အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
Ch 17
(ကျန်တဲ့သူတွေ ကြောက်နေချိန်မှာ ဝယ်စုရမယ်)
တကယ်တော့ ယင်အရိုးစုတွေ ဈေးမြင့်တက်နေမှုက ချိန်ကိုက်ဗုံးတစ်ခုလိုမျိုး အချိန်မရွေး ပြန်ပြုတ်ကျနိုင်ကြောင်း ကျောက်ရှဟယ် သတိထားမိပြီးသားပင်။ သို့ပေမဲ့ သူ၏စူးရှသော ဆဋ္ဌမအာရုံအရ အချိန်မှီ ပြန်ရုန်းထွက်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
ထို့ကြောင့် လုယန်ဘက်က ယင်အရိုးစုတွေအားလုံး ပြန်ရောင်းပြီး၍ အကြွေး၂၀၀၀ ဆပ်ချင်သည်ဟု ဆက်သွယ်လာတုန်းကတောင်မှ လုယန်ကို အစောကြီး ထွက်လိုက်သည့်အတွက် အနည်းငယ် သနားသွားသေး၏။
“ဂိုဏ်းတူညီလေး မင်းကအရမ်းစိတ်လိုက်မာန်ပါ လုပ်လွန်းတယ်”
“ယင်အရိုးစုတွေရဲ့ဈေးက ဆက်တိုက်တက်နေတာ မတွေ့ဘူးလား။ ဒါတောင် စစ်ပွဲစသေးတာမဟုတ်ဘူး။ စစ်ပွဲအချိန်ကျရင် ပိုတောင်တက်လိမ့်အုံးမယ်”
“ဈေးကမငြိမ်သေးဘူး.. ညီလေးထပ်ဝယ်ဖို့ အကိုအကြံပေးတယ်”
သို့ပေမဲ့ လုယန်ကတော့ မတုန်လှုပ်ပါချေ။
သူလည်းပဲ မြင့်တက်နေဆဲဖြစ်သော ဈေးကြောင့် အစောကြီးရောင်းလိုက်မိတာကို နောင်တရနေတာ မှန်ပါသော်လည်း ကျောက်ရှဟယ်၏ ရည်ရွယ်ချက်ကိုလည်း ချက်ချင်း သဘောပေါက်လိုက်သည်။
ကျောက်ရှဟယ်က သူ့ကို ဂရုစိုက်လို့ အခုလိုပြောတယ် ထင်နေသလား…
မရူးနှမ်းစမ်းပါနဲ့၊ သူကပိုများတဲ့လူတွေကို ဈေးကွက်ထဲဝင်လာအောင် ဖိတ်ခေါ်ရုံတင်ပဲ။
လူတွေပိုများမှပဲ သူအမှတ်တွေပိုရှာပြီး အချိန်မှီ ရုန်းထွက်လို့ရမှာလေ။
…ရတယ်၊ ငါအလျင်မလိုဘူး၊ ဒီတစ်ခေါက်ရဲ့အမြင့်ဆုံးဈေးကို မှတ်ထားပြီး နောက်ဘဝကျမှ အဲ့ဒီဈေးရောက်တဲ့အထိ စောင့်ပြီးရောင်းလို့ရတယ်။ ဒါကအမှတ်ရှာလို့ရတဲ့ အခွင့်အရေးကောင်းကြီးပဲ..
..သက်တမ်းတစ်ရာစာအုပ်နဲ့ဆိုရင် ငါအရှုံးမရှိဘူး၊ အမြတ်ပဲရှိတယ်…
ထိုအတွေးကြောင့် လုယန် ပိုမိုတည်ငြိမ်သွားတော့သည်။ ကျောက်ရှဟယ်ကို အကြွေးဆပ်ပြီးတာနဲ့ အပြင်ဘက်လောကကို လျစ်လျူရှုလိုက်ပြီး တံခါးပိတ်ကျင့်ကြံလိုက်တော့သည်။
လုယန် တံခါးပိတ်ကျင့်ကြံချိန်မှာ ယင်အရိုးစုရဲ့ဈေးက ထပ်တောင်တက်နေသေးသည်။
ရှေးဦးသူတော်စင်ဂိုဏ်းက တကယ်ကို တိုက်ခိုက်ခဲ့လို့ပင်… တပည့်တွေအများကြီး ပြောင်းရွှေ့မိန့်ကို လက်ခံလိုက်ရပြီး ချက်ချင်းထွက်ခွာခဲ့ရကာ၊ သူတို့၏တည်နေရာကို အခုထိ မသိရှိရသေးပေ။ ထို့ကြောင့် ယင်အရိုးစုရဲ့ဈေးက နည်းနည်းလေးတောင် ကျဖို့ အရိပ်အယောင်မရှိတော့ချေ။
သို့သော်လည်း ဘယ်လောက်ဈေးကြီးနေပါစေ၊ စစ်ထွက်မိန့်ကိုလက်ခံလိုက်ရသော တပည့်တွေခဗျာ အံကြိတ်ပြီးဝယ်ရတော့၏။
အမှတ်ကပြန်ရှာလို့ရသည်.. အသက်က တစ်ကြိမ်ပဲရှိသည်မလား။
အခုချိန်မှာ ဈေးကွက်ထဲဝင်လာတဲ့သူတွေ ပိုများလာပြီး.. သာမာန်တပည့်တွေတင် မဟုတ်ဘဲ တကယ့်အကောင်ကြီးတွေပါ ဝင်ပါကြတော့၏။
ထိုသူတွေက သာမာန်တပည့်တွေလိုမဟုတ်ဘဲ ချမ်းသာတဲ့မိသားစု နောက်ခံရှိကြသည့်အပြင် အခြေခံတည်ထောင်ခြင်းအဆင့် ဆရာကိုယ်စီ ရှိကြတဲ့အတွက် သူတို့အသုံးပြုနိုင်သော အမှတ်ပမာဏကလည်း သေချာပေါက်မြင့်သည်။ ဒီလိုနဲ့ ဈေးကွက်က ထပ်မံလှုပ်ခတ်လာပြန်သည်။
သုံးထောင်၊ လေးထောင်၊ ငါးထောင်…
တဖြည်းဖြည်း များလွန်းလာသောဈေးနှုန်းကြောင့် သာမာန်တပည့်အများစု ကြောက်ရွံ့ပြီး ဈေးကွက်က ထွက်ကြတော့သည်။
ထိုအခြေအနေမှာ ဈေးကွက်ကလည်း ပြန်ကျဖို့အရိပ်အယောင် သန်းလာတော့သည်။
သို့သော် အရသာသိထားကြသော တစ်ချို့လောဘကြီးသည့်သူတွေကတော့ ယုံကြည်ချက်အပြည့်နဲ့ လောင်းကြေးထပ်နေကြဆဲပင်။
“မကြောက်နဲ့၊ ဒါဒီတိုင်း သာမာန်အလှည့်အပြောင်းလေးပါ”
“ရောင်းဖို့လား၊ စောလွန်းသေးတယ်”
ကျောက်ရှဟယ် တစ်ယောက် အတိတ်က သင်ခန်းစာကို ပြန်စဥ်းစားလိုက်သည်။
အရင်တစ်ခေါက်မှာ သူရောင်းလိုက်တာစောသွား၍ ထင်သလောက် အမြတ်မရဘဲ အနည်းငယ် ဆုံးရှုံးခဲ့ရသေး၏။ သူ ဘာကြောင့် အမှားတစ်ခုကို နှစ်ကြိမ်လုပ်ရမှာလဲ။
“စစ်ပွဲကြီးကမစသေးဘူး၊ ဈေးကွက်ထဲမှာ ယင်အရိုးစုတွေအများကြီးရှိသေးတယ်။ ဒီတော့တကယ့်တိုက်ပွဲ စလာလို့ တကယ် အသုံးပြုရတော့မယ်ဆိုရင် ဈေးက သေချာပေါက် ပြန်တက်မှာပဲ”
“ဈေးနှုန်းတွေက တတိယအကြိမ်မြှောက် ပြန်တက်လိမ့်မယ်”
“ငါးထောင်လောက်နဲ့ ဘယ်ရမလဲ၊ သေချာပေါက် ခုနှစ်ထောင်..တစ်သောင်းပဲ။ အသက်နဲ့ယှဥ်လာရင် လူတွေလည်း သူတို့မှာရှိတာတွေ အကုန်ပေးရမယ်ဆိုရင်တောင် မဖြစ်မနေ ဝယ်ကြရလိမ့်မယ်”
ကျောက်ရှဟယ်တစ်ယောက် သူ၏တွက်ချက်မှုက အမှားအယွင်းမရှိနိုင်ဘူးဟု ခံစားလိုက်ရသည်။
“အဲ့ဒီအရူးတွေ ထုတ်ရောင်းနေတဲ့အချိန်မှာ ငါတစ်ဖက်က လှည့်ယူထားရမယ်”
ကျောက်ရှဟယ်သည် သူပိုင်ဆိုင်သမျှ အမှတ်တွေတင်မက၊ မြစ်သုံးသွယ်အဖွဲ့ကနေ အကြွေးတွေအများကြီးယူပြီး အကုန်ဝယ်လိုက်တော့သည်။
သေချာပေါက် ကျောက်ရှဟယ် တစ်ယောက်ထဲ ဉာဏ်ကောင်းတာ မဟုတ်ပါချေ။ အတွေးတူသည့် တစ်ခြားသူတစ်ချို့လည်း ရှိသမျှ အကုန်အောကာ ယင်အရိုးစုတွေ ဝယ်ထားကြသည်။
ထိုသက်ရောက်မှုကြောင့် ကျခါစဈေးက ပြန်တက်လာပြန်ရော..
ထို့ကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်နေသော ကျောက်ရှဟယ်၏ နှလုံးသားက စိတ်ငြိမ်ဆေးသောက်လိုက်ရသလို တည်ငြိမ်သွားပြီး သူ့ဆုံးဖြတ်ချက်ကို အပြည့်အဝ ယုံကြည်လိုက်တော့သည်။
သို့ပေသည့်….
နောက်တစ်နေ့ မနက်အစောပိုင်းမှာ ရှေးဦးသူတော်စင်ဂိုဏ်းအနှံ့ သတင်းတစ်ခု ပျံ့လွင့်လာလေ၏။
“မကြာခင်က ဂိုဏ်းရဲ့အကြီးအကဲသခင်ကြီးက စစ်မှန်ဂိုဏ်းနဲ့နတ်ဆိုးဂိုဏ်းကြားက စစ်ပွဲကြီးစတော့မဲ့ သတင်းလွှင့်ပြီး တပည့်တွေရွှေ့ပြောင်းခိုင်းထားရင်း တောင်ပိုင်းက သင်္ချိုင်းကုန်းမြေကို တစ်ဖက်လှည့်နဲ့ ဝင်စီးခဲ့တယ်.. ဒါကြောင့် ဂိုဏ်းရဲ့တပည့်တွေအားလုံးကို သတင်းကောင်းတစ်ခု ကြေညာလိုက်ပါတယ်”
“မနေ့ကတင်ပဲ အကြီးအကဲရဲ့ ပြောင်မြောက်တဲ့ တိုက်ခိုက်စွမ်းရည်နဲ့ သင်္ချိုင်းကုန်းမြေကို ပြန်ယူနိုင်ခဲ့ပါပြီ။ ပြီးတော့ ကျောက်စိမ်းဓားအိမ်တော် ဂိုဏ်းဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုလာခဲ့တယ်”
ဝုန်း
ထိုသတင်းပျံ့သွားသည်နှင့် ကောင်းကင်ပြုပြင်တောင်ထွတ်၏ တစ်နေရာက လှိုဏ်ဂူအတွင်းကနေ တစ်စုံတစ်ယောက်၏ ချီသွေဖွယ်မှုကြောင့် ပေါက်ကွဲသံကို ကြားလိုက်ရပါသည်။
ထို့နောက် ဂူအတွင်းက သေလောက်အောင်.တိတ်ဆိတ်သွားသည်။
မနေ့ကအထိ အသက်ဝင်လှုပ်ရှားလွန်းနေသော ရှေးဦးသူတော်စင်ဂိုဏ်းက ပြင်းထန်စွာ အရှိုက်ထိသွားသည့်နှယ်.. ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
တောင်ပိုင်းက သင်္ချိုင်းကုန်းမြေကို ပြန်သိမ်းယူနိုင်ခဲ့သည့်အတွက် ယင်အရိုးစုက ဈေးတက်စရာအကြောင်းမရှိတော့ပေ။ ထို့အပြင် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ငြိမ်းချမ်းရေးတောင်းဆိုလာတဲ့အတွက် စစ်ပွဲလည်း မရှိနိုင်တော့ဘူး။ ထို့အပြင် ကျောက်စိမ်းပြားတွေမှာတိုက်ရိုက် ထုတ်ပြန်ခဲ့တဲ့ ဒီသတင်းက ဘယ်လိုမှ အမှားမဖြစ်နိုင်ပါချေ။
ယင်အရိုးစုဆိုသော ချိန်ကိုက်ဗုံးလေးက နောက်ဆုံးတော့ ပေါက်ကွဲသွားခဲ့ပြီး ဈေးနှုန်းက ကောင်းကင်ထက်က ပြုတ်ကျပါတော့၏။
ငါးထောင်၊ သုံးထောင်၊ တစ်ထောင်၊ နှစ်ရာ..
တစ်လလောက်မြင့်တက်ခဲ့သည့်ဈေးက နာရီဝက်အတွင်းမှာ မူလဈေးကို ပြန်ပြုတ်ကျသွားသည့်တိုင်အောင် မရပ်သေးပေ။
အကုန်လုံးက ရောင်းချင်နေပေမဲ့ ဝယ်မဲ့သူ မရှိတော့ဘူး။
အထူးသဖြင့် အများကြီးဝယ်စုထားတဲ့ သူတွေကတော့ အပြင်ဘက်က အခြေအနေကို ကြည့်နေရင်း ကျန်းမာရေးတွေ ဆိုးရွားလာတော့၏။
ဘန်းဘန်းဘန်း
ထိုနေ့ညမှာ အချိန်ပိုင်းခြားတစ်ခုကြာတိုင်း ထွက်ပေါ်နေသော ပေါက်ကွဲသံတွေရှိပြီး လူတွေဘယ်လောက်များများ ချီဖောက်ပြန်ခြင်းနဲ့ သေဆုံးသွားလည်းတောင် မသိနိုင်တော့ပေ။
ဂူအတွင်းမှာ အချိန်အကြာကြီးမေ့လဲနေခဲ့သော ကျောက်ရှဟယ်လည်း နိုးလာပါသော်ငြား သူ့မျက်နှာထားက အခုထိ အသိစိတ်ကောင်းကောင်း မကပ်သေးဟန်ပင်။
“ကြောက်ဖို့ကောင်းလိုက်တာ၊ ယင်အရိုးစုတွေ ဈေးကျသွားတယ်လို့ ငါတကယ် အိပ်မက်မက်ခဲ့တာပဲ ဟားဟားဟား”
ထို့နောက်မှာ သူ ကျောက်စိမ်းပြားအတွင်း၌ ယင်အရိုးစုဈေးကို စစ်ဆေးလိုက်သည်
အကဲဖြတ်အမှတ်တစ်ရာ..
“..ဒါတစ်ခုခုမှားနေတာနေမှာ”
ကျောက်ရှဟယ် အရင်ဆုံးမျက်စိမှိတ်ပြီး အသက်ရှုသွင်းလိုက်ပြီးမှ ကျောက်စိမ်းပြားကို ပြန်စစ်ဆေးလိုက်ပြန်သည်။
အကဲဖြတ်အမှတ်ငါးဆယ်..
“အွတ်”
ကျောက်ရှဟယ် သွေးတစ်ပွက်အန်ပြီးတာနဲ့ မျက်နှာက ဝက်အသည်းလို နီစွေးသွားပြီး.. သူ့ ချီစွမ်းအင်ဆိုတာ ပြုတ်ကျနေသော ယင်အရိုးစုလိုမျိုး အောက်ဆုံးမှတ်ကို ရောက်လာတော့သည်။
“မုန်းလိုက်တာ..”
ကျောက်ရှဟယ် အများကြီး တွေးချိန်တောင် မရတော့ဘဲ အသက်ရှုနှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိရင်း ချီသွေဖယ်ခြင်းကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ထိုအချိန်မှာ ဂူအပြင်ဘက်က အသံတစ်ခုကို ကြားလိုက်ရလေ၏။
“ဂိုဏ်းတူအကိုကျောက်၊ ကျွန်တော် လာတွေ့တယ်”
“လုယန်လား”
ကျောက်ရှဟယ်တစ်ယောက် ထိုသူက ဘယ်သူလည်းဆိုတာ စဥ်းစားဖို့ကို အချိန်တစ်ခု.ယူလိုက်ရသည်။ သို့သော် လုယန်မှန်း မှတ်မိလိုက်တာနဲ့.. လုယန် ဘယ်လိုမျိုး အချိန်မှီရောင်းစားလိုက်ပြီး အကြွေးတောင်ဆပ်ခဲ့ကြောင်းနဲ့ သူတစ်ယောက်ပဲ မွဲပြာကျပြီး ကျန်ခဲ့ကြောင်းကိုပါ စဥ်းစားမိလိုက်လေကာ..
“အွတ်”
ပါးစပ်ထောင့်က သွေးကိုသုတ်လိုက်ပြီး ကျောက်ရှဟယ် တံခါးပေါက်ကို တုန်ယင်စွာ သွားလိုက်ချိန်မှာ… အလွန်ရွှင်ပျသော အမူအရာနဲ့ တက်ကြွစွာ လက်ပြနှုတ်ဆက်နေသော သကောင့်သားကို မြင်လိုက်ရလေရဲ့။
“ဂိုဏ်းတူအကို၊ ဒီနေ့အမှတ် ဘယ်လောက်ရခဲ့လဲ”
ဝုန်း
ကျောက်ရှဟယ် ချက်ချင်းပဲ ဆန်တက်လာသော ချီစွမ်းအင်တွေက အသားစတွေကို ဖောက်ထွင်းဖို့ လုပ်နေတာကို အတင်းအကျပ်တားဆီးပြီး သွေးပတ်လမ်းဖွင့်ပေးလိုက်ရသည်။
လုယန်က ထိတ်လန့်စွာ မေးလာလေ၏။
“ဂိုဏ်းတူအကို အဆင်ပြေရဲ့လား”
“..ပြေပါတယ်”
ကျောက်ရှဟယ် အတင်းအကျပ် ပြုံးလိုက်လေပြီး
“ဒါနဲ့ညီလေးလု၊ အကိုမကြာခင်က အရင်သခင်ကြီးတစ်ယောက် နေခဲ့တဲ့ ဂူအဟောင်းတစ်ခု တွေ့ထားတယ်။ အဲ့ဒီထဲမှာ ပစ္စည်းကောင်းတစ်ခုခု ရှိနေနိုင်တယ်”
ကျောက်ရှဟယ်၏ မျက်လုံးက အနည်းငယ် အေးစက်စက် ဖြစ်သွားသော်လည်း အတင်းအကျပ် ဖိနှိပ်လိုက်ဟန်ရှိပြီး နောက်တစ်ခွန်းကို အားစိုက်ပြောဆိုလာခဲ့သည်။
“ဂိုဏ်းတူညီလေးလု စိတ်ဝင်စားလား”
…..
Ch 18
(မှန်ကန်သော အသုံးပြုမှု)
“သခင်ကြီးတစ်ယောက်ရဲ့ ဂူအဟောင်း ဟုတ်လား”
ကျောက်ရှဟယ်၏ အကြံပြုမှုကို လုယန် ငြင်းလိုက်တော့သည်။
“ဂိုဏ်းတူအကို ဖိတ်ခေါ်ပေးတာ တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက မကောင်းမွန်သေးဘူး။ အခုချိန်မှာတော့ ကျင့်ကြံတာကိုပဲ အာရုံစိုက်ချင်ပါသေးတယ်”
“အိုး” ကျောက်ရှဟယ်၏.မျက်လုံးများ ကျဥ်းမြှောင်းသွားလေကာ
“ဂိုဏ်းတူညီလေးက အကို့ကို မယုံတာလား”
“ဂိုဏ်းတူအကို အတွေးလွန်နေပါပြီ။ ကျွန်တော်ကအခုထိ ဘာသိုင်းကျင့်စဥ်မှ မဝယ်ရသေးတော့ တိုက်ခိုက်စွမ်းရည်မရှိသေးဘူး။ ကျွန်တော် လိုက်လာရင် ဂိုဏ်းတူအကို ဝန်ပိနေလိမ့်မယ်”
လုယန်၏ ဆင်ခြေက ပြီးပြည့်စုံသည်။
သူကဂိုဏ်းကို စဝင်လာကတည်းက အကြွေးဝယ်ယူခွင့်ကိုတောင် မသုံးဘဲ ကျောက်ရှဟယ်ဆီက အမှတ် ၂၀၀၀ ချေးယူခဲ့ကြောင်း ကျောက်ရှဟယ် သေချာသိထားသည်ပဲ။
“...ဒါဆိုလဲ ထားပါတော့”
ကျောက်ရှဟယ် အေးစက်သော မျက်နှာထားနဲ့ ခေါင်းရမ်းလိုက်တော့သည်။
သူ့နှလုံးသားထဲက လူသတ်အရိပ်အငွေ့တွေက နောက်ဆုံး အခြေအနေကို ရောက်နေခဲ့ပြီ။ သူက အရာအားလုံး ဆုံးရှုံးသွားတဲ့အချိန်မှာ လုယန်က စောစောစီးစီး နှုတ်ထွက်သွားတဲ့အတွက် အမှတ်တွေအများကြီး ရှာနိုင်ခဲ့သည်..
သူဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
ပြီးတော့ လုယန်က သူ့ဆီက ချေးထားတဲ့ အမှတ်တွေကနေ အခုလိုအများကြီးရှာဖွေနိုင်ခဲ့တာပဲ။ တစ်နည်းပြောရလျှင် လုယန်၏ အမှတ်တွေအားလုံးက သူ့အပိုင် ဖြစ်သင့်သည်မလား။
..ကောင်းပြီ၊ မင်းကိုငါခဏတော့ လွှတ်ထားပေးလိုက်မယ်..
ကျောက်ရှဟယ် စိတ်ထဲမှာလှောင်ပြောင် လိုက်လေ၏။
..ဒီကောင်က တိုက်ခိုက်နည်းမသိတဲ့ ငတုံးတစ်ကောင်ပဲ။ သူ့ကိုယ်သူ မျှတလွန်းတဲ့ ဂိုဏ်းတစ်ခုထဲ ရောက်နေတယ်ထင်လို့ ငြိမ်းငြိမ်းချမ်းချမ်း.ကျင့်ကြံဖို့ မျှော်လင့်နေတာလား။ ပန်းလုံကျွန်းက ကိစ္စကိုဖြေရှင်းပြီးတာနဲ့ ငါအခွင့်အရေးရှာပြီး ဒီကောင့်ရဲ့ဂူကို ညဘက်သွားလည်ပေးရတော့မှာပေါ့။ ဒါဆိုရင် အမှတ်တွေအားလုံး ငါ့အပိုင် ဖြစ်သွားပြီ…
လုယန်က ကျောက်ရှဟယ်ဆီက အပြန်မှာ ဝမ်ပလုံကို အရင်သွားတွေ့လိုက်သည်။ ကျောက်ရှဟယ်၏ အကြံကို သူရိပ်စားမိပြီးသားပင်။
သို့ပေမဲ့ သူတစ်စက်လေးတောင် မတုန်လှုပ်ပါချေ။ အစောပိုင်းနေ့ရက်တွေကို သူခဏလေးတောင် မနားဘဲ ကျင့်ကြံထားသည်မလား။
သူများတွေ ယင်အရိုးစုဈေးကွက်ကို လေ့လာနေချိန်မှာ သူက စွမ်းအားတိုးဆေးလုံးတွေ အများကြီးဝယ်ပြီး တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့်လေးကနေ အဆင့်ခြောက်အထိက အလယ်နယ်ပယ်အတွင်းမှာပဲ ရှိသေးသည့်အတွက် ကျင့်ကြံမှုပိုင်း အခက်အခဲမကြုံတွေ့ရဘဲ ဆေးဝယ်နိုင်တာနဲ့ အဆင့်တက်နိုင်သည်။
အမှတ်တွေသောင်းချီ ပိုင်ဆိုင်ထားသော လုယန်က တွန့်တိုစရာလား။ သူက သေချာပေါက် ချီသန့်စင်ခြင်းအဆင့်ခြောက်ကို ရောက်နေပြီပင်။
ထို့အပြင် သူ့ကိုယ်မှာစွဲနေသော ကာလသားရောဂါကိုလည်း သန့်စင်ခြင်းဆေးလုံးဝယ်ယူပြီး ကုသထားခဲ့သည်။
တကယ်တော့ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးရောဂါက ဆင်းရဲခြင်းသာ ဖြစ်သည်။
ယုစုကျန်း ပထမဘဝမှာ သေဆုံးခဲ့ရတာကလည်း ကုသဖို့အတွက် အမှတ်မရှိလို့ပင်။
ထို့နောက် အဆင့်ခြောက်ကနေ အလယ်နယ်ပယ်အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ရန်အတွက် လုယန် မူလချီစွမ်းအင်ကို ထပ်မံအသုံးပြုခဲ့သေးသည်။ သို့သော် ပမာဏမလုံလောက်လို့ ဖြစ်ပေမည်.. ဘာမှ အကျိုးမထူးခဲ့ပေ။
ကြည့်ရတာ ထိုအချိန်က လျိုရှင်း အဆင့်တက်နိုင်ဖို့ရန်အတွက် ဒုက္ခပေးခဲ့သူမှာ သူတစ်ယောက်ထဲ မဖြစ်နိုင်ပါချေ။
ထို့အပြင် တိုက်ခိုက်စွမ်းရည် မရှိဘူးဆိုတာကတော့ သေချာပေါက် ကျောက်ရှဟယ်ကို လှည့်စားခြင်းသာ ဖြစ်သည်။
သူ့အရင်ဘဝတုန်းကတောင်မှ အစီအမံနဲ့ ချုပ်နှောင်ထားပြီး အကွယ်ကနေ ချောင်ခို တိုက်ခိုက်ချိန်မှာ ကျောက်ရှဟယ်ကို နိုင်လုနီးပါးဖြစ်ခဲ့သည်.. အခုတော့ သူထိုကဲ့သို့ ဒုက္ခခံဖို့ မလိုအပ်တော့ဘူး။
အခုချိန်မှာ ကျောက်ရှဟယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရလျှင်တောင်မှ လွတ်မြောက်နိုင်မည်ဟု လုယန် ယုံကြည်ချက်ရှိပါသည်။
“ဂိုဏ်းတူအကိုဝမ်၊ ဒီရက်ပိုင်း အဆင်ပြေရဲ့လား”
စာကြည့်ဆောင်ကို ရောက်တာနဲ့ လုယန် အရက်တစ်ပုလင်းကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်ပြီး ပြုံးပြလိုက်လေကာ
“ပန်းအရက်.. ဂိုဏ်းတူအကိုအတွက် သီးသန့်ယူလာပေးတာ”
“ကောင်လေး၊ မင်းလား”
စာကြည့်ဆောင်အပေါက်မှာ ထိုင်နေသော ဝမ်ပလုံက လုယန်အသံကို ကြားသည်နှင့် မျက်ခွံတွေခပ်လှုပ်လှုပ် ဖြစ်သွားပြီး လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ပန်းအရက်တစ်ပုလင်းကို အမှတ်၅၀တောင် ပေးရတာ”
“ကောင်လေး၊ မင်းတကယ် ချမ်းသာသွားတာပဲ”
ဒီဘဝမှာ လုယန်က ဝမ်ပလုံနှင့် မိတ်ဆွေဖွဲ့ဖို့ တွေးထားခဲ့သည်။
ဝမ်ပလုံကလည်း အရင်နဲ့မတူတော့ဘဲ လုယန်ကို တော်တော်လေး ကောင်းမွန်စွာ ဆက်ဆံသည်။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။
ယင်အရိုးစုတွေ ဈေးမကျခင်လေးမှာပဲ လုယန်က ရောင်းလိုက်ဖို့ အကြံပေးခဲ့သည့်အတွက် အမှတ်တွေ ဆုံးရှုံးမည့် ကံကြမ္မာကနေ ဝမ်ပလုံ ကပ်သီးလေး လွတ်မြောက်ခဲ့သည်.. ထိုအချိန်မှစပြီး ဝမ်ပလုံက လုယန်ကို အရမ်းကျေးဇူးတင်နေ တော့တာပင်။
“ကျွတ်၊ ဒီအဖိုးကြီးက အသက်သာကြီးတာ ဘာဗဟုသုတမှ မရှိဘူး။ မင်းလိုလူငယ်လေး သတိပေးလို့ မဟုတ်ရင် ငါအခုချိန်လောက်ဆို ချီသွေဖယ်ပြီး သေဆုံးနေလောက်ပြီ”
“မဟုတ်တာဗျာ၊ ဂိုဏ်းတူအကိုကလည်း အဲ့လောက်ကြီး ကိုယ့်ကိုယ်ကို မပြောပါနဲ့”
“သေမဲ့သူကိုဘယ်လောက်ပြောပြော ဆွယ်လို့မရဘူးလို့ လူကြီးတွေ ပြောကြတယ်လေ၊ အဲဲ့ဒီနေ့က ကျွန်တော် လူတွေအများကြီးကို သတိပေးခဲ့တယ်.. အကိုတစ်ယောက်ပဲ နားထောင်ခဲ့တာ”
“အကိုဝမ်ရဲ့ အချိန်မှီရပ်တန့်ရဲတဲ့ သတ္တိကမှ ချီးကျူးဖို့ကောင်းတာပါ”
“ဟမ်း”
ထိုစကားကြောင့် ဝမ်ပလုံ မျက်လုံးများ ကျဥ်းမြှောင်းသွားပြီး မုတ်ဆိတ်မွှေးကို သပ်တင်လိုက်သည်။ လုယန်က သူ့ကို သေချာမြှောက်ပင့်နေမှန်း သိပေမဲ့လည်း သူအတော်လေး ခံစားရကောင်းနေ၏။
မကြာခင်မှာပဲ သူတို့နှစ်ယောက် စားပွဲမှာဝင်ထိုင်လိုက်ကြပြီး.. ပန်းအရက်ကို စတင်မြည်းစမ်းကြတော့သည်။
ဝမ်ပလုံကလည်း ယဥ်ကျေးမနေပါချေ။ ချက်ချင်းပဲ ပန်းအရက်တစ်ခွက် လောင်းထည့်ပြီး တစ်ထိုင်ထဲ မော့ချလိုက်လေ၏။ ထို့နောက်မှာမှ ခပ်ဖြည်းဖြည်း စကားစလာခဲ့သည်။
“ကောင်လေး၊ မင်းဘာလိုချင်တာလဲ”
ထိုအချိန်မှာ ဝမ်ပလုံ၏ ခေါင်းထဲ၌ ထိုမေးခွန်းတစ်ခုသာ ရှိသည်။
“မင်းနဲ့ငါက ဘာမှမဆိုင်ဘူး။ ဘာလဲ မင်းကလည်း ငါအဖိုးကြီးကို ကံကြမ္မာနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကို စောင့်နေတဲ့ စာကြည့်ဆောင်က သခင်ကြီးလို့ အပြင်ကသတင်းတွေအတိုင်း တကယ်ပဲ ထင်နေတာလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း”
လုယန်က ဝမ်ပလုံကို အရက်တစ်ခွက်ငှဲ့ပေးရင်း အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
“မိသားစုထဲက အသက်ကြီးတဲ့သူတွေက ရတနာတစ်ပါးလို့ လူကြီးတွေ ပြောကြတယ်မလား၊ ဂိုဏ်းတူအကိုကလည်း ဒီဂိုဏ်းကိုရောက်တာ နှစ်တွေအများကြီး ကြာပြီဆိုတော့ စွမ်းရည်တစ်ခုခု ရှိလိမ့်မယ်လို့ ကျွန်တော်က ထင်လို့ပါဗျာ။ အကိုဝမ်က စာကြည့်ဆောင်မှာ လုပ်တာကြာပြီဆိုတော့ ကျွန်တော့်ကို သိုင်းကျင့်စဥ်တစ်ချို့ ညွှန်းပေးလို့ ရနိုင်တယ်လေ”
လုယန် ရိုးသားစွာ ပြောလိုက်လေ၏။
ဝမ်ပလုံ ဘာမှဆက်မပြောတော့ဘဲ အရက်တစ်ခွက်ထပ်ငှဲ့ပြီး သောက်လိုက်သည်… ပြီးတာနဲ့ ဒီတစ်ခေါက် ရှေးဦးသူတော်စင်ဂိုဏ်း၏.တပည့်တွေ အပေါ် ရက်စက်လွန်းသော လုပ်ရပ်နဲ့ပတ်သတ်ပြီး မြည်တွန်တောက်တီးပါတော့သည်။
“ဒီကောင်တွေက တကယ့် မကောင်းဆိုးဝါးတွေပဲ”
“ယင်အရိုးစုတွေ ဈေးအမြင့်ဆုံးရောက်နေချိန်မှာ ရုတ်တရက် သတင်းလွှင့်လိုက်တာ မရိုးရှင်းဘူး။ ဒါဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေ သေချာပေါက် ပေါင်းကြံတာပဲ”
လုယန် အရက်တစ်ခွက်ငှဲ့ရင်း ပုံမှန်လို သဘောတူလိုက်တော့သည်။
ဝမ်ပလုံ မူးပြီး ဒယိမ်းဒယိုင်ဖြစ်လာချိန်မှပဲ လုယန် ခပ်တိုးတိုး ပြောလိုက်၏။
“ဂိုဏ်းတူအကိုဝမ်၊ ကျွန်တော်ဒီတစ်ခေါက် လာတာ သိုင်းကျင့်စဥ်တစ်ခု လာရွေးတာပါ”
“ဂိုဏ်းတူအကိုဝမ် ညွှန်းပေးနိုင်တာရှိလား။ အင်အားကြီးလေ ကောင်းလေပဲ”
“မင်းငါ့ဆီက တစ်ခုခုလိုချင်နေတာ သိသားပဲ” ဝမ်ပလုံက ရယ်မောလိုက်ပြီး ဂုဏ်ယူစွာ ပြောလာသည်။
“ဒါပေမဲ့ မင်းလာမေးတဲ့လူ မှန်သွားပြီ”
လုယန် ချက်ချင်းပဲ လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ကာ
“သင်ပြပေးပါအုံး ဂိုဏ်းတူအကိုဝမ်”
“အရင်ဆုံးတော့ တကယ်ကြမ်းတဲ့သိုင်းတွေရဖို့ မမျှော်လင့်နဲ့။ ဒီနေရာက ကောင်းကင်ပြုပြင်တောင်ထွတ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ။ ဒီမှာရှိတဲ့ သိုင်းတွေက ကန့်သတ်ချက်ရှိတယ်”
“တကယ့်သိုင်းတွေက စစ်မှန်တပည့်တွေပဲ သင်ယူလို့ရတဲ့ အထွဋ်အမြတ်မီးချောက်ကမ်းပါးမှာ ထားတာ”
“ဒါပေမဲ့ ဒါကပုံမှန်ပဲလေ။ ချီသန့်စင်ခြင်းအစောပိုင်းနယ်ပယ်နဲ့ အလယ်နယ်ပယ်တွေပဲ ရှိတဲ့ ငါတို့သာမာန်တပည့်တွေက သူတို့မျက်လုံးထဲမှာ တရိစ္ဆာန်သာသာလောက် ရှိတာ။ ငါတို့ကို တကယ့်သိုင်းအစစ်တွေ ဘယ်လိုလုပ် သင်ခိုင်းမှာလဲ”
တကယ်လည်း သာမာန်တပည့်တွေကို ဘာကြောင့် အများကြီးသိခွင့် ပေးရမည်နည်း.. အများကြီးသိသွားရင် ပြဿနာရှာလာလိမ့်မည်။
စစ်မှန်တပည့်တွေကတော့ ဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရမည့် လက်ရွေးစင်တပည့်တွေ ဖြစ်သည့်အတွက် သီးခြားဆက်ဆံမှုကို လိုအပ်မှာ မလွှဲမသေပင်။
“ဒါဆို ဘယ်လိုမှ ကယ်မရနိုင်တော့ဘူးလားဗျာ”
လုယန် ခပ်တိုးတိုးမေးလိုက်သည်။
“ သေချာပေါက် ရတာပေါ့”
ဝမ်ပလုံ အနည်းငယ်ပြုံးလိုက်လေ၏။
သူဒီနေရာမှာ နှစ်လေးဆယ်တောင် အလုပ်လုပ်လာတာ.. သူ မသိသော ကျင့်စဥ်ရှိပါအုံးမည်လား။
လုံးဝအရှင်းအလင်းကြီး မမှတ်မိရင်တောင်မှ ကျင့်စဥ်တိုင်း၏ အစွမ်းသက်ရောက်ပုံကိုတော့ နားလည်သည်။
“ဒီစာကြည့်ဆောင်မှာ တကယ်ကောင်းတဲ့ နတ်စွမ်းရည်သုံးခုတော့ရှိတယ်၊ အကုန်လုံးက အစွမ်းထက်ပေမဲ့ ဘေးထွက်ဆိုးကျိုးလဲ ရှိတယ်”
“ဘေးထွက်ဆိုးကျိုးဟုတ်လား”
ဝမ်ပလုံက အလွန်တည်ငြိမ်သော မျက်နှာဖြင့် ဆက်ရှင်းပြသည်။
“ ဥပမာဆိုရင်.. ကောင်းကင်သွေးနတ်ဆိုးအလင်းဆိုတဲ့ သိုင်းတစ်ခုရှိတယ်။ အဲ့ဒါက ရတနာပစ္စည်းရဲ့အစွမ်းကို အများကြီး မြင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ အဲ့လိုလုပ်နိုင်ဖို့ကို ကိုယ်အသုံးပြုမဲ့ရတနာမှာ ကိုယ့်ရဲ့အဆီအနှစ်တွေ ပြန်ပေးဆပ်ရတယ်။ ပြောရရင် တစ်ခါအသုံးပြုလိုက်တာနဲ့ အဲ့ဒီလူရဲ့ သက်တမ်းကတိုသွားပြီး ထပ်ကျင့်ကြံလည်း တိုးတက်ဖို့ခက်ခဲသွားတယ်။ ဒီတော့ ကျင့်ကြံရေးလမ်းစဥ်မှာ အခက်တွေ့စေတာပေါ့ကွာ”
“ဒါဆို အဲ့ဒီသက်ရောက်မှုက ပြင်းလာပြောပြအုံး”
ဝမ်ပလုံ၏နဂိုရည်ရွယ်ချက်က လုယန်ကို ခြောက်လှန့်ဖို့ ဖြစ်သည်။ သို့ပေမဲ့ လုယန်က စိတ်ပျက်တဲ့အရိပ်အယောင်တစ်ခုတောင် မပြတဲ့အပြင် ပိုမိုစိတ်လှုပ်ရှားလာလေ၏။
..ဒီလိုသိုင်းမျိုးက ငါ့အပိုင်ဖြစ်သင့်တယ်..
ဘေးထွက်ဆိုးကျိုးက ကြီးမားတယ်ဆိုပေမဲ့ အဲ့ဒါက ဘဝတစ်ခုထဲနှင့် သက်ဆိုင်မှာ ဖြစ်သည့်အတွက် သူ့ကို ဘာမှထိခိုက်စေမှာ မဟုတ်ပေ။
ကြည့်ရတာ လုယန်တစ်ယောက် သက်တမ်းတစ်ရာစာအုပ်ကို ကောင်းကောင်းကြီး အသုံးချနိုင်မည့်နည်းလမ်းကို ရှာတွေ့သွားပြီပဲ။
….