေ ဘာမဆို လုပ်ပေးနိုင်ပါတယ်...”

ကုန်းမင်းကြီး ကတော်က သူမ၏ သားကြီးထံတွင် ဂုဏ်ယူဟန်ဖြင့် ပြောဆိုလိုက်လေသည်။

ချင်ကျင့် က ချက်ချင်းပင် ပြန်ပြောလိုက်၏။

“မေမေ ပင်ပန်းသွားပါပြီနော်...”

ကျန်းယွင်နန်သည် သူမ၏ အစေခံများထံမှ သတင်းရရှိသော်လည်း ကုန်းမင်းကြီး တို့ လင်မယား နှစ်ဦးစလုံး ရောက်ရှိလာသည်ကို ကြည့်ပြီး ထိတ်လန့်သွားရ၏။ ဤကဲ့သို့သော တိုးတက်မှုမျိုးမှာ ကုမင်တာ့ အတွက်လည်း မျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်ချေသည်။

အိမ်တွင် ရှိနေသူ အားလုံးမှာမူ စာသင်ထွက်သွားသော အားကျောက် မှလွဲလျှင် ဧည့်သည်များကို ဆီးကြိုရန် ထွက်လာခဲ့ကြကုန်၏။ ကုန်းမင်းကြီးသည် သူ၏ သားအတွက် အလွန်ပင် နှိမ့်ချသော ပုံစံဖြင့် ပြုမူခဲ့သလို မျက်နှာတွင်လည်း စိတ်ရင်းရှိပုံ ရပေသည်။ အမြဲတမ်း မောက်မာလှသော ကုန်းမင်းကြီး ကတော်သည်လည်း သူမ၏ ခင်ပွန်း နှင့် သား တို့ကဲ့သို့ မလုပ်ဆောင်နိုင်သော်လည်း အနှောင့်အယှက် မပေးဘဲ ငြိမ်သက်စွာ ရှိနေခဲ့၏။

ကုမင်တာ့သည် ချင်ကျင့် အား မြင်လိုက်ရသောအခါ အံ့သြသွားရလေသည်။ မောက်မာရုန့်ရင်းလှသော ချင်အာ နှင့် မတူဘဲ အစ်ကိုဖြစ်သော ချင်ကျင့် မှာမူ ရှုပျံပင် ကဲ့သို့ တည်ငြိမ်ပြီး အေးချမ်းလှသော အရှိန်အဝါများ ရှိနေသည်။ ဤသူကို မြင်လိုက်သည်နှင့် မည်သူမဆို စိတ်ကြည်လင်သွားရသည်မှာ သေချာလှပေသည်။

ရုပ်ချင်း အနည်းငယ် ဆင်တူသည်မှလွဲလျှင် ထိုနှစ်ဦးမှာ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော ညီအစ်ကိုများ ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှပေသည်။ သခင်မကု သည် ချင်ကျင့် အား အကြိမ်ကြိမ် လှမ်းကြည့်နေမိ၏။ ဆန့်ကျင်ဘက် အနေဖြင့် နျိုနျိုမှာမူ ပို၍ တည့်တိုးလှပေသည်။ သူမသည် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့၏။

ချင်ကျင့် သည် အစိုက်ကြည့်ခံရသော်လည်း စိတ်မဆိုးဘဲ သူ၏ နှမနှင့် အရပ်ချင်း တူသော ထိုကလေးမလေးအား ကြည့်ကာ ဆယ့်နှစ်ရာသီခွင် ရုပ်ပုံပါသော ကျောက်စိမ်းဆွဲပြားလေး တစ်ခုကို လက်ဆောင် ပေးလိုက်လေသည်။

“လိမ္မာတဲ့ကလေးလေး... ဘာလို့ ကိုကို့ကို ဒီလောက်တောင် စိုက်ကြည့်နေရတာလဲဟင်...”

ချင်ကျင့် က မေးမြန်းလိုက်သည်။

နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်၏။

“ကိုကို က ကြည့်လို့ ကောင်းလို့လေ... သမီး တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ခံစားနေရတယ်နော်...”

ချင်ကျင့် က ရယ်မောလျက် ပြောလိုက်သည်။

“လူချင်း တူတာတွေ ရှိတတ်ပါတယ်လေ... ညီမလေးသိတဲ့သူ တစ်ယောက်ယောက်နဲ့ ကိုကို က ရုပ်ချင်း ဆင်နေလို့ ဖြစ်မှာပေါ့...”

နျိုနျိုကလည်း ထိုကိစ္စကို ထပ်မံ၍ မတွေးတော့ပေ။ ချင်ကျင့် က လေးလေးနက်နက် ထပ်မံ ပြောဆိုလိုက်ပြန်သည်။

“အဲ့ဒီနေ့က မြို့တံခါးဝမှာ ညီမလေးလည်း မြင်းလှည်းထဲမှာ ပါခဲ့တယ်လို့ ကြားတယ်လေ... ကိုကို့ရဲ့ ညီလေး ကိုယ်တိုင် လာပြီး တောင်းပန်သင့်တာ မှန်ပေမဲ့... သူက နေလို့မကောင်းလို့ပါ... ကိုကို ကပဲ သူ့အစား တောင်းပန်ပါရစေနော်... သမီးလေး ခွင့်လွှတ်ပေးနိုင်မလားဟင်...”

နျိုနျိုက မေးလိုက်၏။

“ကိုကို့ရဲ့ ညီလေး က တကယ်ပဲ သူမှားမှန်း သိသွားပြီလားဟင်...”

ချင်ကျင့် က ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။

“ကိုကို သူ့ကို အမှားသိလာအောင် ကူညီပေးမှာပေါ့...”

နျိုနျိုသည် ကျန်ရှိသော မိသားစုဝင်များကို လှမ်းကြည့်လိုက်၏။ ချင်ကျင့် သည် ထိုနေ့က ပါဝင်ခဲ့သူ အားလုံးကို သေသေချာချာ တောင်းပန်ခဲ့သဖြင့် ကုမိသားစုဝင်များမှာလည်း သဘောပေါက်သွားခဲ့ကြချေပြီ။ ယခု နျိုနျို တစ်ဦးတည်းသာ ကျန်တော့သည်။

နျိုနျိုက ပြောလိုက်သည်။

“သမီး ခွင့်လွှတ်ပေးနိုင်ပါတယ်... ဒါပေမဲ့ သူ တကယ်ပဲ အမှားသိရမယ်နော်...”

ချင်ကျင့် သည် သူ၏ ညာဘက် လက်သန်းလေးကို ဆန့်ထုတ်ကာ အိမ်ရှိ နှမငယ်လေးကို ချော့သကဲ့သို့ နျိုနျိုအား ချော့မော့လိုက်၏။

“တို့တွေ ကတိထားကြရအောင်လေ... လူကြီးလူကောင်း တစ်ယောက်ရဲ့ စကားက တည်ရမှာပေါ့နော်...”

ကုမိသားစု အိမ်မှ ထွက်ခွာလာချိန်တွင် ကုန်းမင်းကြီး ကတော်သည် သက်ပြင်းကြီး တစ်ချက် ချနိုင်တော့၏။

“ဒီလောက် သာမန် ခြံဝင်းထဲမှာ... ထူးဆန်းတဲ့ အနံ့တွေလည်း ထွက်နေသေးတယ်...မင်းတို့တွေ အထဲမှာ ဘယ်လိုများ နေနိုင်ကြတာလဲ မသိဘူး...”

ကုန်းမင်းကြီး ကတော်က ညည်းတွားလိုက်လေသည်။

ချင်ကျင့် က ခေါင်းကို ညင်သာစွာ ခါပြရင်း ပြောလိုက်၏။

“မေမေရယ်... သားကတော့ ထူးဆန်းတဲ့ အနံ့မျိုး မရပါဘူး... ကုမိသားစု ရဲ့ အပြုအမူတွေကလည်း ယဉ်ကျေးပျူငှာလှပါတယ်... သူတို့က ဆက်ဆံသင့်တဲ့ မိသားစု တစ်ခုပါပဲလေ...”

ကုန်းမင်းကြီး တို့ လင်မယားမှာမူ တောင်းပန်ခဲ့ရသဖြင့် အလွန်ပင် မကျေမနပ် ဖြစ်နေကြရာ မည်ကဲ့သို့ ဆက်ဆံချင်ပါမည်နည်း။ သူမက ပြောလိုက်၏။

“ဘယ်မှာ ယဉ်ကျေးလို့လဲဟင်... ဟို ကလေးမလေး ဆိုရင်... မျက်လုံးပြူးကြီးတွေနဲ့ နင့်ကို တစ်ချိန်လုံး စိုက်ကြည့်နေတာလေ... တကယ့်ကို ရုိင်းစိုင်းလိုက်တာ...”

All Chapters