အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
Ch 21
(မမြင်ရသော ကပ်ဘေး)
“ဂိုဏ်းတူညီလေးရှောင်က တကယ် အရည်အချင်းရှိတာပဲ”
လုယန် ရယ်မောရင်း ရှောင်ရှစ်ယီ၏ ပုခုံးကို ပုတ်လိုက်သည်။
“ငါကလုယန်ပဲ၊ မင်းနဲ့အတူတူဝင်လာတဲ့ အသုတ်ထဲကပဲဆိုတော့ ငါ့ကို ဂိုဏ်းတူအကိုလို့ မခေါ်လဲရတယ်”
“အတူတူပဲလား”
ရှောင်ရှစ်ယီက အနည်းငယ် အံ့သြသွားဟန်ရှိပြီး ချက်ချင်းပင် လေးစားသော မျက်နှာအဖြစ် ပြောင်းသွားကာ
“ဂိုဏ်းတူအကိုက အရမ်းတော်တာပဲ၊ ကျင့်ကြံဆင့် ဒီလောက်တောင်ရောက်နေပြီ”
“ဟဟ၊ အဲ့လောက်ကြီးမဟုတ်ပါဘူး”
လုယန် ကိုယ့်ကိုယ်ကို နားလည်စွာ လက်တစ်ဖက် ယမ်းပြလိုက်သည်။ တကယ်တော့ သူ၏ကျင့်ကြံနိုင်စွမ်းက မကောင်းမွန်ပါချေ။ များသောအားဖြင့် ဆေးလုံးစားမှ အဆင့်တက်နိုင်တာဖြစ်ပြီး နယ်ပယ်ကြားက အတားအဆီးကို ကျော်ဖြတ်နိုင်ခြင်းက နတ်ဆိုးသိုင်းကို ကျင့်ကြံရင်းမှ ကံကောင်းပြီး အောင်မြင်သွားချင်သာ။
ပုံမှန်အတိုင်းပဲ ကျင့်ကြံနေလို့ကတော့ ချီသန့်စင်ခြင်းအဆင့်သုံးကနေ တက်မှာကို မဟုတ်ပေ။
ရှောင်ရှစ်ယီကလည်း သူတို့တွေ ဂိုဏ်းထဲအတူတူ ရောက်လာမှန်း သိသွားပြီးကတည်းက အရမ်းယဥ်ကျေးမနေပဲ စကားကို ပေါ့ပေါ့ပါးပါး ပြောလာသည်။
ခဏအကြာမှာ လုယန် မေးလိုက်၏။
“ ငါက မထင်မှတ်ပဲ အဆင့်တက်နိုင်သွားတော့ ဂူကိုပြန်ပြီး ကျင့်ကြံမလို့ လုပ်နေတာရယ်၊ ညီလေးရှောင်ကကော ဘယ်သွားမလို့လဲ”
“အမှန်တိုင်းပြောရရင် ကျွန်တော်က လာဘ်ရေကန်ကိုသွားပြီး ကံစမ်းမလို့ စီစဥ်နေတာ”
ရှောင်ရှစ်ယီက အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။
“ သူများတွေပြောနေတာ လာဘ်ရေကန်က ကံကိုစမ်းသပ်တာတဲ့၊ ကျွန်တော် ဒီရက်ပိုင်း ကံဇာတာတက်နေတော့ သွားစမ်းကြည့်မလားလို့လေ”
“လာဘ်ရေကန်ကိုလား”
လုယန် ရုတ်ချည်း နှလုံးတစ်ချက် ဆောင့်ခုန်သွားလေရဲ့။
“ဒါဆို ငါတို့အတူသွားမယ်လေ”
ရှောင်ရှစ်ယီ အရင်ဘဝက ရွေးခဲ့သော နံပါတ်ကို လုယန် စမ်းကြည့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး၊ ရှောင်ရှစ်ယီ ဘာဆက်လုပ်မလဲ သူ သိချင်သည်.. တကယ်ပဲ အတွင်းပိုင်းအကူအညီတွေ မရှိဘဲ ကံကောင်းလွန်း၍ ရခဲ့သည်လား သိဖို့လိုနေပြီပင်။
ထိုအချိန်တွင် ရတနာတစ်သောင်းတောင်ထွတ် အပြင်ဘက်က ကောင်းကင်ယံတိမ်ပင်လယ်မှာ လူဆယ်ယောက်ကျော် ပေါ်လာခဲ့ပြီး ဦးဆောင်နေသူမှာ လရောင်ဖြူဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ မြူခိုးငွေ့တစ်ချို့၏ ဝန်းရံထားခံရမှုကြောင့် ထိုလူငယ်၏ ပုံစံက ကျက်သရေရှိကာ လူရည်မွန်တစ်ယောက်နှင့် ဆင်တူသည်။
ထိုအချိန်မှာပဲ လူအုပ်ထဲကတစ်ယောက်က ပျော်ရွှင်သော မျက်နှာဖြင့် မေးခွန်းထုတ်လာ၏။
“ဂိုဏ်းတူအကိုလျို၊ ရှောင်မျိုးရိုး အပြင် ထွက်လာပြီလား”
ထိုအသံဆုံးသည်နှင့် တရားထိုင်နေသော လူငယ်က ရပ်တန့်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လာသည်။ ချက်ချင်းပဲ အနားကမြူခိုးတွေ လွင့်ပျယ်သွားလေပြီး.. လုယန် တစ်သက်လုံး မေ့မရသော မျက်နှာတစ်ခု ထွက်ပေါ်လာ၏။
လျိုရှင်း…
သူကလည်း ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို ရောက်နေခဲ့ပြီ.. ထို့အပြင် အတွင်းတာအိုစာအုပ်ကို ကျင့်ကြံနေသောကြောင့် သူ၏ အရောင်အဝါက သာမာန်ကျင့်ကြံသူတွေထက် နက်နဲသိမ်မွေ့ပုံ ပေါက်နေ၏။
“နောက်ဆုံးတော့ ထွက်လာပြီပဲ” လျိုရှင်း ပြုံးသွားသည်။ သူ၏ပုံစံက နတ်ဆိုးဂိုဏ်းသားတစ်ယောက်၏ ကြမ်းကြုတ်မှုတွေ ပျောက်ကွယ်သွားပြီး ချဥ်းကပ်ရလွယ်ကူသော နွေးထွေးသည့် ခံစားချက်များ ပေးစွမ်းနေသည်။
သို့သော် လျိုရှင်း ချီစွမ်းအင်အသက်သွင်းကာ အထဲကအခြေအနေကို ကြည့်လိုက်သည်နှင့် သူ၏အပြုံးက ရုတ်ချည်း အေးခဲသွားလေ၏။
“...ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်လား”
လျိုရှင်းအနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ရှိသော တစ်ယောက်ယောက်က ရှောင်ရှစ်ယီနှင့် အတူရှိနေလိမ့်မည်လို့ သူ မတွေးထားဖူးပေ။ ဒါဆိုလျှင် သူ၏ အကြံအစည်ကို ပြောင်းရတော့မှာပဲ။
ထိုအချိန်မှာပဲ အနည်းငယ်အံ့သြသွားသော ရေရွတ်သံကို လျိုရှင်း အနောက်မှ ရုတ်တရက် ကြားလိုက်ရသည်။ သူချက်ချင်းပဲ လှည့်ကြည့်လိုက်ကာ..
“ချန်ချင်း.. မင်း အဲ့ဒီချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ် ကျင့်ကြံသူကို သိလို့လား”
လျိုရှင်း၏ အနောက်က ဆွဲဆောင်မှုရှိသော မိန်းကလေး၏ နှုတ်ခမ်းတွေ တင်းကျပ်သွားပြီး
“ကျွန်မတကယ်ပဲ သိတယ်”
ထို့နောက် သူမက အလွန်မုန်းတီးသော အသံဖြင့် ဆက်ရှင်းပြလာသည်။
“အဲ့ဒီကောင်ရဲ့နာမည်က လုယန်ပဲ၊ ဒီကိုရောက်တာ လပိုင်းပဲရှိအုံးမယ်။ ယင်အရိုးစုကိစ္စမှာ သူကရောင်းတာစောသွားတော့ အမှတ်တွေ အများကြီးရသွားခဲ့တယ်.. အနည်းဆုံး သောင်းဂဏန်းပဲ။ အဲ့ဒါကြောင့် ချီသန့်စင်ခြင်းနှောင်းပိုင်းကို ရောက်လာတာဖြစ်မယ်”
ထိုဆွဲဆောင်မှုရှိသော မိန်းမလှလေးက အရင်ဘဝတွင် ကျောက်ရှဟယ်အနောက်ကို လိုက်ခဲ့သော ချန်ချင်း မှအပ မဖြစ်နိုင်ပါချေ။
သို့ပေမဲ့ ဒီဘဝမှာ သူမကမွဲသွားသော ကျောက်ရှဟယ်နှင့် စောစောစီးစီး လမ်းခွဲခဲ့ပြီး လျိုရှင်း၏ချစ်သူ ဖြစ်လာခဲ့သည်။
ကျောက်ရှဟယ်လို ငမွဲတစ်ကောင်ကို သူမက ဆက်တွဲစရာအကြောင်းမရှိဘူးလေ။
သို့သော် ယင်အရိုးစုကိစ္စက လျိုရှင်းကိုလည်း ထိခိုက်စေခဲ့သည်ပင်။
သူလဲ အများကြီးဆုံးရှုံးခဲ့ရသည့်အတွက် အကြွေးတွေတင်ခဲ့သည်.. ထို့ကြောင့်ပဲ ချန်ချင်းနှင့် ဆုံမိပြီး ယင်အရိုးစုမှာ ဆုံးရှုံးခဲ့ရသမျှ အမှတ်တွေကို သူများတွေဆီက လိုက်လုဖို့ရန် ပူးပေါင်းလိုက်ကြတော့သည်။
ထိုသို့ဖြင့် လူတစ်ချို့လည်း ပါဝင်လာကြသည်။ သူတို့အားလုံးက နောက်ခံအနည်းငယ်ရှိသော တပည့်များပင်။
သူတို့တွေက ယင်အရိုးစုဈေးကွက်ကနေ အချိန်မှီထွက်နိုင်ခဲ့ပြီး အမှတ်တစ်ချို့ပိုင်ဆိုင်ထားသော သာမာန်တပည့်တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။ ရှောင်ရှစ်ယီက သူတို့၏ နောက်ဆုံးပစ်မှတ်ပဲ။
အခုတော့ ချန်ချင်း၏ စကားကြောင့် လျိုရှင်းတစ်ယောက် မျက်လုံးတွေ တောက်ပသွားကာ လုယန်ကိုလည်း ပစ်မှတ်ထားလိုက်ပါတော့၏။
“အချိန်မရှိဘူး၊ သွားမယ်”
လျိုရှင်း၏ အမိန့်ကိုကြားသည်နှင့် အကုန်လုံး ခပ်ညစ်ညစ် ရယ်မောလိုက်ကြသည်။ ထို့နောက် လွတ်မြောက်အလင်းဖြင့် လုယန်နဲ့ ရှောင်ရှစ်ယီ ရှိရာကို ပျံသန်းသွားလိုက်ကြတော့၏။
သူတို့တွေ ရတနာတစ်သောင်းတောင်ထွတ်ထဲ ဝင်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ လုယန် တစ်ယောက် မျက်ခုံးစပ်က အချက်ပြလာသော အာရုံခံမှုကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
အာရုံခံမှု၏ လားရာကိုလှည့်ကြည့်လိုက်ချိန်မှာ လုယန် ပိုဆိုးသွားလေရဲ့။
ပတ်ပတ်လည်ကနေ ဝန်းရံထားသော လွတ်မြောက်အလင်းများက သူနဲ့ ရှောင်ရှစ်ယီကို ပိုက်ကွန်ချသလိုမျိုး ပိတ်လှောင်ထားတာပင်။
သိပ်မကြာခင်မှာပဲ အသံတစ်ခုကို ကြားလိုက်ရသည်။
“မိတ်ဆွေတို့ တွေ့ရတာဝမ်းသာပါတယ်”
လုယန် မျက်နှာကြီးမည်းမှောင်သွားသည်။
အသံကိုနားထောင်ရသလောက် ဘယ်လိုမှ ကောင်းမွန်သောတွေ့ဆုံခြင်း မဖြစ်နိုင်ပါချေ။
လုယန် ထိုအသံကိုလျစ်လျူရှုလိုက်ပြီး ချီစွမ်းအင်ကို အစွမ်းကုန်ထုတ်သုံးကာ သူနဲ့ရှောင်ရှစ်ယီအပေါ်ကို ဓားအလင်းဖြင့် ကာထားလိုက်သည်။ ထို့နောက် လာဘ်ရေကန်ရှိရာကို သုတ်ခြေတင်ပါတော့၏။
သို့ပေမဲ့ ရန်သူကလည်း ကောင်းစွာပြင်ဆင်ထားသည်။ လုယန် ပြေးတာဘယ်လောက်မှ မကြာသေးဘူး.. အတင်းအကျပ်တားမြစ်ခံလိုက်ရ၏။ လုယန် စစ်ဆေးလိုက်ချိန်မှာ ကျယ်ပြောသော တိမ်ပင်လယ်က အခုတော့ ပုံရိပ်ယောင် တံလျှပ်အလင်းတစ်ခုအဖြစ် ပြောင်းနေပြီး သူနဲ့ရှောင်ရှစ်ယီကို အလယ်မှာ ပိတ်ထားတာကို သတိထားမိလိုက်သည်။
“မထင်ထားတဲ့ ကပ်ဘေးကြီးပဲ”
လုယန် မည်းမှောင်နေတဲ့မျက်နှာနဲ့ အဝေးက ရန်သူတွေကို ချီစွမ်းအင်ဖြင့် အာရုံခံလိုက်တော့သည်။
“ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ် တစ်ယောက်နဲ့ အလယ်နယ်ပယ် ခုနှစ်ယောက်ပဲ။ ရှယ်တိုက်ရင်တောင် အသက်ရှင်မဲ့နှုန်းက သုံးဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်”
“ငါဘာလုပ်ရမလဲ”
လုယန် အသည်းအသန် စဥ်းစားနေချိန်မှာ ရှောင်ရှစ်ယီက ရုတ်တရက် ပြောလာသည်။
“အကိုလု၊ အဲ့ဒီလူတွေက ကျွန်တော့်နောက် လိုက်လာတာထင်တယ်”
ရှောင်ရှစ်ယီက အနည်းငယ် ဝမ်းနည်းစွာ ဆက်ပြောသည်။
“ကျွန်တော်မှားတာပါ၊ သူတို့တွေက ကျွန်တော့်ရဲ့ရတနာတွေနဲ့ အကဲဖြတ်အမှတ်တွေ လိုချင်လို့ လိုက်လာကြတာ၊ သုံးလလောက်ကြာပြီဆိုတော့ သူတို့တွေ လက်လျော့ပြီထင်ပြီး အပြင်ပြန်ထွက်ခဲ့ပေမဲ့ ဒီလောက်ခေါင်းမာကြမယ် မထင်ခဲ့ဘူး။ ကျွန်တော်တို့ လူစုခွဲပြီးပြေးကြမလား”
“လူစုခွဲမယ်ဟုတ်လား”
လုယန် ခေါင်းယမ်းလိုက်တော့သည်။
“အဲ့ကောင်တွေက ရတနာတစ်ခုခုနဲ့ ငါတို့ကို ပိတ်ထားတယ်၊ မပြေးနိုင်တော့ဘူး”
“ရတယ်၊ ကျွန်တော့်မှာ နည်းလမ်းရှိတယ်”
ရှောင်ရှစ်ယီက ခပ်တိုးတိုး ကပ်ပြောသည်။
“ကျွန်တော့်မှာ ရတနာဖောက်ထွင်းဆူးချွန်နှစ်ခု ရှိတယ်။ အဲ့ဒါနဲ့ဖောက်ပြေးရင် ကျွန်တော်တို့ လွတ်နိုင်တယ်။ ကျွန်တော် အကို့ကို တစ်ခု ပေးမယ်”
“အကိုအရင်သွားလိုက်၊ ကျွန်တော် တားထားပေးမယ်”
ရှောင်ရှစ်ယီက ချက်ချင်းပဲ သေးငယ်သော ဆူးချွန်တစ်ချောင်းကို လုယန်လက်ထဲ ထိုးထည့်ပေးလိုက်သည်။
လုယန်လည်း အလေးချိန် ချိန်ဆပြီး ချီစွမ်းအင်နှင့် စစ်ဆေးပြီးတာနဲ့ ရှောင်ရှစ်ယီ အမှန်တိုင်းပြောနေမှန်း နားလည်လိုက်တော့၏။ ဒီဆူးချွန်မှာ ပတ်ဝန်းကျင်ကို ဖောက်ထွင်းနိုင်သော သတ္တိရှိနေသည်ပင်။
“..ငါ့ကိုအရင်သွားစေချင်တာ သေချာလား” လုယန်၏ မျက်နှာထားက အဓိပ္ပါယ်ဖော်မရခဲ့ပေ။
“အကိုလု၊ သံသရာခရီးက ရှည်ပါတယ်။ ကျွန်တော်တို့ ထပ်ဆုံကြတာပေါ့”
ရှောင်ရှစ်ယီက လက်နှစ်ဖက်ယှက် အရိုအသေပေးပြီးတာနဲ့ ပြုံးပြလာသည်။.ထို့နောက် သေဖို့ရန် စိတ်ပိုင်းဖြတ်ထားသော မျက်နှာနဲ့ လုယန်ကို ကျောပေးကာ ရန်သူတွေကိုရင်ဆိုင်လိုက်တော့၏။
ထိုမြင်ကွင်းကြောင့် လုယန် အတွေးလွန်သွားသည်။
သူကသုံးလလောက် တံခါးပိတ်ကျင့်ကြံနေခဲ့သည့်အတွက် သူ့မှာ ရန်သူ မရှိနိုင်ပါချေ။ ထို့ကြောင့် သူ့ကို ပစ်မှတ်ထားမည့်သူ မရှိဘူး။ သူ့ထက်စာရင် ရှောင်ရှစ်ယီကမှ ပိုကောင်းသော သားကောင်ဖြစ်သည်။
ရှောင်ရှစ်ယီပြောတာအမှန်ပဲ။
သူသာ အခု ရှောင်ရှစ်ယီကို စွန့်ပစ်လိုက်လျှင် သူ အသက်ရှင်နိုင်လိမ့်မည်။
သို့ပေမဲ့ သူဘာလုပ်သင့်လဲ။
တိမ်ပင်လယ်အထက်မှာ သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ ရန်သူတွေရဲ့ အရှေ့တည့်တည့်ကို ပြေးသွားနေသော ရှောင်ရှစ်ယီကိုကြည့်နေရင်း လုယန်၏ မျက်ခုံးစပ်က ဓားဆေးလုံးက ထွက်ခွာဖို့ သတိပေးနေသည့်တိုင်အောင် လုယန်၏ မျက်နှာက အလွန်ရှုတ်ထွေးနေတော့သည်။
…..
Ch 22
(နတ်အလင်းအစွမ်း)
နောက်ဆုံးတော့ လုယန် သဘောပေါက်သွားသည်။
“ငါသွားလို့မရဘူး”
ဒါက ရှောင်ရှစ်ယီ၏ သူရဲကောင်းဆန်မှုမှာ သူ နစ်မြောသွားလို့မဟုတ်ပါချေ။ တကယ်တော့ သူ၏ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားစေသော အမှန်တရားတစ်ခုကို သဘောပေါက်သွားတာဖြစ်သည်။
“ငါကဘာကိစ္စ ရှောင်ရှစ်ယီနဲ့အတူ ပါလာရတာလဲ”
“ငါက ငါ့အရင်ဘဝမှာ ကျောက်ရှဟယ်ဆီက မရလိုက်ရတဲ့ နောက်ထပ် တတိယအဆင့်သိုင်းဖြစ်တဲ့ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို သွားယူနေရမှာလေ”
“ဒါပေမဲ့ ဘာလို့ ပြောင်းလဲသွားရတာလဲ”
“ ရှောင်ရှစ်ယီအကြောင်း သိချင်လို့ဆိုပြီး သူ့အနောက်ကို လာဘ်ရေကန်အထိ လိုက်သွားဖို့ လုပ်ခဲ့တယ်တဲ့လား”
လာဘ်ရေကန်မှာ ကံစမ်းခြင်းက လူတစ်ယောက်အတွက် တစ်နှစ်မှာတစ်ကြိမ်သာ အခွင့်အရေးရှိတာ ဖြစ်သည်။ ရှောင်ရှစ်ယီနှင့်အတူ လာဘ်ရေကန်ကို သွားလို့ရော.. သူဘာအကျိုးကျေးဇူး ရနိုင်မှာလဲ။
“ငါက ငါ့အတွက်အကျိုးမရှိတဲ့အရာကို လုပ်မှာလား”
“ဒါမဟုတ်သေးဘူး”
ချက်ချင်းပဲ လုယန်တစ်ယောက် ရေခဲရေတစ်ပုံး လောင်းချခံလိုက်ရသလို ခံစားလိုက်ရကာ ခြေတွေလက်တွေ ထုံကျင်သွားသည်။
“တစ်ခုခု မှားနေပြီ”
အဆုံးမှာ လုယန်တစ်စုံတစ်ခုကို မှန်းဆနိုင်သွားသည်။
“ငါကဘာလို့ ရှောင်ရှစ်ယီနဲ့အတူတူ လိုက်လာတာဖြစ်မလဲ၊ သေချာပေါက် အဲ့သူတောင်းစားက ငါ့ကိုလိုအပ်နေလို့ပဲ။ မဟုတ်ရင် ဒီရန်သူတွေကြားမှာ အဲ့ကောင် ခွေးသူငယ်လေး လိုဖြစ်နေမှာ မဟုတ်ဘူးလား။ အခုတော့ ငါ့လိုစောက်ရမ်းကောင်းတဲ့ အကူတစ်ယောက် ရလာခဲ့ပြီ”
“အကယ်လို့ ဒီမအေဘေးရှောင်ရှစ်ယီကသာ ဝတ္ထုထဲတွေက ကံတရားသားတော်ဖြစ်နေရင် ငါက ဇာတ်လိုက်တွေကို ကာကွယ်ပေးရပြီး ကံဆိုးမိုးမှောင်ကျရမဲ့ အမြှောက်စာဇာတ်ကောင် ဖြစ်ရတော့မှာပေါ့”
“ဒီအခြေအနေမှာ လူစုခွဲပြီးပြေးရမလား၊ သေချာပေါက် ပြဿနာတွေအားလုံးကို တစ်ယောက်ထဲ ဆွဲယူရအောင်လို့လား”
သူတို့သာ လူစုခွဲပြေးလိုက်လို့ကတော့ မလွှဲမသေ သေဆုံးရမည့်သူက သူသာဖြစ်ပြီး သကောင့်သား ရှောင်ရှစ်ယီက လုံလုံခြုံခြုံ လွတ်သွားမည်လို့ လုယန် အတပ်သိနေခဲ့ပြီ..
“သောက်ကျိုးနည်းရောပဲ”
လုယန် ပင့်သက်ရှည်ကြီး ချလိုက်တော့သည်။
ကံတရားသားတော် ရှောင်ရှစ်ယီသာ အခုလို ပြဇာတ်ကပြလို့ကတော့.. ဘယ်သူကမှ မကြွေဆင်းပဲနေမှာမဟုတ်ပေ။
နတ်ဆိုးဂိုဏ်းသားဆိုတာ ကောင်းတဲ့သူတစ်ယောက်တောင် ရှိတာမှမဟုတ်ပဲ။
တစ်စုံတစ်ယောက်က အနောက်မှာရှိနေပေးပြီး ကာကွယ်ပေးမည်လို့ ပြောလာပါက၊ စာနာသော စကားတစ်ချို့နဲ့ မျက်ရည်ကျပြလို့ပြီးရင် အနောက်မလှည့်ကြည့်စတမ်း ပြေးကြမှာပင်။
သို့ပေမဲ့ အဲ့လိုပြေးလိုက်တာက အဆုံးမှာ ရှောင်ရှစ်ယီကိုပဲ ကာကွယ်ပေးသလို ဖြစ်သွားမည်။
သို့သော် ရှောင်ရှစ်ယီ ကံဆိုးသည်မှာ လုယန်နဲ့ လာတွေ့နေလေရဲ့..
နတ်ဆိုးဂိုဏ်းသားတွေ၏ မကောင်းသော စိတ်ဓာတ်အရင်းခံကို တွက်ချက်ပြီး ရှောင်ရှစ်ယီက အခုလို အကွက်ချခဲ့ပေမဲ့ လုယန်ကလည်း သတိကြီးသည်။
နတ်ဆိုးဂိုဏ်းသားထဲမှာ လူကောင်းတစ်ယောက်မှ မရှိဘူးဆိုလျှင်.. ရှောင်ရှစ်ယီကကော လူကောင်းတစ်ယောက် ဖြစ်လာစရာလား။
လုယန် မယုံပါချေ။
ထို့ကြောင့် ရှောင်ရှစ်ယီ ဘယ်လိုပဲ သူရဲကောင်းပြဇာတ်ကို လှပစွာ ကသွားခဲ့ပါစေ၊ လုယန် မယုံကြည်သေးဘဲ အရင်ဦးဆုံး အခြေအနေကို တွက်ချက်ခဲ့သည်။
ထို့ကြောင့်ပဲ လုယန် အချိန်မှီ အဖြေရှာနိုင်ခဲ့လေ၏.. ထိုသို့မဟုတ်လျှင် အကြီးကြီး ဒုက္ခရောက်တော့မှာပင်။
ထိုအချိန်မှာပဲ တိုက်ခိုက်ဖို့ဟန်ပြင်နေသော လျိုရှင်းတစ်ယောက်.. သူ့ဆီကို အပြေးလာနေသော ရှောင်ရှစ်ယီနဲ့ အဝေးတစ်နေရာမှာ ရပ်တန့်သွားသော လုယန်ကို မြင်လိုက်ရသည်။
“ရတာကိုအရင်ယူရမှာပဲ။ ဒီရှောင်ရှစ်ယီက ကျင့်ကြံဆင့်မမြင့်ဘူး.. သူ့ကိုတိုက်ခိုက်လို့ လွယ်နိုင်တယ်။ ပြီးမှ လုယန်ကို သတ်မယ်ဆိုလဲ နောက်မကျပါဘူး”
သို့သော် ထိုအချိန်မှာပဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း
နောက်တစ်စက္ကန့်မှာ တိမ်ပင်လယ်ကိုခွင်းပြီး ထွက်ပေါ်လာခဲ့သော ခံ့ညားသည့်ဓားအလင်း တစ်ခုက အံ့သြနေဟန်ရသော ရှောင်ရှစ်ယီ၏ ဘေးတည့်တည့်မှာ ရပ်သွား၏။
“ညီလေးရှောင်၊ ငါတို့ကမိတ်ဆွေတွေပဲကို.. ငါမင်းကို ဘယ်လိုလုပ် တစ်ယောက်ထဲ ထားခဲ့ရမှာလဲ”
“ငါတို့သာပေါင်းတိုက်မယ်ဆိုရင် ကြောက်စရာမရှိပါဘူး”
လုယန်၏ စစ်မှန်လွန်းသော အမူအရာနဲ့ စကားလုံးများကြောင့် ရှောင်ရှစ်ယီ ကြောင်အမ်းသွားသည်။
သူ တကယ်ပဲ အထင်မှားခဲ့တာလား.. ရှေးဟောင်းသူတော်စင်ဂိုဏ်းမှာ လူကောင်းတွေ တကယ် ရှိတယ်ပေါ့..
မဖြစ်နိုင်တာ..
သို့သော် ရှောင်ရှစ်ယီတစ်ယောက်.. ဘေးမှာ အပီအပြင်ဖြဲတော့မည့်အထာနဲ့ ရပ်နေသော်လည်း တကယ်တမ်းမှာ သူ့အနောက်မှာ ဝင်ရပ်နေသော လုယန်ကြောင့် ချက်ချင်းပဲ အမှန်တရားကို သဘောပေါက်လိုက်ကာ မျက်နှာကြီး မည်းမှောင်သွားသည်။
ဘာကိုလူကောင်းရမှာလဲ.. ဒီလူကမှ တကယ့်လူဆိုးပဲ။
“အကိုလု.. အစောပိုင်းကကိစ္စက အထင်လွဲတာပါ”
သူ့အကြံကို လုယန်သိသွားပြီမှန်း ရှောင်ရှစ်ယီ နားလည်လိုက်၍ မျက်နှာထက်မှာ ခါးသက်သော အပြုံးတစ်ခု အတင်းအကျပ် ဖန်တီးလိုက်ကာ ခပ်တိုးတိုး ရှင်းပြလာသည်။
“ဒါပေမဲ့ ဒီအခြေအနေရောက်နေမှတော့ ကျွန်တော်တို့ ဘာလို့မပူးပေါင်းရမှာလဲ”
“ပူးပေါင်းမယ်ဟုတ်လား၊ ကောင်းပြီလေ”
လုယန် မျက်နှာကိုမဲ့လိုက်ကာ ရှောင်ရှစ်ယီ သတိမထားမိသည့် အချိန်ကိုအခွင့်ကောင်းယူပြီး ရှောင်ရှစ်ယီကို ဂုတ်ပိုးမှဆွဲမရင်း လျိုရှင်းနှင့်ဝေးရာက ရန်သူအုပ်စုဆီကို ပစ်ပေးလိုက်သည်။
“လုယန်..မင်းသူတောင်းစား”
ရှောင်ရှစ်ယီက ဒေါသတကြီးဆဲရေးလိုက်ပေမဲ့ လျိုရှင်းကတော့ ရယ်မောနေလေရဲ့..
လုယန်နဲ့ ရှောင်ရှစ်ယီတို့ ဘာဖြစ်ကြသလဲ သူ မသိပေမဲ့ ထိုနှစ်ယောက်ကြားမှာ ခွာလန်ပြဲနေတာကတော့ အသိသာကြီးပင်။ သူကလည်း ထိုနှစ်ယောက်ကို ပြန်အဆင်ပြေစေဖို့ ရည်ရွယ်ချက် မရှိပါချေ။ ရန်သူတွေ အဆင်မပြေနေမှတော့ သူက ကြားကနေ အခွင့်ကောင်းရှာပြီး အမြတ်ထုတ်ရမည်မလား။
လျိုရှင်း ချက်ချင်းပဲ အကြံအစည်ပြောင်းလိုက်ကာ အနောက်က လူတွေကို လှမ်းအော်လိုက်သည်။
“မင်းတို့တွေ ရှောင်ရှစ်ယီကိုချုပ်ထားကြ၊ ငါလုယန်ကို တိုက်မယ်”
ပြောပြီးသည်နှင့် လျိုရှင်းက ဓားအလင်းအဖြစ် ပြောင်းကာ လုယန်ရှိရာ ဦးတည်လိုက်သည်။ သို့သော် လုယန်၏ ခပ်ဖျော့ဖျော့ အပြုံးကို သူမြင်ဖြစ်အောင် မြင်လိုက်ရလေကာ..
..တစ်ခုခုမှားနေပြီ..
သို့သော် သူ့အတွေးမဆုံးခင်မှာ လုယန်၏ ပုံရိပ်ပျောက်ကွယ်သွားတာကို မြင်လိုက်ရပြန်သည်။
တစ်ချိန်ထဲမှာပဲ ရှောင်ရှစ်ယီအနားမှာ ဓားအလင်းတစ်ခု ထွက်ပေါ်လာတာ တွေ့ လိုက်ရပြီး.. ဓားအလင်းကနေ လုယန် အသွင်ပြောင်းသွားသည်။
နတ်ဓားထိန်းချုပ်ခြင်းသိုင်း.. ဓားအလင်းထွက်ပေါ်သည့် နေရာတိုင်းကို အသုံးပြုသူက ကူးရွှေ့နိုင်သည်။
လုယန်နှင့် ရှောင်ရှစ်ယီ၏ အစောပိုင်းက အခြေအနေကို လျိုရှင်းပြန်စဥ်းစားလိုက်သည်။ ထိုနှစ်ယောက်က သူတို့ကိုလှည့်စားပြီး တကယ် ပူးပေါင်းခဲ့တာပဲ။
ထိုနှစ်ကောင်က ထုတ်မပြောဘဲ နားလည်မှုနဲ့အတူ ပြီးပြည့်စုံလွန်းသော သရုပ်ဆောင်စကေးကို ချပြရင်း.. သူတို့တွေအားလုံး မထင်ထားချိန်မှာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသော လုယန်ကို မပြင်ဆင်ရသေးသော ချီသန့်စင်ခြင်းအလယ်နယ်ပယ်သာ ရှိသေးသည့် အုပ်စုထံ သွားခွင့်ရအောင် လုပ်နိုင်ခဲ့သည်။
လျိုရှင်း ချက်ချင်း မျက်နှာပျက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မြန်မြန်လူစုခွဲ”
“နောက်ကျသွားပြီ”
လုယန် ခပ်ညစ်ညစ်ပြုံးလိုက်ပြီး.. မျက်ခုံးစပ်က ဓားဆေးလုံးဖြင့် ဓားအလင်း ရာချီကို ဖော်ထုတ်လိုက်သည်။ သို့ပေမဲ့ ဒီတစ်ခေါက် ဓားအလင်းမှာ အရင်ကနဲ့မတူဘဲ သွေးနီရောင်လွှမ်းနေသည်။
နောက်တစ်စက္ကန့်မှာ လုယန်အသက်ရှုထုတ်လိုက်ပြီး သွေးအရိပ်အဖြစ် ပြောင်းလဲရင်း ဓားဆေးလုံးနှင့် ပေါင်းစပ်လိုက်တော့သည်။ လုယန်၏.ခန္ဓာကိုယ်မှ ဗဟိုပြုထွက်ပေါ်လာသော မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ရဲတောက်နေသည့် သွေးနီရောင်အလင်းများက အဘက်ဘက်ကို ပျံ့နှံ့သွားကာ အကုန်လုံးအပေါ် လွှမ်းခြုံလိုက်၏။
ကောင်းကင်သွေးနတ်ဆိုးအလင်း..
နေ့ခင်းကြောင်တောင်ကြီး ဖြစ်လင့်ကစား၊ သွေးနတ်ဆိုးအလင်းနှင့် ထိတွေ့ခံရသူ အားလုံးခဗျာ ပြင်းထန်သော အအေးဓာတ်ကြောင့် အအေးဂူထဲ ပိတ်မိနေသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွေ တွန့်လိမ်လာကာ စက္ကန့်ပိုင်းအတွင်း မေ့မြောသွားတော့သည်။
ထိုအလင်းပျောက်ကွယ်ပြီးနောက်မှာ တဆတ်ဆတ် တုန်ယင်နေသော ရှောင်ရှစ်ယီမှ အပ ကျန်တဲ့သူတွေအားလုံး အရိုးခြောက်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ကောင်းကင်အောက်ကို ပြုတ်ကျသွားလေရဲ့။
သူတို့၏ အသွေးအသားတွေအားလုံးကို ကောင်းကင်နတ်ဆိုးသွေးအလင်းက စုပ်ယူခဲ့ပြီး ဓားဆေးလုံးကို ပိုမိုနတ်ဆိုးဆန်သော တောက်ပမှုများ ဖြစ်ပေါ်စေခဲ့သည်။
နောက်တစ်စက္ကန့်မှာ ဓားဆေးလုံးမှတစ်ဆင့် သွေးအရိပ်ပြန်စုဝေးလာပြီး လုယန် ပြန်ထွက်ပေါ်လာသည်။
သူ ကြည့်လိုက်ချိန်မှာ အဝေးမှာ ရပ်နေဆဲဖြစ်သော လျိုရှင်းကို တွေ့လိုက်ရလေ၏။ ထိုသူ၏ပုံစံက အိပ်မက်က မနိုးထနိုင်သေးသလို မလှုတ်မယှက်ဖြစ်နေသည်။ လုယန်ကျယ်လောင်စွာ ရယ်မောလိုက်ကာ..
“ ဘယ်သူများလဲလို့ ဂိုဏ်းတူအကိုလျို ဖြစ်နေတာပဲ”
လုယန် ချက်ချင်းပဲ ဓားအလင်းအသွင် ပြန်ပြောင်းကာ လှုပ်ရှားလိုက်သည်။
အရင်ဘဝတုန်းက အရင်းအမြစ်တစ်ခုအဖြစ် သန့်စင်ခံရပြီး စုပ်ယူခံလိုက်ရသော နာကျင်မှုကို လုယန် အခုထိ မမေ့သေးပါချေ။
“ငါ့ကိုအပြစ်မတင်နဲ့”
လုယန် ပျံသန်းလာချိန်မှာ လျိုရှင်းတစ်ယောက် မြင်ခဲ့ရသော ကောင်းကင်သွေးနတ်ဆိုးအလင်း၏ အစွမ်းကြောင့် အခုထိ အသိစိတ် သေချာမကပ်သေးပေ။ လုယန်၏ အသံကိုကြားလိုက်ရမှပဲ ရုတ်ချည်း သတိဝင်သွားပြီး မည်းမှောင်နေသောမျက်နှာနဲ့ ထွက်ပြေးဖို့ ကြိုးစားတော့သည်။
“ပြေးချင်တာလား” လုယန် ဓားအလင်းကို ရပ်တန့်စေလိုက်ကာ မေးလိုက်သည်။
ဒါကိုမြင်တော့ လျိုရှင်း ချက်ချင်း အော်ဟစ်ပါတော့၏။
“ချန်ချင်း၊ ကန့်သတ်ချက်ကို ဖြေလိုက်”
ထိုအသံဆုံးသည်နှင့် ပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသော ပုံရိပ်ယောင်က ရုတ်ချည်းပြိုကွဲသွားပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်.. သူမကတော့ ချန်ချင်း မှ အပ မဖြစ်နိုင်ပါချေ။
သူမက အစီအမံပါဝင်သော လျို့ဝှက်နန်းတော်ကိုးခုရတနာဖြင့် ကောင်းကင်နှင့်မြေကြီးကို ချုပ်နှောင်ရင်း ဧရိယာတစ်ခုလုံးကို ကန့်သတ်ထားတာဖြစ်သည်။ နဂိုက ရန်သူကို ပိတ်လှောင်ဖို့ရန် အသုံးပြုထားသော ရတနာကြောင့် အခုတော့ လျိုရှင်းတစ်ယောက် ပြေးပေါက်ပိတ်နေခဲ့တာပင်။
ချန်ချင်းကို မြင်လိုက်ရမှပဲ လျိုရှင်း အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။
သူ ချက်ချင်းပဲ သူမဘေးကို ပျံသန်းသွားလိုက်ကာ သူတို့အနောက်ကို လိုက်လာနေသော လုယန်နဲ့ ရှောင်ရှစ်ယီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
နှစ်ဖက်လုံးက အချင်းချင်း သတိထားစောင့်ကြည့်နေကြသည်။
လျိုရှင်းက လေသံနိမ့်နဲ့ အရင်စကား စလိုက်ပါတော့သည်။
“အဟမ်း.. ငါတို့ညှိနှိုင်းလို့ ရအုံးမလား”
….