တိကျမှန်ကန်ခြင်း
Vol. 22 Ch. 218
နောက်တစ်နေ့တွင် နျိုနျိုသည် သူမ၏ စာသင်ရမည့် အလုပ်များကို စနစ်တကျ လုပ်ဆောင်ခဲ့လေသည်။
သို့သော်လည်း နေ့လယ်ပိုင်းတွင်မူ သူမသည် ရုတ်တရက် ဆုတောင်းလိုက်မိ၏။
“နှင်းမြူမုန့်လေကို အခုချက်ချင်း စားချင်လိုက်တာ...”
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကုမိသားစု အိမ်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ချေပြီ။ ဆိုင်ရှင်လော် သည် မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ သူသည် လက်ဆောင်များစွာကို ယူဆောင်လာခဲ့ရာ ထိုအထဲတွင် နျိုနျို အကြိုက်ဆုံး ဖြစ်သော နှင်းမြူမုန့်လေး လည်း ပါဝင်နေသည်။
ကျန်းယွင်နန်သည် မုန့်ထုတ်ထဲမှ အချို့ကို ယူကာ နျိုနျို အား ကမ်းပေးလိုက်လေသည်။ သို့သော်လည်း နျိုနျိုသည် မုန့်ကို စားပြီးသည်နှင့် တစ်ပြိုင်နက် မျက်စိရှေ့တွင် မှောင်အတိ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမသည် သူမ၏ အခန်းထဲသို့ အတင်း ပြန်သွားကာ အိပ်ရာပေါ်တွင် လဲလျော်လိုက်ရတော့သည်။
သူမသည် နာရီဝက်ခန့် မိန်းမောနေပြီးနောက်မှသာ အသိတရား ပြန်ဝင်လာခဲ့ချေပြီ။
ကလေးမလေးသည် သူမ၏ အင်္ကျီစကို မ ကာ လက်မောင်းပေါ်ရှိ ငါးလေးပုံစံ အမှတ်ကို ကြည့်လိုက်ရာ ချက်ချင်းပင် သူမ၏ ရင်ဘတ်ကို အုပ်ကာ ရေရွတ်လိုက်လေသည်။
“ဘာမှ မဖြစ်ပါဘူးလေ... အရောင်လေး နည်းနည်း မှိန်သွားတာပဲ ရှိတာပါ...”
သို့သော်လည်း ညဘက်တွင် ကျန်းယွင်နန်က နျိုနျိုအား ရေချိုးပေးချိန်တွင်မူ ထို အမှတ်ကလေးကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသေး၏။ ကောင်မလေးသည် ရေကန်ထဲတွင် ထိုင်လျက် ခေါင်းငုံ့ကာ ဆော့ကစားနေမိပြီး မိခင်ဖြစ်သူ တစ်ခုခု ထူးဆန်းသည်ကို မြင်သွားမှာကို စိုးရိမ်နေမိတော့၏။
“ပိုင်ယွင် ကျောင်းတော် က စည်းကမ်း အရမ်း တင်းကျပ်တာလေ... အကယ်၍သာ ကိုယ့်ရဲ့ အရည်အချင်း အစစ်အမှန် နဲ့ မဟုတ်ဘဲ တက်ခွင့် ရခဲ့မယ် ဆိုရင်တော့... သုံးလအတွင်းမှာပဲ ပြန်ပြီး အထုတ်ခံရမှာ သေချာတယ်... နျိုနျိုလေး... ကိုကိုကြီး ကို သူ တကယ် တော်မှန်း သိစေချင်တယ် မဟုတ်လားဟင်...”
ကျန်းယွင်နန်က ထိုသို့ ပြောဆိုလိုက်ခြင်းမှ နျိုနျို တစ်ယောက် အားယန် အတွက် အူတူတူနဲ့ ဆုတောင်းပေးမိမှာကို စိုးရိမ်သောကြောင့် ပင် ဖြစ်ချေသည်။
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြကာ ပြောလိုက်လေသည်။
“မေမေ... သမီး နားလည်ပါတယ်နော်... ကိုကိုကြီး က အတော်ဆုံးပါ... သူက ကိုယ့်အရည်အချင်းနဲ့ကိုယ် မဟုတ်ရင်တော့ အဲ့ဒီမှာ စာသင်ရတာ စိတ်အေးရမှာ မဟုတ်ပါဘူးလေ...”
ကျန်းယွင်နန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် စာကျက်ရန် အိမ်တွင် ကျန်ရစ်ခဲ့သော ကုမင်တာ့ နှင့် အားယန် တို့မှလွဲလျှင် ကျန်ရှိသော သူများမှာမူ နှပ်ဟင်း အလုပ်ရုံ တည်ဆောက်ရန် နေရာ လိုက်ကြည့်ရန်အတွက် ထွက်ခွာခဲ့ကြကုန်၏။
“နောက်ဖေးခြံမှာ ရေတွင်း ပါတဲ့ ခြံဝင်း တစ်ခု ရှိပါတယ်... နေရာက နည်းနည်း ဝေးတာကလွဲရင် ကျန်တာတော့ အကုန် ကောင်းပါတယ်...”
အိမ်ခြံမြေ ရောင်းဝယ်ပေးသော အိမ်ခြံမြေပွဲစား က ဆိုင်ရှင်လော် အား ပြောဆိုလိုက်လေသည်။
ဆိုင်ရှင်လော် သည် ကွမ်အန်းမြို့နယ် မှ ကိစ္စများကို အဆုံးသတ်ပြီးနောက် မြို့တော်သို့ အသည်းအသန် လာခဲ့ခြင်း ပင်။ ယခုတစ်ကြိမ် အလုပ်ရုံအတွက် အိမ်ဝယ်ယူခြင်းမှာ ကုမိသားစုက ပိုက်ဆံပေးရမည် ဖြစ်သဖြင့် သူသည် သူ သိရှိထားသော လူတစ်ဦးအား အိမ်ရှာခိုင်းထားခြင်း ဖြစ်ချေသည်။ ဆိုင်ရှင်လော် က ကုမိသားစုဝင်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“အိမ်ခြံမြေပွဲစားဝမ်... ဒီကိစ္စကို ကျွန်တော်က ဆုံးဖြတ်လို့ မရဘူး...”
ဆိုင်ရှင်လော် က ထိုသို့ သတိပေးပါသော်လည်း ဝမ် အိမ်ခြံမြေပွဲစား မှာမူ ဆိုင်ရှင်လော် ကိုသာ အဓိက အလေးပေးနေခဲ့ပြီး ကုမိသားစုဝင်များကိုမူ လျစ်လျူရှုထားမိလေတော့သည်။ ဆိုင်ရှင်လော် မှာမူ ထို မြင်ကွင်းကြောင့် မျက်မှောင်များကို အရမ်း ကြုတ်ထားသဖြင့် ယင်ကောင်ပင် သေသွားနိုင်လောက်ပေသည်။
နျိုနျိုလေးသည် ကျန်းယွင်နန်၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။
“မေမေ... သမီး ဒီနေရာကို မကြိုက်ဘူးလေ... ဒီမှာက အရမ်း အေးစက်နေသလိုပဲ...”
မူလကတော့ ကုမိသားစုဝင်များက ထိုနေရာ ကောင်းသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ချက်ချင်းပင် သတိကြီးစွာ ထားလိုက်ကြကုန်၏။ လျူရှောင်ရူ က အိမ်ခြံမြေပွဲစား အား တိုက်ရိုက်ပင် ပြောလိုက်လေသည်။
“တခြား နေရာတစ်ခုကို ထပ်ကြည့်ကြရအောင်လေ...”
အိမ်ခြံမြေပွဲစား မှာမူ မကျေမနပ် ဖြစ်သွားရပြီး ဆိုင်ရှင်လော် အား လှမ်း၍ တိုင်တန်းလိုက်လေသည်။
“သခင်လေးလော်ရယ်... ဒါက ကျွန်တော် ရှာထားသမျှထဲမှာ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်တွေနဲ့ အကိုက်ညီဆုံး နေရာပါလေ... ဈေးကလည်း ပေါပါတယ်... တခြား နေရာတွေမှာ ဆိုရင်တော့... ဒီလောက် ကောင်းတာမျိုးကို ထပ်ရှာတွေ့ဖို့ မလွယ်ပါဘူးနော်...”
သို့သော်လည်း ဆိုင်ရှင်လော် မှာမူ လျူရှောင်ရူ အား အလွန် လေးစားသူ ဖြစ်ရာ ပြောလိုက်၏။
“ဆိုင်ရှင်လျူ က မသင့်တော်ဘူးလို့ ယူဆမှတော့... နေရာ ပြောင်းကြည့်ကြတာပေါ့လေ... စိတ်မပူပါနဲ့... ခင်ဗျား အတွက် ပေးရမယ့် ပိုက်ဆံကိုတော့ လျှော့ပေးမှာ မဟုတ်ပါဘူး...”
အိမ်ခြံမြေပွဲစား မှာမူ ထိုစကားကြောင့် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း လူများကို နောက်ထပ် အိမ်များသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သို့သော်လည်း ယခုတစ်ကြိမ် နေရာမှာမူ ပို၍ ဝေးကွာလှသလို အိမ်မှာလည်း စုတ်ပြတ်နေတော့၏။ ဈေးနှုန်းမှာလည်း သက်သာခြင်း မရှိလှပေ။ အကယ်၍သာ ထိုအိမ်ကို အသုံးပြုမည် ဆိုပါက ပြင်ဆင်ရန်အတွက် အချိန်ရော ပိုက်ဆံပါ အများကြီး ကုန်မှာ သေချာလှပေသည်။
အိမ်ခြံမြေပွဲစားကမူ ထိုအချိန်အထိ တတွတ်တွတ် ပြောဆိုနေဆဲ ဖြစ်ချေသည်။
“သခင်လေး ရယ်... ကျွန်တော် ပြောသားပဲ မဟုတ်လား... ရှေ့က အိမ်က အသင့်တော်ဆုံးပါလို့... ဘာလို့ စကားကို နားမထောင်ကြတာလဲဟင်... ပိုပြီး လိုက်ရှာလေလေ ပိုပြီး ဆိုးလာလေလေပဲ မဟုတ်လား... မိန်းမတွေရဲ့ စကားကို နားမထောင်သင့်ပါဘူးနော်...”
လျူရှောင်ရူ သည် လမ်းတစ်လျှောက်လုံး ထိုသူ၏ စကားများကို သည်းခံ နားထောင်ခဲ့ရသဖြင့် အလွန်ပင် စိတ်မရှည် ဖြစ်နေခဲ့ချေပြီ။ သို့သော်လည်း ဆိုင်ရှင်လော် ၏ မျက်နှာကို ထောက်ထားသဖြင့်သာ အောင့်အီးထားခြင်း ပင်။ သူမက သည်းခံနိုင်သော်လည်း တစ်စုံတစ်ယောက်ကမူ သည်းမခံနိုင်တော့ပေ။
“ဦးကော...ဦးမေမေ စကားကို နားမထောင်ဘူးလားဟင်...”
နျိုနျိုလေးက အသံထွက်ကာ အိမ်ခြံမြေပွဲစား အား မေးမြန်းလိုက်လေသည်။
အိမ်ခြံမြေပွဲစား က ကလေးမလေး တစ်ဦး ဖြစ်သည်ကို မြင်သောအခါ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
“ငါကတော့ အမြဲတမ်း အလိုက်သိတတ်တဲ့သူဆိုတော့... သူ့စကားကို နားထောင်တာပေါ့လေ...”
နျိုနျိုက သူမ၏ မျက်နှာလေးကို မော့ကာ ထိုသူအား အံ့သြဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ဦးကိုယ်တိုင်လည်း မိန်းမ တစ်ယောက်ရဲ့ စကားကို နားထောင်နေပြီးတော့... ဘာလို့ ဦးလေးလော် ကိုကျတော့ မိန်းမစကား နားမထောင်နဲ့လို့ အကြံပေးနေရတာလဲဟင်...”
ထိုသူ၏ မျက်နှာတွင် ရှက်ရွံ့မှုများ ချက်ချင်း ပေါ်ထွက်လာရပြီး ပြောလိုက်လေသည်။
“ဒီကောင်မလေးကတော့... တကယ့်ကို ပါးစပ်ကြမ်းတာပဲနော်...”
ထိုစကား ထွက်ပေါ်လာသည်နှင့် ကျန်ရှိသော သူများ၏ မျက်နှာမှာ ပြောင်းလဲသွားရတော့၏။ ကြားထဲမှ ညှိနှိုင်းပေးရန် ကြံစည်နေသော ဆိုင်ရှင်လော် ပင်လျှင် မျက်နှာကို တင်းကာ ပြောလိုက်လေသည်။
“အိမ်ခြံမြေပွဲစား... ကလေးက အမှန်အတိုင်း ပြောနေတာကို... ဘာလို့ အဲ့ဒီလောက်အထိ ရန်လိုနေရတာလဲဟင်...”
ဆိုင်ရှင်လော် သည် အိမ်ခြံမြေပွဲစားဝမ်တစ်ယောက် မခံနိုင်မှန်း သိသာလှသော စကားများကို ပြောဆိုလိုက်ခြင်း ပင်။အိမ်ခြံမြေပွဲစား သည်လည်း ထပ်မံ၍ မကျေမနပ် ဖြစ်သွားရ၏။ ယနေ့တွင် ဆိုင်ရှင်လော် အား တစ်နေကုန် လိုက်ပို့သော်လည်း မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့ပေ။ မိမိလက်ထဲတွင် ပိတ်မိနေသော ထို ခြောက်လှန့်ခံနေရသည့် အိမ်ကိုလည်း ဤလူများကို ရောင်း၍ မရသဖြင့် သူ စိတ်ပျက်နေမိခြင်း ပင် ဖြစ်ချေသည်။
“လူကြီးမင်းလော်ရယ်... ခင်ဗျားတို့ရဲ့ ဧည့်သည်တွေက ပြုစုရ ခက်လှတာဆိုတော့... ကျွန်တော်လည်း ဆက်ပြီး အလုပ် မလုပ်ပေးနိုင်တော့ပါဘူး... ခွင့်ပြုပါဦးနော်...”
အိမ်ခြံမြေပွဲစားဝမ်သည် ထိုသို့ ပြောဆိုပြီးနောက် သူ၏ အင်္ကျီလက်ကို ဆောင့်ခါလျက် အနောက်ရှိ လူများကို လုံးဝ ဂရုမစိုက်ဘဲ ပြေးထွက်သွားလေတော့သည်။
အိမ်ခြံမြေပွဲစားဝမ်သည် စိတ်ထဲမှနေ၍ တွေးတောနေမိ၏။
ဒီနေရာက လူသူဝေးသလို လမ်းတွေကလည်း ရှုပ်ထွေးလှတာလေ... ဒီလူတစ်စုတော့ လမ်းပျောက်ကြဦးမှာပဲ...။
သို့သော်လည်း သူ၏ ဦးနှောက်မှာ ရှုပ်ထွေးနေသဖြင့် သူ၏ ခြေထောက်အောက်မှ လမ်းကို သတိမပြုမိဘဲ မြေပြင်ပေါ်မှ ထွက်နေသော ကျောက်တုံးတစ်ခုကို တိုက်မိကာ မှောက်လျက် လဲကျသွားလေတော့သည်။ သူ၏ ခေါင်းမှာ မြေပြင်နှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားပြီး မျက်နှာမှ အရေပြားများလည်း ပေါက်ပြဲကာ သွေးများ ကျဆင်းလာခဲ့ချေပြီ။
ကုမိသားစုဝင်များသည် ထို စုတ်ပြတ်နေသော အိမ်တည်ရှိရာ လမ်းကြားအတွင်းမှ ထွက်လာခဲ့ကြသော်လည်း လမ်းပျောက်သွားခဲ့ကြကုန်၏။
“အကယ်၍သာ သမီးတို့ ဖေဖေ သာ ပါလာခဲ့မယ် ဆိုရင်တော့... သူက မှတ်ဉာဏ် အကောင်းဆုံးဆိုတော့ ဒီလို ဖြစ်မှာ မဟုတ်ပါဘူးလေ...”
ကျန်းယွင်နန်က သက်ပြင်းချလျက် ပြောဆိုလိုက်လေသည်။
ရင်းနှီးပြီးသား အိမ်ခြံမြေပွဲစား တစ်ဦး လမ်းပြနေသဖြင့် မည်သူမျှ ထိုသူက အလယ်လမ်းတွင် ပစ်ထားခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြသလို လမ်းကိုလည်း သေသေချာချာ မှတ်သားထားခြင်း မရှိခဲ့ကြချေ။ ဆိုင်ရှင်လော် က လမ်းကြောင်းတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ညွှန်ပြလိုက်လေသည်။
“ဒီဘက် ဖြစ်မယ် ထင်တယ်... ခဏနေရင် လူတစ်ယောက်ယောက်နဲ့ ဆုံတွေ့နိုင်မလား ကြည့်ကြတာပေါ့လေ...”
လူတိုင်း သူ၏ အနောက်မှ လိုက်ပါသွားကြသော်လည်း အချိန်အတော်ကြာ လျှောက်လှမ်းခဲ့သော်လည်း ထို လမ်းခွဲများစွာ ပါဝင်သော လမ်းကြားအတွင်းမှ ထွက်မလာနိုင်ခဲ့ကြချေ။ ယခုအခါ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လမ်းကြားအတွင်းရှိ အမျိုးသားများမှာမူ အလုပ်သွားနေကြသလို ကလေးများနှင့်အတူ ရှိနေသော အမျိုးသမီးများမှာလည်း သူစိမ်းများ တံခါးလာခေါက်လျှင် မဖွင့်ရဲကြသည်မှာ အမှန် ပင်။
“ကျွန်တော်လည်း မတတ်နိုင်တော့ပါဘူး... လမ်းတစ်လျှောက်လုံး သေသေချာချာ မမှတ်မိခဲ့ဘူးလေ... တခြားတစ်ယောက်ကိုပဲ လမ်းမေးကြည့်ကြရအောင်...”
ဆိုင်ရှင်လော် သည် ယခုအခါတွင်မူ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေခဲ့ချေပြီ။
သခင်မကု က နျိုနျိုအား လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
“နျိုနျိုလေး ကိုပဲ လမ်းပြခိုင်းလိုက်ပါ... ကလေးတွေက ဉာဏ်အကောင်းဆုံးပဲလေ... မတော်တဆ လမ်းစ ရှာတွေ့သွားနိုင်တာပေါ့နော်...”
အဘွားအိုသည် နျိုနျိုအား ဆုတောင်းခိုင်းခြင်း မဟုတ်ဘဲ၊ ကလေး၏ ခံစားချက်အတိုင်းသာ လမ်းပြခိုင်းခြင်း ဖြစ်ချေသည်။ နျိုနျိုသည်လည်း သူမ၏ ခံစားချက်အတိုင်းသာ လမ်းစကို လိုက်ရှာနေမိတော့၏။ သို့သော်လည်း အမြဲတမ်း ကံကောင်းတတ်သော နျိုနျိုလေး ပင်လျှင် လမ်းကြားအတွင်း အချိန်အတော်ကြာ လည်ပတ်နေခဲ့သော်လည်း လမ်းစကို ရှာမတွေ့ခဲ့ပေ။
လူတိုင်းမှာ ပင်ပန်းနွမ်းနယ်နေကြသလို ဗိုက်လည်း ဆာလောင်နေကြသဖြင့် ခြေလှမ်းများမှာလည်း လေးလံနေတော့၏။ နျိုနျိုသည်လည်း ဗိုက်ကလေးကို အုပ်ကာ ဆိုင်ရှင်လော် ၏ ပွေ့ချီခြင်းကို ခံယူထားရလေသည်။
ဗိုက်ဆာလွန်းသဖြင့် ထင်ယောင်ထင်မှား ဖြစ်နေကြသည်လား မသိ။
“အရမ်း မွှေးတာပဲနော်...”
လူတိုင်း ထို ရနံ့နောက်သို့ လိုက်ပါသွားကြရာ လမ်းကြား၏ အဆုံးတွင် စင်တစ်ခု နှင့် မီးဖိုပါသော လှည်းလေး တစ်စီးကို တွေ့လိုက်ရလေတော့သည်။ ထို လှည်းလေးပေါ်မှ အခိုးအငွေ့များ ထွက်ပေါ်နေသလို မုတ်ဆိတ်မွေးများနှင့် အဘိုးအို တစ်ဦးလည်း ရှိနေတော့၏။ ဘေးရှိ စားပွဲတွင်လည်း မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
ဆိုင်ရှင်လော် သည် နျိုနျိုအား ပွေ့ချီလျက် သူ၏ နောက်ဆုံးသော အင်အားကို သုံးကာ ပြေးသွားလိုက်လေသည်။
“ခေါက်ဆွဲ... ခေါက်ဆွဲ မြန်မြန် ချက်ပေးပါဦး... တို့တွေ အကုန်လုံးအတွက် တစ်ပန်းကန်စီ အရင် ပေးပါဦးနော်...”
ထိုသက်လတ်ပိုင်း အမျိုးသားသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“အဘိုးလော့.. အဘိုးကပဲ ကျွန်တော်က အဘိုးရဲ့ စီးပွားရေးကို နှောင့်နှေးအောင် လုပ်တယ်လို့ ပြောနေတာလေ... ကြည့်စမ်း... အခု စီးပွားရေး ရောက်လာပြီ မဟုတ်လား...”
ခေါက်ဆွဲချက်နေသော အဘိုးလော့သည် ထိုစကားကြောင့် ပြုံးလျက် ပြန်ပြောလိုက်၏။
“ဆရာချန်ရဲ့ အစီအမံက တကယ်ကို တော်ပါတယ်ဗျာ... ကျွန်တော်ကပဲ စကားမှားသွားမိတာပါ... ခွင့်လွှတ်ပေးပါဦးနော်...”
ထို ဆရာချန် ဟု ခေါ်သော အမျိုးသားသည် ဂုဏ်ယူသော ပုံစံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်ပြောသားပဲ မဟုတ်လား... ကျွန်တော်က နိမိတ်ဖတ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူပါလို့... ဒီနေ့တော့ အဘိုး သေချာပေါက် ချမ်းသာလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား... အခုတော့ ကျွန်တော့်ရဲ့ ဟောကိန်းက မှန်တယ်လို့ ဝန်ခံရတော့မှာပေါ့လေ...”