← Chapters

ပိုးကောင်လေးများ မွေးမြူရာတွင် ကျွမ်းကျင်ခြင်း

Vol. 22 Ch. 212

ပိုးကောင်လေးများ မွေးမြူရာတွင် ကျွမ်းကျင်ခြင်း

Vol. 22 Ch. 212

လမ်းပေါ်တွင် တစ်နာရီခန့် ခရီးနှင်ပြီးနောက်၊ မြင်းလှည်းသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ချေပြီ။

ပိုင်ယွင် ကျောင်းတော် မှာ မြို့ပြင်ရှိ ပိုင်ယွင်မြို့နယ်တွင် တည်ရှိပေသည်။ အစကတော့ ဤနေရာတွင် လူသိပ်မရှိသော်လည်း ကျောင်းတော်ကြီး တည်ဆောက်ပြီးကတည်းက လူများမှာ တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်ချေသည်။ ကျောင်းတော် တံခါးဝရှိ လူသူကင်းမဲ့သော လမ်းမှာလည်း ဈေးတန်းတစ်ခု ဖြစ်လာခဲ့သလို လမ်းဘေး ဝဲယာတွင်လည်း အိမ်ခြေများစွာ တိုးပွားလာသဖြင့် တဖြည်းဖြည်းနှင့် မြို့နယ် သေးသေးလေးတစ်ခုအသွင် ဆောင်လာခဲ့လေသည်။

ပိုင်ယွင် ကျောင်းတော် ၏ ဝင်ခွင့်စာမေးပွဲကို သုံးလလျှင် တစ်ကြိမ် ကျင်းပလေ့ ရှိပေသည်။ ဝင်ခွင့်စာမေးပွဲဟု ဆိုသော်လည်း တကယ်တမ်းမှာမူ ကျောင်းရှိ ကျောင်းသားများ၏ လစဉ်စာမေးပွဲနှင့် အတူတူပင် ဖြစ်ချေသည်။ ကျောင်းဝင်လိုသော ကလေးများသည် ကျောင်းသားများနှင့်အတူ စာမေးပွဲ ဖြေဆိုကြရပြီး အမှတ်အလွန်ကောင်းသူများသာ ကျောင်းဝင်ခွင့် ရရှိကြပေသည်။ ကျောင်းတွင်ရှိပြီးသား ကျောင်းသားများမှာလည်း အမှတ်မကောင်းပါက ကျောင်းမှ ထုတ်ပယ်ခြင်း ခံရနိုင်သည်။

သို့သော်လည်း မတ်လတွင် ကျင်းပသော စာမေးပွဲအတွက် စာရင်းပေးသွင်းနိုင်သူမှာမူ နည်းပါးလှပေသည်။

ရှန်ချန်ဖုန်း နှင့် ကုမင်တာ့ တို့မှာ မြင်းလှည်း တစ်စီးတွင် အတူ စီးခဲ့ကြကုန်၏။ ကုမင်တာ့သည် မြင်းလှည်းပေါ် ရောက်သည်နှင့် မျက်လုံးများကို မှိတ်ကာ ခေတ္တ အနားယူနေသဖြင့် ရှန်ချန်ဖုန်း မှာမူ အနည်းငယ် စိတ်အေးသွားရလေသည်။

မြင်းလှည်းပေါ်မှ ဆင်းချိန်တွင် ရှန်ချန်ဖုန်းသည် နျိုနျိုအား ချက်ချင်း မေးမြန်းလိုက်လေသည်။

“ညီမလေး... ကိုကိုကြီး ကို ကြည့်ရတာ... ခုနလောက် မဟုတ်တော့ဘူးနော်... စိတ်မလှုပ်ရှားတော့ဘူးလားဟင်...”

ရှန်ချန်ဖုန်း မှတ်မိနေသည်မှာ အားယန် သည် အစက မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ထမင်းစားစဉ်ကလည်း မငြိမ်မသက် ဖြစ်နေသည် မဟုတ်ပါလား။ ယခု မြင်းလှည်းပေါ်မှ ဆင်းလာချိန်တွင်မူ ပုံမှန်အတိုင်း ဖြစ်နေသဖြင့် သူ အံ့သြနေမိခြင်း ပင်။

နျိုနျိုက ပြန်ဖြေလိုက်၏။

“ကိုကိုကြီး က အရာရာကို သဘောပေါက်သွားလို့ပေါ့လေ...”

“ဘာကို သဘောပေါက်သွားတာလဲဟင်...”

ရှန်ချန်ဖုန်း က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

နျိုနျိုက သူမ၏ နည်းလမ်းအတိုင်း ပြန်ဖြေလိုက်လေသည်။

“ကိုကိုကြီး က စာမေးပွဲ ကျသွားရင်တောင်မှ... တို့တွေ အချစ်ဆုံး ကိုကိုကြီး ဖြစ်နေမှာပဲလေ... ဖေဖေ နဲ့ မေမေ ရဲ့ သားကောင်း တစ်ယောက်လည်း ဖြစ်နေဦးမှာပဲ မဟုတ်လား...”

ရှန်ချန်ဖုန်းသည် ထိုစကားကို ကြားသောအခါ အားကျစိတ်များ ပေါ်ထွက်လာရလေသည်။ သူ ဘာပဲလုပ်လုပ် သူ၏ ဖခင်မှာမူ သူ့အား မနှစ်သက်ခဲ့ချေ။

“ငါ့ဖေဖေ ကော... ငါ့ကို အဲ့ဒီလောက်အထိ ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ မသိဘူးနော်...”

ရှန်ချန်ဖုန်း က တိုးတိုးလေး ရေရွတ်လိုက်မိ၏။

နျိုနျိုကမူ တိုးတက်လိုစိတ် မရှိသူအား စိတ်ပျက်နေသော ပုံစံဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

“ကိုကို့ ဖေဖေ က မှားနေတာလို့ ပြောပြီးပြီလေ... ဘာလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ အပြစ်တင်နေရတာလဲဟင်... တို့ ကလေးတွေက အမှားမလုပ်သရွေ့တော့... မိသားစုဝင်တွေရဲ့ ချစ်ခြင်းကို ခံရမှာပဲလေ... အကယ်၍ တို့တွေကို မချစ်ဘူး ဆိုရင်တော့... ဘာလို့ မွေးခဲ့သေးလဲဟင်...”

ရှန်ချန်ဖုန်းသည် နျိုနျိုအား အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။ နျိုနျိုသည် မွေးစားသမီး တစ်ဦး ဖြစ်ပါလျက်နှင့် ဤမျှအထိ ယုံကြည်မှု ရှိနေသည်မှာ အံ့သြစရာပင်။ သူသည် ဖခင်ဖြစ်သူအား ထိုကဲ့သို့သော စကားမျိုး ပြောဆိုရန် စိတ်ကူးမိရုံနှင့်ပင် စကားပင် ဟရဲလိမ့်မည် မဟုတ်ပေ။

နျိုနျိုက လူကြီးလေး တစ်ဦးကဲ့သို့ ပြောလိုက်လေသည်။

“ကိုကို မပြောရဲရင်လည်း... ကိုကို့အစား သမီး ပြောပေးမှာပေါ့...”

ရှန်ချန်ဖုန်း၏ အကြည့်များမှာ အားကိုးရာ ရသွားသည့်အလား တောက်ပသွားရတော့၏။ သူ မပြောရဲသော စကားများကို တစ်စုံတစ်ယောက်က ပြောပေးမည် မဟုတ်ပါလား။

“ကျွန်တော့်ကို မွေးထားတာဟာ... မိသားစု ဂုဏ်ကို မြှင့်တင်ဖို့ မဟုတ်ဘူးလေ... ဒါကြောင့် ကျွန်တော် သကြားလုံးတွေ စားချင်တာဟာ... ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ မဟုတ်လား...”

အားကျောက်သည် သူ၏ ဗိုက်ကလေးကို ကော့ကာ သကြားလုံး ရောင်းနေသော အဘိုးအိုအား လက်ညှိုးထိုးပြလျက် ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်လေသည်။

ထိုအခါတွင်မူ ကျန်းယွင်နန်၏ ပြင်းထန်လှသော နှိပ်ကွပ်မှုကို ခံလိုက်ရသည်မှာ သေချာလှပေသည်။

“အချိုတွေ စားလို့ မရဘူးလေ... တခြား စားချင်တာ ရှိရင်တော့ ဝယ်ပေးမယ်...”

ကျန်းယွင်နန်က အစွန်းမရောက်အောင် တားမြစ်လိုက်လေသည်။

အားကျောက်၏ တောင်းဆိုချက်မှာလည်း အလွန်ပင် နည်းပါးလှပေသည်။

“ဒါဆိုရင်လည်း ရပါတယ်လေ...”

ကျန်းယွင်နန်သည် အားကျောက် အတွက် အစားအစာများ ဝယ်ပေးရုံသာမက နျိုနျို နှင့် ရှန်ချန်ဖုန်း တို့ကိုပါ မုန့်တစ်ခုစီ ရွေးခိုင်းလိုက်သေး၏။ ရှန်ချန်ဖုန်းမှာမူ အားနာသဖြင့် ပြောလိုက်လေသည်။

“အန်တီရယ်... ကျွန်တော်က ကလေး မဟုတ်တော့ပါဘူး... စားချင်ရင် ကျွန်တော့်ဘာသာ ဝယ်စားလို့ ရပါတယ်နော်...”

ကျန်းယွင်နန်က ပြောလိုက်၏။

“အိမ်ထောင်မကျခင်အထိတော့ ကလေးပါပဲလေ... နောင်ကျရင် သား က ကျွန်မကို ‘ဆရာကတော်’ လို့ ခေါ်ရမှာဆိုတော့... သားအရင်းလိုမျိုးပဲ သဘောထားမှာပေါ့... အားနာနေဖို့ မလိုပါဘူးနော်...”

ရှန်ချန်ဖုန်း သည် ကျန်းယွင်နန်က သူ့အား သားအရင်းကဲ့သို့ ဆက်ဆံနေသည်ကို သိလိုက်ရသဖြင့် ရင်ထဲတွင် နွေးထွေးသွားရလေသည်။ သူသည် နျိုနျို စားချင်နေသော မုန့်လေး တစ်ခုကို ရွေးလိုက်ပြီးနောက် အားကျောက် နှင့် နျိုနျို တို့အား တိတ်တဆိတ် ခွဲဝေပေးလိုက်လေတော့သည်။

သမားတော်ကြီးမှာ ထိုမြို့နယ်အတွင်း၌ပင် နေထိုင်သူ ဖြစ်ရာ သူတို့ တစ်စုမှာ လမ်းတစ်လျှောက် လျှောက်လာခဲ့ကြရာ ခေတ္တအတွင်းမှာပင် ရောက်ရှိသွားခဲ့ချေပြီ။ ခြံဝင်းတံခါးမှာ ပွင့်နေပြီး အတွင်းတွင်လည်း ဆေးမြစ်များစွာကို လှန်းထားသည်ကို မြင်တွေ့ရ၏။ လမ်းသွားလမ်းလာများပင်လျှင် ဆေးနံ့များကို မွှေးပျံ့စွာ ရရှိနေကြလေသည်။

ထို သမားတော်ကြီးသည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ခါမျှ ထုတ်မပြောခဲ့သဖြင့် အိမ်နီးနားချင်းများမှာမူ သူ့အား ကျေးလက် သမားတော် တစ်ဦးအဖြစ်သာ သတ်မှတ်ထားကြသည်မှာ အမှန် ပင်။

“အဘိုးယန်... အဘိုးယန်... အိမ်မှာ ရှိလားဟင်...”

ရှန်ချန်ဖုန်း က အိမ်ထဲသို့ လှမ်းအော်လိုက်လေသည်။

သမားတော်ကြီး ယန်သည် မျက်နှာကြီး သုန်မှုန်လျက် အိမ်ထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့၏။

“အသံကို နည်းနည်းလောက် လျှော့စမ်းပါ... ငါ့နားက အနောက်မှာ ပါနေတာ မဟုတ်ဘူးနော်...”

ရှန်ချန်ဖုန်း က ပြုံးလိုက်ပြီးနောက် မျောက်တစ်ကောင် ကဲ့သို့ အထဲသို့ ပြေးဝင်သွားကာ အဘိုးယန် ၏ ဘေးတွင် တတွတ်တွတ်ဖြင့် ခေတ္တမျှ ပြောဆိုနေတော့၏။

“ဒီကောင်လေး ကတော့လေ... ပြဿနာ ရှာဖို့ဆိုရင်တော့ ငါ့ဆီကိုပဲ အမြဲ ရောက်လာတာပဲ...”

အဘိုးယန် က ရယ်မောလျက် ကျိန်ဆဲလိုက်သော်လည်း ရှန်ချန်ဖုန်း ကိုမူ စိတ်မဆိုးခဲ့ပေ။ ထို့နောက်တွင်မှ သူသည် ခြံဝင်းတံခါးဝတွင် စောင့်ဆိုင်းနေသော ကုမိသားစုဝင်များဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“အထဲ ဝင်ခဲ့ကြလေ...”

ကုမိသားစုဝင်များ အထဲသို့ ဝင်လာခဲ့ကြကုန်၏။

“ဝါး... ပိုးကောင်တွေ အများကြီးပဲနော်...”

အားကျောက်သည် ခြံထဲတွင် လှန်းထားသော ပိုးကောင် အသေကောင်များကို ကြည့်ကာ မျက်လုံးများ အရောင်တောက်သွားရလေသည်။

ကုမင်တာ့သည် ထို ကောင်လေးကို အလျင်အမြန်ပင် ဆွဲလိုက်ပြီးနောက် သူ၏ လက်ဖြင့် ပေါက်ကရ မလုပ်မိအောင် တိုက်ရိုက်ပင် ပွေ့ချီထားလိုက်လေသည်။ အားကျောက်မှာမူ ထူးဆန်းသည်ဟု မခံစားရဘဲ ဖခင်ဖြစ်သူ၏ ပုခုံးပေါ်တွင် မှီလျက် ဆေးပစ္စည်းများကို စပ်စုကြည့်နေဆဲ ပင် ဖြစ်ချေသည်။

“ကလေး က ဟောက်တတ်တယ် ဆိုတော့... အခြေအနေက ဘယ်လိုမျိုးလဲ ဆိုတာကို အရင် ကြည့်ရမှာပေါ့...”

အဘိုးယန် သည် အားကျောက် အား လက်ကောက်ဝတ်ကို ဆန့်ထုတ်ခိုင်းကာ သွေးစစ်ကြည့်ပြီးနောက် သေသေချာချာ မေးမြန်းလေတော့သည်။ ဤ သွေးစစ်ခြင်း မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီး အားကျောက် ကိုသာမက ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့ကိုပါ အသေးစိတ် မေးမြန်းခြင်း ဖြစ်ချေသည်။

ထို လင်မယား နှစ်ဦးမှာ မေးခွန်းများစွာကို မဖြေနိုင်ကြသဖြင့် နျိုနျိုလေး ကပင် ဝင်ရောက် ကူညီ ဖြေဆိုပေးလိုက်ရလေသည်။

သမားတော်ကြီးသည် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်မှ ပြောလိုက်လေသည်။

“ငါ ထင်ထားတဲ့ အတိုင်းပါပဲလေ...”

ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့မှာ ချက်ချင်းပင် စိုးရိမ်သွားကြပြန်၏။

“သမားတော်ကြီး... ကျွန်မ သားလေးမှာ ဘာဖြစ်နေလို့လဲဟင်... ကုဖို့ ခက်သလားဟင်...”

သမားတော်ကြီးက ခေါင်းခါပြလျက် ပြောလိုက်၏။

“ကုဖို့ကတော့ မခက်ပါဘူးလေ... ဒါပေမဲ့ ပြဿနာတွေကတော့ အများကြီးပဲ ရှိနေတာပေါ့...”

ထိုအခါမှသာ လင်မယား နှစ်ဦးမှာ စိတ်သက်သာရာ ရရှိသွားကြကုန်၏။ သမားတော်ကြီးက ဆက်လက် ရှင်းပြလိုက်လေသည်။

“ဟောက်တတ်တဲ့ ပြဿနာ အပြင်... ဒီကောင်လေး က ငြိမ်ငြိမ်မနေနိုင်ဘဲ လှုပ်လှုပ်ရှားရှား အရမ်း ဖြစ်နေတာလေ... အာရုံလည်း မစိုက်နိုင်သလို၊ စိတ်မကြည်မလင် ဖြစ်ပြီး အပူတက်နေတာမျိုးလည်း ရှိတယ်... ပြီးတော့ ညဘက်ဆိုရင်လည်း ချွေးထွက်များသလို ဆီးလည်း သွားတတ်သေးတယ် မဟုတ်လား...”

ထိုစကားကို ကြားလိုက်ရသည်နှင့် အားကျောက် မှာ ချက်ချင်းပင် ခုန်ပေါက်ကာ ပြောလိုက်လေသည်။

“ကျွန်တော်က တစ်လမှာ အကြိမ်နည်းနည်းလောက်ပဲ ဆီးသွားတတ်တာပါနော်...”

“ဟားဟား... မင်းက ဒီလောက် ကြီးနေပြီကို အခုထိ သေးပေါက်ချနေတုန်းလားဟင်...”

ရှန်ချန်ဖုန်း က မထိန်းနိုင်ဘဲ ရယ်မောလိုက်လေသည်။

အဘိုးယန် ကလည်း သူ့အား မျက်နှာမထောက်ဘဲ ပြောလိုက်၏။

“မင်းကကော ဘာကို ရယ်နေတာလဲဟင်...မင်းကိုယ်တိုင်လည်း အသက် ရှစ်နှစ် အထိ သေးပေါက်ချနေခဲ့တာပဲ မဟုတ်လား...”

ရှန်ချန်ဖုန်း သည် လည်ပင်းညှစ်ခံလိုက်ရသော ကြက်တစ်ကောင် ကဲ့သို့ပင် ဖြစ်သွားရတော့၏။

“အဘိုးယန် ရယ်... ဘာလို့ သူများရဲ့ အရှက်ကွဲစရာတွေကို လျှောက်ပြောနေရတာလဲ...”

အဘိုးယန် သည် သူ့အား အနိုင်ကျင့်လိုက်ရသဖြင့် ကျေနပ်သွားပြီးနောက် ဆက်ပြောလိုက်လေသည်။

“ကဲ... အသည်းနဲ့ ကျောက်ကပ် အားနည်းတဲ့ ရောဂါကိုပါ တစ်ခါတည်း ကုပေးလိုက်ရမလားဟင်...”

ကုမင်တာ့က ခေါင်းညိတ်ပြသည်။

“ဒါကတော့ သဘာဝကျပါတယ်ဗျာ...”

အဘိုးယန် သည် ဘေးမှ ကလောင်နှင့် စက္ကူကို ယူကာ ဆေးညွှန်း စတင် ရေးသားလေတော့သည်။

“ဝါးစိမ်း၊ လိမ္မော်ခွံ၊ ဝေလင်ရှန်း၊ ပိုးစာဖြူ...”

သူသည် ဆေးညွှန်းကို ရေးရင်း တိုးတိုးလေး ရွတ်ဆိုနေမိ၏။

အားကျောက်သည် ထိုအသံကို ကြားသောအခါ စိတ်အားထက်သန်လာပြန်သည်။

“ပိုးစာဖြူ ဟုတ်လား... ကျွန်တော် အဲ့ဒါကို ‘ရှန်နုံ ဆေးကျမ်း’ ထဲမှာ ကျက်ဖူးတယ်လေ...”

ကလေးများ ဆိုသည်မှာ မိမိ သိရှိထားသော စကားလုံးကို ကြားလိုက်ရလျှင် အလွန်ပင် စိတ်လှုပ်ရှားသွားတတ်ကြသည်။ သမားတော်ကြီးက ညင်သာစွာ ပြောလိုက်၏။

“အော်... မင်း အဲ့ဒါကို ကျက်ဖူးတယ်ပေါ့လေ... ဒါဆို အဘိုးကို နည်းနည်းလောက် ရွတ်ပြစမ်းပါဦး...”

“ပိုးစာဖြူ... အရသာ က ငန်ပြီးတော့ အဆိပ် မရှိပါဘူး... ပိုးကောင်တွေ ရောဂါဖြစ်ပြီး သေသွားတဲ့ အကောင်ကို ဆေးအဖြစ် သုံးတာပါလေ...”

အားကျောက်က အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလိုက်လေသည်။ သူ၏ ပုံစံမှာ အတန်းထဲတွင် မိမိ ကျွမ်းကျင်သော မေးခွန်းကို ဆရာက မေးလိုက်သဖြင့် ဦးအောင် ဖြေဆိုနေသည့်အလား တက်ကြွနေတော့၏။

သမားတော်ကြီး ယန် သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ကာ ချီးကျူးလိုက်လေသည်။

“မင်း ရွတ်တာ တစ်လုံးမှ မလွဲဘူးပဲနော်... ကောင်လေးရယ်... မင်းက ကျမ်းစာတွေကို မဖတ်ဘဲနဲ့ ဘာလို့ ဒါတွေကို ကျက်နေရတာလဲဟင်... သမားတော်ကြီး ဖြစ်ချင်လို့လားဟင်...”

အားကျောက်က သူ၏ ခေါင်းနောက်ဘက်ကို ပွတ်ကာ ပြောလိုက်၏။

“ဖေဖေ က ကျက်ခိုင်းလို့ပါ... ကျွန်တော်ကိုယ်တိုင်လည်း ဒါတွေကို ကျက်ရတာ သဘောကျတယ်လေ...”

“ဒါဆို ဝါးစိမ်းအကြောင်းကိုရော ဆေးကျမ်းထဲမှာ ဘယ်လို မှတ်တမ်းတင်ထားလဲ ဆိုတာ ငါ မေးကြည့်လို့ ရမလားဟင်...”

သမားတော်ကြီးက ပြုံးလျက် မေးမြန်းလိုက်သည်။

အားကျောက်က ခေါင်းခါပြလေသည်။

“ကျွန်တော်က ပိုးကောင်တွေ အကြောင်းပဲ ကျက်ထားတာလေ...”

သမားတော်ကြီးသည် ထိုစကားကြောင့် ခဏတာ ကြောင်အသွားရရှာ၏။ ကုမင်တာ့သည် အလွန် ပါးနပ်သူ ဖြစ်ပေသည်။ သူသည် သူ၏ သားငယ်အား ဆေးပညာလောကတွင် မြေတောင်မြှောက်ပေးရန် အစောကတည်းက ကြံစည်ထားသူ ဖြစ်ရာ အခွင့်အရေး ရသည်နှင့် ချက်ချင်းပင် ပြောလိုက်လေတော့သည်။

“သမားတော်ကြီး မသိသေးလို့ပါ... ကျွန်တော့်သား က ပိုးကောင်တွေကို အရမ်း ချစ်တာလေ... သူတို့ရဲ့ အလေ့အထတွေကိုလည်း နှံ့စပ်သလို မွေးမြူရမှာလည်း တကယ်ကို ကျွမ်းကျင်တဲ့သူပါ...”

သမားတော်ကြီး၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပသွားရလေတော့သတည်း။

All Chapters