← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

Ch 15

(မြှားခေါ်ခြင်း)

“မင်းကဘယ်သူ့ကို ယုံကြည်နေတာလဲ။ မကျေနပ်ရင် နောက်ဘဝမှ ပြဿနာလာရှာလိုက်”

“သက်တမ်းတစ်ရာစာအုပ်ရှိနေမှတော့ ငါ့ရဲ့ဒီဘဝကို စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်းသိုင်းနဲ့ပဲ ကျေနပ်ပေးလိုက်မယ်။ နောက်ဘဝကျမှ နဂါးအသွင်ပြောင်းနည်းကိုးသွယ်ကို ယူရတာပေါ့။ ဘယ်လိုပဲဆိုဆို အဲ့ဒီနှစ်ခုလုံး ငါ့အပိုင် ဖြစ်ရမယ်”

အစကနေ အဆုံးထိ လုယန် ကျောက်ရှဟယ်ကို မယုံကြည်ခဲ့ပါချေ။

ထိုစာအုပ်တွေအကြောင်း ထုတ်ပြောလာတာကိုက ကျောက်ရှဟယ်ဘက်က ဉာဏ်ဆင်နေတာဖြစ်ပြီး ထိုသူက အခွင့်အရေးရတာနဲ့ သူ့ကို သတ်ပေလိမ့်မည်။

ကျောက်ရှဟယ်က သန်မာသလို တိုက်ပွဲ အတွေ့အကြုံရှိသည်။ တကယ်တိုက်ခိုက်ကျရင် သူ ကံကောင်းပြီး နိုင်လိမ့်မည်လို့ လုယန် တွေးတောင်မတွေးဖူးဘူး။

ထို့အပြင် အကြွေးတောင်းခံရမည့်အချိန်ကလည်း နီးလာတော့ သူ့၏ဒီဘဝက အကန့်အသတ်ကို ရောက်နေပြီးသားပဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကို မဖျက်ဆီးပစ်ရမှာလဲ။

..သင်က ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်၍ သေဆုံးသွားခဲ့သည်..

သက်တမ်းတစ်ရာစာအုပ်လက်ကျန်စာရွက်- ၉၇ ရွက်။

ဘဝသစ်ပြန်စချိန်မှာ သင်စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။

ရတနာ၊ ကျင့်ကြံမှုနဲ့၊ သက်တမ်း.. သို့မဟုတ်လျှင် အကုန်လုံးကို စွန့်လွှတ်ပြီး စွမ်းရည်တစ်ခု နိုးထစေလိုက်ပါ။

“နာမည်ခေါ်ခံရတဲ့သူတွေ ရှေ့ထွက်ခဲ့မယ်”

လျိုရှင်း၏ ရင်းနီးသော အသံကိုကြားနေရသော်လည်း လုယန် လျစ်လျူရှုထားလိုက်ကာ ရွေးချယ်လိုက်သည်။

..ကျင့်ကြံခြင်းကိုရွေးမယ်..

ဝုန်း

နောက်တစ်စက္ကန့်မှာပဲ ဒျန်ထျန်အတွင်း အတင်းဝင်ရောက်လာသော အားကောင်းသည့် ချီစွမ်းအင်များက ခြေတွေ လက်တွေထဲကိုပါ စီးဝင်သွားပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်သလို လုယန်ခံစားလိုက်ရသည်။ သို့ပေမဲ့ သူ လုပ်ကြံသူသုံးယောက်ဆီက ရခဲ့သော ချီပိတ်သိမ်းသိုင်းကို အသုံးပြုပြီး ချက်ချင်းပဲ ဖုံးကွယ်လိုက်တော့သည်။

ထိုမှသာ လုယန် စိတ်သက်သာစွာ သက်ပြင်းချက်လိုက်တော့၏။

“ငါပြန်ရောက်လာပြီ”

ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်လေး။

စင်ပေါ်က လျိုရှင်းကို ကြည့်လိုက်ချိန်မှာ လုယန် ပထမတစ်ခေါက် တွေ့တုန်းကလိုမျိုး ကြောက်ရွံ့မှုကို မခံစားရတော့ပေ။ လျိုရှင်း၏.သန်မာမှုက ချီသန့်စင်ခြင်းအလယ်နယ်ပယ်၊ အဆင့်ခြောက်မှာ ရှိနေလောက်သည်ပင်။

သူက ဒီအထဲကနေ တပည့်တစ်ယောက်ကို ရွေးချယ်ပြီး မူလချီစွမ်းအင်ကို သန့်စင်စေကာ၊ ထိုမူလချီစွမ်းအင်ကို စုပ်ယူပြီးမှပဲ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို ရောက်သွားမှာဖြစ်သည်။ ထိုအချိန်မှပဲ လုယန်ကလည်း သူ၏ သန်မာမှုအစစ်အမှန်ကို လျိုရှင်းဆီမှာ ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားသည်။ အခုချိန်မှာ လျိုရှင်းက သူ့အရှေ့ကို ရောက်နေလျှင်တောင်မှ သူ့ကို သာမာန်လူတစ်ယောက်အဖြစ်ပဲ မြင်ရလိမ့်မည်။

“ဒါပေမဲ့ မထင်ထားတဲ့ အံ့သြစရာတစ်ခုလည်း ရှိနေသေးတာပဲ”

လုယန် ဒျန်ထျန်အတွင်းကို စစ်ဆေးလိုက်ချိန်မှာ စွမ်းအင်တွေကြားမှာ ခမ်းနားစွာရှိနေသော အဖြူရောင်မူလချီစွမ်းအင်ကိုပါ တွေ့လိုက်ရ၏။ ထိုစွမ်းအင်က ဒီဘဝမှာလည်း သူနဲ့အတူ ပါလာခဲ့တာပင်။

“ငါနားလည်ပြီ၊ ဒီသက်တမ်းတစ်ရာစာအုပ်က ဟိုးအစမှတ်ကို ပြန်စတာမဟုတ်ဘဲ မသေခင်က နောက်ဆုံးဘဝကို ပြန်ပို့ပေးတာပဲ”

ဒါကကိစ္စကောင်းတစ်ခုပင်။

ဘဝသစ်ပြန်စတိုင်းမှာ သူရွေးချယ်ခဲ့သမျှ အရာတိုင်းက နောက်ဆုံးအချိန်အထိ သူနဲ့ကပ်ပါနေတော့မှာလေ။

လုယန် အရင်အတိုင်းပဲ လုပ်ဆောင်ခဲ့သည်.. ဖျော်ဖြေရေးခန်းမကိုဝင်ပြီး ယုစုကျန်းကို စားသုံးသည်.. ထို့နောက် သုံးလအကြာမှာ သာမာန်ဆန်စွာဖြင့် တရားဝင်တပည့်ဖြစ်လာခဲ့၏။

“ဒီဘဝမှာ နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းအပြင် ငါလိုသေးတဲ့ ကိစ္စနှစ်ခုရှိသေးတယ်”

အရေးကြီးဆုံးကိစ္စဖြစ်တဲ့ ဆုကြေးများစွာကို အပိုင်သိမ်းဖို့အတွက် ဂူထဲမွာ ရက်တစ်ချို့ နေပြီးတာနဲ့ လုယန် လာဘ်ရေကန်ဆီကို ဦးတည်လိုက်တော့သည်။

“၂၀၂၅၁၁၃”

လုယန် တစ်ချိန်ထဲမှာ ဆံပင်ကိုဖြီးသင်ထားလိုက်သည်။ လာဘ်ရေကန်၏ ဆုကြေးရှင်ကို ကြေညာတာနဲ့ စတိုင်ကျကျ ရှေ့ထွက်သွားနိုင်ဖို့ အသင့်ပြင်နေတာပင်…

အမှတ်သန်းတစ်ထောင်နဲ့ဆိုရင်… သူ့ရဲ့ဒီတစ်ဘဝလုံးကို ဘာမှမလုပ်ပဲ နှပ်နေရုံပဲ။

..နှုတ်ဆက်ပါတယ်.. ခက်ခဲတဲ့ဘဝလေး၊ ငါမင်းကိုလွမ်းနေပါ့မယ်…

နောက်တစ်စက္ကန့်မှာ ကြေညာချက်ထွက်လာတာနဲ့ လူတစ်ချို့က လုယန်ကို အံ့သြစွာ လှည့်ကြည့်လာကြပါ၏။

“ကောင်လေး၊ မင်းကံကောင်းတယ်”

ထိုအချိန်မှာ လူတစ်ယောက်ကပါ မနာလိုစွာ ပြောလာခဲ့သည်။

“ဒီခရမ်းရောင်လာဘ်ငါးက အဖြူနဲ့အပြာလောက် မကောင်းပေမဲ့ ရှားပါးရတနာတစ်ခုပဲ”

“ဘာ”

လုယန်တစ်ယောက် ခေါင်းစောင်းလိုက်လေကာ၊ ဦးနှောက်တစ်ခုလုံး အမေးသင်္ကေတတွေ ပြည့်နှက်သွားသည်။

ခရမ်းရောင်လာဘ်ငါး.. ဘာလို့ အရောင်စုံလာဘ်ငါး မဟုတ်ရတာလဲ။

လုယန် ချက်ချင်းပဲ သူရွေးချယ်ထားသော ခရမ်းရောင်လာဘ်ငါးကို စစ်ဆေးလိုက်ပြီးနောက် ၂၀၂၅၁၁၃ ဆိုသော နံပါတ်စဥ်ကိုပါ ပြန့်ကြည့်လိုက်သည်။

သူဘာလို့ မနိုင်ခဲ့ရတာလဲ..

ဒါဆိုအရင်ဘဝက ရှောင်ရှစ်ယီက လိမ်ညာခဲ့တာလား။ ဒါပေမဲ့ ရှောင်ရှစ်ယီက ဘာကိစ္စ လိမ်ညာရမှာလဲ။

ဒါဆိုသူတို့တွေ ပေါင်းလိမ်ကြတာလား။

လုယန် မျက်နှာကြီးနီရဲနေကာ အသားတွေပါ တဆတ်ဆတ် တုန်လာတော့သည်။ ရှောင်ရှစ်ယီက သေချာပေါက် ရွေးချယ်ခံထားရတဲ့ စတေးခံတပည့်တစ်ယောက်ပဲ ဖြစ်ရပေမည်။

“ထားပါတော့ ဒါလဲ လာဘ်ငါးတစ်ကောင်ပဲ”

လုယန် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ရတော့သည်။ ခရမ်းရောင်လာဘ်ငါးကလည်း ရှားပါးအဆင့်ရတနာတစ်မျိုးပါပဲ။ ရွှေရောင်နဲ့ အရောင်စုံလာဘ်ငါးထက် တစ်ဆင့်ပဲ နိမ့်သည့်အတွက် ထိုငါးကိုစားလိုက်လျှင် ချီသန့်စင်ခြင်းအဆင့်ငါးကို ရောက်ဖို့ အထောက်အကူပြုပေးနိုင်ပါသည်။

လုယန် ထိုမှပဲ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ခရမ်းရောင်လာဘ်ငါးကို အလုပ်ရှုတ်ခံရင်း ဂူထဲအထိ ပြန်သယ်မသွားတော့ပဲ အကုန်လုံးအရှေ့မှာပဲ စားသုံးပစ်လိုက်ကာ ကျင့်ကြံလိုက်တော့သည်။

ထိုသို့ဖြင့် လူတွေ၏အာရုံစိုက်မှုကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

လုယန်နောက်ဆုံးတော့ ချီသန့်စင်ခြင်းအဆင့်ငါးကို အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး.. အဆင့်ခြောက်ကိုပါ ရောက်လုနီးပါး ဖြစ်လာသည်။

“ဒါကခရမ်းရောင်လာဘ်ငါးမလို့ပေါ့၊ အရောင်စုံလာဘ်ငါးသာ ဖြစ်လို့ကတော့ကွာ..”

လုယန် တကယ်တော့ စိတ်မပြတ်သေးပါချေ။ သူ့အရင်ဘဝမှာတုန်းက ရှောင်ရှစ်ယီသည် အရောင်စုံလာဘ်ငါးကို စားသုံးပြီး ချီသန့်စင်ခြင်းပထမအဆင့်ကနေ ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်သွားခဲ့တာမလား။

“ထားတော့၊ ငါထပ်မစဥ်းစားဘူး”

လုယန် အမြန်ဆုံး စိတ်ကိုထိန်းချုပ်လိုက်သည်။ ပထမကိစ္စ မအောင်မြင်သေးရင်တောင်မှ သူ့မှာ ယင်အရိုးစုဈေးကွက်ကို ချယ်လှယ်ရမည့် ဒုတိယကိစ္စ ရှိသေးသည်ပဲ.

စာကြည့်ဆောင်ရဲ့အစောင့် အဖိုးကြီးဝမ်ပလုံခဗျာ ယင်အရိုးစုကြောင့် မွဲတော့မတတ် ဖြစ်သွားပြီး နောက်ဆုံး ကျောက်ရှဟယ်ဆီမှာ လှည့်စားခံရလို့ ပန်းလုံကျွန်းမှာ အမြှောက်စာဇာတ်ကောင် တစ်ကောင်လို သနားစရာကောင်းစွာ သေဆုံးသွားခဲ့ရသည်။ သို့ပေမဲ့ အဲ့ဒါက ဝမ်ပလုံက ဈေးကွက်ထဲဝင်တာ အရမ်းနောက်ကျသွားလို့ပဲ။ ဒါပေမဲ့ သူက မတူဘူးလေ၊ ယင်အရိုးစုတွေ ဈေးအတက်အကျ ဖြစ်မည့်အချိန်ကို သူအတိအကျသိထားသည်ပဲ။

“ဈေးတွေက အခုထဲက တက်နေပြီ”

လုယန်ကျောက်စိမ်းပြား အတွင်း၌ စစ်ဆေးလိုက်ချိန်မှာ ယင်အရိုးစုဈေးကွက်ကို ချုပ်ကိုင်ထားသူတစ်ချို့ ​ရှိနေပြီမှန်း တွေ့လိုက်ရသည်။

“ဈေးကွက်ထဲဝင်ချင်ရင် ငါအရင်းရှိဖို့လိုသေးတယ်”

လုယန် ခဏလောက်စဥ်းစားပြီးတာနဲ့ တာဝန်ခွဲဝေသေးသော တာဝါတိုင်အဆောက်အဦးဆီ ဦးတည်လိုက်တော့၏။

ထင်တဲ့အတိုင်းပင် မြေခွေးတွေကြားမှာ အသတ်ခံဖို့ အသင့်စောင့်နေသော သိုးသူငယ်လေးလို မျက်လုံးလေးကလယ်ကလယ် ဖြစ်နေသည့် လုယန်ပုံစံကို ကျောက်ရှဟယ်က သတိထားမိပြီး ချက်ချင်း အနားရောက်လာပါတော့သည်။

“ဂိုဏ်းတူညီလေး၊ မျက်နှာလည်းမကောင်းဘူး။ ဘာဖြစ်လို့လဲ”

လုယန် ခါးသက်စွာ ပြုံးပြလိုက်ပြီးမှ

“ဘာဖြစ်ရမှာလဲ..အမှတ်မရှိလို့ပေါ့ ဂိုဏ်းတူအကို၊ ဒီမှာတာဝန်တွေလုပ်ရင် အကဲဖြတ်အမှတ်တွေ ရနိုင်တယ်ဆို ဟုတ်လား”

“အော် ဒါ​ကြောင့်ကိုး၊ ညီလေးရာ အကို့တုန်းကလည်း ဘာထူးလို့လဲ။ အဲ့တုန်းကဆိုရင် အမှတ်မရှိတော့လို့ တမှိုင်မှိုင်တတွေတွေ ဖြစ်နေတော့ အကို့ရဲ့ တာအိုလက်တွဲဖော်ကတောင် အကို့ကို ဖြတ်သွားခဲ့တယ်။ အဲ့ဒီနောက်မှာလည်း နေ့တိုင်းတာဝန်တွေကို အသေအလဲ လုပ်နေရတော့ အသက်တောင်မရှင်ချင်ခဲ့ဘူး တကယ်”

ထို့နောက် လုယန်ကို အလွန်စာနာလွန်းစွာပဲ ကျောက်ရှဟယ်က ကြည့်ရှုလာလေရဲ့။

သူက လုယန်ရဲ့ပုခုံးကိုပါ ပုတ်လိုက်ပြီးမှ ဆက်ပြောသည်။

“အကို့ရဲ့အကောင်းဆုံးအချိန်တွေကို ရင်းနီးပြီးမှ အကိုနားလည်လိုက်တဲ့ အမှန်တရားတစ်ခုရှိတယ်”

“အဲ့ဒါက အကဲဖြတ်အမှတ်ဆိုတာ သေဆုံးခြင်းပဲ၊ အကဲဖြတ်အမှတ်နဲ့ အကဲဖြတ်အမှတ်တွေကို ဉာဏ်ရှိရှိ ပြန်ရှာမှပဲ ညီလေး ဒီအကြွေးတွေရဲ့ ကျွန်စနစ်ကနေ လွတ်မြောက်နိုင်လိမ့်မယ်”

လုယန် ချက်ချင်းပဲ အလွန်လေးစားနေသော မျင်နှာဖြင့် ပြောလိုက်သည်။

“အကိုနဲ့စကားပြောရတာ ဆယ်နှစ်လောက် စာအုပ်ဖတ်တာထက် ပိုအကျိုးရှိတယ်ဗျာ”

သို့ပေမဲ့ လုယန် စိတ်ပျက်စွာ ခေါင်းငုံ့လိုက်တော့၏။

“ဒါပေမဲ့ ကျွန်တော့်မှာ အခု အကဲဖြတ်အမှတ်တွေမှ မရှိတော့တာကို ကျွန်တော်က ဘယ်လိုပြန်ရှာရမှာလဲ”

“အကိုပြောသလို မဖြစ်နိုင်ပါဘူးဗျာ”

ကျောက်ရှဟယ်က သွားပေါ်သည်အထိ နှစ်ခြိုက်စွာ ပြုံးလိုက်တော့သည်။

“မင်းမှာမရှိရင် ချေးလိုက်ပေါ့၊ အဆင်ပြေမှ ပြန်ပေးလို့ရတာပဲ”

“ဒါပေမဲ့..” လုယန်က တွန့်ဆုတ်နေဆဲပင်။

ကျောက်ရှဟယ်ကလည်း အောင်မြင်ခါနီး အခြေအနေကြောင့် ချက်ချင်း ​ပြောလာသည်။..

“ဒီလိုဆိုရင်ကော၊ ညီလေးကို ဘာကြောင့်ရယ်မသိ၊ အကိုအရမ်းရင်းနီးသလို ခံစားရတယ်။ အကိုတစ်ချို့တစ်လေ လုပ်ပေးမယ်”

လုယန် ချက်ချင်းပဲ မျက်လုံးတွေ ဝင်းပသွားကာ

“တကယ်လား”

လုယန်၏ ဆာလောင်နေသော အကြည့်ကြောင့် ကျော​က်ရှဟယ်တစ်ယောက် ငါးစာဟပ်ပြီလို့ အပြီးတွက်လိုက်တော့သည်။

“ သေချာပေါက်ပေါ့”

ကျောက်ရှဟယ်က ယုံကြည်ချက်ရှိစွာ ရင်ဘက်ကို ပုတ်ပြလိုက်ရင်း

“ညီလေး၊ မင်းဘယ်လောက် ချေးချင်တာလဲပြော”

လုယန် ခဏလောက်တိတ်ဆိတ်နေပြီးမှ လက်နှစ်ချောင်းကို ဖြည်းဖြည်းချင်း ထောင်ပြလိုက်သည်။

“နှစ်ရာလား”

“နှစ်ထောင်”

လုယန် အလွန်ရိုးသားစွာ ရှင်းပြလိုက်ပါ၏။

“အမှန်တိုင်းပြောရရင် ကျွန်တော့်ရဲ့ တရားဝင်တပည့်တစ်ယောက်အနေနဲ့ ပထမဆုံး သိုင်းစာအုပ်ဝယ်ယူခွင့် အကြွေးမှတ်တစ်ထောင်ကို မသုံးရသေးဘူး။ ပြီးတော့ အစဦးလက်ဆောင်ထဲက အရိုးဓား၊ စွမ်းအားမြင့်ဆေးလုံးနဲ့ လူမျက်နှာဇီးကွက်ကိုလဲ အပေါင်အ​ဖြစ် ပေးလိုက်မယ်လေ။ ကျွန်တော့်ကို နှစ်ထောင်လောက် ချေးပေးလို့ မရဘူးလား”

ကျောက်ရှဟယ် ဆွံ့အသွားလေရဲ့။

ဒီခေတ်လူငယ်တွေက ဒီလောက်တောင် အရဲစွန့်ကြတာလား။

သူက လှည့်စားမလို့လုပ်နေတုန်းပဲ ရှိသေးသည်၊ ထိုကောင်လေးက အကုန်ထုတ်လောင်းနေတာပင်။

ကျောက်ရှဟယ်တစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပဲ လုယန်က ပိုအံ့သြစရာကောင်းသော စကားကို ပြောလိုက်ပြန်သည်။

“ပြီးတော့ အဲ့ဒီအမှတ်တွေအားလုံးနဲ့ ကျွန်တော် ယင်အရိုးစုတွေ ဝယ်ချင်တယ်”

“ဘာ”

ကျောက်ရှဟယ် ပထမတော့ ထိတ်လန့်သွားပေမဲ့ ထို့နောက် တစ်ခုခုကို သတိထားမိဟန်ရှိပြီး လေသံကိုနှိမ့်ချလိုက်လေကာ မေးခွန်းထုတ်လိုက်တော့သည်။

“ဂိုဏ်းတူညီလေး တစ်ခုခု သိထားလို့လား”

“အကိုက ဉာဏ်ပြေးတာပဲ” လုယန် ခပ်တိုးတိုးလေး ရှင်းပြလိုက်သည်။

“ကျွန်တော်အစောပိုင်းက စာကြည့်ဆောင်ထဲမှာ သိုင်းရွေးနေရင်း အပေါက်က စာကြည့်ဆောင်အစောင့် ဝမ်ပလုံပြောတာ ကြားခဲ့တယ်။ ကျွန်တော်တို့ဂိုဏ်းနဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ယင်အရိုးစုထွက်တဲ့ တောင်ပိုင်းက သင်္ချိုင်းကုန်းမြေကို ဆုံးရှုံးလိုက်ရတယ်တဲ့။ ဒါပေမဲ့ ဂိုဏ်း​က ဒီသတင်းကို အခုထိ တရားဝင်မပြောသေးပဲ ပိတ်ထားတယ်”

“ဟူး”

ကျောက်ရှဟယ်၏ မျက်လုံးက ချက်ချင်းပဲ လောဘရောင်လက်လာတော့၏။

ဒါသာအမှန်ဆိုရင် သူ၏ချမ်းသာမည့် အခွင့်အရေးက ရောက်လာတော့မှာပဲ။

ကျောက်ရှဟယ်၏ တက်ကြွနေသော ပုံရိပ်ကြောင့် လုယန်စိတ်ထဲမှာ လှောင်ပြောင်လိုက်တော့သည်။

..ငါးစာဟပ်ပြီ..

တစ်စုံတစ်ယောက်က သူ့ကိုယ်သူ သားကောင်ဖြစ်နေမှန်းမသိဘဲ မုဆိုးလို့ ထင်နေတာပါလား။

…..

Ch 16

(ရူးသွပ်နေသော တပည့်တွေ)

ကျောက်ရှဟယ်၏ အာမခံပေးမှုကြောင့် လုယန် မြစ်သုံးသွယ်အဖွဲ့ကနေ အမှတ်၂၀၀၀ အောင်မြင်စွာ ချေးလိုက်နိုင်ပြီး ထိုအမှတ်တွေအားလုံးကို ယင်အရိုးစုမှာ မြုပ်နှံလိုက်တော့သည်။

ထိုအချိန်မှာ ကျောက်ရှဟယ်ကတော့ သူ၏ လှိုဏ်ဂူထဲမှာ အရှေ့အနောက် လျှောက်နေလေရဲ့။

“အဲ့ဒီသတင်းက တကယ်အမှန်ပဲ”

ဆရာဖြစ်သူဆီကရခဲ့သော သတင်းကြောင့် သူတကယ်ကို ထိတ်လန့်ခဲ့ရတာပင်။

“တောင်ပိုင်းမှာရှိတဲ့ သင်္ချိုင်းကုန်းမြေက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ လက်အောက်ကို ရောက်သွားပြီ။ အဲ့ဒါက နတ်ဆိုးချေမှုန်းသူအမတ သခင်ကြီးလို့ ကျော်ကြားတဲ့ စောက်ရမ်းတော်တဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တတိယအကြီးအကဲ ဓားသမားလက်ချက်ကြောင့် ဖြစ်ရတာ”

“အချိန်တိုအတွင်းတော့ ငါတို့ဘက်က ပြန်ယူနိုင်အုံးမှာမဟုတ်ဘူး”

“သင်္ချိုင်းကုန်းမြေပါသွားတဲ့အတွက် ယင်အရိုးစုတွေ ဈေးတက်ကုန်လိမ့်မယ်။ ဈေးကွက်ထဲဝင်ပြီး စီးပွားရေးလုပ်ဖို့ အချိန်ကောင်းပဲ”

“ငါတော့ချမ်းသာတော့မယ်”

တာဝန်ခွဲဝေရေးတာဝါတိုင်မှာ တာဝန်ကျကတည်းက ကျောက်ရှဟယ်က အဆက်အသွယ်ကောင်းသည့် သူတစ်ဦးဆိုတာ သိသာပါသည်။ ထို့အပြင် သူ၏ လည်ဝယ်မှုကိုလည်း မေးခွန်းထုတ်မရပါချေ။ လုယန်၏ သတင်းကိုအတည်ပြုပြီးတာနဲ့ သူက အမှတ်တွေအားလုံးနဲ့ ယင်အရိုးစုတွေ ဝယ်ယူလိုက်တော့သည်။

ယင်အရိုးစုရဲ့ ဈေးတက်နှုန်းကလည်း သူမျှော်လင့်ထားသည့်အတိုင်းပင်။

သင်္ချိုင်းကုန်းမြေ ပါသွားတဲ့သတင်းကို ကြားတာနဲ့ အခွင့်အလမ်းကိုဖမ်းဆုတ်ချင်သော သူတွေက ယင်အရိုးစုတွေကို ဈေးမြင့်ပေးပြီး ဝယ်ယူကြတော့သည်။

ဈေးကွက်ထဲ အစောကြီးဝင်တဲ့သူတွေကတော့ အကျိုးအမြတ်အများကြီး ရကြတာပေါ့။

သို့သော် အချိန်တွေကြာလာသည့်တိုင်အောင် ယင်အရိုးစုဈေးက ကျမည့်အရိပ်အယောင် မရှိဘဲ တက်ပြီးရင်းတက်နေလေ၏။

စီးပွားရေးလုပ်ရတာ အရမ်းကို လွယ်ကူနေတော့သည်။

ယင်အရိုးစုအနည်းငယ် ဝယ်ပြီး ပြန်ရောင်းလိုက်တာနဲ့ တာဝန်အခုနှစ်ဆယ်လောက် လုပ်ပြီးရလာသော အကဲဖြတ်အမှတ်တွေကို အလွယ်လေး ရှာဖွေလို့ရနေသည်။

ထိုကြောင့်ပဲ ယင်အရိုးစုဈေးကွက်ထဲကို ဒိုက်ဆင်းတဲ့ သူတွေ ပိုပိုများလာပြီး ထိုသူတွေကလည်း ရောင်းပြီးသည့်တိုင်အောင် ရသမျှ အမှတ်အားလုံးကို ပြန်ရင်းနီးနေကြလေရာ၊ ဈေးကွက်အခြေအနေက တော်တော်လေး ကောင်းမွန်နေတော့သည်။

ပုံမှန်သတိကြီးတတ်သော သူတွေတောင်မှ သူတို့အမြဲတမ်းအထင်သေးခဲ့သော သူတွေက ပစ္စည်းလေးနည်းနည်းဝယ်လိုက်၊ ရောင်းစားလိုက်၊ အကျိုးအမြတ်တွေ သိမ်းစည်းလိုက်ဖြင့် သူတို့ထက် အမှတ်တွေ ပိုရှာဖွေနေနိုင်သောကြောင့် မခံစားနိုင်ဖြစ်လာပြီး သူတို့ပါ ပါဝင်လာကြတော့သည်။

ထိုသို့ဖြင့် ခုန်တက်လာသော ယင်အရိုးစုဈေးနှုန်းက ယင်အရိုးစုတစ်ခုကို အမှတ်၃၀၀ ပေးရသည်အထိ မြင့်တက်လာသည်။ ထို့ကြောင့်ပဲ လူတွေကလည်း ပိုမိုရူးသွပ်လာကြ၏။

ယင်အရိုးစုရဲ့ဈေးနှုန်းက မကျတဲ့အပြင် တက်ပြီးရင်တက်နေသည်။

ဒီနေ့ဈေးတက်ရင် မနက်ဖြန်လည်း ဈေးတက်မှာပဲ။ မနက်ဖြန်ဈေးတက်ရင် တစ်ဘက်ခါကျ မတက်စရာအကြောင်း ရှိမလား။ အခုဝယ်ပြီး မမြုပ်နှံတာက အများကြီးဆုံးရှုံးစေမှာပဲ။

ထိုသို့ဖြင့် လူတွေအများကြီးပါဝင်လာသော ဈေးကွက်က နောက်ဆုံးမှာ ယင်အရိုးစုတစ်ခုကို အမှတ်၅၀၀ အထိ မြင့်တက်သွားသည်။ ထိုအချိန်မှာ လူတစ်ချို့က လုံလောက်ပြီဟု ခံစားလိုက်ရလေကာ

“ပြန်ရောင်းဖို့ အချိန်ရောက်ပြီ”

ကျောက်ရှဟယ်က ပထမဆုံးတုံ့ပြန်ခဲ့တာပင်။ သူ အစောပိုင်းမှာစုထားတဲ့ ယင်အရိုးစုတွေအားလုံးကို လူမသိအောင် နည်းနည်းချင်း ပြန်ရောင်းရင်း ဈေးကွက်က ထွက်ဖို့လုပ်တော့သည်။

တစ်ချိန်ထဲမှာ ယင်အရိုးစုဈေးကလည်း စတင်ပြီး ကျလာသည်.. ကျောက်ရှဟယ်တစ်ယောက်တည်း ဉာဏ်ကောင်းတာ မဟုတ်ပေ။ အကွက်မြင်သော လူတစ်ချို့ကလည်း ဈေးကျချိန်အလားအလာကို ကြိုမြင်ကြ၍ သူတို့၏စုဆောင်းထားသော ပစ္စည်းတွေကို ပြန်လည်ရောင်းချလိုက်ကြသည်။

ဒီပုံစံအတိုင်းဆိုရင် ယင်အရိုးစုဈေးက မကြာခင်မှာပဲ မူလဈေးဖြစ်သော အမှတ် ၂၀၀ ကို ပြန်လည်ရောက်ရှိသွားတော့မည်။

သို့ပေမဲ့ ထိုအချိန်မှာပဲ သတင်းတစ်ခုက လျှို့ဝှက်စွာ ပျံ့နှံ့လာပြန်၏။

“ ရှေးဦးသူတော်စင်ဂိုဏ်းက ပြန်တိုက်ဖို့ စီစဥ်နေတယ်”

“သင်္ချိုင်းကုန်းမြေကို ဆုံးရှုံးလိုက်ရတဲ့ကိစ္စက ဂိုဏ်းထဲက အမတသခင်ကြီးတစ်ယောက်ကို ဒေါသထွက်စေတဲ့အတွက် သူကတပည့်တွေ စုပြီး ပြန်တိုက်ဖို့လုပ်နေတယ်တဲ့”

“မကြာခင် စစ်ပွဲကြီးဖြစ်တော့မယ်”

စစ်ပွဲအချိန်ကျလာလျှင် စစ်ပွဲတွင် အသုံးပြုရ​သော ပစ္စည်းတွေအားလုံး ဈေးတက်ကြသည်။

စစ်မှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းကြားက သွေးလွှမ်းမည့်စစ်ပွဲမျိုးအတွက်ဆိုလျှင် အသက်ကယ်ပေးနိုင်သော ယင်အရိုးစုက ဘယ်လောက်တောင် တန်ဖိုးရှိသွားမလဲ။

ဒါက ဒုတိယမြောက် ရှင်သန်ခွင့်ပဲမလား။

သံသယဝင်စရာမလိုအောင်ပဲ စစ်ပွဲသတင်းထွက်လာတာနဲ့ ယင်အရိုးစုဈေးကွက်က ထပ်မံလှုပ်ရှားလာပြန်ကာ၊ အမှတ်၅၀၀ ထက်တောင် မြင့်တက်လာသည်။

နောက်တစ်နေ့မနက်မှာပဲ အမှတ်၁၀၀၀အထိ ရောက်သွားပြီး မူရင်းဈေးအမှတ် ၂၀၀ထက် ငါးဆတောင်မြင့်တက်သွားလေ၏။

“ဟားဟားဟား”

စာကြည့်ဆောင်ထဲမှာ ဝမ်ပလုံတစ်ယောက် ရတနာသေတ္တာကြီးပေါ် တက်ရပ်နေရင်းမှ မျက်နှာကြီးတစ်ခုလုံးက ပျော်လွန်းလို့ နီရဲနေတော့သည်။

“တက်စမ်း၊ ဆက်တက်နေလိုက်”

“မဟုတ်ဘူး။ ငါထပ်ဝယ်ရမယ်။ နည်းနည်းလေးရောင်းပြီးဘာလုပ်ရမှာလဲ။ ငါသာအမှတ်တွေထပ်ရလာရင် မကြာခင်မှာ ငါနေဖို့ဂူကို အပြီးဝယ်နိုင်လိမ့်မယ်”

ထိုအချိန်မှာ ရှေးဦးသူတော်စင်ဂိုဏ်း၏ သာမာန်တပည့်တွေကတော့ နွေဦးကာလကို ရောက်နေတော့သည်။

သူတို့တွေက အမြင်လည်းမရှိသလို အဆက်အသွယ်လည်း မရှိသောကြောင့် ဈေးကျမည့်ကိစ္စကို ကြိုမမှန်းနိုင်ဘဲ သူများတွေရောင်းနေချိန်မှာ သူတို့က ယင်အရိုးစုတွေ ဝယ်နေခဲ့တာပင်။

အခုတော့ သူတို့တွေ အချီကြီးမိသွားပြီ။

များစွာသော သာမာန်တပည့်တွေသည် နေ့ချင်းညချင်း အဆမတန် မြင့်တက်သွားသော ဈေးနှုန်းကြောင့် နောက်ခံကောင်းသော ဂိုဏ်းတူအကိုကြီးတွေနီးနီးကို ချမ်းသာလာလေ၏။

ဂိုဏ်းအတွင်းမှာလည်း ဇာတ်လမ်းတိုတွေ ပျံ့နှံ့နေခဲ့သည်။

ဥပမာပြောရရင် ချစ်သူဆီက ရက်ရက်စက်စက် လမ်းခွဲခံလိုက်ရသော ဆင်းရဲတဲ့ကောင်ငယ်လေးက ရုတ်တရက် ချမ်းသာလာပြီးနောက်မှာ ရက်စက်တဲ့မိန်းမရဲ့ မျက်နှာကို ဒေါသတကြီး အမှတ်တွေ ပစ်ပေါက်ပြီး ခံ့ညားလွန်းသော စကားလုံးများကို ချန်ရစ်ခဲ့လေသည်..

…ယောင်ကျားတစ်ယောက်ကို ဆင်းရဲလို့ အနိုင်မကျင့်မိစေနဲ့…

နောက်ထပ်ဇာတ်လမ်းလေးကတော့ အမေသေပြီးနောက်မှာ နောက်အိမ်ထောင်ပြုခဲ့သော အဖေကြောင့် မိထွေးနဲ့အတူနေရသော ကောင်မလေးက အဖေလဲသေသွားတော့ မိထွေးဆီမှာ အနိုင်ကျင့်ခံရပြီး နေ့တိုင်းအရှက်ခွဲမှုတွေကို တောင့်ခံခဲ့ရသည်။ ဇာတ်နာခဲ့သော ကောင်မလေးခဗျာ ယင်အရိုးစုတွေဝယ်ပြီး အများကြီးချမ်းသာသွားတော့ အခုဆိုရင် အဆင့်မြင့်ဂူတစ်လုံးဝယ်ယူပြီး ခမ်းနားစွာ နေနေလေရဲ့။

မင်းမှာ အိပ်မက်ရှိလား..မင်းရဲ့အိပ်မက်ကို ဖြစ်လာချင်သလား။

ဒါဆို.ယင်အရိုးစုတွေ လာဝယ်လိုက်။

ထိုသို့ဖြင့် ချီသန့်စင်ခြင်းနယ်ပယ် တပည့်တစ်ယောက်က အောင်မြင်စွာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သွားချိန်မှာ အတင်းအဖျင်းလောကကလည်း အမြင့်ဆုံး အရှိန်ကိုရောက်သွားတော့သည်။

ထိုကောင်လေးက ယင်အရိုးစုတွေ ဝယ်ယူပြီးနောက် ရလာသောအကျိုးအမြတ်တွေနဲ့ အခြေခံတည်ထောင်ခြင်းအဆင့် ဆေးလုံးတစ်လုံး ဝယ်ယူခဲ့လိုက်သည်။ ထိုမှတစ်ဆင့် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ခဲ့လေ၏။ ဒါတွေအားလုံးက ယင်အရိုးစုကျေးဇူးကြောင့် အခုလို ကံကြမ္မာကို ဆန့်ကျင်နိုင်မည့်အခွင့်အရေး ရခဲ့တာပါဟူ၍ ထိုကောင်လေးက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့လေသည်။

ထိုရူးလောက်စရာသတင်းကြောင့် ပိုမြင့်မားလာပြန်သော ဈေးကွက်က ၁၀၀၀ကနေ ၂၀၀၀၊ ၃၀၀၀အထိ ရောက်လာခဲ့သည်။ မိုးထိုးတော့မတက် မြင့်မားနေသော ဈေးကွက်ကို ကြည့်နေရင်း ပျော်ရွှင်နေသူတွေလည်း ရှိသလို မခံစားနိုင်သူတွေလည်း တစ်ပုံတစ်ပင် ပင်။

ပျော်ရွှင်နေသူ လုယန်ကတော့ အမှတ်၂၀၀၀ ရောက်လာချိန်မှာပဲ ဝယ်ထားတဲ့ယင်အရိုးစုတွေ အားလုံးကို ပြန်ရောင်းလိုက်သည်။

နဂိုက အမှတ်၂၀၀၀နဲ့ ဆယ်ခု ဝယ်ယူထားသော ယင်အရိုးစုတွေကို တစ်ခု အမှတ်၂၀၀၀နဲ့ ပြန်ရောင်းလိုက်ရ၍ သူ့လက်ထဲမှာ အမှတ်၂၀၀၀၀က လျှောလျှောရှူရှူ ရောက်လာပါတော့၏။

ထိုအချိန်မှာ ဝမ်းနည်းနေသူကို ပြပါဆိုရင်တော့ ကျောက်ရှဟယ်…

အဆမတန်မြင့်တက်လာသော ဈေးကိုကြည့်နေရင်း သူနောင်တရလွန်းလို့ အူတွေပင် စိမ်းလာသလို ခံစားနေရသည်။ အထူးသဖြင့် သူအမြဲတမ်းအထင်သေးခဲ့သော အဖိုးကြီးဝမ်ပလုံ ပျော်နေတာကိုမြင်လေလေ၊ သူ မခံစားနိုင်လေလေပဲ။

တကယ်ဆိုရင် ဝမ်ပလုံက ပထမဈေးကျနေချိန်ကျမှ ဈေးကွက်ထဲကို ဝင်လာတာဖြစ်သည်။ ထိုသင်္ချိုင်းကုန်းကို ခြေတစ်လှမ်းနီးနေတဲ့ အဖိုးကြီးက ရှိသမျှအမှတ်တွေနဲ့ယင်အရိုးစု ၂၀ တောင် ဝယ်ချလိုက်တာ မြင်တော့ တိတ်တဆိတ် ရောင်းနေပြီဖြစ်တဲ့ ကျောက်ရှဟယ် လှောင်ပြောင်ခဲ့သေး၏။ ထို့ကြောင့် လှည့်စားဖို့ အစီအစဥ်တစ်ခုပါ ဆွဲထားခဲ့သေးသည်။

အခုတော့ ဝမ်ပလုံက အမှတ် တစ်သိန်းတောင် ရသွားခဲ့ပြီ…

သူ တစ်မှတ်မှမရလိုက်လည်း ခံသာသည်.. ဘာမှမဖြစ်ဘူး။

ဒါပေမဲ့ နေ့တိုင်းနေ့တိုင်း ပါးစပ်ကြီးနားရွက်တက်ချိတ်မတတ် ပြုံးနေပြီး ချမ်းသာကြောင်းကို နားကြားပျင်းကပ်အောင် ရွတ်နေသော ဝမ်ပလုံကို ကြည့်နေရတာတော့ သူလုံးဝ မခံစားနိုင်တော့ဘူး။

ထိုအချိန်မှာ တက်နေဆဲဖြစ်သော ဈေးကိုကြည့်နေရင်း ကျောက်ရှဟယ်တစ်ညလုံး ထိုင်စဥ်းစားနေခဲ့သည်.. နောက်ဆုံးတော့ သူဈေးကွက်ထဲ ပြန်ဝင်လာတော့၏။

သူအစကတော့ အမှတ်တွေအားလုံးကို မရင်းပြစ်ဘဲ စောင့်ကြည့်သေးသည်။ သို့သော် မြင့်ပြီးရင်းမြင့်နေသော ဈေးက သူ အချ်ိန်ပိုဆွဲမိလေလေ၊ ပိုများသော အကျိုးအမြတ်တွေ ဆုံးရှုံးရတော့မည်ဟု ခံစားနေရလေ၏။

“အခွင့်အရေးက လာဖိတ်ခေါ်ချိန်မှာ ငါတစ်ခါ အလွတ်ခံပြီးပြီ။ နောက်တစ်ကြိမ်ထပ်မဖြစ်စေရဘူး”

“နောက်မှဝယ်တာထက် အခုဝယ်တာ ပိုကောင်းတယ်”

ကျောက်ရှဟယ်နှင့် အတွေးတူကြသော လူတစ်အုပ်ကလည်း ဈေးကွက်ထဲ ပြန်ခြေချလိုက်ကြတော့သည်။ အစောပိုင်းက ထွက်သွားသော တကယ့်လူတွေ ပြန်ဝင်လာတာနဲ့ ဈေးကွက်၏လှုံ့ဆော်မှုက ပိုအားကောင်းလာကာ လူတွေလည်း ပိုယုံကြည်ချက်ရှိလာတော့သည်။

…..

All Chapters