တပည့်ခံခြင်း
Vol. 22 Ch. 213
အဘိုးယန် သည် ရင်ထဲမှ ဝမ်းသာမှုကို ထိန်းချုပ်ကာ ဆေးညွှန်းကို အဆုံးသတ်လိုက်လေသည်။ သူက အားကျောက် အား ဆွဲလိုက်ပြီး မေးမြန်းလိုက်၏။
“ကောင်လေးရယ်... မင်းက တကယ်ပဲ ပိုးကောင်တွေ မွေးရတာ ကျွမ်းကျင်လို့လားဟင်...”
အားကျောက်သည် ခေါင်းလေးစောင်းကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ကျွမ်းကျင်တယ်လို့ပဲ ပြောရမှာပေါ့လေ... ကျွန်တော် မွေးတဲ့ ပိုးကောင်တွေက ကျွန်တော့်ကို ဘယ်တော့မှ မကိုက်ဘူးလေ...”
အဘိုးယန် က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“မင်း ဘယ်လို ပိုးကောင်တွေကို မွေးဖူးလို့လဲဟင်...”
“ပုရစ်၊ ပုရွက်ဆိတ်၊ ပိုးတောင်မာ...”
သူ တစ်မျိုးပြီးတစ်မျိုး ပြောဆိုနေသည်ကို နားထောင်ရင်း ကျန်ရှိသော သူများ၏ မျက်နှာများမှာမူ အနည်းငယ် ပျက်နေကြကုန်၏။ သူ ဆက်လက် ပြောဆိုနေသည်မှာ ပို၍ပင် ဆိုးရွားလာတော့သည်။
“ကင်းမြီးကောက်၊ ကင်းခြေများ...”
ကျန်းယွင်နန်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး မေးမြန်းလိုက်လေသည်။
“နင် ဒါတွေကို ဘယ်တုန်းက မွေးထားတာလဲဟင်... ငါ့ကို တစ်ခွန်းမှ မပြောခဲ့ဘူးနော်...”
အားကျောက်သည် သူ သယ်ဆောင်လာသော အိုးလေးကို ထုတ်ကာ မိခင်ဖြစ်သူအား ပြလိုက်လေသည်။
“မွေးတာ ကြာပြီလေ... မေမေ့ကို မပြောမိတာလားဟင်... မေ့သွားလို့ ဖြစ်မှာပါလေ...”
ကျန်းယွင်နန်သည် သားဖြစ်သူ၏ ရိုးသားလှသော ပုံစံလေးကို ကြည့်ပြီး ထို အိုးလေးထဲတွင် ခြေထောက်များစွာ ပါရှိသော အဆိပ်ရှိသည့် ပိုးကောင်လေးများ တွားသွားနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏ ကျောပြင်မှာပင် စိမ့်တက်သွားရလေတော့သည်။
“နင် ဒါတွေကို ဘယ်မှာ ထားတတ်လို့လဲဟင်... တစ်ကိုယ်လုံးမှာ အမြဲ သယ်ထားတာလားဟင်... အိပ်တဲ့အခါကျရင်ကော ဘယ်လိုလုပ်လဲဟင်...”
ကျန်းယွင်နန်က မေးမြန်းလိုက်သည်။
“အမြဲတမ်းတော့ သယ်မထားပါဘူး... ဒါပေမဲ့ အိပ်တဲ့အခါကျရင်တော့ အတူတူ အိပ်ဖြစ်တာပေါ့လေ...”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ လက်များပင် တုန်ယင်လာရပြီး သူမ၏ အသုံးမကျသော သားငယ်အား ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတော့၏။ သို့သော်လည်း ရှန်ချန်ဖုန်း မှာမူ တကယ့်ကို ဘေးသင့်သွားရသူ ပင် ဖြစ်ချေသည်။ သူသည် ထိုင်ခုံပေါ်သို့ ထိတ်လန့်တုန်ယင်လျက် ခုန်တက်လိုက်ပြီး ပြောလိုက်၏။
“ငါက ပိုးကောင်တွေနဲ့ တစ်ညလုံး အတူ အိပ်ခဲ့ရတာလားဟင်... ဘာလို့ စောစော မပြောတာလဲဟင်... ဒါမျိုး ဖြစ်မယ်မှန်း သိရင်တော့... မင်းနဲ့ အတူတူ အိပ်မယ့်အစား မြေကြီးပေါ်မှာပဲ အိပ်လိုက်ပါတယ်...”
အားကျောက်က အိုးအဖုံးကို သေသေချာချာ ပြန်ပိတ်လိုက်ပြီးနောက် ပြောလိုက်၏။
“ကိုကိုရှန် ရယ်... ဘာကို ကြောက်နေတာလဲဟင်... ရှောင်ဝူက မကိုက်ပါဘူး... ကျွန်တော် သေသေချာချာ ဆုံးမထားတာလေ...”
အားကျောက် က ပိုးကောင်လေးကို အမည်ပင် ပေးထားပြီး ဤမျှအထိ ရင်းနှီးစွာ ဆက်ဆံနေသည်ကို မြင်ရသောအခါ၊ လူတိုင်းမှာ ခေါင်းပင် ကျိန်းသွားရလေတော့သည်။ သို့သော်လည်း သမားတော်ကြီး ယန် တစ်ဦးတည်းသာလျှင် လက်ခုပ်တီးကာ ချီးကျူးလိုက်လေသည်။
“ကောင်းတယ်... တကယ်ကို ကောင်းတယ်...”
ရှန်ချန်ဖုန်း က သူ့အား မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဘာက ကောင်းတာလဲဟင်... အဘိုးယန် ရယ်... နောက်ကျလို့ ကျွန်တော်က အဘိုး အိပ်တဲ့နေရာထဲကို အဆိပ်ရှိတဲ့ ပိုးကောင်တွေ ထည့်ထားမယ် ဆိုရင်တော့... အဘိုး ဒီလိုပဲ အော်ရယ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့...”
အဘိုးယန် ကမူ ထိုစကားကို အရေးမစိုက်ဘဲ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“မင်းသာ အဲ့လို လုပ်ရဲရင်... ငါက နင့်မေမေ ဆီကို သွားတိုင်မှာပေါ့လေ...”
သူသည် ကုမင်တာ့ ထံသို့ ဆေးညွှန်းကို ကမ်းပေးလိုက်ပြီးနောက် ဆေးဖိုးပေးရန် ပြင်နေသော ကုမင်တာ့ ကို တားမြစ်လိုက်လေသည်။
“ငါ ဒီကောင်လေးကို သဘောကျတယ်လေ... သူ့ကို ငါ့ဆီမှာ ခဏလောက် ပိုးကောင်တွေ ကူမွေးခိုင်းလို့ ရမလားဟင်...”
သမားတော်ကြီးက ထိုသို့ ပြောဆိုလိုက်လေသည်။
ကုမင်တာ့သည် ထို ရလဒ်မျိုးကို ရင်ထဲတွင် ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း ပြောလိုက်၏။
“သူက အခု စာလုံးတွေ အကုန် မသိသေးဘူးလေ... ကျောင်းလည်း တက်နေရသေးတာဆိုတော့... ခဏခဏတော့ လာနိုင်မှာ မဟုတ်ပါဘူးနော်...”
အားကျောက်သည် ထိုစကားကို ကြားသည်နှင့် စိုးရိမ်သွားရပြီး ပြောလိုက်လေသည်။
“ဖေဖေ... ကျွန်တော့်ကို လာခွင့်ပေးပါနော်... စာလုံးတွေကိုတော့ ဖြည်းဖြည်းချင်း သင်ယူလို့ ရတာပဲ မဟုတ်လားဟင်...”
အားကျောက်၏ စိတ်ထဲတွင်မူ ကျောင်းတက်ရမည့်အစား ဤနေရာတွင် နေ့တိုင်း ပိုးကောင်လေးများ မွေးနေရခြင်းကိုသာ ပို၍ သဘောကျနေခြင်း ဖြစ်ချေသည်။ သို့သော်လည်း ကုမင်တာ့က သူ့အား စိုက်ကြည့်ကာ ပြောလိုက်၏။
“ပိုးကောင်မွေးတာဟာ တစ်သက်လုံး လုပ်လို့ရတဲ့ အလုပ် မဟုတ်ဘူးလေ... မင်းကို အရာရှိစာမေးပွဲ အောင်ရမယ်လို့ ငါ မတောင်းဆိုပါဘူး... အနည်းဆုံးတော့ စာလုံးအချို့ကို သိထားပြီးတော့ အသုံးကျတဲ့လူ တစ်ယောက်လောက်တော့ ဖြစ်ရမှာပေါ့... မဟုတ်ရင် နောင်ကျရင် မိန်းမတောင် ကျွေးနိုင်မှာ မဟုတ်ဘူးနော်...”
အဘိုးယန် သည် ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသော်လည်း ဤကဲ့သို့ ပိုးကောင်မွေးမြူရာတွင် ကျွမ်းကျင်သူမျိုးနှင့် ဆုံတွေ့ရခဲသဖြင့် လက်မလွှတ်နိုင်ဘဲ ရှိနေတော့၏။ သူက ပြောလိုက်လေသည်။
“ဆရာကု ရယ်... ဒီကလေးမှာ အရာရှိစာမေးပွဲ အောင်နိုင်မယ့် ပါရမီ ရှိလို့လားဟင်...”
ကုမင်တာ့က ခေါင်းခါလျက် အမှန်အတိုင်းပင် ပြောပြလိုက်လေသည်။
“သူ့ရဲ့ စိတ်က စာသင်တာပေါ်မှာ မရှိပါဘူးလေ...”
အဘိုးယန် က ပြောလိုက်၏။
“သားရဲ့ အနာဂတ်အတွက် စဉ်းစားပေးချင်တာ ဆိုရင်တော့... ငါ့ဆီမှာလည်း အနာဂတ် ရှိပါတယ်လေ... ဒါပေမဲ့ သူ မနှစ်သက်မှာကိုတော့ စိုးရိမ်မိတာပေါ့...”
ကုမင်တာ့သည် သမားတော်ကြီး ဆက်ပြောမည့် စကားကို သိရှိထားသော်လည်း လုပ်ငန်းစဉ်အတိုင်းပင် ပြောဆိုလိုက်လေသည်။
“ဟုတ်ကဲ့ပါ... သမားတော်ကြီး ရဲ့ ဆန္ဒကို ပြောပြပေးပါဦးနော်...”
“ငါက အသက်ကြီးပြီ ဖြစ်သလို တပည့်မွေးတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ... ဒါပေမဲ့ ပိုးကောင်တွေ မွေးရာမှာ ကူညီပေးမယ့် ဆေးလက်ထောက် တစ်ယောက်တော့ ငါ တကယ် လိုအပ်နေတာပေါ့... အကယ်၍ ခင်ဗျားတို့ဘက်က သဘောတူမယ် ဆိုရင်တော့... ဒီကလေးကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံပေးပါ့မယ်... သူ့ကို နာမည်ကြီး သမားတော်ကြီး တစ်ယောက် ဖြစ်လာအောင် သင်ပေးနိုင်မယ်လို့တော့ ငါ ကတိမပေးနိုင်ဘူးလေ... ဒါပေမဲ့ သာမန် သမားတော် တစ်ယောက် အနေနဲ့ ဆေးဆိုင် ဒါမှမဟုတ် ဆေးခန်း ဖွင့်နိုင်တဲ့အထိတော့ မခက်ခဲပါဘူးလေ...”
ကုမင်တာ့ နှင့် အခြားသူများ ထိုစကားကို ကြားသောအခါ အားကျောက် ဘက်သို့ လှည့်ကြည့်လိုက်ကြကုန်၏။
“မြန်မြန် လာပြီး ဦးချလိုက်စမ်းပါ... တပည့်ဖြစ်သွားပြီ ဆိုရင်တော့... မင်း စိတ်ကြိုက် ပိုးကောင်တွေ မွေးလို့ ရပြီလေ... အိမ်ကို ယူလာပြီး လူတွေကို မခြောက်လှန့်ရင် တော်ပါပြီ...”
အားကျောက်သည် ပိုးကောင်မွေးခွင့် ရမည်ကို သိလိုက်ရသဖြင့် အလျင်အမြန်ပင် ဒူးထောက်ကာ မည်သူ့ထက်မဆို ပို၍ ကျယ်လောင်သော အသံဖြင့် ဦးချလေတော့သည်။
“လိမ္မာတဲ့မြေးလေး... မြန်မြန် ထစမ်းပါဦး...”
အဘိုးယန် က ပြုံးလျက် သူ့အား ထူပေးလိုက်လေသည်။
အားကျောက်သည် တပည့်အဖြစ် အောင်မြင်စွာ လက်ခံခံရပြီးနောက် ကုမင်တာ့ ဘက်သို့ လှည့်ကာ အူတူတူနှင့် မေးမြန်းလိုက်၏။
“ဖေဖေ... သား ဆရာ့ရဲ့ တပည့် ဖြစ်သွားပြီ ဆိုတော့... ကျောင်းသွားစရာ မလိုတော့ဘူး မဟုတ်လားဟင်... စာရေးတာတွေ၊ စာကျက်တာတွေလည်း နောင်ကျရင် လုပ်စရာ မလိုတော့ဘူး မဟုတ်လားဟင်...”
ကုမင်တာ့က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ အားကျောက်၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရ၏။ သို့သော်လည်း ကုမင်တာ့က ထပ်ပြောလိုက်ပြန်သည်။
“မင်းရဲ့ နောင်ကျရင် စာသင်ရမယ့် ကိစ္စတွေကိုတော့... ဆရာ ကပဲ ကိုင်တွယ်ပေးလိမ့်မှာပေါ့...”
အဘိုးယန် က ပြုံးလျက် ပြောလိုက်လေသည်။
“ငါ့ရဲ့ သင်ကြားနည်းကတော့ ရိုးရိုးလေးပါပဲလေ... စာတွေ အများကြီး ဖတ်ပြီး အများကြီး ကျက်မှတ်ထားရင်တော့... အလိုလို သိလာမှာပါ...”
အားကျောက်သည် စာရေးရမည့် ဘဝမှ လွတ်မြောက်ပြီဟု ထင်မှတ်ကာ ပို၍ပင် ပျော်ရွှင်နေတော့၏။ သို့သော်လည်း မမျှော်လင့်ဘဲ အဘိုးယန် က စာအုပ်စင်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“ကဲ... ဒီ စာအုပ်စင်ပေါ်က စာအုပ်တွေကို အရင် ကူးရေးထားလိုက်ဦးလေ... မင်း နားမလည်တာ ရှိရင်လည်း ငါ့ကို လာမေးပေါ့... အကယ်၍ လက်ရေး မလှဘူး ဆိုရင်တော့... အစကနေ ပြန်ပြီး ကူးရေးရမယ်နော်...”
အားကျောက်မှာမူ မျက်နှာကြီး ညိုးငယ်သွားရပြီး နေရာမှာတင် အပြင်သို့ ပြေးထွက်သွားချင်စိတ် ပေါက်သွားရလေသည်။ သူသည် မီးပုံထဲကနေ ရုန်းထွက်ခဲ့ပြီးနောက် ကျားတွင်းထဲသို့ ထပ်မံ ရောက်ရှိသွားရသည်။ ကျောင်းမှာတောင်မှ ဤမျှအထိ ပြင်းထန်သော ဆုံးမမှုကို မခံခဲ့ရသည်မှာ သေချာလှပေသည်။
အဘိုးယန် မှာမူ ပိုးကောင်များကို ဆက်လက် မပြုစုချင်တော့သဖြင့် ပြောလိုက်လေသည်။
“ဖြစ်နိုင်မယ် ဆိုရင်တော့... သူ့ကို ဒီနေ့ကစပြီး ငါ့ဆီမှာပဲ သင်ခိုင်းထားလိုက်တော့မယ်လေ...”
ကုမင်တာ့အနေဖြင့် ခက်ခက်ခဲခဲ ရရှိထားသော ဤအခွင့်အရေးကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ အကယ်၍သာ အမှားတစ်ခု မလုပ်ခဲ့လျှင်မူ သာမန် ဆင်းရဲသား အိမ်ထောင်စု တစ်ခုမှ ကလေးတစ်ဦးအား နန်းတွင်း သမားတော်ကြီး တစ်ဦးက တပည့်အဖြစ် လက်ခံရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
“အဘိုး ပြောသလိုပဲ လုပ်ပါ့မယ်လေ... ရက်ကောင်းရက်မြတ် တစ်ရက် ရွေးပြီးတော့မှ... တရားဝင် တပည့်ခံပွဲ ကျင်းပပေးပါ့မယ်... အဘိုးကော ဘယ်လို ထင်လဲဟင်...”
ကုမင်တာ့က မေးမြန်းလိုက်သည်။
သမားတော်ကြီးသည် တပည့်ခံခြင်းနှင့် ပတ်သက်၍ ဘာမှ ထပ်မံ မပြောသော်လည်း ကုမင်တာ့မှာမူ ထိုကိစ္စကို ပေါ့ပေါ့ဆဆ လုပ်ဆောင်၍ မရမှန်း သိရှိထားပေသည်။ အလေးထားလေလေ ပို၍ ကောင်းလေလေ ပင် ဖြစ်ချေသည်။
သမားတော်ကြီးသည် ထိုစကားကို ကြားသောအခါ မငြင်းဆန်ခဲ့ဘဲ ပြောလိုက်လေသည်။
“မင်းတို့ စိတ်ကြိုက် ရက်ရွေးလိုက်ပါ... ဒါပေမဲ့ ဒီကလေး ကတော့ ဒီနေ့ပဲ ဒီမှာ နေခဲ့ရမယ်နော်...”
သူသည် ပိုးကောင်များကို တစ်ရက်မျှပင် ထပ်မံ မပြုစုချင်တော့သည်မှာ အမှန် ပင်။ လူတိုင်း ရယ်မောလိုက်ကြသော်လည်း အားကျောက် တစ်ဦးတည်းသာလျှင် ငိုယိုကာ ပြောဆိုနေတော့၏။
“ကျွန်တော့် အဝတ်အစားတွေက အိမ်မှာပဲ ရှိသေးတာလေ... နောက် ရက်နည်းနည်းလောက် ကြာမှ လာခဲ့လို့ မရဘူးလားဟင်...”
အားကျောက်သည် ငရဲခန်းထဲသို့ ဤမျှအထိ လျင်မြန်စွာ မဝင်ချင်သေးပေ။ ကုမင်တာ့ကမူ ပြန်ပြောလိုက်၏။
“စိတ်မပူပါနဲ့... ငါ့မှာ ကိုယ်ပိုင် စီစဉ်ထားတာတွေ ရှိပါတယ်…”
“ကျွန်တော့် အိမ်မှာ ပိုးကောင်တွေ ကျန်ခဲ့သေးတယ်လေ...”
ကျန်းယွင်နန်က သက်ပြင်းကြီး တစ်ချက် ချလိုက်ပြီး ပြောလိုက်၏။
“အဲ့ဒါတွေကိုလည်း တစ်ခါတည်း ယူလာခဲ့မှာပေါ့...”
သူမသည် ထို အသုံးမကျသော ကောင်လေးကို အိမ်တွင် တစ်နေကုန် တွေ့မြင်နေရမှာကို တကယ်ပင် မလိုလားတော့သည်မှာ အမှန် ပင်။
“ဖေဖေ က အခုတင် မြို့ထဲက ကျောင်းမှာ စာရင်းသွင်းပေးထားတာလေ... အခု နေရာပြောင်းလိုက်ရင်တော့ ပိုက်ဆံတွေ အလကား ဖြစ်ကုန်မှာပေါ့... ဒါက တကယ်ကို နှမြောစရာကောင်းတာပဲနော်... ကျွန်တော် မြို့ထဲမှာပဲ ကျောင်းဆက်တက်ပြီးတော့... ခဏခဏပဲ လာခဲ့ရင် မရဘူးလားဟင်...”
အားကျောက်၏ သိပ်မတော်လှသော ဦးနှောက်လေးထဲမှ ဤကဲ့သို့သော အကြောင်းပြချက်မျိုး ထွက်ပေါ်လာရန်မှာ မလွယ်ကူလှသည်မှာ သေချာလှပေသည်။ ကုမင်တာ့ကမူ သူ၏ မလိမ္မာသော သားငယ်အား ကြည့်ကာ ပြောလိုက်လေသည်။
“မင်းရဲ့ အနာဂတ်အတွက် ဆိုရင်တော့... ဒီပိုက်ဆံလေး အနည်းငယ် ဆုံးရှုံးသွားတာဟာ ဘာမှ မဟုတ်ပါဘူးလေ... အဲ့ဒီထက် အဆပေါင်းများစွာ ပိုကုန်ရင်တောင်မှ တန်ပါတယ်နော်...”
အားကျောက်သည် ဝမ်းနည်းသော မျက်နှာထားဖြင့် ငိုယိုလေတော့သည်။
“ကျွန်တော်က အသက် ခုနစ်နှစ်ပဲ ရှိသေးတာလေ... ညဘက်ကျရင် အိမ်ကို သတိရနေရင် ဘယ်လိုလုပ်မလဲဟင်... ကျွန်တော် ဖေဖေတို့နဲ့ တစ်ခါမှ မခွဲဖူးဘူးလေ...”
“လျိုယွဲ့ က မင်းနဲ့အတူ နေပေးမှာပေါ့... သူ ရှိနေမှတော့ တို့တွေလည်း စိတ်အေးရတာပေါ့လေ... ဆရာ ကလည်း ပြောတယ် မဟုတ်လား... ဆယ်ရက်မှာ တစ်ရက်တော့ အိမ်ပြန်လို့ ရတယ်လေ... အမြဲတမ်း ခွဲထားမှာ မဟုတ်ပါဘူး...”
ကုမင်တာ့သည် သူ၏ ဘောင်းဘီစကို ဆွဲထားသော သားဖြစ်သူ၏ လက်ကို အတင်း ဖယ်ရှားလိုက်လေသည်။
အားကျောက်သည် ထပ်မံ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့သဖြင့် ထောင့်တစ်နေရာတွင် သနားစရာကောင်းအောင် ကပ်နေရလေတော့သည်။ သူသည် နျိုနျို၏ လက်ကို ဆွဲကာ ထပ်ခါတလဲလဲ မှာကြားနေတော့၏။
“နျိုနျိုလေး... အိမ်မှာ အရသာရှိတဲ့ အစားအစာတွေ ရှိရင်တော့... ကိုကို့ကို ပေးဖို့ မမေ့နဲ့ဦးနော်... ကိုကို့ အတွက် တစ်ပုံလောက်တော့ ချန်ထားပေးဦးလေ... ကိုကို က ညီမလေး ကိုပဲ အားကိုးရမှာနော်...”