← Chapters

မက်မွန်ပန်း ကဗျာ

Vol. 21 Ch. 207

မက်မွန်ပန်း ကဗျာ

Vol. 21 Ch. 207

မူလကတော့ ကိုကိုရှန်က ဧည့်ခံပြီး ကုမိသားစုအား မြို့တော်၏ အဆင့်အတန်းကို ပြသချင်ခဲ့ခြင်း ပင်။ သို့သော်လည်း တစ်နေ့တာ ကုန်ဆုံးသွားချိန်တွင်မူ သူကိုယ်တိုင်ကသာ မနက်ဖြန် ကုမိသားစုအိမ်မှ ထမင်းကို လွမ်းဆွတ်နေရလေတော့သည်။

မင်းသမီးကြီး အိမ်တော်သို့ ပြန်ရောက်သောအခါ သူသည် မိခင်ဖြစ်သူ၏ အနားတွင် တဝဲလည်လည် လုပ်နေတော့၏။

“ကဲ... တော်ပါတော့... လိုချင်တာ ရှိရင်လည်း တိုက်ရိုက်ပဲ ပြောစမ်းပါ...”

မင်းသမီးကြီးက သားဖြစ်သူအား မတတ်သာဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

သူမသည် သားဖြစ်သူအတွက် မုန့်ဖိုး ထပ်တိုးပေးရန်ပင် စဉ်းစားထားပြီး ဖြစ်ချေသည်။ သို့သော်လည်း သားဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါတွင်မူ သူမ တကယ်ပင် အံ့သြသွားရလေသည်။

“ထမင်းတစ်နပ် စားဖို့ အတွက်တင်လား...”

မင်းသမီးကြီးက ထိတ်လန့်တုန်လှုပ်သွားရ၏။

ကိုကိုရှန်က ခေါင်းကို တွင်တွင်ညိတ်ပြသည်။

“တခြား ဘာမှ မလိုပါဘူး... ကုမိသားစု ရဲ့ နှပ်ဟင်းကတော့ မစားမဖြစ်ဘူးလို့ ကြားတယ်လေ... မေမေရယ်... သားက ဒါလေးကိုပဲ ဝါသနာပါတာဆိုတော့... သဘောတူပေးပါနော်...”

ရှန်လင်သည် ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။ သူမက နှုတ်ခမ်းလေးကို အသာအုပ်ကာ သူမ၏ အစ်ကိုအတွက် ကူညီပြောပေးလိုက်၏။

“မေမေရယ်... ကိုကိုက အဲ့ဒီလောက်တောင် အသည်းအသန် ဖြစ်နေတာဆိုတော့... ခွင့်ပြုပေးလိုက်ပါနော်...”

သားသမီး နှစ်ဦးစလုံးက အတူတူ တောင်းဆိုနေမှတော့ မင်းသမီးကြီးက မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဘယ်လောက်တောင် စားလို့ကောင်းလဲ ဆိုတာကို အမေလည်း မြည်းကြည့်ရတာပေါ့...”

မင်းသမီးကြီးက ပြုံးလျက် ပြောဆိုလိုက်လေသည်။

ကိုကိုရှန်သည် ဝမ်းသာအားရဖြင့် ချက်ချင်းပင် ခုန်ပေါက်လေတော့၏။ ရှန်လင်သည် အစ်ကိုဖြစ်သူ လိုချင်တာ ရသွားသည်ကို မြင်သောအခါ အေးအေးဆေးဆေးပင် သတိပေးလိုက်လေသည်။

“ငတုံးလေး… ကိုကို စားချင်တယ်လို့ ပြောလိုက်တာနဲ့တင်... ကုမိသားစု က မကျွေးဘဲ နေပါ့မလား... ဘာလို့ မေမေ့ကို အဲ့ဒီလောက်အထိ အတင်း ပူဆာနေရတာလဲ...”

ကိုကိုရှန်သည် သူ၏ ဉာဏ်ရည်မှာ ညီမလေး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြန်သဖြင့် ဘာကြောင့် မိခင်ဖြစ်သူအား အသေအလဲ တောင်းဆိုခဲ့သနည်း ဆိုသည်ကို ခဏတာ စဉ်းစားမရ ဖြစ်သွားရရှာ၏။ သို့သော်လည်း သူက အလျင်အမြန်ပင် အကြောင်းပြချက် တစ်ခု ရှာတွေ့သွားလေသည်။

“မတူဘူးလေ... အကယ်၍ မေမေ က ထမင်းစားဖို့ သွခဲ့မယ် ဆိုရင်... သူတို့က အဆင့်အတန်း အမြင့်ဆုံး ဟင်းတွေကို ပြင်ပေးမှာပေါ့... ကိုကို သူ့အိမ်မှာ စားခဲ့တဲ့ ဟင်းတွေကလည်း ကောင်းတာမှန်ပေမဲ့... ဟင်းတစ်ခွက်စ နှစ်ခွက်စ ကျန်ခဲ့မှာကို ကိုကို စိုးရိမ်လို့လေ... နည်းနည်းလေးပဲ စားရရင် ကိုကို ဘယ်လိုမှ နေလို့ကောင်းမှာ မဟုတ်ဘူး...”

ကိုကိုရှန်၏ စကားကြောင့် မိခင်ရော၊ ညီမလေးပါ ရယ်မောလိုက်ကြကုန်၏။ မင်းသမီးကြီးသည် သူမ၏ သားအကြောင်းကို ကောင်းစွာ သိရှိထားပေသည်။ သူသည် စားသောက်ခြင်း အပေါ်တွင်သာ အာရုံ ရှိနေပြီး တိုးတက်လိုစိတ် မရှိလှသော်လည်း စိတ်ထားကမူ အလွန်ပင် ဖြူစင်လှပေသည်။

“မေမေရယ်... မေမေ က နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေကို စားနေရတာဆိုတော့... ကွမ်လင်းပြည်နယ် ရဲ့ အစားအစာတွေကိုလည်း မြည်းကြည့်ဦးလေ... အရသာ တစ်မျိုး ထူးခြားနေမှာ သေချာတယ်...”

ကိုကိုရှန်က ပြုံးလျက် ပြောလိုက်သည်။

ရှန်လင်က ပြောလိုက်၏။

“ကိုကို... ကုမိသားစု ကို ကူညီချင်တာတော့ မှန်ပါတယ်... ဒါပေမဲ့ မေမေ့ကို အဲ့ဒီလောက်အထိ မျှော်လင့်ချက်တွေ မပေးထားနဲ့ဦးလေ... အကယ်၍ နောက်မှ ဟင်းက မကောင်းခဲ့ရင် ဘယ်လိုလုပ်မလဲ...”

ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ ယနေ့တွင် လက်တွေ့ သက်သေ မပြနိုင်ပါက ဆက်ပြော၍ ရတော့မည် မဟုတ်ကြောင်း ရိပ်မိသွားလေသည်။ သူသည် သူ၏ အိတ်ထဲမှ နောက်ဆုံး ကျန်ရှိနေသော ဝက်သားခြောက် နှစ်ဖဲ့ကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ယူလိုက်၏။

“မေမေတို့ တစ်လုပ်စီ မြည်းကြည့်လိုက်ပါ... မကြိုက်ဘူး ဆိုရင်တော့ ကျွန်တော့်ကို ပြန်ပေးနော်...”

ကိုကိုရှန်က နှမြောတသသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

ရှန်လင်သည် ပျားရည်နှင့် အသားတို့ ရောယှက်နေသော မွှေးပျံ့လှသော ရနံ့ကို ရလိုက်လေသည်။ အကယ်၍ တခြားသူသာ သူမအား ကမ်းပေးလျှင်မူ သူမအနေဖြင့် စားလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အစ်ကိုဖြစ်သူ၏ နှမြောတသ ဖြစ်နေသော အမူအရာကို ကြည့်ပြီး ရှန်လင်သည် ဘယ်လိုပဲဖြစ်ဖြစ် တစ်လုပ်တော့ စားရမည်ဟု ဆုံးဖြတ်လိုက်၏။ အရသာ မရှိလျှင်ပင် အကုန် စားပစ်မည်ဟု သူမ ကြံစည်ထားပေသည်။

သို့သော်လည်း တစ်လုပ် ကိုက်လိုက်သည်နှင့် ထိုထူးခြားလှသော အရသာမှာ သူမ၏ လျှာဖျားကို ချက်ချင်းပင် ဖမ်းစားလိုက်လေတော့သည်။ ရှန်လင်သည် အစ်ကိုဖြစ်သူ၏ စိတ်မကောင်း ဖြစ်နေသော အကြည့်များကြားမှပင် ထိုအသားဖဲ့ တစ်ခုလုံးကို စားပစ်လိုက်ပြီးနောက် ကိုကိုရှန် ပြောခဲ့သကဲ့သို့ပင် ပြန်ပြောလိုက်၏။

“နည်းနည်းလေးပဲ ဆိုတော့ အရသာ မသိသာဘူးလေ... နောက်ထပ် နည်းနည်းလောက် ထပ်ပေးပါဦး...”

ကိုကိုရှန်သည် စိုးရိမ်တကြီးဖြင့် ခုန်ပေါက်လေတော့သည်။

“ဒါက ကိုကို ခက်ခက်ခဲခဲ စုထားတဲ့ အရာတွေလေ... မေမေ နဲ့ ဖေဖေ ပြီးတော့ ညီမလေး အတွက် တစ်ဖဲ့စီပဲ ချန်ထားတာကို... ဘာလို့ ထပ်တောင်းနေရတာလဲ...”

ရှန်လင်က သူ့အား သံသယဖြင့် ကြည့်လိုက်၏။

“ကိုကိုက ဝှက်ထားတာတွေ မရှိတော့ဘူးလား...”

ကိုကိုရှန်၏ မျက်နှာတွင် အပြစ်ရှိသကဲ့သို့ ဖြစ်သွားရလေသည်။ မင်းသမီးကြီးသည် သားအမိ နှစ်ဦး စနောက်နေသည်ကို ပြုံးလျက် ကြည့်နေပြီး ဝက်သားခြောက် တစ်လုပ်ကို မြည်းစမ်းကြည့်လိုက်ရာ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားရ၏။

“ဝက်သားကို အရင်ကတော့ အညံ့စား အသားလို့ပဲ ထင်ခဲ့တာလေ... အခုလို စားလို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ်ကို ထူးထူးခြားခြား လုပ်ထားတာပဲနော်...”

မင်းသမီးကြီးက ချီးကျူးလိုက်သည်။

ကိုကိုရှန်သည် မိမိကိုယ်တိုင် ချီးကျူးခံရသည့်အလား ဂုဏ်ယူသွားရ၏။

“ကုမိသားစု က လူတွေက အရမ်း ဉာဏ်ကောင်းကြတာလေ... ကလေးတွေတောင်မှ တကယ့်ကို တော်တဲ့သူတွေပဲ... ညီမလေးရယ်... ညီမလေးသာ နျိုနျို ကို တွေ့ရင် သေချာပေါက် သဘောကျမှာပါ... သူက လောကမှာ ချစ်စရာကောင်းဆုံး ကလေးမလေးပဲလေ...”

မူလကတော့ အတူတူ လိုက်သွားရန် စိတ်ကူးမရှိခဲ့သော ရှန်လင်သည် ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်သည်။

“ကိုကို့ မျက်စိထဲမှာတော့... ညီမလေးက ချစ်စရာအကောင်းဆုံး မဟုတ်ဘူးလား...”

ကိုကိုရှန်သည် သေဘေးနှင့် ရင်ဆိုင်နေရသည့်အလား ချွေးများပင် ပြန်လာခဲ့ချေပြီ။ မင်းသမီးကြီးကပင် ကြားထဲမှ ဝင်ညှိပေးလိုက်ရလေသည်။

“နျိုနျို ဆိုတာက အသက် ခြောက်နှစ်ပဲ ရှိသေးတဲ့ ကလေးလေးလေ... ညည်းကတော့ ဆယ်ကျော်သက် အရွယ် ရောက်နေပြီဆိုတော့ မိန်းမပျိုလေး ဖြစ်နေပြီ မဟုတ်လား...”

ကိုကိုရှန်က ခေါင်းကို တွင်တွင်ညိတ်ပြလိုက်၏။

“ဟုတ်ပါ့... ဟုတ်ပါ့... ညီမလေး ကတော့ အချစ်စရာကောင်းဆုံး မိန်းမပျိုလေး ပေါ့လေ...”

ရှန်လင်ကလည်း ထိုကိစ္စကို ဆက်လက်၍ အရေးမစိုက်တော့ဘဲ ပြောလိုက်လေသည်။

“ကိုကို က အဲ့ဒီလောက်အထိ ချီးကျူးနေမှတော့... ညီမလေး လည်း လိုက်ကြည့်ရတာပေါ့...”

မင်းသမီးကြီးသည် ထို သားသမီး နှစ်ဦးကို အချစ်ဆုံး ဖြစ်သလို ပုံမှန်အားဖြင့်လည်း အရမ်းကြီး တားဆီးလေ့ မရှိပေ။ ယခုအခါ အိမ်ထဲတွင်သာ အမြဲ နေတတ်သော ရှန်လင်ကပါ အပြင်ထွက်ချင်နေသည်ကို မြင်ရသဖြင့် သူမအနေဖြင့် ငြင်းဆန်ရန် အကြောင်းမရှိပေ။

ကိုကိုရှန်က ညီမလေးအား စနောက်လိုက်ပြန်သည်။

“ညည်းက ဘယ်တုန်းကများ လူကို ဂရုစိုက်ဖူးလို့လဲ... စားချင်လို့ လိုက်ချင်တာ မဟုတ်လား... အစားကြီးမလေး...”

ရှန်လင်သည် အပြင်တွင်မူ တည်ငြိမ်လှသော သခင်မလေး တစ်ဦး ဖြစ်သော်လည်း အစ်ကိုဖြစ်သူနှင့် တွေ့လျှင်မူ လုံးဝ အလျှော့မပေးတတ်ချေ။ သူမက ချက်ချင်းပင် ပြန်ချေပလိုက်လေသည်။

“ကိုကိုကသာ အစားကြီးတဲ့သူပါ... ကိုကို က ပိုပြီး အစားကြီးတာနော်...”

ထိုအချိန်မှာပင် ရှန်ဖူရှန်းအခန်းထဲသို့ ဝင်လာခဲ့ချေပြီ။ သားသမီး နှစ်ဦး ရန်ဖြစ်နေသည်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်ကာ ဆူပူလိုက်လေတော့သည်။

“ဘယ်လို ဖြစ်နေကြတာလဲ... တစ်စက်မှ တည်ငြိမ်မှု မရှိကြဘူး... ကြည့်ရတာ တစ်မျိုးကြီးပဲ...”

ကိုကိုရှန်သည် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး မျက်နှာတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသော်လည်း အလျင်အမြန်ပင် ပြန်ဖုံးကွယ်လိုက်၏။ သူက ဦးအောင် အပြစ်ဝန်ခံလိုက်လေသည်။

“ဖေဖေ... သား အမှားပါ... သား ညီမလေးကို တမင် စနောက်မိသွားလို့ပါ...”

သူနှင့် ခုနတင် ရန်ဖြစ်နေသော ရှန်လင်ကလည်း ဝင်ပြောလိုက်၏။

“မဟုတ်ပါဘူး... သမီးက ကိုကို့ကို တမင် ရန်စမိတာပါ... ဖေဖေ သမီးကိုပဲ အပြစ်ပေးပါနော်...”

ရှန်ဖူရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“နင်တို့ မောင်နှမတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ရှေ့နေလိုက်နေကြတာပဲ... တိုးတက်လိုစိတ် တစ်စက်မှ မရှိကြဘူး...”

“ဟမ်း...”

မင်းသမီးကြီးက တိုးတိုးလေး ချောင်းဟန့်လိုက်လေသည်။

ရှန်ဖူရှန်းသည် မူလကတော့ ထိုအခွင့်အရေးကို သုံးကာ သားသမီး နှစ်ဦးအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ပြင်သော်လည်း ဇနီးဖြစ်သူ၏ အမူအရာကို မြင်သောအခါ ရပ်တန့်လိုက်ရတော့၏။

“ထားလိုက်ပါတော့... ညည်းတို့ မေမေ က ဂရုမစိုက်မှတော့... ငါလည်း မပြောတော့ဘူး...”

ကိုကိုရှန်သည် ဘေးကင်းသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ လက်ထဲမှ ဝက်သားခြောက်ဖဲ့ကို ဖခင်ဖြစ်သူထံသို့ ကမ်းပေးလိုက်လေသည်။

“ဖေဖေ... ဒါလေး မြည်းကြည့်ပါဦး... အရမ်း စားလို့ကောင်းတယ်နော်...”

ရှန်ဖူရှန်းက လှမ်းမယူဘဲ ပြောလိုက်၏။

“မင်းရဲ့ အသုံးမကျတဲ့ ပုံစံကို မြင်ရတာနဲ့တင်... အစားတောင် မဝင်တော့ဘူး...”

ကိုကိုရှန်က ခေါင်းငုံ့လိုက်ရှာသည်။ ရှန်ဖူရှန်းက ဆက်ပြောလိုက်ပြန်၏။

“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါဦး... တစ်နေကုန် အလေလိုက်နေတာ ဘာနဲ့ တူနေလဲ... ရှန်ချန်ကျွင်းဆီကနေ အတုယူဖို့ မသိဘူးလား... သူက အခု စာမေးပွဲ ဖြေတော့မှာလေ... မင်းကတော့ ကြည့်စမ်းဦး...”

ရှန်ချန်ကျွင်း ဆိုသည်မှာ ရှန်မိသားစုမှ မိဘမဲ့ ကလေးတစ်ဦး ဖြစ်ပေသည်။ သူ့ကို ရှန်ဖူရှန်း က မင်းသမီးကြီး အိမ်တော်သို့ ခေါ်ဆောင်ကာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်ချေသည်။ သူသည် ပါရမီ ရှိသလို ပညာတတ် တစ်ဦးလည်း ဖြစ်ရာ တိုးတက်လိုစိတ်လည်း အရမ်း ပြင်းပြသူ ဖြစ်ပေသည်။

ကိုကိုရှန်က ခက်ခက်ခဲခဲပင် ပါးစပ်ကို ဖွင့်ကာ ပြောလိုက်၏။

“သား တိုးတက်နေပါတယ်... သား အခု ကဗျာတွေတောင် ရေးတတ်နေပြီလေ... ဖေဖေကော သား ရေးတာကို ဖတ်ဖူးလို့လား...”

ရှန်ဖူရှန်းသည် အမြဲတမ်း အလုပ်များနေသူ ဖြစ်ရာ သူသည် အပေါင်းအသင်းများနှင့် ကဗျာအကြောင်း၊ တရားအကြောင်း ပြောဆိုရန် အချိန် ရှိသော်လည်း သားဖြစ်သူ ရေးသော ကဗျာများကို ဖတ်ရန်မူ အချိန် မပေးနိုင်ခဲ့ချေ။

သူသည် သားဖြစ်သူကို လျူလျှော့ထားမိသည်ကို လုံးဝ ဝန်ခံမည် မဟုတ်ဘဲ ကျိန်ဆဲလိုက်လေသည်။

“ကဗျာ ဟုတ်လား... ဘာ ကဗျာလဲ... ပေါက်ကရတွေ ဖြစ်မှာပေါ့... ငါ့မျက်စိကို လာပြီး ညစ်ပတ်အောင် မလုပ်စမ်းနဲ့...”

သူသည် ပုံမှန်အားဖြင့် သားဖြစ်သူအား ဤကဲ့သို့ပင် ဆူပူနေကျ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မတူညီပေ။ ယခုတစ်ကြိမ် ကိုကိုရှန် ရေးသော ကဗျာမှာ တကယ့်ကို အဆင့်မီလှပေသည်။ သူသည် လှေပေါ်တွင် ရေးခဲ့ခြင်း ဖြစ်သလို ကုမင်တာ့ နှင့် ဆရာစွန်း တို့၏ လမ်းညွှန်မှုများကိုလည်း ရရှိခဲ့သည်။

မင်းသမီးကြီး နှင့် ရှန်လင် တို့မှာမူ ထိုကဗျာကို အစောကတည်းက ဖတ်ဖူးကြသဖြင့် ကိုကိုရှန် တကယ်ပဲ ကဗျာကောင်း တစ်ပုဒ် ရေးနိုင်ခဲ့မှန်း သိရှိထားကြ၏။ ထို့ကြောင့် သူတို့သည် ရှန်ဖူရှန်း အား အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြကုန်သည်။

“မင်းကြီးစွန်း... ရှင်က အဲ့ဒီကဗျာ မကောင်းဘူးလို့ ထင်လို့လား...”

မင်းသမီးကြီးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

ရှန်ဖူရှန်းသည် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားပြီး ဇဝေဇဝါနှင့် မေးလိုက်၏။

“မင်းသမီး က အဲ့ဒီကဗျာကို ဖတ်ပြီးပြီလား...”

မင်းသမီးကြီးက ခေါင်းညိတ်ပြသည်။

“ကိုယ့်သား ရေးတဲ့ ကဗျာကိုတော့

ဖတ်ရမှာပေါ့လေ...”

ရှန်ဖူရှန်းက ထပ်မေးလိုက်ပြန်၏။

“ဒါဆို... မင်းသမီး က အဲ့ဒီကဗျာကို ဘယ်လို ထင်လဲ...”

မင်းသမီးကြီးသည် ထိုစကားကို ကြားသောအခါ တမင်တကာပင် ပြောလိုက်လေသည်။

“ရေးထားတာတော့ မဆိုးပါဘူး... အနည်းဆုံးတော့ ဘာအကြောင်း ရေးထားလဲ ဆိုတာကို လူတွေ နားလည်နိုင်တာပေါ့... သူက မက်မွန်ပန်း အကြောင်း ကဗျာတွေတောင် ရေးတတ်နေပြီ ဆိုတော့ ရှားရှားပါးပါးပါပဲလေ...”

ရှန်ဖူရှန်းမှာမူ လုံးဝ မဖတ်ဖူးခဲ့ချေ။ ထိုစကားကို ကြားသောအခါ သာမန် မက်မွန်ပန်း အကြောင်း ကဗျာ တစ်ပုဒ်ဟုသာ ထင်မှတ်ကာ ဆက်လက် ကျိန်ဆဲလိုက်လေသည်။

“အလဟဿ ဖြစ်နေတဲ့ အကောင်... မင်းကို သင်ပေးဖို့ ဆရာတွေ ငှားပေးခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ... အခုထိကို အသုံးမကျသေးဘူးနော်...”

ကိုကိုရှန်သည် သူ၏ လက်ယာဘက် လက်ဖြင့် ဝက်သားခြောက်ဖဲ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ ဘာတွေ တွေးတောနေသည်ကို မည်သူမျှ မသိနိုင်တော့ပေ။

မင်းသမီးကြီးသည် ရှန်ဖူရှန်း တစ်ယောက် ကဗျာကို လုံးဝ မဖတ်ဖူးမှန်း သေချာသွားသဖြင့် ပြောလိုက်လေသည်။

“ကိုယ့်သား ရဲ့ ကဗျာ ရေးတာ ကောင်း၊ မကောင်း ဆိုတာကိုတော့ ခဏ ထားလိုက်ဦးလေ... ဒါပေမဲ့ ရှင့်ရဲ့ လိမ်ညာတတ်တဲ့ အကျင့်ကိုတော့ ပြင်ရမယ်နော်...”

All Chapters