တိုးဝှေ့ခြင်း
Vol. 21 Ch. 210
ကိုကိုရှန်သည် နောက်ထပ် ဟင်းတစ်ခွက်ကို ထပ်မံ မြည်းစမ်းကြည့်လိုက်၏။ သူသည် ငယ်ရွယ်သူ ဖြစ်ရာ အရသာခံနိုင်စွမ်းမှာ ကလေးတစ်ဦးနှင့် ဆင်တူလှပေသည်။
သူသည် ကြက်သားဟင်း အမျိုးမျိုးကို စားဖူးသော်လည်း ကြက်သားကို ယခုကဲ့သို့ ကြော်စားရသည်မှာ ပထမဆုံးအကြိမ်ပင်။ ကြက်တစ်ကောင်လုံးကို မည်သည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ထုပ်ပိုးထားသည်ကို သူ မသိသော်လည်း ၎င်း၏ အရသာမှာ သူ ယခင်က စားခဲ့ဖူးသော ကြက်သားဟင်း အားလုံးကို အပြတ်အသတ် နိုင်သွားခဲ့ချေပြီ။
စားပွဲပေါ်တွင် အကြော်အလှော် ပန်းကန် နှစ်ပန်းကန် ရှိနေ၏။ တစ်ပန်းကန်မှာ ကြက်ကြော် ဖြစ်ပြီး၊
အခြား တစ်ပန်းကန်မှာမူ အကြော်စုံ ပန်းကန် ပင် ဖြစ်ချေသည်။ မှိုကြော်၊ အသားကြော် နှင့် ပဲပြားခြောက်ကြော် တို့ကို ထူးခြားလှသော ဆော့စ်တစ်မျိုးနှင့် တွဲဖက်ထားသလို ပေါင်းထားသော မုန့်ပြားလေး တစ်လွှာနှင့်လည်း တွဲဖက်ထားသဖြင့် အလွန်ပင် ထူးခြားဆန်းသစ်လှပေသည်။
မင်းသမီးကြီးသည် တန်ဖိုးကြီးလှသော အစားအစာများကို အမြဲ စားနေရသူ ဖြစ်သော်လည်း ယခုအခါ ချဉ်စပ် ဝက်သားဟင်းကိုမူ အလွန် ချီးကျူးနေတော့၏။
“ဒီလို ချက်နည်းမျိုးက ရှားပါတယ်... စဉ်းစားကြည့်ရင် ရိုးရှင်းသလို ရှိပေမဲ့... ဒီလိုမျိုး ချက်တဲ့သူကတော့ နည်းလှတာပေါ့... အိမ်က စားတော်ကဲ ကတော့ တကယ်ကို အကြံကောင်းတဲ့သူပဲနော်...”
မင်းသမီးကြီးက ချီးကျူးလိုက်သည်။
ထမင်းပွဲ ပြင်ဆင်လိုက်ချိန်တွင်မူ လူတိုင်းမှာ ထူးဆန်းသလို ခံစားလိုက်ရပြန်၏။ အိုးကပ်အိုး ကြီး တစ်လုံးကို ယူဆောင်လာရာ ထိုအထဲတွင် ဝက်သားနှပ် များနှင့် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေတော့၏။ အောက်ဆုံးထပ်ရှိ ရွှေရောင် အိုးကပ်လေးမှာလည်း ဆီများဖြင့် စိမ့်ဝင်နေပေသည်။
ထမင်းစေ့တိုင်းတွင် ဝက်သားနှပ်၏ အရသာများ စိမ့်ဝင်နေသဖြင့် တစ်လုပ် စားလိုက်သည်နှင့် အလွန်ပင် ပျော်ရွှင်စရာကောင်းလှသော အရသာကို ပေးစွမ်းနေတော့၏။
မင်းသမီးကြီးမှာမူ သူမ၏ ယဉ်ကျေးပျူငှာလှသော အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ကိုကိုရှန်မှာမူ ယခုအချိန်တွင် လူကုံထံ သခင်လေး တစ်ဦး၏ အရှိန်အဝါများ လုံးဝ မရှိတော့ပေ။ သူ၏ ခေါင်းမှာ ပန်းကန်ထဲသို့ တိုးဝင်လုနီးပါး ဖြစ်နေပြီး “အရမ်း စားလို့ကောင်းတယ်” ဟုသာ တတွတ်တွတ် အော်ဟစ်နေတော့၏။
“နျိုနျိုလေး က ဘာလို့ စားတော်ကဲ ကို ပေးမတွေ့တာလဲ ဆိုတာ အခုမှပဲ သိတော့တယ်... တစ်ယောက်ယောက်က လူကို လုသွားမှာ စိုးလို့ ဖြစ်မှာပေါ့...”
ကိုကိုရှန်က ပေါ့ပေါ့ပါးပါးပင် ညည်းတွားလိုက်လေသည်။
မင်းသမီးကြီးသည် ထိုစကားကို ကြားသောအခါ၊ စားတော်ကဲအား ခေါ်တွေ့လိုသော ဆန္ဒကို ရပ်တန့်လိုက်ပြီး စားတော်ကဲ အတွက် ဆုငွေအချို့ ပေးရန်သာ မှာကြားလိုက်လေတော့သည်။
ဤ ထမင်းတစ်နပ်မှာ ဧည့်သည်ရော အိမ်ရှင်ပါ အလွန်ပင် ပျော်ရွှင်ခဲ့ကြရလေသည်။ ကိုကိုရှန်သည် အများကြီး စားခဲ့ပြီးနောက် ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
“ကိုကို တကယ်ပဲ နေ့တိုင်း ဒီအိမ်မှာ ထမင်း သုံးနပ်လုံး စားချင်လိုက်တာ...”
မင်းသမီးကြီးက သူ့အား ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
“သား က အဲ့ဒီလောက်တောင် ဖြစ်နေမှတော့... အဲ့ဒီလို လုပ်ဖို့က မဆိုးပါဘူးလေ...”
ကိုကိုရှန်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပသွားရပြီး မိခင်ဖြစ်သူအား ပြောလိုက်လေသည်။
“တကယ်လို့ အဲ့ဒါက အမှန် ဆိုရင်တော့... ကျွန်တော် ဒီနေ့ပဲ ဒီအိမ်ကို ပြောင်းလာတော့မယ်နော်...”
မင်းသမီးကြီးက သူ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောလိုက်၏။
“ဆရာ့ ရဲ့ ရှေ့မှာ ဒီလိုမျိုး ခုန်ပေါက်မနေစမ်းနဲ့ဦး...”
ကိုကိုရှန်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွားရလေသည်။ မင်းသမီးကြီးက ရှင်းပြလိုက်၏။
“သင့်တော်တဲ့ ရက်တစ်ရက် ရွေးပြီးတော့... သား ကို ဆရာ့ဆီမှာ တရားဝင် တပည့်ခံခိုင်းမှာလေ...”
ကိုကိုရှန်သည် ကုမင်တာ့ အား လှမ်းကြည့်လိုက်ရာ ကုမင်တာ့က သူ့အား ညင်သာစွာ ခေါင်းညိတ်ပြလေသည်။
“ကျွန်တော်က ဦးလေးကုကို ဆရာလို့ ခေါ်ရမယ် ဆိုရင်တော့... နျိုနျို နဲ့ အားကျောက် တို့ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်သွားတာပေါ့လေ...”
ကိုကိုရှန်က ထိုအခါမှ သဘောပေါက်သွားဟန်ဖြင့် ပြောဆိုလိုက်သည်။
ရှန်လင်က ပြုံးလျက် ပြောလိုက်၏။
“ကိုကိုက အနောက်ပေါက်ကနေ ဝင်လာတာလေ... စီနီယာ အစ်ကိုကြီး လုပ်ချင်နေသေးတာလား...”
ကိုကိုရှန်သည် စိတ်ပျက်ဟန်ဖြင့် ညည်းတွားလိုက်လေသည်။ အားကျောက်မှာမူ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက်ကာ ပြောလိုက်၏။
“ဟုတ်ပြီ... ဟုတ်ပြီ... ဒါဆို သားက စီနီယာ အစ်ကိုကြီး ပေါ့လေ...”
နျိုနျိုကမူ နှစ်သိမ့်ပေးလိုက်သည်။
“ကိုကိုရှန်... သမီးကတော့ ကိုကို့ကို အရင်အတိုင်းပဲ ကိုကို လို့ ခေါ်မှာပါနော်...”
ကိုကိုရှန်သည် ကလေးမလေး၏ စကားကြောင့် အနည်းငယ် စိတ်သက်သာရာ ရရှိသွားသဖြင့် အားကျောက် အား မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်မိ၏။ သို့သော်လည်း အားကျောက်ကမူ ထိုကိစ္စကို ဂရုမစိုက်ပေ။ သူသည် ခုန်ဆွခုန်ဆွ လုပ်နေရင်း လူတိုင်းအား ကြည့်ကာ ပြောလာ၏။
“သားမှာ ဂျူနီယာ ညီလေး တစ်ယောက် ရှိသွားပြီလေ... နောင်ကျရင် သားကို အစ်ကိုကြီးကျောက်လို့ ခေါ်ရမှာပေါ့နော်...”
ကိုကိုရှန် - "..."
နောက်ဆုံးတွင်မူ ကုမင်တာ့က ထို ပြဇာတ်ကို အဆုံးသတ်ပေးလိုက်လေသည်။ သူက အားကျောက် အား ဆွဲလိုက်ပြီး ပြောလိုက်၏။
“လျိုယွဲ့... သခင်လေး ကို ကျောင်းကို လိုက်ပို့ပေးလိုက်စမ်းပါ... ဆရာ့ ရဲ့ စာသင်တာကို သေချာ သွားနားထောင်ခိုင်းလိုက်ပေါ့...”
ထိုစကားကို ကြားသည်နှင့် ရိုးသားလှသော လျိုယွဲ့ သည် ချက်ချင်းပင် ပြေးလာကာ အားကျောက် အား ခေါ်ဆောင်သွားလေတော့သည်။ အားကျောက်သည် မိမိကိုယ်ကိုယ် ဂုဏ်မဖော်ရသေးသော်လည်း မိဘများ၏ မျက်နှာထား တင်းမာသွားသည်ကို မြင်သောအခါ ထပ်မံ၍ မရဲတင်းတော့ဘဲ လိမ္မာစွာဖြင့် ထွက်သွားလေတော့သည်။
ကျောင်းသို့ ရောက်သောအခါ သူ၏ သူငယ်ချင်းတစ်ဦးက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
“အားကျောက်... မနက်က ဆရာ သင်သွားတဲ့ စာတွေကို မှတ်မိသေးလား...”
အားကျောက်သည် သူ မကြားချင်သော စကားများကို အလိုလိုပင် ဖယ်ထုတ်လိုက်ပြီး သူ၏ ဘေးရှိ သူငယ်ချင်းအား ပြန်မေးလိုက်လေသည်။
“ငါ စီနီယာ အစ်ကိုကြီး ဖြစ်သွားတာကို... နင် ဘယ်လို သိတာလဲ...”
သူငယ်ချင်းဖြစ်သူ - “.....”
အားကျောက်က ကိုယ်ကို မတ်ကာ ဆက်လက် ကြွားလုံးထုတ်နေတော့၏။
“ငါ့ဖေဖေ က ဒီနေ့ပဲ တပည့်တစ်ယောက် လက်ခံလိုက်တာလေ... သူက ငါ့ထက် အသက် ဆယ်နှစ်ကျော်တောင် ကြီးတာ မှန်ပေမဲ့... ငါ့ကိုတော့ စီနီယာ အစ်ကိုကြီး လို့ ခေါ်ရမှာပေါ့လေ...”
မင်းသမီးကြီးသည် ကုမိသားစုအိမ်တွင် အကြာကြီး မနေခဲ့ပေ။ နေ့လယ်စာ စားပြီးနောက်တွင်မူ ညီမလေးအား ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့လေသည်။ ကိုကိုရှန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။
ကိုကိုရှန်သည် မိမိအနေဖြင့် ဂျူနီယာ ညီလေး ဖြစ်သွားရသည့် အရှုံးကို အလျင်အမြန်ပင် မေ့ဖျောက်လိုက်လေသည်။ သူက ကုမိသားစုအား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ကျွန်တော် ကတိပေးထားတဲ့အတိုင်း... မြို့တော်ရဲ့ နေရာအနှံ့ကို သေချာပေါက် လိုက်ပြမယ်နော်...”
သူ ထိုသို့ ပြောဆိုရာတွင် ကုမင်တာ့ အား အနည်းငယ် အားနာသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ကုမင်တာ့မှာ သူ၏ နောင်ကျရင် ဆရာ ဖြစ်လာမည့်သူ မဟုတ်ပါလား။ သူသည် အလုပ်ကို အလေးမထားဘဲ ကစားဖို့သာ တွေးနေသဖြင့် ဆူပူခြင်း ခံရမှာကို စိုးရိမ်နေမိခြင်း ဖြစ်ချေသည်။
အရင်က သူ၏ ဆရာများမှာမူ “ကစားခြင်း” ဟူသော စကားလုံးကိုပင် နားမထောင်နိုင်ကြချေ။ သူ ထိုစကားကို တစ်ခွန်းမျှ ပြောလိုက်သည်နှင့် သူ့အား အသေအလဲ ဆူပူကြသည်။ အမှားတစ်ခုခု တွေ့လိုက်ရလျှင်လည်း ပြဿနာကို အကြီးအကျယ် လုပ်တတ်ကြသည် မဟုတ်ပါလား။
အချိန်ကြာလာသည်နှင့်အမျှ ကိုကိုရှန်သည် စာသင်ခြင်းကို မနှစ်သက်တော့ဘဲ ဆရာများနှင့် တွေ့ရမှာကိုပင် ကြောက်လန့်လာခဲ့ရလေသည်။
ကုမင်တာ့မှာမူ စိတ်မဆိုးသည့်အပြင် သူ့အား လက်အုပ်ချီကာ ပြောလိုက်လေသည်။
“သခင်လေးရှန် ရယ်... နွေဦးစာမေးပွဲ ကလည်း မကြာခင် ရောက်တော့မှာဆိုတော့... ကျွန်တော်ကတော့ အဖော် မလိုက်နိုင်တော့ပါဘူး... သူတို့နောက်ကို လိုက်ပေးရတာ ပင်ပန်းမှာပဲလေ... ကျေးဇူးတင်ပါတယ်ဗျာ...”
ကိုကိုရှန်သည် ကလေးတစ်ယောက် ဖြစ်သော်လည်း လူကြီးတစ်ယောက်လို ဆက်ဆံခံရသည်ကို သဘောကျသူ ဖြစ်ပေသည်။ အထူးသဖြင့် ကုမင်တာ့မှာ သူ လေးစားရသော လူကြီးဖြစ်သလို နောင်ကျရင် ဆရာ ဖြစ်လာမည့်သူပင်။
ယခုအခါ သူသည် ကြီးမားသော တာဝန်တစ်ခုကို ထမ်းဆောင်နေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်လေတော့သည်။
“ဦးလေးကု စိတ်မပူပါနဲ့နော်... ကျွန်ျတာ်က အားလုံးကို သေသေချာချာ ဂရုစိုက်ပေးမှာပေါ့...”
စာရေးရန် အိမ်တွင် ကျန်ရစ်ခဲ့ရသော ကုမင်တာ့ နှင့် အားယန် တို့မှလွဲလျှင် ကျန်ရှိသော ကုမိသားစုဝင် အားလုံးမှာ အပြင်သို့ ထွက်ခွာခဲ့ကြကုန်၏။
ကိုကိုရှန် မောင်နှမ နှစ်ဦးစလုံးမှာ မြို့တော်အကြောင်းကို အလွန်ပင် နှံ့စပ်ကြသူများ ပင်။ သူတို့သည် ကုမိသားစုအား ခေါ်ဆောင်ကာ တစ်နေ့ကုန်နီးပါး အသည်းအသန် လည်ပတ်ခဲ့ကြပြီး မှောင်မှသာ အိမ်သို့ ပြန်လာခဲ့ကြလေတော့သည်။
“မနက်ဖြန် မနက်စောစော လာခေါ်မယ်နော်...”
လမ်းခွဲချိန်တွင် ကိုကိုရှန်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းနေတော့၏။
သူသည် အရင်ကတော့ မြို့တော်တွင် ဘာမှ စိတ်ဝင်စားစရာ မရှိဟု အမြဲ ထင်မှတ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ကာ ကျိုချွီမြစ်အတိုင်း မြို့တော်နှင့် ဝေးရာသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
ယခုမှသာ သူ သတိထားမိသည်မှာ မြို့တော်မှာ အရင်အတိုင်း ဖြစ်သော်လည်း အဖော်ပြုပေးမည့်သူ ပြောင်းလဲသွားချိန်တွင်မူ အရာရာမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည် ဟူ၍ ပင်။
သူသည် အသုံးမကျသောသူ တစ်ဦး ဖြစ်သော်လည်း အခြားသော လူရှုပ်လူပွေများကဲ့သို့ အပျော်အပါး နေရာများတွင် အချိန်ဖြုန်းလေ့ မရှိပေ။ ထိုအစား သူသည် အရသာရှိသော အစားအစာများကိုသာ ရှာဖွေစားသောက်တတ်သူ ဖြစ်ချေသည်။
သူသည် အပြင်တွင် သူငယ်ချင်းကောင်းများနှင့် မဆုံတွေ့နိုင်ခဲ့သလို အိမ်ပြန်ရောက်ချိန်တွင်လည်း ဖခင်အရင်းဖြစ်သူ၏ အမြဲတမ်း နှိမ့်ချမှုကိုသာ ခံခဲ့ရသည်။ ကိုကိုရှန်သည် သူ၏ ဘဝအစောပိုင်းကာလများကို စည်းစိမ်ချမ်းသာများကြားတွင် ဖြတ်သန်းခဲ့ရသော်လည်း စိတ်ပျက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်ချေသည်။
ကုမိသားစုဝင်များမှာမူ လူကြီးရော လူငယ်ပါ လူမှုဆက်ဆံရေးတွင် အလွန်ပင် တော်ကြသူများ ပင်။ ကိုကိုရှန်က သူတို့ကို မြို့တော်၏ နေရာအနှံ့သို့ လိုက်ပြချိန်တွင် သူတို့ ရောက်ရှိသွားသော နေရာတိုင်း၌ သူတို့သည် အံ့သြချီးကျူးကြသည်။
“မြို့တော်မှာ ဒီလောက် ဆော့လို့ကောင်းတဲ့ နေရာရှိမှန်း... ဒီမှာ နေတဲ့သူတွေ ပြောပြမှပဲ သိရတော့တယ်...”
သခင်မကု၏ မျက်လုံးထဲမှ အံ့သြမှုများမှာ တကယ့်ကို စိတ်ရင်းအတိုင်း ပင်။
သူမ အံ့သြနေသော နေရာမှာ မြို့တော်ရှိ ပုံပြောပြသော လက်ဖက်ရည်ဆိုင် တစ်ခုသာ ဖြစ်ပေသည်။ အဘွားအိုသည် ဟန်ဆောင်ပန်ဆောင် မရှိဘဲ စိတ်ရင်းဖြင့်သာ အသံများ ထွက်ပေါ်နေခြင်း ဖြစ်ချေသည်။
“ကိုကိုရှန်... အဒေါ့်မှာ အသက် ဒီလောက် ရှိနေပြီ ဆိုပေမဲ့... အခုမှပဲ တကယ် ပညာရတော့တယ်... ကျေးဇူးတင်ပါတယ်နော်...”
အဘွားအို၏ မျက်လုံးများတွင် စစ်မှန်သော ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေတော့၏။
ထိုအခိုက်အတန့်တွင် ကိုကိုရှန်သည် ခံစားချက်တစ်ခု ရရှိသွားလေသည်။ အဘွားအိုက ထိုစကားကို ပြောဆိုခြင်းမှာ မင်းသမီးကြီး၏ သားတစ်ဦး အနေဖြင့် မဟုတ်ဘဲ သူဟူသော လူသားတစ်ဦး အပေါ်တွင်သာ ပြောဆိုခြင်း ဖြစ်ချေသည်။ တစ်ခါတရံတွင် စိတ်ရှုပ်ထွေးနေတတ်သော အဘိုးကု ပင်လျှင် လမ်းခွဲချိန်တွင် ကိုကိုရှန်၏ လက်ကို ကိုင်ထားခဲ့သေး၏။
နျိုနျိုသည် လမ်းတစ်လျှောက်လုံး မျက်လုံးများ ပြူးကာ လိုက်ကြည့်နေမိသည်။ သူမသည် အိပ်ချင်လွန်းသဖြင့် မျက်လုံးများကို ပွတ်နေရသော်လည်း ရှုခင်းအသစ်များကို မြင်တွေ့နိုင်ရန်အတွက် အတင်း အောင့်အီးထားခဲ့ခြင်း ပင်။ အိမ်ရှေ့သို့ ရောက်ရှိချိန်တွင်မူ သူမသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့ချေပြီ။
ကျန်းယွင်နန်သည် ကိုကိုရှန် အား အားနာသော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“အားယန် က မနက်ဖြန် ပိုင်ယွင် ကျောင်းတော် မှာ စာမေးပွဲ သွားဖြေရမှာလေ... မိသားစုဝင် အားလုံးလည်း လိုက်သွားကြမှာပေါ့...”
ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အားကျသွားရရှာ၏။ ကုမိသားစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း မိသားစုဝင်များကြားမှ ရင်းနှီးမှုမှာမူ မင်းသမီးကြီး အိမ်တော်တွင် မရှိသည့် အရာ ဖြစ်ပေသည်။ သူ၏ မိခင်မှာ နန်းတွင်း၌သာ အချိန်အများစု ကုန်ဆုံးလေ့ ရှိသလို သူ၏ ညီမလေးမှာလည်း စာသင်ခြင်း အပေါ်တွင်သာ အာရုံစိုက်နေတတ်ပြီး သူ၏ ဖခင်ကိုမူ လုံးဝ မမြင်တွေ့ရပေ။ ထို့ကြောင့် သူသည် ထိုအိမ်တော်တွင် မလိုအပ်သောသူ တစ်ဦး ကဲ့သို့ ဖြစ်နေရခြင်း ပင်။
“ပိုင်ယွင် ကျောင်းတော် ဆိုတာ ကျွန်တော် မရောက်ဖူးသေးဘူးလေ... မနက်ဖြန်ကျရင် ကျွန်တော်ပါ အတူတူ လိုက်လို့ ရမလား...”
ကိုကိုရှန်က မျှော်လင့်တကြီး မေးမြန်းလိုက်သည်။
ကျန်းယွင်နန်က ပြောလိုက်၏။
“လိုက်လို့ မရစရာ အကြောင်း မရှိပါဘူးလေ... ဒါပေမဲ့ မနက်ဖြန် မိုးမလင်းခင်မှာတင် မြို့ပြင်ကို ထွက်ရမှာဆိုတော့... သခင်လေး အိပ်ရာထနိုင်ပါ့မလားလို့ စိုးရိမ်လို့ပါ...”
ကိုကိုရှန်သည် မြို့ထဲတွင် နေထိုင်သူ ဖြစ်ရာ မြို့ပြင်သို့ ထွက်ရန်အတွက် ပို၍ စောစော ထရမည် မဟုတ်ပါလား။
ကိုကိုရှန်က ချက်ချင်းပင် ပြောလိုက်လေသည်။
“ဒါဆို ဒီည ကျွန်တော် အိမ်မပြန်တော့ဘူးလေ... အားကျောက် နဲ့ပဲ အတူတူ တိုးဝှေ့ပြီး အိပ်လိုက်မယ်... ရမလား...”
သူသည် ကုမိသားစုနှင့်အတူ ရှိနေချင်ပြီး အေးစက်လှသော အိမ်တော်ကြီးဆီသို့ ပြန်သွားကာ တစ်ယောက်တည်း ရင်ဆိုင်ရမှာကို မလိုလားတော့သည်မှာ အမှန် ပင်။