နောက်ထပ် တစ်ပန်းကန်
Vol. 22 Ch. 219
အဘိုးလော့သည် အလျင်အမြန်ပင် ထပ်မံ၍ မြှောက်ပင့် ပြောဆိုလိုက်ပြန်သည်။ သို့သော်လည်း အဘိုးအိုက စိတ်ထဲမှနေ၍ တွေးတောနေမိသည်။
ဆရာချန် က ဆယ်ကြိမ် ဟောရင် ဆယ်ကြိမ်လုံး မမှန်တဲ့သူလေ... ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် မှန်သွားလို့သာ ကံကောင်းသွားတာပေါ့...။
စားပွဲလေးမှာ အလွန်ပင် သေးငယ်သော်လည်း ထိုင်ခုံ ခြောက်လုံး ရှိပေသည်။ ဆရာချန် က တစ်လုံး ယူထားသဖြင့် ငါးလုံး ကျန်ရှိရာ ကုမိသားစုဝင်များ ထိုင်ရန်အတွက် ကွက်တိပင် ဖြစ်ချေသည်။ ဆိုင်ရှင်လော်မှာမူ မြေပြင်ပေါ်တွင်သာ ဒူးထောက် ထိုင်လိုက်ရလေတော့သည်။ သူသည် သူ၏ နေရာကို ဖယ်ပေးလိုက်သော်လည်း စိတ်ထဲမှမူ မကျေမနပ် ဖြစ်နေဆဲ ပင်။
“ဒီလူကို ကျွန်တော့် ဝမ်းကွဲနှမ က အကြံပေးလိုက်လို့ပါ... သူက ဒီလို လူမျိုးမှန်း ကြိုမသိခဲ့ဘူးလေ... တော်ပါသေးတယ်... ဟုန်ယဲ့ လမ်းကြားက အိမ်ကို မဝယ်ဖြစ်လိုက်လို့ပေါ့... သူ့ရဲ့ စရိုက်ကို ကြည့်ရုံနဲ့တင် အဲ့ဒီအိမ်မှာ တစ်ခုခု မှားနေမှန်း သိသာနေတာပဲလေ...”
ဆိုင်ရှင်လော် မှာမူ ထိတ်လန့်နေဆဲ ပင် ဖြစ်ချေသည်။ လော်မိသားစုသည် မြို့တော်တွင် စီးပွားရေး အများကြီး မရှိသလို သူ၏ ဝမ်းကွဲနှမ ကသာ အမြဲ ကိုင်တွယ်နေသဖြင့် ဆိုင်ရှင်လော် သည် မြို့တော်အကြောင်းကို သိပ်ပြီး မနှံ့စပ်လှသည်မှာ အမှန် ပင်။
“ဆိုင်ရှင်လော် ရယ်... ဒါက မင်းရဲ့ အမှား မဟုတ်မှန်း တို့တွေ နားလည်ပါတယ်... ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့နော်...”
သခင်မကု က ရှေ့ထွက်ကာ နှစ်သိမ့်လိုက်လေသည်။
ဆိုင်ရှင်လော် က သက်ပြင်းချလျက် ပြောလိုက်၏။
“အိမ်ကိုတော့ ဖြည်းဖြည်းချင်းပဲ ထပ်ရှာကြည့်ရမှာပေါ့လေ... ဒီရက်ပိုင်းမှာ ယုံကြည်ရတဲ့ အိမ်ခြံမြေပွဲစား ရှိ၊ မရှိ စုံစမ်းကြည့်ရဦးမယ်...”
စကားပြောနေစဉ်အတွင်းမှာပင် နောက်ထပ် လူတစ်ဦး ထို ဆိုင်လေးထံသို့ ရောက်ရှိလာခဲ့ချေပြီ။ သူသည် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ဖြစ်ပေသည်။ ခေါက်ဆွဲစားနေသော ဆရာချန် က ထိုလူငယ်အား ဆွဲလိုက်ပြီး ပြောလိုက်၏။
“ကောင်လေး လီ .. ငါ ဟောပေးမယ်... မင်း ဒီနေ့ သေချာပေါက် ချမ်းသာလိမ့်မယ်လေ... အကယ်၍ တကယ်သာ ချမ်းသာခဲ့ရင်တော့... ငါ့ကို ခေါက်ဆွဲ ပြန်ကျွေးရမယ်နော်... ဟုတ်ပြီလား...”
ထိုလူငယ်သည် ထိုစကားကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။
“ဟုတ်ပါပြီ... ဆရာချန် ရဲ့ မင်္ဂလာစကားအတိုင်းပါပဲလေ... အကယ်၍ ကျွန်တော် ချမ်းသာမလာရင်တောင်မှ... ဒီ ခေါက်ဆွဲ တစ်ပန်းကန်ကိုတော့ ကျွန်တော်ပဲ ဧည့်ခံပါ့မယ်နော်...”
သို့သော်လည်း ဆရာချန် က ပြောလိုက်၏။
“ငါက အမြတ်ထုတ်ချင်တဲ့သူ မဟုတ်ပါဘူးလေ... မင်း တကယ် ချမ်းသာလာမှပဲ ကျွေးပါတော့နော်...”
ထိုလူငယ်သည် မတတ်သာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူသည် ဆရာချန် ၏ စရိုက်ကို ကောင်းစွာ သိရှိထားသည်။ သူသည် မိမိအား ဧည့်ခံရန်သာ ပြောဆိုသော်လည်း အလုပ်လုပ်နေသော အဘိုးလော့ကိုမူ ထိုသို့ မပြောဆိုခဲ့သည်မှာ ထူးခြားလှပေသည်။
ဆရာချန် သည် ဆိုင်ရှင်လော် ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
“ခင်ဗျားတို့ ပြောတာတွေကို ကျွန်တော် နားထောင်နေမိတာပါလေ... ဒီကောင်လေးကလည်း အိမ်ခြံမြေပွဲစား တစ်ယောက်ပါပဲ... သူက ငယ်ပေမဲ့လည်း တကယ့်ကို ရိုးသားတဲ့သူပါ... ဘယ်လို အိမ်မျိုး လိုချင်လဲ ဆိုတာကို သူ့ကိုသာ ပြောပြလိုက်ပါ... သူကတော့ သင့်တော်တဲ့ နေရာကို ရှာပေးနိုင်မှာပါလေ...”
အိမ်ခြံမြေပွဲစားလီသည် ဤမျှအထိ ကြီးမားလှသော အခွင့်အရေးကို မမျှော်လင့်ထားသဖြင့် ကုမိသားစုဝင်များအား မျှော်လင့်တကြီးဖြင့် လှမ်းကြည့်နေတော့၏။ အိမ်တိုင်ရာရောက် လာရောက် ကမ်းလှမ်းခြင်း ဖြစ်သဖြင့် ဆိုင်ရှင်လော် သည်လည်း မငြင်းဆန်ခဲ့ဘဲ သူ၏ တောင်းဆိုချက်များကို သေသေချာချာ ပြောပြလိုက်လေသည်။
သူသည် ဟုန်ယဲ့ လမ်းကြား ရှိ အိမ်ကို သတိရလိုက်သဖြင့် ပြောလိုက်၏။
“ဟုန်ယဲ့ လမ်းကြား က လူသူဝေးတာ မှန်ပေမဲ့... ကျွန်တော် နေတဲ့ နေရာနဲ့တော့ နီးတယ်လေ... အဲ့ဒီမှာ ဒီလိုမျိုး အိမ်တွေ ရှိဦးမလားဆိုတာ ဝိုင်းကြည့်ပေးပါဦးနော်...”
အိမ်ခြံမြေပွဲစားလီသည် ဆိုင်ရှင်လော် ၏ ပြောပြချက်များကို နားထောင်ပြီးနောက် မေးမြန်းလိုက်လေသည်။
“ခုနက အိမ်ခြံမြေပွဲစား ရဲ့ မျိုးရိုးက ဝမ် လားဟင်... ခင်ဗျားတို့ ကြည့်ခဲ့တဲ့ အိမ်ရဲ့ ခြံထဲမှာ လောကတ်ပင်အကြီးကြီး တစ်ပင် ရှိလားဟင်...”
ဆိုင်ရှင်လော် က ခေါင်းညိတ်ပြသည်။ အိမ်ခြံမြေပွဲစားလီက ပြောလိုက်၏။
“တော်ပါသေးတယ်... အဲ့ဒီအိမ်ကို မဝယ်ဖြစ်လိုက်လို့ပေါ့...”
ဆိုင်ရှင်လော် က ထိတ်လန့်သွားရ၏။
“အဲ့ဒီအိမ်က တကယ်ပဲ မသင့်တော်လို့လားဟင်...”
အိမ်ခြံမြေပွဲစားလီက သက်ပြင်းချလျက် ရှင်းပြလိုက်လေသည်။
“အဲ့ဒါက ဟုန်ယဲ့ လမ်းကြား မှာ နာမည်ကြီးလှတဲ့ ခြောက်လှန့်ခံနေရတဲ့ အိမ်လေ... ဝယ်တဲ့သူ သုံးဦးစလုံးဟာ အဲ့ဒီအိမ်မှာ နေပြီးတော့ မိသားစုတွေ ပျက်စီးကုန်ကြတာလေ... ဝမ် အိမ်ခြံမြေပွဲစား က ဈေးသက်သာလို့ ဆိုပြီး ဝယ်ထားတာ မှန်ပေမဲ့... သူကိုယ်တိုင်တော့ မနေရဲဘဲ တခြားသူတွေကို ပြန်ပြီး ရောင်းစားချင်နေတာပေါ့လေ...”
ထိုစကားကို ကြားလိုက်ရသည်နှင့် ကုမိသားစုဝင် အားလုံးမှာ ကျောထဲ စိမ့်တက်သွားရတော့၏။ ဆိုင်ရှင်လော် မှာမူ အလွန်ပင် ဒေါသထွက်သွားရလေသည်။
“တော်ပါသေးတယ်... ဘာမှ မဖြစ်သွားလို့ပေါ့... တို့ နျိုနျိုလေး က အဲ့ဒီအိမ်ကို မကြိုက်ဘူးလို့ ပြောကတည်းက တစ်ခုခု မှားနေမှန်း သိသာနေတာပဲလေ...”
လျူရှောင်ရူ က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဆိုင်ရှင်လော် က ခေါင်းကို တွင်တွင်ညိတ်ပြလိုက်၏။ သူသည် စီးပွားရေးသမား တစ်ဦး ဖြစ်ရာ အယူသည်းသူ တစ်ဦးလည်း ဖြစ်သည်။ သူသည် နျိုနျို၏ ထူးခြားမှုကို မသိသော်ငြား ကလေးမလေးက ဖြူစင်သော စိတ်ထား ရှိသဖြင့် ထိုအိမ်ကို မနှစ်သက်ခြင်း ဖြစ်လိမ့်မည်ဟုသာ ယူဆလိုက်လေသည်။
အိမ်ခြံမြေပွဲစားလီက ထပ်ပြောလိုက်ပြန်သည်။
“ဟုန်ယဲ့ လမ်းကြား မှာ ရောင်းမယ့် အိမ်တွေ အများကြီး ရှိပါတယ်လေ... ခင်ဗျားတို့က အလုပ်ရုံ ဖွင့်မှာ ဆိုတော့... အိမ်ခြံမြေပွဲစားဝမ်က ခင်ဗျားတို့ကို ဒီကို မခေါ်လာသင့်ဘူးလေ... ဒီနေရာမှာက သင့်တော်တဲ့ အိမ်မျိုး မရှိပါဘူးနော်...”
ဆိုင်ရှင်လော် သည် ထိုစကားကို ကြားသောအခါ အိမ်ခြံမြေပွဲစားဝမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့၏။ ထိုသူသည် ကုမိသားစုအား ဟုန်ယဲ့ လမ်းကြား ရှိ အိမ်ကို ဝယ်ယူရန်အတွက် အတင်းအကျပ် လုပ်ဆောင်နေခြင်းပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင်ထိုအချိန်မှာပင် ဆိုင်ရှင်လော် မှာယူထားသော ခေါက်ဆွဲများ ရောက်ရှိလာခဲ့ချေပြီ။
အသားစင်း နှင့် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက် ပါဝင်သည့် ခေါက်ဆွဲ ပင် ဖြစ်ချေသည်။ တစ်လုပ် မြည်းစမ်းကြည့်လိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်ပသွားကြကုန်၏။
လမ်းကြားအတွင်းမှ မထွက်နိုင်သေးသော်လည်း ဤနေရာတွင် တကယ့် အရသာရှိသော အစားအစာ ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များမှာ ကြွပ်ရွနေသလို ခေါက်ဆွဲမှာလည်း အလွန်ပင် စားလို့ကောင်းလှပေသည်။
“အဘိုးလော့... ဒီ ခေါက်ဆွဲတွေနဲ့ အချဉ်တွေကို အဘိုးကိုယ်တိုင်ပဲ လုပ်တာလားဟင်...”
ဆိုင်ရှင်လော် က မေးမြန်းလိုက်သည်။
အဘိုးလော့က ပြုံးလျက် ပြန်ဖြေလိုက်၏။
“ခေါက်ဆွဲကိုတော့ ကျွန်တော် ကိုယ်တိုင် လုပ်တာပါ... အချဉ်တွေကိုတော့ ကျွန်တော့် မိန်းမ က လုပ်ပေးတာပေါ့လေ...”
ဆိုင်ရှင်လော် က ခေါင်းညိတ်ပြပြီးနောက် ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“တစ်နေ့ကို ခေါက်ဆွဲ ဘယ်နှပန်းကန်လောက် ရောင်းရလဲဟင်... အကုန် ရောင်းကုန်ရဲ့လားဟင်...”
အဘိုးလော့သည် သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“ကျွန်တော့်ကို အထင်မသေးပါနဲ့ဦး... ဒါက စီးပွားရေး သေးသေးလေး ဆိုပေမဲ့... ကျွန်တော့် ဆိုင်မှာက ပုံမှန် ဖောက်သည်တွေ အများကြီး ရှိတာလေ... ကျွန်တော်နဲ့ မိန်းမ က မနက်၊ နေ့လယ်၊ ည သုံးကြိမ်စလုံး ထွက်ရောင်းတာဆိုတော့... တစ်နေ့ကို ပန်းကန် နှစ်ရာကျော်လောက် ရောင်းရပါတယ်လေ...”
ခေါက်ဆွဲ တစ်ပန်းကန်လျှင် ငါးပြား ဈေးရှိရာ ပန်းကန် နှစ်ရာ ဆိုလျှင် ငွေ တစ်တုံးခန့် ရရှိပေသည်။ သို့သော်လည်း ခေါက်ဆွဲတွင် အရင်းအနှီး ရှိသည်။ ဆိုင်ရှင်လော် ၏ ခန့်မှန်းချက်အရ အသား၊ ဆီ၊ အချဉ် နှင့် ဂျုံမှုန့် တို့အပြင် မီးသွေးဖိုးပါ ပေါင်းလိုက်လျှင် တစ်ပန်းကန်လျှင် လေးပြားခန့် ကုန်ကျနိုင်သဖြင့် အမြတ်မှာ တစ်ပြားထက် ပိုရရန် ခက်ခဲလှပေသည်။ ဤသည်မှာ အနည်းငယ်သော အမြတ်ဖြင့် အများအပြား ရောင်းချရသည့် စီးပွားရေးမျိုး ပင် ဖြစ်ချေသည်။
တစ်နေ့လျှင် အလွန်ဆုံး ရရှိလှမှ ငွေ နှစ်တုံးခန့်သာ ရရှိမည် ဖြစ်သလို မိုးရွာ၊ နှင်းကျသည့် ရက်များတွင်မူ အပြင်ထွက်၍ မရသဖြင့် လစာမှာ ငွေ ခြောက်တုံးထက် ပိုရန် ခက်ခဲလှပေသည်။ သို့သော်လည်း သာမန်လူများ အတွက်မူ ဤသည်မှာ မိသားစုကို ထောက်ပံ့ရန်အတွက် လုံလောက်လှပေသည်။
“အဘိုးလော့... နောက်ကျရင် ကျွန်တော် မြို့တော်မှာ စားသောက်ဆိုင် တစ်ခု ဖွင့်ဖို့ စီစဉ်ထားတယ်လေ... အဘိုးကို လတိုင်း ငွေ ဆယ်တုံး ပေးမယ်... ကျွန်တော့် ဆိုင်မှာ လာပြီး ခေါက်ဆွဲ ချက်ပေးလို့ ရမလားဟင်...”
ဆိုင်ရှင်လော်က ထိုသို့ ကမ်းလှမ်းလိုက်လေသည်။
အဘိုးလော့၏ ခေါက်ဆွဲမှာ တကယ်ပင် စားလို့ကောင်းလှပေသည်။ သူ၏ ပညာရပ်များကို သူ၏ သားများကို သင်ပေးသော်လည်း မတတ်မြောက်ခဲ့ကြသည်မှာ အမှန် ပင်။ အကယ်၍ သားဖြစ်သူများက ကူညီမပေးနိုင်ခဲ့ပါက အဘိုးလော့သည် ယခုအရွယ်ကြီးအထိ အပြင်ထွက်ကာ အသည်းအသန် ရောင်းချနေရဦးမည်။
ယခုအခါ သူသည် ဆိုင်ရှင်လော် ၏ ကမ်းလှမ်းမှုကို ကြားလိုက်ရသောအခါ ခဏတာ ကြောင်အသွားရရှာ၏။
“လူကြီးမင်းရယ်... ကျွန်တော့်ကို လာနောက်နေတာလားဟင်... ကျွန်တော်က အသက်ကြီးပြီ ဖြစ်သလို ခေါက်ဆွဲပဲ ချက်တတ်တာလေ... ဒီလိုမျိုးတော့ မနောက်ပါနဲ့တော့နော်...”
ဆိုင်ရှင်လော် ကမူ အလေးမထားပေ။ သူ စားသောက်ဆိုင်အတွက် စားတော်ကဲများ ငှားရမ်းသည့် အခါတွင်လည်း ဤနည်းလမ်းကိုသာ သုံးစွဲလေ့ ရှိသည် မဟုတ်ပါလား။
“အဘိုးသာ သဘောတူမယ် ဆိုရင်တော့... ကျွန်တော် အရင်ဆုံးစရံအဖြစ် ငွေ ငါးတုံး ပေးထားမယ်လေ... စားသောက်ဆိုင် ကိစ္စတွေ အဆင်ပြေသွားမှပဲ အဘိုးကို လာခေါ်တော့မယ်... ဘယ်လိုလဲဟင်...”
အဘိုးလော်သည် ထိုသူ ထုတ်ပေးလာသော ငွေ ငါးတုံးကို မြင်လိုက်ရသောအခါ သူ၏ သံသယများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ချေပြီ။ သူသည် တကယ့် ဖောက်သည်ကောင်း တစ်ဦးနှင့် ဆုံတွေ့လိုက်ရမှန်း သိလိုက်ရသည်။
စားသောက်ဆိုင်မှာ အေးအေးဆေးဆေး အလုပ်လုပ်ရမည် ဖြစ်ရာ လေတိုက်၊ မိုးရွာထဲတွင် မည်သူက အပြင်ထွက်ကာ ရောင်းချချင်ပါမည်နည်း။ စားသောက်ဆိုင်မှာ အလုပ်လုပ်ခြင်းက ပို၍ တည်ငြိမ်သလို သိက္ခာလည်း ရှိသည်။ ပိုက်ဆံလည်း ပိုရသည်မှာ သေချာလှပေသည်။ အကယ်၍ သူ၏ သားသမီးများက ပညာတတ်မြောက်သွားလျှင်လည်း နောင်တွင် ကိုယ်ပိုင် လှည်းလေးဖြင့် ဆက်လက် ရောင်းချနိုင်သေးသည်။
စားသောက်ဆိုင် နှင့် လမ်းဘေးဆိုင် တို့၏ ဖောက်သည်များမှာ မတူညီကြသဖြင့် အဘိုးလော့အတွက်မူ ဤသည်မှာ အရှုံးမရှိသော စီးပွားရေး တစ်ခု ပင် ဖြစ်ချေသည်။
“သခင်ကြီး... နောင်ကျရင် ကျွန်တော့်ရဲ့ သခင်ကြီး ပါပဲလေ... ဒီနေ့တော့ ကျွန်တော် အဘိုးလော့ကပဲ ဧည့်ခံပါရစေနော်...”
အဘိုးလော့သည် ငွေ ငါးတုံး ရရှိသွားသဖြင့်၊ ရက်ရက်ရောရောပင် ပြောဆိုလိုက်လေတော့သည်။
ဆရာချန် ကမူ ချက်ချင်းပင် ဝင်ပြောလိုက်၏။
“ဒါဆိုရင်တော့... ငါ့ကို နောက်ထပ် တစ်ပန်းကန် ထပ်ပေးဦးလေ...”
အဘိုးလော့၏ မျက်နှာတွင် နှမြောတသသော အမူအရာလေး တစ်ချက် ပေါ်ထွက်လာသော်လည်း ဆရာချန် အား နောက်ထပ် ခေါက်ဆွဲ တစ်ပန်းကန်ကို ထပ်မံ ပေးလိုက်လေတော့သည်။