← Chapters

မမျှော်လင့်ထားသော တွေ့ရှိမှု

Vol. 22 Ch. 217

မမျှော်လင့်ထားသော တွေ့ရှိမှု

Vol. 22 Ch. 217

ရှန်ဖူရှန်း သည် သားဖြစ်သူက သူ့အား လျစ်လျူရှုသွားသည်ကို မြင်သောအခါ အနောက်မှနေ၍ ဒေါသတကြီးဖြင့် ဆွေ့ဆွေ့ခုန်လေတော့သည်။

“မလိမ္မာတဲ့ အကောင်... ငါ မင်းကို ပြောနေတာလေ... ရပ်စမ်း...”

အကယ်၍ အရင်တုန်းက ဆိုလျှင်မူ ရှန်ချန်ဖုန်း သည် နေရာမှာတင် ရပ်ကာ ဖခင်ဖြစ်သူ၏ ဆူပူသမျှကို ငြိမ်ခံနေရမည် ဖြစ်သော်လည် ယခုတစ်ကြိမ်တွင်မူ သူသည် တစ်စက္ကန့်မျှပင် ထပ်မံ မနေချင်တော့ပေ။ ရှန်ချန်ဖုန်း ၏ အခြွေအရံကမူ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

“သခင်လေး... ဒီတိုင်း ထွက်ပြေးသွားရင်... မင်းကြီး က အိမ်တွင်းစည်းကမ်းနဲ့ အပြစ်ပေးမှာကို မစိုးရိမ်ဘူးလားဟင်...”

ရှန်ချန်ဖုန်း က ခေါင်းခါပြလိုက်၏။

“စိတ်မပူပါနဲ့... သူ မလုပ်ရဲပါဘူးလေ...”

ရှန်ဖူရှန်း သည် မည်မျှပင် ပြင်းထန်စွာ ဆဲဆိုပါစေ၊ သူ ကိုယ်တိုင်တော့ လက်ဖျားနဲ့တောင် မထိရဲပေ။ မင်းသမီးကြီးက သူ့အား ကလေးကို ရိုက်ခွင့် ပေးလိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။

နောက်တစ်နေ့ မိုးမလင်းခင်မှာပင် အားကျောက် ၏ အခန်းအတွင်း၌ မီးရောင်များ လင်းထိန်နေခဲ့ချေပြီ။ ကျန်းယွင်နန်သည် ညတွင်းချင်း ဝယ်ယူထားသော အိုးအသေးလေးများကို အားကျောက် ၏ ရှေ့တွင် ချထားလိုက်လေသည်။

“အဝတ်အစားတွေကိုတော့ အမေ ထုပ်ပေးမယ်... မင်း မွေးထားတဲ့ ပစ္စည်းတွေကိုတော့ ကိုယ့်ဘာသာ ထုပ်ပိုးထားလိုက်ဦးလေ... ခဏနေရင် ပိုင်ယွင်မြို့နယ် ကို ထွက်ကြရအောင်...”

ကျန်းယွင်နန်က အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

အားကျောက်သည် မျက်လုံးများကို ပွတ်ကာ အိပ်ရာထဲတွင် ဆက်နေချင်သေး၏။ မနေ့က အဘိုးယန် ဆီမှာ တစ်နေကုန် ပင်ပန်းခဲ့ရသည်။ မနက်ပိုင်းတွင် စာအုပ်များစွာ ကူးရေးခဲ့ရသော်လည်း အဘိုးယန် က တစ်မျက်နှာတည်းကိုသာ အသိအမှတ်ပြုခဲ့သဖြင့်၊ ကျန်ရှိသော စာမျက်နှာအားလုံးကို အစကနေ ပြန်ကူးခဲ့ရသည် မဟုတ်ပါလား။

နေ့လယ်ပိုင်းတွင်လည်း ဆေးမြစ်များကို ခွဲခြားရသလို အမှားတစ်ခု တွေ့တိုင်း ပေတံဖြင့် အရိုက်ခံခဲ့ရသေး၏။

သေသေချာချာ တွက်ကြည့်လျှင်မူ ဆေးခန်းအတွင်း၌ သူ အသက်ရှူနိုင်သော တစ်ခုတည်းသော အချိန်မှာ နေ့လယ်စာ စားပြီးနောက် ပိုးကောင်လေးများကို အစာကျွေးရသည့် နာရီဝက်ခန့်သာ ရှိပေသည်။

သို့သော်လည်း သူ မည်မျှပင် ပျော်ရွှင်စေကာမူ ယခုအခါတွင်မူ ကျန်းယွင်နန်၏ ခိုင်းစေမှုကြောင့် အိမ်ရှိ ပိုးကောင်လေးများကို အိုးထဲသို့ ထည့်နေရလေတော့သည်။

“ပိုးကောင်တွေ အကုန် ပါပြီလားဟင်...”

ကျန်းယွင်နန်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

သားဖြစ်သူတွင် ပိုးကောင်များနှင့်အတူ အိပ်တတ်သော အကျင့်ဆိုး ရှိနေမှန်း သိလိုက်ရကတည်းက ကျန်းယွင်နန်သည် ထိုအခန်းထဲတွင် ရှိနေရသည်မှာ တစ်ကိုယ်လုံး တစ်ခုခု တွားသွားနေသကဲ့သို့ ခံစားနေရခြင်း ပင်။

အားကျောက်က ရိုးသားစွာ ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအခါမှသာ ကျန်းယွင်နန်သည် အားကျောက် ၏ အဝတ်အစားများကို အထုပ်ကြီး တစ်ထုပ် ဖြစ်အောင် သေသေချာချာ ထုပ်ပိုးပေးလိုက်တော့၏။

“ဆရာ့ဆီမှာ ပညာသင်နေရတာဟာ အိမ်မှာလို မဟုတ်ဘူးနော်... ဆရာ့ စကားကို အမြဲ နားထောင်ရမယ်၊ ပြီးတော့ ဝီရိယလည်း ရှိရမယ်လေ... ဒါမှ လူတကာဆီက ချစ်ခံရမှာပေါ့...”

ကျန်းယွင်နန်က မှာကြားလိုက်လေသည်။

သို့သော်လည်း အားကျောက်မှာမူ အသက် ခုနစ်နှစ်သာ ရှိသေးသဖြင့် ထိုစကားများမှာ သူ၏ နားထဲသို့ ဝင်သွားခြင်း မရှိပေ။ သူ၏ စိတ်ထဲတွင် ရှိနေသည်က တခြားအရာပင်။

“မေမေ... အရူးမလေး နိုးပြီလားဟင်... သူ မီးဖိုချောင်ထဲမှာ ရှိလားဟင်...”

မနေ့ညက နျိုနျို ပြောပြသည်မှာ အရူးမလေးအား သူ့အတွက် အကောင်းဆုံးသော မနက်စာ ချက်ခိုင်းထားသည် ဟူ၍ ပင်။ သားဖြစ်သူမှာ ကလေးတစ်ယောက်သာ ဖြစ်နေဆဲမှန်း သိလိုက်ရသဖြင့် ကျန်းယွင်နန်လည်း သက်ပြင်းချလိုက်မိသော်လည်း လေသံကို လျှော့ကာ ပြောလိုက်၏။

“နိုးပါပြီလေ...မင်းညီမလေး ရဲ့ စကားကိုတော့ သူက အမြဲ နားထောင်တာပဲလေ...”

အားကျောက်သည် ဝမ်းသာအားရဖြင့် အရှေ့ခြံရှိ မီးဖိုချောင်သို့ ပြေးဝင်သွားရာ ူအဝေးမှနေ၍ပင် မီးလင်းနေသည်ကို မြင်တွေ့လိုက်ရလေသည်။ အိုးပေါ်မှ ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ခန်းလုံးမှာ အဖြူရောင် အခိုးအငွေ့များဖြင့် ပြည့်နှက်သွားတော့၏။ အားကျောက်သည် သွားရည်ကျလုမတတ် မွှေးပျံ့လှသော အနံ့ကို ရလိုက်လေသည်။

လျူရှောင်ရူ သည် ဘေးတွင် ထိုင်ရင်း အရူးမလေး ရုတ်တရက် ဒေါသထွက်လာမှာကို စိုးရိမ်တကြီး စောင့်ကြည့်ပေးနေ၏။ သို့သော်လည်း အရူးမလေးသည် အားကျောက် အား မြင်လိုက်ရသောအခါ အလွန်ပင် ရိုသေဟန်ဖြင့် ပြောလိုက်လေသည်။

“သခင်လေးပေါင် ရောက်လာပြီလားဟင်... အပြင်သွားမယ် ဆိုရင်တော့ ခေါက်ဆွဲ စားရမှာပေါ့လေ... သခင်လေး အပြင်မထွက်ခင် ကျွန်မ ခေါက်ဆွဲ ချက်ပေးမယ်လေ... အခုတော့ တခြား အစားအစာလေးတွေကို အရင် စားထားလိုက်ဦးနော်...”

လျူရှောင်ရူ သည် ရှူးယင်း ၏ ရှုပ်ထွေးလှသော အခေါ်အဝေါ်များကို ကျင့်သားရနေခဲ့ချေပြီ။ အားကျောက် မှာမူ အံ့သြသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။

“ဘာလို့ ကျွန်တော့်ကို သခင်လေးပေါင် လို့ ခေါ်ရတာလဲဟင်...”

“သခင်လေး က သခင်လေး ပါပဲလေ...”

ရှူးယင်းက ပြောလိုက်သည်။

လျူရှောင်ရူ သည် ထိုစကားကို ကြားသောအခါ စိုးရိမ်သွားသဖြင့် အားကျောက် အား အမြန် ဆွဲလိုက်ပြီး ပြောလိုက်လေသည်။

“အားကျောက်... ဘေးခန်းမှာ ခဏ သွားစောင့်နေဦးနော်... ပြီးရင် အဒေါ် လာခေါ်မယ်လေ...”

အားကျောက်က နားမလည်စွာ ရှိနေသော်လည်း လျူရှောင်ရူက

“လိမ္မာပါတယ်... စကားနားထောင်နော်...” ဟု ချော့မော့လိုက်သဖြင့် ထွက်သွားလေတော့သည်။

အားကျောက် ဘေးခန်းသို့ ထွက်သွားသည်ကို မြင်မှသာ လျူရှောင်ရူ သက်ပြင်းချနိုင်တော့၏။

တော်ပါသေးတယ်၊ သူ့ကို ဖယ်ထုတ်နိုင်လိုက်လို့ပေါ့။ မဟုတ်ရင် ဟို မိဖုရားကြီး တို့၊ မင်းသမီးလေး တို့ ဆိုတဲ့ စကားတွေကို ကြားသွားရင် ဒုက္ခရောက်ကုန်မှာပေါ့။

ထိုကလေးမှာ ပါးစပ်ဖွာတတ်သူ ဖြစ်သဖြင့် အပြင်မှာ ပေါက်ကရ ပြောမိမှာကို သူမ စိုးရိမ်နေမိခြင်း ပင်။

သူမသည် စိတ်ထဲမှနေ၍ ထပ်မံ တွေးတောနေမိ၏။

"ဒီ အရူးမလေး က နျိုနျို တစ်ယောက်တည်းကိုပဲ အလေးထားတာ မှန်ပေမဲ့... သူက အရမ်း ရူးနေသေးသလို စိတ်ကလည်း မငြိမ်သေးဘူးပဲနော်..."

“ကျွန်မ မိဖုရားကြီး ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးနော်...”

ရှူးယင်းက ရုတ်တရက် ပြောလိုက်လေသည်။

လျူရှောင်ရူ သည် ထိုစကားကြောင့် ထိတ်လန့်သွားရသော်လည်း အရူးမလေး၏ စိတ်ဆိုးနေသော မျက်နှာထားကို မြင်ရသောအခါ အပြစ်ရှိသလို ခံစားလိုက်ရ၏။

“သခင်လေးပေါင် ဆိုတာ မိဖုရားကြီး ရဲ့ တူ လေ... သူက မိဖုရားကြီး ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ပါဘူး... သူ့ကို အသိပေးလိုက်ရင်လည်း ဘာမှ မဖြစ်ပါဘူးလေ...”

ရှူးယင်းက ထပ်မံ ပြောလိုက်ပြန်သည်။

လျူရှောင်ရူ ၏ ရင်ထဲမှ အပြစ်ရှိစိတ်များမှာ ထို ရှုပ်ထွေးလှသော အခေါ်အဝေါ်များကြောင့် ပျောက်ကွယ်သွားရပြန်၏။ အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးအား ထိုကဲ့သို့ ယုံကြည်နေသည်ကို ကြည့်ခြင်းဖြင့် ရှူးယင်း ကို နောက်ဖေးခြံမှာပဲ ဆက်ထားသင့်သည်ဟု သူမ ယူဆလိုက်လေတော့သည်။

အားကျောက်သည် ဘေးခန်းတွင် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်၊ လျူရှောင်ရူ က အစားအစာများစွာကို ယူဆောင်လာခဲ့လေသည်။

“ကဲ... ဖြည်းဖြည်း စားနော်... ပူဦးမယ်...”

အားကျောက်၏ မျက်စိထဲတွင်မူ အစားအစာများသာ ရှိနေတော့၏။ ရှူးယင်းသည် စားပွဲတစ်ခုလုံး ပြည့်နှက်နေအောင် အစားအစာများကို ပြင်ဆင်ပေးထားခဲ့ချေပြီ။ မကြာခင်မှာပင် ကျန်ရှိသော မိသားစုဝင် အားလုံးလည်း ရောက်ရှိလာကြပြီး အဘွားအိုမှအစ နျိုနျို အဆုံး အားကျောက် နှင့်အတူ မနက်စာ စားပေးကြလေသည်။

“အရမ်း စားလို့ကောင်းတာပဲ... ဒါလည်း ကောင်းတယ်၊ ဟိုဟာလည်း ကောင်းတယ်... အကုန်လုံးက တကယ့်ကို အရသာ ရှိတာပဲနော်...”

အားကျောက်၏ ထမင်းစားတူမှာ ရပ်နားခြင်း မရှိခဲ့ပေ။

မိသားစုဝင် မည်သူမျှလည်း သူ့အား လုမစားခဲ့ကြချေ။ အားကျောက်သည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျလာရလေသည်။

“ဘာလို့ ကျွန်တော်က အိမ်က ထွက်သွားရမှာလဲဟင်... အိမ်မှာပဲ နေပြီးတော့ ဒီ အရူးမလေး ချက်တဲ့ ဟင်းတွေကို နေ့တိုင်း စားရရင် ဘယ်လောက်တောင် ကောင်းမလဲ... ဟီး...”

သူသည် ဟန်ဆောင်ငိုရာမှ အစစ်အမှန် ငိုယိုခြင်းသို့ ပြောင်းလဲသွားခဲ့ချေပြီ။ နျိုနျိုက အလျင်အမြန်ပင် နှစ်သိမ့်လိုက်၏။

“ကိုကိုလတ်... စိတ်မပူနဲ့နော်... အစ်မ ရှူးယင်း က တခြား ဟင်းတွေလည်း လုပ်ဦးမှာလေ... ကိုကိုကြီး ရဲ့ စာမေးပွဲ ရလဒ် ထွက်တဲ့နေ့ကျရင်... ကိုကို့အတွက် အများကြီး ယူလာပေးမယ်လေ... ဟုတ်ပြီလား...”

အားကျောက်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပသွားရလေသည်။

“လိမ္မာတဲ့ကလေးလေး... ညီမလေး က ကိုကို့အပေါ်မှာ အကောင်းဆုံးပဲနော်... ကိုကို သိတာပေါ့...”

အားကျောက်မှာ မည်မျှပင် လက်မလွှတ်နိုင်ပါစေ၊ နောက်ဆုံးတွင်မူ မြင်းလှည်းပေါ်သို့ တက်ရလေတော့သည်။ သူသည် အိုးလေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်လျက် မိသားစုဝင်များ၏ အကြည့်အောက်တွင် ထွက်ခွာသွားခဲ့ချေပြီ။

ကျန်းယွင်နန်သည် နှုတ်ဆက်ရင်း ဝမ်းနည်းမိသော်လည်း တစ်ဖက်တွင်မူ ပိုးကောင်ဘုရင်ကြီးကို နောက်ဆုံးတွင် နှင်ထုတ်နိုင်လိုက်ပြီ ဖြစ်သဖြင့် စိတ်သက်သာရာ ရရှိသွားရလေသည်။

“မနက်ဖြန်ကျရင် ဆေးဝါးမှုန့်တွေ သွားဝယ်ပြီးတော့... အားကျောက်ရဲ့ အခန်းထဲရော၊ အပြင်ရော အကုန် ဖြန်းခိုင်းလိုက်စမ်းပါ... အိမ်ရဲ့ ထောင့်တိုင်းမှာလည်း မကျန်စေနဲ့ဦးနော်...”

ကျန်းယွင်နန်က အဒေါ်ချီ အား မှာကြားလိုက်လေသည်။

နျိုနျိုက ခေါင်းမော့ကာ ပြောလိုက်၏။

“မေမေ... ကိစ္စမရှိပါဘူးနော်... ကိုကိုလတ် ပြောတာတော့ အိမ်က ပိုးကောင်တွေ အကုန်လုံးက သူ့စကား နားထောင်ကြတယ်တဲ့လေ... မိသားစုဝင်တွေကို သူတို့က ရန်မမူပါဘူးနော်...”

ကျန်းယွင်နန်ကမူ ထိုစကားမှာ နျိုနျိုအား ချော့ပြောခြင်းသာ ဖြစ်မည်ဟု ယူဆကာ လုံးဝ မယုံကြည်ခဲ့ပေ။ သားဖြစ်သူ မွေးမြူထားသော အဆိပ်ရှိသည့် ပိုးကောင်များ နှင့် ကင်းမြီးကောက်များကို တွေးမိလိုက်တိုင်း သူမသည် ထို ဆေးဝါးမှုန့်များကို အကြိမ်ပေါင်း များစွာ ဖြန်းလိုက်ချင်စိတ် ပေါက်နေမိတော့၏။

အားကျောက် ထွက်သွားပြီးနောက် အိမ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားရလေသည်။ အရင်လို အော်ဟစ်ဆူညံနေသူ မရှိတော့သည်မှာ အမှန် ပင်။ ကုမင်တာ့သည် နျိုနျိုအား စာရေးခိုင်းထားခဲ့သော်လည်း နျိုနျိုလေးကမူ သူနှင့် လာရောက် တိုင်ပင်လေသည်။

“ဖေဖေ... သမီး နည်းနည်း ပင်ပန်းနေလို့လေ... ဒီနေ့ ရေးရမယ့် စာတွေကို မနက်ဖြန်စာတွေနဲ့ ပေါင်းပြီး ရေးလို့ ရမလားဟင်...”

ကုမင်တာ့သည် သမီးဖြစ်သူ၏ လိမ္မာယဉ်ကျေးလှသော ပုံစံလေးကို ကြည့်ကာ ညင်သာစွာ မေးမြန်းလိုက်၏။

“မနေ့က ပင်ပန်းသွားလို့လား... ဒါမှမဟုတ် ဒီနေ့ စောစောထလိုက်ရလို့လားဟင်...”

နျိုနျိုက ခေါင်းညိတ်ပြလေသည်။ သူမသည် အားကျောက် ကို လိုက်လံ ပို့ဆောင်ပေးချင်သဖြင့် စောစောထခဲ့ခြင်း ဖြစ်ချေသည်။ ကုမင်တာ့က သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ သဘောတူလိုက်လေသည်။

နျိုနျိုသည် ထမင်းစားချိန်မှလွဲလျှင် သူမ၏ အခန်းထဲတွင်သာ တစ်နေကုန် နေထိုင်ခဲ့ပြီ မှောင်သည့်အထိ အိပ်ပျော်နေခဲ့၏။

ကျန်းယွင်နန်သည် စိတ်မအေးနိုင်သဖြင့် အကြိမ်ပေါင်း များစွာ လာရောက် ကြည့်ရှုခဲ့သော်လည်း သမီးဖြစ်သူ၏ မျက်နှာမှာ ပုံမှန်အတိုင်း ဖြစ်နေသလို ငါးလေးပုံစံ မွေးရာပါ အမှတ် မှာလည်း ပြောင်းလဲခြင်း မရှိသည်ကို မြင်ရမှသာ စိတ်အေးသွားရလေတော့သည်။

နျိုနျိုသည် မနေ့က သက်လတ်ပိုင်း အမျိုးသားအတွက် ဆုတောင်းပေးခဲ့သည် မဟုတ်ပါလား။ ယနေ့တွင်မူ သူမ တစ်နေကုန် အိပ်ခဲ့သော်လည်း မည်သည့် ဝေဒနာမျှ မခံစားခဲ့ရပေ။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းများလည်း မရှိခဲ့ချေ။

ကလေးမလေးသည် ဇဝေဇဝါဖြင့် တွေးတောနေမိ၏။

ငါ အခု ဆုတောင်းပေးရင် ဖျားမှာ မဟုတ်တော့ဘူးလားဟင်…။

All Chapters