← Chapters

ဂါရဝပြုလွှာ

Vol. 21 Ch. 205

ဂါရဝပြုလွှာ

Vol. 21 Ch. 205

သို့သော်လည်း ချင်ကျင့် သည် အလွန်ပင် စိတ်ရှည်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“မေမေရယ်... သူက ကလေးပဲ ရှိသေးတာလေ... တို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းကလည်း အဲ့လိုပဲ မဟုတ်လား... သား မှတ်မိသေးတယ်နော်... ဒုတိယညီလေး က ကြင်ယာတော် လီ ကို ပထမဆုံးအကြိမ် မြင်တုန်းကဆိုရင်... ငြိမ်ချက်သားကောင်းနေတာလေ... လူကုံထံတွေကိုတောင် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိတော့မလို့ မဟုတ်လား...”

ကုန်းမင်းကြီး ကတော်ကမူ ဇွတ်မှိတ်ကာ ငြင်းဆိုလိုက်သည်။

“အဲ့ဒါက အတူတူပဲလားဟင်... နင့်ညီလေးက အဲ့ဒီတုန်းက ကလေးလေးပဲ ရှိသေးတာလေ...”

ချင်ကျင့် က မတတ်သာဘဲ သတိပေးလိုက်ရလေသည်။

“သူက အဲ့ဒီတုန်းက အသက် ခုနစ်နှစ် ရှိနေပြီလေ... ကုမိသားစု က ကလေးမလေးထက် တစ်နှစ်တောင် ကြီးတာပေါ့လေ...”

ကုန်းမင်းကြီး ကတော်သည် ထိုစကားကြောင့် ရုတ်တရက် စကားဆွံ့သွားရပြီး ပြောလိုက်၏။

“ငါကတော့ အဲ့ဒီ ကလေးမလေးကို မနှစ်သက်ဘူးလေ... သူ့ရဲ့ ဆံပင်တွေကလည်း သိပ်မနက်ဘူး၊ မျက်လုံးတွေကလည်း သိပ်မဝိုင်းဘူး... ပါးစပ်လေးကလည်း ဒီထက် ပိုလှသင့်တာပေါ့...”

ကုန်းမင်းကြီး ကတော်ကိုယ်တိုင်လည်း သူမ ဘာကြောင့် နျိုနျိုကို မနှစ်သက်ရသနည်း ဆိုသည်ကို သေချာ မသိရှာပေ။ ဤသည်မှာ အသိစိတ်တစ်ခု ကဲ့သို့ပင် ဖြစ်နေတော့၏။ သူမ အမြဲ ခံစားနေရသည်မှာ နျိုနျိုသည် သူမ ကျေနပ်မည့် အခြားသော ပုံစံမျိုး ဖြစ်လာသင့်သည် ဟူ၍ ပင်။

ချင်ကျင့် ဘာမှ မပြောရသေးမီမှာပင် ကုန်းမင်းကြီးက ဒေါသတကြီး ဝင်ပြောလိုက်လေသည်။

“တခြားအိမ်က ကောင်မလေး တစ်ယောက်ကို... မင်းက ဘာလို့ အဲ့ဒီလောက်တောင် ဂျေးများနေရတာလဲဟင်... သူက တို့ ကျင့်ရှုလေး လို့ ထင်နေလို့လားဟင်...”

ကုန်းမင်းကြီး ကတော်သည် ထိုစကားကို ကြားသောအခါ နေရာမှာတင် ခုန်ပင် ခုန်ချင်စိတ် ပေါက်သွားရ၏။

“သူ့ကို ကျင့်ရှု လို့ ဘယ်လိုလုပ်ပြီး ထင်ရမှာလဲဟင်... ကျင့်ရှု က ကျွန်မရဲ့ အသည်းကျော် သမီးလေးလေ...”

ကုန်းမင်းကြီး ကတော် ထိုသို့ ပြောဆိုပြီးနောက်တွင်မှ သူမသည် နျိုနျိုအား ချင်ကျင့်ရှု ၏ စံနှုန်းများဖြင့် တိုင်းတာနေမိကြောင်း ရိပ်မိသွားလေတော့သည်။ မတော်တဆ ဆုံတွေ့ခဲ့ရသော ထိုကလေးမလေးအပေါ် သူမ ဘာကြောင့် ရန်လိုနေရသနည်း ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေရရှာ၏။

ရန်လိုခြင်း ဟုတ်လား...

ကုန်းမင်းကြီး ကတော်သည် ထိုစကားလုံးကို တွေးမိလိုက်သည်နှင့် တုန်လှုပ်သွားရလေသည်။ သူမ အနေဖြင့် သူမ၏ သမီးအပေါ် ရန်လိုစိတ် ရှိမနေသင့်ပေ။ သူမသည် ချင်ကျင့်ရှု အား အချစ်ဆုံး ဖြစ်သည် မဟုတ်ပါလား။

ကုန်းမင်းကြီးသည် အိမ်တွင် အမြဲရှိနေသူ မဟုတ်သော်လည်း သူသည် လူလားမြောက်နေသော အမျိုးသား တစ်ဦး ဖြစ်ရာ၊ သူ၏ ဇနီးနှင့် သမီးကြားမှ ဆက်ဆံရေး အစစ်အမှန်ကို ကောင်းစွာ သိရှိထားပေသည်။ သူက ပြောလိုက်၏။

“မင်းက သူ့ကို အသည်းကျော် သမီးလေး လို့ သတ်မှတ်၊ မသတ်မှတ်တော့ ငါ မသိဘူးလေ... ဒါပေမဲ့ ဟို လူရှုပ်လူပွေကိုတော့ ရတနာ တစ်ခုလို သဘောထားနေတာကတော့ အမှန်ပဲ မဟုတ်လား...”

ကုန်းမင်းကြီး တွင် သားများစွာ ရှိသော်လည်း သူ အဂုဏ်ယူဆုံးမှာ သားကြီး ချင်ကျင့် ဖြစ်ပြီး အမုန်းဆုံးမှာမူ ချင်အာ ပင် ဖြစ်ချေသည်။ အခြားသော မယားငယ်များမှ မွေးသည့် သားများမှာ အသုံးမကျသော်လည်း ပြဿနာများစွာကိုမူ မရှာကြသည်မှာ သေချာလှပေသည်။

သူ၏ သမီးဖြစ်သူ အတွက်မူ ကုန်းမင်းကြီးသည် စိတ်ထဲပင် မထားခဲ့ပေ။ သူမအား နာမည် ပေးခဲ့သည်၊ အမျိုးသမီး ဆရာတစ်ဦး ငှားပေးခဲ့သည်၊ အခြားသော သခင်မများ ဆုံးမနေသည်ကိုလည်း သူ အလေးမထားခဲ့ပေ။ ထိုစကားကို ကြားရသောအခါ ကုန်းမင်းကြီး ကတော်သည် အနည်းငယ် ဒေါသထွက်လာရလေသည်။

လမ်းခုလတ်တွင် ကုန်းမင်းကြီးသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး “ချိန်းထားတာ ရှိတယ်” ဟုသာ ပြောကာ ပြေးထွက်သွားလေတော့သည်။ ကုန်းမင်းကြီး ကတော်သည် သူမ၏ သားအား ကြည့်ကာ ချက်ချင်းပင် တိုင်တန်းလေတော့၏။

“နင့်အဖေ က ဒေါ်လေးလျူအတွက် နောက်ထပ် လယ်ယာမြေတွေ ဝယ်ပေးပြန်ပြီလေ... ငါ မသိဘူးလို့ ထင်နေတာလား... သူကတော့ တကယ်ကို ဘက်လိုက်လွန်းတာပဲ...”

ချင်ကျင့် သည် စိတ်ရှည်စွာ နားထောင်ပေးပြီး နှစ်သိမ့်ပေးလိုက်၏။ ထို့နောက်တွင်မှ သူက ပြောလိုက်သည်။

“မေမေရယ်... ညီမလေး က အသက် ခြောက်နှစ်ပဲ ရှိသေးတာလေ... သူ့မှာ လိုအပ်ချက်လေးတွေ ရှိရင်တောင်မှ မေမေ က သေသေချာချာ သင်ပေးရမှာပေါ့... အရမ်းကြီးတော့ မကြမ်းတမ်းပါနဲ့ဦးနော်...”

ကုန်းမင်းကြီး ကတော်၏ အာရုံမှာမူ လွဲမှားနေဆဲ ပင်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ယခုအတိုင်းပင်။

“နင့်ညီမလေး က နင့်ကို လာတိုင်လို့လားဟင်... ဒီကလေးမ ကတော့လေ... ကိစ္စသေးသေးလေးကိုတောင် သည်းမခံနိုင်ဘဲ ပါးစပ်ဖွာလိုက်တာ... ဒီလို ပုံစံမျိုးနဲ့ဆိုရင် နောင်ကျရင် ဘယ်လိုလုပ်ပြီး တောက်ပလာနိုင်ပါ့မလဲဟင်...”

ချင်ကျင့် က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ချင်မိသားစု မှာ မိသားစု ဂုဏ်ကို မမြှင့်တင်နိုင်တဲ့ ယောက်ျားတွေ အများကြီး ရှိတာပဲလေ... မေမေ က ဘာလို့ ညီမလေး ဆီကနေ အဲ့ဒီလောက်အထိ မျှော်လင့်နေရတာလဲဟင်...”

ကုန်းမင်းကြီးကတော်မှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြကုန်၏။ ချင်ကျင့် သည် တစ်ခုခုကို ရိပ်မိသွားသဖြင့် မေးမြန်းလိုက်သည်။

“မေမေ... ညီမလေး အတွက် အစက ဘာတွေများ စီစဉ်ထားလို့လဲဟင်... ဘာလို့ အကြောင်းမဲ့ ဒီစကားတွေကို ပြောနေရတာလဲဟင်...”

ကုန်းမင်းကြီး ကတော်သည် တွေဝေစွာဖြင့် ထရပ်လိုက်လေသည်။ ချင်ကျင့် သည် သူမအား အဖြေတစ်ခု လိုချင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့၏။ ကုန်းမင်းကြီး ကတော်သည် မတတ်သာဘဲ ပြောပြလိုက်ရလေသည်။

“မေမေ က အခု သားသမီး မရှိတော့ဘူးလေ... ဒါကြောင့် ဆွေမျိုးစု ထဲက ကလေးတွေကိုပဲ လိုက်ရွေးနေတာပေါ့... တို့ မိသားစု ကလည်း မဆိုးသလို နန်းတွင်းက ကြင်ယာတော် လီ ကလည်း ညီမလေး ကို အရမ်း သဘောကျတာလေ... အကယ်၍သာ ညီမလေး က မင်းသမီးလေး တစ်ယောက် ဖြစ်လာနိုင်မယ် ဆိုရင်တော့...”

ချင်ကျင့် သည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားရ၏။

“မေမေ... အဲ့ဒီ အတွေးတွေကို ရပ်လိုက်ပါတော့နော်... မင်းသမီး ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ထားလိုက်ပါဦး... အကယ်၍ ဖြစ်လာမယ် ဆိုရင်တောင်မှ မိဖုရားကြီး တစ်ပါး ဖြစ်လာဖို့က သေချာလို့လားဟင်... နန်းတွင်း ဆိုတာ ရှုပ်ထွေးလှတာလေ... မေမေ က ဘာလို့ ညီမလေး ကို ဒီလို ညစ်ပတ်တဲ့ နေရာထဲကို အတင်း တွန်းပို့ချင်နေရတာလဲဟင်...”

ကုန်းမင်းကြီး ကတော်သည် ထို သားကြီးအပေါ်တွင် အမြဲတမ်း အလျှော့ပေးခဲ့သူ ဖြစ်ရာ ပြောလိုက်လေသည်။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... သား ပြောသလိုပဲ လုပ်ပါ့မယ်နော်...”

သို့သော်လည်း သူမ ထိုသို့ ပြန်ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ဘာတွေ တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ပေ။

ကုမိသားစုဝင်များသည်လည်း ထိုအချိန်တွင် ကုန်းမင်းကြီး အိမ်တော်မှ လူ သုံးဦး အကြောင်းကို ပြောဆိုနေကြပေသည်။

“ချင်မိသားစု က ဒုတိယသား ကတော့ အရမ်းကို မောက်မာတာပဲနော်... ဒါပေမဲ့ သူနဲ့ ညီအစ်ကို တော်တဲ့သူကကျတော့ တကယ့်ကို ယဉ်ကျေးပျူငှာလှတဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်နေတာ အံ့သြစရာပဲ...”

ကျန်းယွင်နန်က ခံစားချက်ဖြင့် ပြောဆိုလိုက်သည်။

“အဲ့ဒီကောင်လေးကို မြင်လိုက်ရတဲ့သူတိုင်းကတော့ ပျော်ရွှင်သွားကြမှာ သေချာပါတယ်...”

နျိုနျိုသည်လည်း ခေါင်းကို တွင်တွင်ညိတ်ပြကာ ပြောလိုက်၏။

“နျိုနျို လည်း ဒီ ကိုကို့ ကို အရမ်း သဘောကျတာလေ... သူက တကယ့်ကို လူကောင်း တစ်ယောက်နဲ့ တူတယ်နော်...”

အမြဲတမ်း ရင့်ကျက်လှသော အားယန် သည် ထိုစကားကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားရပြီး မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

“သူက ညီမလေး အကြိုက်ဆုံး ကိုကို လားဟင်...”

အားယန်သည် နျိုနျို၏ အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမိ၏။ နျိုနျိုသည် ကိုကိုကြီး စိတ်ကောက်နေသည်ကို လုံးဝ သတိမပြုမိဘဲ ခေတ္တမျှ စဉ်းစားပြီးနောက် လေးလေးနက်နက် ပြန်ဖြေလိုက်လေသည်။

“သမီးက ကိုကိုကြီး နဲ့ ကိုကိုလတ် ကို အချစ်ဆုံးပဲလေ... ကိုကိုနောက်တစ်ယောက် နေရာကိုတော့ အလွတ်ထားလိုက်မယ်... အဲ့ဒီနောက်မှာတော့ ဒီ ကိုကို့ ကို ထားတာပေါ့...”

“ဒါဆို ကိုကိုရှန် ကောဟင်...”

အားယန်သည် နျိုနျိုက ကိုကိုရှန် ကိုလည်း သဘောကျသည်ဟု မှတ်မိနေဆဲ ပင်။

နျိုနျိုက တွေဝေခြင်း မရှိဘဲ ပြန်ပြောလိုက်၏။

“ကိုကိုရှန် ကတော့ နံပါတ် ငါး ပေါ့လေ... သမီးကတော့ ချင်မိသားစု က ကိုကို့ ကို ပိုပြီး သဘောကျတယ်... သူ့ကို မြင်ရတာ အရင်ကတည်းက သိခဲ့သလိုမျိုး ခံစားနေရလို့ပါ...”

ထို ကလေးဆန်လှသော စကားများကို နားထောင်ရင်း လူတိုင်း ရယ်မောလိုက်ကြကုန်၏။ ကျန်းယွင်နန်က နျိုနျို၏ နှာခေါင်းလေးကို ညင်သာစွာ တို့လိုက်ရင်း ပြောလိုက်သည်။

“ဒီကောင်မလေးကတော့လေ... တွေ့သမျှ လူတိုင်းကို လိုက်ချစ်နေတာပဲနော်...”

ပြောရင်းဆိုရင်းနှင့်ပင် လူတစ်ယောက်ရောက်ရှိလာခဲ့ချေပြီ။ နျိုနျို စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ဂါရဝပြုလွှာတစ်ခုကို လာရောက် ပေးအပ်လေတော့သည်။

“မင်းသမီးကြီး အိမ်တော်တဲ့လားဟင်...”

ထို ဂါရဝပြုလွှာကို ရရှိလိုက်ချိန်တွင် ကုမိသားစုဝင် အားလုံးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြကုန်၏။

“တို့ မိသားစုက မင်းသမီးကြီး အိမ်တော် နဲ့ ဘယ်တုန်းက ပတ်သက်ခဲ့လို့လဲဟင်...”

ကျန်းယွင်နန်၏ မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်သွားရလေသည်။

သခင်မကုမှာမူ တုန်ယင်လျက် ပြောလိုက်၏။

“မင်းသမီး ဆိုတာက ဧကရာဇ်မင်းမြတ် ရဲ့ ဆွေမျိုးတွေလေ... တို့ မိသားစုက ဘာတွေများ ပြစ်မှုကျူးလွန်မိလို့လဲဟင်...”

ကုန်းမင်းကြီး အိမ်တော်သည်ပင် ကုမိသားစုအတွက် လက်လှမ်းမမီနိုင်သော အဆင့်အတန်း ဖြစ်နေသည်။ ယခုအခါ မင်းသမီးကြီး အိမ်တော်ကပါ ပါဝင်လာသဖြင့် သူတို့မှာ ထိတ်လန့်နေကြသည်မှာ မဆန်းလှပေ။

နျိုနျိုသည် မိသားစုဝင်များ စိုးရိမ်နေသည်ကို ကြည့်ပြီး သခင်မကု ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

“အဘွား... မကြောက်နဲ့နော်... မကြောက်နဲ့... မင်းသမီး ကလည်း လူသားပဲ မဟုတ်လား... သူက လူကို စားမှာ မဟုတ်ပါဘူးနော်...”

သခင်မကုမှာမူ ပို၍ပင် ထိတ်လန့်သွားရ၏။ သူမသည် စကားကို မှားကြားလိုက်သည့်အလားပင်။

“ဘာ... မင်းသမီးကြီး က လူကို စားတတ်လို့လားဟင်... ဒါက ဘယ်လို လူကုံထံတွေရဲ့ အကျင့်မျိုးလဲဟင်...”

အဘွားအိုမှာ မျက်ရည်ပင် ကျလာရရှာသည်။ သူမသည် တစ်သက်လုံး မြေကြီးတူးကာ အသက်မွေးခဲ့သူ ဖြစ်ရာ တော်ဝင်မိသားစု ဆိုသည်မှာ ဧကရာဇ်မင်းမြတ် က ရွှေပေါက်တူးဖြင့် မြေတူးသည်ဟုသာ စိတ်ကူးယဉ်ဖူးသူ မဟုတ်ပါလား။

နျိုနျိုက ပြောလိုက်၏။

“ရပါတယ်... ရပါတယ်... အကယ်၍ သူက တကယ်ပဲ လူစားချင်တယ် ဆိုရင်တောင်မှ... သမီးကို အရင် စားခိုင်းလိုက်မှာပေါ့... သမီးက ငယ်လည်း ငယ်သလို အသားလည်း နုတာလေ...”

အားကျောက်သည် ထိုစကားကို ကြားသောအခါ ငိုယိုလျက် ပြောလိုက်လေသည်။

“ညီမလေး ကို ဘယ်စားခိုင်းလို့ ရပါ့မလဲဟင်... စားမယ် ဆိုရင်တော့ သားကိုပဲ အရင် စားခိုင်းလိုက်ပါ... သားက ညီမလေး ထက် ပိုပြီး သန်မာတာလေ...”

နျိုနျိုသည် ထို ကောလာဟလမှာ သူမကိုယ်တိုင် စတင်ခဲ့ခြင်း ဖြစ်မှန်း လုံးဝ မေ့လျော့နေခဲ့ချေပြီ။ ယခုအခါ သူမသည် မင်းသမီးကြီးမှာ လူစားတတ်သည်ဟု အခိုင်အမာ ယုံကြည်သွားပြီး ငိုယိုကာ ပြောလိုက်၏။

“တကယ်ပဲ လူစားမယ် ဆိုရင်တော့... သမီးကိုပဲ စားပါ... တခြားသူတွေကိုတော့ မစားပါနဲ့နော်... ဟုတ်ပြီလား...”

ဤကဲ့သို့သော ဆူညံသဲသဲ ဖြစ်မှုများကြောင့် ကုမင်တာ့ တို့ လင်မယားမှာ ကြောင်အသွားရရှာသည်။ သူတို့က ပြောလိုက်၏။

“စိတ်အေးအေး ထားကြပါဦး... ဘယ်သူမှ လူမစားပါဘူးနော်... သူတို့က ဂါရဝပြုလွှာ ပို့ထားတာလေ... ဘာကြောင့် ရောက်လာတာလဲ ဆိုတာကို မသိပေမဲ့... သူတို့က စနစ်တကျ လာရောက် တွေ့ဆုံချင်တာပါလေ...”

ကုမိသားစုဝင်များမှာ ရှုပ်ထွေးနေဆဲ ပင်။ ထိုအချိန်တွင် အိမ်ရှေ့တံခါးကို တစ်စုံတစ်ယောက်က လာရောက် ခေါက်လေတော့သည်။

ကိုကိုရှန် သည် မျောက်တစ်ကောင် ကဲ့သို့ အထဲသို့ ပြေးဝင်လာလေတော့သည်။

All Chapters