← Chapters

ကောင်းကင်ကို ချောင်းကြည့်ခြင်း

Vol. 22 Ch. 211

ကောင်းကင်ကို ချောင်းကြည့်ခြင်း

Vol. 22 Ch. 211

နောက်တစ်နေ့တွင် ကုမိသားစုဝင်များမှာ စောစောစီးစီးပင် နိုးထလာခဲ့ကြကုန်၏။

ကိုကိုရှန်သည် မျက်ကွင်းများ ညိုနေလျက် ထမင်းစားပွဲတွင် ထိုင်နေလေသည်။ ကျန်းယွင်နန်သည် ထိုအခြေအနေကို ကြည့်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“ဘယ်လိုဖြစ်တာလဲဟင်... မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား...”

ကိုကိုရှန်မှာ ခဏတာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်။ သို့သော်လည်း အားကျောက်က ဦးအောင် ပြောလိုက်၏။

“ကိုကိုရှန် က တစ်ညလုံး အိပ်ရာထဲမှာ ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်ဘူးလေ... စိတ်ထဲမှာ တစ်ခုခု စိုးရိမ်နေလို့ ဖြစ်မှာပါ...”

ကိုကိုရှန်သည် ထိုစကားကို ကြားသောအခါ အသက်ပင် မှားချင်သွားရသည်။ အားကျောက်ကသာ လူကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန် လုပ်နေခြင်း ဖြစ်ပါလျက်နှင့် ဘာကြောင့် သူကပဲ စိတ်ပူနေရသူ ဖြစ်သွားရသနည်း။

နျိုနျိုက သက်ပြင်းချလျက် ပြောလိုက်သည်။

“ကိုကိုရှန်... ဘယ်လောက်ပဲ စိုးရိမ်စရာတွေ ရှိနေပါစေ... အိပ်ချိန်ကိုတော့ မထိခိုက်စေရဘူးလေ...”

ကိုကိုရှန်၏ မျက်နှာမှာ ဝမ်းနည်းဟန် ပေါ်နေသော်လည်း အားကျောက်၏ အကြောင်းကိုမူ မကောင်း မပြောဘဲ အောင့်အီးထားလေသည်။ သို့သော်လည်း ကုမင်တာ့က သူ၏ မျက်နှာကို ကြည့်ကာ ပြောလိုက်၏။

“ချန်ဖုန်း... လူ့သက်တမ်းဆိုတာ တိုတိုလေးပါ... ပြောစရာရှိရင်လည်း ရင်ထဲမှာ မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ... ကိုယ့်ကိုယ်ကိုယ် အနစ်နာမခံပါနဲ့ဦး...”

ကိုကိုရှန်၏ အမည်ရင်းမှာ ချန်ဖုန်း ဖြစ်ချေသည်။ လူကြီးတစ်ဦးက သူ့အား ဤကဲ့သို့သော စကားမျိုး ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ် ပင်။ သူသည် ချမ်းသာသော မိသားစုတွင် မွေးဖွားလာခဲ့သော်လည်း သူ၏ ခံစားချက်များကို ဤမျှအထိ အလေးထားသည့် လူကြီးမျိုးမှာ ရှားပါးလှသည်။

ရှန်ချန်ဖုန်းသည် ခေတ္တမျှ တွေဝေနေပြီးနောက် နောက်ဆုံးတွင်မူ ပြောပြလိုက်လေသည်။

“အားကျောက် က အသက် ဘယ်လောက်မှ မရှိသေးတာကို... ဘာလို့ ဒီလောက်တောင် ဟောက်သံ ကျယ်နေရတာလဲ မသိဘူးနော်...”

အားကျောက်က သူ၏ နှာခေါင်းကို ပွတ်ကာ ပြောလိုက်၏။

“ဟောက်သံက ကျယ်လို့လား... ကျွန်တော်လည်း မသိဘူးလေ...”

သူနှင့် တစ်ခန်းတည်း အတူနေဖူးသော အားယန် က ခေါင်းညိတ်ပြလိုက်၏။

“တကယ်ပဲ ကျယ်တာလေ... မင်းကိုယ်မင်း မသိဘူးလား...”

နျိုနျိုသည် သူမ၏ ကိုကိုများကို ထူးဆန်းသလို ကြည့်လိုက်ပြီးမှ နောက်ကျမှ သဘောပေါက်သွားဟန်ဖြင့် မေးမြန်းလိုက်သည်။

“ဒါဆို ကိုကိုရှန် က အားကျောက် ဆူလို့ အိပ်မပျော်တာပေါ့လေ...”

ရှန်ချန်ဖုန်းက ခေါင်းညိတ်ပြလေသည်။

“တောင်းပန်ပါတယ်နော်... ကိုကို့မှာ စိုးရိမ်စရာတွေ ရှိနေတယ်လို့ နျိုနျို က အထင်မှားသွားမိလို့ပါ...”

နျိုနျိုက သူ့အား လိမ္မာစွာ တောင်းပန်လိုက်၏။

အားကျောက်သည် ခဏတာ ကြောင်အသွားပြီးနောက် သူပါ လိုက်ပြီး တောင်းပန်လိုက်လေသည်။

“ကိုကိုရှန်... ကျွန်တော် ဟောက်ရင် ကိုကို နှိုးလိုက်ရမှာပေါ့... ကျွန်တော်က အိပ်ပျော်ရင် အရမ်း မြန်တာဆိုတော့... ကိုကို့ကို တစ်ညလုံး အိပ်မပျော်အောင် လုပ်မိသလို ဖြစ်သွားပြီလေ... ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိဘူး...”

ရှန်ချန်ဖုန်းသည် ထိုကလေး နှစ်ဦးကို သဘောကျနေပြီ ဖြစ်ရာ ဤကဲ့သို့သော ကိစ္စသေးသေးလေးအတွက် အပြစ်မတင်ချင်ပေ။ ထိုအစား သူက ပြောလိုက်၏။

“အားကျောက်... မင်း ဒီလောက်အထိ ဟောက်နေတာဟာ... သမားတော် နဲ့ သေသေချာချာ ပြကြည့်သင့်တယ်နော်... မင်းက ကလေးလေးပဲ ရှိသေးတာကို ဟောက်သံက အိမ်ခေါင်မိုးတောင် လွင့်မတတ်ပဲလေ... ကျွန်တော် ကြားဖူးတာတော့... အဲ့ဒီလောက်အထိ အသည်းအသန် ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းဘူးတဲ့လေ...”

ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့သည် အစကတော့ ထိုကိစ္စကို အလေးမထားခဲ့သော်လည်း ရှန်ချန်ဖုန်း ပြောသည်ကို ကြားသောအခါ စိုးရိမ်သွားကြကုန်၏။

“ဟုတ်ပါပြီ... ချန်ဖုန်း သတိပေးလို့ ကျေးဇူးတင်ပါတယ်... အားကျောက် ကို တစ်ရက်ရက်ကျရင် သမားတော်နဲ့ သွားပြလိုက်ပါ့မယ်...”

ကျန်းယွင်နန်က ပြောလိုက်သည်။

ရှန်ချန်ဖုန်းက ထပ်ပြောလိုက်ပြန်၏။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော် နန်းတွင်းဆေးဌာနကနေ အနားယူထားတဲ့ သမားတော်ကြီး တစ်ယောက်ကို သိတယ်လေ... သူက အခု ပိုင်ယွင်မြို့နယ် မှာ နေတာဆိုတော့... ဒီနေ့ လမ်းကြုံရင်ပဲ ဝင်ပြလို့ ရတာပေါ့...”

ကုမိသားစုသည် ဤမျှအထိ ကြီးမားလှသော အခွင့်အရေးကို မမျှော်လင့်ထားခဲ့ကြပေ။ နန်းတွင်း သမားတော်ကြီး တစ်ဦးအား ပြသခွင့် ရရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့သည်မှာ အမှန် ပင်။

“အကြောင်းမဲ့ကြီး အိမ်အထိ သွားပြရင်... သမားတော်ကြီး က စိတ်မဆိုးနိုင်ဘူးလားဟင်...”

ကျန်းယွင်နန်က သိက္ခာကျမှာကို စိုးရိမ်နေမိ၏။

ရှန်ချန်ဖုန်းက လက်ဝှေ့ယမ်းပြကာ ပြောလိုက်လေသည်။

“ကိစ္စမရှိပါဘူး... အဲ့ဒီ သမားတော်ကြီး က ကျွန်တော့် မေမေ ရော ကျွန်တော့်ကိုပါ ငယ်ငယ်ကတည်းက ကြည့်လာပေးတဲ့သူလေ... သူက ဒါမျိုးတွေကို ဂရုမစိုက်ပါဘူး...”

ရှန်ချန်ဖုန်းသည် ဤကိစ္စကို အလေးအနက် မထားပေ။ သူသည် ညက ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် မနက်စာကိုမူ အဝစားရမည်ဟု ဆုံးဖြတ်ထားခြင်း ပင်။ ကုမိသားစု၏ မနက်စာမှာ သာမန်အတိုင်း ပေါက်စီ၊ မုန့်လိပ် နှင့် ဆန်ပြုတ် တို့သာ ဖြစ်သော်လည်း တစ်မိသားစုလုံး စုံစုံလင်လင်ဖြင့် ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည့် အရှိန်အဝါမှာမူ သူ့အား အလွန် ပျော်ရွှင်စေလေသည်။ သူတို့သည် စားချိန်၊ အိပ်ချိန်တွင် စကားမပြောရဟူသော စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲမြိုင်မြိုင်ဆိုင်ဆိုင် စကားပြောဆိုနေကြသည် မဟုတ်ပါလား။

“အရမ်းကြီး စိတ်မပူပါနဲ့ဦး... အကယ်၍ စာမေးပွဲ မအောင်ရင်တောင်မှ... ဖေဖေ အိမ်မှာပဲ သင်ပေးမှာပေါ့...”

ကုမင်တာ့သည် စိုးရိမ်နေဟန်ရှိသော အားယန် အား နှစ်သိမ့်လိုက်လေသည်။

အားယန်က ခေါင်းညိတ်ပြသော်လည်း မျက်နှာမှာမူ ကြည်လင်မသွားခဲ့ပေ။ မိသားစုဝင်များက အကြိမ်ကြိမ် နှစ်သိမ့်သော်လည်း စာမေးပွဲနှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားနေမိခြင်း ဖြစ်၏။ ကုမင်တာ့သည် ပြောသင့်သမျှကို ပြောပြီးပြီ ဖြစ်သဖြင့် ထပ်မံ၍ မည်သို့ ဖျောင်းဖျရမည်ကို စဉ်းစားမရ ဖြစ်နေတော့၏။

မနက်စာ စားပြီးနောက်တွင်မူ ကုမိသားစုဝင်များမှာ မြင်းလှည်းပေါ်သို့ တက်ရန် ပြင်ကြလေသည်။ ရှန်ချန်ဖုန်းသည် ကောင်းကင်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်၏။

“ဒီနေ့တော့ မိုးရွာနိုင်တယ်နော်...”

ကုမိသားစုဝင်များမှာမူ ကောင်းကင်ကို ကြည့်ပြီး မိုးရွာမရွာကို မခွဲခြားနိုင်ကြသော်လည်း ရှန်ချန်ဖုန်း သည် ရာသီဥတုကို အကဲခတ်ရာတွင် တော်မှန်း သိထားကြသဖြင့် ခရီးစဉ်ကို ချက်ချင်း ပြန်လည် စီစဉ်လိုက်ကြကုန်၏။

“လူကြီးတွေကတော့ အသက်ကြီးပြီဆိုတော့ အပြင်မထွက်ခိုင်းတော့ဘူးလေ... နျိုနျို ကလည်း ငယ်လွန်းသေးတော့ အိမ်မှာပဲ နေခဲ့လိုက်ပေါ့... ရှောင်ရူ လည်း အိမ်မှာပဲ နေပြီးတော့ သူတို့ကို ဝိုင်းကြည့်ပေးပါဦးနော်...”

ကျန်းယွင်နန်က မှာကြားလိုက်သည်။

ကုမင်တာ့ကလည်း ခေါင်းညိတ်ပြလေသည်။ သို့သော်လည်း နျိုနျိုက ပြောလိုက်၏။

“မေမေရယ်... သမီးလည်း ကိုကိုကြီး ရဲ့ စာမေးပွဲကို လိုက်ပို့ပေးချင်တယ်လေ... သမီး မိုးကာအင်္ကျီနဲ့ ဝါးခပတ်ကိုလည်း သေသေချာချာ ဝတ်ထားပါ့မယ်... မိုးမမိစေရဘူးလို့လည်း ကတိပေးပါတယ်နော်... အင်္ကျီတစ်ထည်လည်း ထပ်ဝတ်ထားမယ်လေ... သမီးကို လိုက်ခွင့်ပြုပါဦး...”

နျိုနျို ထိုသို့ ပြောဆိုလာသောအခါ ကျန်းယွင်နန် နှင့် ကုမင်တာ့ တို့မှာ မငြင်းရက်တော့ပေ။ ဤကလေးမလေးမှာ အမြဲတမ်း လိမ္မာယဉ်ကျေးသူ ဖြစ်မှန်း တွေးမိလိုက်ကြသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်ကြကုန်၏။ နျိုနျိုလေး စိတ်အားထက်သန်နေသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် အားကျောက်မှာမူ အိမ်မှာသာ နေချင်နေတော့၏။

“မိုးရွာတော့မှာ ဆိုမှတော့... ကျွန်တော်လည်း အိမ်မှာပဲ နေတော့မယ်လေ...”

အားကျောက်သည် သမားတော်နှင့်လည်း မတွေ့ချင်သလို ခါးသက်လှသော ဆေးများကိုလည်း မသောက်ချင်သည်မှာ အမှန် ပင်။

သူက ထပ်ပြောလိုက်ပြန်သည်။

“မိုးကလည်း အရမ်း ရွာဦးမှာဆိုတော့... မြို့ပြင်ထွက်ရင် မိုးမိဖို့ လွယ်တာပေါ့... ကျောင်းသွားတာနဲ့လည်း အတူတူပါပဲလေ... ကျွန်တော်က ဟောက်တတ်တော့ ကျန်းမာရေး မကောင်းဘူးလေ... မိုးမိလို့ မဖြစ်ဘူး မဟုတ်လား...”

သူ၏ အဓိပ္ပာယ်မှာ သမားတော်နှင့်လည်း မတွေ့ချင်၊ ကျောင်းလည်း မသွားချင်ဟု ဆိုလိုခြင်း ဖြစ်ချေသည်။ ကုမင်တာ့က မျက်နှာကို တင်းကာ ပြောလိုက်၏။

“မင်း မလိုက်ဘူး ဆိုရင်တော့... အိမ်မှာပဲ နေပြီးတော့ စာလုံးကြီး တစ်ရာ ရေးထားလိုက်ပေါ့...”

အားကျောက်သည် ကျောင်းမသွားရသော်လည်း စာရေးရမည့် ကိစ္စမှ မလွတ်နိုင်မှန်း သိလိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာပျက်သွားပြီး ပြောလိုက်လေသည်။

“ဒါဆိုရင်တော့... ကျွန်တော်လည်း ဖေဖေတို့နဲ့ပဲ လိုက်သွားတော့မယ်လေ...”

မိုးကာပစ္စည်းများ ပြင်ဆင်ပြီးနောက် လျူရှောင်ရူ ကိုမူ လူကြီးများကို ပြုစုရန် အိမ်တွင် ထားရစ်ခဲ့ပြီ ကျန်ရှိသော မိသားစုဝင် အားလုံးမှာမူ မြင်းလှည်းများဖြင့် မြို့ပြင်သို့ ထွက်ခွာခဲ့ကြကုန်၏။ ကျန်းယွင်နန်သည် ကလေး သုံးဦးနှင့်အတူ မြင်းလှည်း တစ်စီးတွင် စီးနင်းခဲ့ပြီး ကုမင်တာ့ နှင့် ရှန်ချန်ဖုန်း တို့မှာမူ နောက်ထပ် မြင်းလှည်း တစ်စီးတွင် စီးနင်းခဲ့ကြလေသည်။

နျိုနျိုက အားယန် အား မေးမြန်းလိုက်၏။

“ကိုကိုကြီး... ကိုကို က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲဟင်...”

အားယန်သည် ညီမဖြစ်သူအား ဖုံးကွယ်ထားခြင်း မရှိဘဲ တိုးတိုးလေး ပြောပြလိုက်ရှာသည်။

“ဒီအခွင့်အရေးက ရဖို့ ခက်တာလေ... ဖေဖေ က ဒါကို ရဖို့အတွက် ဘယ်လောက်တောင် အားစိုက်ခဲ့ရလဲ မသိဘူး... ကိုကို အမှားလုပ်မိမှာကို စိုးရိမ်နေမိတာလေ... ကိုယ့်ရဲ့ ပညာကလည်း မလုံလောက်သေးဘူးလို့ပဲ အမြဲ ခံစားနေရတယ်...”

အားယန်မှာမူ အရာရာကို အပြည့်အဝ သေချာမှသာ လုပ်ဆောင်လိုသူ ဖြစ်ပေသည်။ သူသည် မိသားစုကို စိတ်ပျက်အောင် မလုပ်ချင်သလို ညီငယ်၊ ညီမငယ်များအတွက်လည်း စံပြကောင်း တစ်ဦး ဖြစ်ချင်နေသည်မှာ အမှန် ပင်။

နျိုနျိုက သက်ပြင်းချလျက် ပြောလိုက်၏။

“ကိုကိုကြီး... ကိုကို စာမေးပွဲ ကျသွားရင် ဖေဖေ က ကိုကို့ကို သားအဖြစ်ကနေ စွန့်ပစ်လိုက်မှာ မဟုတ်ဘူး မဟုတ်လား...”

အားယန်က ခေါင်းခါပြလေသည်။

“ဒါကတော့ မဖြစ်နိုင်ပါဘူးလေ...”

နျိုနျိုက ဆက်ပြောလိုက်ပြန်သည်။

“တို့တွေရဲ့ မျက်စိထဲမှာတော့... အရေးကြီးဆုံးက ကိုကို ပဲလေ... စာမေးပွဲ မဟုတ်ပါဘူး...”

အားယန်သည် ထိုစကားကြောင့် ခဏတာ ဆွံ့အသွားရ၏။ သူသည် ဤအခွင့်အရေးကို အရာရာထက် ပို၍ အလေးထားခဲ့သော်လည်း မိမိကိုယ်တိုင်မှာ ပညာသင်ခြင်းထက် ပို၍ အရေးကြီးမှန်း မေ့လျော့နေခဲ့သည်။

အားယန်သည် သူ၏ ရင်ထဲမှ အတွေးများကို အမှန်အတိုင်း ပြောပြလိုက်လေသည်။

“ပိုင်ယွင် ကျောင်းတော် ကို တက်ခွင့်ရတာဟာ... အစိုးရ အရာရှိ ဖြစ်ဖို့ တစ်ဝက်လောက် သေချာသွားသလိုပဲလေ... အကယ်၍သာ ကိုကို ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင်... နောင်ကျရင် အရာရှိစာမေးပွဲတွေမှာ ဘယ်တော့မှ အောင်မြင်နိုင်တော့မှာ မဟုတ်ဘူးလားဟင်... အဲ့ကျရင် ကိုကို က ညီလေး တို့ ညီမလေး တို့အတွက် စံပြကောင်း တစ်ဦး မဖြစ်နိုင်တော့သလို ခံစားနေရလို့ပါ...”

နျိုနျိုသည် ခေါင်းလေးစောင်းကာ ပြောလိုက်၏။

“ကိုကိုကြီး... ဖေဖေ နဲ့ မေမေ က ကိုကို့ကို အရာရှိကြီး ဖြစ်ကိုဖြစ်ရမယ်လို့ မပြောခဲ့ပါဘူးနော်... အကယ်၍ ဒီစာမေးပွဲ ကျသွားရင်တောင်မှ... နောင်ကျလို့ အရာရှိ မဖြစ်ခဲ့ရင်တောင်မှ... ကိုကို က တို့တွေအတွက် အတော်ဆုံး ကိုကိုကြီး ပါပဲလေ...”

ကျန်းယွင်နန်ကလည်း သင့်တော်သော အချိန်တွင် ဝင်ပြောလိုက်လေသည်။

“အားယန်... ညီမလေး ပြောတာ မှန်တယ်နော်... သား ကသာ အရေးကြီးဆုံးပါ... သားရဲ့ အနာဂတ် ကောင်းစေချင်လို့သာ စာမေးပွဲ ဖြေခိုင်းတာလေ... သား နောင်ကျရင် ဒုက္ခရောက်မှာ စိုးလို့ပါ...”

“သား က တို့တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်မှာကို အမြဲ ကြောက်နေတာလေ... ဒါပေမဲ့ သားကို မွေးခဲ့တာဟာ... မိသားစု ဂုဏ်ကို မြှင့်တင်ဖို့အတွက် မဟုတ်ပါဘူး... သား က တည်တည်ငြိမ်ငြိမ်နဲ့ အလိုက်သိတတ်တဲ့သူဆိုတော့... တို့တွေ မျှော်လင့်ထားတာထက်တောင် ပိုပြီး တော်တဲ့ သားကောင်း တစ်ယောက် ဖြစ်နေပါပြီလေ... သား အကောင်းဆုံး လုပ်ဆောင်နေခဲ့တာပါ...”

“ဒီ စာမေးပွဲ တစ်ခုတည်းပေါ်မှာတင် သားရဲ့ ဘဝတစ်ခုလုံးကို ပုံအောပြီး မထားလိုက်ပါနဲ့ဦး...”

“ဒီတစ်ခါ ကျရှုံးခဲ့ရင်တောင်မှ... နောင်တစ်ချိန်မှာ အရာရှိစာမေးပွဲ ကျရှုံးမယ်လို့ မဆိုလိုပါဘူး...”

“အကယ်၍ နောင်ကျလို့ အရာရှိစာမေးပွဲ မအောင်မြင်ခဲ့ရင်တောင်မှ... ဒီလမ်း တစ်ခုတည်း ရှိတာ မဟုတ်ဘူးလေ... တို့တွေ အတူတူ လမ်းစ ရှာကြတာပေါ့... သားအတွက် သင့်တော်တဲ့ လမ်းတစ်ခုတော့ သေချာပေါက် ရှိမှာပါလေ...”

အားယန်သည် ထိုစကားများကို ကြားလိုက်ရသောအခါ မိမိကိုယ်တိုင် တည်ဆောက်ထားသော လှောင်အိမ်ထဲမှ ရုန်းထွက်နိုင်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အသိတရားများ ချက်ချင်း ပွင့်လင်းသွားရလေသည်။

All Chapters