အခန်း (၅-၆)
Vol. 1 Ch. 5-6
Ch 5
(ငါဒီရန်ကြွေးကို မှတ်ထားမယ်)
ဂူအပြင်ဘက်က အသံကိုကြားလိုက်ရသောကြောင့် လုယန် မျက်စံတွေကျဥ်းမြှောင်းသွားပြီး မျက်နှာတပြင်လုံး မည်းမှောင်သွားတော့သည်။
သူ ဘာအသံမှ ပြန်မပေးတော့ဘဲ အရောင်အဝါကိုပါ ပိတ်သိမ်းလိုက်၏။
“..ဂိုဏ်းတူညီလေးရေ”
အသံထပ်ထွက်လာပေမဲ့ လုယန် ပြန်မဖြေသေးဘူး။
အခုချိန်မှာ သက်သေတစ်စုံတစ်ရာ မရှိသေးရင်တောင်မှ သူ ကျင့်ကြံနေသည့် ဒီအတွင်းတာအိုစာအုပ်က တစ်ခုခုမှားနေမှန်း လုယန် သဘောပေါက်ပြီးသားပင်။
သူက အတွေ့အကြုံမရှိသေးတော့.. တကယ်ကို ဘာကိုမှ မတွေးဘဲ ယုံကြည်ပေးခဲ့မိသည်။
ဖျော်ဖြေရေးခန်းမနဲ့ ကောင်းကင်ပြုပြင်တောင်ထွတ်က ဒီလောက်ရင်းနီးတာကို လျိုရှင်းပေးလာသည့် အတွင်းတာအိုစာအုပ်မှာ နှစ်ကိုယ်တွဲ ကျင့်ကြံရေးနည်းစနစ် မပါကတည်းက သူ သံသယဝင်ခဲ့သင့်တာပင်။
အခုတော့ သူ အလှည့်စားခံလိုက်ပြီ..
ဒါပေမဲ့ဘာလို့လဲ.. ဘာလို့လျိုရှင်းက သူ့ကို ချောက်ချရတာလဲ။ ရှေးဦးသူတော်စင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းတစ်ခုဆိုရင်တောင် ဂိုဏ်းစည်းကမ်းတွေ မရှိတော့ဘူးလား။
ဟုတ်သည်.. တရားဝင်တပည့်တွေကြားမှာ တိုက်ခိုက်မှုတွေမရှိရဘူး၊ တွေ့တာနဲ့ အပြစ်ပေးမည်ဟူသော စည်းကမ်းချက်တောင် ရှိသေးသည်မလား။
ထိုအချိန်မှာပဲ လုယန် စိတ်တိုစွာ ကိုယ့်နှဖူးကိုယ် ရိုက်လိုက်တော့၏။
သူ ဘယ်လိုလုပ်များ နတ်ဆိုးဂိုဏ်းကို ယုံကြည်ပြီးမျှော်လင့်မိလိုက်ရတာလဲ..
တွေ့တာနဲ့လို့ ပြောထားမှတော့ မတွေ့ရင် အပြစ်မပေးတော့ဘူးပေါ့။
လုယန်တစ်ယောက်တွေးလေလေ၊ မျက်နှာကြီးတစ်ခုလုံး ပိုမိုရုပ်ဆိုးလာလေလေပင်။
တကယ်တော့ သူကိုက အများကြီး မစဥ်းစားခဲ့မိတာဖြစ်သည်။
လျိုရှင်းရဲ့ အပြုအမူတွေနဲ့စကားလုံးတွေက ယုံချင်စရာကောင်းပြီး တာဝန်သိစိတ်အပြည့် ရှိသူတစ်ဦးလိုမျိုး ထင်မှတ်ရစေသည်။
သူ့ကို အတွင်းဂိတ်နဲ့ပတ်သတ်ပြီး ရှင်းပြ၊ မိတ်ဆက်ပေးသည့်အပြင် တရားဝင်တပည့်တစ်ယောက် ရလာနိုင်မည့် အစဦးလက်ဆောင်တွေကိုပါ ရယူနိုင်ဖို့ ကူညီပေးခဲ့သည်။
လျိုရှင်းရဲ့ သရုပ်ဆောင်မှုက ဟာကွက်မရှိတော့.. လုယန် တစ်ချက်တောင် သံသယမဝင်ခဲ့ဘူး။
အထူးသဖြင့် ရတနာခန်းမကို ခေါ်သွားစဥ်မှာ အကောင်းဆုံးလက်နက်ကိုပင် ပေးခဲ့သေး၏။
ဒါပေမဲ့ ဒါတွေအားလုံးက အတုအယောင်တွေပဲ..
အစောပိုင်းက အဖြစ်အပျက်တွေအားလုံးက လုယန် ပျော်ပျော်ကြီး အတွင်းတာအိုစာအုပ်ကို ကျင့်ကြံစေရန်အတွက် ခင်းပေးထားသော ဇာတ်ခုံတစ်ခုသာ ဖြစ်နေသည်။
ပြန်တွေးကြည့်မယ်ဆိုရင်.. လျိုရှင်းသာ သူ့ကို သတ်လိုက်ရင် သူပိုင်ဆိုင်ထားတဲ့ ဝိညာဥ်သားရဲ၊ ဆေးလုံးနဲ့ မှော်ပစ္စည်းတွေအားလုံးက လျိုရှင်းအပိုင် ဖြစ်သွားပြီမလား။
ထို့ကြောင့်ပဲ လျိုရှင်းက ရတနာခန်းမမှာ အကောင်းဆုံး လက်နက်ကို ထုတ်ပေးခဲ့တာ ဖြစ်တန်ရာသည်။
သားရဲကောင်..
လုယန် ကျိန်ဆဲနေချိန်မှာပဲ ဂူပေါက်ဝက အသံတစ်ချက်ကြားလိုက်ရပြီး.. အပေါက်ဝမှာ ထားထားသော အကာအကွယ်အစီအမံ ကျိုးပျက်သွားသည်။ နောက်တစ်စက္ကန့်မှာပဲ တံခါးကို ကျယ်လောင်စွာ ဖောက်ခွဲပစ်သံကိုပါ ကြားလိုက်ရသည်။
ထို့နောက် အင်္ကျီလက်ခေါက်ရင်း လျိုရှင်း ဝင်လာလေကာ.. အထဲက လုယန်ကို မြင်သည်နှင့် လျိုရှင်းတစ်ယောက် မျက်နှာကြီးဝင်းပသွားပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။
“ ဂိုဏ်းတူညီလေးက တကယ်ကို အရည်အချင်းရှိတာပဲ”
ဝုန်း
ချက်ချင်းပဲ လုယန်ဘက်က လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်တာပင်။
အရိုးဓားကို ဝန်းရံလိုက်သော သန့်စင်သည့် ချီစွမ်းအားက ဓားစွမ်းအင်အဖြစ် လျိုရှင်းရှိရာကို တဟုန်ထိုးပြေးသွားလေသည်။
သို့သော် နောက်တစ်စက္ကန့်မှာပဲ ထိုဓားစွမ်းအင်လည်း အေးခဲသွားရ၏။
“သေခါနီးရုန်းကန်မှုလေးပါလား”
လျိုရှင်းက ရှောင်လည်းမရှောင်ပါချေ။ ထိုအစား လက်ကွက်ဖော်လိုက်သည်.. ချက်ချင်းပဲ လုယန်၏ခန္ဓာကိုယ်က ထိန်းချုပ်မှုလွတ်ကင်းသွားကာ ရုပ်သေးရုပ်လိုမျိုး ဖြစ်လာခဲ့သည်။
“ဒီအတွင်းတာအိုစာအုပ်က ရတနာတစ်ခုပဲ”
လျိုရှင်းတစ်ယောက် စိတ်လိုလက်ရ ရယ်မောပါတော့၏။
“ကျင့်ကြံသူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို အစွမ်းကုန်သန့်စင်လိုက်ပြီး မူလချီစွမ်းအင်ကို ဖန်တီးခဲ့တာမို့.. အဲ့ဒီမူလချီစွမ်းအင်ကို ဆေးဝါးအဖြစ်လဲ သုံးလို့ရတယ်၊ သန့်စင်ပြီး ရတနာပစ္စည်းတစ်ခု အဖြစ်လဲသုံးလို့ရသလို ကျင့်ကြံဆင့်ကိုတောင် မြင့်အောင်လုပ်လို့ ရသေးတယ်”
“ဒီရတနာကိုသာ ပိုင်ဆိုင်လို့ကတော့ ငါ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်ပြီပဲ”
“ငါအဆင့်တက်အောင် ကူညီပေးခဲ့တဲ့အတွက် ဂိုဏ်းတူညီလေးလုရေ.. မင်းသေရတာ တန်ပါတယ်”
ထို့နောက် လျိုရှင်းက လက်နှစ်ဖက်ကို စတင်လှုပ်ရှားတော့သည်… ထိုသို့ဖြင့် လုယန်၏ အသိစိတ်လည်း ဆွဲထုတ်ခံလိုက်ရသည့်နှယ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ထိုအချိန်မှပဲ လုယန် ရုတ်တရက် နားလည်လိုက်ရသည်။
ဒါက အတွင်းတာအိုစာအုပ်ရဲ့ ဒုတိယအပိုင်းပဲ။
လူတွေကို ပထမတစ်ပိုင်း ကျင့်ကြံစေရန် လှည့်စား ခိုင်းစေခဲ့ပြီး ထိုသူတွေ ကျင့်ကြံပြီးနောက်မှ ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်လိုက်သည့် ဒုတိယတစ်ပိုင်းကသာ အစစ်အမှန်ကျင့်စဥ် ဖြစ်ပေလိမ့်မည်။
ဒါက ကျင့်ကြံခြင်းကျင့်စဥ်တစ်ခု ဆိုတာထက် သန့်စင်ခြင်းလို့ပြောလို့ရ၏။
အရာဝတ္ထုကိုသန့်စင်တာမျိုးမဟုတ်ဘဲ လူကို သန့်စင်တာမျိုးပေါ့။ ပထမတစ်ပိုင်းကျင့်စဥ် ပေးထားပြီး လူတွေကို ကိုယ့်ကိုယ်ကို သန့်စင်အောင် လှည့်စားလိုက်ကာ၊ နောက်ကွယ်က လက်မည်းကြီးကပဲ အကျိုးအမြတ်ယူသွားမည့် နတ်ဆိုးသိုင်းတစ်ခုပဲ။
….လျိုရှင်း၊ မင်းက အရည်အချင်းရှိသားပဲ။ ငါ့ရဲ့ဒီတစ်ဘဝကိုတော့ မင်းကို ပေးလိုက်မယ်….
လုယန် မရုန်းတော့ဘဲ တည်ငြိမ်သော အမူအရာဖြင့် အသိစိတ်လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေလိုက်တော့သည်။
..ဒီဘဝကိုအတွေ့အကြုံဖြစ် မှတ်ထားလိုက်မယ်..
..မင်းငါ့ကို တစ်ကြိမ်လှည့်စားလို့ရသွားပေမဲ့ ငါ့မှာအခွင့်အရေးတွေ အများကြီးကျန်သေးတယ်..
..ဒီရန်ညိုးကို ငါမှတ်ထားမှာ..
နောက်တစ်စက္ကန့်မှာ လုယန် လုံးဝ အသိစိတ်လွတ်ကင်းသွားခဲ့ပြီး.. အမှောင်ထဲမှ စာရွက်လှန်သံတစ်ချို့ကိုသာ ကြားလိုက်ရသည်။
(သင်ဟာ လျိုရှင်းဆီမှာ မူလချီစွမ်းအင်အဖြစ် သန့်စင်ခံလိုက်ရပြီး.. သေဆုံးသွားပါပြီ)
(သက်တမ်းတစ်ရာစာအုပ်ရဲ့လက်ကျန်စာရွက် ၉၈ ရွက်)
(ဘဝသစ်ပြန်စတဲ့အတွက် သင်စိတ်ကြိုက် ရွေးချယ်လိုက်ပါ.. ရတနာ၊ ကျင့်ကြံမှု၊ သက်တမ်း၊ သို့မဟုတ် အပေါ်ကသုံးခုကို လျစ်လျူရှုပြီး စွမ်းရည်သစ်တစ်ခုကို ကျပန်းရွေးချယ်ပါမည်လား)
“နာမည်အခေါ်ခံရတဲ့သူတွေ အရှေ့ထွက်ခဲ့”
ရင်းနီးသော အသံကိုတဖန်ပြန်ကြားလိုက်ရ၍ လုယန် ဒေါသတကြီးအံကြိတ်ကာ ခံစားချက်တွေကို ထိန်းချုပ်လိုက်တော့သည်။ လုယန် ခေါင်းလုံးဝမဖော်ဘဲ မျက်စိရှေ့က ပုံရိပ်ယောင်မျက်နှာပြင်မှာသာ အကြည့်ပို့ထားလိုက်၏။
ရတနာ၊ သက်တမ်းနဲ့.. ကျင့်ကြံမှုကြားမှာ ဖြစ်နိုင်လျှင် သူကျင့်ကြံမှုကို ရွေးချင်ပါသည်။
သို့ပေမဲ့ ရုတ်တရက် ကျင့်ကြံဆင့်မြင့်သွားတာက တစ်ခြားသူတွေကို အလွယ်သံသယဝင်စေနိုင်၏။
“ဒါဆိုငါ ရတနာကိုပဲ ရွေးလို့ရမှာပေါ့”
လုယန် မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။
အရိုးဓားကို ရွေးလို့ရသော်လည်း သူ့ရဲ့အခုကျင့်ကြံမှုနဲ့ အရိုးဓားကို အသုံးပြုနိုင်အုံးမှာ မဟုတ်ပေ။
ထိုအချိန်မှာပဲ သက်တမ်းတစ်ရာစာအုပ်မှ ပေးလာသော အကြံပြုချက်ကြောင့် လုယန် ခဏမျှ ကြောင်အမ်းသွားတော့သည်။
…ဒါကိုလဲ ရတနာအဖြစ်ရွေးလို့ရတာလား..
လုယန် အနည်းငယ်တွေးဆဆ ဖြစ်သွားပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
…အတိတ်ဘဝက ရတနာတွေထဲက တစ်ခုကို ရွေးမယ်..
ချက်ချင်းဆိုသလို လုယန်၏ဒျန်ထျန်ထဲကို ဆန်းကြယ်သော စွမ်းအင်များ အလုံးအရင်းလိုက် ဝင်လာတာတွေ့လိုက်ရသည်။ ထိုအားကောင်းသည့် စွမ်းအင်က မူလချီစွမ်းအင်ဖြစ်နေမှန်း လုယန် ချက်ချင်း သတိထားမိလိုက်သည်။
သူ့အရင်ဘဝမှာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းငါးခုကို သန့်စင်ပြီးမှ ဖန်တီးနိုင်ခဲ့သော ထိုမူလချီစွမ်းအင်ကို ရတနာတစ်ခုအဖြစ် ပြန်တောင်းခွင့်ရခဲ့သည်လေ။
“မိုက်လိုက်တာ”
လုယန် ခေါင်းကိုပိုငုံ့လိုက်ပြီး မျက်လုံးထဲက ပျော်ရွှင်မှုတွေကို ဖုံးကွယ်လိုက်သည်။
သို့သော် ဒီမူလချီစွမ်းအင်ကို သူထိန်းချုပ်လို့ မရသေးဘူး။ ထို့အပြင် အသုံးပြုလို့လဲ မရသေးချေ။
တကယ်တော့ ဒါကမဖြစ်နိုင်တဲ့အရာတစ်ခုတော့ မဟုတ်ပေ။
ထိုမူလချီစွမ်းအင်ကို ထိန်းချုပ်ချင်ရင် သူ အတွင်းတာအိုစာအုပ်ရဲ့ ဒုတိယအပိုင်းကို ရမှဖြစ်လိမ့်မည်။
ဘယ်လိုပင်ဖြစ်စေ၊ လုယန်အတွက်တော့ ချီသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံဆင့်မှာ အပိုဆုလက်ဆောင်တစ်ခု ရလိုက်ရသလိုမျိုး ခံစားရသည်။
သူ မသေခင်က လျိုရှင်းက ပြောဖူးသေးသည်.. ဒီမူလချီစွမ်းအင်ကို ဆေးအဖြစ်အသုံးပြုရင် ကျင့်ကြံဆင့်မြင့်တက်စေသည်တဲ့.. ဒါဆိုရင် ဒီစွမ်းအင်က အနာဂတ်မှာ အများကြီး အသုံးဝင်လာမှာမလား။
ထို့နောက်မှာတော့ လုယန်စတင် လှုပ်ရှားတော့သည်။
ဖျော်ဖြေရေးခန်းမကိုဝင်ပြီး.ယုစုကျန်းကို အရင်သတ်သည်.. သို့သော် ဒီတစ်ခေါက်မှာ သူက သူမရဲ့ယင်စွမ်းအင်ကိုစုပ်ယူပြီး အဆင့်မတက်ခဲ့ဘူး။ ထိုအစား သူက အစွမ်းတွေအားလုံးကို မူလချီစွမ်းအင်ကိုပဲ အားဖြည့်စေလိုက်၏။
“ဒီဘဝမှာ ငါအသက်ရှင်မှဖြစ်မယ်.. မလိုအပ်ဘဲ မလှုပ်ရှားဘူး”
သေချာပေါက်ပင် ယုစုကျန်း သေသွားသည့်တိုင်အောင် အဆင့်မတက်ခဲ့သော လုယန်ကြောင့် တံခါးပေါက်မှာစောင့်နေသော လျိုရှင်းလဲ ချက်ချင်း စိတ်လှုပ်ရှားမှု ပျောက်ဆုံးသွားတော့၏။
ထို့နောက် လုယန် စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့သည်..
ဆယ်ရက်လောက်အကြာမှာ ဖျော်ဖြေရေးခန်းမရဲ့ ချင်းယုအမည်ရ တပည့်တစ်ယောက် အဆင့်တက်တဲ့သတင်း ကြားလိုက်ရပြီး ဝမ်းပမ်းတသာ အပြေးသွားနေသော လျိုရှင်းကိုပါ တဆတ်ထဲ မြင်လိုက်ရသည်။
ရက်အနည်းငယ်ကြာပြီးနောက် လျိုရှင်းက တံခါးပိတ်ကျင့်ကြံသွားခဲ့ပြီး ကြိုဆိုရေးတာဝန်ကို တစ်ခြားတစ်ယောက်ဆီ လွှဲပြောင်းပေးခဲ့သည်။
သို့သော် လုယန် ရှေ့မထွက်သေးပေ။
“ဒီအသစ်ရောက်လာတဲ့သူက ဘယ်လိုလူမျိုးလဲ ဘယ်သူသိမှာမလို့လဲ.. သူက လျိုရှင်းလို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အရှေ့မထွက်တာ အကောင်းဆုံးပဲ”
“ငါတစ်လလောက်တော့ စောင့်ကြည့်ရမယ်”
ထိုသို့ဖြင့် အချိန်တလကုန်ဆုံးသွားခဲ့ပြီး လုယန်ကလည်း အမှောင်ထဲကနေ စိတ်ရှည်ရှည် စောင့်နေဆဲပင်။
အဆင့်တက်ပြီးအတွင်းတပည့် ဖြစ်လာသော အပြင်တပည့်တွေ ပေါ်လာမှပဲ လုယန်လည်း အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူက မူလချီစွမ်းအင်ကို အသုံးပြုပြီးအဆင့်တက်ရုံပဲဆိုတော့ နှစ်ကိုယ်တွဲကျင့်ကြံဖို့ မလိုအပ်ဘူး။ သို့သော် သံသယအဝင်မခံရအောင် အပြင်တပည့်တစ်ချို့ကို စုပ်ယူလိုက်သည်။
ဒီတစ်ခေါက် လုယန်ကို မိတ်ဆက်ပေးသည့် တပည့်က လျိုရှင်းလို ဖော်ဖော်ရွေရွေမရှိဘဲ မျက်နှာကြီးပုတ်သိုးနေကာ.. အထူးသဖြင့် အထင်သေးစွာ ကြည့်တတ်သေး၏။
“ဒါက စာကြည့်ဆောင်ပဲ”
အစဦးလက်ဆောင်တွေ ယူပြီးတာနဲ့ ထိုဂိုဏ်းတူအကိုက လုယန်ကို စာကြည့်ဆောင်အရှေ့ခေါ်လာပြီး ပြောလိုက်သည်။
“မင်းရဲ့ကျောက်စိမ်းပြားကို ယူသွားပြီး အထဲက ကြိုက်တဲ့ ကျင့်စဥ်ကို အကဲဖြတ်အမှတ်နဲ့ လဲခဲ့လိုက်”
ထို့နောက် ထိုသူက ချက်ချင်းကို လှည့်ထွက်သွားခဲ့သည်..
လုယန် ပိုလို့တောင် စိတ်သက်သာရာရသွား၏။
လူသိမခံရခြင်းက အကျိုးကျေးဇူးအများကြီး ရှိသည်.. အသိသာဆုံးက သူ့ကိုသတိထားမည့်သူ မရှိသောကြောင့် လုပ်ချင်တာလုပ်လို့ရတာပဲ။
လုယန် ချက်ချင်းပဲ အဝေးက ကောင်းကင်ပြုပြင်တောင်ထွတ်ကို လှမ်းကြည့်လိုက်လေကာ
“လျိုရှင်း..ထွီ”
လွန်ခဲ့တဲ့ရက်ပိုင်းကမှ လျိုရှင်းက တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာခဲ့သည်။ သူကအခု ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်လာပြီး ကောင်းကင်ပြုပြင်တောင်ထွတ် ခေါင်းဆောင်ရဲ့ ကိုယ်ပိုင်တပည့်ဖြစ်လာကာ အဆုံးမရှိသောအနာဂတ်နဲ့ တောက်ပနေတာပင်။
လုယန် အေးစက်စွာ အကြည့်ပြန်ရုတ်လိုက်ပြီး စာကြည့်ဆောင်ထဲ ဝင်သွားလိုက်တော့သည်။ သူ လက်စားချေချင်ရင်တောင်မှ အခုက အရမ်းအားနည်းနေသေးပြီး လုံလောက်အောင် မသန်မာသေးဘူး။
သူ သေချာလေ့ကျင့်ပြီး သန်မာလာမှပဲ ထိုလျိုရှင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်.. သူရဲကောင်းတစ်ယောက်ရဲ့ လက်စားချေမှုက နောက်ကျတယ်ဆိုတာ မရှိဘူး။ ထို့ကြောင့် ယာယီ စိတ်ရှည်လိုက်တာက အရှုံးမဟုတ်ပါချေ။
……
Ch 6
(နတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံခြင်းပုံစံ)
စာကြည့်ဆောင်ထဲ ဝင်လိုက်တာနဲ့ သစ်သားကုလားထိုင်မှာ အပူအပင်ကင်းမဲ့စွာ ထိုင်နေသော မီးခိုရောင်ဆံနွယ်ရှည်များနဲ့ သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို လုယန် မြင်လိုက်ရသည်.. ထိုလူကြီးက လက်ထဲက သိုင်းကျင့်စဥ်ကိုပဲ အသည်းအသန် ဖတ်နေလေ၏။
လုယန် တံခါးပေါက်ရောက်လာချိန်မှာ ထိုလူကြီးက မော့ကြည့်လာသည်။
“အသစ်နောက်တစ်ယောက်လား”
ထို့နောက် ထိုလူကြီးက အမှုမထားစွာ ဆက်ပြောသည်။
“အထဲဝင်ပြီး မင်းဘာသာရွေးလိုက်တော့၊ အေး..အထဲကစည်းကမ်းတွေတော့ ဖတ်အုံး။ ပြီးသေနေမှ ငါ့အပြစ်လာမပြောနဲ့”
“သင်ပြပေးလို့ကျေးဇူးပါ အကိုကြီး”
လုယန် လက်နှစ်ဖက်ယှက် အရိုအသေပေးပြီးတာနဲ့ စာအုပ်စင်တွေဘက် ခြေဦးတည်လိုက်တော့သည်။
ချက်ချင်းဆိုသလို လုယန်၏ခါးက ကျောက်စိမ်းပြားက တစ်စုံတစ်ခုကို အာရုံခံမိသည့်နှယ် အနည်းငယ် လှုပ်ရှားလာပြီး လေထဲမှာစာကြောင်းတွေ ပေါ်လာစေခဲ့၏။
“လုယန်.. ကောင်းကင်ပြုပြင်တောင်ထွတ်ရဲ့တပည့်”
“ကောင်းကင်ပြုပြင်တောင်ထွတ်ရဲ့ လျို့ဝှက်သိုင်းကျင့်စဥ်တစ်ခုဖြစ်တဲ့ နဂါးနဲ့ကျားရဲ့ကြားကယင်ယန်ဖြစ်စဥ် ကျင့်စဥ်ကို အလကားရရှိပါမည်။ ထို့အပြင် ပထမဆုံးဝယ်တဲ့ ကျင့်စဥ်တစ်မျိုးကို တစ်မှတ်မှပေးစရာမလိုပဲ အကြွေးဖြင့် ဝယ်ခွင့်ပြုမည်”
လုယန်ချက်ချင်း လက်ခံလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ ကျောက်စိမ်းပြားထဲကို နဂါးနဲ့ကျားရဲ့ကြားကယင်ယန်ဖြစ်စဥ် သိုင်းရဲ့ အကြောင်းအရာများ ဝင်ရောက်လာကာ.. လုယန်ရဲ့အာရုံလဲ ထိုအကြောင်းအရာအပေါ် ရောက်ရှိသွားပြီး အချိန်တစ်ခုကြာမှ သတိပြန်ဝင်လာခဲ့သည်။
“ဒီသိုင်းကလည်း ဘာကိစ္စ အတွင်းတာအိုစာအုပ်လိုမျိုး နှစ်ပိုင်းဖြစ်နေရတာလဲ”
အတိတ်ဘဝက အဆုံးသတ်ကို မြင်ယောင်လိုက်မိသောကြောင့် လုယန် တစ်ယောက် အရုပ်ဆိုးသွားတော့၏။
“ဒီသိုင်းကို အဆုံးထိကျင့်မယ်ဆိုရင်တော့ အဆင့်ငါး ယင်ယန်နဂါးကျားချီစွမ်းအင်ကို ရနိုင်လိမ့်မယ်။ ဒါဆိုရင်တော့.. အခြေခံတည်ထောင်ခြင်းနယ်ပယ်အထိ တန်းတန်းမတ်မတ် ကျင့်ကြံနိုင်မှာပဲ”
“ဒါပေမဲ့ခက်တာက ချီသန့်စင်ခြင်းနယ်ပယ်နဲ့ သက်ဆိုင်တဲ့ ပထမတစ်ပိုင်းပဲ ရှိသေးတယ်”
အတိတ်ဘဝရဲ့အတွေ့အကြုံကြောင့် တစ်ပိုင်းတစ်စကျင့်စဥ်တွေကို လုယန် တော်တော်လေး လန့်နေမိပြီပင်။.ထို့ကြောင့် ဒီသိုင်းကိုပါ လျစ်လျူရှုဖို့ တွေးမိသွားတော့၏။
သို့သော် အကြာကြီးပြန်စဥ်းစားပြီးနောက်မှာ လုယန် သက်ပြင်းချလိုက်လေကာ
“ငါကျင့်ကြံမှဖြစ်လိမ့်မယ်”
အကယ်လို့ ဒီသိုင်းကိုသူကျင့်ကြံလိုက်မယ်ဆိုရင် အနာဂတ်မှာ ဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့လာနိုင်သည်။
သို့သော် မကျင့်ကြံဘူးဆိုရင် သူ့မှာ အနာဂတ်တောင် ရှိလာမှာမဟုတ်ဘူး။
ထို့အပြင် ဒီနဂါးနဲ့ကျားရဲ့ကြားကယင်ယန်ဖြစ်စဥ်သိုင်းက တော်တော်လေး ဆန်းကြယ်ပါ၏။ တစ်ဖက်သူရဲ့ အသက်စွမ်းအင်ကိုသာမက တစ်ဖက်သူ ပိုင်ဆိုင်ထားသော ကျင့်စဥ်တွေ၊ နတ်စွမ်းရည်တွေနဲ့ အတွေ့အကြုံတွေကိုပါ စုပ်ယူနိုင်မှာဖြစ်သည်။
“ပြီးတော့ တစ်ခါစုပ်ယူခံရပြီးတဲ့ ပစ်မှတ်က တစ်ဖြည်းဖြည်းနဲ့ အတွေးတွေ ထိန်းချုပ်ခံရပြီး.. ကိုယ့်ပုံစံကိုပျောက်ဆုံးလာမှာ၊ နောက်ဆုံးကျ ငါ့အလိုကျ သေပေးမဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာလိမ့်မယ်။ တကယ်ကို နတ်ဆိုးဆန်လှတဲ့ သိုင်းကြီးပဲ”
လုယန် ဝေခွဲနေစဥ်မှာပဲ နောက်ထပ်နာရီဝက် ကုန်ဆုံးသွားခဲ့သည်။
ထို့နောက် လုယန်က လက်ချောင်းထိပ်မှာ ချီစွမ်းအင်နှစ်ခုကို စုဝေးလိုက်ပြီး… ထိုစွမ်းအင်တွေက နဂါးနဲ့ကျားအသွင်ပြောင်းသွားကာ နောက်ဆုံးမှာ ပေါင်းစည်းလိုက်ကြပြီး ချီစွမ်းအင်ပုံစံသစ်တစ်မျိုးအဖြစ် ထွက်ပေါ်လာ၏။
“အင်း..”
သို့သော်.. ထိုစွမ်းအင်ကချက်ချင်း ပျောက်ကွယ်သွားလေပြီး တစ်ချိန်ထဲမှာ လုယန်ရဲ့မျက်နှာလဲ ဖြူဖွေးသွားခဲ့သည်။
“ကျရှူံးတာလားဟ”
“အင်း ဟုတ်ပါတယ်လေ.. ငါကစာပဲ ဖတ်ကြည့်ရသေးတာ၊ လက်တွေ့အတွေ့အကြုံမှ မရှိသေးတာပဲ။ နှစ်ကိုယ်တွဲကျင့်စဥ်တွေက တစ်ယောက်ထဲ ကျင့်လို့မှမရတာကို”
လုယန်စိတ်မပျက်ပဲ ထိုအစား စာအုပ်စင်ကို တဖန်ပြန်ကြည့်လိုက်သည်။
ဂိုဏ်းစည်းကမ်းအရ.. သူ့မှာ ဒီစာအုပ်စင်တွေထဲက နောက်ထပ်ကျင့်ကြံဆင့် သို့မဟုတ် နတ်စွမ်းရည်ကို အကဲဖြတ်အမှတ် မပေးဘဲ အကြွေးဖြင့် ယူလို့ရသေးသည်။
လုယန် လှည့်ပတ်ကြည့်ရှုနေချိန်မှာ စာကြည့်ဆောင်ထဲရှိ.. နတ်ဆိုးသိုင်းများတင်မဟုတ်ဘဲ၊ စစ်မှန်ဂိုဏ်းတွေရဲ့သိုင်းတွေကိုပါ တွေ့လိုက်ရသောကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။
စစ်မှန်ဂိုဏ်းတွေရဲ့ ဓားသိုင်းတွေသာမက၊ ဒြပ်စင်ငါးပါးအသုံးပြုရတဲ့ မှော်စွမ်းအင်တွေ.. တစ်ခြား အများကြီး ရှိနေသေးသည်။
“ကောင်းကင်ဘုံဖြတ်တောက်ခြင်းသိုင်း၊ ထိုက်ယိဒြပ်စင်ငါးသွယ်သိုင်း၊ စစ်မှန်သောဖြေရှင်းချက်သိုင်း၊ နတ်ဓားထိန်းချုပ်ခြင်းသိုင်း..”
လုယန် အချိန်ခဏကြာသည်အထိ မျက်မှောင်ကြုတ် စဥ်းစားပြီးနောက်မှ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“နတ်ဓားထိန်းချုပ်ခြင်းသိုင်း.. အမှတ်တစ်ထောင်”
“သင်က ပထမဆုံးအကြိမ် ဝယ်သူဖြစ်ကြောင်း စစ်ဆေးမိသည့်အတွက် အကြွေးဖြင့်ဝယ်ယူနိုင်ပါသည်.. နှစ်စဥ် ၃၆ရာခိုင်နှုန်း အတိုးပေးရမည်ဖြစ်ပြီး ဆယ်နှစ်ပြီးရင် အကြွေးပြန်ဆပ်ရမည်။ ဝယ်ယူလိုပါသလား”
ဘယ်လောက်တောင်…
လုယန် ဆဲမိတော့တတ်ပင်။
အတိုး၃၆ ရာခိုင်နှုန်းတောင် ပေးရမှာဆိုတော့ နှစ်တိုင်း သူက ၄၆၀မှတ် ပေးရပြီးတော့ ဆယ်နှစ်ကျရင် ၄၆၀၀ တောင်ပေါ့..
၁၀၀၀တန်ကို ၄၆၀၀နဲ့ ရောင်းနေတာလား။
ဒါကလူတွေရဲ့ အရိုးထဲကနေ အကျိုးအမြတ်တွေ ညှစ်ထုတ်နေတာ မဟုတ်ဘူးလား။
“နေအုံး.. ငါကမတူဘူးလေ”
လုယန် ချက်ချင်းပဲ မျက်လုံးများ တောက်ပသွားတော့သည်။
ဒါက တစ်ခြားသူတွေအတွက်တော့ ရုန်းထွက်ဖို့ခက်ခဲတဲ့ တွင်းအကြီးကြီး ဖြစ်နိုင်ပေမဲ့.. သူက မတူဘူးလေ။
ဒီဇာတ်ကို သူကလို့မနိုင်တော့ရင် အစကပြန်စလိုက်မှာပေါ့။ အတိတ်ဘဝက အကြွေးတွေက သူနဲ့ဘာဆိုင်မှာမလို့လဲ။
ထိုသို့ဖြင့် လုယန်တစ်ယောက် တက်ကြစွာ စာကြည့်ဆောင်တစ်ခုလုံးကို မွှေနှောက်တော့သည်။
ပြန်ပေးဖို့အစီအစဥ် မရှိတော့သည့်အတွက် လုယန်ရဲ့ပုံစံက ပို၍ပင် မြောက်ကြွမြောက်ကြွ ဖြစ်နေသေး၏။
အလွန်ကိုအိန္ဒြေရှိသော အမူအရာနဲ့ပဲ သူ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို မျက်တောင်တစ်ချက်မခတ်ပဲ ဝယ်ယူလိုက်တော့သည်။
သို့သော် လုယန် မထင်ထားတာတစ်ခုကို ကြုံတွေ့လိုက်ရ၏။
သူအစောပိုင်းက နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ်သိုင်းကို လက်ခံချိန်မှာ သူ့ရဲ့ကျောက်စိမ်းပြားထဲကို တိုက်ရိုက်ပို့ပေးခဲ့တာ ဖြစ်သည်။
သို့ပေမဲ့အခုတော့ သူ အသိပေးစာတစ်စောင်ကိုပဲ လက်ခံခဲ့ရလေသည်။
“ကျင့်ကြံရေးမှတ်တမ်းကို ယူဆောင်နေပါပြီ၊ သက်ဆိုင်ရာဂူထဲကို သုံးရက်အတွင်း ပို့ဆောင်ပေးပါ့မယ်”
“စိတ်ရှည်စွာစောင့်ဆိုင်းပေးပါ”
လုယန်အနည်းငယ် ရှုတ်ထွေးသွားတော့သည်။
ကျင့်ကြံရေးမှတ်တမ်းကို ယူဆောင်နေတယ်ဆိုတာ ဘာကို ပြောချင်တာလဲ။
ဒါက မူရင်းမဟုတ်လို့ ကူးရေးနေတာများလား။
လုယန် ရှေးဦးသူတော်စင်ဂိုဏ်းကို ယုံကြည်ပေးလိုက်ပြီး စာကြည့်ဆောင်ထဲက ပြန်ထွက်လိုက်တော့သည်။
အပြန်လမ်းမှာ အပေါက်ဝက လူကြီးနဲ့ ထပ်ဆုံလိုက်ရသည်မို့…
“အကိုကြီး..”
လုယန် အရိုအသေပေးဖို့ လုပ်နေစဥ်မှာပဲ ထိုင်ခုံပေါ်က လူကြီးက အရင်စကားစလာ၏။
“ငါက အကိုကြီးမဟုတ်ပါဘူး.. ငါလဲ တပည့်တစ်ယောက်ပဲ။ မင်းထက် နည်းနည်း အသက်ကြီးနေရုံလေးပဲ”
လုယန် ခဏလောက်အံ့သြသွားသော်လည်း ချက်ချင်းပဲ ပြင်ဆင်ခေါ်ဝေါ်လိုက်သည်။
“ဂိုဏ်းတူအကို၊ ဂိုဏ်းကနေ ကျွန်တော်တို့အတွက် နှစ်ကိုယ်တွဲကျင့်ကြံရေးမီးဖိုကို ဘယ်လိုပေးတာလဲ သိလို့ရမလားဗျ”
ဒီနတ်ဆိုးဂိုဏ်းထဲရောက်လာမှတော့ လုယန် ဖြူဖြူစင်စင် ဘဝကို ဖြတ်သန်းပြီး နှစ်ကိုယ်တွဲကျင့်ကြံခြင်းကို ရှောင်ကြဥ်ဖို့ အတွေးမရှိပါချေ။
သူ့ကိုသန်မာလာစေသည့် ဘယ်လိုအရာကိုမဆို ချွင်းချက်မရှိ အသုံးပြုမှာပင်။
“မီးဖိုဟုတ်လား..”
ထိုလူကြီးက လုယန်ကို ချက်ချင်း ဖြတ်ခနဲ မော့ကြည့်လာခဲ့သည်။
“မင်း အကြွေးနဲ့ သိုင်းတစ်ခုခု ဝယ်လိုက်တာလား”
လုယန် အံ့သြစွာပဲ ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို မင်းစိတ်ပူစရာမလိုဘူး”
ထိုလူကြီးရဲ့မျက်နှာပေါ်မှာ အဓိပ္ပါယ်တစ်ချို့ပါသော အပြုံးတစ်ချက် ဖြတ်ပြေးသွားလေပြီး
“ အဲ့ဒီအကြွေးက စိတ်ပျက်ဖို့ကောင်းပေမဲ့.. မင်းကို စိတ်ကျေနပ်စေလိမ့်မယ်”
“သွားပြီးမင်းရဲ့ဂူမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ”
လုယန် ရှုတ်ထွေးစွာပဲ သူ့လှိုဏ်ဂူဆီကို ပြန်လာခဲ့လိုက်သည်။
သို့သော် သူ မကြာခင်မှာပဲ နတ်ဓားထိန်းချုပ်ခြင်းသိုင်းက ဘာကြောင့် အချိန်ယူရလဲနှင့်.. ထိုလူကြီးဆိုလိုသော စိတ်ကျေနပ်စေတာက ဘာကိုပြောမှန်း သဘောပေါက်လိုက်တော့၏။
သုံးရက်ကြာပြီးနောက်မှာ လုယန်ရဲ့ ဂူအရှေ့ကို သေတ္တာတစ်ဗူးရောက်လာသည့်အတွက် သူအထဲကိုယူကာ ဖွင့်ကြည့်လိုက်သည်။
ထိုအချိန်မှာပဲ ဗူးထဲမှာ ခြေလက်တွေ ကြိုးတုတ်ခံထားရသော မိန်းမလှလေးတစ်ယောက် ရောက်နေတာ တွေ့လိုက်ရ၏။ သူမ၏မျက်လုံးတွေက ဖီးနှစ်ငှက်တစ်ကောင်လို စူးရဲကာ သူရဲကောင်း အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သူမက တုနှိုင်းမမှီတဲ့ အလှလေးလို့ တင်စားလို့မရရင်တောင်မှ သူမရဲ့ ဆွဲဆောင်နိုင်စွမ်းကိုတော့ မေးခွန်းထုတ်မရပါချေ။
သူမမျက်နှာမှာ ဘာမျက်နှာချေမှ မလိမ်းထားတာတောင် ကြည်ကြည်ရှင်းရှင်းလေးနဲ့ ကျက်သရေ ရှိသောအငွေ့အသက်ကို ဖော်ထုတ်နေသည်။
ထို့အပြင် သူမက ဒီမွန်းကျပ်စရာ သေတ္တာထဲ အချိန်အကြာကြီးနေခဲ့ရ၍ ဖြစ်မည်။ သူမခန္ဓာကိုယ်အပေါ်ယံမှာ ချွေးတစ်လွှာ ရှိနေပြီး… ထိုချွေးစက်က ရှည်သွယ်သွယ် လည်ပင်းမှတစ်ဆင့် ရင်ဘက်ကြားထဲ စီးဝင်သွားသည်။
“နတ်ဆိုးဂိုဏ်း”
ထို့နောက် သူမက လုယန်ကို အပိုင်းပိုင်း စုတ်ဖြဲတော့မတတ် ကြောက်မက်ဖွယ် စိုက်ကြည့်လာ၏။
တစ်ချိန်ထဲမှာ သူမရဲ့ကံကြမ္မာကို လက်ခံလိုက်သည့်နှယ်.. နူးညံ့သောမျက်နှာထက်မှာ စိတ်ပျက်မှုတွေ ဝင်ရောက်လာသည်။
လုယန် မျက်မှောင်ကြုတ်သွားလေကာ
“မင်းက.. ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း ကလား”
“အဲ့တော့ကော ဘာဖြစ်သလဲ”
ထိုကောင်မလေးက လှပသောမျက်ဝန်းစူးစူးများကို ဖြတ်ခနဲ ပိတ်ချလိုက်သည့်အတွက် သူမပါးပြင်ထက်ကို မျက်ရည်နှစ်ကြောင်း စီးကျလာလေ၏။
“ကျွန်မကိုသတ်လိုက်”
ထိုမှပဲ လုယန် သဘောပေါက်တော့သည်။
နတ်ဓားထိန်းချုပ်ခြင်းသိုင်းက တောင်ပိုင်းဒေသရဲ့ အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်တဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ဖြစ်သည်။
သူ အစကတော့ ရှေးဦးသူတော်စင်ဂိုဏ်းက ဒီသိုင်းကို ဘာကြောင့်ပိုင်ဆိုင်ထားလဲဆိုပြီး သံသယဝင်နေခဲ့တာ.. အခုတော့ သူ သဘောပေါက်သွားရပြီ။
နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ် သိုင်းက တစ်ဖက်သူ၏ စွမ်းရည်နဲ့ အသိပညာကိုစုပ်ယူနိုင်သည်။
အခုတော့ နတ်ဆိုးဂိုဏ်းက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက်ကို စေလွှတ်လာခဲ့ပြီ။
ထို့ကြောင့်သူသာ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို သင်ယူလိုပါက သူမဆီက စုပ်ယူလိုက်ရုံသာ။
“ဒါဆိုရင် သိုင်းကိုသင်ယူလို့ရရုံတင်မကပဲ၊ နှစ်ကိုယ်တွဲကျင့်ကြံမဲ့ အဖော်ကိုလဲ ဖြေရှင်းပြီးသားဖြစ်သွားပြီ၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ။ တော်လိုက်တဲ့နတ်ဆိုးဂိုဏ်း”
အရာအားလုံးကို အသုံးချတာက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ ပုံစံပဲလေ။
နေပူပူ၊ ဆောင်းအေးအေး.. မနားမနေ လေ့ကျင့်ရသော စစ်မှန်ဂိုဏ်းများနှင့် နှိုင်းယှဥ်ပါက နတ်ဆိုးဂိုဏ်းရဲ့ဒီပုံစံကမှ လွယ်ကူရိုးရှင်းသေး၏။
…..