← Chapters

ရာထူး အဆင့်အတန်း

Vol. 21 Ch. 209

ရာထူး အဆင့်အတန်း

Vol. 21 Ch. 209

ရှန်လင် သည် ထိုနှစ်ဦးမှာ နေရခက်နေသည်ကို မြင်သောအခါ အစ်ကိုဖြစ်သူအား ချက်ချင်းပင် ဆွဲလိုက်ပြီး ပြောလိုက်၏။

“ကိုကိုရယ်... တို့တွေ တခြားနေရာမှာ သွားဆော့ကြရအောင်လေ...”

သို့သော်လည်း ကိုကိုရှန်ကမူ ပြောလာ၏။

“နျိုနျိုလေး နဲ့ ဆော့တာကမှ ပိုပြီး ပျော်စရာကောင်းတာလေ... သူက အကောင်းဆုံးပဲ မဟုတ်လား...”

နျိုနျိုက အမှန်အတိုင်းပင် ပြောလိုက်လေသည်။

“ကိုကိုရှန်... သမီးတို့က ဟို စားတော်ကဲ အစ်မ ဆီကို သွားမလို့လေ... သူက အပြင်လူတွေနဲ့ တွေ့လို့ မရဘူးတဲ့...”

ကိုကိုရှန်က ချက်ချင်းပင် အံ့သြသွားရ၏။

“စားတော်ကဲ အစ်မ ဟုတ်လား... အမျိုးသမီး စားတော်ကဲ ပေါ့လေ... ဒါဆိုရင်တော့ ကိုကို ပိုတောင် တွေ့ချင်သေးတယ်...”

ရှန်လင်က အစ်ကိုဖြစ်သူအား အတင်း ဆွဲလိုက်ပြီး ပြောလိုက်သည်။

“ကိုကိုကတော့ အစား အရမ်းကြီးတာပဲနော်... သူများက တွေ့လို့ မရဘူးလို့ ပြောနေတာကို... လူကြီးလူကောင်း တစ်ယောက်ရဲ့ အသိတရားလည်း ရှိဦးမှပေါ့...”

ကိုကိုရှန်၏ မျက်နှာတွင် စိတ်မကောင်း ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာရလေသည်။ သူသည် ကုမိသားစုနှင့် အလွန် ရင်းနှီးနေပြီဟု ထင်မှတ်ထားခဲ့သည်။

နျိုနျိုသည် သူ့အား ကြည့်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် ပြောလိုက်၏။

“ကိုကိုရှန်... မိသားစုက မှာထားလို့ပါ... စားတော်ကဲ အစ်မ က ဧည့်သည်တွေနဲ့ တွေ့လို့ မရဘူးလေ... နောက်ကျရင်တော့ သမီး ကိုကို့ကို လိုက်ပြပါ့မယ်နော်... နောင်ကျလို့ အရသာရှိတဲ့ အစားအစာတွေ ရှိရင်လည်း ကိုကို့ကို ခွဲပေးပါ့မယ်... ဟုတ်ပြီလား...”

ကိုကိုရှန်၏ မျက်နှာပေါ်မှ ညိုးငယ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ချေပြီ။ စားတော်ကဲကို မတွေ့ရသော်လည်း ထိုကတိကို ရရှိလိုက်သဖြင့် သူ ကျေနပ်သွားရခြင်း ပင်။ သူသည် ညီမလေးနှင့်အတူ ပြန်မသွားဘဲ ခြံဝင်းအတွင်း၌သာ လျှောက်သွားနေမိတော့၏။

“ကိုကို... တို့တွေ အထဲ ပြန်မသွားတော့ဘူးလား...”

ရှန်လင်က နားမလည်စွာ မေးမြန်းလိုက်သည်။

ကိုကိုရှန်က ပြောလိုက်၏။

“လူကြီးတွေ ပြောတာကို နားထောင်နေရတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူးလေ... အရှေ့ခြံက မျှော်စင်လေး မှာ စစ်တုရင် ခုံ ရှိတယ်လေ... တို့တွေ အဲ့ဒီမှာ သွားဆော့ကြရအောင်...”

ရှန်လင်မှာမူ သူမ၏ အစ်ကိုသည် ဘယ်တုန်းက စစ်တုရင် ကစားတတ်သွားသနည်း ဆိုသည်ကို မသိရှာပေ။ အရှေ့ခြံရှိ မျှော်စင်လေး အတွင်းသို့ ရောက်ရှိသွားချိန်တွင်မှ ရှန်လင်သည် သက်ပြင်းချလိုက်မိတော့၏။

ထင်ထားသည့်အတိုင်းပင် သူမ၏ အစ်ကိုမှာ စစ်တုရင်ကို စနစ်တကျ မကစားတတ်ဘဲ အကွက်ရွှေ့ကစားနည်းကိုသာ ကစားနေခြင်း ဖြစ်ချေသည်။

“ဒါက ကိုကို လှေပေါ်မှာ သင်လာတဲ့ ကစားနည်းသစ်လေ... ညီမလေး ကို အပြတ်အသတ် နိုင်အောင် ကစားပြမယ်နော်...”

ကိုကိုရှန်က ဂုဏ်ယူစွာ ပြောလိုက်လေသည်။

သို့သော်လည်း ရှန်လင်သည် ထိုကစားနည်းကို ပထမဆုံးအကြိမ် ကစားခြင်း ဖြစ်ပါလျက်နှင့် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ကိုကိုရှန် အား ပြန်လည် ဖိနှိပ် ကစားနေတော့၏။

နျိုနျို နှင့် လျူရှောင်ရူ တို့သည် အရင်ဆုံး နောက်ဖေးခြံသို့ သွားကာ ရှူးယင်း ကို ခေါ်ဆောင်ခဲ့ကြကုန်၏။ ထို့နောက်တွင်မှ အရှေ့ခြံရှိ မီးဖိုချောင်သို့ ပို့ဆောင်ပေးခဲ့ရာ လမ်းခရီးတွင် မျှော်စင်လေးကို ဂရုတစိုက် ရှောင်ကွင်းသွားခဲ့ကြသော်လည်း ဖြတ်သန်းသွားခဲ့ရသည်မှာ အမှန် ပင်။

ရှူးယင်းသည် မျက်နှာဖုံး ဝတ်ဆင်ထားသဖြင့် ပြင်ပလူများအနေဖြင့် သူမ၏ မျက်နှာကို သေချာ မမြင်နိုင်ကြချေ။

ရှန်မိသားစုဝင် မောင်နှမ နှစ်ဦးမှာ ကစားနေကြသဖြင့် နျိုနျို နှင့် အခြားသူများ ထိုနေရာမှ ဖြတ်သွားသည်ကို သတိမပြုမိခဲ့ကြပေ။ သို့သော်လည်း မီးဖိုချောင်အတွင်းသို့ ရောက်ရှိသွားချိန်တွင်မူ ရှူးယင်းက ရုတ်တရက် ပြောလိုက်လေသည်။

“ကံမကောင်းလိုက်တာ...”

လျူရှောင်ရူသည် ရှူးယင်း နှင့် ဆက်ဆံရသည်မှာ နည်းပါးလှပေသည်။ ထို အရူးမလေး စကားပြောလိုက်သည်နှင့် သူမသည် နျိုနျိုအား ချက်ချင်း ဆွဲကာ အနောက်သို့ ဆုတ်လိုက်၏။ ထိုမိန်းကလေး ရူးသွပ်လာမှာကို သူမ စိုးရိမ်နေမိခြင်း ဖြစ်ချေသည်။

နျိုနျိုသည် လျူရှောင်ရူ၏ လက်ကို အသာအယာ ပုတ်ပေးလိုက်ပြီး ခေါင်းမော့ကာ ပြောလိုက်၏။

“အဒေါ်လျူ... ကိစ္စမရှိပါဘူး... သူ သမီးကို တကယ် ဒုက္ခပေးမှာ မဟုတ်ပါဘူးနော်...”

ရှူးယင်းက ထပ်မံ ပြောလိုက်ပြန်သည်။

“အဝေးက လာတဲ့ အိမ်ထောင်သည် ဧည့်သည် တစ်ယောက်က တခြားမြို့မှာ သေရတော့မယ်လေ…ကိုယ်ခွဲပြီးနေရတဲ့သူကလဲ ဒါကြောင့် လွယ်လွယ်ထွက်မရတော့ဘူးပေါ့ ဘာလို့ ဒီအိမ်ထဲကို ဝင်လာရတာလဲ... တကယ်ပဲ ကံမကောင်းလိုက်တာ…”

လျူရှောင်ရူသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားရလေသည်။ ဤမိန်းကလေးမှာ အားလုံး ပြောကြသကဲ့သို့ပင် တကယ်ပဲ ရူးနေခဲ့ချေပြီ။ သူမ၏ ပါးစပ်မှ ထွက်လာသမျှမှာ ပုံမှန် စကား တစ်ခွန်းမှ မပါပေ။

နျိုနျိုက မေးမြန်းလိုက်၏။

“အစ်မ ရှူးယင်း... အစ်မ က ဘယ်သူ့ကို ပြောနေတာလဲ...”

ရှူးယင်းသည် ထိုစကားကို ကြားသောအခါ နျိုနျို ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးများတွင်မူ ဇဝေဇဝါ ဖြစ်မှုများသာ ရှိနေတော့၏။ သူမ ခုနက ဘာပြောခဲ့သည်ကို သူမကိုယ်တိုင် မမှတ်မိတော့သည့်အလား ပင်။

“မိဖုရားကြီး... ကျွန်မကို ဘာမေးလိုက်တာလဲ...”

ရှူးယင်းသည် လက်ထဲတွင် ဓားကို ကိုင်ကာ သန့်ရှင်းထားပြီးသား ကြက်တစ်ကောင်၏ လည်ပင်းကို ခုတ်ပိုင်းရင်း မေးမြန်းလိုက်ခြင်း ဖြစ်ချေသည်။

“အစ်မ ရှူးယင်း... အစ်မ ခုနက ပြောတာလေ... ကိုယ်ခွဲနေတဲ့သူ ဆိုတာ...”

နျိုနျိုက ထပ်မံ မေးလိုက်သည်။

ရှူးယင်းသည် စင်းတီတုံးပေါ်မှ ကြက်ကို ဇဝေဇဝါဖြင့် ကြည့်ကာ ပြောလိုက်၏။

“ဟုတ်သားပဲ... ကျွန်မ ဘာလို့ ကြက်ကို ခုတ်နေမိတာလဲ... ဒီကြက်ကိုတော့ တစ်ကောင်လုံး အိုးထဲ ထည့်ရမှာလေ...”

ရှူးယင်းသည် ခုတ်ပိုင်းထားသော ကြက်သားများကို ဘေးသို့ ဖယ်လိုက်ပြီး နောက်ထပ် ကြက်တစ်ကောင်ကို ထပ်မံ ယူလိုက်ပြန်သည်။ နျိုနျိုသည် သူမ အလုပ်များနေသည်ကို မြင်သဖြင့် ထပ်မံ၍ မမေးတော့ဘဲ ပါဝင်ပစ္စည်း အချို့ကို ယူကာ ဝိုင်းကူရန် ပြင်လေတော့သည်။

သို့သော်လည်း နျိုနျိုက ဟင်းသီးဟင်းရွက် အနည်းငယ်ကို ယူလိုက်သည်နှင့် ရှူးယင်းသည် သူမ၏ အလုပ်များကို ပစ်ထားကာ အလျင်အမြန် ပြေးလာပြီး ရိုရိုသေသေ ပြောလိုက်လေသည်။

“မင်းသမီးလေး က ဘာလို့ ဒီလို အလုပ်တွေကို လုပ်နေရတာလဲ... ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကိုတော့ အစေခံတွေကိုပဲ ခိုင်းရမှာပေါ့လေ...”

သူမသည် ပြောပြောဆိုဆိုနှင့် နျိုနျို၏ လက်ထဲမှ ပစ္စည်းများကို လုယူကာ လျူရှောင်ရူ ထံသို့ ကမ်းပေးလိုက်လေသည်။ လျူရှောင်ရူ မှာမူ ထိုမြင်ကွင်းကြောင့် ခေါင်းပင် ကျိန်းသွားရရှာ၏။

သူမက ဘယ်အချိန်ကစပြီး အစေခံ ဖြစ်သွားရသနည်း။

နျိုနျိုက မျက်နှာကို တင်းကာ ပြောလိုက်သည်။

“ဒါက အဒေါ်လျူ လေ... သမီးက လူကြီးတွေကို အရမ်း ချစ်ပြီး လေးစားတာနော်... ပေါက်ကရတွေ မပြောနဲ့ဦး...”

ရှူးယင်းသည် လျူရှောင်ရူ အား တောင်းပန်လိုက်သော်လည်း အလုပ်များကိုမူ မည်သို့ ခွဲဝေရမည်ကို သူမသာ ဆုံးဖြတ်နေဆဲ ပင် ဖြစ်ချေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ အမြင်တွင်မူ နျိုနျိုသည် မည်သည့် အလုပ်ကိုမျှ လုပ်ရန် မသင့်ပေ။

နျိုနျိုက ပြောလိုက်၏။

“သမီးလည်း လူသားတစ်ယောက်ပဲလေ... ဘာလို့ အလုပ်မလုပ်ရမှာလဲ... အစ်မက ဒီလိုပဲ ထပ်လုပ်နေဦးမယ် ဆိုရင်တော့... သမီး တကယ် စိတ်ဆိုးမှာနော်...”

နျိုနျို၏ အကူအညီ ရယူခြင်း နှင့် နျိုနျို စိတ်ဆိုးခြင်း တို့ကြားတွင် ရှူးယင်းသည် အလျှော့ပေးလိုက်ရလေသည်။ သူမသည် နျိုနျို နွှာရန်အတွက် ကြက်သွန်ဖြူ တစ်ဥကို ရှာပေးလိုက်၏။ လျူရှောင်ရူ သည် ရှူးယင်း အလုပ်လုပ်နေသည်ကို ကြည့်ရင်း နျိုနျို ပြောခဲ့သော စကားများကို ယုံကြည်သွားခဲ့ချေပြီ။ ရှူးယင်းသည် နျိုနျိုအား ဘယ်တော့မှ ဒဏ်ရာရအောင် လုပ်မည့်သူ မဟုတ်သည်မှာ သေချာလှပေသည်။ ထို အရူးမလေးသည် နျိုနျိုအား မည်သူ့ထက်မဆို ပို၍ ဂရုစိုက်နေသည်။

ချက်ပြုတ်နေသည့် ကြားတွင်လည်း ရှူးယင်းသည် နျိုနျိုအတွက် အထူး ပြင်ဆင်ပေးသေး၏။ သူမသည် ဟင်းအချို့ကို သီးသန့် ခွဲထုတ်ကာ ပန်းကန်လုံး တစ်လုံးထဲ ထည့်ပေးလိုက်ပြီး နျိုနျိုအား မြည်းစမ်းကြည့်ရန် ပေးလိုက်လေသည်။ နျိုနျို ဗိုက်ဆာမှာကို စိုးရိမ်တကြီးဖြင့် ဖားနေသော သူမ၏ ပုံစံမှာ လျူရှောင်ရူ အဖို့ ကြည့်ရသည်မှာ မျက်စိပင် ကျိန်းလာရတော့၏။

“အဒေါ်လျူ လည်း စားပါဦးနော်...”

နျိုနျိုက ထမင်းစားတူဖြင့် ဟင်းများကို ယူကာ လျူရှောင်ရူ၏ ပါးစပ်နားသို့ ကမ်းပေးလိုက်လေသည်။

လျူရှောင်ရူသည် သူမ၏ သမီးလေး၏ ပြုစုမှုကို ပျော်ရွှင်စွာ ခံယူလိုက်ပြီးနောက် ရှူးယင်း၏ အားကျမနာလို ဖြစ်နေသော မျက်လုံးများကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူမ၏ ရင်ထဲတွင် ပို၍ပင် ကျေနပ်သွားရလေတော့သည်။

ဧည့်ခန်းအတွင်း၌မူ ကုမိသားစုဝင်များနှင့် မင်းသမီးကြီး တို့မှာ အလွန်ပင် ရင်းနှီးစွာ စကားပြောဆိုနေကြကုန်၏။ မင်းသမီးကြီးတွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိနေသဖြင့် သူတို့ကြားမှ စကားပြောဆိုမှုမှာ အလွန်ပင် ချောမွေ့နေတော့၏။

မင်းသမီးကြီးသည် အချိန်တန်ပြီဟု ယူဆကာ စကားလမ်းကြောင်းကို စတင် လွှဲလိုက်လေသည်။

“ဆရာကု ရယ်... ကျွန်မ သားလေးကတော့ တကယ်ကို ဉာဏ်နည်းလှပါတယ်... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆရာတွေ ဘယ်နှယောက်တောင် ငှားပေးခဲ့ရလဲ မသိဘူးလေ... ဒါပေမဲ့ ဘယ်သူမှ သူ့ကို အသိတရား ပွင့်လင်းအောင် မလုပ်ပေးနိုင်ခဲ့ကြဘူး... ဆရာကု ကတော့ တကယ့်ကို ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတာပဲနော်... ဒီလို ခေါင်းမာလှတဲ့ သူကိုတောင်မှ လိမ္မာအောင် လုပ်ပေးနိုင်တာဆိုတော့... သူ အခုလို ကဗျာကောင်း တစ်ပုဒ် ရေးနိုင်လိမ့်မယ်လို့ ကျွန်မ တကယ် မယုံနိုင်အောင် ဖြစ်ရပါတယ်...”

“ကျွန်မမှာ အားနာစရာ တောင်းဆိုချက်လေး တစ်ခု ရှိလို့ပါ... နွေဦးစာမေးပွဲ ပြီးရင်တော့... ကျွန်မ သားလေး ကို ဆရာ့ရဲ့ တပည့်အဖြစ် လက်ခံပေးလို့ ရမလား...”

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားရလေသည်။ ထိုအခါမှသာ မင်းသမီးကြီးက ဘာကြောင့် အစကတည်းက ဤမျှအထိ စိတ်ထားကောင်းနေရသနည်း ဆိုသည်ကို သူ သဘောပေါက်သွားတော့၏။

သူသည် မငြင်းဆန်ခဲ့ဘဲ နှိမ့်ချစွာဖြင့် ပြန်ပြောလိုက်သည်။

“မင်းသမီးကြီး ရဲ့ ချီးကျူးစကားကတော့ များလွန်းလှပါတယ်... လှေပေါ်မှာတုန်းကတော့ ဆရာစွန်း နဲ့အတူ ကလေးတွေကို သင်ကြားပေးခဲ့တာပါ... သခင်လေး က သူ့ဘာသာ အသိတရား ပွင့်လင်းလာတာဆိုတော့... ကျွန်တော့်အနေနဲ့တော့ ဂုဏ်ယူစရာ မရှိပါဘူးနော်...”

မင်းသမီးကြီးသည် ဆရာစွန်း အကြောင်းကိုလည်း သိရှိထားပေသည်။ ပြင်ပလူများ မသိသော်လည်း ဧကရာဇ်မင်းမြတ်က ဆရာစွန်း အား အလွန် သဘောကျပြီး ရှားပါးလှသော လက်တွေ့ကျသူ တစ်ဦး ဖြစ်ကြောင်း တိတ်တဆိတ် ချီးကျူးခဲ့ဖူးသည်ကို သူမ သိရှိထားသည်။

အကယ်၍ သူမကသာ ကိုကိုရှန် အား ဆရာစွန်း ထံတွင် တပည့်ခံခိုင်းမည် ဆိုပါက ဧကရာဇ်မင်းမြတ်က တစ်မျိုး ထင်သွားမှာကို သူမ စိုးရိမ်နေမိခြင်း ပင်။

“ဆရာကု ရယ်... ဘာလို့ အဲ့ဒီလောက်အထိ နှိမ့်ချနေရတာလဲ... ဆရာ့ရဲ့ သားသမီးတွေ အကုန်လုံးက တော်ကြတာကို ကြည့်ရင်... ဆရာက သားသမီး ဆုံးမတဲ့ နေရာမှာ တကယ်ကို တော်တဲ့သူ ဆိုတာ သိသာနေတာပဲလေ... ကျွန်မ သားလေးသာ ဆရာ့ဆီမှာ တပည့်ခံခွင့် ရမယ် ဆိုရင်တော့... ဒါဟာ သူ လေးဘဝစာလောက် ကံကောင်းသွားတာပါပဲလေ...”

မင်းသမီးကြီး၏ သဘောထားမှာ အလွန်ပင် နှိမ့်ချလှပေသည်။ သူမ ထိုသို့ ပြုမူလိုက်သဖြင့် ကုမင်တာ့သည်လည်း ထပ်မံ၍ ငြင်းဆန်ခြင်း မရှိတော့ဘဲ ပြောလိုက်၏။

“မင်းသမီးကြီး က အထင်မသေးဘဲ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်လေ...”

မင်းသမီးကြီးသည် သက်ပြင်းကြီး တစ်ချက် ချနိုင်တော့၏။ သူမသည် သူမ၏ သားအား တိုင်းပြည်၏ အားကိုးရမည့်သူ တစ်ဦး ဖြစ်လာရန် မမျှော်လင့်သော်လည်း နောင်တစ်ချိန်တွင် သူမ၏ အခြေခံအုတ်မြစ်များကို ထိန်းသိမ်းနိုင်မည့်သူ တစ်ဦး ဖြစ်လာစေရန်သာ မျှော်လင့်ထားခြင်း ဖြစ်ချေသည်။

သူမ၏ မူလ ဆန္ဒမှာ ကုမင်တာ့ အား သာမန် ဆရာတစ်ဦး အဖြစ်သာ ငှားရမ်းရန် ဖြစ်သော်လည်း ယခု လူချင်း တွေ့ဆုံလိုက်ရသော အခါတွင်မူ ဤသူမှာ သာမန်လူတစ်ယောက် မဟုတ်မှန်း သူမ သိလိုက်ရသဖြင့် ဆရာနှင့် တပည့် အဖြစ် တရားဝင် သတ်မှတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဧည့်ခံပွဲ စတင်သည်နှင့် ကိုကိုရှန် နှင့် ရှန်လင် တို့လည်း ပြန်ရောက်လာကြကုန်၏။ ကိုကိုရှန်သည် မွှေးပျံ့လှသော နှပ်ဟင်းရနံ့ကို ရလိုက်သည်နှင့် စားပွဲပေါ်ရှိ သူ တစ်ခါမျှ မမြင်ဖူးသော ထူးခြားလှသော အစားအစာများကို ကြည့်ကာ မျက်လုံးများ ချက်ချင်း အရောင်တောက်ပသွားရလေသည်။ ရှန်လင် ပင်လျှင် ထိုအချိန်တွင် မျက်လုံးများ အရောင်တောက်နေတော့၏။

ကိုကိုရှန်သည် နှပ်ဟင်းကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“အားကျောက် ပြောတာ မှန်တယ်နော်... ဒါက တကယ့်ကို ဇူရှန်းလောင် က ဟင်းတွေထက် အများကြီး ပိုစားလို့ကောင်းတာပဲ...”

All Chapters