အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
Ch 13
(အလိုကြီးအရနည်း)
ကောင်းကင်ပြုပြင် တောင်ထွတ်အရှေ့ဘက်မှာ တပည့်ဆယ်ယောက်ကျော် စုဝေးနေခဲ့ပြီး ကျောက်ရှဟယ်၊ ချန်ချင်းနဲ့ ဝမ်ပလုံတို့က ဦးဆောင်နေသည်။
သူတို့သုံးယောက်ကပဲ ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်နေကြသူများဖြစ်သည်။
ထိုအချိန်မှာပဲ ရှေ့ဆုံးမှာရှိနေသော ကျောက်ရှဟယ်က မာန်ပါပါဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် ကျွန်တော့်ရဲ့ဖိတ်ခေါ်မှုမှာ အကုန်လုံး ပူးပေါင်းပေးတဲ့အတွက် ကျွန်တော် ဂုဏ်လဲယူရသလို ကျေးဇူးလဲတင်မိပါတယ်ဗျာ”
သူက ချက်ချင်းပဲ ဦးညွတ်အရိုအသေ ပြုလိုက်သည်။
“အမှန်တိုင်းပြောရရင် ကောင်းကင်ပြုပြင်တောင်ထွတ် အပြင်ဘက်မှာ ဂူအဟောင်းတစ်ခု တွေ့ထားပေမဲ့ အရှေ့မှာအကာအကွယ် အစီအမံက ရှိနေတော့ ကျွန်တော်လဲ ဝင်မရခဲ့ဘူး”
ထိုအချိန်မှာပဲ ချန်ချင်းကလည်း နူးညံ့စွာ ဝင်ပြောလာခဲ့သည်။ သူမ၏ သာယာသော အသံက အကုန်လုံး၏နှလုံးသားကို ဝေဝါးသွားစေ၏။
“ဒါကြောင့်ပဲ ကျွန်မက အားလုံးကို ဒီလို အကူအညီတောင်းလိုက်ရတာပါရှင်။ ကျွန်မတို့တွေ အကာအကွယ်အစီအမံကို ဖျက်ဆီးပြီးတာနဲ့ ရလာတဲ့ရတနာတွေကို အညီအမျှခွဲယူကြတာပေါ့။ ကျွန်မတို့ရဲ့ အကိုကျောက်က ဂိုဏ်းရဲ့ဂုဏ်သိက္ခာရှိတဲ့ တပည့်ကောင်းတစ်ယောက်ပဲ။ သူက ကျွန်မတို့ကို ဆုံးရှုံးစေမှာ မဟုတ်ပါဘူး”
ကျောက်ရှဟယ်၏.ပုံစံက လုံးဝကို မရိုးသားပါချေ။
သူနဲ့ချန်ချင်းနဲ့က တစ်ခုခု ကြိတ်ကြံစည်ထားဟန်ရှိပြီး.. စာကြည့်ဆောင်အစောင့် ဝမ်ပလုံက ဘုမသိဘမသိနဲ့ ပါဝင်လိုက်ရကာ ကျန်တဲ့သူတွေကို ဦးဆောင်သလို ဖြစ်သွားသည်။
ထို့နောက်မှာ သူတို့အားလုံးက လွတ်မြောက်အလင်းအသွင်ဖြင့် နေရာကနေ ထွက်ခွာလိုက်ကြ၏။
ရှေးဦးသူတော်စင်ဂိုဏ်း တည်ရှိသော ကောင်းကင်ယံတိမ်ပင်လယ်က အဆုံးမရှိအောင် ကျယ်ဝန်းပြီး သူတို့တွေ ဆယ့်ငါးမိနစ်လောက်နီးနီး ပျံသန်းလိုက်ရပြီးမှသာ တစ်နေရာကို ရောက်လာခဲ့သည်။
“ဒီနေရာပဲ”
ကျောက်ရှဟယ်က ချီစွမ်းအင်ကို အသုံးပြုပြီး တိမ်စိုင်တွေကို ရှင်းလင်းလိုက်သည်။ ဖုန်းရွှေကောင်းမွန်သော ခမ်းနားသည့် တောင်ထိပ်တစ်ခု ထွက်ပေါ်လာကာ ထိုနေရာက နဂါးတစ်ကောင် ခွေနေသည့်နှင့်ပင် ဆင်တူသေး၏။
“ ဒီနေရာကို ပန်းလုံကျွန်းလို့ခေါ်တယ်”
ကျောက်ရှဟယ်က တက်ကြွစွာ ရှင်းပြသည်။
“ကျွန်တော် စုံစမ်းရသလောက် ဒီနေရာက တစ်ခါက ဂိုဏ်းရဲ့အမတသခင်ကြီးဖြစ်တဲ့ ပန်းလုံသခင်ကြီးနေထိုင်တဲ့ ပန်းလုံကျွန်းတဲ့။ ဒီကျွန်းအပေါက်က အစီအမံက အရင်တုန်းကဆိုရင် အရမ်းအင်အားကြီးတဲ့ အခြေခံတည်ထောင်ခြင်းအဆင့် အစီအမံကြီး ဖြစ်ခဲ့တာ။ ဒါပေမဲ့ အချိန်တွေအရမ်းကြာလာတော့ ကမ္ဘာ့စွမ်းအားတွေ ဆုတ်ယုတ်လာပြီး သူ့အစွမ်းက ဆယ်ပုံတစ်ပုံတောင် မရှိတော့အောင် အားနည်းသွားခဲ့တာပဲ”
“အကုန်လုံး ကျေးဇူးပြုပြီး အစီအမံ ဖျက်ဆီးလို့ရအောင် ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ”
ကျောက်ရှဟယ်က ပြောပြီးတာနဲ့ ပန်းလုံကျွန်းထဲကို ဦးဆောင်ပြီးဝင်သွားလိုက်ရာ၊ နောက်ကျမကျန်လိုသော အကုန်လုံးလည်း တပြိုင်နက်ထဲ ဝင်လိုက်ကြလေ၏။
လူတွေအားလုံး ကုန်သွားမှပဲ ပုံရိပ်တစ်ခု ရုတ်ချည်းပေါ်ပေါက်လာခဲ့သည်။
“စိတ်ဝင်စားစရာပဲ”
လုယန်တစ်ယောက် ပန်းလုံကျွန်းပေါက်ဝကို စိတ်ဝင်စားစွာ ကြည့်နေခဲ့သည်။ သူ အထဲဝင်ဖို့ ရည်ရွယ်ချက်မရှိပါချေ။ ထိုအစားသူက မန္တာန်စာရွက်တစ်ချို့ ထုတ်ယူကာ ကျွန်းအပေါက်ဝမှာ အစီအမံတစ်ခု ချလိုက်တော့သည်။
“ဘယ်လိုပဲဆိုဆို၊ အကြွေးပေးရမဲ့အချိန်က နီးလာတော့ ငါဒီဘဝမှာ အချိန်မကျန်တော့ပါဘူး”
“ဒီတော့အကုန် ထုတ်သုံးရတော့မှာပဲ”
“ဒါပေမဲ့ ဒီပန်းလုံကျွန်းက ဘာဖြစ်မလဲ ကြိုမှန်းလို့မရဘူး။ ကျောက်ရှဟယ်ဘက်မှာ လူကတစ်အုပ်ကြီးရှိတာ ငါဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ အန္တရာယ်များတယ်၊ အထဲဝင်ပြီး တစ်ယောက်ထဲတိုက်လို့ကတော့ သေချာပေါက် ရှုံးမှာပဲ”
ခဏတာစဥ်းစားပြီးနောက်မှာ လုယန် အကြံတစ်ခု ရလိုက်သည်။
ဒီရှေးဦးသူတော်စင်ဂိုဏ်းမှာ လူကောင်းတွေရှိတယ်ဆိုတဲ့အချက်ကို သူလုံးဝ သဘောမတူပါချေ။ ထို့ကြောင့် ကျောက်ရှဟယ်၏ အခုလို လူတွေကို အပြင်ခေါ်ထုတ်သွားတဲ့ ရည်ရွယ်ချက်က လုံးဝ မရိုးရှင်းဘူးဟု သူ အပြတ်သတ် ယူဆထား၏။
သို့ပေမဲ့ အခု လူတွေအများကြီး ပါသွားတာဖြစ်သည်။ ဝမ်ပလုံပါ ရှိနေလေရာ၊ သူတို့တွေ တိုက်ပွဲဖြစ်ကြရင် ကျောက်ရှဟယ်လည်း အနည်းနဲ့အများတော့ ထိခိုက်မိထားမှာပဲ။ ဒီလိုဆိုမှတော့ သူသာ အပေါက်ဝမှာ အစီအမံတစ်ခုချထားလိုက်ပြီး အေးဆေးစောင့်နေလိုက်ရင်း... အပြင်ထွက်လာနိုင်သည့်သူကိုပဲ တိုက်ခိုက်လိုက်တာ မကောင်းပေဘူးလား။
အထဲဝင်ပြီးစူးစမ်းတာထက် ဒါကအများကြီး အကျိုးထူးလေသည်။
ထို့ကြောင့် လုယန်က လက်ကျန်အမှတ်တစ်ရာလုံးကို အသုံးပြုပြီး ဝင်္ကပါအစီအမံအတွက် မန္တန်စာရွက်တွေ ဝယ်ခဲ့လိုက်သည်။ ထိုဝင်္ကပါအစီအမံ မန္တာန်စာရွက်လေးရွက်ကို ပတ်ဝန်းကျင်ပတ်ပတ်လည်မှာ ချထားလိုက်တာနဲ့ သူက ကောင်းကင်နှင့်မြေကြီးကို ပိတ်လှောင်ပစ်လိုက်လိမ့်မည်။ ဒီအစီအမံက မတိုက်ခိုက်နိုင်ရင်တောင်မှ အထဲရောက်သွားသည့်သူကို ပိတ်မိစေသည့်အတွက် ဘယ်သူမဆို အချိန်တစ်ခုကြာသည်အထိ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးတယ်မလား၊ ရတယ်၊ ငါအလျင်မလိုဘူး”
လုယန် စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်တော့၏။
“ ကျောက်ရှဟယ် မင်းဒါဘာကိုဆိုလိုတာလဲ”
“မင်းငါတို့ကိုသတ်လိုက်လို့ ငါတို့အသက်မီးအိမ်တွေ ငြိမ်းကုန်တာ ဂိုဏ်းကသိသွားရင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”
ပန်းလုံကျွန်းထဲမှာ သွေးတွေက မြစ်တစ်စင်းလို စီးဆင်းနေ၏။
အစောပိုင်းက အုပ်စုလိုက်ဝင်သွားခဲ့သော သူတွေအားလုံး လူစုကွဲကုန်လေကာ၊ အခုတစ်ယောက်ချင်းတိုက်ခိုက်ခံနေရပြီး အော်သံတွေ ပျံ့လွင့်နေတော့သည်။
ထိုသွေးလွှမ်းနေသော မြင်ကွင်းကို ကျောက်ရှဟယ်နဲ့ ချန်ချင်းက အဝေးတစ်နေရာမှ ရပ်ကြည့်နေလေရဲ့။
သူတို့၏မျက်နှာက ကစားရိပ်သန်းနေပြီး မောက်မာကောက်ကျစ်သော အသွင်အပြင်ကို ဖော်ထုတ်နေသည်။ သူတို့ရဲ့စကားလုံးတွေနဲ့ လုပ်ရပ်တွေကတော့ အစောပိုင်းကနဲ့ ဘာမှကို မသက်ဆိုင်တော့ပေ။
လူအုပ်ထဲက ဒေါသတကြီး အော်သံကို ကျောက်ရှဟယ်က ခပ်မဲ့မဲ့ပြုံးလိုက်ရင်းမှ အေးစက်နေသော လေသံဖြင့် ဖြေလိုက်သည်။
“ ခုခံမနေစမ်းနဲ့။ ငါ အမှတ် ၃၀၀၀ တောင် သုံးပြီးတော့ မင်းတို့အတွက် ဒီသွေးနတ်ဆိုးဓားသွားကို အထူးစီမံပေးထားရတာ၊ မင်းတို့တွေ တစ်ကောင်မှ ပန်းလုံကျွန်းကနေ အသက်ရှင်ရက် ထွက်သွားဖို့ မစဥ်းစားနဲ့”.
စကားသံဆုံးသည်နှင့် သေဆုံးမှုတွေ ထပ်ဖြစ်လာသည်။ မြေကြီးပေါ် ကျနေသော အသားတုံးတွေနဲ့ သွေးအိုင်က စုဝေးလာပြီး ကောင်းကင်ထက်မှာ အနီရောင်အလုံးတစ်ခု ဖြစ်လာကာ ထိုမှတစ်ဆင့် အနီရောင်ဓားသွားတစ်ချောင်း ထွက်ပေါ်လာသည်။
“မကောင်းဆိုးဝါးကောင်”
အကုန်လုံးထဲမှာ ခုခံနိုင်တာ ဝမ်ပလုံတစ်ယောက်ပဲ ရှိသည်။ သို့သော် ကျောက်ရှဟယ်ကလည်း အလျင်မလိုပါချေ။ ဝမ်ပလုံကို ဖြည်းဖြည်းချင်း တိုက်ခိုက်ရင်း ကစားနေလေ၏။
ကျောက်ရှဟယ်က လှောင်ပြောင်လိုက်သေးသည်။
“ဝမ်အဖိုးကြီး၊ မင်းငါ့ဆီကရတဲ့ အမှတ်တွေကို အသုံးပြုခွင့်ရှိမယ်ထင်နေလား။ ငါမင်းဆီကနေ ယင်အရိုးစုတွေ ဝယ်လိုက်တာက ဒီနေ့အတွက်ပဲကွ။ မင်းမှာသာ ယင်အရိုးစုတွေ ရှိနေသေးရင် ငါမင်းကို အခုလို အလွယ်လေးသတ်လို့ရမှာတဲ့လား”.
“အခုတော့ မင်းမှာ ယင်အရိုးစု တစ်ခုတောင် မကျန်တော့ဘူး။ ပြီးငါမင်းကိုသတ်ပြီးသွားရင် ငါ့ရဲ့အမှတ်တွေ အကုန်ပြန်ရမှာပဲ။ ဟားဟား၊ ငါယင်အရိုးစုတွေကို တစ်မှတ်မှမပေးဘဲ ဝယ်လိုက်ရတာပါလား”
“ဝမ်အဖိုးကြီး ငါမင်းကို ကျေးဇူးတင်ရမယ်”
ကျောက်ရှဟယ်၏ ပိဿာလေးနဲ့ပစ်ပေါက်လိုက်သလို စကားလုံးများကြောင့် ဝမ်ပလုံတစ်ယောက် သွေးအန်မတက်ဖြစ်သွားသည်။
ကျောက်ရှဟယ်ကလည်း အခွင့်အရေးကို အမိအရယူလိုက်ပြီး သွေးနတ်ဆိုးဓားသွားကို လှုပ်ရှားစေလိုက်ကာ ဝမ်ပလုံ၏ ရင်ဘက်ကို ဖောက်ထွင်းလိုက်တော့သည်။
အွတ်
ဝမ်ပလုံ၏ နှုတ်ခမ်းတွေက လှုပ်စိလှုပ်စိဖြစ်နေသော်လည်း စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ချေ။ နောက်ဆုံး သွေးနတ်ဆိုးဓားသွားဆီမှာ ချီစွမ်းအင်တွေ စုပ်ယူခံလိုက်ရပြီး မြေပေါ်လဲကျသွားလေ၏။
ဝမ်ပလုံသေသွားတာနဲ့ တိုက်ပွဲအရှိန်အဟုန်က သိသာစွာ မြန်ဆန်လာကာ၊ မကြာခင်မှာပဲ အော်သံတွေ ရပ်တန့်သွားလေသည်။
“ဂုဏ်ယူပါတယ်၊ အကိုကျောက်”
ချန်ချင်း မောပန်းစွာပြောလိုက်သည်။ သွေးနတ်ဆိုးဓားသွားကို ဆက်တိုက်ထိန်းချုပ်နေရသည့်အတွက် သူမ တစ်ကိုယ်လုံး ချွေးစို့နေပြီပင်။
“ဂိုဏ်းတူညီမလေးကို ကျေးဇူးတင်ရမှာပါ”
ကျောက်ရှဟယ်က အနည်းငယ်ပြုံးပြလိုက်ပြီး သွေးနတ်ဆိုးဓားကို ပြန်သိမ်းလိုက်သည်။
“ဒါနဲ့ ချန်ချင်း အခုဘယ်လိုလဲ။ ဒါရဲ့လက်ရှိစွမ်းအင်နဲ့ဆိုရင် အတားအဆီးကို ချိုးဖြတ်လို့ရနိုင်ပြီလား”
ချန်ချင်း ခဏလောက်စစ်ဆေးပြီးနောက်မှာ အနည်းငယ်မျက်မှောက်ကြုတ်သွားပြီး ဖြေလိုက်၏။
“နည်းနည်းတော့ လိုအုံးမယ်ထင်တယ်”
ဇွတ်
ဓားသွား၏ လှုပ်ရှားမှုနဲ့အတူ ချန်ချင်း၏ မျက်လုံးတွေလည်း ပြူးကျယ်သွားခဲ့သည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းထဲ နစ်ဝင်နေသော ဓားသွားကို မယုံနိုင်စွာကြည့်မိရင်းမှ သူမ မေးခွန်းထုတ်စွာ မော့ ကြည့်လိုက်သော်လည်း အချိန်ပိုင်းအတွင်းမှာပဲ ချီစွမ်းအင်တွေ စုပ်ယူခံလိုက်ရကာ၊ အရိုးစုအဖြစ်ပြောင်းသွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
“အခု မလိုတော့ဘူး”
ကျောက်ရှဟယ် ကျေနပ်စွာပဲ လက်ထဲက သွေးနတ်ဆိုးဓားကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်မှာ သူက ပန်းလုံကျွန်းအနက်ပိုင်းထဲက တင်းကျပ်စွာပိတ်ထားသော အခန်းတစ်ခုရှေ့ကို သွားလိုက်ပြီး စကားတစ်ခွန်းမှမဆိုပဲ သွေးနတ်ဆိုးဓားကို လှုပ်ရှားလိုက်သည်။.
ဝုန်း
ကျယ်လောင်လွန်းသော အသံတစ်ချက်အပြီးမှာ တံခါးချပ်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရပြီး အထဲက အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဗလာဖြစ်နေသော အခန်းထဲမှာ သေတ္တာတစ်လုံးသာ ထီးထီးကြီး ရှိနေလေ၏။
ကျောက်ရှဟယ် ဂုဏ်ယူစွာပဲ အထဲဝင်ပြီး သေတ္တာဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကျင့်စဥ်နှစ်အုပ်ကို တွေ့လိုက်လေ၏။
နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းစာအုပ်နဲ့ စစ်နဂါးတစ်သောင်း ဖိတ်ခေါ်ခြင်း သိုင်းစာအုပ်ကို ကြည့်နေရင်းမှ ကျောက်ရှဟယ်၏လက်တွေက စိတ်လှုပ်ရှားစွာ ကတုန်ကယင် ဖြစ်လာတော့သည်။
“ဒါက..တကယ်ကို အဆင့်သုံးသိုင်းတွေပဲ၊ ဒါတွေနဲ့ဆိုရင် ရွှေအမြုတေနယ်ပယ်အထိ ကျင့်ကြံလို့ရလိမ့်မယ်”
“ဆရာကငါ့ကိုတကယ် မလိမ်ခဲ့ဘူးပဲ”
“ဆရာပြောသလို ငါကသုံးဘဝဆက်တိုက် ကြိုးစားပြီးကျင့်ကြံခဲ့လို့ ကံကောင်းမှုတွေ စုဝေးနေပြီး ဒီဘဝမှာ ပန်းလုံအမတသခင်ကြီးရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့တာ”
“ဒီနေ့ကစပြီး ငါသေချာကျင့်ကြံတော့မယ်။ အကယ်လို့ ငါသာ စစ်နတ်ဘုရားတစ်သောင်း တာအိုခန္ဓာကိုယ်ကို ကျင့်ကြံနိုင်လို့ကတော့ သေရရင်တောင်မှ အကြိမ်ကြိမ်ပြန်မွေးဖွားပြီး ငါ့ခန္ဓာကိုယ်အစစ်ဆီ ပြန်နိုင်လိမ့်မယ်။ ပြီးတော့ ဒီသိုင်းတွေနဲ့ဆိုရင် အခြေခံတည်ထောင်ခြင်းနယ်ပယ် မပြောနဲ့၊ ရွှေအမြုတေနယ်ပယ် ရောက်တဲ့အထိ အေးဆေး ကျင့်ကြံလို့ရတယ်”
ကျောက်ရှဟယ် ပိုမိုစိတ်လှုပ်ရှားလာခဲ့ပြီး သိုင်းစာအုပ်နှစ်အုပ်လုံးကို သေချာသိမ်းဆည်းလိုက်တော့သည်။
“ကျင့်ကြံခြင်းပုံစံပြောင်းဖို့အတွက်ဆိုရင် ငါ့ရဲ့အရင်ကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့လိုတယ်။ ငါ့မှာအချိန်မရှိတော့ဘူး။ အခုချက်ချင်း တံခါးပိတ်ကျင့်ကြံရမယ်.. ဒါမှ ဆရာ့ရဲ့ စစ်မှန်တပည့်တစ်ယောက် ဖြစ်လာနိုင်မှာ”
ထိုသို့ဖြင့် အနာဂတ်မျှော်လင့်ချက်တွေကို တပွေ့တပိုက်ကြီး သယ်ဆောင်ရင်း ကျောက်ရှဟယ်တစ်ယောက် ပန်းလုံကျွန်းအပြင်ဘက်အထိ ရောက်လာခဲ့သည်။
သို့သော် တစ်နေရာအရောက် ကျောက်ရှဟယ် ချက်ချင်း မျက်နှာပျက်သွားလေကာ
“ဘယ်သူလဲ”.
ဝုန်း
ကျောက်ရှဟယ်တစ်ယောက် အလွန်အားကောင်းသော ဓားအလင်းတစ်ခု အပြင် ဘာမှမမြင်ရတော့၍ ချက်ချင်း လန့်ဖြန့်သွားတော့သည်။
….
Ch 14
(ထိုက်တန်သော ကံကြမ္မာ)
ဓားအလင်းက မိုးကြိုးသွားတစ်ခုလို လျှင်မြန်စွာ ဝင်ရောက်လာ၏။.
ကျောက်ရှဟယ် ရှောင်တိမ်းချိန်ပင် မရတော့ပေ။ သို့သော် ဓားသွားလက်ချက်ကြောင့် သူ့ခေါင်းမပြတ်ခင်လေးမှာပဲ သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ယင်အရိုးစုတွေ အများကြီးအဖြစ် ပြောင်းလဲသွားသည်။
“ဘယ်မိတ်ဆွေကများ ကျုပ်ကိုစောင့်နေတာပါလဲ”
ထို့နောက် ယင်ချီစွမ်းအင်တွေ စုဝေးလာပြီး ထိုမှတစ်ဆင့် မီတာတစ်ရာအကွာအဝေးမှာ ကျောက်ရှဟယ်၏ပုံရိပ် ပြန်ထွက်ပေါ်လာသည်။ သူ့မျက်နှာက အနည်းငယ် လန့်သွားဟန်ပဲ။
သို့သော် သူ၏စကားသံဆုံးသည်နှင့် နောက်ထပ် ပျံဝဲလာသော ဓားအလင်းကို မြင်လိုက်ရပြန်၏။
ဆွရှ်
နောက်တစ်စက္ကန့်မှာပဲ ကျောက်ရှဟယ်ပုံရိပ်က ယင်အရိုးစုအဖြစ် ပြိုကွဲသွားပြန်ကာ နောက်ထပ်မီတာတစ်ရာအကွာ၌ ပြန်ပေါ်လာသည်။
“ငါ..”
ဝုန်း
“မင်း..”
ဝုန်း
“တော်တော့ကွ”
ဝုန်း
ကောင်းကင်ယံမှာ ဝဲပျံနေသော ဆယ်ခုကျော်သည့် ဓားအလင်းများက အဆတ်မပြတ် တိုက်ခိုက်နေသည့်အတွက် ကျောက်ရှဟယ် လူပုံဖွဲ့စည်းလိုက်သည်နှင့် ချက်ချင်း ပြန်ရှောင်နေရတော့သည်။
ထိုအချိန်မှာ သေးငယ်သော အချိန်လေးထွက်ပေါ်လာသည်နှင့် ကျောက်ရှဟယ် အမိအရဖမ်းဆုတ်လိုက်၏။ ကောင်းကင်ထဲကို သွေးနီရောင်မြူခိုးတွေ ရုတ်ချည်း ထိုးတက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်လိုက်သည်။ သူကအရင်ဦးဆုံး ဆေးလုံးတွေအကုန် ထုတ်သုံးပြီး ဒဏ်ရာတွေကို ကုသလိုက်သေး၏။ ပြီးမှပဲ ပြဿနာရှာနေသော ရန်သူကို လှည့်ကြည့်လိုက်သည်။
“လုယန်..မင်းပဲ”
ကျောက်ရှဟယ်၏ အမြင်ကစူးရှသည်။ ဓားအလင်းရဲ့ပုံစံကို သေချာကြည့်လိုက်တာနဲ့ ထိုအရာက နတ်ဓားထိန်းချုပ်ခြင်းသိုင်းနဲ့ ဖန်တီးထားမှန်း နားလည်လိုက်ကာ လုယန်ကို တစ်ခါထဲ ဖော်ထုတ်လိုက်လေ၏။
သို့သော် သူ၏နှလုံးသားကတော့ အလွန်အမင်း ထိတ်လန့်နေသည်။
လုယန်ကအခု ချီသန့်စင်ခြင်းအစောပိုင်းနယ်ပယ်မှာ မဟုတ်တော့ဘဲ အလယ်နယ်ပယ်ကိုတောင် ရောက်လာခဲ့ပြီ..
ထိုအတွေးကြောင့် ကျောက်ရှဟယ်၏ ဒေါသထွက်နေသော မျက်နှာက တဖြည်းဖြည်း ပျက်ယွင်းသွားကာ နှလုံးသားတစ်ခုလုံး မထင်ထားသော ခြောက်ခြားမှုကို ခံစားလိုက်ရသည်။
ဝင်္ကပါအစီအမံအပြင်ဘက်က လုယန်၏ မျက်နှာကလည်း တည်ငြိမ်နေ၏။
“ဒါကတကယ် အန္တရာယ်များတာပဲ”
သူက သူ့ကိုယ်သူ ကြမ်းလှပြီထင်နေတာ.. သို့ပေမဲ့ ကျောက်ရှဟယ်က ရအောင် အခွင့်အရေးရှာပြီး လွတ်မြောက်နိုင်ခဲ့သည်။
ထို့အပြင် သူ၏သရုပ်မှန်ပါ ဖော်ထုတ်ခံလိုက်ရပြီ။
အခုချိန်မှာ သူကအမှောင်ထဲမှာ ပုန်းနေတာဖြစ်ပြီး ဝင်္ကပါအစီအမံထဲက ကျောက်ရှဟယ်ကို ဓားပျံတွေနဲ့ပဲ အဝေးက တိုက်ခိုက်နေတာပင်။ အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်လိုက်မယ်ဆိုရင်၊ သူ့မှာ အခွင့်အရေး ရှိနိုင်ပါသေးသည်။
ထိုအချိန်မှာ ကျောက်ရှဟယ်ကလည်း ဝင်္ကပါအစီအမံကို သတိထားမိသွားသည်။ ဒီအစီအမံက ပုံမှန်ဆိုရင် သူ့အတွက် အချိန်အနည်းငယ်ထုတ်လိုက်တာနဲ့ အလွယ်တကူ လွတ်မြောက်နိုင်မည့် သေးငယ်သော အစီအမံတစ်ခုပဲ ဖြစ်သော်လည်း အခုချိန်မှာ လုယန်ကလည်း တစ်ဖက်က ချောင်းတိုက်နေသည်။ ထို့အပြင် သူ၏ချီစွမ်းအင်တွေက တစ်ဝက်လောက် လျော့သွားသည့်အတွက် အနည်းငယ် ကူကယ်ရာမဲ့လာတော့၏။
ကျောက်ရှဟယ် ခြောက်ခြားစွာ ပြောလိုက်တော့သည်။
“ညီလေးလု၊ ငါတို့ကြားမှာ ရန်ငြိုးလဲ မရှိဘူး”
“သွားစမ်း”
သံပူတုန်းနာနာရိုက်နေသည့် လုယန်ကတော့ ကျောက်ရှဟယ်ကို အခွင့်အရေးတစ်ခုတောင် မပေးပါချေ။ ချက်ချင်း ဓားသိုင်းကို အသက်သွင်းကာ ထပ်မံတိုက်ခိုက်တော့၏။
“ကျွတ်၊ မင်းကိုယ်တိုင်ကိုက ခက်အောင်လုပ်နေတာပဲ”
ကျောက်ရှဟယ်၏ မျက်လုံးတွေက ရုတ်ချည်းအေးစက်သွားလေပြီး.. အချိန်ဆွဲမည့် နဂိုအစီအစဥ်ကို လက်လျော့လိုက်တော့သည်။ ထိုအစား မန္တာန်ရွတ်ကာ လေထဲက ရွှေရောင်ချိတ်ပိတ်စည်းကို အသက်သွင်းလိုက်တော့၏။
ဒီရွှေရောင်သံလိုက်ချိတ်ပိတ်စည်းက သတ္ထုတွေကို ဆွဲဆောင်နိုင်သည့် သတ္တိရှိသောကြောင့် ဓားတိုက်ကွက်ကို ခုခံချိန်မှာ အသုံးဝင်သည်။ အရင်တုန်းကတော့ သူက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ တပည့်တွေနဲ့ တိုက်ခိုက်ချိန်ကျမှ ထုတ်သုံးဖို့ရန်အတွက် သိမ်းထားတာပင်။ အခုတော့ လုယန်ကို တိုက်ခိုက်ဖို့အတွက် အစောကြီး ထုတ်သုံးလိုက်ရပြီ။
“အသက်ဝင်စမ်း”
ကျောက်ရှဟယ် အသက်သွင်းလိုက်တာနှင့် သူ့ဆီလာနေသော ဓားအလင်းက ရုတ်ချည်းဖမ်းချုပ်ခံလိုက်ရကာ၊ မလှုပ်ရှားနိုင်တော့ပေ။
လုယန် အများကြီးမတုန်လှုပ်ခဲ့ပါချေ။
သူနဲ့ကျောက်ရှဟယ်၏ အခြေအနေက မိုးနဲ့မြေလို ကွာခြားသည်ပဲ။ ကျောက်ရှဟယ်၏ ထိုရတနာက ချီစွမ်းအင်အများကြီး စုပ်ယူသည်..
ထို့ကြောင့် သူ့အတွက်တောင် အကျိုးရှိသေးသည့် ကိစ္စအတွက် လုယန် တုန်လှုပ်မှာ မဟုတ်ချေ။
“ငါ့ရဲ့အကြီးဆုံးအားသာချက်က ငါကအမှောင်ထဲမှာ ရှိနေတဲ့အတွက် ကျောက်ရှဟယ် ငါ့ကို ရှာမတွေ့နိုင်တာပဲ။ သူ့မှာဘယ်လိုပဲ အခြေအနေကို ပြောင်းလဲနိုင်တဲ့ ဝှက်ဖဲတွေရှိရှိ၊ ငါ့နေရာကို ရှာမတွေ့ရင်.. အချိန်တန်တာနဲ့ ငါအနိုင်ရလိမ့်မယ်”
ထို့ကြောင့် လုယန် လုံးဝ လူလုံးထွက်မပြဖို့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ဓားပျံလား.. ရတယ်၊ ငါမလိုဘူး”
“မင်းငါ့ရဲ့ဓားပျံကို ဘယ်လိုမှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ ငါ့ဓားပျံကို ထိန်းသိမ်းထားချင်ရင် မင်းရဲ့ချီစွမ်းအင်တွေ ဆက်တိုက်သုံးနေရမှာ၊ အဲ့ဒါ ငါလိုချင်တာပဲ”
“မင်းဘယ်လောက် ခံနိုင်မလဲ ငါကြည့်မယ်”
ဝုန်း
အစီအမံအပြင်မှာ မတ်တပ်ရပ်နေရင်းမှ လုယန် ချီစွမ်းအင်တွေ လည်ပတ်စေလိုက်သည်။ သူ့ခေါင်းထက်မှာ အားကောင်းသော အဖြူရောင်ချီစွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး ထိုမှတစ်ဆင့် ပေများစွာမြင့်သော လက်ဝါးအသွင်ပြောင်းသွားကာ အစီအမံထဲ ပြေးဝင်သွားသည်။
တကယ်တော့ လုယန်၏ ထိုလက်ဝါးက တိုက်ခိုက်နှုန်းမပြင်းပါချေ။ ရန်သူကို ခြောက်လန့်ရုံ သက်သက်သာ ဖြစ်သည်။
သို့သော် ကျောက်ရှဟယ်ကတော့ သူ့အစီအစဥ်တွေ ဖော်ထုတ်ခံလိုက်ရပြီဆိုပြီး မျက်နှာကြီးမည်းမှောင်သွားလေ၏။
“သူတောင်းစား”
ကျောက်ရှဟယ် ဒေါသတကြီးဆဲရေးလိုက်သည်။ သူနဲ့ လုယန် နှစ်ယောက်လုံးက ချီသန့်စင်ခြင်းအလယ်နယ်ပယ် ကျင့်ကြံသူတွေ ဖြစ်ကြပေမဲ့ ထိုကောင်စုတ်က အလွန်သတိကြီးနေသည်။ သူဘယ်လိုလုပ် ပြန်တိုက်ခိုက်ရတော့မှာလဲ။
သူ့မှာ သူသေကိုယ်သေတိုက်ခိုက်လိုက်ဖို့ သန်မာမှုရှိသေးတယ်ဆိုပေမဲ့ အဲ့ဒါက လုယန်တစ်ယောက်ထဲ မဟုတ်ဘဲ သူ့ကိုပါ ရှင်သန်ဖို့ ခက်ခဲသွားစေလိမ့်မည်။
အသက်ရှင်ဖို့ မနည်းရုန်းကန်နေရသော ကျောက်ရှဟယ်က ဒါကိုလက်ခံစရာလား။
သို့သော် တဖြည်းဖြည်း ကုန်ဆုံးလာသော ချီစွမ်းအင်များကြောင့် ကျောက်ရှဟယ် မနေနိုင်စွာ အော်ဟစ်လိုက်တော့၏။
“ညီလေးလု၊ မင်းသိလား။ ဒီတစ်ခေါက် ပန်းလုံကျွန်းမှာ ငါအခွင့်အရေးအကြီးကြီး ရခဲ့တယ်။ ငါရခဲ့တဲ့ တတိယအဆင့် သိုင်းနဲ့ဆိုရင် ရွေအမြုတေနယ်ပယ်အထိ ကျင့်ကြံနိုင်လိမ့်မယ်။ ညီလေးလုသာ အခုရပ်ဖို့ဆန္ဒရှိရင် ငါမင်းကို အဲ့ဒီသိုင်းပေးမယ်”
“တတိယအဆင့်ဟုတ်လား”
လုယန် ချက်ချင်းပဲ မတ်တပ်ရပ်မိသွား၏။
စစ်မှန်သောချီစွမ်းအင်ကို အဆင့်ကိုးဆင့် သတ်မှတ်ထားပြီး အဆင့်ခွန်အထက်မှပဲ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်နိုင်သလို အဆင့်သုံးထက်နိမ့်ရင် ရွှေအမြုတေနယ်ပယ်ကို ရောက်ဖို့ မစဥ်းစားနဲ့ပဲ။
အခု ကျောက်ရှဟယ်က ရွှေအမြုတေနယ်ပယ်အထိ ကျင့်ကြံနိုင်မဲ့ သိုင်းကျင့်စဥ်ကို လာပေးနေသည်တဲ့လား။
ဒါဘယ်လောက်တောင် ကောင်းမွန်တဲ့ အခွင့်အရေးလဲ။
“ခဏလေး”
လုယန်တစ်ယောက် သူ့လောဘတွေကို ပြန်ထိန်းချုပ်လိုက်ပြီး အတင်းအကျပ် ပြန်ထိုင်လိုက်တော့သည်။
“ဒီကောင်က ငါ့ကိုပစ္စည်းပေးပြီး မြှားထုတ်ဖို့ ကြိုးစားနေတာပဲ။ ငါအပြင်ထွက်လိုက်မိရင် ထောင်ချောက်မိသွားလိမ့်မယ်”
“ညီလေးလု မင်းဘယ်လို စဥ်းစားလဲ”
ကျောက်ရှဟယ် မဲဆွယ်နေချိန်မှာပဲ အဘက်ဘက်က ပျံ့လွင့်လာသော လုယန်၏ အသံကို ကြားလိုက်ရ၏။
“ ငတုံးကောင်၊ မင်းသေရင် ဒါတွေအားလုံး ငါ့အပိုင်ဖြစ်မှာပဲ”
“ ညီလေးလု မှားနေပြီ”
ကျောက်ရှဟယ် ခေါင်းရမ်းကာ အပြုံးတစ်ခုနဲ့ ပြောသည်။
“တကယ်တော့ ဒါကကံတရားကြောင့် ရလာတဲ့ အခွင့်အရေးပဲ။ ဒီတတိယအဆင့် သိုင်းက ငါ ကျောက်ရှဟယ် သုံးဘဝလုံး စုစည်းထားတဲ့ ကံကောင်းမှုတွေကနေ ဖြစ်တည်လာတာ၊ မင်းနဲ့မသက်ဆိုင်တဲ့အတွက် မင်းငါ့ကို သတ်လိုက်ရင် အဲ့ဒါကလည်း သေချာပေါက် ပျောက်ကွယ်သွားမှာပဲ”
“ဘာ”
လုယန် အနည်းငယ်လန့်သွားကာ ဝေခွဲရခက်သွားတော့၏။
သို့သော်ချက်ချင်းပဲ လုယန် အပြုံးတစ်ခုနဲ့ လှမ်းပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ဘာကိစ္စ ငါကပူးပေါင်းရမှာလဲ”
“ညီလေးလု၊ ဒီသိုင်းက မင်းနဲ့မသက်ဆိုင်ပေမဲ့ ငါသာ စိတ်ဆန္ဒအရမင်းကို မျှပေးမယ်ဆိုရင် မင်းနဲ့လဲ သက်ဆိုင်လာလိမ့်မယ်”
“..ကောင်းတယ်”
လုယန် ခဏလောက်နေမှ ဆက်ပြောလိုက်သည်။
“မင်းငါ့ကို ပေးမယ်ဆိုရင် လွှတ်ပေးမယ်”
“ရတာပေါ့”
ကျောက်ရှဟယ် သဘောတူပြီးတာနဲ့ အသိစိတ်ပင်လယ်ထဲက သေတ္တာကို ထုတ်ယူလိုက်ပြီး စာအုပ်နှစ်အုပ် ယူလိုက်သည်။
“ဒီ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူအတွက် ဖြစ်ပြီး ဒါကိုကျင့်ကြံနိုင်ရင် စစ်မှန်တဲ့ နဂါးချီကို ဖော်ထုတ်နိုင်လိမ့်မယ်။ ဒီနဂါးချီကို ပိုင်ဆိုင်ရင် နယ်ပယ်တူကျင့်ကြံသူတွေ ကြားမှာ ထိပ်သီးဖြစ်လာမှာ။ နောက်တစ်အုပ်.. စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်း သိုင်းကကျ အခြေခံတည်ထောင်ခြင်းနယ်ပယ် သိုင်းဖြစ်ပြီး စစ်နဂါးတစ်သောင်း တာအိုခန္ဓာကိုယ်ကို ရရှိစေလိမ့်မယ်။ ဒါဆိုရင် ရွှေအမြုတေနယ်ပယ်ရောက်ဖို့ မျှော်လင့်ချက် ရှိပြီ”
“ဒါပေမဲ့ ညီလေးလု၊ အခုငါက ချီစွမ်းအင်လည်း နည်းနေသလို ထိခိုက်ထားသေးတယ်။ ငါကမင်းကို သိုင်းစာအုပ်ပေးလိုက်ပြီးမှ ငါ့ကိုတိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ”
“..အဲ့ဒါလား၊ ရိုးရှင်းပါတယ်”
“မင်းငါ့ကို စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းစာအုပ် အရင်ပေးထားလေ၊ နဂါးအသွင်ပြောင်းနည်းကိုးသွယ်ကို မင်းသိမ်းထားလိုက်”
“ငါက ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတော့ အခြေခံတည်ထောင်ခြင်းအဆင့် သိုင်းကိုရရင်တောင်မှ မကျင့်ကြံနိုင်ဘူး။ ဒါဆို မင်းစိတ်ပူစရာ မလိုတော့ဘူး”
လုယန် ရိုးသားစွာပဲ ဆက်ပြောလိုက်ပါ၏။
“မင်းအပြင်ရောက်လာမှ နဂါးအသွင်ပြောင်းနည်းကိုးသွယ် စာအုပ်ကို ပေးလိုက်ပေါ့၊ ဘယ်လိုလဲ”
“ကောင်းပြီလေ”
ကျောက်ရှဟယ် စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်းကို ထုတ်လာသည်နှင့် လုယန် အမှောင်ထဲကနေ ချီစွမ်းအင်ဖြင့် ချီလက်ဝါးအသွင်ပြောင်းကာ လှမ်းယူလိုက်သည်။
ကျောက်ရှဟယ်တစ်ယောက် နောက်ဆုံးမျှော်လင့်ချက်လေး ပျက်ဆီးသွားပြီး စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်းကို နာခံစွာ ကမ်းပေးလိုက်ရ၏။
လုယန် ထိုစာအုပ်ကိုယူလိုက်ပြီး တစ်လုံးချင်းသေချာစွာ မှတ်ပြီးတာနဲ့ ပြုံးလိုက်လေကာ
“နှုတ်ဆက်ပါတယ်”
နောက်တစ်စက္ကန့်မှာ လုယန်တစ်ယောက် ဒျန်ထျန်အတွင်းက ချီစွမ်းအင်အားလုံးကို စုဝေးလိုက်ပြီး သတ်ဖြတ်ခြင်းကျိန်စာကို အစွမ်းကုန်အသက်သွင်းလိုက်ကာ ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ ကြိုးစားလိုက်သည်။
ဝုန်း
ခဏအကြာမှာ ကောင်းကင်ပေါ်က မီးခိုးမြူတွေအကုန် ပျောက်ကွယ်သွားခဲ့ပြီး ကျောက်ရှဟယ်၏ ရှုတ်ထွေးနေသော မျက်နှာကြီးသာ ကျန်ခဲ့လေရဲ့။
“ငါ့ရဲ့ သိုင်းစာအုပ်.. မရှိတော့ဘူးလား”
ဘာလို့ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ရတာလဲ။
ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တာက ထားတော့.. ဒါပေမဲ့ ဘာလို့ သူ့ရဲ့ စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းစာအုပ်ကို ကြည့်ပြီးမှ ဖျက်ဆီးရတာလဲ။ သူ့မှာ ကြည့်ချိန်တောင် မရလိုက်ဘူး။
ကျောက်ရှဟယ် လေထဲမှာတန့်နေရင်း တစ်စစီဖြစ်သွားသော စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းစာအုပ်ကို ကြည့်ကာ တဖြည်းဖြည်း အရုပ်ဆိုးလာပါတော့သည်။
“မကောင်းဆိုးဝါးကောင်”
…..