မတော်တဆ ဆုံတွေ့ခြင်း
Vol. 22 Ch. 215
“ကိုကိုကြီး... မက်မွန်ပန်းတွေ တကယ်ပဲ ပွင့်နေပြီနော်... မက်မွန်ပန်းတွေက မက်မွန်သီးတွေနဲ့ အတူတူ ပွင့်နေတာဆိုတော့ အရမ်း တော်တာပဲ...”
နျိုနျိုသည် သစ်ပင်ပေါ်ရှိ မိုးရေစက်လေးများ တင်ကျန်နေသော နုနယ်လှပသည့် ပန်းလေးများကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေတော့၏။ သူမသည် ကဗျာတစ်ပုဒ် ရွတ်ဆိုချင်သော်လည်း ခဏတာ စဉ်းစားမရ ဖြစ်နေရရှာသည်။
အားယန် က ခေါင်းညိတ်ပြကာ အလှဆုံး ပွင့်နေသော ပန်းတစ်ပွင့်ကို ညွှန်ပြလိုက်၏။
“လိုချင်လို့လားဟင်... ကိုကို ခူးပေးရမလား...”
နျိုနျိုသည် ခေတ္တမျှ တွေဝေနေပြီးနောက် ခေါင်းခါပြလိုက်လေသည်။
“ပန်းတစ်ပွင့် ရှိနေတာဟာ အသီးတစ်လုံး ဖြစ်လာမှာကို ဆိုလိုတာလားဟင်...”
“အမြဲတမ်းတော့လည်း မဟုတ်ပါဘူးလေ...”
နျိုနျိုသည် ကြောင်အသွားရပြီး ပြောလိုက်၏။
“အဲ့လို မဟုတ်ဘူးလားဟင်... အဘိုး ပြောတာ ခဏခဏ ကြားဖူးပါတယ်... ပန်းပွင့်ပြီးရင် အသီးသီးရမယ် ဆိုတာလေ...”
သို့သော်လည်း အားယန်ကမူ ပြောလာ၏။
“ပန်းတွေက အသီးတွေထက် ပိုများတာလေ... တို့ အိမ်နောက်က မက်မွန်ပင် ဆိုရင်လည်း... နှစ်တိုင်း ပန်းတွေ အများကြီး ပွင့်တာ မှန်ပေမဲ့ အသီးကတော့ အများကြီး မသီးပါဘူးလေ...”
နျိုနျိုသည် သေချာမသိသော်လည ခေါင်းညိတ်လိုက်မိ၏။ အရင်က ရွာမှာတုန်းက မက်မွန်သီးတွေ မရှိတော့လျှင် အိမ်က ကလေးတွေ စားဖို့တောင် မလောက်ခဲ့ပေ။ နျိုနျိုသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် မက်မွန်ပင်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ သမီး ပန်းတွေကို မလိုချင်တော့ပါဘူး... အကယ်၍ ဒီပန်းလေးကသာ အသီးသီးမယ့် ပန်း ဖြစ်နေခဲ့ရင်... သမီးက မှားပြီး ခူးလိုက်မိရင် နှမြောစရာကြီး ဖြစ်မှာပေါ့လေ...”
“ဒီကောင်မလေးကတော့... တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲနော်... ငါ့မိန်းမ ပြောတဲ့ စကားတွေနဲ့ တစ်ပုံစံတည်းပဲလေ...”
အသက် လေးဆယ်ကျော်အရွယ် ရှိပုံရသော နက်ပြာရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ခပ်ချောချောမျက်နှာနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးသည် ထို မောင်နှမ နှစ်ဦး၏ အနောက်တွင် ရုတ်တရက် ပေါ်ထွက်လာလေသည်။
အားယန် သည် ချက်ချင်းပင် နှမဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး မလှမ်းမကမ်းတွင် ပန်းကြည့်နေသော မိဘများကို လှမ်းကြည့်လိုက်၏။ ထို အသက်လတ်ပိုင်း အမျိုးသားမှာမူ လူဆိုးတစ်ယောက်နှင့် မတူသည်ကို မြင်ရသောအခါ သူ အနည်းငယ် စိတ်အေးသွားရပြီး နှမဖြစ်သူအား ထိုသူနှင့် စကားပြောခွင့် ပေးလိုက်လေသည်။
နျိုနျိုက ခေါင်းမော့ကာ မေးမြန်းလိုက်၏။
“လူကြီးမင်း... လူကြီးမင်း လည်း ပန်းလာကြည့်တာလားဟင်... ဘာလို့ ကြည့်ရတာ သိပ်ပြီး မပျော်သလို ဖြစ်နေရတာလဲဟင်...”
ထို အသက်လတ်ပိုင်း အမျိုးသားသည် ထိုစကားကို ကြားသောအခါ၊ သူ၏ ပတ်ဝန်းကျင်ရှိ ပန်းတောကြီးကို လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်သန်းသွားရပြီး ပြောလိုက်၏။
“ငါကတော့ ကံစမ်းဖို့ လာတာပါလေ...”
နျိုနျိုက ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
“ကံစမ်းဖို့ ဟုတ်လား... လူကြီးမင်း ကို ကြည့်ရတာ ပိုက်ဆံလည်း မရှားတဲ့ ပုံစံမျိုးပဲကို...”
သူ၏ အဝတ်အစားများမှာ ရိုးရှင်းသော်လည်း တကယ့်ကို ချမ်းသာကြွယ်ဝပြီး သိက္ခာရှိလှသော အရှိန်အဝါများ ရှိနေသဖြင့် ပိုက်ဆံ မရှားမှန်း သိသာလှသည်။
“ဟားဟား... ဒီ ကောင်မလေးကတော့လေ... နင့်အမြင်မှာ ကံစမ်းတယ် ဆိုတာ ပိုက်ဆံ ကောက်ရတာကိုပဲ ဆိုလိုတာလားဟင်...”
ထိုသူက ဒူးထောက်ထိုင်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
နျိုနျိုက ရိုးသားစွာ ခေါင်းညိတ်ပြလိုက်လေသည်။
“တို့ အိမ်က အရင်တုန်းက ဆင်းရဲတာဆိုတော့... ကံစမ်းချင်စိတ် ခဏခဏ ဖြစ်ပေါ်ခဲ့ဖူးတာလေ... ဒါပေမဲ့ အခုတော့ တို့ အိမ်က အရမ်း ချမ်းသာနေပြီဆိုတော့... ကံစမ်းဖို့ မလိုတော့ပါဘူး...”
နျိုနျိုက ကလေးသံလေးဖြင့် ပြောဆိုလိုက်လေသည်။
ထိုသူသည် စိတ်ဝင်စားသွားပြီး မေးလိုက်၏။
“ဒါဆို နင့်အိမ်က ဘယ်လိုလုပ်ပြီး ချမ်းသာလာတာလဲဟင်...”
“ကံပေါ်မှာ မူတည်တာပေါ့လေ...”
နျိုနျိုက သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။
ထိုသူက မနေနိုင်ဘဲ ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ဘယ်လိုမျိုး ကံကောင်းခဲ့တာလဲဟင်... ငါ့ကိုလည်း သင်ပေးလို့ ရမလားဟင်...”
နျိုနျိုက သက်ပြင်းချလျက် ပြောလိုက်၏။
“လူကြီးမင်း... လူကြီးမင်း ကို ကြည့်ရတာ တကယ့်ကို ဉာဏ်ကောင်းတဲ့ ပုံစံပဲနော်...”
ထိုသူသည် ထိုသို့ အချီးကျူးခံလိုက်ရသဖြင့် ရုတ်တရက် ပျော်ရွှင်သွားရလေသည်။ သို့သော်လည်း နျိုနျိုက ဆက်ပြောလိုက်ပြန်၏။
“လူကြီးမင်း က ဒီလောက် ဉာဏ်ကောင်းပါလျက်နဲ့... ဘာလို့ ဒါကို နားမလည်ရတာလဲဟင်... ကံဆိုတာ ရှာဖွေရတာလေ... သင်ယူလို့ ရတဲ့အရာ မဟုတ်ပါဘူးနော်...”
အကယ်၍ တခြားသူသာ ထိုသို့ ပြောလျှင်မူ ထိုသူ စိတ်ဆိုးနိုင်သော်လည်း ယခု ပြောနေသူမှာ အသက် ခြောက်နှစ်အရွယ် ကောင်မလေး တစ်ဦးသာ ဖြစ်ပေသည်။ သူမသည် ကလေးဆန်လှသော ပုံစံလေးဖြင့် “နားမလည်နိုင်စရာ မရှိပါဘူး” ဟူသော အမူအရာမျိုး လုပ်နေသည်မှာ အလွန်ပင် ချစ်စရာ ကောင်းလှပေသည်။
ထိုသက်လတ်ပိုင်း အမျိုးသားသည် ရယ်မောလိုက်သော်လည်း ရယ်လေလေ သူ၏ မျက်နှာမှာ ခါးသက်လာလေလေ ဖြစ်ပြီး ပြောလိုက်လေသည်။
“ကြည့်ရတာ ငါ့ရဲ့ ကံကတော့ မကောင်းသေးတဲ့ ပုံပဲလေ...”
နျိုနျိုသည် သူ့အား ကြည့်ရင်း သူ၏ ပတ်ဝန်းကျင်မှ ခါးသက်လှသော အရှိန်အဝါများကြောင့် စိတ်မကောင်း ဖြစ်သွားရလေသည်။ သူမသည် သနားစိတ်များ ပေါ်ထွက်လာသဖြင့် မေးမြန်းလိုက်၏။
“လူကြီးမင်း က ဒီကို ကံစမ်းဖို့ လာတာဆိုတော့... ပိုက်ဆံ ဘယ်လောက်တောင် ကောက်ရချင်လို့လဲဟင်...”
ထိုသူက ခေါင်းခါလျက် ပြောလိုက်၏။
“ငါက ပိုက်ဆံ မရှားပါဘူးလေ... ငါ့မိန်းမ နဲ့ ဒီမှာ ဆုံတွေ့နိုင်မလားဆိုပြီး လာကြည့်တာပါ...”
နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်၏။
“ထူးဆန်းလိုက်တာ... လူကြီးမင်း ရဲ့ မိန်းမ က လူကြီးမင်း နဲ့ အတူတူ မရှိဘူးလားဟင်... သူ ဘယ်သွားလို့လဲဟင်...”
“ငါလည်း မသိပါဘူး...”
ထိုသူက ပြောလိုက်သည်။
နျိုနျိုက မေးမြန်းလိုက်၏။
“လူကြီးမင်း က သူ့ကို စိတ်ဆိုးအောင် လုပ်ထားလို့... သူက လူကြီးမင်း ကို အတွေ့မခံတာလားဟင်...”
ထိုသူက ခေါင်းခါလျက် ပြောလိုက်၏။
“အဲ့ဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်မိတာပေါ့လေ...”
နျိုနျိုသည် မလှမ်းမကမ်းတွင် အတူတူ ပန်းကြည့်နေကြသော သူ၏ မိဘများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“ဟိုမှာက သမီးရဲ့ ဖေဖေ နဲ့ မေမေ လေ... သူတို့ နှစ်ယောက် ကြားက သံယောဇဉ်က အရမ်း ကောင်းတာဆိုတော့... ဘယ်သွားသွား အမြဲ အတူတူပဲ ရှိနေကြတာနော်...”
နျိုနျို လက်ညှိုးထိုးပြလိုက်သောအခါ ကုမင်တာ့ တို့ လင်မယားမှာလည်း တိုက်တိုက်ဆိုင်ဆိုင် ထိုဘက်သို့ လှမ်းကြည့်လိုက်ကြပြီး ကလေးများကို ပြုံးပြလိုက်ကြကုန်၏။
ထိုသူသည်လည်း အားကျသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
“နင့်ရဲ့ မိဘတွေမှာ သားသမီး ဘယ်နှယောက် ရှိလို့လဲဟင်...”
“သားသမီး လေးယောက် ရှိတာလေ... သမီးမှာ ကိုကို သုံးယောက် ရှိတယ်နော်...”
နျိုနျိုက ပြောလိုက်သည်။
ထိုသူသည် ဘေးမှ အားယန် အား လှမ်းကြည့်ကာ ပြောလိုက်၏။
“မင်းမှာ အစ်ကိုကောင်း တစ်ယောက် ရှိတာပဲနော်...”
အားယန် သည် နှမဖြစ်သူ၏ လက်ကို အစအဆုံး ဆုပ်ကိုင်ထားခဲ့သလို သူ မည်မျှပင် ဖုံးကွယ်ထားပါစေ၊ ထိုသူ၏ မျက်လုံးထဲတွင်မူ နှမဖြစ်သူအား ကာကွယ်ပေးနေသော အစ်ကိုကောင်း တစ်ဦး ဖြစ်မှန်း မြင်သာလှပေသည်။
နျိုနျိုသည် သူမ၏ မိသားစု အကြောင်းကို ပြောရလျှင် ဂုဏ်ယူလွန်းလှပေသည်။
“သမီးရဲ့ ကိုကို သုံးယောက်စလုံးက တော်ကြသလို၊ ဖေဖေ နဲ့ မေမေ လည်း တော်ကြတာပေါ့... အဘိုး နဲ့ အဘွား တို့ကလည်း တကယ့်ကို အားကိုးရတဲ့သူတွေ ဖြစ်သလို အဒေါ် နဲ့ အဖေစွန်း တို့ကလည်း တကယ့်ကို တော်တဲ့သူတွေပဲလေ...”
နျိုနျိုက သူမ၏ မိသားစုဝင် အားလုံး၏ နာမည်များကို ဟင်းစာရင်း ရွတ်နေသည့်အလား ပြောဆိုနေသည်ကို နားထောင်ရင်း ထိုသူက ညင်သာစွာ ပြောလိုက်၏။
“အော်... နင့်မိသားစု မှာ လူတွေ အများကြီး ရှိတာပဲနော်...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ထိုသူ့အတွက် စိတ်မကောင်း ဖြစ်သွားရပြီး မေးမြန်းလိုက်လေသည်။
“လူကြီးမင်း ရဲ့ မိသားစု မှာ လူနည်းလို့လားဟင်...”
“ငါ့အဖေ ကတော့ စောကြီး ဆုံးသွားတာလေ... အခုတော့ ငါ့အိမ်မှာ မေမေ နဲ့ ညီမလေး တစ်ယောက်ပဲ ရှိတော့တာပေါ့... သူတို့လည်း အိမ်ထောင်ကျသွားကြပြီလေ...”
နျိုနျိုသည် ထိုစကားကြောင့် သူ့အား ပို၍ပင် သနားသွားရသော်လည်း မေးမြန်းလိုက်ပြန်သည်။
“ဒါဆို လူကြီးမင်း ရဲ့ မိန်းမ ကောဟင်... သူက လူကြီးမင်း ရဲ့ မိသားစုဝင် မဟုတ်ဘူးလားဟင်...”
“သူက... သူက ငါနဲ့ လက်မထပ်ရသေးဘူးလေ... ဒါပေမဲ့ သူက ငါ့ရဲ့ မိန်းမ အစစ်ပါပဲလေ...”
ထိုသူက ပြောလိုက်သည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် နျိုနျို ဘာမှ မပြောရသေးမီမှာပင် အားယန် က မျက်မှောင်ကြုတ်လိုက်လေသည်။ ထို လူငယ်လေး၏ မျက်လုံးများမှာ ထိုသူအား ကြည့်သည့်အခါ ပြောင်းလဲသွားရပြီး နှမဖြစ်သူ၏ လက်ကိုလည်း ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိ၏။
“လူကြီးမင်း... လူကြီးမင်း မှာ မိန်းမ မရှိဘဲနဲ့... မိန်းမ ရှိတယ်လို့ပဲ စိတ်ကူးယဉ်နေတာလားဟင်...”
အားယန် က မေးမြန်းလိုက်သည်။
သူသည် စိတ်မနှံ့ဟန်ရှိသော ထိုသူ့ထံမှ နှမဖြစ်သူအား ချက်ချင်းပင် ဆွဲခေါ်သွားချင်နေမိတော့၏။ ထိုသူသည် အားယန် အား တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်လေသည်။
“မင်းက ငယ်သေးတာဆိုတော့... ဒါမျိုးတွေကို နားမလည်ပါဘူးလေ...”
အားယန် ကမူ ထိုသူမှာ ပုံမှန်လူတစ်ယောက် မဟုတ်ဟု ခံစားနေရဆဲပင်။ သူ တွေးတောမိသည်မှာ ထိုသူ ချစ်မြတ်နိုးရသူမှာ တခြားတစ်ယောက်နှင့် လက်ထပ်သွားသဖြင့် စိတ်ထိခိုက်ကာ ရူးသွပ်နေခြင်း ဖြစ်လိမ့်မည် ဟူ၍ ပင်။
နျိုနျိုက မေးလိုက်၏။
“လူကြီးမင်း... လူကြီးမင်း သာ ကံကောင်းခြင်း နဲ့ ဆုံတွေ့နိုင်မယ် ဆိုရင်တော့... လူကြီးမင်း ရဲ့ မိန်းမ ကို လူကြီးမင်း ဆီ ပြန်လာစေချင်တာလား... ဒါမှမဟုတ် သူ ကောင်းမွန်စွာ အသက်ရှင်နေစေချင်တာလားဟင်...”
ထို ကလေးငယ်လေး၏ စကားကြောင့် ထိုသူမှာ တိတ်ဆိတ်သွားရလေသည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင်မှ ပြောလိုက်၏။
“သူ့ကို ဘေးကင်းပြီး ပျော်ရွှင်စေချင်သလို... ကျန်းမာပြီး စိုးရိမ်စရာ မရှိတဲ့ ဘဝမျိုးကို ပိုင်ဆိုင်စေချင်တာပေါ့လေ...”
နျိုနျိုသည် အားယန် အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ မိဘများကို လှမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“ဒါဆိုရင်တော့... သမီး လည်း သူ ဘေးကင်းပြီး ပျော်ရွှင်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်နော်...”
ထိုသူသည် နျိုနျို မည်မျှအထိ ကြီးမားလှသော ကိစ္စကို လုပ်ဆောင်လိုက်သည်ကို လုံးဝ သတိမပြုမိခဲ့ချေ။ ယခုအခါ သူ၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး ပြောလိုက်လေသည်။
“နင့်ရဲ့ မင်္ဂလာစကားတွေကို ငါ လက်ခံလိုက်ပါတယ်လေ...”
ထိုသူ၏ ဆုံးဖြတ်ချက်ကြောင့် အားယန် ၏ မျက်လုံးများမှာ အနည်းငယ် ပြေလျော့သွားရ၏။ မိမိ၏ ဇနီးအား ကောင်းမွန်သော ဘဝမျိုး ပိုင်ဆိုင်စေချင်သူမှာ ရူးနေလျှင်ပင် လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု သူ ယူဆလိုက်ခြင်း ပင် ဖြစ်ချေသည်။ သူတို့ အိမ်နောက်ဖေးခြံတွင် နေထိုင်သော မိန်းကလေးမှာလည်း စိတ်ထားကောင်းသောကြောင့် ရူးသွားရခြင်း မဟုတ်ပါလား။
“လူကြီးမင်း လည်း ပျော်ပျော်နေရမယ်နော်... လူကြီးမင်း ရဲ့ မိန်းမ က လောကရဲ့ တစ်နေရာရာမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကို သိရတာဟာ... လူကြီးမင်း အတွက်လည်း ပျော်စရာ ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား...”
နျိုနျိုက လေးလေးနက်နက် ပြောဆိုလိုက်လေသည်။
ထိုသူသည် အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ဆွဲတင်ကာ ပြောလိုက်၏။
“နင် ပြောတာ မှန်ပါတယ်လေ... ငါလည်း သူ့အတွက် ပျော်ပေးရမှာပေါ့...”
မလှမ်းမကမ်းတွင် အိမ်ထိန်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူတစ်ဦး အလျင်အမြန် လျှောက်လာခဲ့ချေပြီ။ သူသည် နျိုနျို မောင်နှမ နှစ်ဦးကို တစ်ချက် လှမ်းကြည့်ပြီးနောက် ထိုသူ့ထံတွင် ခါးကို ညွှတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“သခင်ကြီး... အချိန်လည်း နောက်ကျနေပြီဆိုတော့... တို့တွေ ပြန်ကြရအောင်လေ...”
ထိုသူသည် ထရပ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
“လိမ္မာတဲ့ကလေးလေး... နင့်မိသားစု က နင့်အပေါ်မှာ ကောင်းတာဆိုတော့... နင်က တကယ့်ကို ကံကောင်းတဲ့သူပါပဲလေ...”
နျိုနျိုသည် ကိုယ်ကို မတ်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်၏။
“သမီး က အိမ်မှာ အလိုက်သိဆုံး ကလေးလေးလေ... ဒါကြောင့် သေချာပေါက် ကံကောင်းတဲ့သူ ဖြစ်ရမှာပေါ့နော်...”