အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
Ch 11
(သတ်ဖြတ်ခြင်းကျိန်စာ)
လုယန် နောက်တစ်နေ့ရောက်သည်အထိ တစ်နေကုန် ထိုင်စောင့်တာတောင် သူ့ဆီကို ဘယ်သူမှ ရောက်မလာခဲ့ပေ။
ထိုလုပ်ကြံသူသုံးယောက်က ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်တွေ မဟုတ်သည့်နှယ်.. ဘယ်လိုထူးခြားမှုမှ ဖြစ်မလာခဲ့ပေ။ သူ့ထံကို စုံစမ်းဖို့ရောက်လာသည့်သူ တစ်ဦးတောင် မရှိဘူး။
လုယန် နောက်တစ်ကြိမ် သက်ပြင်းချလိုက်တော့သည်။ ထိုသုံးယောက်၏ အသက်မီးအိမ် ငြိမ်းသွားတာကို ဂိုဏ်းကမသိစရာအကြောင်း မရှိပါချေ။ ကြည့်ရတာ ဂိုဏ်းသားအချင်းချင်း မသတ်ဖြတ်ရဟူသော စည်းကမ်းက ဒီတိုင်း အလှရေးထားတာ ဖြစ်ပေလိမ့်မည်။ ပြဿနာအကြီးကြီးဖြစ်ပြီး လူတိုင်း သိကုန်တာ မဟုတ်သရွေ့ ဂိုဏ်းဘက်က စုံစမ်းမှာကို မဟုတ်ဘူး။
ဒီရှေးဦးသူတော်စင်ဂိုဏ်းက အန္တရာယ်များသလို ခန့်မှန်းရမလွယ်ကူသည့် နေရာတစ်ခုပဲ။
လူတွေသေကြသည်.. အဲဲ့ဒါက လူသတ်နှုတ်ပိတ်ချင်၍လည်း ဖြစ်နိုင်သည်၊ ပစ္စည်းဥစ္စာလုယက်ချင်၍လည်း ဖြစ်နိုင်သလို သူတို့တွေ မသိသင့်တာတစ်ခုခုကို သိသွားတာကြောင့်လည်း ဖြစ်နိုင်သည်။ ဘာကိစ္စ အလုပ်ရှုတ်ခံစစ်ဆေးပြီး အမှန်တရားကိုဖော်ထုတ်နေရမှာလဲ။
မဖော်ထုတ်သင့်တဲ့အရာတွေကို ဖော်ထုတ်မိသွားမှာထက်စာရင် ဘာကိုမှ မစုံစမ်းဘဲ မျက်စိပိတ်နားပိတ် နေပေးလိုက်တာက ပိုကောင်းပါ၏။
“နတ်ဆိုးဂိုဏ်းဆိုတဲ့ အတိုင်းပါပဲလား”
လုယန် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားပြီး သူ၏အောင်ပွဲဆုလာဘ်တွေကို ရယူဖို့လုပ်လိုက်တော့သည်။
လုယန် အရင်ဆုံးကျောက်စိမ်းပြားကို ယူလိုက်သည်။ ထိုလုပ်ကြံသူသုံးယောက်၏ ကျောက်စိမ်းပြားထဲမှာ ပုံမှန်ထက်ပိုသော အမှတ် ၄၀၀ တောင် ရှိနေသည့်အတွက် လုယန် အနည်းငယ်ပင် အံ့သြသွား၏။
“ဒီကောင်တွေက ကျွမ်းကျင်လုပ်ကြံသူတွေပဲ ဖြစ်ရမယ်”
လုယန် မျက်မှောင်ကြုတ်နဲ့ ဆက်လက်ရှာဖွေလိုက်သည်။ ရတနာပစ္စည်းတစ်ချို့မှလွဲလျှင် လျို့ဝှက်သိုင်းတစ်ခုဖြစ်သော ချီပိတ်သိမ်းသိုင်းက သူ့အာရုံကို ဖမ်းစားသွားလေ၏။
လုယန်အမြင်မှာတော့ ထိုသုံးယောက်၏ ချီပိတ်သိမ်းသိုင်းက တကယ်ကို တဖတ်ကမ်းခတ် ထူးချွန်သည်ပင်။ သူသာ အဆင့်တက်သွားခဲ့ပြီး ချီစွမ်းအင်နဲ့စိတ်ဝိညာဥ်က ထိုသုံးယောက်ထက် သိသာစွာမြင့်တက်နေခဲ့၍ မဟုတ်ပါက.. ထိုသုံးယောက် ဝင်လာတာကို သတိထားမိမှာတောင် မဟုတ်ပေ။ ထို့ကြောင့်ပဲ ဒီချီပိတ်သိမ်းသိုင်းက သူ့အတွက် ဝှက်ဖဲကောင်းတစ်ခု ဖြစ်လာနိုင်တာပင်။
“ပြီတော့ ဒီချီပိတ်သိမ်းသိုင်းက ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး”
ဂိုဏ်းဘက်ကပေးတဲ့ သိုင်းအသီးသီးက ထိုသုံးယောက်၏ ကျောက်စိမ်းပြားမှာ မှတ်တမ်းတင်ထားပြီး ဒီတစ်ခုပဲ မပါတာဖြစ်၍ ဒါက ထိုသုံးယောက် သီးသန့်ပိုင်ဆိုင်သော လျှို့ဝှက်သိုင်းတစ်ခု ဖြစ်တန်ရာသည်။
ထို့ကြောင့် ဂိုဏ်းဘက်က မေးခွန်းထုတ်မှာကိုလည်း သူ စိတ်ပူဖို့ မလိုအပ်တော့ပေ။
“ရေငတ်တုန်းရေတွင်းထဲ ကျတာပဲ၊ ကောင်းလိုက်တာ”
လုယန် ထိုသုံးယောက်လုံးကို ဆွဲခေါ်သွားပြီး ကျွင်းတစ်ကျွင်းယူကာ မြုပ်နှံအနားယူစေလိုက်သည်။
ထိုအချိန်မှာ သူတစ်စုံတစ်ခုကို တွေးမိသွား၏။
“ ဒီချီပိတ်သိမ်းသိုင်းက တကယ်မိုက်တယ်.. ဒါကဂိုဏ်းကပေးတာလဲ မဟုတ်ဘူးဆိုတော့ ဒီကောင်တွေ ဘယ်ကရခဲ့တာများလဲ။ ဒီသိုင်းရဲ့ နောက်ကွယ်မှာ နောက်ထပ်အခွင့်အရေးတွေ ရှိနေနိုင်လား”
လုယန် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားသည်။
သို့သော် သူ၏ထိုးတက်လာသော လောဘတွေကို လုယန် လျှင်မြန်စွာပဲ ပြန်ချုပ်သိမ်းလိုက်ရ၏။ ထို့နောက် သူ့မျက်လုံးတွေလည်း ပြန်ကြည်လင်လာခဲ့သည်။
“အလောတကြီးမလုပ်ရဘူး.. ငါ့ရဲ့နောက်ဘဝကျရင် ဒီသုံးယောက်နဲ့ အရင် မိတ်ဆွေဖွဲ့ရမယ်”
သူ့အတွက် အမြဲတမ်း နည်းလမ်းရှိနေပါသေး၏။ ထို့ကြောင့် အလောတကြီးလုပ်ဖို့ မလိုအပ်ပါချေ။
ထိုသုံးယောက်လုံး ကောင်းမွန်စွာ အနားယူနိုင်ရန် ကူညီပြီးသည်နှင့် လုယန် ကျောက်စိမ်းပြားထုတ်လိုက်ကာ ယွင်မြောင်ချင်း ပြောထားသည့် ဓားဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေကို စစ်ဆေးလိုက်သည်။
“ဓားဆေးလုံး ဖော်ချင်ရင် ရွှေအဆီအနှစ်သုံးဆ၊ ကျောက်စိမ်းအဆီအနှစ် သုံးဆ၊ ပြဒါးရိုင်းနှစ်ဆနဲ့ ဓားချီနှစ်ဆကို ပေါင်းစပ်ရမယ်။ စစ်မှန်တဲ့မီးတောက်နဲ့ပေါင်းစပ်ပြီးရင် နတ်ရေကိုသုံးပြီး အေးခဲအောင်လုပ်ရမယ်။ အဲ့ဒါပြီးမှ နတ်ဓားထိန်းချုပ်ခြင်းသိုင်းနဲ့ အဆီအနှစ်ထွက်ပေါ်လာတဲ့အထိ အညစ်အကြေးတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ရင်း သန့်စင်ရမယ်”
လုယန်တစ်ယောက် ဖတ်နေရင်းမှ မထိန်းနိုင်စွာ အရုပ်ဆိုးလာတော့၏။
“ ရွှေ၊ကျောက်စိမ်း၊ ပြဒါးရိုင်းနဲ့ ဓားချီ.. အဲ့ဒါတွေအားလုံးက တစ်စကို အမှတ်တစ်ရာ ပေးရမှာ။ နတ်ရေက အမှတ်၅၀၀ ရှိတယ်။ စစ်မှန်တဲ့မီးတောက်ကလည်း ၅၀၀ ပဲ”
“ဒီတော့စုစုပေါင်း အမှတ် ၂၀၀၀တောင် ကျမှာပေါ့လေ”
“ဒီဖေ..”
ယွင်မြောင်ချင်းပြောဖူးသည့် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက သူတို့တပည့်တွေ ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ ဆရာတွေဆီကနေ ဓားဆေးလုံးတစ်လုံးရကြောင်း စဥ်းစားမိလိုက်ပြီး လုယန် အံကြိတ်လိုက်တော့သည်။
သို့ပေမဲ့ ဒီရှေးဦးသူတော်စင်ဂိုဏ်းမှာတော့ အမှတ်၂၀၀၀တောင် ပေးရသည်..
လူတစ်ယောက်က အနှစ်နှစ်ဆယ်လောက် မစားမသောက်နဲ့ ခွေးလိုနွားလို ကုန်းကျုံးအလုပ်လုပ်မှပဲ အမှတ်၂၀၀၀ ရနိုင်လိမ့်မည်။
သောက်ကျိုးနည်း ရှေးဦးသူတော်စင်ဂိုဏ်း။
ထိုခေါင်ခိုက်နေသော အမှတ်နှုန်းထားက သေးငယ်သော အောင်ပွဲလေးမှာ ဂုဏ်ယူဝံ့ကြွားနေသော လုယန်၏ ပျော်ရွှင်မှုလေးကို မီးတောက်ထဲ ရေခဲရေလောင်းချလိုက်သလို ရက်စက်စွာ ငြိမ်းသက်ပစ်လိုက်ကာ.. လက်တွေ့ကမ္ဘာဆီ ပြန်လည်ခေါ်ဆောင်သွားလေ၏။
“ဒီလိုဆိုမှတော့ ငါရခဲ့တဲ့အမှတ်၄၀၀က သုံးစားလို့ မရတော့ဘူးပေါ့”
လုယန်က ဒီဘဝမှာကျင့်ကြံဆင့်မြင့်အောင် လုပ်ပြီး နောက်ဘဝအထိ ယူသွားဖို့ စဥ်းစားထားတာဖြစ်သည်။ ထို့ကြောင့် အမှတ်၄၀၀နဲ့ ဘယ်လိုပစ္စည်းကောင်းကို ဝယ်လိုက်ပါစေ၊ သူ့အတွက် အသုံးဝင်မှာ မဟုတ်တော့ပေ။
ဆေးလုံးတွေဝယ်ပြီး ကျင့်ကြံဆင့်တိုးအောင် လုပ်ဖို့လည်း မဖြစ်နိုင်ဘူး.. ချီသန့်စင်ခြင်းအလယ်နယ်ပယ်က အစောပိုင်းနယ်ပယ်လိုမျိုး လွယ်ကူသည့် အနေအထား မဟုတ်သည့်အတွက် အမှတ်၄၀၀ လုံး အသုံးပြုရင်တောင်မှ ချီသန့်စင်ခြင်းအဆင့်ငါးကို တက်နိုင်လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ သိုင်းတစ်ခုခုနဲ့ သွားလဲရမယ် ထင်တယ်”
ကျင့်ကြံရေးသိုင်းနဲ့ နတ်စွမ်းရည်တွေကတော့ ရတနာတွေလိုမဟုတ်ဘဲ အသိပညာအဖြစ် နောက်ဘဝအထိ ယူသွားလို့ရလေ၏။ လုယန် ချက်ချင်းပဲ စာကြည့်ဆောင်ကို ခြေဦးတည်လိုက်တော့သည်။
“အိုး.. ကောင်လေး၊ မင်းထပ်ရောက်လာတာလား”
စာကြည့်ဆောင်အပေါက်ဝက လူကြီးက လုယန်ကိုမြင်တာနဲ့ အံ့သြတကြီး မေးလာသည်။
“မင်း သိုင်းထပ်လာဝယ်တာလား၊ ကောင်လေး မင်းက ချမ်းသာသွားတဲ့ပုံပဲ”
“ချီးကျုးတာ ကျေးဇူးပါ ဂိုဏ်းတူအကို”
လုယန် အရိုအသေပေးပြီးတာနဲ့ စာကြည့်ဆောင်ထဲ ဝင်လိုက်တော့သည်။ သူ့ရည်ရွယ်ချက်က ရိုးရှင်းပါသည်.. သေရေးရှင်ရေးအခြေအနေမျိုးမှာ အသုံးဝင်မဲ့ စောက်ရမ်းကြမ်းတဲ့ သိုင်းတစ်ခု လိုချင်သည်။
မကြာခင်မှာပဲ လုယန် ရှာတွေ့သွားလေ၏။
“သတ်ဖြတ်ခြင်းကျိန်စာ- အမှတ်၃၀၀”
ဒီနတ်စွမ်းရည်က ဗုဒ္ဓတရားထိုင်နည်းလမ်းနှင့် ဆင်တူသည်။ ကျင့်ကြံသူတစ်ယောက်က နှလုံးသားထဲမှာ လူသတ်အရိပ်အငွေ့ကို မွေးမြူပြီးတာနဲ့ ချီစွမ်းအင်သုံးပြီး ညတိုင်း အားဖြည့်ပေးရင်း သူ၏အသက်ဓာတ်နဲ့ ချည်နှောင်ရသည်။
ထို့နောက်မှာ ထိုသူက ပုံမှန်အတိုင်း လွတ်လပ်စွာ စကားပြောလို့ရသည်။ သို့သော် အသုံးပြုချင်လာရင်တော့ သတ်ဆိုသော တစ်လုံးတည်း ပြောလိုက်ရင် လုံလောက်ပြီပင်။ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားသော လူသတ်အရိပ်အငွေ့က ဝိညာဥ်ကိုမထိန်းချုပ်နိုင်အောင် လှုပ်ခတ်ရင်းမှ အပြင်ကို ပေါက်ထွက်လာလိမ့်မည်။ အပြင်ကို ရောက်တာနဲ့ ရန်သူကို အပြီးတိုင် တိုက်စားသွားသလို.. တန်ပြန်အနေနဲ့ အသုံးပြုသူလည်း သေဆုံးရမည်။ ပြောရရင် ရန်သူနဲ့အတူ သေဆုံးပစ်လို့ရသည့် ဖျက်ဆီးခြင်းမျိုးပဲ။
“မဆိုးဘူး၊ ငါ့ကိုယ်ငါလည်း သတ်သေလို့ရတယ်ဆိုတော့ ငါနဲ့ကိုက်တယ်”
သက်တမ်းတစ်ရာ စာအုပ်ကို ရလာကတည်းက လုယန်အကြောက်ဆုံးက သေရမှာကိုမဟုတ်ဘူး.. မသေရမှာဖြစ်သည်။ ဒီဝှက်ဖဲက သူသေမှပဲ အသုံးပြုလို့ရမည်မလား။
ထို့ကြောင့် အခုလို သတ်သေသည့် စွမ်းရည်က သူအလိုအပ်ဆုံး အရာပင်။
စာကြည့်ဆောင်ကနေ ထိုသိုင်းကိုယူလာပြီးတာနဲ့ လုယန် ကြာပန်းပုံထိုင်ကာ ကျင့်ကြံလိုက်၏။
“သတ်ဖြတ်ခြင်းကျိန်စာဆိုတာ နှလုံးသားထဲမှာ ချီကိုပိတ်သိမ်းထားခြင်းပဲ။ နှလုံးသားထဲက လူသတ်အရိပ်အငွေ့က ပြင်းထန်လေလေ၊ ကျိန်စာသက်ရောက်မှုလည်း ပြင်းထန်လာလေလေပဲ”
“ကောင်းကင်ဘုံက လူသတ်အရိပ်အငွေ့ကို ဖော်ထုတ်လိုက်ရင် ကြယ်တာယာတွေ ရွှေ့ပြောင်းရပြီး နက္ခတ်အပြောင်းအလဲ ကြုံတွေ့မယ်။ ကမ္ဘာမြေကြီးက လူသတ်အရိပ်အငွေ့ကိုဖော်ထုတ်ရင် နဂါးနဲ့မြွေတွေ ပျံသန်းလာလိမ့်မယ်။ အဲ့လိုပဲ လူသားတစ်ယောက်က လူသတ်အရိပ်အငွေ့ ဖော်ထုတ်လိုက်ရင်တော့ ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်လှန်ရလိမ့်မယ်။ ဒါကြောင့် လူသတ်အရိပ်အငွေ့ကို ကောင်းကင်ရောင်ဝါ၊ မြေကြီးရောင်ဝါနဲ့ လူသားရောင်ဝါဆိုပြီး သုံးမျိုးခွဲခြားနိုင်တယ်။ ကောင်းကင်ရောင်ဝါနဲ့ မြေကြီးရောင်ဝါက ဒဏ္ဍာရီထဲမှာပဲ ကြားဖူးကြတယ်။ လူသားရောင်ဝါကို အတွေ့များပြီး အဲ့ဒီထဲကနေမှ လက်နက်တွေရဲ့ချီကို အခြေခံပြီး ဖန်တီးထားတဲ့ လူသတ်အရိပ်အငွေ့က အဆင့်အမြင့်ဆုံးပဲ”
စာကြည့်ဆောင်ထဲမှာ လုယန် လူသတ်အရိပ်အငွေ့ကို မွေးမြူလိုက်သည်။
“ကံကောင်းလို့ ပစ္စည်းတွေအသင့်ရှိနေလို့ပဲ”
ထိုလူသတ်အရိပ်အငွေ့ကို လူသတ်လိုစိတ်ပြင်းသည့် ကျင့်ကြံသူတွေ အသုံးပြုခဲ့သည့် လက်နက်မှတစ်ဆင့် သန့်စင်ရထားဖြစ်ပြီး လုယန်ကလည်း လောလောလတ်လတ်ကမှ အိမ်အလည်လာထားသော ဧည့်သည်သုံးယောက်ဆီက လက်နက်တွေ အသင့်ရထားလေ၏။
လုယန် ခန္ဓာကိုယ်ထဲမှာ ဖြည်းညှင်းစွာ သန့်စင်လိုက်သည်။ ထောင်ချီသော ဓားပေါင်းများစွာက သူ့အရိုးနဲ့အသားစတွေကို အပိုင်းပိုင်းခုတ်နေသလို ခံစားနေရပြီး နာကျင်မှုက တောင့်မခံနိုင်အောင်ပင်။ သို့ပေမဲ့ လုယန် ပါးစပ်မဟရဲစွာပဲ နှုတ်ခမ်းကို တင်းနေအောင် စိထားလိုက်သည်။
ဒီသန့်စင်ရတဲ့ကာလက အရေးအကြီးဆုံးပင်။ သူမတော်တဆ ပါးစပ်ဟလိုက်မိလို့ ချီစွမ်းအင်တွေ အပြင်ထွက်ကုန်ပါက သေဆုံးသွားလိမ့်မည်။
ထိုသို့ဖြင့် အချိန်အကြာကြီးနေပြီးနောက်မှာ တဖြည်းဖြည်း ရုပ်လုံးပေါက်လာသော လူသတ်အရိပ်အငွေ့က ချီစွမ်းအင်နဲ့ ပေါင်းစည်းသွားပြီး သူ့ထိန်းချုပ်မှုအောက်ကို ရောက်လာပြီမှန်း လုယန်ခံစားလိုက်ရတော့၏။
“ဒါဘယ်လောက်တောင်.အင်အားကြီးလဲ သိချင်မိသားပဲ”
လုယန်၏မျက်နှာထက်မှာ မျှော်လင့်ချက်တွေ ဝင်ရောက်လာပြီး ဒီဘဝကို သေချာပေါက် သတ်ဖြတ်ခြင်းကျိန်စာ အသုံးပြုမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့ဖြင့် လုယန်စာကြည့်ဆောင်ထဲက ပြန်ထွက်လိုက်၏။ ဝင်ပေါက်ကိုရောက်တာနဲ့ ဒေါသတကြီး ဆဲရေးနေသော လူအိုကြီးကို တွေ့လိုက်ရ၍ သူအနည်းငယ်ပင် မှင်သက်သွားခဲ့သည်။
“သောက်ကျိုးနည်း ကံကောင်းလွန်းတဲ့ ခွေးမသား”
ထိုလူကြီးက ကျောက်စိမ်းပြားကို တုန်ယင်စွာ ကိုင်ထားရင်းမှ မျက်နှာကြီးတစ်ခုလုံးက ခံစားချက်မထိန်းနိုင်စွာ ရှုံ့တွနေ၏။
လုယန် လမ်းလျှောက်သွားလိုက်ပြီး သိချင်စွာ မေးလိုက်တော့သည်။
“ဂိုဏ်းတူအကို ဘာဖြစ်လို့လဲဗျ”
“ဘာဖြစ်လို့လဲဟုတ်လား”
လုယန်၏မေးခွန်းကြောင့် ထိုလူကြီးက ပိုဒေါသထွက်သွားဟန်ရှိပြီး ကျောက်စိမ်းပြားကို ဒေါသတကြီးမြေပေါ် ပစ်ချလိုက်လေကာ
“သွားပြီ၊ အကုန်သွားပြီကွ။ ရော့ မင်းဘာသာ ကြည့်လိုက်”
ထိုလူကြီးခဗျာ အလွန်မောပန်းစွာပဲ သစ်သားခုံပေါ် ပြန်ထိုင်ချလိုက်လေရဲ့။
လုယန် အလွန်ရှုတ်ထွေးသွားပြီး ကျောက်စိမ်းပြားကိုဖွင့်ကာ နောက်ဆုံးရသတင်းကို ကြည့်လိုက်သည်။ ထိုမှပဲ သူနားလည်တော့သည်။
“လာဘ်ရေကန်ရဲ့ ပထမဆုပိုင်ရှင် ထွက်ပေါ်လာပြီ”
“အရောင်စုံ လာဘ်ငါးကို တပည့်အသစ် ရှောင်ရှစ်ယီက ရရှိသွားပါတယ်။ ဆုလာဘ် အမှတ် သန်းတစ်ထောင် ရရှိသွားသော ရှောင်ရှစ်ယီက ဆုလက်ခံပြီးတာနဲ့ ပျောက်ဆုံးသွားကာ တံခါးပိတ်ကျင့်ကြံနေတယ်လို့ သိရတယ်”
….Ch 12
(ယင်အရိုးစု)
“ အရောင်စုံ လာဘ်ငါးအတွက် အမှတ်သန်းတစ်ထောင်တောင် ရတာပေါ့”
ထိုသတင်းက တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းနီးပါးဆွေးနွေးနေကြလေရာ၊ လုယန် အချိန်ခဏအတွင်းမှာပဲ ဇာတ်လမ်းတစ်ခုလုံးကို သဘောပေါက်သွားသည်။
ဒီရှေးဦးသူတော်စင်ဂိုဏ်းမှာ အမှတ်စုဆောင်းတဲ့ အထူးတာဝန်တစ်မျိုး ရှိနေတာပင်…
ကောင်းကင်ယံတိမ်ပင်လယ်ထဲက အထွဋ်အမြတ်မီးချောက်ကမ်းပါးရဲ့ အောက်မှာ လာဘ်ရေကန်လို့ခေါ်သည့် ရတနာမြေတစ်ခုရှိပြီး ထိုကန်ထဲမှာ စိတ်ဝိညာဥ်သားရဲ လာဘ်ငါး ရှင်သန်လေ၏။
ထိုငါးတွေက အဖြူ၊ အပြာ၊ ခရမ်း၊ ရွှေရောင်နဲ့ အရောင်စုံဆိုပြီး ငါးရောင်ရှိကြသည်။
လာဘ်ငါးရဲ့အရောင်က အရောင်စုံလေလေ၊ အဆီအနှစ်စွမ်းအင်တွေ ပိုမိုပေါကြွယ်ဝလာသည့်အတွက် ထိုငါးကို စားလိုက်ရင် ချီစွမ်းအင်ထုတ်လွတ်နိုင်တဲ့ အရည်အသွေး ပိုမြင့်သွားရုံတင်မက၊ ပိတ်မိနေသော ကျင့်ကြံဆင့်ကိုလည်း မြင့်တက်စေနိုင်၏။
ထိုသို့ဖြင့် အခုလို အမှတ်စုဆောင်းသည့် အထူးတာဝန်တစ်ခု ပေါ်လာခဲ့သည်။
တပည့်တစ်ယောက်ချင်းဆီက တစ်လတစ်ကြိမ် အမှတ်၁၀ မှတ်နဲ့ ဂဏန်းတစ်ခုရွေးချယ်နိုင်ကာ ထိုဂဏန်းအရ လာဘ်ငါးတစ်ကောင် ရရှိမှာဖြစ်သည်။
သို့ပေမဲ့ တပည့်တွေတစ်ယောက်ချင်းဆီ ပေးခဲ့သော ၁၀မှတ်တိုင်းကို ဂိုဏ်းကမယူဘဲ လာဘ်ရေကန်မှာပဲ စုဆောင်းထားခဲ့သည်။ ထိုအချက်ကို ရှေးဦးသူတော်စင်ဂိုဏ်း၏ အကြီးအကဲတွေကပါ အတည်ပြုပေးထားတာ ဖြစ်သည်။ အရောင်စုံလာဘ်ငါးကို ဘယ်သူပဲရရ၊ ထိုသူက အစုလိုက်ဖြစ်နေသော အကဲဖြတ်အမှတ်တွေကိုပါ ရရှိမှာဖြစ်၏။
ထိုအထူးတာဝန်စတင်လာတာ အခုဆိုလျှင် နှစ်တစ်ရာလောက်နီးနီး ရှိနေလေပြီ။ ထိုနှစ်တစ်ရာအတွင်း ဘယ်သူကမှ အရောင်စုံလာဘ်ငါးကို မရဖူးသေးဘူး။ ထိုသို့ဖြင့် အကဲဖြတ်အမှတ်တွေက များသထက်များလာပြီး မတွေးရဲလောက်သော ပမာဏကို ရောက်လာခဲ့သည်။
“သန်းတစ်ထောင်… သန်းတစ်ထောင်ကြီးတောင်…”
ထိုင်ခုံပေါ် စိတ်ပျက်လက်ပျက် ထိုင်နေသော ထိုလူကြီးခဗျာ မနာလိုမှုအပြည့်နဲ့ တတွတ်တွတ် ရွတ်နေဆဲပင်။
မနေ့ကလေးတင် လာဘ်ငါးအတွက် အမြင့်ဆုံးဆုကို အနိုင်ရသူ ထွက်ပေါ်လာခဲ့ပြီး ထိုကောင်လေးက ဂိုဏ်းကိုဝင်လာတာ ဆယ်ရက်တောင် မရှိသေးတဲ့ လူသစ်ကလေးပင်။
ဂိုဏ်းထဲကိုဝင်လာတာ ဆယ်ရက်တောင် မရှိသေးချိန်မှာ ထိုကျက်သရေးတုံးလှသော ကောင်က နှစ်တစ်ရာဆုလာဘ်ကြီးကို ဆွတ်ခူးသွားသည်တဲ့လား။
စာကြည့်ဆောင်က ထိုအဖိုးကြီးစိတ်လွတ်နေတာလည်း အံ့သြစရာမရှိပါချေ။ ဘယ်လိုပဲဆိုဆို ထိုနှစ်တစ်ရာဆုကြေးထဲမှာ သူ၏နှစ်ပေါင်းများစွာ ကြိုးစားမှုတွေကိုလည်း အားဖြည့်ထားရသည်မလား။
ဆုကြေးပိုင်ရှင် ရှောင်ရှစ်ယီဆိုသော ကောင်လေးက အမှတ်သန်းတစ်ထောင်အပြင် အရောင်စုံလာဘ်ငါးကိုလည်း ရလိမ့်အုံးမည်။ အရောင်စုံလာဘ်ငါးကို စားလိုက်တာနဲ့ ချီသန့်စင်ခြင်းပထမအဆင့်ကနေ နောက်ဆုံးအဆင့်ကို တိုက်ရိုက်ရောက်သွားမှာပဲ။ အခုဆိုရင် ရှောင်ရှစ်ယီကို ဂိုဏ်းရဲ့မသေမျိုးဆရာကြီး တစ်ယောက်က သီးသန့်တပည့်အဖြစ် လက်ခံလိုက်သည့်အတွက် ထိုကောင်လေး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တိုက်ရိုက် အဆင့်တက်ဖို့ ပြင်ဆင်ရုံသာ ရှိတော့သည်။
လုယန်တောင် မထိန်းနိုင်အောင် မနာလိုသွားရသည်။
သို့သော် သူ့အကြည့်က ချက်ချင်းကို ပြောင်းလဲသွားသည်.. ထိုကံကောင်းလှသော လူငယ်လေးက သူ၏ပေါက်မဲနံပါတ်ကို မဖုံးကွယ်ထားခဲ့ဘူးလေ။
“၂၀၂၅၁၁၃”
လုယန် တံတွေးတစ်ချက် မြိုချလိုက်လေ၏။
ထိုနံပါတ်ကို နောက်ဘဝမှ သုံးဖို့အတွက် အသေကျက်ပြီးတာနဲ့ လုယန် ဟိတ်ဟန်အပြည့်ဖြင့် စာကြည့်ဆောင်မှ လှည့်ထွက်ဖို့ ပြင်လိုက်တော့သည်။
“ မောင်လေးလုလား”
အသံကိုကြား၍ လုယန်မော့ကြည့်လိုက်ချိန်မှာ တွေ့လိုက်ရသူက ချန်ချင်း…
သူမကလည်း အနည်းငယ် အံ့သြနေဟန်ရပြီး အခုလို မထင်မှတ်ဘဲ တွေ့ဆုံရမှုအပေါ် ပျော်ရွှင်နေပုံပေါက်သည်။
“အိုး ချန်ချင်း..၊ အချိန်ကျပြီလား”
စာကြည့်ဆောင်က လူကြီးက ချန်ချင်းကို မြင်တာနဲ့ စိတ်ပျက်လက်ပျက်အမူအရာကနေ ရုတ်ချည်းတည်ငြိမ်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
“ဒါဆို သွားကြမယ်လေ”
“ဂိုဏ်းတူအကိုကလည်း ဂူအဟောင်းကို သွားရှာမလို့လား”
လုယန် သိချင်စွာ မေးလိုက်တော့သည်။
“အေးပေါ့”
ထိုလူကြီးက မာန်ပါပါ ဆက်ပြော၏။
“ငါဒီလောက် အမှတ်တွေအများကြီး ရှုံးထားတာ၊ အချိန်မှီပြန်မရှာရင် ငတ်ပြတ်ပြီး သေကုန်မှာပေါ့ဟ”
“အမှတ်တွေအများကြီး ရှုံးတယ်ဟုတ်လား”
“အာ.. ထားပါ၊ အဲ့ဒါငါ အသုံးမကျလို့ပါ”
ထိုလူကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ဆက်ရှင်းပြသည်။
“မကြာခင်က ရှေးဦးသူတော်စင်ဂိုဏ်းနဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ခဲ့ကြတယ်”
“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက သေချာကို ပြင်ဆင်ထားခဲ့တာ၊ တောင်ပိုင်းက ငါတို့ဂိုဏ်းပိုင်တဲ့ သင်္ချိုင်းကုန်းမြေကြီးကို သိမ်းပိုက်နိုင်ခဲ့သွားတယ်”
“အဲ့ဒီသင်္ချိုင်းကုန်းမြေက ထွက်တဲ့ ယင်အရိုးစုက နဂိုတည်းကမှ ရှားပါးတဲ့ ရတနာတစ်ခုကို.. အခုသူတို့တွေက သင်္ချိုင်းကုန်းမြေကို အပိုင်စီးလိုက်တော့ ရှေးဦးသူတော်စင်ဂိုဏ်းထဲမှာ ယင်အရိုးစုရဲ့ ဈေးတွေအကုန် ခေါင်ခိုက်ကုန်တာပဲ”
“အကုန်လုံးလည်း ယင်အရိုးစုတွေဝယ်စု ကြတယ်၊ ငါလဲခဏတော့ စောင့်ကြည့်နေခဲ့သေးတယ်”
“အဲ့မှာကွာ.. ဈေးကတစ်စက်မှမကျဘူး။ တက်ပြီးရင်တက်နေတာ၊ အဲ့ဒါနဲ့ငါလဲ နောက်ကောက်ကျကျန်ခဲ့မှာစိုးလို့ ယင်အရိုးစုတွေအများကြီးကို ဈေးကြီးပေးဝယ်ပြီး လှောင်ထားလိုက်တယ်”
ထိုအချိန်မှာပဲ ထိုလူကြီးက ဒေါသတကြီးပေါင်းကို ဖြန်းခနဲ ရိုက်ချလိုက်လေကာ
“ဒါပေမဲ့ ဘယ်သူသိမှာလဲ။ ငါဝယ်လို့ပြီးတာနဲ့ သတင်းကြားလိုက်ရတာက ရှေးဦးသူတော်စင်ဂိုဏ်းက ပြန်တိုက်စစ်ဆင်နိုင်လို့ သင်္ချိုင်းကုန်းမြေကို ပြန်သိမ်းပိုက်လိုက်ပြီတဲ့လေ။ အဲ့မှာ မိုးထိုးတော့မတတ် မြင့်နေတဲ့ဈေးက ပြုတ်ခနဲ ပြန်ပြုတ်ကျပြီး မူလဈေးထက်တောင် နိမ့်ကုန်တာပဲ”
လုယန်, “....”
“ဒါပေမဲ့ ချန်ချင်းလေး ကျေးဇူးကြောင့် တော်သေးတာပေါ့”
ထိုလူကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ဝင်းပနေသော အမူအရာနဲ့ ဆက်ပြောသည်။
“ချန်ချင်းလေးက တကယ်လူကောင်းလေးပဲ သိလား”
ချန်ချင်းက ရှက်ရွံ့စွာ ပြုံးလိုက်ပြီးမှ
“ဂိုဏ်းတူအကို မြှောက်နေပါပြီရှင်”
“ဒါငါစိတ်ရင်းနဲ့ ပြောတာပါ” ထိုလူကြီးက ရိုးသားစွာ ဆက်ပြောလေသည်။
“မင်းသာ ငါ့ကိုအကိုကျောက်နဲ့ မိတ်ဆက်ပေးလို့မဟုတ်ရင် အရင်းတောင် ပြန်ရလိုက်မှာမဟုတ်ဘူး”
“အဲ့လောက်က မပြောပလောက်ပါဘူးရှင်”
ချန်ချင်းက လေးစားစွာ ပြန်ဖြေလေ၏။
“ အကိုကျောက်ကလည်း ယင်အရိုးစုနည်းနည်း လိုနေခဲ့တဲ့အချိန်မှာ ဂိုဏ်းတူအကိုစုထားတဲ့ ယင်အရိုးစုက တကယ်ပစ္စည်းကောင်းတွေ ဖြစ်သွားတာနဲ့ ကြုံသွားလို့ပါ။ ခဏနေ ဂူအဟောင်းတွေ သွားရှာတဲ့အချိန်ကျရင် ကျွန်မကို စောင့်ရှောက်ပေးဖို့နဲ့ လိုအပ်တာလေး ကူညီပေးဖို့ တောင်းဆိုပါတယ်နော်”
အကိုကျောက်ဆိုတာ.. ကျောက်ရှဟယ်လား။
လုယန် ခံစားချက်မကောင်းတော့ပေ။
“အိုး ဟုတ်သားပဲ မောင်လေးလု”
ချန်ချင်းက အခုမှတစ်စုံတစ်ခုကို အမှတ်ရသွားသည့်နှယ် လုယန်ကို လှည့်ကြည့်လာကာ
“ဒီတစ်ခေါက်ကို မောင်လေးလု တကယ်ပဲ မလိုက်တော့ဘူးလား”
လုယန် ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဒီမောင်လေးက ဂိုဏ်းထဲကို ဝင်တာမကြာသေးတော့ အတွေ့အကြုံမရှိသေးပါဘူး။ ကျွန်တော် ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ချင်ပါသေးတယ်။ ဂူအဟောင်းတွေ သွားရှာတဲ့ကိစ္စက တကယ်ကို အန္တရာယ်များတာမို့.. ကျွန်တော် မစွန့်စားရဲပါဘူး”
“ကောင်လေး၊ မင်းရဲ့စကားပြောတဲ့ ပုံကြီးကလည်းကွာ”
စာကြည့်ဆောင်က အဖိုးကြီးက ခေါင်းရမ်းရင်း ဝင်ပြောလာ၏။
“ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်မယ်ဟုတ်လား။ ငါတို့လို အမှတ်တွေ၊ နောက်ခံတွေ၊ အင်အားတွေ မရှိတဲ့သူတွေက ကျင့်ကြံရေးထဲမှာ ခေါင်းနှစ်ထားရုံနဲ့ အမတဖြစ်လာမယ် ထင်နေလား”
“ကျင့်ကြံတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲ။ အန္တရာယ်ကို မစွန့်စားရင် ဘယ်လိုလုပ် အရှေ့ရောက်နိုင်မှာလဲ”
“အကုန်လုံးကြောက်ပြီး နောက်ဆုတ်တဲ့အချိန်က ငါတို့တွေရဲရဲဝံ့ဝံ့ အရှေ့တက်သင့်ရင်တက်ရမှာကွ။ အခွင့်အရေးကို အမိအရဖမ်းဆုတ်ပါ”
ဒါပေါ့.. တစ်ခြားသူတွေကြောက်နေတဲ့အချိန်မှာ ခင်ဗျားက လောဘကြီးပြီး အမှတ်တွေအားလုံးနဲ့ ယင်အရိုးစုတွေ ဝယ်ခဲ့တာမလား။ ခင်ဗျားမွဲသွားတာ မအံ့သြတော့ပါဘူး။
ထိုလူကြီးဘယ်လောက်ပြောနေပါစေ၊ လုယန်က မတုန်မလှုပ်နဲ့ ယဥ်ကျေးစွာ ငြင်းနေဆဲပင်။.မကြာခင်မှာ ဒေါသထွက်လာသော ထိုသူက ကျွဲပါးစောင်းတီးလို့မရဘူးဆိုပြီး စောင်းမြှောင်းပြောဆိုကာ ထွက်သွားလေရဲ့။
ချန်ချင်းလည်း ဒီအခြေအနေမှာ ဆက်ပြောလို့မကောင်းတော့၍ လုယန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးတာနဲ့ သူမကပဲ ဦးဆောင်ပြီးထွက်သွားလိုက်တော့သည်။ ကောင်းကင်ပြုပြင်တောင်ထွတ်၏ သီးခြားဖြစ်နေသော ဂူတစ်ခုအနီးရောက် လာချိန်မှာ သူမက စာကြည့်ဆောင်က လူကြီးကို ခြံထဲမှာစောင့်နေခိုင်းလိုက်ပြီး သူမက အတွင်းအိမ်ထဲကိုဝင်လာကာ တိတ်ဆိတ်နေသော အခန်းတစ်ခုရှေ့မှာ ရပ်လိုက်သည်။
မကြာခင်မှာပဲ တံခါးပေါက်ပွင့်လာကာ အထဲကနေ ကျောက်ရှဟယ် ထွက်လာလေ၏။
“မအောင်မြင်ပြန်ဘူးလား”
ချန်ချင်းပြောပြတဲ့ ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက် ကျောက်ရှဟယ် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတော့၏။
“ ဒီကောင်က စိတ်မာသားပဲ၊ ဘယ်လောက်ပြောပြော ဆွယ်မရဘူး”
“ အကိုကျောက်၊ အဲ့ကောင်က တစ်ခုခု မူမမှန်ဘူးသိလား”
ချန်ချင်းက သူမ၏သွားဖြူဖြူလေးများနဲ့ နှုတ်ခမ်းကိုခပ်ဖွဖွ ကိုက်လိုက်ပြီးမှ ဆက်ပြော၏။
“ကျွန်မလက်အောက်ခံသုံးယောက်ရဲ့ အသက်မီးအိမ်တွေ ငြိမ်းသွားပြီ၊ မနေ့က သူတို့ကိုလွှတ်လိုက်တာက အဲ့ကောင်ကို သတ်ဖို့ပဲ.. ဒါပေမဲ့ သူတို့ပဲ အသတ်ခံလိုက်ရတာ”
“ သူတို့သုံးယောက်လုံးက ချီသန့်စင်ခြင်းအဆင့်သုံး ရှိတာနော်၊ လုယန်က သူတို့ကို သတ်နိုင်တယ်ဆိုတော့ အဲ့ကောင်က ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်နေပြီများလား”
“မဖြစ်နိုင်တာ၊ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး”
ကျောက်ရှဟယ် တုံ့ဆိုင်းမှုမရှိ ခေါင်းယမ်းလိုက်သည်။
“နယ်ပယ်တွေကိုကျော်ဖြတ်ရတာက လွယ်တယ်ထင်နေလား။ ဒီကောင် ချီသန့်စင်ခြင်းအဆင့်သုံးကို ရောက်တာဆိုရင် ဟုတ်သေးတယ်။ ဒါပေမဲ့ ဒီလောက်ရက်အနည်းငယ်အတွင်းမှာ ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ဘယ်လိုမှ ရောက်မလာနိုင်ဘူး”
“ကို သူ့ရဲ့ဝယ်ယူတဲ့စာရင်းကို စစ်ပြီးသွားပြီ”
“သူ ဘယ်လောက်ပဲ ချီစုပ်ယူခြင်းဆေးလုံးတွေ ဝယ်ခဲ့ဝယ်ခဲ့၊ ချီသန့်စင်ခြင်းအဆင့်သုံးကနေ ထပ်တက်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ လက်အောက်ခံသုံးယောက်ကတော့..”
“အဲ့ကောင်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ပိုင်တဲ့ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ဝယ်ခဲ့သေးတယ်”
“အဲ့ကောင်ကသာ နားလည်မှုပိုင်းထူးချွန်တဲ့ အရည်အချင်းကောင်းမျိုး ရှိနေလို့ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို အမြန်ဆုံးတတ်မြှောက်သွားတယ်ဆိုရင် မင်းကောင်သုံးကောင် သေသွားတာက အံ့သြစရာမရှိဘူး”
“ အကိုကျောက်ပြောတာ ဖြစ်နိုင်တယ်”
ကျောက်ရှဟယ်ပြောတာက ကျိုးကြောင်းသင့်သည်ဟု ချန်ချင်း ခံစားလိုက်ရသည်။ နယ်ပယ်တွေကြားက အတားအဆီးကို ကျော်ဖြတ်ရခြင်းက တကယ်ကို မလွယ်ကူပါချေ။ သူမတောင်မှ ဆယ်စုနှစ်တစ်ခုကြာ အချိန်ယူခဲ့ရသည်ပဲ။
ဒါကိုမှ အသစ်ဝင်တဲ့တပည့်က တစ်လမပြည့်သေးတဲ့အချိန်မှာ ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်နေတယ်ပြောပါက၊ ထိုကောင်ကသာ အမတဘိုးဘေးကြီးပြန်ဝင်စားပြီး ကျင့်ကြံနေတာမဟုတ်ရင် မဖြစ်နိုင်တဲ့ကိစ္စပဲ။
“ကောင်းပြီ၊ ဒါကိုနောက်မှဆွေးနွေးကြတာပေါ့”
ကျောက်ရှဟယ်က လက်တစ်ဖက်ယမ်းလိုက်ပြီး မျက်လုံးထဲကို ရက်စက်မှုတစ်ချို့ ဖြတ်ပြေးသွားကာ၊ ဆက်ပြောလာ၏။
“အရင်ဆုံး ကိုတို့အရေးကြီးတာကို လုပ်ကြမယ်။.အခု လူစုံပြီလား”
“အင်း” ချန်ချင်း.ခေါင်းညိတ်ပြလိုက်သည်။
“ဒါနဲ့လေ စာကြည့်ဆောင်က အဲ့ဒီ ဝမ်ပလုံက အတတ်ကြွဆုံးပဲသိလား၊ အကိုကျောက်က သူ့ဆီကနေ ယင်အရိုးစု ဝယ်ပေးလိုက်တော့ သူကအရမ်းတွေ ယုံကြည်နေတော့တာ”
“ဟဟ၊ ကောင်းတာပေါ့”
ကျောက်ရှဟယ် အေးစက်စွာ ပြုံးလိုက်တော့သည်။
“ ရှေးဦးသူတော်စင်ဂိုဏ်းမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ။ အဲ့ထဲကနေမှ ကိုယ်က အခွင့်အရေးတွေရပြီး အဆင့်တက်နိုင်ဖို့ဆိုတာ ကိုယ့်လုပ်ရပ်အပေါ်ပဲ မူတည်တယ်”
……