အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
Ch 19
(အရေခွံခွာခြင်း)
“မင်း တကယ်ကြီး သင်ယူချင်လို့လား”
လုယန်၏ စိတ်ဝင်စားနေသော မျက်နှာထားကြောင့် ဝမ်ပလုံအနည်းငယ် မှင်သက်သွားပြီး မနေနိုင်စွာ ပြောလိုက်တော့သည်။
“ကောင်လေး၊ ဒီကျင့်ကြံရေးလောကမှာ အရေးအပါဆုံးက ကျင့်ကြံဆင့်ပဲ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို သေချာခွဲပါ”
ဝမ်ပလုံအမြင်မှာ လုယန်က အသက်လည်းငယ်သည်.. အကဲဖြတ်အမှတ်တွေ အများကြီးလည်း ပိုင်ဆိုင်ထားသည်။ အနာဂတ်မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်နိုင်လျှင်တောင်မှ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ မျှော်လင့်လို့ရနိုင်ပါသည်။ ဘာကြောင့်များ ဘေးထွက်ဆိုးကျိုးတွေ အရမ်းများသော ဒီလိုသိုင်းတွေကို သင်ယူရမှာလဲ။ ထိုသိုင်းတွေက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်နိုင်အောင် ကြမ်းနေတော့ရော ဘာဖြစ်သလဲ။ သက်တမ်းတိုသွားလို့ သေသွားရင် မသာကောင်ကြီးဖြစ်သွားမှာလေ..
“ဘဝကတိုတယ်၊ ဆုံးဖြတ်ချက်အမှားတွေ မချနဲ့”
ဝမ်ပလုံက အနည်းငယ်ဝမ်းနည်းနေသော မျက်နှာနှင့် ဆက်ပြောသည်။
“မင်းကငယ်သေးတော့ နားမလည်သေးဘူး။ ပန်းဆိုတာနောက်တစ်ကြိမ် ပွင့်နိုင်ပေမဲ့ ငယ်ရွယ်မှုက ဘယ်တော့မှ ပြန်မရနိုင်ဘူး”
“မင်းကအခု မင်းရဲ့အကောင်းဆုံးအချိန်မှာ ရှိနေတယ်။ ဒါဆို နောက်ဆယ်နှစ်ကြာရင်.. ဒါမှမဟုတ် အနှစ် နှစ်ဆယ်ကြာရင် ဘာဖြစ်လာမှာလဲ”
“မင်းအခုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အခုချိန်မှာ ကျေနပ်နိုင်ပေမဲ့ ဆိုးကျိုးက နောက်ဆယ်နှစ်နေမှ ခံစားရမှာ.. အဲ့ကျမှ နောင်တရနေရင် ဘာထူးမှာလဲ”
ဝမ်ပလုံတစ်ယောက် အတိတ်ကိုလွမ်းဆွတ်သွားဟန်ရှိပြီး သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောပြန်သည်။
“မင်းမသိဘူး.. ငါငယ်ငယ်တုန်းကဆိုရင် ဂိုဏ်းရဲ့ အရမ်းကိုအလားအလာရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တာ။ ဒါပေမဲ့ ခြေတစ်လှမ်းမှားသွားပြီး ဒီနေရာမှာအဆုံးသတ်သွားတယ်။ အဲ့အကြောင်းကို စဥ်းစားမိတိုင်း စောက်ရမ်းနာကျင်တယ်ကွာ”
ဝမ်ပလုံ၏ မျက်လုံးတွေက ချက်ချင်း နီရဲလာသည်.. အရက်ကလည်း အစွမ်းပြလာတော့ ထိုလူကြီးက လုယန်ကို ပုခုံးကဆွဲဖက်ကာ သူ၏ခမ်းနားခဲ့သော အတိတ်အကြောင်း ရင်ဖွင့်ပါတော့သည်။
တကယ်တော့ ကိစ္စကကြီးကြီးမားမား မဟုတ်ပါချေ။ ဝမ်ပလုံ ငယ်ငယ်တုန်းက ချီစွမ်းအင်၏အဆင့်တွေအကြောင်း နားမလည်ခဲ့ဘဲ အဆင့်ခုနှစ်အောက် သိုင်းကျင့်စဥ်ကို ရွေးမိသွားကာ၊ အခုလို ကျင့်ကြံဆင့်ပိတ်မိသွားခြင်း ဖြစ်သည်။
ချီစွမ်းအင်က မသန့်စင်သည့်အတွက် အခြေခံတည်ထောင်ခြင်းနယ်ပယ် မပြောနှင့်၊ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကိုတောင် မရောက်နိုင်ခဲ့ဘူး။
ဒီလိုနဲ့အခုလို နှစ်ဆယ်ချီကြာသွားချိန်မှာ အရင်က မိတ်ဆွေဟောင်းတွေရော၊ ရည်းစားဟောင်းလေးကရော ကျင့်ကြံခြင်းတွေတက်သွားတဲ့အတွက် သက်တမ်းကိုဆန့်နိုင်ပြီး ငယ်ရွယ်နုပျိုနေဆဲပင်… သူကတော့ ဆံပင်တွေဖြူ၊ ခါးတွေကိုင်းပြီး သေခါနီးဆဲဆဲ ဖြစ်နေသည်။
ဒီလိုအခြေအနေမှာ ဘယ်သူကများ နောင်တမရဘဲ နေမှာလဲ။
ဝမ်ပလုံ မူးပြီးမှောက်သွားတာနဲ့ လုယန် ထိုလူကြီးပြောခဲ့သော ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်းကို သွားရှာလိုက်သည်။ ထိုအရာက တကယ်ကို နတ်ဆိုးသိုင်းတစ်ခုပဲ။
ဘေးထွက်ဆိုးကျိုးကြီးမားပြီး အန္တရာယ်များကာ နတ်ဆိုးဆန်မှုအပြည့်အဝရှိသည့် ပထမကျင့်စဥ်ကို လုယန်တည်ငြိမ်စွာ ဝယ်ယူလိုက်သည်။
ထိုသိုင်းကို ကျင့်ကြံဖို့ရန်အတွက် အရင်ဆုံးရတနာတစ်ခု လိုအပ်သည်.. ရတနာကိုရွေးချယ်ပြီးတာနဲ့ ထိုသူကအရေခွံကို အသက်ရှင်ရက် အခြေအနေမှာဆွဲခွာပြီး လျှို့ဝှက်နည်းလမ်းဖြင့် သန့်စင်ရမည်။ ဒီလိုမျိုး ၈၁ ရက်တိတိ လုပ်ပြီးတာနဲ့ စုဝေးလာတဲ့ သွေးအလင်းက ရတနာမှာ ပေါင်းစည်းသွားလိမ့်မည်။ သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် အဲ့ဒီ ရတနာကို ကြည့်မိတာဖြစ်ဖြစ်၊ ထိမိတာဖြစ်ဖြစ် ချက်ချင်းသေဆုံးသွားမည် ဖြစ်သည်။
“ ဒီရတနာနဲ့ ရန်သူကိုတိုက်ခိုက်ပြီးရင် ငါလည်းပဲ ရတနာအပေါ် မှီခိုရှင်သန်ရမဲ့ သွေးအရိပ်ဖြစ်သွားမှာပေါ့…”
“ရတနာ မပျက်ဆီးသရွေ့ သွေးအရိပ်လည်း ဘာမှမဖြစ်ဘူး။ ငါ့ရဲ့သက်တမ်းက တစ်ဝက်ဖြစ်သွားပြီး လူသားမဟုတ်တဲ့ သွေးအရိပ်ဖြစ်သွားမယ်၊ လူသားပုံစံအဖြစ် ငါ့ကို မြင်နေရအုံးမှာဆိုပေမဲ့ တကယ်တမ်းမှာ သွေးအရိပ်ဖြစ်သွားတဲ့အတွက် ကျင့်ကြံဆင့် မတက်နိုင်တော့ဘူး”
“ဘုရားရေ၊ ဒါငါ့အတွက်ကွတ်တိ ဖန်တီးထားတဲ့သိုင်းပဲ”
လုယန် မျက်လုံးတွေမီးတောက်သွားပြီး ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်းကို ချက်ချင်း ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပဲ အရင်ကျင့်ကြံသူအဟောင်း တစ်ယောက်၏ မှတ်ချက်ကိုလည်း တွေ့လိုက်ရ၏။
“ဒီနတ်စွမ်းရည်က ထူးခြားတဲ့သိုင်းပညာတစ်ခုပဲ။ စာအုပ်ထဲမှာပြောထားသလို သွေးစတေးခြင်း လုပ်ဖို့အတွက် အသုံးပြုသူက ကိုယ့်အရေပြားကိုယ် ၈၁ရက်တိတိ ခွာစရာမလိုဘူး.. မျိုးဆက်၊ ဒါမှမဟုတ် မောင်နှမတစ်ယောက်ယောက်ကို အစားထိုးလို့ရတယ်။ ဒါပေမဲ့ သွေးစတေးမှုကို ကိုယ်တိုင်မလုပ်ခဲ့တဲ့အတွက် သွေးအရိပ်အဖြစ် ပြောင်းသွားရင် ထိန်းချုပ်ရေးပိုင်း အနည်းငယ်ခက်ခဲနိုင်တယ်။ ဒါပေမဲ့ငါကမတူဘူး။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ငါကိုယ့်ငါ ငါပဲပိုင်တယ်”
ရက်အနည်းငယ်ကြာပြီးနောက်မှာ လုယန် စာကြည့်ဆောင်က ထွက်လာလိုက်သည်။
သူက တစ်ခါတည်း နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ထပ်မံဝယ်ယူခဲ့လိုက်သည်။ ဒါဆို အနာဂတ်မှာ အသုံးပြုပါက၊ သံသယဝင်မည့်သူ မရှိနိုင်တော့ပေ။
နောက်တစ်နေ့မနက်မှာပဲ သူဝယ်ယူခဲ့သော သိုင်းကျင့်စဥ် ရောက်လာလေပြီ..
“မကောင်းတဲ့ကောင်”
ဓားပျော့တစ်ချောင်းဖြင့် လည်ပင်းမှာချည်နှောင်ခံထားရပြီး သူ့ကို မုန်းတီးစွာကြည့်နေသော ယွင်မြောင်ချင်းကို မြင်လိုက်ရချိန်မှာ လုယန်အနည်းငယ်တော့ အာရုံလွင့်သွားသေး၏။
သို့သော် သူချက်ချင်းပဲ အတွေးတွေကို စွန့်လွှတ်လိုက်ကာ..
“စိတ်မကောင်းပါဘူး၊ ငါမင်းဆီက နတ်ဓားထိန်းချုပ်ခြင်းသိုင်းနဲ့ ဓားဆေးလုံးအတွက် အတွေ့အကြုံလိုအပ်တယ်”
“ဟမ်၊ ရှင်ဘယ်လိုသိ.. အာ.. အယ်.. နေအုံး.. ရှင်..”
လုယန် ကျွမ်းကျင်လျှင်မြန်စွာပဲ လိုအပ်သော အသိပညာကို ယူလိုက်ပြီးတာနှင့် ဂူထဲက ထွက်သွားလိုက်တော့သည်။
ထို့နောက် အပြင်ဂိတ်၏ ဆေးဖော်ခန်းမနှင့် ကပ်ရပ်တည်ရှိသော အတွင်းခန်းမ၏ ရတနာတစ်သောင်းတောင်ထွတ်ကို လာခဲ့လိုက်သည်။ ရှေးဦးသူတော်စင်ဂိုဏ်း၏ အကောင်းဆုံးရတနာတွေကို ထိုတောင်ထွတ်မှာ သိမ်းဆည်းထားလို့ပင်။
“ကမ္ဘာ့မီးတောက် မီးဖိုကို ငှားချင်တယ်”
အပေါက်ဝကိုရောက်တာနှင့် လုယန် တိုက်ရိုက်ပဲ ပြောလိုက်သည်။ ဆယ့်ငါးမိနစ်လောက် နေပြီးနောက်မှာ လိုအပ်သောအမှတ်ကို ပေးလိုက်ပြီး တော်တော်လေးကောင်းမွန်သော မီးဖိုတွေထားသည့် အခန်းကို ရောက်လာခဲ့သည်။
လိုအပ်သောမီးဖိုကို ရွေးချယ်ပြီးတာနဲ့ ပါဝင်ပစ္စည်းတွေပါ ဝယ်ယူပြီး.. ချီစွမ်းအင်အသုံးပြုကာ ကမ္ဘာမြေကြီး၏အပူကို ဆွဲယူပြီး မီးဖိုမှာ လောင်ကျွမ်းစေလိုက်သည်။ ထို့နောက် ယွင်မြောင်ချင်း ပြောပြသော အချိုးအဆအတ်ိုင်း ပါဝင်ပစ္စည်းတွေကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။
“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းမှာ တပည့်တွေကို အကြီးအကဲတွေက လုပ်ပေးတာဆိုပေမဲ့ ဒီနေရာက နတ်ဆိုးဂိုဏ်းပဲ။ ယုံလို့ရတာ တစ်ကောင်မှ မရှိဘူး။ ငါ့ဟာငါပဲလုပ်မယ်.. မအောင်မြင်လဲ ထပ်ခါထပ်ခါလုပ်ရုံပေါ့”
ပါဝင်ပစ္စည်းတစ်စင်စာကို အမှတ်၂၀၀၀ ကျသည်။
လုယန် ရလာသော အမှတ်တွေအားလုံးကို အကြွေးလဲဆပ်ထားသလို၊ ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်းကိုပါ ဝယ်ယူခဲ့သည့်အတွက် သူ့မှာ ပါဝင်ပစ္စည်းသုံးကြိမ်စာပဲ ဝယ်ယူနိုင်တော့သည်။
“သုံးကြိမ်လုံးမအောင်မြင်ရင် နောက်ဘဝမှာ ဆက်လုပ်မယ်ကွာ”
လုယန်တစ်ယောက် ယွင်မြောင်ချင်းဆီက သိခဲ့သော နည်းလမ်းအတိုင်း ကမ္ဘာ့မီးတောက်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်ရင်း ပါဝင်ပစ္စည်းတွေကို သိပ်သည်းစေလိုက်သည်။
ရွှေအဆီအနှစ်နဲ့ကျောက်စိမ်းအဆီအနှစ်တို့ အရည်ပျော်ကျသွားပြီး.. ပြဒါးရိုင်းကဓားချီနဲ့ ပေါင်းစပ်သွားသည်။
မကြာခင်မှာပဲ လုယန်၏ အမြင်အာရုံထဲကို ခပ်လုံးလုံးအရာတစ်ခု ပေါ်လာသည်.. လုယန် ပျော်ဖို့တောင် အချိန်မရလိုက်ပေ၊ ထိုအလုံးက တုန်ယင်လာလေကာ
“ဝုန်း”
ထိုအလုံးက ပေါက်ကွဲသွားလေရဲ့။
ပထမတစ်ကြိမ်ကတော့ ကျရှုံးလေပြီ။ အင်္ကျီလက်စမှာ လာစင်သော အညစ်အကြေးတွေကို လုယန်တည်ငြိမ်စွာ ခါထုတ်ရင်း ဒီတစ်ခေါက်ကျရှုံးရသော အမှားအယွင်းကို စဥ်းစားလိုက်သည်။
“ငါ့ရဲ့အဆင့်တွေက မှန်ပါတယ်”
“နောက်ဆုံးအဆင့်မှာ ပြဿနာတက်တာဖြစ်ရမယ်”
ယွင်မြောင်ချင်း၏ မှတ်ဉာဏ်ကို ပြန်စဥ်းစားပြီးနောက် လုယန်အနည်းငယ် နားလည်သွားသည်။
“ဓားဆေးလုံးဖန်တီးချင်ရင် လူတစ်ယောက်ရဲ့ ဓားနဲ့နှလုံးသားက တသားတည်း ဖြစ်ဖို့လိုတယ်။ ငါက နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ကျင့်ကြံတာ မကြာသေးတော့.. ဓားနဲ့ပတ်သတ်ပြီး နားလည်နိုင်စွမ်းမမြင့်သေးဘူး”
ဒါက စစ်မှန်ဂိုဏ်း၏ သိုင်းကျင့်စဥ်တစ်ခု ဖြစ်သည့်အလျောက် သူတို့ပုံစံအတိုင်း အချိန်ပေးပြီးတိုးတက်အောင် လုပ်ဖို့ လိုသည်။ စစ်မှန်ဂိုဏ်းတွေက နတ်ဆိုးဂိုဏ်းတွေလိုမျိုး ကောင်းကင်ကိုဆန့်ကျင့်သည့် ခပ်မြန်မြန် နည်းလမ်းတွေကို အသုံးပြုတာ ရှား၏။ သို့ပေမဲ့ နတ်ဆိုးဂိုဏ်းက ဒါတွေကို ဂရုမစိုက်ပါချေ။
“ဓားနဲ့နှလုံးသားနဲ့ တစ်သားတည်း ဖြစ်ဖို့ဆိုရင် ကောင်းကင်သွေးနတ်ဆိုးအလင်းကို ကျင့်ကြံလိုက်ရင် ရမလားမသိဘူး”
“ဒါပေါ့၊ ရတဲ့အပြင် ပိုတောင်ကောင်းရင် ကောင်းနေမှာ”
ကောင်းကင်သွေးနတ်ဆိုးအလင်းက ကိုယ်အသုံးပြုမည့် ရတနာအပေါ်မှာ စတေးလိုက်ရပြီး ခန္ဓာကိုယ်နှင့်ရတနာကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ရသည့်အတွက် သူတို့ပြောသည့် နှလုံးသားနဲ့ဓားကိုပေါင်းစည်းခြင်းထက် အဆပေါင်းများစွာ ကောင်းမွန်ပါ၏။
“ဒါပေမဲ့ ငါကုသဆေးတော့ သုံးလို့မရဘူးထင်တယ်”
ဓားဆေးလုံးဖော်ခြင်းက အထိမခံနိုင်သော ကိစ္စတစ်ခုပင်.. အကယ်၍ သွေးစတေးမှု ပြုလုပ်နေချိန်မှာ အနာသက်သာစေရန်အတွက် ကုသဆေးလုံး ထုတ်သုံးလိုက်ပါက အကျိုးသက်ရောက်မှု ရှိသွားနိုင်သည်။
ထို့ကြောင့် ဖြစ်စဥ်တစ်ခုလုံးမှာ လုယန် သတိရှိနေဖို့ လိုအပ်ပါ၏။
“နတ်ဆိုးဂိုဏ်းသားဆိုမှတော့ ကိုယ့်ကိုယ်လည်း ရက်စက်ရမှာပေါ့”
လုယန်၏ မျက်လုံးထဲ အအေးဓာတ်တစ်ချို့ ဖြတ်ပြေးသွားကာ မီးဖိုရှေ့မှာ ကြာပန်းပုံထိုင်လိုက်ပြီး ပါးစပ်ထဲ တစ်ခါထည်း အဝတ်စို့ထားလိုက်သည်။ ပါဝင်ပစ္စည်းတွေ ပေါင်းစည်းခါနီး ဖြစ်နေချိန်မှာ ထက်ရှသော ဓားချီကို သူ့ဆီကိုလာဖို့ ဖိတ်ခေါ်လိုက်တော့၏။
…..
Ch 20
(ရှောင်ရှစ်ယီ)
ထိုသို့ဖြင့် သုံးလလောက်ကြာပြီးနောက်မှာ ကမ္ဘာ့မီးတောက်မီးဖို အခန်းထဲမှ လုယန် တုန်ချိစွာ မတ်တပ်ရပ်လိုက်သည်။
သူ့ပုံစံက မတ်တပ်ရပ်နေသည် ဆိုတာထက် လေပေါ်မှာ ဝဲပျံနေတယ်လို့ ပြောရင် ပိုမှန်ပါသည်။ အခုချိန်မှာ သူ့ခန္ဓာကိုယ်မှာ အသားဆိုတာ မရှိသလောက်ပဲ။ ခန္ဓာကိုယ်က သွေးချင်းချင်းရဲနေကာ လူရုပ်တောင် မထွက်တော့ပေ။
“ငါအောင်မြင်ပြီ”
မျက်နှာမမြင်ရတော့သော ထိုသွေးကိုယ်လုံးကြီးဆီကနေ အက်ကွဲကွဲ အသံကြီး ပဲ့တင်ထွက်လာလေ၏။
“ ၈၁ ရက်.. ဟားဟား ငါနောက်ဆုံးတော့ ၈၁ ရက်လုံး တောင့်ခံနိုင်ခဲ့ပြီ”
နောက်တစ်စက္ကန့်မှာ မြေပြင်ပေါ် ကျနေသော အသားစတွေက ရုတ်ချည်းဝဲပျံလာခဲ့ပြီး သွေးကိုယ်လုံးကြီးမှာ ပြန်ပူးကပ်သွားသည်။ အခွာခံထားရသော အရေပြားက သွေးတွေမှတစ်ဆင့် ပြန်ရုပ်လုံးပေါ်လာပြီး နဂိုအသားအရေ ပြန်ဖြစ်လာကာ.. လုယန်တစ်ယောက် အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
လုယန်၏ပုံစံက သာမာန်သူတစ်ယောက်နှင့် လုံးဝ မကွာခြားတော့ပေ။ သို့ပေမဲ့ ပိုအားကောင်းလာသော ချီစွမ်းအင်ကြောင့် အခုဆိုရင် ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကိုပါ ရောက်လာခဲ့ပြီဖြစ်သည်။
ကောင်းကင်သွေးနတ်ဆိုးအလင်းကို ဖန်တီးရသော နာကျင်မှုက အလွန်ပြင်းထန်လွန်း၍ သူ၏ ချီစွမ်းအင်နှင့် စိတ်ဝိညာဥ်ပါ ပြောင်းလဲမှုကြုံတွေ့လိုက်ရကာ၊ မထင်ထားသော အတားအဆီးကို ကျော်ဖြတ်နိုင်သွားဟန်ရှိသည်။
ထိုအရာကလည်း သူ ကောင်းကင်သွေးနတ်ဆိုးအလင်းကို အောင်မြင်အောင် မကျင့်ကြံနိုင်ခင်မှာဖြစ်သည်။ ကျင့်ကြံပြီးမှသာ အဆင့်တက်နိုင်မယ်ဆိုလျှင် အခုလို ပြီးပြည့်စုံစွာ အဆင့်တက်နိုင်ခဲ့မှာ မဟုတ်ဘူး။
“ဒါပေမဲ့ ဒီလောက်ဆို လုံလောက်ပြီ”
လုယန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သက်တမ်းတစ်ရာစာအုပ်ကို ရလာပြီးကတည်းက သူ၏ အရာအားလုံးကို တစ်ဘဝထဲမှာ မြုပ်နှံဖို့ ဘယ်တုန်းကမှ မစဥ်းစားထားပဲ နောက်ဘဝအထိ အသုံးပြုနိုင်ဖို့ပဲ ကြိုးစားတော့တာပင်။
“ဒါဆို အစွမ်းကို စစ်ကြည့်ရအောင်”
လုယန် အတွေးရသွားနဲ့ မျက်ခုံးစပ်ကနေ ဓားဆေးလုံးကို ဖော်ထုတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြေးနီရောင်အလင်းအဖြစ် ပြောင်းလဲစေကာ ဓားဆေးလုံးနဲ့ ပေါင်းစည်းလိုက်သည်။
ဝုန်း
ရတနာတစ်သောင်းတောင်ထွတ်တစ်ခုလုံး အကြမ်းပတမ်း တုန်ယင်သွားလေကာ.. နဂိုက ရှုတ်ထွေးသွားလာနေသော တပည့်တွေအားလုံး မြေပြင်ပေါ် ပြုတ်ကျကုန်တော့၏။
“ဘာဖြစ်နေတာလဲ”
“ကမ္ဘာ့နဂါးလှုပ်ရှားတာလား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့အမတသခင်ကြီးတွေ ဖိနှိပ်ထားတာကို ကမ္ဘာ့နဂါးက မလှုပ်ရှားနိုင်ဘူး”
တပည့်တွေ အချင်းချင်း ရှုတ်ထွေးစွာ ကြည့်လိုက်ကြသည်။ ထိုအထဲမှ အနည်းငယ် ကျင့်ကြံဆင့်မြင့်သော တပည့်တစ်ယောက်က ရုတ်ချည်းတစ်နေရာကို အကြည့်ပို့လိုက်ကာ အနည်းငယ် အံ့သြသွားသော အမူအရာဖြင့်..
“ကြည့်လိုက်”
“ဒါက…”
အကုန်လုံး လှည့်ကြည့်လိုက်ချိန်မှာ မီးဖိုထားသိုသည့်အခန်းအတွင်းကနေ သက်တံ့ရောင်အလင်းတန်းတစ်ခု အချိန်တစ်ခုကြာတိုင်း ထွက်ပေါ်နေပြီး ကောင်းကင်ပေါ်က တိမ်ပင်လယ်ကို ထိုးဖောက်နေလေ၏။
ဘုန်း ဘုန်း
ကောင်းကင်ဘုံကနေ နာကျင်သော ညည်းသံတစ်ချို့ ဟိန်းထွက်လာကာ.. ဆေးဖော်ခန်းတစ်ခုလုံးကို အနီရောင်အလင်းကြီး လွှမ်းခြုံသွားသည်။ ကောင်းကင်နှင့်မြေကြီးကြားက သဘာဝချီစွမ်းအင်တွေ ရုတ်ချည်း လှိုင်းထန်လာသောကြောင့် တပည့်အများစု အသက်မရှုနိုင်တော့ဘဲ မွန်းကျပ်လာကြ၏။
“ဒီလောက်ပြင်းတဲ့အစွမ်းက ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ် များလား”
ထိုအချိန်မှာ အနည်းငယ် မနာလိုနေသော အသံတွေပါ ထွက်လာတော့သည်။
“ဒါ တစ်ယောက်ယောက် ချီအစေ့ကို စုဝေးနေတာပဲ။ ဒီလူ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်ဖို့ တစ်ဆင့်ပဲလိုတော့တယ်။ ဒါဆိုမကြာခင်မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်နိုင်လိမ့်မယ်”
“ဘယ် ဂိုဏ်းတူအကိုများ အဆင့်တက်တာလဲမသိဘူး”
“ ငါအရင်ကလည်း ဂိုဏ်းတူအကိုတွေ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို အဆင့်တက်တာ မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက် မပြင်းထန်ဘူး။ ပြီး အဲ့ဒီသက်တံ့အလင်းကို ကြည့်လိုက်.. ဒါက ရတနာတစ်ခုခုဆီက ထွက်နေတဲ့ပုံနဲ့တူတယ်”
ထိုအချိန်မှာ တိမ်ပင်လယ်အထက်၌ လုယန်က သွေးအရိပ်အသွင်ပြောင်ပြီး ဓားအလင်းနဲ့ ပေါင်းစည်းလိုက်သည်။ ထို့နောက်သူ၏ စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျပ် လိုက်တာနှင့် ဆယ်လီ အကွာအဝေးတွင်းက အရာအားလုံးကို လက်ဖဝါးပေါ်က အရာတွေလိုမျိုး ရှင်းလင်းစွာမြင်လိုက်ရ၏။
“ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်မှာ ချီစွမ်းအင်က ဒျန်ထျန်အတွင်းပိုင်းထဲ ဖောက်ဝင်လိုက်ပြီး ချီအစေ့ကို ဖြစ်ပေါ်စေရင်း စိတ်ဝိညာဥ်ကို ပြောင်းလဲပေးတယ်။ ငါ့မှာသာ ခန္ဓာကိုယ်ရှိသေးရင် ဒီပြောင်းလဲမှုကြောင့် ငါ့ခန္ဓာကိုယ်က ဓားတွေလှံတွေကို ခုခံနိုင်စွမ်း ရှိသွားလိမ့်မယ်။ ဒါပေမဲ့ ကံဆိုးတာက အခုငါ့မှာ စိတ်ဝိညာဥ်အာရုံခံနိုင်စွမ်းပဲ ရှိတော့တယ်..”
လုယန် တွက်ချက်နေချိန်မှာ ရုတ်ချည်း မျက်ခုံးတစ်ဖက်ပင့်သွားကာ မေးခွန်းထုတ်လိုက်သည်။
“ဘယ်သူလဲ”
အသံမဆုံးခင်မှာပဲ အရင်လှုပ်ရှားသွားသော လုယန်၏ သွေးနီရောင်ဓားအလင်းကြောင့် တိမ်ပင်လယ်က ရှင်းလင်းသွားပြီး ငယ်ရွယ်သော လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။
“ဂိုဏ်းတူအကို မတိုက်ခိုက်ပါနဲ့ ကျေးဇူးပြုပြီး..”
ထိုကောင်လေး ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း လုယန် အဖက်မလုပ်စွာ ဓားကိုအမိန့်ပေးနေဆဲပင်။ ထိုမြင်ကွင်းကြောင့် ထိုကောင်လေးက ကြောက်ရွံ့စွာ အလံသေးသေးလေးတစ်ခုကို လေထဲလွှင့်ပစ်လိုက်၏။
ထိုအလံက စက္ကန့်ပိုင်းအတွင်း အလံပုံစံ ဝင်ပေါက်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ လူတစ်ယောက်က အနောက်မှာ ပုန်းနေခဲ့သည်။ လုယန်၏ဓားအလင်း အရှေ့ကိုရောက်လာတာနှင့် ထိုသူက ရုတ်ချည်းထွက်ပေါ်လာပြီး ဓားအလင်းကို အထဲထည့်လိုက်သည်။ ပြီးသည်နှင့် ဝင်ပေါက်က တဖြည်းဖြည်း သေးငယ်သွားကာ အလံငယ်လေးအဖြစ် လူငယ်ဆီ ပြန်ရောက်သွားသည်။
လုယန်တစ်ယောက် သူပစ်လိုက်သော ဓားအလင်းက ဘယ်နေရာမှာမှန်းမသိ ပိတ်မိသွားပြီး ထိုကောင်လေး အောင်မြင်စွာ ရှောင်လိုက်နိုင်သောကြောင့် မျက်ခုံးတစ်ဖက် ပင့်သွားလေ၏။
“စိတ်ဝင်စားစရာပဲ”
လုယန် ပြုံးလိုက်ပြီး မျက်ခုံးစပ်က ဓားဆေးလုံး သင်္ကေတကို ကြမ်းတမ်းစွာ လှုပ်ရှားစေလိုက်သည်။ ကောင်းကင်ကြီးတစ်ခုလို တုန်ယင်လာကာ ရုတ်ချည်းပဲ ဒေါင်းအမြှီးဖြန့်ချလိုက်သည့်နှယ် လုယန်၏ ပတ်ပတ်လည်မှာ ဓားအလင်းတွေ တစ်ရာလောက်နီးနီး ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် မျက်နှာချင်းဆိုင်က ကောင်လေး ရုတ်ချည်းမျက်နှာပျက်သွားပြီး အလံငယ်ကို အလျင်စလို ထုတ်ယူကာ ကာကွယ်ဖို့ ကြိုးစားလိုက်သည်။ တစ်ချိန်ထဲမှာ ကျယ်လောင်စွာ အော်ဟစ်လေတော့၏။
“ ဂိုဏ်းတူအကို ကျွန်တော်က ရှောင်ရှစ်ယီပါ.. ကျွန်တော်က ဒီကိုမိတ်ဆွေဖွဲ့ဖို့ ရောက်လာရုံလေးတင်ပါ၊ ကျေးဇူးပြုပြီး သက်ညှာပေးပါ”
“ ရှောင်ရှစ်ယီ ဟုတ်လား”
လုယန် အံ့သြသွားသည်။
တစ်ချိန်ထဲမှာ အပြီအပြင် ဖြဲတော့မည့် လုယန်၏ ဓားအလင်းတစ်ရာက ချွေးအေးတွေပြန်နေသော မျက်နှာအရှေ့မှာ ရုတ်ချည်းရပ်တန့်သွားလေရဲ့။
ရှောင်ရှစ်ယီဆိုတာ ဟိုအကြံအဖန်ကောင်လား။
နောက်စက္ကန့်မှာ လုယန် သူ့၏ ဓားအလင်းတွေအားလုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး ရှောင်ရှစ်ယီအရှေ့ကို သွားလိုက်ကာ ကျယ်လောင်စွာ ရယ်မောပါတော့၏။
“ဂိုဏ်းတူညီလေး စိတ်ထဲမထားပါနဲ့၊ အကိုက ဒီတိုင်းဆော့နေတာ”
ရှောင်ရှစ်ယီ တုန်ယင်စွာပဲ နဖူးပြင်က ချွေးစေးတွေကို သုတ်လိုက်သည်။ လုယန်အစောပိုင်းက သူ့ကိုအသေသတ်ဖို့ ကြိုးစားခဲ့မှန်း သိနေပါသော်လည်း မျက်နှာထက်မှာ ရွှင်ပျသော အပြုံးတစ်ခု ဖန်တီးရင်း စိတ်အားထက်သန်စွာ ပြောလိုက်တော့၏။
“ဂိုဏ်းတူအကိုရဲ့ စွမ်းရည်က အားကြီးလွန်းပြီး အဆုံးအစမရှိလို့ ဒီညီလေးက လေးစားရပါတယ်။ ကျေးဇူးပြုပြီး ဒီလက်ဆောင်လေးကို လက်ခံပေးပါ”
ရှောင်ရှစ်ယီက လက်ထဲက အလံငယ်ကို ရိုသေစွာ ပေးလိုက်သည်။
“အကိုဘယ်လိုလုပ် ယူရမှာလဲ..”
လုယန် ခေါင်းယမ်းပြရင်း လက်တစ်ဖက်က အလံငယ်ကို လှမ်းယူလိုက်ပါ၏။ ထို့နောက်မှာ အစိမ်းရောင်ချည်ဖြင့် ထိုးထားသော လွတ်မြောက်လမ်းဆိုသော အလံပေါ်က စာလုံးကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
“ဒီရတနာကို လွတ်မြောက်လမ်းအလံလို့ ခေါ်တယ်”
ရှောင်ရှစ်ယီက တက်ကြွစွာ ရှင်းပြလာသည်။
“ကျွန်တော် ဒီဂိုဏ်းကို မလာခင်က ရှေးဟောင်းဆိုင်တစ်ခုကနေ ဝယ်ခဲ့တာပဲ။ အရင်တုန်းက သတိမထားမိပေမဲ့ ဂိုဏ်းထဲ ရောက်လာတော့မှ ဒီရတနာရဲ့ အရည်အချင်းတွေကို သိသွားတော့တယ်”
“ဒီအလံက အသက်သွင်းလိုက်တာနဲ့ သေခြင်း ရှင်ခြင်း ဝင်ပေါက်နှစ်ခု ထွက်ပေါ်စေတယ်”
“တူညီတဲ့ ကျင့်ကြံမှုနယ်ပယ်မှာ လူတစ်ယောက်က သေခြင်းဝင်ပေါက်ထဲ ဝင်သွားပြီး တစ်ဖက်က ရှင်ခြင်းဝင်ပေါက်ကနေ ပြန်ထွက်လာနိုင်သရွေ့ အဲ့ဒီလူက အမြဲတမ်း အသက်ရှင်မဲ့နည်းလမ်းကို ရှာတွေ့နိုင်ပြီး ဘယ်လို အန္တရာယ်ကမှ သူ့ကို မထိခိုက်နိုင်တော့ဘူး”
ထိုစကားကြောင့် လုယန် မနေနိုင်စွာ မျက်နှာကြီးရှုံ့မဲ့သွားသည်။
ဒီလို အန္တရာယ်များသည့် ရတနာကို ရှောင်ရှစ်ယီက ဂိုဏ်းကိုမလာခင် ရှေးဟောင်းဆိုင်တစ်ခုကနေ အမှတ်မထင် ဝယ်ယူခဲ့မိသည်တဲ့လား။
လုယန် ချက်ချင်းပဲ စိတ်ဝိညာဥ်အာရုံကို ပိုအားထည့်လိုက်တော့သည်။
ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်မှာ ရထားသော စိတ်ဝိညာဥ်အာရုံခံမှုတွေထဲက ချီဖောက်ထွင်းခြင်းအာရုံခံမှုကို အသုံးပြုပြီး လုယန် သေချာစွာ စိုက်ကြည့်လိုက်တော့၏။
သူ မကြည့်လိုက်ရင်တောင်မှ ပိုကောင်းအုံးမည်.. လုယန်တစ်ယောက် မျက်ဆံတွေ အပြင်ထွက်တော့မတတ် ပြူးကျယ်လာလေရဲ့။
ရှောင်ရှစ်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး.. အင်္ကျီ၊ အပေါ်ခြုံထည်၊ ခါးပတ်၊ ဦးထုပ်နှင့် ဖိနပ်ပါမကျန် အကုန်လုံးကနေ အဖိုးတန်လွန်းသော အလင်းတွေ ဖြာထွက်နေပြီး သူ၏မျက်ခုံးစပ်က ဓားဆေးလုံးထက် နည်းနည်းမှ အားနည်းမည့်ပုံ မရှိချေ။
လုယန် အရမ်းကို မမျှမတ ခံစားလိုက်ရပါတော့သည်။
သူ.သုံးလလောက် အသားတွေခွာပြီး ပေးဆပ်ဖန်တီးထားရသော လက်နက်က ရှောင်ရှစ်ယီအရှေ့မှာ အရမ်းကိုဈေးပေါနေတာက သူ့ကို မနေနိုင်အောင် မနာလိုစေသည်။
ထိုအချိန်မှာ သူ အတွေးတစ်ခုပဲ ရှိသည်။
..ဒီမအေပေးက စောက်ရမ်းကံကောင်းတာပဲ..
လုယန်သည် အစက ရှောင်ရှစ်ယီ၏ အရောင်စုံ လာဘ်ငါးကို ရရှိခြင်းမှာ နောက်ကွယ်က လှည့်စားထားခြင်းပဲဟု ထင်ခဲ့သော်လည်း အခုတော့ ရှောင်ရှစ်ယီက တကယ်ကံကောင်းလွန်းတာလားဟု သံသယ ဝင်လာပါတော့သည်။
ထိုသို့ဖြင့် လုယန်၏ မျက်နှာထားလည်း တဖြည်းဖြည်း ထူးဆန်းသွားသည်။
ရှောင်ရှစ်ယီက ဒီလောက်ကံကောင်းတာ.. ထိုကောင်လေးအနောက် လိုက်မယ်ဆိုရင် သူလည်းပဲ အခွင့်အရေးကောင်းတွေ ရမလာနိုင်ဘူးလား။ ပြီးတော့ ထိုကောင်လေး၏ ကျင့်ကြံဆင့်က အရမ်းမမြင့်သေးတဲ့အတွက် သူ ဘေးကနေ လုယူဖို့ လွယ်ကူလိမ့်မည်..
ဒီရှောင်ရှစ်ယီက ပါရမီရှင်ပဲ။