← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

Ch 3

(နတ်ဆိုးဂိုဏ်းပုံစံ)

လုယန်အခန်းထဲက ထွက်လာသည်နှင့် အသင့်စောင့်နေတဲ့သူကို တွေ့လိုက်ရသည်။

အစောပိုင်းက တာဝန်ခွဲပေးခဲ့တဲ့ မြေခွေးမျက်လုံးနဲ့ ထိုအမဲရောင်ဝတ် ကျင့်ကြံသူကို တွေ့လိုက်ရသောကြောင့် လုယန် အနည်းငယ်လန့်သွား၏။

“ဂိုဏ်းတူအကိုကို နှုတ်ဆက်ပါတယ်”

လုယန် လျှင်မြန်စွာ အရိုအသေပေးလိုက်သည်။

“မင်းကတကယ်တော်တာပဲ၊ အရည်အချင်းရှိတယ်”

ထိုသူက အပြုံးတစ်ခုနှင့် ဆက်ပြောလာသည်။

“ကျုပ်အစက ယုစုကျန်းက စွမ်းဆောင်ရည်ရှိတဲ့ ကောင်လေးတစ်ယောက်ကို ဆွဲခေါ်ထားပြီး အဆင့်တက်တော့မှာကြားလို့ ရောက်လာခဲ့တာ။ မထင်ထားဘူး.. အဲ့ဒီ ကောက်ကျစ်တဲ့မိန်းမ သေသွားရလိမ့်မယ်လို့”

ထို့နောက် ထိုသူက လုယန်ကို အဓိပ္ပါယ်တစ်ချို့ဖြင့် စိုက်ကြည့်နေပါသေး၏။

သုံးရက်.. သုံးရက်တိတိတောင်လေ..

ယုစုကျန်း၏ တောင်းဆိုသံတွေကို အခန်းပြင်ကနေတောင် ကြားနေရသည်.. သူ့လောက် အတွေ့အကြုံများသည့်သူတောင်မှ မနေနိုင်အောင် လေးစားခဲ့ရ၏။

ထိုကောင်လေးသာ မသေသရွေ့ အနာဂတ်မှာ ဂိုဏ်းရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာမှာပဲ။

“ကျုပ်နဲ့လိုက်ခဲ့”

ထိုအမဲရောင်ဝတ်ကျင့်ကြံသူ၏ နာမည်က လျိုရှင်း ဖြစ်ပြီး အတွင်းဂိတ် တောင်ထွတ်လေးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ပြုပြင်တောင်ထွတ်၏ တရားဝင်တပည့်တစ်ယောက်ဖြစ်သည်။ ဂိုဏ်းကို သုံးနှစ်တစ်ကြိမ် ရောက်လာသော တပည့်အသစ်များကို တာဝန်ခွဲအပ်ပေးရေးအတွက် တာဝန်ရှိလေသည်။

“အပြင်ခန်းမလေးခုနဲ့ အတွင်းတောင်ထွတ်လေးခုက အချင်းချင်း ထောက်ပံ့ကြတယ်လို့ ပြောလို့ရတယ်”

လျိုရှင်းက စိတ်ဝင်တစား ရှင်းပြသည်။

“ဂိုဏ်းခေါင်းဆောင်နေတဲ့ အထွတ်အမြတ်မီးတောင်ကလွဲရင် ဂိုဏ်းရဲ့ နေရာတော်တော်များများကို အတွင်းတောင်ထွတ်လေးခုက အများဆုံးစီမံတာလို့ ပြောလို့ရတယ်”

“မင်းက ဖျော်ဖြေရေးခန်းမကနေ ထွက်လာပြီဆိုတော့ ကျုပ်ရဲ့ကောင်းကင်ပြုပြင် တောင်ထွတ်ကို လာခဲ့ပါ။ ကျုပ်စာရင်းသွင်းပေးမယ်”

အခုလို တစ်စုံတစ်ယောက် လမ်းပြပေးခြင်းကို လုယန် အလိုအပ်ဆုံးဖြစ်နေသည်မို့ လျှင်မြန်စွာ ပြောလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကိုလျို”

“အာ၊ ရတယ်.. ဒါကကျုပ်တာဝန်ပဲကို”

“စာရင်းသွင်းပြီးရင် ကျုပ်မင်းကို တစ်ခြားအပြင်ခန်းမ သုံးခုဆီ လိုက်ပို့ပေးမယ်။ တရားဝင်တပည့်တွေအတွက် ဂိုဏ်းဘက်က အစဦးလက်ဆောင်ပေးတာမျိုး ရှိတယ်”

“ဂိုဏ်းရဲ့စည်းမျဥ်းအရ တရားဝင်တပည့်တိုင်း တစ်ကြိမ်ပဲ ရရှိနိုင်မဲ့ အခွင့်အရေးပဲ”

“အကယ်လို့ အတွင်းဂိတ်ထဲ ဝင်ပြီးသွားရင်.. အဲ့လိုပစ္စည်းတွေကို အလွယ်မရတော့ဘူး။ ဂိုဏ်းကပေးတဲ့ တာဝန်တွေလုပ်ပြီးအကဲဖြတ်အမှတ်တွေ ပြန်ရမှ လိုချင်တဲ့ပစ္စည်းကို ဝယ်လို့ရတော့မယ်”

လုယန် မျက်မှောင်ကြုတ်ကာ မေးလိုက်တော့၏။

“အကဲဖြတ်အမှတ်ဟုတ်လား”

“အလွယ်ပြောရရင် ဂိုဏ်းအတွင်းက ငွေကြေးပေါ့ကွာ” လျိုရှင်းက ရှင်းပြသည်။

“မင်း စာရင်းသွင်းပြီးသွားပြီဆိုရင် မင်းရဲ့ ကိုယ်ပိုင်ကျောက်စိမ်းပြားကနေ ကြည့်လို့ရလိမ့်မယ်”

သိချင်သွားသော လုယန်က ချက်ချင်းပဲ လျိုရှင်းနဲ့ စာရင်းသွင်းဖို့ လိုက်သွားလိုက်၏။

စာရင်းသွင်းရတာက တော်တော်လေး ရိုးရှင်းပါသည်.. ဂိုဏ်းကို စဝင်တဲ့အချိန်မှာ ထွန်းခဲ့ရတဲ့ အသက်မီးအိမ်ကို အပြင်ဂိတ်နေရာကနေ အတွင်းဂိတ်နေရာကို ​ပြောင်းလိုက်ရုံသာ ဖြစ်သည်။

ထို့နောက် လုယန်က ချီစွမ်းအင်ဖြင့် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်ရာ.. စာတစ်ကြောင်း ထွက်ပေါ်လာသည်။

“တရားဝင်တပည့်လုယန်”

“တရားဝင်တပည့်တစ်ယောက် ဖြစ်လာတဲ့အတွက် ဂိုဏ်းက အမှတ်ငါးဆယ် အလကားပေးထားတယ်။ အဲ့ဒါကို ဝိညာဥ်ကျောက်တုံး၊ သိုင်း၊ ​မှော်ပစ္စည်း၊ ကျင့်ကြံမဲ့ဂူ.. အဲ့လို ကိုယ်လိုတာနဲ့ လဲပေါ့ကွာ”

“အတွင်းဂိတ်ကို ရောက်လာရင် ကိုယ်နေမဲ့ ဂူကိုငှားဖို့ တစ်လကို အမှတ်သုံးဆယ် ပေးရတယ်။ အဲ့ဂူကို အပိုင်ဝယ်ချင်လဲ ရတယ်။ တရားဝင်တပည့်တစ်ယောက်က ဆယ်နှစ်အတွင်း ဝယ်မယ်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးတယ်”

အများကြီး နားထောင်ပြီးနောက်မှာ လုယန် အဓိကအချက်ကို သဘောပေါက်လိုက်သည်။

…..ဒီအတွင်းဂိတ်ကဘဝက လုံးလုံးလျားလျားကြီး ပိုက်ဆံအပေါ် မူတည်နေတာပဲ…..

အကဲဖြတ်အမှတ်တွေ ရှိနေသရွေ့.. လိုချင်တဲ့ ကျင့်စဥ်၊ ရတနာ၊ ဆေးလုံး.. ကြိုက်တာယူလို့ရပြီး ကမ္ဘာပတ်ချင်တောင် ပတ်လို့ရသည်။

အကဲဖြတ်အမှတ် မရှိလို့ကတော့.. နေစရာဂူတောင်ရှိမှာမဟုတ်ဘူး။

ထို့နောက် လျိုရှင်းက ဂိုဏ်း၏ အစဦးလက်ဆောင်ဆိုတာကို ဆက်လက်ရှင်းပြသည်။

တရားဝင်တပည့်အသစ်တိုင်းက ကိုယ်ပိုင် ကျောက်စိမ်းပြားကိုသုံးပြီး ရတနာခန်းမကနေ မှော်ပစ္စည်းတစ်ခု၊ သားရဲထိန်းကျောင်းခန်းမကနေ ဝိညာဥ်သားရဲအဖော်တစ်ကောင်၊ ဆေးဖော်ခန်းမကနေ ဆေးတစ်လုံးနဲ့ ဖျော်ဖြေရေးခန်းမကနေ နှစ်ကိုယ်တွဲကျင့်ကြံရေးအတွက် မီးဖိုတစ်လုံး ရရှိမှာဖြစ်သည်။

“ဒါဆိုရင်တော့ တကယ်ကို တန်လွန်းတဲ့အစဦးလက်ဆောင်ပဲ”

ထိုအတွေးဖြင့် လုယန်က ကျောက်စိမ်းပြားအတွင်းမှ ရနိုင်သော ပစ္စည်းများကို စစ်ဆေးလိုက်တော့၏။

ထိုအထဲမှ ဈေးအနည်းဆုံးကတောင် အကဲဖြတ်မှတ်တစ်ရာ ကျသင့်သည်။

သို့သော် ဂိုဏ်းတာဝန်တွေအတွက် ပြန်ရသော အကဲဖြတ်မှတ်ကတော့ အများအားဖြင့် ခုကဏန်းသာဖြစ်ပြီး ဆယ်ကဏန်းတောင် အလွန်ရှားသည်။

ထို့ကြောင့် တရားဝင်တပည့်အသစ်တွေ ရရှိသည့် အမှတ်လေးရာက တော်တော်လေး များပြားသည့်ပမာဏဟု ပြောလို့ရနိုင်ပါသည်။

လုယန် နောက်ဆုံးတော့ ရတနာခန်းမကို ရောက်လာခဲ့သည်။

ရတနာခန်းမ၏ တာဝန်ရှိတပည့် ချန်ဟောင်ကလဲ တရားဝင်တပည့်တစ်ဦးဖြစ်ပြီး ခန်းမထိန်းတာဝန်ကို ဆောင်ရွက်နေသူတစ်ဦးပင်။

ဒီလိုမျိုး တိကျသော ရာထူးမျိုးက အကဲဖြတ်မှတ်အများဆုံး တာဝန်ဟု ဆိုနိုင်ပါသည်။

တစ်ချိန်ထဲမှာ အကဲဖြတ်အမှတ်ကို ပုံသေရှာဖွေနိုင်ပြီး တာဝန်ကလည်း လွယ်ကူသည်။

သို့ပေမဲ့ ဒီလိုတာဝန်မျိုးက အဆက်အသွယ်မရှိဘဲ ရမလာနိုင်ဘူး။

“ဂိုဏ်းတူအကိုလျို..မတွေ့တာကြာပြီဗျာ”

ရတနာခန်းမကိုရောက်သည်နှင့် ချန်ဟောင်က အရင်ဆုံး လက်ယပ်ခေါ်လာတာကို တွေ့လိုက်ရပြီး ထိုသူက လျိုရှင်းဘက်လှည့်ကာ တက်ကြွစွာ စကားပြောတော့သည်။

“တပည့်အသစ် ခေါ်လာပြန်တာလား”

“ဒါပေါ့”

လျိုရှင်းက အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ပြီးမှ ဆက်ပြော၏။

“မင်းသိပါတယ်.. ရတနာခန်းမရဲ့ အကောင်းဆုံးမှော်ပစ္စည်းကို ထုတ်ခဲ့ပေး။ ကျုပ်ရဲ့ညီလေးလု အတွက် ပေးရအောင်”

“ရစေရမယ်”

ချန်ဟောင် တက်ကြွစွာ ခေါင်းညိတ်ပြလိုက်ပြီး အတွင်းခြံဝန်းထဲကို ဦး​ဆောင်ဝင်သွားလိုက်သည်။

သို့သော် အနည်းငယ် လမ်းလျှောက်ပြီးသည်နှင့် လုယန် မနေနိုင်စွာ မျက်မှောင်ကြုတ်ဖြင့် မေးလိုက်တော့၏။

“ဒါက.. လူနေတဲ့နေရာကြီးမဟုတ်ဘူးလား”

ရတနာသိမ်းဆည်းတဲ့နေရာက ဂိုထောင်တစ်ခု ဖြစ်သင့်သည်လေ..

ချန်ဟောင်ရဲ့ ပုံစံက ပထမရှုတ်ထွေးသွားပြီးမှ ရုတ်တရက် သဘောပေါက်သွားကာ ရယ်မောရင်း ရှင်းပြလာသည်။

“ ဂိုဏ်းတူညီလေးလု မသိသေးတာ၊ အကောင်းဆုံးမှော်ပစ္စည်းက ဒီမှာပဲရှိတယ်”

ထိုအချိန်မှာ သူတို့သုံးယောက်လုံး အခန်းတစ်ခုအရှေ့ ရောက်လာခဲ့သည်။

“ဒီအခန်းထဲက တပည့်က အပြင်ခန်းမကို ရောက်လာတာ သုံးနှစ်ရှိပြီ.. သူ့ရဲ့အတွေးအခေါ်က နည်းနည်းခေါင်းမာတော့ နောက်ဆုံးမှာ သူ့ကျင့်ကြံရေးက သွေဖယ်သွားခဲ့တယ်လေ”

ချန်ဟောင်က တံခါးကိုတွန်းဖွင့်လိုက်သည်။

လုယန် မြင်လိုက်ရတာက.. အခန်းအလယ်တည့်တည့်က တရားထိုင်ဖျာပေါ်မှာ ကြာပန်းပုံထိုင်ကာ မျက်လုံးကိုတင်းနေအောင် ပိတ်ထားသော ကျင့်ကြံသူတစ်ဦးပဲ။ ထိုသူက အိပ်မက်မက်နေသလို ပါးစပ်က ဆက်တိုက် ရွတ်နေသေး၏။

“အောင်မြင်ပြီ.. ငါအောင်မြင်တော့မယ်”

ချန်ဟောင် လက်ကွက်ဖော်လိုက်သည်နှင့် ထိုကျင့်ကြံသူက မျက်လုံးဖွင့်ကြည့်လာသည်။

ခံစားချက်မရှိသော နဂိုမျက်နှာက ချက်ချင်းပင် ပျော်ရွှင်မှုများ ယိုဖိတ်လာကာ..

“ဟားဟားဟား ငါအောင်မြင်ပြီကွ”

ဘုန်း

သို့သော်…. ထိုစကားသံ မပျောက်ကွယ်ခင်မှာပဲ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားကာ အသားစများ အပိုင်းပိုင်း လွင့်စင်သွားသည်။ ထို့နောက်.. သွေးတွေကော၊ အသားစတွေကောက စက္ကန့်ပိုင်းအတွင်း ပြန်စုဝေးသွားကြပြီး အရိုးတစ်ချောင်းဖြစ်လာ၏။

ထိုသို့ဖြင့်သက်ရှိတစ်ယောက် လုံးဝ ပျောက်ကွယ်သွားကာ.. ထိုနေရာမှာ အရိုးဓားတစ်ချောင်း ထွက်ပေါ်လာလေ၏။ အရိုးဆစ်တွေပုံစံ ပါဝင်သော ထိုဓားက ကျောက်မြတ်တစ်ခုလို ကြည်တောက်ပြီး မှော်စွမ်းအင်များ ဖြာထွက်နေခဲ့သည်။

ချန်ဟောင် အရှေ့တိုးကာ အရိုးဓားကို ယူလိုက်ပြီး လုယန်ကို ပေးရင်းမှ ကျေနပ်စွာ ပြောလိုက်သေး၏။

“ဒီအရိုးဓားကို ရတနာတစ်ရာ စာအုပ်ထဲမှာတောင် ထိပ်သီးအဆင့်လ​က်နက် တစ်ခုအဖြစ် မှတ်တမ်းတင်ထားဖူးတယ်။ အစောက ညီလေးက တကယ်ထူးချွန်တဲ့သူပဲ.. သူ့ရဲ့ နှစ်များစွာ ကျင့်ကြံမှုတွေကြောင့် အရိုးဓားက ဒီလောက်သန့်တဲ့ မှော်စွမ်းအင်တွေ ဖြာနေတာ”

လုယန်, “....”

ချန်ဟောင်ရဲ့ လက်ထဲက အရိုးဓားကိုကြည့်နေရင်းမှ အတိတ်ဘဝက သေဆုံးခဲ့ရပုံကိုပါ ပြန်မြင်ယောင်လိုက်ပြီး လုယန် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားကာ နတ်ဆိုးဂိုဏ်း၏ပုံစံကို နားလည်သွားတော့သည်။

..အသက်ရှင်ဖို့အတွက် အားလုံးကို အသုံးချရမည်ပင်..

ဂိုဏ်းဘက်က တန်ဖိုးရှိမှုကို အလေးပေးပေမဲ့ အရင်းအမြစ်ကို ကန့်သတ်ထားသည်။ ထို့ကြောင့် တပည့်တွေသာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် မလုပ်နိုင်လျှင် ဂိုဏ်းဘက်က တန်ဖိုးရှိသွားအောင် အခုလို ကူညီပေးလိမ့်မည် ဖြစ်သည်။

အကယ်၍ ဂိုဏ်းသားတစ်ယောက်က တရားဝင်တပည့်တစ်ယောက်ဖြစ်လာပြီး ကျင့်ကြံမှုတိုးတက်ပါက.. ဒါဂိုဏ်းအတွက် ကိစ္စကောင်းတစ်ခု ဖြစ်သည်။

သို့သော် တရားဝင်တပည့်တောင် ဖြစ်မလာနိုင်တဲ့သူကိုတော့.. ဂိုဏ်းက အသက်ရှင်ခွင့်တောင် ပေးမှာမဟုတ်ဘူး။ သူတို့ပေးထားတဲ့ အရင်းအမြစ်တိုင်းကို ရတဲ့နည်းနဲ့ ပြန်ယူမှာဖြစ်၏။

ထို့ကြောင့် ရှေးဦးသူတော်စင်နတ်ဆိုးဂိုဏ်းအတွက် တပည့်ဆိုတာ.. ဘယ်လိုပုံစံဖြစ်ဖြစ် အသုံးဝင်သော ပစ္စည်းတစ်ခုထက် မပိုပေ။

“တကယ်ကို နတ်ဆိုးဂိုဏ်း ပီသပါပေတယ်”

လုယန် မျက်လုံးဖွဖွမှိတ်ပြီး အသက်ရှုလိုက်ရသည်။

ထို့နောက် သက်တမ်းတစ်ရာစာအုပ်ကို ပြန်တွေးလိုက်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ဖန်တီးပြီးမှသာ မျက်လုံးကိုပြန်ဖွင့်လိုက်သည်။

“ ဂိုဏ်းတူညီလေးက..စိတ်မာသားပဲ။ ကောင်းတယ်”

လုယန်၏ ပုံစံကြောင့် လျိုရှင်း ပထမတော့ အနည်းငယ် အံ့သြရိပ်သန်းသွားပြီး သူ့အပြုံးက ပိုမိုတောက်ပလာတော့သည်။

ထို့နောက် လုယန်က လျိုရှင်းနှင့်အတူ ဆေးဖော်ခန်းမကိုသွားပြီး ချီအားဖြည့်ဆေးလုံးတစ်လုံးနှင့် သားရဲထိန်းကျောင်းခန်းမက လူသားမျက်နှာနှင့်ဇီးကွက်တစ်ကောင်ကို ယူလိုက်သည်။

ချီအားဖြည့်ဆေးလုံးက ချီစွမ်းအင်ကုန်တာနဲ့ အပြည့်ပြန်ဖြည့်ပေးနိုင်ပြီး လူသားမျက်နှာနဲ့ဇီးကွက်ကတော့ တရားဝင်တပည့်တွေကြားမှာ ဆက်သွယ်ရေးစာပို့ခိုလိုမျိုး အသုံးပြုကြသည်။

နောက်ဆုံးဖျော်ဖြေရေးခန်းမကို ရောက်မှသာ လုယန် အခက်တွေ့တာပင်။

“ဂိုဏ်းတူညီလေးက အဆင့်တက်တာ အရမ်းမြန်လွန်းတယ်”

“မင်းတို့တွေရောက်တာ တစ်ရက်ပဲရှိသေးတာဆိုတော့ ဂိုဏ်းဘက်က မစီစဥ်ရသေးဘူးရယ်..”

“ရက်တစ်ချို့ စောင့်နေလိုက်ပါ့လား”

နှစ်ကိုယ်တွဲကျင့်ကြံရေးမီးဖိုးကို လုယန် နည်းနည်းတောင် ဂရုမစိုက်တာမလို့ လျှင်မြန်စွာ လက်နှစ်ဖက်ယှက်ပြီး ဖြေကြားလိုက်၏။

“ဂိုဏ်းတူအကိုနဲ့ အပ်ခဲ့လိုက်ပါ့မယ်”

လျိုရှင်းက စိတ်ပါလက်ပါ ရယ်မောပြီးနောက် ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလာကာ

“ဒါက ကျုပ်တို့ ကောင်းကင်ပြုပြင်တောင်ထွတ်ရဲ့ လျို့ဝှက်သိုင်းတစ်ခုပဲ။ ဒါကိုသေချာကျင့်ကြံလိုက်ပါ”

လုယန် ကျောက်စိမ်းပြားကို ယူလိုက်ပြီး ချီစွမ်းအင်ဖြင့် စစ်ဆေးလိုက်ရာ.. အလွန်ရှုတ်ထွေးသော ကျင့်စဥ်တစ်ခုကို မြင်လိုက်ရသည်။

(အတွင်းတာအိုစာအုပ်)

…….

Ch 4

(မထင်ထားသော အလှည့်အပြောင်း)

“လူသားတွေကို အတွင်းချီနဲ့ ဖွဲ့စည်းထားပြီး ချီစွမ်းအင်ကို သန့်စင်ခြင်းက ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ခြင်းလို့ ပြောလို့ရတယ်။ အတွင်းစွမ်းအင် လည်ပတ်စေရင်း ပြီးပြည့်စုံတဲ့ အတွင်းချီကို ဖော်ထုတ်နိုင်မှ အံ့သြဖို့ကောင်းတဲ့ စိတ်ဝိညာဥ်နဲ့ခန္ဓာကို ရရှိနိုင်လိမ့်မယ်”

ကျောက်စိမ်းပြားအတွင်းက အကြောင်းအရာကို ဖတ်ပြီးသည်နှင့် လုယန်ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတို့ ဝင်ရောက်လာ၏။

ယင်ယန်ပျော်ရွှင်ခြင်းတေးသွားထက်စာရင် ဒီအတွင်းတာအိုစာအုပ်က ပိုပြီးအနှစ်သာရ ပြည့်စုံလေသည်။

အတွင်းတာအိုစာအုပ်က ချီစွမ်းအင်လည်ပတ်ခြင်းဖြင့် သေမျိုးခန္ဓာကိုယ်ကနေ ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ခန္ဓာကိုယ်ကို ယဥ်ပါးစေတာပဲ။

ခန္ဓာကိုယ်ကို.သန့်စင်ပြီးတာနဲ့ ​ကျင့်ကြံမဲ့သူက အစိတ်အပိုင်းငါးခု​ဖြစ်တဲ့ အရိုး၊ အသား၊ အတွင်းကလီစာ၊ အကြောအမျှင်နဲ့ အရိုးတွေထဲကို ချီစွမ်းအင် လည်ပတ်စေရသည်။ အတွင်းခန္ဓာကိုယ်ထဲကနေ စစ်မှန်သောချီစွမ်းအင်ကို ဖော်ထုတ်နိုင်ပြီဆိုရင် ပိုယဥ်ပါးလာသော ခန္ဓာကိုယ်က အစွမ်းအများစုကို ခံနိုင်စွမ်းရှိသွားသည့်အတိုက် တိုက်ခိုက်ရာမှာ အထောက်အကူပြုပေးနိုင်၏။

ထို့အပြင် ဒီစာအုပ်ထဲမှာ စစ်မှန်သောချီစွမ်းအင်နှင့် ပေါင်းစပ် အသုံးပြုနိုင်သော ကျင့်စဥ်တစ်ချို့လဲ ပါသေးသည်။

ကောင်းကင်​မြူခိုးသိုင်း၊ စစ်မှန်သောချီဓား၊ စိတ်ဝိညာဥ်စုဆောင်းခြင်းအသက်ရှုပုံ.. စသော အသုံးဝင်သည့် ကျင့်စဥ်များကြောင့် လုယန် အမြင်ကျယ်သွားလေ၏။

သို့သော် ထိုအချိန်မှာ လုယန် ရုတ်တရက်ကြီး တောင့်တင်းသွားကာ မေးခွန်းထုတ်လိုက်သည်။

“ဟမ်၊ ဘာလို့မရှိတော့တာလဲ”

အတွင်းတာအိုစာအုပ်က တုံးတိကြီး ရပ်သွားသည်မို့ လုယန် တစ်ယောက် လျိုရှင်းကို မော့ကြည့်လိုက်တော့၏။

“အတွင်းတာအိုစာအုပ်ရဲ့ ဒုတိယတစ်ပိုင်းက အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံမှုရဲ့ လျို့ဝှက်ချက်တွေပါတယ်။ အဲ့ဒါက ဂိုဏ်းရဲ့ အစဦးလက်ဆောင်ထဲ မပါတာမလို့ မင်းလိုချင်ရင် အကဲဖြတ်အမှတ်နဲ့ ဝယ်ရလိမ့်မယ်”

လုယန် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်တော့၏။

“အော် ဒီလိုကိုး… ကျွန်တော် ရိုင်းသွားမိပါတယ်”

“ရပါတယ်ကွာ၊ မင်းအတွက်လဲ ဒီပထမတစ်ပိုင်းက ကျင့်ကြံဖို့ လုံလောက်ပါတယ်”

လျိုရှင်းက လုယန်ပုခုံးကို ကြင်နာစွာ ပုတ်လိုက်ပြီးမှ ဆက်ပြောသည်။

“ကဲ၊ ကျုပ်မင်းကို ကောင်းကင်ပြုပြင်တောင်ထွတ်ကို ခေါ်သွားပေးမယ်။ မင်းအတွက် နေရာကောင်းတစ်ခု ရှာပေးရအုံးမယ်”

လုယန် ခေါင်းညိတ်လိုက်ပြီး

“ ကျေးဇူးပါ ဂိုဏ်းတူအကိုလျို”

ဒီလိုနဲ့ နာရီဝက်အကြာမှာ လုယန်တို့ ကောင်းကင်ပြုပြင်​တောင်ကို ရောက်လာခဲ့ပြီး..တောင်ခြေက ဂူတစ်ခုမှာ လုယန်ကို စီစဥ်ပေးခဲ့သည်။ ဂူထဲက ပရိဘောဂများအားလုံးကို အမှိုက်အဖြစ် ဖယ်ထုတ်နေသော မြင်ကွင်းကြောင့် လုယန် တွေးမိသွား၏။

ဒီနေရာမှာ တရားဝင်တပည့်ဖြစ်ရတာ မလွယ်တဲ့ပုံပင်။

ဟုတ်ပါသည်လေ၊ ​ဘယ်လိုပင်ဆိုဆို ရှေးဦးသူတော်စင်ဂိုဏ်းက သုံးနှစ်တစ်ကြိမ် တပည့်အသစ်ထောင်ချီပြီး လက်ခံတာပဲ.. ထိုတပည့်အသစ်တွေထဲက တစ်ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ဒီကောင်းကင်ပြုပြင်တောင်ကို ပို့မယ်ဆိုရင်တောင် တောင်တစ်တောင်လုံး ပြွတ်သိပ်နေဖို့ လုံလောက်သည်မလား။

ဒါပေမဲ့ လက်တွေ့မှာတော့လား..

ကောင်းကင်ပြုပြင်တောင်မှာ လူတွေ ပြွတ်သိပ်နေဖို့မပြောနဲ့.. လမ်းတစ်လျှောက်က ဂူတိုင်းနီးနီးမှာ နေတဲ့သူတစ်ယောက်တောင် မရှိဘဲ ဗလာဖြစ်နေတာကို တွေ့နေရသည်။

ထိုတပည့်တွေအားလုံး ဘယ်ရောက်သွားတာလဲ။ ဂူငှားဖို့ ပိုက်ဆံမရှိလို့ ထွက်သွားတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..ဟုတ်တယ်မလား။

လုယန် ခေါင်းယမ်းလိုက်ပြီး ထိုအတွေးတွေကို မောင်းထုတ်လိုက်တော့သည်။ ထိုအစား ဂူထဲက ဖျာပေါ်မှာထိုင်လိုက်ကာ စတင် တရားထိုင်လိုက်၏။

အပြင်ဂိတ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဒီအတွင်းဂိတ်ထဲက စိတ်ဝိညာဥ်စွမ်းအင်က ပိုသိပ်သည်းကြောင်း.လုယန် ချက်ချင်း သတိထားမိလိုက်သည်။ နှစ်ဆနီးနီး မြင့်တက်လာသော စိတ်ဝိညာဥ်စွမ်းအင်များက ဒျန်ထျန်အတွင်း ဝင်ရောက်နေပြီး ထိုမှတစ်ဆင့် သွေးကြောကိုအသုံးပြုကာ အစိတ်အပိုင်းငါးခုထဲ တစ်ဆင့်ချင်း ဝင်ရောက်သွားကြသည်။

သိသာစွာ ထူးခြားလာသည့် တိုးတက်မှုကြောင့် လုယန် အနည်းငယ် မှင်သက်သွား၏။

တူညီသောအချိန်မှာ တူညီသော ကျင့်စဥ်ဖြင့် ကျင့်ကြံနေတာတောင်မှ အပြင်ဂိတ်မှာ တစ်ရက်ယူမှ ရလာတဲ့ စစ်မှန်သောချီစွမ်းအင် ပမာဏကို ဒီအတွင်းဂိတ်ရဲ့ လှိုဏ်ဂူထဲမှာ တစ်နာရီထဲနှင့် ကျင့်ကြံနိုင်လေသည်။

“ဒါကြောင့် အတွင်းဂိတ်မှာ ဂူငှားခ ပေးရတာကိုး”

ဆင်းရဲတာကနေ ချမ်းသာတာက လွယ်ကူသည်.. ဒါပေမဲ့ ချမ်းသာတာကနေ ဆင်းရဲသွားရင်တော့လား။

ဒီဂူထဲမှာ ကျင့်ကြံရတဲ့အရသာကို သိသွားတဲ့သူအတွက် အပြင်မှာကျင့်ကြံဖို့ အဆင်ပြေတော့မှာ မဟုတ်ပေ။

နောက်တစ်နေ့ ရောက်သည့်တိုင်အောင် လုယန်အပြင်မထွက်ဘဲ အခန်းထဲမှာ အတွင်းတာအိုစာအုပ်ကို ဆက်တိုက်ကျင့်ကြံနေခဲ့သည်။

“ဒီကျင့်ကြံရေးလောကမှာ ပါရမီပါရင် အရှေ့ရောက်တာ ပိုမြန်တယ်ဆိုပေမဲ့ စိတ်ဝိညာဥ်သွေးကြောပါမှ ကျင့်ကြံလို့ရတာ ဘာညာ မရှိတော့၊ ဘယ်သူမဆို ကျင့်ကြံနိုင်တယ်”

ထို့ကြောင့်ပဲ ကျင့်ကြံရတာက ခက်ခဲတာ ဖြစ်နိုင်ပါသည်။

လူသားတွေအတွက် စိတ်ဝိညာဥ်သွေးကြောကန့်သတ်ခြင်း မရှိပေမဲ့ ချီစွမ်းအင်အဆင့်က လူတစ်ယောက်ရဲ့ အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်ပါ၏။

ကျင့်စဥ်က အဆင့်ပိုမြင့်လေလေ၊ ဖန်တီးနိုင်တဲ့ စစ်မှန်သောချီစွမ်းအင်ရဲ့ အဆင့်ကလဲ မြင့်မားလာမည်။ ဒါဆို အနာဂတ်မှာ ပိုမြင့်သော ကျင့်ကြံမှုအဆင့်ကို တက်နိုင်လိမ့်မည်။ ပြောင်းပြန်ပြောရလျှင်တော့ လူတစ်ယောက် ဖန်တီးတဲ့ စစ်မှန်သောချီစွမ်းအင်က အဆင့်နိမ့်နေရင်.. ထိုသူ၏ကျင့်ကြံမှုလမ်းစဥ်က ပိတ်ဆို့မှုတွေ ရင်ဆိုင်ရတော့မည်ဖြစ်၏။

စစ်မှန်သောချီစွမ်းအင်ကို အဆင့်ကိုးဆင့်အတွင်း သတ်မှတ်သည်။

အဆင့် ၇ ထက်နိမ့်နေပါက.. ထိုသူက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကိုတောင် ရောက်နိုင်မှာမဟုတ်ဘူး။ အဆင့်သုံးအထက်မှသာ ရွှေအမြုတေနယ်ပယ်ကို ရောက်လာနိုင်မှာဖြစ်ပြီး ထိုကဲ့သို့ပင် အဆင့်တစ် စစ်မှန်သော ချီစွမ်းအင်ကို ပိုင်ဆိုင်သူကပဲ ဝိဉာဥ်အခြေတည်နယ်ပယ်ကို ရောက်အောင်.ကျင့်ကြံနိုင်လိမ့်မည်။

“ဒါဆို အလွတ်တမ်းကျင့်ကြံသူတွေ အတွက် လမ်းမရှိတော့ဘူးပေါ့”

လုယန် သက်ပြင်းဖွဖွ ချလိုက်တော့သည်။

အလွတ်တမ်းကျင့်ကြံသူများက ဂိုဏ်းအထောက်အပံ့မရှိသည့်အလျောက် အရင်းအမြစ်လဲ ရရှိမည်မဟုတ်ချေ။ သူတို့ရလာသမျှ ကျင့်စဥ်တွေကို ချွင်းချက်မရှိ ကျင့်ကြံရပေလိမ့်မည်။

လူတစ်ယောက်ရဲ့ ပါရမီအထုံက ဘယ်လောက်ထူးချွန်နေပါစေ၊ အစပိုင်းမှာ လွဲချော်သွားတာနဲ့ တစ်ဘဝလုံးလမ်းလွဲပြီပဲ။

ကျင့်ကြံရတာက ထင်သလောက်မလွယ်ကူပေ။

ထိုအတွေးကြောင့် လုယန် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့၏။

“ဒီအတွင်းတာအိုစာအုပ်က အဆင့်ခြောက် စစ်မှန်တဲ့ချီစွမ်းအင်ကို ရစေနိုင်တယ်၊ ဒါဆိုရင် အခြေခံတည်ထောင်ခြင်းနယ်ပယ်အထိ ကျင့်ကြံလို့ရနိုင်ပြီ.. ဒီလောက်ဆို မဆိုးပါဘူး”

သို့ပေမဲ့ ဒါကလုယန်အတွက် မလုံလောက်သေးပေ။

သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ လက်ခံလိုက်မှာဖြစ်ပေမဲ့ သူက သက်တမ်းတစ်ရာစာအုပ်နဲ့ အဆုံးမရှိသော အနာဂတ်ကို ပိုင်ဆိုင်ထားသူ​ဖြစ်၏။ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံမှုက သူ့ကို မကျေနပ်စေဘူး။

“ငါသာ အဲ့ဒီပထမအဆင့် အမွေအနှစ်ကျင့်စဥ်တွေကို ရနိုင်လို့ကတော့..”

သို့သော် ခဏအကြာမှာ လုယန် သက်ပြင်းချလိုက်လေကာ

“ထားတော့၊ ရှေ့ဆက်ရမဲ့လမ်းက အရှည်ကြီးရှိသေးတယ်။ ငါအရမ်းလောဘကြီးမိရင်.. တစ်ခုခု ပြန်ဆုံးရှုံးရလိမ့်မယ်”

“အရင်ဆုံး ဒီအတွင်းတာအိုစာအုပ်ကို အဆုံးထိကျင့်ကြံပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ် ရောက်အောင်.လုပ်မှ ဖြစ်မယ်”

အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သွားတဲ့ကျင့်ကြံသူက အနှစ်သုံးရာ အသက်ရှင်နိုင်သည်။ ထို့ကြောင့် လူသားမျိုးဆက်တစ်ဆက်စာလောက် ရှင်သန်နိုင်သည့် အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေကို ကျင့်ကြံရေးလောကမှာတောင် ဆရာကြီးတွေအဖြစ် လေးစားခြင်းခံရ၏။

အခြေခံတည်ထောင်ခြင်းနယ်ပယ် ကို ရောက်တာနှင့် ပိုကောင်းသော အမွေအနှစ်တွေကို ရှာဖွေမည်ဟု လုယန် တေးမှတ်ထားလိုက်သည်… သက်တမ်းတစ်ရာ စာအုပ်ကို အသုံးပြုပြီး အကြိမ်ကြိမ် ပြန်လည်ရှင်သန်မယ်ဆိုရင် သူ့ကျင့်ကြံမှုကိုလည်း အစကနေ ပြန်စနိုင်မည်ဖြစ်သောကြောင့် တစ်ရက်မှာ သူ့အိပ်မက်ဆီ အရောက်သွားနိုင်မည်ပင်။

သက်တမ်းတစ်ရာစာအုပ်အားကိုးဖြင့် လုယန် ယုံကြည်ချက် မြင့်မားလာတော့၏။

ဆယ်ရက်ကြာပြီးနောက်.. လုယန်၏ ဂူထိပ်မှာ

အဖြူရောင်ချီစွမ်းအင်တွေ ထွက်ပေါ်လာပြီး.. ထိုစွမ်းအင်က အချိန်နှင့်အမျှ အနက်ရောင် ပြောင်းလဲသွားကာ.. ထို့နောက် မမြင်ရသော ဓားတစ်ချောင်းအဖြစ် စုဝေးပြီး.. နောက်ဆုံးမှာတော့ လူသားနှင့်ဆင်တူသည့် စွမ်းအင်အဖြစ် ယိမ်းနွဲ့လှုပ်ရှားနေ၏။

“ငါအောင်မြင်ပြီ”

အတွင်းတာအိုစာအုပ်က နက်နဲပေမဲ့ ကျင့်ကြံရ အရမ်းမခက်ပေ။ လုယန် ဆယ်ရက်အတွင်းမှာပဲ အောင်မြင်စွာ ကျင့်ကြံနိုင်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်လာသည့်အပြင် အလွန်ကောင်းမွန်သော ချီစွမ်းအင်ကို ဖန်တီးလိုက်နိုင်သည်။

(အမည်- လုယန်)

(သက်တမ်း- ၁၈ နှစ်)

(ကျင့်ကြံခြင်း- ချီသန့်စင်ခြင်းအဆင့်တစ်)

( စွမ်းရည်- နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာ)

( ကျင့်စဥ်- ယင်ယန်ပျော်ရွှင်ခြင်းတေးသွား၊ အတွင်းတာအိုစာအုပ်ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအပိုင်း)

(နတ်စွမ်းရည်- မရှိ)

(ရတနာ- မရှိ)

(သက်တမ်းတစ်ရာစာအုပ်- စာရွက်၉၉ ရွက်)

ထိုအချက်အလက်များကို ကြည့်နေရင်း လုယန် လေကို တစ်ဝကြီးရှုရှိုက်လိုက်သည်။ သူ့အခြေအနေက တော်တော်လေး တိုးတက်လာသည်မှာ.. အခုဆိုရင် သူ့ခန္ဓာကိုယ်ရဲ့ နာတာရှည်ရောဂါဖြစ်တဲ့ ကာလသားရောဂါပင် ပျောက်ကင်းသွားလေပြီ။

“ဟမ်”

သို့သော် လုယန် အောင်ပွဲခံနေရင်းမှ ရုတ်ချည်းတောင့်တင်းသွားကာ.. မျက်မှောင်တင်းတင်းကြုတ်ပြီး အတွေးနက်သွားလေ၏။

“..တစ်ခုခုတော့ မှားနေပြီ”

သူတစ်စုံတစ်ခုကို သတိမမူမိခဲ့သလိုမျိုး ရုတ်တရက် ခံစားလိုက်ရ၏။

လုယန် ပြန်စဥ်းစားကြည့်လိုက်သည်.. ဒီဘဝမှာ သူဘာအခက်အခဲကိုမှ မရင်ဆိုင်ခဲ့ရဘူးပဲ။ အလွယ်တကူ တရားဝင်တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ဒီအတွင်းတာအိုစာအုပ်ကိုတောင် ရခဲ့သေးသည်။

ထိုအချိန်မှာ လုယန် နောက်ဆုံးတော့ သတိထားမိသွား၏။

သူ့အရင်ဘဝ၏အချက်အလက်များအရ ယုစုကျန်းသည် သူ့ကိုစုပ်ယူပြီးသည်နှင့် ကာလသားရောဂါကြောင့် ချီကိုမသန့်စင်နိုင်တော့ပဲ အိပ်ယာထဲလဲကာ သေဆုံးသွားခဲ့ရသည်။

သို့ပေမဲ့ ယုစုကျန်းကလည်း တရားဝင်တပည့်တစ်ယောက်ပဲ။ သူမက အတွင်းတာအိုစာအုပ်ကို မရဘူးလား..

သူမသာ ဒီကျင့်စဥ်ကိုရခဲ့မယ်ဆိုရင် ကျင့်ကြံလိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သွားပြီး သူ့လိုမျိုးရောဂါပျောက်သွားရမှာ မဟုတ်ဘူးလား။

သူမဘာလို့ သေသွားရတာလဲ.. သူမက မကျင့်ကြံခဲ့တာလား။

“မဖြစ်နိုင်တာ” လုယန် ခေါင်းကိုခါယမ်းလိုက်သည်။

အတွင်းတာအိုစာအုပ်က ကျင့်ကြံဖို့မခက်ခဲဘူး.. ယုစုကျန်းက နားလည်မှုပိုင်း ပြဿနာရှိနေရင်တောင်မှ သူမကနဂိုတည်းက ချီသန့်စင်ခြင်းကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် အတွင်းတာအိုစာအုပ်ကို ကျင့်ကြံရာမှာ ဘယ်လိုမှ မကျရှုံးနိုင်ပေ။

“အကယ်လို့ သူမသာ မကျင့်ကြံခဲ့ဖူးရင်ပေါ့..”

အခုချိန်မှာ လုယန်တစ်ယောက် သူ့ကိုယ်သူ ရေခဲပြင်ပေါ်မှာ ရပ်နေရသလို ခံစားလိုက်ရ၏။

သူ့အသက်ရှုသံက မြန်ဆန်လာသလို.. နှလုံးခုန်သံ တဒုတ်ဒုတ်ကိုပင် ပြန်ကြားနေရသည်။ သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေလည်း အခုတော့ လုံးဝပျောက်ကွယ်သွားတော့သည်။

“ဒီအတွင်းတာအိုစာအုပ်က လျိုရှင်း ငါ့အတွက် သီးသန့်ပြင်ဆင်ခဲ့တာလား”

လုယန် ချက်ချင်းပဲ ရတနာခန်းမက မြင်ကွင်းကို ပြန်မြင်ယောင်သွားသည်။

ထိုတုန်းက ရတနာခန်းမရဲ့တပည့်ခဗျာ.. သူ့ကိုယ်သူကျင့်ကြံရေးလမ်းကြောင်းပေါ်မှာ ရှိနေပြီး အောင်မြင်တော့မည်ဟု အထင်မှားခဲ့သည်.. နောက်ဆုံးတော့ သူအဆင့်တက်တာ ကျရှုံးခဲ့သည့်အပြင် မှော်လက်နက်အဖြစ် ကိုယ့်ကိုယ်ကို သန့်စင်လိုက်ရသလိုပင် ဖြစ်သွားခဲ့၏။

ထိုမြင်ကွင်းနဲ့.. အခုအခြေအနေက.. အနည်းငယ် မတူညီနေဘူးလား။

ထိုအချိန်မှာပဲ လှိုဏ်ဂူအပြင်ဘက်ကနေ ရင်းနီးဖော်ရွေသော အသံတစ်ခုကို လုယန် ရုတ်တရက် ကြားလိုက်ရတော့သည်။

“ဂိုဏ်းတူညီလေးလု ရှိလား”

…….

All Chapters