ထီး ပို့ဆောင်ခြင်း
Vol. 22 Ch. 214
အားကျောက်သည် အကြာကြီး စိတ်မကောင်း ဖြစ်မနေနိုင်ခဲ့ပေ။ ဘာကြောင့်မှန်း မဟုတ်ပါ၊ သမားတော်ကြီးက သူ့အား အလုပ် စတင် ခိုင်းနေပြီ ဖြစ်သလို အတိုဆုံး အချိန်အတွင်းမှာပင် သူ၏ ဘဝစီမံကိန်းကို ချမှတ်ပေးလိုက်သောကြောင့် ပင်။ မနက်ပိုင်းတွင် စာအုပ်ကူးရေးရမည်၊ နေ့လယ်ပိုင်းတွင် ဆေးမြစ်များကို ခွဲခြားရမည် ဖြစ်ပြီး ကျန်ရှိသော အချိန်များတွင်မူ ပိုးကောင်များကို ပြုစုရမည်။
ဤမျှအထိ သေသေချာချာ တွက်ချက်ထားသဖြင့် အားကျောက် အတွက်မူ အနားယူရန် အချိန်ပင် မရှိတော့ပေ။ အားကျောက်သည် မျက်နှာလေး ညိုးငယ်လျက် မိသားစုဝင်များ၏ အရှေ့တွင် သမားတော်ကြီး၏ စောင့်ကြည့်မှုအောက်၌ စာအုပ်များကို စတင် ကူးရေးနေရလေတော့သည်။
ကျန်ရှိသော သူများမှာမူ သူတို့နှင့်အတူ ခေတ္တမျှ နေပေးခဲ့ပြီးနောက် အချိန်ကုန်နေပြီ ဖြစ်သဖြင့် ထရပ်ကာ ထွက်ခွာခဲ့ကြကုန်၏။ မထွက်ခွာမီမှာပင် ရှန်ချန်ဖုန်း သည် ခြံထဲတွင် လှန်းထားသော ဆေးမြစ်များကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။
“အဘိုးယန်... မိုးက မကြာခင် ရွာတော့မှာလေ... ဆေးမြစ်တွေကို ပြန်သိမ်းချင်လို့လားဟင်...”
သမားတော်ကြီးသည် ရှန်ချန်ဖုန်း က ရာသီဥတုကို အကဲခတ်ရာတွင် တော်မှန်း သိထားသူ ဖြစ်ချေသည်။ သူသည် အလျင်အမြန်ပင် ထရပ်ကာ အပြင်သို့ ပြေးထွက်ရန် ပြင်ပြီးမှ ရုတ်တရက် ပြန်လှည့်လာကာ အားကျောက် အား ဆွဲခေါ်လိုက်လေသည်။
“မြန်မြန် လာပြီး ကူသိမ်းစမ်းပါဦး...”
ကုမိသားစုဝင်များက ဝိုင်းကူရန် ပြင်ကြသော်လည်း သမားတော်ကြီးက တားမြစ်လိုက်၏။
“ကလေးကိုပဲ လုပ်ခိုင်းလိုက်ပါ... သူက ဆေးမြစ် အမျိုးမျိုးနဲ့ အမြန်ဆုံး ရင်းနှီးနေရမှာလေ...”
ကုမိသားစုဝင်များလည်း ထို စကားကို နားထောင်လိုက်ကြရလေသည်။ သမားတော်ကြီးသည် ပိုင်ယွင်မြို့နယ်တွင် တစ်ယောက်တည်း နေထိုင်သူ ဖြစ်ပြီး ပုံမှန်အားဖြင့် ဆိုလျှင်မူ ထမင်းချက်၊ အဝတ်လျှော် ကူညီပေးသည့် အဘွားအို တစ်ဦးသာ ရှိပေသည်။ အားကျောက် အနေဖြင့် လုပ်စရာ အလုပ် သိပ်မရှိလှသည်မှာ အမှန် ပင်။
သူတို့ တစ်စုမှာ ပိုင်ယွင် ကျောင်းတော် ၏ အပြင်ဘက်သို့ ပြန်လာကာ စောင့်ဆိုင်းနေကြပြန်၏။
“အားကျောက် မရှိတော့တော့... ရုတ်တရက်ကြီး တိတ်ဆိတ်သွားသလိုပဲနော်... ကျွန်မလည်း သိပ်ပြီး ကျင့်သား မရသေးဘူးလေ...”
ကျန်းယွင်နန်က ခင်ပွန်းဖြစ်သူအား တိုးတိုးလေး ပြောဆိုလိုက်သည်။
သူမ၏ သားငယ်ကို အပြင်သို့ ခေါ်သွားသည့် အချိန်တိုင်းတွင် ထိုကလေးမှာ အမြဲတမ်း ဗိုက်ဆာနေတတ်သူ ဖြစ်ပေသည်။ လမ်းတွင် တွေ့သမျှ စားစရာ မှန်သမျှကိုလည်း သူ မနှစ်သက်သည်မှာ မရှိသလောက်ပင် ဖြစ်ရာ အတင်း အော်ဟစ် ပူဆာလေ့ မရှိသော်လည်း အနားမှာ တဝဲလည်လည် လုပ်တတ်သည်။
ကုမင်တာ့က နှစ်သိမ့်လိုက်၏။
“ကောင်းတဲ့ဘက်ကပဲ တွေးကြည့်ရအောင်လေ... ကလေးတွေ ဆိုတာ တစ်နေ့ကျရင် ခွဲခွာကြရမှာပဲ မဟုတ်လား... အခုကတည်းက ကြိုတင်ပြီး ကျင့်သား ရအောင် လုပ်ထားတာပေါ့လေ...”
ကျန်းယွင်နန်သည် ခေါင်းငုံ့ကာ နျိုနျိုအား လှမ်းကြည့်လိုက်မိသည်။ သားဖြစ်သူများ အိမ်မှ ထွက်ခွာသွားသည်မှာ ကိစ္စမရှိသော်လည်း သူတို့ ဒုက္ခရောက်မှာကို စိုးရိမ်နေစရာ မလိုပေ။ အကယ်၍သာ သမီးဖြစ်သူ နောင်ကျလို့ အိမ်ထောင်ကျပြီး အိမ်မှ ထွက်ခွာသွားရမည် ဆိုပါက ကျန်းယွင်နန်အနေဖြင့် စိတ်သက်သာရာ ရနိုင်ပါမည်လား။ သူမသည် သမီးဖြစ်သူအား ခင်ပွန်းသည်၏ မိသားစုက အနိုင်ကျင့်မှာကို အမြဲ စိုးရိမ်နေမိခြင်း ဖြစ်ချေသည်။
လမ်းသွားလမ်းလာများ ထီးဆောင်းလာကြချိန်တွင်မှ အားယန် သည် ပိုင်ယွင် ကျောင်းတော် အတွင်းမှ ထွက်လာခဲ့လေသည်။ စာမေးပွဲ ဖြေဆိုသူ မဟုတ်ပါက အထဲသို့ ဝင်ခွင့် မရသဖြင့် စာမေးပွဲ ဖြေဆိုသူ အများစုမှာ ထီးပါလာကြသူများ မဟုတ်ပေ။
အားယန် သည် ထီးတစ်ချောင်းကို ဆောင်းကာ မိမိနှင့် အသက်ချင်း တူသော လူငယ်တစ်ဦးအား မိသားစုဝင်များထံသို့ လိုက်လံ ပို့ဆောင်ပေးနေသည်ကို တွေ့လိုက်ရ၏။ သူသည် ကုမိသားစုဝင်များထံမှ ထီးအချို့ကို ယူကာ ပြန်လှည့်သွားပြီးနောက် ကျန်ရှိသော ကလေးများကိုပါ အပြင်သို့ ခေါ်ဆောင်ပေးနေခဲ့လေသည်။
“ဖြည်းဖြည်း ပြေးပါဦး... မိုးမမိအောင် သတိထားဦးလေ...”
ကျန်းယွင်နန်က လှမ်း၍ သတိပေးလိုက်သည်။
အားယန်က ပြန်ထူးလိုက်ပြီး ကလေး အားလုံးကို အပြင်သို့ ခေါ်ဆောင်ပြီးသည့် အချိန်အထိ မိုးထဲတွင် ပြေးလွှားနေခဲ့သဖြင့် သူ၏ အင်္ကျီစလေးများမှာပင် စိုရွှဲနေခဲ့ချေပြီ။ ကျန်းယွင်နန်သည် သူ့အား ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရလေသည်။
“ဘာလို့ အဲ့ဒီလောက်အထိ လျှောက်ပြေးနေရတာလဲဟင်... ကျောင်းတော် ကလည်း လူတွေ အဲ့ဒီလောက်အထိ မိုးမိနေတာကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး... ခဏနေရင် လူလွှတ်ပြီး လိုက်ပို့ပေးမှာပေါ့လေ...”
အားယန်က ရယ်မောလျက် ပြောလိုက်၏။
“သူတို့တွေ စိုးရိမ်တကြီး စောင့်နေတာကို မြင်လို့ပါ... ကျွန်တော်လည်း အများကြီး မစဉ်းစားမိဘဲ ကူညီပေးလိုက်တာပါလေ...”
ကုမိသားစုဝင်များမှာ အားယန် အား စာမေးပွဲ မည်သို့ ဖြေဆိုခဲ့သနည်းဟု မမေးမြန်းကြသော်လည်း သူကိုယ်တိုင်ကမူ ဦးအောင် ပြောပြလိုက်လေသည်။
“ကျွန်တော် အစွမ်းကုန် ဖြေဆိုခဲ့ပါတယ်... အကယ်၍ စာမေးပွဲ မအောင်ခဲ့ဘူး ဆိုရင်တော့... ကျွန်တော့်ရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်ကျနေလို့ ဖြစ်မှာပါ... ဒါကြောင့် ကျွန်တော့်ဘက်ကတော့ နောင်တ မရှိပါဘူးနော်...”
အားယန် ၏ စိတ်နေစိတ်ထားမှာ ယခုအခါ အလွန်ပင် ပေါ့ပါးနေသဖြင့် မိသားစုဝင်များမှာလည်း သူ့အား ကြည့်ပြီး စိတ်အေးသွားကြကုန်၏။
“အဲ့ဒီကိစ္စတွေကို ထပ်မစဉ်းစားပါနဲ့တော့... အအေးမိမှာ စိုးလို့ ဟင်းရည်ပူပူလေး တစ်ခွက် အရင် သောက်လိုက်ဦးလေ...”
ကျန်းယွင်နန်သည် သားဖြစ်သူထံသို့ ဟင်းရည်ပူပူ တစ်ခွက် ကမ်းပေးလိုက်လေသည်။
ယခု သူတို့ ရှိနေသော နေရာမှာ ပိုင်ယွင် ကျောင်းတော် ၏ အပြင်ဘက်ရှိ စားသောက်ဆိုင် တစ်ခု ဖြစ်ချေသည်။ သူတို့သည် နေရာကို စောစောစီးစီး ယူထားခဲ့သဖြင့် ဟင်းများကိုလည်း မှာယူထားပြီး ဖြစ်ရာ အားယန် အဖို့ အသင့် စားသောက်ရုံသာ ရှိတော့၏။ အားယန်သည် ဟင်းရည်ခွက်ကို ယူလိုက်သော်လည်း ချက်ချင်း မသောက်သေးဘဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
“အားကျောက် ကောဟင်...”
အားယန်သည် ညီဖြစ်သူ သမားတော်ကြီးထံတွင် တပည့်ခံခွင့် ရရှိသွားကြောင်း သိလိုက်ရသဖြင့် သူ၏ ညီအတွက် အလွန်ပင် ဝမ်းသာသွားသည်။
“မင်းသာ ဒီတစ်ခါ စာမေးပွဲ အောင်မယ် ဆိုရင်တော့... နောင်ကျရင် ပိုင်ယွင်မြို့နယ် မှာ ညီအစ်ကို နှစ်ယောက် တစ်ဦးကိုတစ်ဦး စောင့်ရှောက်လို့ ရတာပေါ့... သမားတော်ကြီး ယန် ရဲ့ မြေး ကလည်း မင်းနဲ့ အသက်ချင်း တူတယ်လို့ ကြားတယ်လေ... သူလည်း ကျောင်းတော်မှာ စာသင်နေတာတဲ့...”
ကျန်းယွင်နန်က ပြုံးလျက် ပြောပြလေသည်။
အားယန် သည် စာမေးပွဲ အောင်မြင်ရန်အတွက် တကယ်တမ်းမှာမူ အပြည့်အဝ သေချာနေသော်လည်း သူသည် အမြဲတမ်း နှိမ့်ချတတ်သူ ဖြစ်ရာ စကားကို အပိုင် မပြောခဲ့ချေ။
“ဒီညကျရင် တို့ တစ်မိသားစုလုံး ရွှေရန်ဆောင်မှာ ထမင်းသွားစားကြမယ်လေ... ချန်ဖုန်း လည်း လိုက်ရမယ်နော်... ဒါဟာ အားယန် စာမေးပွဲ ဖြေဆိုနိုင်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ပါလေ...”
ကုမင်တာ့က ပြောဆိုလိုက်သည်။
ရွှေရန်ဆောင် ဆိုသည်မှာ မြို့တော်အတွင်းရှိ ဇူရှန်းလောင် ကဲ့သို့ပင် နာမည်ကြီးလှသော စားသောက်ဆိုင် တစ်ခု ဖြစ်ချေသည်။ ကုမင်တာ့သည် အဆင့်မြင့်အခန်းကို ကြိုတင်မှာယူထားခဲ့ပြီး ဖြစ်၏။ ရှန်ချန်ဖုန်း သည် ကုမင်တာ့က သူ၏ အမည်ကိုပါ သီးသန့် ထည့်သွင်း ပြောဆိုလိုက်သဖြင့် မိသားစုဝင် တစ်ဦးကဲ့သို့ ခံစားလိုက်ရပြီး ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ... ဒါဆို ထမင်းစားပြီးမှပဲ ကျွန်တော် အိမ်ပြန်ပြီး အနားယူတော့မယ်နော်...”
သူသည် အားကျောက် ၏ အခန်းထဲသို့ ပြန်သွားရန် တကယ်ပင် ကြောက်လန့်နေမိ၏။ အဆိပ်ရှိသော ပိုးကောင်များ ကျန်ရှိနေမှာကို သူ စိုးရိမ်နေမိခြင်း ဖြစ်ချေသည်။ အားယန် က မျက်မှောင် အနည်းငယ် ကြုတ်ကာ သတိပေးလိုက်သည်။
“ဖေဖေ... စာမေးပွဲ ရလဒ်က နောက် သုံးရက်နေမှ ထွက်မှာလေ... ကျွန်တော် ပိုင်ယွင် ကျောင်းတော် ကို တက်ခွင့် ရ၊ မရ ဆိုတာက မသေချာသေးဘူး မဟုတ်လား...”
ကုမင်တာ့က ပြောလိုက်၏။
“ဒါက မင်း စာမေးပွဲ အောင်တာကို ဂုဏ်ပြုတာ မဟုတ်ပါဘူး... မင်းရဲ့ စိတ်ထဲက အကြောက်တရားတွေကို ကျော်လွှားပြီးတော့၊ ပထမဆုံး စာမေးပွဲကို ဝင်ဖြေနိုင်ခဲ့တာကို ဂုဏ်ပြုတာပါလေ...”
အားယန် မှာမူ ထိုစကားကြောင့် ခဏတာ ကြောင်အသွားရရှာသည်။ သူသည် ဖခင်ဖြစ်သူ အကြိမ်ကြိမ် စာမေးပွဲ ကျရှုံးခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် စာမေးပွဲ ဖြေဆိုရန် ကြောက်လန့်နေခဲ့ခြင်း ဖြစ်သော်လည်း ဖခင်ဖြစ်သူမှာမူ ထိုကိစ္စကို အမြဲ သဘောပေါက်ထားသည့်အပြင် သူ့အား အတင်းအကျပ် မလုပ်ခဲ့မှန်း သိလိုက်ရသည်။
ကုမင်တာ့သည် သားဖြစ်သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
“အဲ့ဒီ လှမ်းရမယ့် အဆင့်ကို လှမ်းနိုင်ရဲတဲ့ သတ္တိ ရှိနေတာနဲ့တင် တကယ်ကို တော်လှပါပြီ... အောင်မြင်တာ၊ ကျရှုံးတာ ဆိုတာကတော့ လူ့သဘာဝပါပဲလေ...”
အားယန် က ခေါင်းကို တွင်တွင်ညိတ်ပြကာ အရိုအသေ ပေးလိုက်လေသည်။
“ဖေဖေ... စိတ်မပူပါနဲ့နော်... သား စိတ်ထဲမှာ မှတ်ထားပါ့မယ်...”
နျိုနျိုသည် သူတို့ စကားပြောပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီးနောက် ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
“ဒီည ရွှေရန်ဆောင် မှာ ထမင်းသွားစားမယ် ဆိုတော့... ကိုကိုလတ် ကော မလိုက်တော့ဘူးလားဟင်...”
ကလေးမလေးသည် အားကျောက် မှာကြားခဲ့သော စကားများကို ရင်ထဲတွင် မှတ်ထားဆဲ ပင်။ အရသာရှိသော အစားအစာများ ရှိလျှင် မမေ့ရန် မှာကြားခဲ့သည်။ ရှန်ချန်ဖုန်း သည် ထိုစကားကို ကြားသောအခါ ယနေ့တွင် သမားတော်ကြီး ယန် က အားကျောက် ကို အတင်း ထားရစ်ခဲ့သဖြင့် ကုမင်တာ့ အနေဖြင့် မြို့တော်သို့ ပြန်ခေါ်သွားလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားသော်လည်း
ကုမင်တာ့က ပြောလိုက်သည်။
“တို့တွေ ညနေအထိ ပိုင်ယွင်မြို့နယ် မှာ စောင့်နေကြမယ်လေ... ပြီးမှ သူ့ကိုပါ တစ်ခါတည်း ခေါ်သွားကြတာပေါ့... မနက်ဖြန် မနက်ကျမှပဲ သူ့ကို ပြန်ပို့ပေးလိုက်မယ်လေ... သူ့ခမျာလည်း နည်းနည်းတော့ ပင်ပန်းရမှာပေါ့လေ...”
ကုမင်တာ့သည် သားဖြစ်သူ ဒုက္ခရောက်မည့် ကိစ္စကို ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်လေသည်။ ရှန်ချန်ဖုန်း မှာမူ အားကျောက် သွားလိုက်၊ ပြန်လိုက် လုပ်ရမည့် ပင်ပန်းမှုကို သတိမပြုမိဘဲ ကုမိသားစုသည် မိသားစုဝင်များ ပြန်လည် ဆုံတွေ့ရန်အတွက် မည်မျှအထိ အလေးထားကြောင်းကိုသာ မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားရလေသည်။
နေ့လယ်စာ စားပြီးနောက်တွင်မူ အပြင်တွင် မိုးတိတ်သွားခဲ့ချေပြီ။
“စားသောက်ဆိုင် ဆိုင်ရှင် ကို မေးကြည့်တော့... အရှေ့ဘက်ကို လျှောက်သွားရင် မက်မွန်တောရှိတယ်တဲ့လေ... အဲ့ဒီ အနောက်မှာလည်း ပိုင်ယွင် ဘုရားကျောင်းရှိတယ်ဆိုတော့... တို့တွေ အဲ့ဒီကို သွားလည်ကြရအောင်...”
ကုမင်တာ့က အကြံပြုလိုက်လေသည်။
လူတိုင်း ဆိုင်ထဲမှ ထွက်ခွာသွားကြသော်လည်း ဒုတိယထပ်ရှိ ပြတင်းပေါက်နားတွင်မူ ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော အဘိုးအို နှစ်ဦးမှာ လမ်းပေါ်တွင် နှမဖြစ်သူ၏ လက်ကို ကိုင်ထားသော အားယန် အား စိုက်ကြည့်နေကြသည်ကို မည်သူမျှ သတိမပြုမိခဲ့ကြပေ။
“ထီးလည်း ဆောင်းထားသလို... တခြားသူတွေကိုလည်း မမေ့မလျော့ဘဲ ဂရုစိုက်နေတာပဲနော်... တကယ့်ကို စိတ်ထားကောင်းတဲ့ ကလေးပဲလေ...”
မျက်နှာရှည်ရှည်နှင့် အဘိုးအိုက ချီးကျူးလိုက်လေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အဘိုးအိုက နားထောင်ပြီးနောက် ပြောလိုက်၏။
“ဒီကလေးကို တွေ့လားဟင်... သူက တို့ ကျောင်းတော် မှာ စာမေးပွဲ လာဖြေတဲ့သူလေ... မင်း ဒီမှာ ကျန်ခဲ့ဖို့ သဘောတူမယ် ဆိုရင်တော့... ဒီ တပည့်ကို မင်းအတွက် ငါကပဲ ဆုံးဖြတ်ချက် ချပြီး ပေးလိုက်မယ်လေ...”
မျက်နှာရှည်ရှည်နှင့် အဘိုးအိုမှာမူ ကျောင်းတော်တွင် စာသင်ရန် ကျန်ရစ်ရမည်လား၊ သို့မဟုတ် နေရပ်သို့ ပြန်ရမည်လား ဆိုသည်ကို ဆုံးဖြတ်ချက် မချရသေးပေ။ သူက ထိုစကားကို ကြားသောအခါ ပြောလိုက်လေသည်။
“သူက စိတ်ထားကောင်းရုံပဲ ရှိသေးတာလေ... ပါရမီ ရှိ၊ မရှိ ဆိုတာကတော့ မသေချာသေးပါဘူးနော်...”
မျက်နှာဝိုင်းဝိုင်းနှင့် အဘိုးအိုက ပြောလိုက်၏။
“ဒါဆိုရင်တော့ မင်း စောင့်ကြည့်လိုက်လေ... အကယ်၍ သူသာ စာမေးပွဲ အောင်မယ် ဆိုရင်တော့ မင်း ဒီမှာ ကျန်ခဲ့ရမယ်နော်... ဘယ်လိုလဲဟင်...”
မျက်နှာရှည်ရှည်နှင့် အဘိုးအိုသည် အနည်းငယ် တွေဝေသွားရလေသည်။ မျက်နှာဝိုင်းနှင့် အဘိုးအိုက သူ၏ လက်ကို ဆွဲကာ ပြောလိုက်ပြန်၏။
“လာပါ... လာပါ... တစ်ခုတည်းမှာပဲ အာရုံစိုက်မနေစမ်းပါနဲ့ဦး... ဒီရက်ပိုင်းမှာ မင်းလည်း အားနေတာဆိုတော့... စာမေးပွဲ စာရွက်တွေကို အတူတူ စစ်ဆေးကြည့်ရင်းနဲ့... တော်တဲ့သူတွေ ပါ၊ မပါ ကြည့်ကြတာပေါ့လေ...”
မျက်နှာရှည်ရှည်နှင့် အဘိုးအိုမှာမူ အားယန် ကို တကယ်ပဲ သဘောကျနေခြင်း ဖြစ်ချေသည်။
“မင်းရဲ့ ကျောင်းတော် စာမေးပွဲမှာ... ငါက ဘာလို့ ဝင်ပြီး ပါဝင်နေရမှာလဲဟင်...”
ထိုသို့ ပြောဆိုသော်လည်း ခြေလှမ်းများမှာမူ ပေါ့ပါးနေပြီး သူငယ်ချင်းဖြစ်သူ၏ ဆွဲခေါ်ရာနောက်သို့ ကျောင်းတော်အတွင်းသို့ လိုက်ပါသွားလေသည်။