ဖုံးကွယ်ထားသော ကိစ္စရပ်များ
Vol. 21 Ch. 208
ထိုစကား ထွက်ပေါ်လာသည်နှင့် ရှန်ဖူရှန်း မှာ ကြောင်အသွားရရှာ၏။ သူသည် မင်းသမီးကြီးနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း မင်းသမီးကြီးက သူ့အပေါ်တွင် ဤမျှအထိ ပြင်းထန်သော စကားမျိုးကို တစ်ခါမျှ မပြောခဲ့ဖူးချေ။
မင်းသမီးကြီးသည် သားသမီးများကို ချစ်မြတ်နိုးသော်လည်း ရှန်ဖူရှန်း က သားသမီးများကို ဆုံးမနေလျှင်မူ အတင်းအကျပ် ဝင်ရောက် တားမြစ်လေ့ မရှိပေ။ မည်မျှပင် ပြင်းထန်စေကာမူ သူမသည် ဘေးမှသာ ကြည့်နေတတ်ပြီး မတတ်သာသည့် အခြေအနေမျိုး ရောက်မှသာ ဝင်ရောက် စွက်ဖက်လေ့ ရှိသည် မဟုတ်ပါလား။
“ကျွန်မက မက်မွန်ပန်း အကြောင်း ကဗျာ လို့ ပြောလိုက်တာနဲ့တင်... ရှင်က အဲ့ဒါကို တကယ်ပဲ ယုံသွားတာလား... ဒါကို ကြည့်ရင် ရှင် အဲ့ဒီကဗျာကို တစ်ခါမှ မဖတ်ဖူးဘူး ဆိုတာ သိသာနေတာပဲလေ... တစ်ခါမှ မဖတ်ဖူးဘဲနဲ့... သူ ရေးတာ မကောင်းဘူးလို့ ရှင် ဘယ်လိုများ သိနိုင်ပါ့မလဲ...”
မင်းသမီးကြီးက မေးမြန်းလိုက်သည်။
ရှန်ဖူရှန်းက ပြောလိုက်၏။
“သူ့လို တိုးတက်လိုစိတ် မရှိတဲ့သူက... ဘယ်လို ကဗျာကောင်းမျိုးကို ရေးနိုင်မှာလဲ... အကယ်၍ ကဗျာကောင်း တစ်ပုဒ် တကယ် ရှိနေတယ် ဆိုရင်တောင်မှ... သူ ကိုယ်တိုင် ရေးတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ...”
ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်နှာပေါ်မှ မျက်ရည်များကို အတင်းသုတ်ကာ ပြောလိုက်လေသည်။
“ဖေဖေ သားကို အသုံးမကျဘူးလို့ ဆဲချင် ဆဲနိုင်ပါတယ်... ဒါပေမဲ့ သားက သူများရဲ့ လက်ရာကို ကိုယ့်လက်ရာလိုမျိုး ဟန်ဆောင်ပြီး ယူမယ့်သူ မဟုတ်ပါဘူးနော်...”
ထိုသို့ ပြောပြီးနောက်တွင်မူ ကိုကိုရှန်သည် ဒေါသတကြီးဖြင့် သူ၏ ခြံဝင်းအတွင်းသို့ ပြေးဝင်သွားလေတော့သည်။ ရှန်ဖူရှန်းသည် သားဖြစ်သူ၏ တုံ့ပြန်မှု ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
မင်းသမီးကြီးက မျက်နှာကို တင်းကာ ပြောလိုက်၏။
“မင်းကြီးစွန်း... ရှင် ဒီတစ်ခါတော့ တကယ်ကို အမှားလုပ်မိသွားပြီနော်...”
မင်းသမီးကြီးသည် သားဖြစ်သူ ကဗျာ ရေးတတ်နေပြီ ဆိုသည်ကို ကြားသိရစဉ်က အလားတူ သံသယမျိုး ရှိခဲ့သော်လည်း သားဖြစ်သူအား သေသေချာချာ မေးမြန်းပြီးနောက်တွင်မူ ထို သံသယများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ သားဖြစ်သူမှာ ဉာဏ်နည်းသူ မဟုတ်ဘဲ လမ်းပြပေးမည့် ဆရာကောင်း နှင့် တွေ့ဆုံခဲ့သဖြင့်သာ အသိတရား ပွင့်လင်းလာခဲ့ခြင်း ဖြစ်ချေသည်။
ရှန်ဖူရှန်းသည်လည်း မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်လေသည်။
“သူ ရေးတာ တကယ် ဟုတ်၊ မဟုတ် ဆိုတာကို ဘယ်သူ သိမှာလဲ... သူက ဘယ်လို လူမျိုးလဲ ဆိုတာကို ကိုယ် မသိဘူးလို့ ထင်နေလို့လား... ဘယ်လိုပဲဖြစ်ဖြစ် သူ ကိုယ်တိုင် ရေးတာ မှန်နေဦးတော့... အခု ကိုယ့်ကို စိတ်ကောက်ပြနေတာ ဆိုတော့... ကိုယ့်ဘက်က သူ့ကို တောင်းပန်ရမှာလား...”
မင်းသမီးကြီးက သူ့အား တည်ငြိမ်စွာ ကြည့်ကာ မေးလိုက်၏။
“ဘာလို့ မရရမှာလဲ...”
ရှန်ဖူရှန်း မှာမူ ထိုစကားကြောင့် ဆွံ့အသွားရရှာသည်။
“ကိုယ်က သူ့အဖေ လေ... အဖေ ဖြစ်တဲ့သူက သားကို တောင်းပန်ရမယ် ဆိုတာ ဘယ်လို အကျိုးအကြောင်းလဲ...”
ရှန်ဖူရှန်း က ပြောလိုက်သည်။
မင်းသမီးကြီးက ပြောလိုက်၏။
“အမှားကို သိပါလျက်နဲ့ မပြင်ဘူး ဆိုရင်တော့... သားသမီးတွေကို ဘယ်လိုများ ဆုံးမနိုင်ပါ့မလဲ...”
ရှန်ဖူရှန်းသည် ထိုစကားကြောင့် အလွန်ပင် ရှက်ရွံ့သွားသဖြင့် လက်စွပ်ကို ခါကာ နေရာမှာတင် ပြောဆိုလိုက်လေသည်။
“အဖေ နဲ့ သား ကြားမှာ ရန်ငြိုးဆိုတာ မရှိပါဘူး... သူကိုယ်တိုင်ပဲ သဘောပေါက်သွားမှာပါလေ...”
မင်းသမီးကြီးသည် သူမ၏ ခင်ပွန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မျက်လုံးများမှာ မှောင်မို
က်သွားရ၏။ ရှန်လင်သည် အစ်ကိုဖြစ်သူအတွက် စိတ်မကောင်း ဖြစ်မိသဖြင့် မိခင်ဖြစ်သူ၏ ဘေးတွင် ကပ်ကာ မေးမြန်းလိုက်သည်။
“မေမေရယ်... ကိုကို့ကို ဒီအတိုင်းပဲ အချည်းနှီး အစော်ကားခံခိုင်းထားတော့မှာလား...”
မင်းသမီးကြီးက သမီးဖြစ်သူ၏ ဆံပင်လေးကို သပ်ပေးရင်း ပြုံးလျက် ပြောလိုက်လေသည်။
“မကြောက်နဲ့နော်... နင့်အဖေ ကတော့ တစ်နေ့ကျရင် သေချာပေါက် သဘောပေါက်သွားမှာပါ...”
ထိုသို့ ပြောပြီးနောက်တွင်မူ သူမသည် သူမ၏ ယုံကြည်ရသော အစေခံများကို ခေါ်ကာ ရှန်ဖူရှန်း၏ သုံးစွဲငွေများကို လုံးဝ ဖြတ်တောက်ခိုင်းလိုက်လေတော့သည်။
ကုမိသားစု ဘက်တွင်မူ မူလကတော့ မင်းသမီးကြီးအား ထမင်းကျွေးရန် အစီအစဉ် မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် လူကုံထံများမှာ အိမ်သို့ လာရောက်ခြင်းမှာပင် ဂုဏ်ယူစရာ ဖြစ်နေပြီ မဟုတ်ပါလား။ ဘာကြောင့် ထမင်းစားဖို့ ကျန်ခဲ့ရပါမည်နည်း။
သို့သော်လည်း ကိုကိုရှန်က အတင်း အော်ဟစ်နေသဖြင့် ကုမိသားစုသည်လည်း လူကုံထံများကို ဧည့်ခံရန်အတွက် သင့်တော်သော အစားအစာများကို ပြင်ဆင်ရလေတော့သည်။ စွန်းမိသားစုကလည်း စားတော်ကဲ နှစ်ဦးကို တိုက်ရိုက် ငှားရမ်းပေးခဲ့သလို အဖိုးတန်လှသော ပါဝင်ပစ္စည်းများကိုလည်း ပေးပို့ခဲ့လေသည်။
သာမန် လူကုံထံမျိုး ဆိုလျှင်မူ ဤမျှနှင့် လုံလောက်သော်လည်း ကိုကိုရှန်ကမူ ကြိုတင်၍ အစွမ်းကုန် ချီးကျူးထားသဖြင့် မျှော်လင့်ချက်များမှာ မြင့်တက်နေသည်။ ညဘက်တွင် ဇူရှန်းလောင် မှ ပြန်လာပြီးနောက် မိသားစုဝင်များ အတူတူ တိုင်ပင်ကြလေသည်။
ကျန်းယွင်နန်သည် ရှူးယင်း ကို ချက်ချင်း သတိရလိုက်သဖြင့် နျိုနျိုနှင့်အတူ သွားရောက် မေးမြန်းကြည့်လေသည်။ ရှူးယင်းတွင်မူ ထူးခြားလှသော ဟင်းလျာများစွာ ရှိနေသည်မှာ အမှန် ပင်။ သို့သော်လည်း ရှူးယင်း၏ ရူးသွပ်လှသော စရိုက်မှာမူ ထိန်းချုပ်ရန် ခက်ခဲလှပေသည်။
နျိုနျိုက ပြောလိုက်၏။
“မေမေ စိတ်မပူနဲ့နော်... သမီး သူ့ကို လိမ္မာအောင် လုပ်ပေးမယ်လေ... သူ ပြဿနာ ရှာမှာ မဟုတ်ပါဘူး...”
ကျန်းယွင်နန်က မတတ်သာဘဲ ပြုံးလိုက်သော်လည်း စိတ်မအေးနိုင်ဘဲ ရှိနေဆဲ ပင်။ ကုမင်တာ့က ပြောလိုက်သည်။
“ဟင်းပွဲတွေ အများကြီး ရှိတာပဲလေ... ဟင်းတိုင်းက ထူးခြားနေဖို့ မလိုပါဘူး... ဟင်းအချို့လောက်ပဲ လုပ်ခိုင်းလိုက်ရင် ရတာပဲလေ... တကယ်လို့ မရဘူး ဆိုရင်လည်း ရှူးယင်း ဆီက နည်းလမ်းကို မေးပြီးတော့ တခြားသူကိုပဲ ချက်ခိုင်းလိုက်ပေါ့...”
သို့သော်လည်း ကျန်းယွင်နန်က ခေါင်းခါပြလိုက်၏။
“ရှူးယင်း က သူများတွေကို သင်ပေးဖို့ ငြင်းနေတာလေ... ပြီးတော့ နောက်ဖေးခြံက မီးဖိုချောင်လေးကလည်း မပြီးသေးဘူး မဟုတ်လား...”
နျိုနျိုအား ချော့မော့ပြီး အခြားသူများကို သင်ပေးခိုင်း၍ ရနိုင်သော်လည်း ကျန်းယွင်နန် ရော နျိုနျို ရောမှာ ထိုသို့ လုပ်ဆောင်လိုစိတ် မရှိကြပေ။ နျိုနျိုသည် ခေါင်းလေးစောင်းကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“သမီး ရှူးယင်း ကို နည်းလမ်း ရှိ၊ မရှိ သွားမေးလိုက်မယ်လေ...”
ကျန်းယွင်နန်သည် အရူးမလေးဆီမှ မည်သို့သော အကြံကောင်း ရနိုင်ပါမည်နည်းဟု ထင်မှတ်ခဲ့သော်လည်း ရှူးယင်းကမူ တကယ်ပင် နည်းလမ်းတစ်ခု ရှာတွေ့သွားခဲ့ချေပြီ။ သူမသည် အခြားသူများအား ပါဝင်ပစ္စည်းများ ပြင်ဆင်ပြီးသည်နှင့် မီးဖိုချောင်အတွင်းမှ ထွက်ခွာသွားရန်နှင့် သူမအတွက် နာရီဝက်ခန့် အချိန်ပေးရန် တောင်းဆိုလိုက်လေသည်။
ကုမိသားစုသည်လည်း အစီအစဉ်ကို ယာယီ ပြောင်းလဲလိုက်ရ၏။ ဟင်းအချို့ကို စွန်းမိသားစုမှ စားတော်ကဲ နှစ်ဦးအား ချက်ခိုင်းလိုက်ပြီး ထူးခြားသော ဟင်းလျာများကိုမူ ရှူးယင်း အား ချက်ခိုင်းရန် ဆုံးဖြတ်လိုက်ကြကုန်သည်။
ထိုညတွင် မိသားစုဝင် အားလုံး ကောင်းကောင်း အိပ်ပျော်ခဲ့ကြချေပြီ။ နောက်တစ်နေ့ မွန်းတည့်ချိန်သို့ ရောက်သောအခါ မင်းသမီးကြီး၏ မြင်းလှည်းသည် လမ်းထောင့်တွင် ပေါ်ထွက်လာလေတော့သည်။
ကုမိသားစုဝင်များသည် တံခါးဝတွင် စောစောစီးစီး စောင့်ဆိုင်းနေကြ၏။ တွေ့ဆုံပြီးနောက် အရိုအသေ ပေးကာ လူများကို အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့လေသည်။
ကုမိသားစု နေထိုင်သော အိမ်မှာ ဆိုင်ရှင်လော် ငှားရမ်းပေးထားသော အိမ်ဖြစ်ပြီး အဆင့် သုံးဆင့် ပါဝင်သော အိမ်တော် တစ်ခု ဖြစ်ချေသည်။ ခေတ္တ နားခိုရန် နေရာသာ ဖြစ်သဖြင့် အတွင်းပိုင်းမှာမူ အထူးတလည် ခမ်းနားခြင်း မရှိလှပေ။
စည်းစိမ်ချမ်းသာများကြားတွင် ကြီးပြင်းလာခဲ့သော မင်းသမီးကြီး တို့ သားအမိ သုံးဦး၏ အမြင်တွင်မူ အလွန်ပင် ရိုးရှင်းလှသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ယနေ့တွင်မူ သူတို့သည် အိမ်ကို ကြည့်ရန် လာကြခြင်း မဟုတ်ပေ။ မင်းသမီးကြီးသည် ဧကရာဇ်မင်းမြတ်၏ ညီမအရင်း ဖြစ်သော်လည်း သားဖြစ်သူအား ကယ်တင်ခဲ့သော ကုမိသားစုအပေါ်တွင်မူ အလွန်ပင် နှိမ့်ချစွာ ဆက်ဆံခဲ့လေသည်။
“ဒီကလေးကတော့ တကယ်ပဲ နုံနုံအအ နိုင်လှပါတယ်... သူများ ပြောသမျှကိုလည်း လွယ်လွယ်နဲ့ ယုံတတ်တာလေ... ဟို တာအိုဆရာ ရဲ့ စကား နှစ်ခွန်းကြောင့်နဲ့တင် မြို့တော်ကို တစ်ယောက်တည်း ပြန်လာခဲ့တာ မဟုတ်လား... ရှင်တို့သာ စိတ်ထား မကောင်းခဲ့ရင်တော့... ဒီ ငတုံးလေး အခု ဘယ်ရောက်နေမလဲတောင် မသိဘူးနော်...”
မင်းသမီးကြီးသည် ထိုအကြောင်းကို ပြောလိုက်တိုင်း ထိတ်လန့်နေဆဲပင်။
ကုမင်တာ့သည် စကားပြောဆိုရာတွင် ကျွမ်းကျင်သူ ဖြစ်ရာ ပြောလိုက်၏။
“မင်းသမီးကြီးရယ်... တကယ်တမ်း ပြောရရင်တော့ သခင်လေး က စိတ်ထားကောင်းလို့ပါ... အဲ့ဒီနေ့က တာအိုဆရာ က ကျွန်တော့် သမီးရဲ့ မျက်နှာကို ကြည့်မယ် ဆိုပြီး ပြဿနာ ရှာနေတာလေ... သခင်လေး က ရှေ့ထွက်ပြီး ကူညီပေးခဲ့လို့သာ ကျွန်တော်တို့ အဆင်ပြေခဲ့တာပေါ့... သူ ခုလို ဖြစ်သွားရတာကလည်း ကျွန်တော်တို့ရဲ့ အပြစ်ပါပဲလေ...”
မိဘများ၏ ရင်ထဲတွင် အပျော်ဆုံး အရာမှာ အခြားသူများက မိမိ၏ သားသမီးကို ချီးကျူးသည်ကို နားထောင်ရခြင်း ပင်။ ကုမင်တာ့က ဆက်ပြောလိုက်ပြန်သည်။
“လှေစီးလာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း... ကျွန်တော်တို့က သခင်လေး ကို စောင့်ရှောက်ပေးခဲ့တာ မဟုတ်ပါဘူး... တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စောင့်ရှောက်ခဲ့ကြတာပါ... အဲ့ဒီနေ့က ရေဓားပြတွေ ရန်ရှာတုန်းကလည်း... သခင်လေး က တကယ့်ကို သတ္တိရှိရှိနဲ့ ကျွန်တော့် ဇနီးနဲ့ သားသမီးတွေကို ကာကွယ်ပေးခဲ့တာလေ... ဒီ တာဝန်သိတတ်မှုကတော့ သာမန်လူတွေ လိုက်မမီနိုင်ပါဘူးနော်...”
မင်းသမီးကြီးသည် ထိုအကြောင်းကို မသိခဲ့သဖြင့် သားဖြစ်သူအား ပို၍ပင် သနားဂရုဏာ သက်သော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။ ရှန်လင် သည်လည်း အစ်ကိုဖြစ်သူအား အားကျသော မျက်နှာထားဖြင့် ကြည့်နေတော့၏။
ကိုကိုရှန်သည် ကိုယ်ကို မတ်လိုက်သော်လည်း အမှန်အတိုင်းပင် ပြောဆိုလိုက်လေသည်။
“ဦးလေးကုရယ်... ကိုကိုက ဦးလေး ပြောသလောက် မတော်ပါဘူးနော်... အဲ့ဒီနေ့က ဦးလေး နဲ့ ဦးလေးစွန်း တို့က အပြင်မှာ ရေဓားပြတွေကို ခုခံနေတာမှ တကယ့် သတ္တိ ရှိတာလေ... အဘိုးကု နဲ့ အဘွားကု တို့တောင်မှ ကိုကို့ကို ကာကွယ်ပေးခဲ့ကြတာဆိုတော့... ကျွန်တော်က နျိုနျိုလေး ထက် နည်းနည်းလောက်ပဲ ပိုတော်တာပါ...”
မင်းသမီးကြီးသည် ထိုစကားကို ကြားသောအခါ မိမိ မသိလိုက်သော နေရာတွင် သားဖြစ်သူမှာ တကယ့်ကို လူလားမြောက်သွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရလေတော့သည်။
မီးဖိုချောင်အတွင်း၌မူ စွန်းမိသားစုမှ စားတော်ကဲ နှစ်ဦးသည် အချိန်အတော်ကြာ ချက်ပြုတ်ရမည့် ဟင်းများကို စောစောစီးစီး ပြင်ဆင်ကာ မီးဖိုပေါ် တင်ထားခဲ့ကြချေပြီ။ ထို့နောက်တွင်မှ သူတို့သည် မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်ကာ စွန်းမိသားစု အိမ်သို့ ပြန်သွားခဲ့ကြကုန်၏။
ပုံမှန်အားဖြင့် ဆိုလျှင်မူ သူတို့သည် ထမင်းစားသည်အထိ နေရမည် ဖြစ်သလို ကုမိသားစုက ဟင်းတစ်ဝက်ကိုသာ ချက်ခိုင်းခြင်းမှာလည်း ထူးဆန်းလှသဖြင့် စိတ်ဆိုးနိုင်ကြပေသည်။ သို့သော်လည်း စားတော်ကဲ နှစ်ဦးစလုံး၏ မျက်နှာတွင်မူ အပြုံးများဖြင့် ပြည့်နှက်နေတော့၏။
အခြားကြောင့် မဟုတ်၊ ကုမိသားစုက သူတို့ကို ငွေများစွာ အပို ဆုချခဲ့သောကြောင့်ပင်။
ရှူးယင်း ချက်ပြုတ်ရမည့် အလှည့်သို့ ရောက်သောအခါ နျိုနျို နှင့် လျူရှောင်ရူ တို့သည် အကြောင်းပြချက် တစ်ခု ရှာကာ ဧည့်ခန်းအတွင်းမှ ထွက်လာခဲ့ကြကုန်၏။ ရှူးယင်းတွင် ထူးခြားသော အကြံဉာဏ်များ ရှိနေသော်လည်း သူမမှာ ဘယ်လိုပဲဖြစ်ဖြစ် အရူးတစ်ယောက် မဟုတ်ပါလား။ ကုမိသားစုဝင်များမှာမူ လုံးဝ စိတ်မချနိုင်ကြသေးပေ။
အကယ်၍ လျူရှောင်ရူ တစ်ဦးတည်းသာ စောင့်ကြည့်နေပါက ရှူးယင်းက လူကို နှင်ထုတ်ပေလိမ့်မည်။ နျိုနျို ရှိနေမှသာလျှင် အခြေအနေမှာ ပိုကောင်းနိုင်၏။
သို့သော်လည်း နျိုနျို နှစ်လှမ်းမျှပင် မလှမ်းရသေးမီမှာပင် တစ်စုံတစ်ယောက်က နောက်မှ လိုက်လာခဲ့ချေပြီ။ ကိုကိုရှန်သည် ညီမလေး ရှန်လင် ကို ဆွဲကာ နျိုနျို အား လှမ်းခေါ်လိုက်လေသည်။
“နျိုနျိုလေး... တစ်ခုခု ဝှက်ထားတာ ရှိလို့လား... စားလို့ကောင်းတာတွေလား...”
ကိုကိုရှန်က မေးမြန်းလိုက်သည်။
နျိုနျို နှင့် လျူရှောင်ရူ တို့မှာ ခဏတာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြရ၏။ သူတို့ အိမ်ထဲတွင် အရူးတစ်ယောက် ဝှက်ထားကြောင်း သူ့အား ပြောပြရမည်လား။